← Chapters

အခန်း (၁၈၉၉-၁၉၀၂)

Vol. 101 Ch. 1899-1902

အခန်း (၁၈၉၉-၁၉၀၂)

Vol. 101 Ch. 1899-1902

အခန်း (၁၈၉၉) - ပရော်ဖက်ဆာ ဒတ်ချ်တို စိတ်ဝင်စားသွားခြင်း

~ယဲ့ဖန်သည် အခြေအနေကို ကြည့်ပြီးနောက် မာတင်ကို စမ်းသပ်ရန် လျှောက်လှမ်းသွားလိုက်လေသည်။

"လူငယ်လေး... မင်းက အဘိုးကြီး မာတင်ကို တကယ်ပဲ ကုပေးမလို့လား..." ထိုအခိုက်အတန့်၌ ပရော်ဖက်ဆာ ဒတ်ချ်တိုက ရုတ်တရက် လှမ်းမေးလိုက်၏။

ယဲ့ဖန်သည် လုပ်လက်စကို ရပ်တန့်လိုက်ရပြီး သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။ "ဘာဖြစ်လို့လဲခင်ဗျာ... ပြဿနာ ရှိလို့လား..."

"လူငယ်လေး... မင်းနဲ့ အစ္စဘယ်လ်လာ ဒီကို ရောက်နေတာ ခဏ ရှိပြီ ဆိုတာကို ငါ သတိထားမိပါတယ်... တို့နဲ့ မြို့စားကြီး ပြောနေတဲ့ စကားတွေကိုလည်း မင်း တစ်စိတ်တစ်ပိုင်း ကြားပြီးလောက်ပြီပေါ့..." ပရော်ဖက်ဆာ ဒတ်ချ်တိုက လေးနက်စွာ ပြောလိုက်လေ၏။

"အဘိုးကြီး မာတင်ရဲ့ ခန္ဓာကိုယ်က အရမ်းကို အိုမင်းနေပြီ... သူ့ရဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းက အဆုံးစွန်ထိ ရောက်နေပြီလေ... ဒီလို အခြေအနေမျိုးမှာ ခန္ဓာကိုယ်ကို ဆက်ပြီး လည်ပတ်အောင် လုပ်ဖို့ဆိုတာ အစိတ်အပိုင်း အားလုံးကို အသစ် ပြန်လဲမှ ရမယ့် ကိစ္စမျိုးပဲ... ဒါက မဖြစ်နိုင်ဘူးဆိုတာ မင်းလည်း သိမှာပါ..."

"အကျိုးမရှိမယ့် အလုပ်မျိုးကို မင်း တကယ်ပဲ လုပ်ချင်သေးတာလား..."

ယဲ့ဖန် ဘာမှ ပြန်မပြောဘဲ ဘတ်ကင်ဟမ် မြို့စားကြီးနှင့် အစ္စဘယ်လ်လာ တို့ကိုသာ တစ်ချက် ကြည့်လိုက်လေသည်။

ဘတ်ကင်ဟမ် မြို့စားကြီးကမူ ထိုစကားကို ငြင်းဆိုရန် ဆန္ဒရှိပုံ မရပေ။ သူက အက်ကွဲကွဲ အသံဖြင့်သာ ပြောလိုက်ရှာသည်။

"ပရော်ဖက်ဆာ ဒတ်ချ်တိုက ငါ့ရဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ပါ... သူက သုတေသန လုပ်ငန်းတွေမှာပဲ စိတ်နှစ်ထားတဲ့သူဆိုတော့... လောကဝတ်တွေ သိပ်နားမလည်ရှာဘူး... သူ စကားပြောတာ နည်းနည်း တည့်တိုးဆန်သွားရင်လည်း နားလည်ပေးပါဦး..."

ထိုအခါ၊ ယဲ့ဖန်၏ ဘေးနားမှ အစ္စဘယ်လ်လာကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ သူမသည် ယဲ့ဖန် တစ်ဦးတည်း ကြားနိုင်မည့် အသံတိုးတိုးဖြင့် ရှင်းပြလေ၏။

"ဟုတ်ပါတယ် ယဲ့ဖန်..."

"ပရော်ဖက်ဆာ ဒတ်ချ်တိုက သိပ္ပံလောကမှာ တကယ့် ထူးခြားတဲ့ လူတစ်ယောက်ပဲရှင့်... သူက ဆယ်စုနှစ်ပေါင်းများစွာ သက်ရှိသိပ္ပံ သုတေသနတွေမှာပဲ နစ်မြုပ်နေခဲ့တာ... နေမဝင်အင်ပါယာရဲ့ သက်ရှိသိပ္ပံ နယ်ပယ်မှာ ဩဇာရှိရုံတင် မကဘူး... နေမဝင်အင်ပါယာရဲ့ အကောင်းဆုံး သုတေသန အင်စတီကျု ဖြစ်တဲ့ လေးဖို့ဒ် မှာလည်း 'အိုမင်းရင့်ရော်မှုကို တားဆီးခြင်း' ဆိုင်ရာ သုတေသန အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်တယ်လေ..."

"သူက မြို့စားကြီးနဲ့လည်း အကျွမ်းတဝင် ရှိသလို၊ တစ်အင်ပါယာလုံးက လေးစားကြတဲ့ လူကောင်း တစ်ယောက်ပါ... သူက မြို့စားကြီးနဲ့ စရိုက်ချင်း နည်းနည်း တူတယ်..."

"သူ့စကားတွေက နားဝင် မချိုဘဲ တည့်တိုးဆန်နေပေမယ့်... မကောင်းတဲ့ စိတ်နဲ့ ပြောတာတော့ မဟုတ်ဘူး..."

ယဲ့ဖန်သည် မိမိရှေ့မှ အဘိုးအိုမှာ လေးဖို့ဒ် သုတေသန အင်စတီကျုမှ အဖွဲ့ဝင် တစ်ဦး ဖြစ်ရုံသာမက၊ ဤမျှ ကောင်းမွန်သော ဂုဏ်သတင်း ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဘတ်ကင်ဟမ် မြို့စားကြီးနှင့် အစ္စဘယ်လ်လာတို့ကပါ ဝင်ရောက် ပြောဆိုပေးနေကြသလို၊ အဘိုးအိုသည်လည်း ရိုးသားဖြောင့်မတ်သူ တစ်ဦး ဖြစ်ပုံရသဖြင့် ယဲ့ဖန်သည် စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်လေသည်။

"ဟုတ်ကဲ့... ခုနက မြို့စားကြီးနဲ့ ခင်ဗျားတို့ ပြောနေကြတာကို ကျွန်တော် ကြားပါတယ်..."

"‌ဒါပေမယ့်... ကျွန်တော်တို့ နဂါးနိုင်ငံရဲ့ တရုတ် တိုင်းရင်းဆေး ပညာက အနောက်တိုင်း ဆေးပညာနဲ့ ကုသပုံချင်း လုံးဝ မတူဘူးခင်ဗျ... အနောက်တိုင်း ဆေးပညာက 'ဖြုတ်ယူ ပြင်ဆင်ခြင်း' ကို အားပြုတယ်... ဘယ်အစိတ်အပိုင်းမှာ ပြဿနာ ရှိရှိ၊ ဖြုတ်ပြီး အသစ်လဲဖို့ပဲ စဉ်းစားတာကိုး... ဒီနည်းနဲ့ဆိုရင်တော့ အစိတ်အပိုင်းတွေ အားလုံး အိုမင်းနေတဲ့ အဘိုးအို တစ်ယောက်ကို ကုဖို့ဆိုတာ မဖြစ်နိုင်တာ အမှန်ပါပဲ... ‌ဒါပေမယ့် တရုတ် တိုင်းရင်းဆေး ပညာကတော့ 'ချုပ်လုပ် ဖာထေးခြင်း'ကို အားပြုတယ်ခင်ဗျ... ဥပမာ ပြောရရင်... အစိတ်အပိုင်းတချို့ ပျက်စီးနေပေမယ့်လည်း၊ အဲ့ဒါကို နည်းနည်းလေး ပြန်ချုပ်၊ နည်းနည်းလေး ပြန်ဖာလိုက်ရင်... အဲ့ဒီ စက်ကြီးကို ခဏလောက် ထပ်ပြီး လည်ပတ်အောင် လုပ်လို့ ရနိုင်သေးတယ် မဟုတ်လား... ဒီနည်းလမ်းကို အိုမင်းနေတဲ့ လူတစ်ယောက်အပေါ်မှာ သုံးလိုက်မယ် ဆိုရင်တော့... ဒီစက်ကြီးကို နောက်ထပ် အချိန် တစ်ခုအထိ ဆက်ပြီး လည်ပတ်နေအောင် ထိန်းထားပေးနိုင်မှာပါ..."

"အနောက်တိုင်း ဆေးပညာက ဖြုတ်ယူ ပြင်ဆင်ပြီး၊ တရုတ် တိုင်းရင်းဆေး ပညာက ချုပ်လုပ် ဖာထေးတယ် ဟုတ်လား..." ပရော်ဖက်ဆာ ဒတ်ချ်တို ကြောင်အမ်းသွားရ၏။

သူသည် ထိုစကားစုကို အကြိမ်ကြိမ် ရေရွတ်နေမိပြီးနောက်မှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံ ရသည်။ သူ၏ မျက်ဝန်းအိမ်ထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ဝင်းလက်လာတော့၏။

"ငါ အရင်တုန်းက တရုတ် တိုင်းရင်းဆေး စနစ်တချို့ကို လေ့လာခဲ့ဖူးတယ်... ‌ဒါပေမယ့် နားမလည်ခဲ့ဘူး... အမြဲတမ်း လျှို့ဝှက်ဆန်းပြားနေတယ်လို့ပဲ ခံစားခဲ့ရတာ... ဒီနေ့ မင်း ပြောတာကို ကြားလိုက်ရတော့မှ... အခြေခံ သဘောတရားကို ငါ ရိပ်မိသွားသလိုပဲ..."

"ကောင်လေး…မင်းက နဂါးနိုင်ငံရဲ့ တော်တော်လေး စွမ်းရည်ရှိတဲ့ တရုတ် တိုင်းရင်းဆေး ဆရာတစ်ယောက် ဖြစ်ရမယ်ကွ..."

သူ့ချီးမွမ်းစကားအား ကြားသောအခါ၊ ယဲ့ဖန်က သိမ်မွေ့စွာ ပြုံးလိုက်သည်။

"နဂါးနိုင်ငံက ကျယ်ပြန့်လှပါတယ်... ပါရမီရှင်တွေလည်း အများကြီး ရှိတာပေါ့... ကျွန်တော့်ကိုယ်ကျွန်တော် အရမ်း တော်လှပါပြီလို့တော့ မပြောဝံ့ပါဘူး ခင်ဗျာ..."

"မင်းက နှိမ့်ချတတ်တာပဲ..."

ပရော်ဖက်ဆာ ဒတ်ချ်တို၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှုများ ပိုမို ပြည့်နှက်လာသည်။

"အဲ့ဒါကြောင့်ပဲ... မင်းနဲ့ မင်းရဲ့ ဆေးပညာကို ငါ ပိုပြီး သိချင်လာမိတယ်..."

"မင်း သူ့ကို စမ်းသပ် ကုသတဲ့ အခါမှာ... ငါ ဘေးကနေ ကြည့်နေရင်ရော မင်း စိတ်ထဲ ထားမလား... ငါ ဘာအသံမှ မထွက်ဘဲ ငြိမ်ငြိမ်လေး ကြည့်နေပါ့မယ်လို့ အာမခံပါတယ်..."

"ရပါတယ်ခင်ဗျာ..." ယဲ့ဖန်သည်လည်း ဤလူနှင့် ဆက်ဆံရေး ကောင်းတစ်ခု တည်ဆောက်လိုသဖြင့် ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်လေ၏။

"ဒါဆိုရင်... မင်းရဲ့ စမ်းသပ်မှုကို စတင်လိုက်ပါတော့..."

ပရော်ဖက်ဆာ ဒတ်ချ်တိုသည် ထိုစကားကို ကြားသောအခါ အခြား ဘာမှ ထပ်မပြောတော့ပေ။

သူသည် ယဲ့ဖန်၏ လှုပ်ရှားမှုများကို စပ်စုလိုသော မျက်လုံးများဖြင့် စောင့်ကြည့်နေတော့၏။

အခန်း (၁၉၀၀) - တစ်ချက်လောက်တော့ စမ်းကြည့်နိုင်ပါတယ်

~ပရော်ဖက်ဆာ ဒတ်ချ်တို သာမက၊ ဘတ်ကင်ဟမ် မြို့စားကြီးသည်လည်း အလွန်ပင် စပ်စုချင်စိတ် ပြင်းပြနေရှာ၏။ သူသည် မျှော်လင့်ချက် အပြည့်ရှိသော အကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်ကာ မေးလိုက်လေသည်။

"မောင်ရင့်ဘက်က တစ်ခုခု ပြင်ဆင်ပေးဖို့ လိုမလား... တို့တွေ ဘာတွေ ဝိုင်းကူပေးရမလဲ..."

"လောလောဆယ်တော့ မလိုသေးပါဘူး..."

ယဲ့ဖန်သည် မာတင် လဲလျောင်းနေသော ကုတင်နားသို့ လျှောက်သွားလိုက်၏။ သူသည် မာတင်ကို သေသေချာချာ စစ်ဆေးပြီးနောက်၊ မြို့စားကြီးထံမှ မာတင်၏ ရောဂါအခြေအနေများကို မေးမြန်းကာ ဆေးမှတ်တမ်းများကိုလည်း ဖတ်ရှုလိုက်လေသည်။

စစ်ဆေးမှု ပြီးဆုံးသောအခါ သူ မြို့စားကြီးဘက်သို့ ပြန်လှည့်လာ၏။

"မစ္စတာမာတင်ရဲ့ အဝတ်အစားတွေကို ချွတ်ပေးဖို့ လူတစ်ယောက် လိုပါလိမ့်မယ်... ပြီးတော့ အစွမ်းထက်တဲ့ ဆီမီးခွက် တစ်လုံးနဲ့ ငွေအပ်အစုံကိုလည်း ပြင်ပေးထားပါဦး..."

"ကုသမှု မစခင်မှာ... ဆေးရုံဘက်ကနေ မစ္စတာမာတင်ကို အာဟာရဓာတ် တစ်မျိုး ထိုးပေးထားဖို့လည်း လိုပါလိမ့်မယ်..."

ဘတ်ကင်ဟမ် မြို့စားကြီးသည် အစ္စဘယ်လ်လာကို အကူအညီတောင်းသကဲ့သို့ လှမ်းကြည့်လိုက်လေသည်။

"ကျွန်မ ဆေးရုံဘက်နဲ့ သွားညှိနှိုင်းလိုက်ပါ့မယ်... အာဟာရဆေးရော၊ ယဲ့ဖန် လိုအပ်တဲ့ ပစ္စည်းတွေရော ပြင်ခိုင်းလိုက်မယ်လေ..."

အစ္စဘယ်လ်လာသည် ပြောပြောဆိုဆိုနှင့်ပင် လူနာဆောင်ထဲမှ ချက်ချင်း ထွက်ခွာသွားတော့သည်။

မြို့စားကြီးက ယဲ့ဖန်ကို စိုးရိမ်တကြီး မေးပြန်၏။

"မာတင် အခြေအနေ ဘယ်လိုလဲ... ကယ်လို့ ရနိုင်ဦးမလား..."

"နှလုံးက အားနည်းနေပြီ... အဆုတ်တွေကလည်း အိုမင်းနေပြီ... ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကလည်း သုညနား ကပ်နေပြီ... အသည်းကလည်း အလုပ်မလုပ်တော့သလောက်ပဲ... သရက်ရွက်ကလည်း လုံးဝ ပြိုလဲနေပြီ..." ယဲ့ဖန်က အခြေအနေကို အမြန်ဆုံး သုံးသပ်ပြလိုက်လေသည်။

"အနောက်တိုင်း ဆေးပညာရော၊ သာမန် တရုတ် တိုင်းရင်းဆေး ပညာနဲ့ပါ ကြည့်ရင်တော့... သူက တကယ့်ကို ကုလို့မရတော့တဲ့ လူတစ်ယောက်ပါပဲ..."

နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်... ဤအင်္ဂါငါးပါးသည် လူသားခန္ဓာကိုယ်၏ အရေးကြီးဆုံး အစိတ်အပိုင်းများ မဟုတ်ပါလော။

နှလုံးသည် ခန္ဓာကိုယ်၏ အင်ဂျင်၊ အသည်းသည် အဆိပ်အတောက် ဖြေဖျက်ရာ၊ သရက်ရွက်သည် အစာချေဖျက်မှုနှင့် အားအင်ပေးဝေရာ၊ အဆုတ်သည် အသက်ရှူစနစ်နှင့် ကျောက်ကပ်သည် စွန့်ထုတ်မှုအတွက် တာဝန်ရှိကြပေသည်။

တိကျလှသော ဤစက်ကိရိယာကြီး တစ်ခုလုံး လည်ပတ်နိုင်ရန် ဤအင်္ဂါများ အားလုံးသည် မရှိမဖြစ် လိုအပ်လှ၏။ တစ်ခုခု ချို့ယွင်းသွားလျှင်ပင် အသက်အန္တရာယ် ရှိနိုင်သည် မဟုတ်ပါလော။

ယခု မာတင်၏ အဓိက အစိတ်အပိုင်း (၅) ခုလုံးမှာ ပျက်စီးနေလေ၏။ အနောက်တိုင်း ဆေးပညာနှင့် သာမန် တရုတ် တိုင်းရင်းဆေး ဆရာများအဖို့ သူ၏ အသက်ကို ကယ်တင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အနည်းငယ်မျှသော လှုံ့ဆော်မှုသည်ပင် သူ့ကို ချက်ချင်း အသက်ပျောက်သွားစေနိုင်သည်။

သက်ရှိသိပ္ပံ နယ်ပယ်တွင် အောင်မြင်မှုများစွာ ရရှိထားသော ပရော်ဖက်ဆာ ဒတ်ချ်တိုကဲ့သို့ ပညာရှင်ကြီး တစ်ဦးပင်လျှင် မြို့စားကြီး၏ တောင်းဆိုချက်ကို မလိုက်လျောရဲခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

ဘတ်ကင်ဟမ် မြို့စားကြီးမှာမူ မျှော်လင့်ချက် မပျက်သေးပေ။ ယဲ့ဖန်၏ သုံးသပ်ချက်ကို ကြားသော်လည်း သူ ဆက်မေးလိုက်သည်။

"ဒါဆို... ယဲ့ဖန်... မင်းမှာရော ဘာအကြံရှိလဲ..."

"ကျွန်တော် တစ်ချက်လောက်တော့ စမ်းကြည့်နိုင်ပါတယ်..." ယဲ့ဖန်က အတိအကျ ကတိမပေးသေးပေ။

"ဆေးရုံ ဝန်ထမ်းတွေက အာဟာရဆေး ထိုးပေးပြီးတာနဲ့... ကိုယ် အပ်စိုက်ကုထုံး တစ်မျိုးကို သုံးပြီး သရက်ရွက်ရဲ့ လုပ်ဆောင်ချက်ကို ပြန်နိုးကြားအောင် လုပ်မယ်... အဲ့ဒါမှ မာတင်က အာဟာရဆေးကို ချေဖျက် စုပ်ယူနိုင်မှာလေ... ဒါက သူ့ရဲ့ အသက်စွမ်းအားကို အနည်းငယ် လှုံ့ဆော်ပေးပါလိမ့်မယ်..."

"အဲ့ဒီနောက်မှာ သူ့ရဲ့ ပြန်လည် နာလန်ထူလာမှုကို ကြည့်ပြီးမှ... နှလုံးကို အားကောင်းစေမယ့် ဒုတိယမြောက် အပ်စိုက်ကုထုံးကို သုံးမလားဆိုတာ ဆုံးဖြတ်ရမယ်..."

"အတိုချုပ် ပြောရရင်တော့... အနည်းဆုံးတော့ မာတင်ရဲ့ အခြေအနေက အခုထက် ပိုမဆိုးသွားအောင် ကိုယ် ထိန်းထားပေးနိုင်မှာပါ..."

"ကောင်းပြီလေ... ဒါဆိုရင်တော့ မင်းအပေါ်မှာပဲ ပုံအပ်ထားပါတော့မယ်..." မြို့စားကြီးသည် ထို ပညာရပ်ဆိုင်ရာ စကားလုံးများကို သေချာ နားမလည်သော်လည်း၊ ယဲ့ဖန်၏ နောက်ဆုံး စကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားရှာသည်။

"မာတင်ရဲ့ အခြေအနေက အခုထက် နည်းနည်းလေးပဲ ပိုကောင်းလာရင်တောင်မှ... ငါ ကျေးဇူးတင်လှပါပြီ..."

"ယဲ့ဖန်... မင်းကို အားနာလိုက်တာကွာ..."

ယဲ့ဖန် အများကြီး ပြန်မပြောတော့ဘဲ မြို့စားကြီးနှင့် ခေတ္တမျှ စကားစမြည် ပြောဆိုလိုက်၏။ ဆေးရုံဝန်ထမ်းများနှင့် အစ္စဘယ်လ်လာ ရောက်လာပြီး မာတင်ကို အာဟာရဆေး ထိုးပေးပြီးသောအခါမှ၊ သူသည် အစ္စဘယ်လ်လာ ယူဆောင်လာသော ငွေအပ်များနှင့် ဆီမီးခွက်ကို လှမ်းယူလိုက်လေသည်။

သူသည် အပ်များကို ကျွမ်းကျင်စွာ ပိုးသတ်လိုက်၏။ မြို့စားကြီး ကိုယ်တိုင် မာတင်၏ လူနာဝတ်စုံကို ကူညီ ချွတ်ပေးလိုက်ချိန်တွင်၊ သူသည် မာတင်၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက် အချက်အခြာ နေရာများသို့ အပ်များကို တစ်စစ ထိုးစိုက်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သူသည် မိမိ၏ အတွင်းအား အချို့ကိုလည်း အဘိုးအို မာတင်၏ ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ် ထည့်သွင်းပေးလိုက်လေ၏။

ခေတ္တမျှ ကြာပြီးနောက်တွင်မူ... မျက်လုံးမှိတ်ကာ လက်ချောင်းလေးများပင် မလှုပ်နိုင်တော့သော မာတင်သည် လည်ချောင်းထဲမှ ညည်းညူသံ သဲ့သဲ့ ထွက်ပေါ်လာလေသည်။ ထို့နောက် သူ၏ လက်ချောင်းလေးများ တုန်ရီလာကာ ဝေဝါးနေသော မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လာတော့၏။

ထိုအခွင့်အရေးကို မြင်လိုက်သည်နှင့် ယဲ့ဖန်သည် လုပ်ဆောင်ချက်များကို ရပ်တန့်လိုက်လေသည်။

သူသည် ပထမအဆင့် အပ်စိုက်ကုသမှုကို ခေတ္တ ရပ်နားလိုက်ခြင်း ဖြစ်ချေ၏။

—

အခန်း (၁၉၀၁) - မျှော်လင့်မထားသော တိုးတက်မှု

~ဘတ်ကင်ဟမ် မြို့စားကြီးသည် ထိုမြင်ကွင်းကို မြင်သောအခါ အလွန် စိတ်လှုပ်ရှားသွားရရှာ၏။ သူသည် အလိုလိုပင် မာတင်၏ အခြေအနေကို လှမ်းမေးရန် ပြင်လိုက်မိသည်။

သို့သော် ဘေးနားရှိ ပရော်ဖက်ဆာ ဒတ်ချ်တိုကမူ အံ့အားသင့်နေသည့်တိုင် ပိုမို တည်ငြိမ်နေလေသည်။ သူသည် မြို့စားကြီးကို လှမ်းဆွဲလိုက်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်၏။ ထို့နောက် ယဲ့ဖန်၏ သဘောထားကို အရင်ကြည့်ရန် မျက်ရိပ်ပြလိုက်လေသည်။

ထိုအခါမှ မြို့စားကြီးသည် ကုသမှု လုပ်ငန်းစဉ် မပြီးသေးကြောင်း သတိဝင်လာတော့သည်။ သူ ယဲ့ဖန်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်၏။

"ယဲ့ဖန်... အခု စကားပြောလို့ ရပြီလား..."

"ရပါတယ်... ‌ဒါပေမယ့် လူနာက အခုမှ ပြန်လည် နာလန်ထူစဆိုတော့... သူ့ကို စကားအများကြီး ပြောခိုင်းတာမျိုး၊ ဆူဆူညံညံ လုပ်တာမျိုးတွေ မလုပ်စေချင်ဘူး... သူ စိတ်လှုပ်ရှားသွားမှာ စိုးလို့ပါ..." ယဲ့ဖန်က အလွန် ပင်ပန်းနွမ်းနယ်နေသည့်ဟန်ဖြင့် နဖူးမှ ချွေးများကို သုတ်ရင်း ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်..." မြို့စားကြီးသည် မာတင်၏ ကုတင်နားသို့ အမြန်သွားကာ သူငယ်ချင်း၏ အခြေအနေကို စေ့စေ့စပ်စပ် ကြည့်နေတော့၏။

ပရော်ဖက်ဆာ ဒတ်ချ်တိုကမူ မာတင်၏ ကုတင်ဘေးရှိ ခန္ဓာကိုယ် အခြေအနေ ပြ စက်ကို ကြည့်လိုက်သည်။

"သူ့ရဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှူသံတွေက အများကြီး ပိုပြီး အားကောင်းလာပါလား..."

"မစ္စတာယဲ့... ခုနက မင်း သုံးလိုက်တဲ့ အပ်စိုက်ကုထုံးက မာတင်ရဲ့ သရက်ရွက်ကို လှုံ့ဆော်ပေးရုံတင် မကဘဲ... နှလုံးကို အားကောင်းစေပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့ တခြား အာနိသင်တွေပါ ပါနေတယ် မဟုတ်လား..."

ယဲ့ဖန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်၏။

တရုတ် တိုင်းရင်းဆေးနှင့် အနောက်တိုင်း ဆေးပညာမှာ ကုသပုံချင်း ကွဲပြားသော်လည်း၊ များစွာသော အချက်များတွင် ဆက်နွယ်နေသည် မဟုတ်ပါလော။

လူသား ရှင်သန်မှုဆိုင်ရာ ပညာရပ်တွင် ထိပ်တန်း ရောက်နေသော ပရော်ဖက်ဆာကြီး တစ်ဦးအနေဖြင့် ယဲ့ဖန်၏ လက်ရာများကို ရိပ်မိနေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ်... လူသား ခန္ဓာကိုယ်ဆိုသည်မှာ ရှုပ်ထွေးလှသော စက်ကိရိယာကြီး တစ်ခုပင်။ ဤအစိတ်အပိုင်းများ အားလုံးသည် အချိန်ကြာမြင့်စွာ လေ့ကျင့်မှုများကြောင့် အကောင်းဆုံးသော မျှခြေ တစ်ခုဖြင့် လည်ပတ်နေကြခြင်း ဖြစ်သည်။

သာမန် ကျန်းမာနေသော အချိန်တွင် တစ်ခု၊ နှစ်ခုသော အစိတ်အပိုင်းများ မမျှမတ ဖြစ်သွားခြင်းက ပြဿနာ မရှိလှပေ။ အလွန်ဆုံး ဖြစ်လှမှ ရောင်ရမ်းတာမျိုး သို့မဟုတ် ဖျားနာတာမျိုးလောက်သာ ဖြစ်ပေလိမ့်မည်။

သို့သော် ခန္ဓာကိုယ် ပြိုလဲလုနီးပါး ဖြစ်နေသော မာတင်ကဲ့သို့ အဘိုးအို တစ်ဦးအတွက်မူ အခြေအနေမှာ လုံးဝ ကွဲပြားခြားနားလှ၏။

အစိတ်အပိုင်း တစ်ခုခုက ရုတ်တရက် အားကောင်းသွားလျှင်သော်လည်းကောင်း၊ အားနည်းသွားလျှင်သော်လည်းကောင်း... ထို နုနယ်လှသော မျှခြေကြီးမှာ ပျက်စီးသွားပြီး ခန္ဓာကိုယ် တစ်ခုလုံး ပြိုလဲသွားနိုင်ပေသည်။

ယဲ့ဖန်သည် မာတင်၏ သရက်ရွက်ကို မလှုံ့ဆော်မီကတည်းက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သူသည် မာတင်၏ နှလုံးနှင့် အခြား အင်္ဂါများကို ကာကွယ်ပေးထားသဖြင့်၊ သရက်ရွက် ပြန်လည် အလုပ်လုပ်လာပြီး အာဟာရများ ပြန်လည် ရရှိလာချိန်တွင် ရုတ်တရက် အပြောင်းအလဲကို ခန္ဓာကိုယ်က ခံနိုင်ရည် ရှိသွားခြင်းပင် ဖြစ်ချေသည်။

"ပြဿနာကို စနစ်တကျ ကြည့်ပြီးတော့... အရေးကြီးဆုံး အဆင့်ကနေ တစ်ဆင့်ချင်းစီ ဖြေရှင်းသွားတာပဲ... ဒီလို အတွေးအခေါ်မျိုးက တကယ်ကို သင်ယူသင့်တဲ့ အရာပါပဲ..." ပရော်ဖက်ဆာ ဒတ်ချ်တိုသည် ယဲ့ဖန်ကို ကြည့်ကာ ခေါင်းညိတ် ထောက်ခံနေမိသည်။ သူ တစ်စုံတစ်ခုကို အတွေးနယ်ချဲ့နေပုံ ရ၏။

"ပြီးတော့ ဒီကုသမှု ရလဒ်ကို ကြည့်ရင်တော့..မင်းတို့လို အစွမ်းထက်တဲ့ တရုတ် ဆေးဆရာတွေက... တို့တွေထက်တောင် လူသား ခန္ဓာကိုယ်အကြောင်းကို ပိုပြီး နားလည်နေကြသလားလို့တောင် ထင်မိတယ်..."

"နောက်ထပ်ကော... မာတင်ရဲ့ နှလုံးကို အားကောင်းအောင် လုပ်ပြီး သူ့ခန္ဓာကိုယ်ရဲ့ အင်ဂျင်ကို ပုံမှန် ပြန်ဖြစ်အောင် လုပ်ဦးမှာလား..."

ယဲ့ဖန်က နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်ပြန်၏။

"ဒါကိုလည်း အပ်စိုက်ကုထုံးနဲ့ပဲ လုပ်မှာလား..." ပရော်ဖက်ဆာ ဒတ်ချ်တို၏ မျက်ဝန်းများမှာ သိချင်စိတ်များဖြင့် တောက်ပနေလေသည်။

"အပ်စိုက်ကုထုံးရဲ့ အခြေခံ သဘောတရားက ဘာလဲဟင်... ခန္ဓာကိုယ်ထဲက ဂလင်းတွေကို လှုံ့ဆော်ပြီး ဟော်မုန်းတွေ ထွက်လာအောင် လုပ်တာလား... အဲ့ဒီကနေတဆင့် အင်္ဂါတွေကို ပြန်ပြီး ထိန်းညှိတာလား..."

ယဲ့ဖန်က ခေါင်းခါပြလိုက်သည်။ "ဒါတွေကိုတော့ ကျွန်တော် မသိဘူးခင်ဗျ..."

"ဘာပဲဖြစ်ဖြစ်... ကျွန်တော်ကတော့ တရုတ် တိုင်းရင်းဆေးရဲ့ အတွင်းအားနဲ့ အပ်စိုက် အချက်အချာတွေကိုပဲ သုံးတာပါ..."

ပြောပြောဆိုဆိုနှင့်ပင် သူသည် မာတင်၏ အခြေအနေ တည်ငြိမ်လာသည်ကို စောင့်ကြည့်လိုက်ပြီးနောက်၊ မြို့စားကြီး၏ ပခုံးကို အသာအယာ ပုတ်ကာ လမ်းဖယ်ပေးရန် အချက်ပြလိုက်၏။

မြို့စားကြီးသည် ကပျာကယာ နောက်ဆုတ်ပေးလိုက်ပြီး တိတ်ဆိတ်စွာပင် စောင့်ကြည့်နေလေသည်။ ယဲ့ဖန်သည် ငွေအပ်များကို ထပ်မံ ထုတ်ယူလိုက်ပြီး မာတင်အပေါ် ဒုတိယအဆင့် အပ်စိုက်ကုသမှုကို စတင်လိုက်တော့၏။

ယခုတစ်ကြိမ်တွင်မူ သူသည် မာတင်၏ နှလုံးကို အားကောင်းစေရန်နှင့် ကာကွယ်ပေးရန် အာရုံစိုက်လိုက်သည်။

ယဲ့ဖန်သည် ဤလုပ်ငန်းစဉ်ကို ကျွမ်းကျင်သော်လည်း၊ အပြင်ပန်းတွင်မူ အလွန် ပင်ပန်းနေသည့်ဟန် ပေါ်ပေါက်နေလေ၏။

နောက်ဆုံး အပ်ကို ထိုးစိုက်ပြီးချိန်တွင် သူ၏ တစ်ကိုယ်လုံးတွင် ချွေးများ စိုရွှဲနေရုံတင်မက၊ ခြေကုန်လက်ပန်းကျကာ လဲကျလုနီးပါးပင် ဖြစ်သွားရရှာသည်။

ထိုအခြေအနေကို မြင်သောအခါ မြို့စားကြီးနှင့် ပရော်ဖက်ဆာတို့သာမက၊ အစ္စဘယ်လ်လာပင်လျှင် ရင်တထိတ်ထိတ် ဖြစ်သွားရ၏။

ယဲ့ဖန် ဟန်ချက်ပျက်သွားသည့် တခဏ၌ပင်... သူမသည် လျင်မြန်စွာ ပြေးသွားပြီး ယဲ့ဖန်၏ ပခုံးကို ဖမ်းဆွဲ ထိန်းထားပေးလိုက်လေသည်။ ယဲ့ဖန်၏ ပခုံးတစ်ဖက်မှာ သူမ၏ ရင်ခွင်ထဲသို့ ကျရောက်သွားပြီး၊ သူမသည် သူ့ကို တင်းကျပ်စွာပင် ဖက်ထားမိတော့သည်။

—

အခန်း (၁၉၀၂) - အစ္စဘယ်လ်လာရဲ့ သဘောတူညီချက်

~ယဲ့ဖန် တစ်ယောက် ဝန်ခံရမည် ဆိုလျှင်... သူသည် တမင် ရည်ရွယ်ချက် ရှိရှိ တိုးဝှေ့ခဲ့ခြင်း မဟုတ်သော်လည်း၊ ထို နူးညံ့လှသော ရင်ခွင်ထဲသို့ ရောက်ရှိသွားပြီး ထွေးပွေ့ခံလိုက်ရသည့် အခိုက်အတန့်၌... သူသည် လုံးဝ ပြန်မထချင်တော့ပေ။

ဘာပဲဖြစ်ဖြစ်... အစ္စဘယ်လ်လာ ဆိုသော အမျိုးသမီးမှာ အမှန်တကယ်ပင် ဆွဲဆောင်မှု အပြည့်ရှိသူ တစ်ဦး မဟုတ်ပါလော။

ပို၍ တိတိကျကျ ပြောရလျှင်... အရမ်းကို သက်သောင့်သက်သာ ရှိလှပေသည်။

နှစ်ပေါင်းများစွာ လေ့ကျင့်ခန်း လုပ်ထားသူ ဖြစ်သဖြင့်၊ သူမ၏ ခန္ဓာကိုယ်မှာ ပျော့အိမနေဘဲ တင်းရင်း စွဲမက်ဖွယ် ကောင်းလှ၏။ ထို ရင်ခွင်ထဲတွင် ပိတ်မိနေရခြင်းမှာ အလွန်ပင် သုခ ခံစားရလှပေသည်။

အစ္စဘယ်လ်လာသည်လည်း သူမ၏ ရင်ခွင်ထဲမှ ထူးခြားမှုကို သတိထားမိပုံ ရသည်။ သူမ၏ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းသွားရရှာ၏။

သို့သော်လည်း သူမသည် ယဲ့ဖန်၏ ကျန်းမာရေးကို ပို၍ စိုးရိမ်နေသဖြင့်၊ ရှက်ရွံ့နေသည့်တိုင် ယဲ့ဖန်ကို တွန်းမထုတ်ခဲ့ပေ။ သူမသည် သူ့ကို ဆက်လက် တွဲကူပေးထားရင်း တိုးတိုးလေး မေးလိုက်လေသည်။

"ယဲ့ဖန်... အဆင်ပြေရဲ့လား..."

"ဘေးနားမှာ သွားပြီး ခဏလောက် နားချင်လားဟင်..."

ယဲ့ဖန်သည် အကောင်းဆုံး မင်းသားတစ်ယောက်ပမာ သရုပ်ဆောင်လိုက်တော့သည်။ သူသည် အစ္စဘယ်လ်လာ၏ နူးညံ့သော ခန္ဓာကိုယ်ကို မှီတွယ်လျက် အားနည်းဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ကိုယ် ခဏလောက် နားချင်တယ်... ပြီးတော့ သကြားရည် တစ်ခွက်လောက် တိုက်ပါလား..."

"ငါ လူလွှတ်ပြီး ယူခိုင်းလိုက်ပါ့မယ်..." ဤတစ်ကြိမ်တွင်တော့ မြို့စားကြီးသည် အစ္စဘယ်လ်လာကိုပင် မခိုင်းတော့ဘဲ၊ သူကိုယ်တိုင်ပင် အပြေးအလွှား သွားရောက် စီစဉ်ပေးတော့သည်။

ပရော်ဖက်ဆာ ဒတ်ချ်တိုမှာမူ မာတင်၏ အခြေအနေကို စိုးရိမ်နေသော်လည်း၊ ယဲ့ဖန် ပင်ပန်းနေသည်ကို မြင်ရသောအခါ အစ္စဘယ်လ်လာနှင့်အတူ ဝိုင်းကူကာ ယဲ့ဖန်ကို ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းလိုက်လေ၏။

မြို့စားကြီး သကြားရည် နွေးနွေးလေး တစ်ခွက် ယူလာပေးသောအခါ ယဲ့ဖန်က သောက်လိုက်လေသည်။ ထိုအခါမှ သူ၏ မျက်နှာတွင် သွေးရောင် အနည်းငယ် ပြန်လည် လွှမ်းမိုးလာတော့၏။ ပရော်ဖက်ဆာ ဒတ်ချ်တိုသည်လည်း မာတင်၏ အခြေအနေကို ပြန်လည် စစ်ဆေးလိုက်ပြန်သည်။

မြို့စားကြီးကလည်း စိုးရိမ်တကြီး မေးလာ၏။ "ယဲ့ဖန်... အခြေအနေ ဘယ်လိုလဲ... သက်သာရဲ့လား..."

"ပြီးတော့... မာတင်ရော ဘယ်လိုရှိလဲ..."

ယဲ့ဖန်သည် အမှန်တကယ်တော့ ဘာမှ မဖြစ်သော်လည်း၊ မာတင်ကို ခက်ခဲစွာ လှမ်းကြည့်နေသည့်ဟန် ဆောင်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

"ဒုတိယအဆင့် အပ်စိုက်ကုသမှု ပြီးသွားပါပြီခင်ဗျာ... မြို့စားကြီးရဲ့ သူငယ်ချင်းကို နှလုံးအားကောင်းစေပြီး ခန္ဓာကိုယ် ကာကွယ်တဲ့ လုပ်ငန်းစဉ် ပြီးမြောက်သွားပြီပေါ့..."

"နောက်ထပ် မိနစ်အနည်းငယ် ကြာရင်တော့... သူ့ရဲ့ အသက်စွမ်းအားတွေ ပိုပြီး တိုးတက်လာတာကို မြင်ရပါလိမ့်မယ်... သူ စကားတောင် နည်းနည်း ပြောနိုင်ပါလိမ့်မယ်ခင်ဗျာ..."

"ဒီကုသမှု အပိုင်းကတော့ ပြီးသွားပါပြီ... မြို့စားကြီး... မြို့စားကြီးရဲ့ သူငယ်ချင်းဟာ အနည်းဆုံးတော့ နောက်ထပ် (၃) ရက်ကနေ (၅) ရက်အထိ ဆက်ပြီး အသက်ရှင်နိုင်မှာပါ..."

"ဒါ... ဒါ တကယ်လား..."

ဘတ်ကင်ဟမ် မြို့စားကြီးသည် ဝမ်းသာလွန်းသဖြင့် မယုံကြည်နိုင်သလို ဖြစ်နေရှာ၏။

"အပ်စိုက်ရုံလေးနဲ့ မာတင်ရဲ့ အသက်ကို (၃) ရက်ကနေ (၅) ရက်အထိ ဆွဲဆန့်ပေးနိုင်တာလား..."

"မယုံနိုင်စရာပဲ..."

ထိုအခိုက်အတန့်၌ မာတင်၏ အခြေအနေကို စောင့်ကြည့်နေသော ပရော်ဖက်ဆာ ဒတ်ချ်တိုက ရုတ်တရက် အော်ဟစ်လိုက်လေသည်။

"မြို့စားကြီး... မာတင်ရဲ့ နှလုံးခုန်သံနဲ့ အသက်ရှူသံတွေက တကယ်ပဲ အားကောင်းလာပြီဗျ... ခန္ဓာကိုယ် အပူချိန်ကလည်း တဖြည်းဖြည်းနဲ့ ပုံမှန် ပြန်ဖြစ်လာပြီ..."

"ဒါတွေက အသက်စွမ်းအားတွေ ပြန်ရလာတဲ့ လက္ခဏာတွေချည်းပဲ..."

"ယဲ့ဖန် ပြောတာ တကယ်ပါပဲ... မာတင်ရဲ့ ခန္ဓာကိုယ် အခြေအနေက အများကြီး တိုးတက်လာခဲ့ပြီ..."

"အခု လက်ရှိ အခြေအနေအတိုင်းဆိုရင်... မမျှော်လင့်ထားတာတွေ မဖြစ်ခဲ့ရင်တော့... နောက်ထပ် (၃) ရက်ကနေ (၅) ရက်အထိ အသက်ရှင်ဖို့ ဆိုတာ အိပ်မက် မဟုတ်တော့ပါဘူး..."

ထိုစကားကို ကြားရသောအခါ မြို့စားကြီးသည် ယဲ့ဖန်ကို ရတနာ တစ်ခုလို ကြည့်နေသော ပရော်ဖက်ဆာ ဒတ်ချ်တိုဘက်သို့ လှည့်ကြည့်လိုက်လေ၏။

"ကြည့်ရတာ... ငါ့ရဲ့ အရင်က အကဲဖြတ်မှု မှန်သွားပြီထင်တယ်... မင်းက တကယ့်ကို အစွမ်းထက်တဲ့ တရုတ် ဆေးဆရာ တစ်ယောက်ပဲ..."

"ပြီးတော့... မင်းရဲ့ တရုတ် တိုင်းရင်းဆေး သီအိုရီတွေနဲ့ လူသား ခန္ဓာကိုယ်အပေါ် နားလည်မှုက... သိပ္ပံနည်းကျ လေ့လာနေတဲ့ သူတွေထက်တောင် ပိုပြီး သာလွန်နေသလားလို့တောင် ထင်မိတယ်..."

ယဲ့ဖန်ကတော့ အားနည်းဟန်ဆောင်ကာ ကျိတ်မှိတ်၍ ပြုံးပြလိုက်လေ၏။

ပရော်ဖက်ဆာ ဒတ်ချ်တိုကမူ တည်ကြည်စွာ ဆက်ပြောလိုက်သည်။

"မစ္စတာယဲ့... မောင်ရင့် အနေနဲ့ တို့ရဲ့ 'လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု' မှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားလားဗျာ... မောင်ရင် အားတဲ့အချိန်မှာ တို့တွေရဲ့ သုတေသန အယူအဆတွေ မှန်၊ မမှန် ဆိုတာကို တစ်ချက်လောက် ဝေဖန် အကြံပေးစေချင်လို့ပါ..."

"မင်း တောင်းဆိုတဲ့ ဘယ်လို အခြေအနေမျိုးကိုမဆို တို့တွေ အစွမ်းကုန် ဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ..မင်းဘက်က လမ်းညွှန်ပေးမယ် ဆိုရင်ပေါ့..."

"ငါ ယုံကြည်တာကတော့... မင်းရဲ့ လမ်းညွှန်မှုသာ ရမယ်ဆိုရင်... တို့ရဲ့ လေးဖို့ဒ် အင်စတီကျုဟာ လူသား ရှင်သန်မှု သုတေသန နယ်ပယ်မှာ အနည်းဆုံး (၁၀) နှစ်စာလောက် လမ်းလွဲနေတာတွေကို ရှောင်ရှားနိုင်လိမ့်မယ်…”

All Chapters