← Chapters

အခန်း (၁၉၀၇-၁၉၁၀)

Vol. 101 Ch. 1907-1910

အခန်း (၁၉၀၇-၁၉၁၀)

Vol. 101 Ch. 1907-1910

အခန်း (၁၉၀၇) - မင်းအတွက် သေလမ်းက အဆင်သင့်ပဲ

~ဖိလစ်၏ မျက်ဝန်းထဲတွင် ရွှယ်လီ တစ်ယောက်တည်းသာ ရှိလေသည်။ သူသည် ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးနေကြသည်များကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

ရွှယ်လီ၏ မျက်နှာထား ပျက်ယွင်းနေသည်ကို သတိထားမိလိုက်သောအခါ၊ သူက ခက်ထန်သော မျက်နှာထားဖြင့် ထပ်မံ မေးမြန်းလိုက်ပြန်၏။

"ဘယ်လိုလဲ... ဆုံးဖြတ်ပြီးပြီလား... ငါ့ရဲ့ အချစ်ကို လက်ခံပြီး ငါ့ရည်းစား လုပ်မလား... ဒါမှမဟုတ် နောင်တစ်ချိန်မှာ ငါ့ခြေရင်းမှာ ဒူးထောက်ရမယ့် ခွေးတစ်ကောင် ဖြစ်မလား..."

"ကျွန်မ..." ရွှယ်လီမှာမူ အမှန်တကယ်ပင် ကြောက်လန့်နေရှာပြီ ဖြစ်ရာ၊ သူမ၏ အသံများမှာ တုန်ရီနေလေသည်။

"မင်း စဉ်းစားဖို့ နောက်ထပ် (၁၀) စက္ကန့်ပဲ ပေးမယ်..." ထိုအခြေအနေကို မြင်သောအခါ ဖိလစ်က နောက်ဆုံးအချိန်ကို စတင် ရေတွက်လိုက်တော့သည်။

"(၁၀)..."

"(၉)..."

"(၈)..."

ရေတွက်သံ ဆုံးသည်နှင့် တစ်ပြိုင်နက်... ဖိလစ်၏ အကြည့်များ ပိုမို စူးရှလာတော့မည့် အခိုက်အတန့်မှာပင်... နောက်ဖက်ဆီမှ ဝုန်းခနဲ ဖြတ်ရိုက်လိုက်သော လက်ဝါးချက် တစ်ချက်က သူ၏ မျက်နှာပေါ်သို့ ကျရောက်လာတော့၏။

ထို လက်ဝါးချက်ကြောင့် သူ၏ ခြိမ်းခြောက်မှုများမှာ ရုတ်ချည်း ရပ်တန့်သွားရလေသည်။

ဖိလစ်သည် ရုတ်တရက် အရိုက်ခံလိုက်ရသဖြင့် ယိမ်းထိုးသွားပြီး၊ ပြန်လည် မတ်တပ်ရပ်နိုင်ချိန်တွင် သူ၏ ဦးခေါင်းတစ်ခုလုံးမှာ တဝီဝီ မြည်ဟီးနေတော့၏။

"သူဌေး..." ထိတ်လန့်တုန်လှုပ်နေသော ရွှယ်လီမှာမူ ကြောင်အမ်းသွားပြီးနောက်၊ သူမ၏ မျက်ဝန်းများ ဝင်းလက်သွားကာ အံ့အားသင့်စွာ ဟစ်အော်လိုက်မိတော့သည်။

"သူဌေး... ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲဟင်..."

ယဲ့ဖန်သည် တည်ငြိမ်သော မျက်နှာထားဖြင့် သူမထံသို့ လျှောက်လှမ်းလာ၏။

"ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ ထမင်းစားဖို့ လာရင်း... ဒီကိစ္စနဲ့ တိုက်တိုက်ဆိုင်ဆိုင် တိုးတာပါ..."

"သူဌေး... ရှင်က..." ရွှယ်လီသည် အလွန် ကျေးဇူးတင်မိသော်လည်း၊ ယဲ့ဖန်၏ နောက်ကွယ်ရှိ လူများကို လှမ်းမြင်လိုက်ရသောအခါ သူမ ပြောမည့် စကားလုံးများမှာ ချက်ချင်း ပြောင်းလဲသွားရရှာသည်။

"ကျွန်မအတွက်နဲ့ ဒီလိုတွေ မလုပ်ပါနဲ့... ဖိလစ်က... သူက အနိုင်ကျင့်ရလွယ်တဲ့ လူမျိုး မဟုတ်ဘူးနော်..."

"သူဌေး ဟုတ်လား... ဒီ‌လူက မင်းရဲ့ သူဌေးပေါ့လေ... 'မေရို့ထျန်းချန်' အလှအပဆိုင်ရာ အုပ်စုရဲ့ အခု လက်ရှိ ပိုင်ရှင်ပေါ့... ဟုတ်တယ်မလား..."

သူမ စကားမဆုံးသေးမီမှာပင် ယဲ့ဖန်၏ နောက်ဖက်မှ မလိုတမာ အသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ ဖိလစ်ပင် ဖြစ်ချေ၏။

သူသည် သတိပြန်ဝင်လာပုံ ရသော်လည်း နီရဲနေသော ပါးပြင်ကို ပွတ်သပ်နေဆဲ ဖြစ်သည်။ သူ၏ မျက်ဝန်းများမှာမူ ကြည်လင်လာခဲ့ပြီ ဖြစ်ရာ၊ ယဲ့ဖန်၏ ကျောပြင်ကို သားကောင်တစ်ကောင်လို စိုက်ကြည့်နေတော့၏။

"မင်းက တော်တော် သတ္တိကောင်းတာပဲ..."

"ငါ့ကို ရိုက်ရဲတယ်ပေါ့... အဲ့ဒါမှ ပါးကို ဖြတ်ရိုက်လိုက်တာနော်..."

ယဲ့ဖန် လှည့်ကြည့်လိုက်သောအခါ... ထိုလူသည် နာကျင်မှုကို သက်သာအောင် ပါးကို ပွတ်ရင်း မျက်နှာကို ရှုံ့မဲ့နေလေသည်။

"မင်းအတွက် သေလမ်းက အဆင်သင့် ဖြစ်နေပြီဆိုတာ မင်း သိလား..."

ယဲ့ဖန်၏ အကြည့်ကို ခံစားလိုက်ရသောအခါ ဖိလစ်သည် မျက်နှာရှုံ့မဲ့နေခြင်းကို ရပ်တန့်လိုက်ပြီး အေးစက်စက် ပြန်လည် စိုက်ကြည့်လိုက်၏။

"လူအများကြီး ရှေ့မှာ ငါ့ကို ပါးရိုက်ခဲ့တဲ့အတွက်... ခဏနေရင် မင်းရဲ့ ခေါင်းကို ဖိနှိပ်ပြီး ငါ့ခြေရင်းမှာ ဒူးထောက်ခိုင်းစေရမယ်... မင်း လုပ်ခဲ့တာတွေအတွက် အဆ တစ်ရာမက ပြန်ပေးဆပ်စေရမယ်..."

ယဲ့ဖန် ဘာမှ ပြန်မပြောဘဲ မဲ့ပြုံး တစ်ချက်သာ ပြုံးလိုက်လေသည်။

"မင်းက ငါ့စကားကို မယုံဘူးပေါ့လေ..."

ထို မဲ့ပြုံးကြောင့် ဖိလစ် ပို၍ ဒေါသထွက်သွားပုံ ရသည်။ သူသည်လည်း မထီမဲ့မြင် ပြန်လည် ပြုံးလိုက်ပြီးနောက်... သူ့နောက်မှ လိုက်ပါလာသော အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော် နှစ်ဦးဘက်သို့ လှည့်ကြည့်လိုက်၏။

"ဝက်ဝံနက်... မြေခွေးပြာ... မင်းတို့ရဲ့ စွမ်းရည်အစစ်ကို ပြလိုက်စမ်း... ဒီလူကို မျက်စိပွင့်သွားအောင် လုပ်ပေးလိုက်ကြ..."

"ဟုတ်ကဲ့ပါ သခင်လေး..."

အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော် နှစ်ဦးသည် ထိုစကားကို ကြားလိုက်ရသည်နှင့် ခွင့်ပြုချက် ရရှိသွားသကဲ့သို့ပင်... ချက်ချင်းပင် လက်ရိုးခြေရိုးများကို လှုပ်ရှားလိုက်ကြရာ၊ သူတို့၏ ခန္ဓာကိုယ်မှ အဆစ်အမြစ် မြည်သံများ တဖျတ်ဖျတ် ထွက်ပေါ်လာလေတော့သည်။

သူတို့သည် ကြွက်သားများကို ဆွဲဆန့်ရင်း၊ ကျွမ်းကျင်လှသော လက်ရာဖြင့် သူတို့၏ အင်္ကျီ ကော်လာများနှင့် လက်စွပ်များကို ဖြုတ်လိုက်ကြပြီးနောက်... ယဲ့ဖန်ကို နှစ်ဖက် ညှပ်၍ တဖြည်းဖြည်းချင်း အနားသို့ တိုးကပ်လာကြတော့၏။

သူတို့၏ လှုပ်ရှားမှုနှင့် အရှိန်အဝါကို ကြည့်ခြင်းအားဖြင့်... သူတို့သည် လေ့ကျင့်ထားသော ဝါရင့် သိုင်းသမားများ ဖြစ်ကြောင်း သိသာလှပေသည်။

"သူဌေး..." ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှယ်လီ တစ်ယောက် စိုးရိမ်ပူပန်သွားရရှာသည်။

"ဖိလစ်... ရှင့်လူတွေကို ရပ်ခိုင်းလိုက်ပါဦး..."

သူမသည် စိတ်လှုပ်ရှားစွာဖြင့် ဖိလစ်ကို လှမ်းတောင်းပန်နေမိတော့၏။

သို့သော် ဖိလစ်ကမူ သူမ၏ စကားကို မကြားချင်ယောင် ဆောင်နေလေသည်။ သူသည် ယဲ့ဖန်ကိုသာ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် စူးစူးရဲရဲ ကြည့်နေ၏။

"သူ့လက်တွေကို ချိုးပစ်... ပြီးရင် ငါ့ရှေ့မှာ ဒူးထောက်ခိုင်းလိုက်စမ်း..."

"ဟုတ်ကဲ့ပါ..." ထို အမိန့် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော် နှစ်ဦးသည် ဝက်ဝံနက်နှင့် တောဝံပုလွေ တစ်ကောင်ပမာ... ယဲ့ဖန်ထံသို့ မတူညီသော လမ်းကြောင်းများမှ တစ်ပြိုင်နက် ခုန်အုပ် တိုက်ခိုက်လိုက်ကြတော့သည်။

သို့သော် ထိုအခိုက်အတန့်၌ပင် ယဲ့ဖန်သည်လည်း လျှပ်စီးအလား လျင်မြန်စွာ လှုပ်ရှားလိုက်လေ၏။

တည့်တည့် ထိုးချက် တစ်ချက်နှင့် ဝှေ့ကန်ချက် တစ်ချက်... အလွန် မြန်ဆန်လွန်းသဖြင့် မည်သူမျှ သေသေချာချာ မမြင်လိုက်ရပေ။

ထို့နောက်တွင်တော့... အရိုးကျိုးသံများနှင့်အတူ နာကျင်စွာ အော်ဟစ်သံ နှစ်ခုကို လူတိုင်း ကြားလိုက်ရလေတော့သည်။

အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော် တစ်ဦးမှာ အရက်မူးနေသူပမာ နောက်သို့ ယိုင်ထွက်သွားပြီး ဖင်ထိုင်လျက် လဲကျသွားရ၏။ ကျန်ရှိနေသော ကိုယ်ရံတော် တစ်ဦးမှာမူ... သူ၏ ဒူးခေါင်းမှာ ထူးဆန်းသော ထောင့်တစ်ခုသို့ လည်ထွက်သွားပြီး 'ဗုန်း' ခနဲ မြည်အောင်ပင် မြေပြင်ပေါ်သို့ ဒူးထောက် ကျဆင်းသွားလေတော့သတည်း။

---

အခန်း (၁၉၀၈) - ဒါက ဗီဒီယို ရိုက်နေတာလား

~မြင်ကွင်းတစ်ခုလုံး သုသာန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်သွားရလေ၏။

အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော် နှစ်ဦး၏ နာကျင်စွာ ညည်းတွားသံနှင့် အော်ဟစ်သံများသာ ထွက်ပေါ်နေတော့သည်။

အချိန်အတော်ကြာပြီးမှသာ လူအုပ်ကြီးကြားမှ အံ့ဩသံများ လှိုင်းလုံးပမာ ထွက်ပေါ်လာတော့၏။ "ဘုရားရေ... ဒါ တကယ်ကြီး ဖြစ်နိုင်လို့လား..."

"သူတို့တွေ ဗီဒီယို ရိုက်နေကြတာလား..."

"ဒီ လှပတဲ့ တည့်ထိုးချက်ရယ်... ပြီးတော့ မြန်ဆန်ပြီး တိကျလှတဲ့ ဝှေ့ကန်ချက်က... တကယ့်ကို ရင်သပ်ရှုမောစရာပဲဗျာ..."

"ဟို ကိုယ်ရံတော် နှစ်ယောက်ရဲ့ အခြေအနေကို ကြည့်ရတာ... မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့ တစ်ယောက်ကတော့ ဒူးခေါင်းရိုး ကျိုးသွားပြီ ထင်တယ်... လဲကျနေတဲ့ တစ်ယောက်ကလည်း ရင်ဘတ်က ချိုင့်ဝင်သွားတာဆိုတော့... နံရိုးတွေ ကျိုးသွားတာလား မသိဘူး..."

"ဒါ နဂါးနိုင်ငံရဲ့ ကိုယ်ခံပညာ သိုင်းပညာများလား..."

"ဗီဒီယိုတွေထဲမှာတော့ တို့တွေ မြင်ဖူးပါတယ်... နဂါးနိုင်ငံက လူတော်တော်များများက သိုင်းတတ်ကြတယ်ဆို..."

"ခြေမဲ့ ကန်ချက်တို့... အဋ္ဌဂံ လက်သီးတို့... ဝင်းချွန်းတို့... ဂျစ်ကွန်ဒိုတို့လေ..."

"ဟောလိဝုဒ်မှာ နာမည်ကြီးခဲ့တဲ့ 'ဘရုစ်လီ' တို့၊ 'ဂျက်ကီချန်း' တို့လိုပေါ့... သူတို့က တကယ် တိုက်ခိုက်နိုင်တာပဲ..."

"..."

ဖိလစ်ကို နားချရန် ကြိုးစားနေသော ရွှယ်လီပင်လျှင်... မယုံနိုင်စရာ မြင်ကွင်းကြောင့် မျက်လုံးလေးများ ပြူးကျယ်သွားရလေသည်။

"သူဌေး... ရှင်က..."

ယဲ့ဖန်က အများကြီး ရှင်းပြမနေတော့ဘဲ ဖိလစ်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။

"မင်းက ဒီလောက် စွမ်းလို့သာ... လူအများကြီး ရှေ့မှာ ငါ့ကို ပါးရိုက်ရဲတာပေါ့လေ..." ဖိလစ်သည်လည်း အနည်းငယ် အံ့အားသင့်သွားသော်လည်း၊ ယဲ့ဖန်ကို အထင်ကြီး လေးစားသွားခြင်းမျိုးတော့ မဟုတ်ပေ။

သူသည် ယဲ့ဖန်၏ အကြည့်ကို ရင်ဆိုင်လိုက်ပြီး မြေပြင်ပေါ်မှ ကိုယ်ရံတော်များကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် မထီမဲ့မြင် ပြန်လည် ပြုံးလိုက်ပြန်၏။

"ဝမ်းနည်းစရာ ကောင်းတာကတော့... ဒီခေတ်က သိုင်းပညာ နည်းနည်းပါးပါး တတ်ရုံနဲ့ ကိုယ်ဖြစ်ချင်တာ ဖြစ်လို့ရတဲ့ ခေတ် မဟုတ်တော့ဘူးကွ..."

"ငါ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့... ထိပ်တန်း ကိုယ်ရံတော်ပေါင်း ဆယ်ချီ၊ ရာချီကို ခေါ်လို့ ရတယ်..."

"မင်း ဘယ်လောက်ပဲ တိုက်ရည်ခိုင်ရည် ရှိရှိ... ဒီလို ကိုယ်ရံတော် (၁၀) ယောက်၊ (၁၀၀) ကို မင်း ယှဉ်နိုင်ပါ့မလား..."

ဖိလစ်သည် မခိုးမခန့် ပြောဆိုရင်း၊ သူ၏ ဖုန်းကို ထုတ်ယူကာ လူခေါ်ရန် စတင်လိုက်လေတော့သည်။

"သူဌေး..." ထိုအခိုက်အတန့်၌ ရွှယ်လီ တစ်ယောက် ပြန်လည် စိုးရိမ်ပူပန်လာရပြန်၏။

"သူဌေး... အခုချက်ချင်း ထွက်သွားပါတော့လား..."

"ဒီလူက အရူး တစ်ယောက်ပါ..."

"ပြီးတော့ သူက ရူးချင်တိုင်း ရူးနိုင်တဲ့ အစွမ်းလည်း ရှိတယ်လေ... သူက အာလ် ဝီလျံ ရဲ့ အချစ်ဆုံး မြေးပဲ... သူ့မိသားစုက ဖော့ခ်စီးတီးမှာ အရမ်း ဩဇာကြီးတာရှင့်..."

"သူဌေးက သိုင်းတတ်တယ် ဆိုပေမယ့်လည်း... လက်နှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်ဘူး မဟုတ်လား..."

ရွှယ်လီသည် ယဲ့ဖန်ကို ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားစေရန် တိုက်တွန်းနေရှာသည်။

သို့သော် ယဲ့ဖန်၏ စကားလုံးများက သူမ၏ တိုက်တွန်းချက်ကို ပိတ်ဆို့လိုက်လေ၏။

"ရပါတယ်... ကျွန်တော်က အရူးတွေကို ကုသပေးရတာ ဝါသနာပါတယ်..."

"သူ့ကို လူခေါ်ခိုင်းလိုက်ပါ..."

"ဒီနေ့ သူ ဘယ်နှစ်ယောက်ပဲ ခေါ်ခေါ်... ကျွန်တော် အကုန်လုံးကို ရင်ဆိုင်ပေးမယ်... သူ့ကိုလည်း မျက်စိပွင့်သွားအောင် လုပ်ပေးမယ်... စစ်မှန်တဲ့ အင်အားဆိုတာ ဘာလဲဆိုတာကို သူ သိသွားစေရမယ်..."

"သူဌေးရယ်..." ရွှယ်လီ တစ်ယောက် စကားဆွံ့အသွားရလေသည်။

သူမ အလွန် စိုးရိမ်နေသော်လည်း၊ ယဲ့ဖန်၏ တည်ကြည်သော မျက်နှာကို ကြည့်ကာ အခြား ဘာမှ ထပ်မပြောနိုင်တော့ပေ။

"စိတ်မပူပါနဲ့..." သူမ ဘာပြောချင်လဲ ဆိုတာကို ယဲ့ဖန် ရိပ်မိသဖြင့်၊ သူမကို ညင်သာစွာ ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။

"သူ့မှာ နောက်ခံ ရှိသလို...ကျွန်တော့်မှာလည်း ရှိပါတယ်..."

"စောင့်ကြည့်နေလိုက်ပါ... ခဏနေရင် မင်း သိလာပါလိမ့်မယ်..."

ဤတစ်ကြိမ်တွင်မူ ရွှယ်လီသည် နားချနေခြင်းက အကျိုးမရှိတော့ကြောင်း နားလည်သွားပုံ ရသည်။ သူမ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ရှိနေဆဲ ဖြစ်သော်လည်း၊ အခြား ဘာမှ ထပ်မပြောတော့ပေ။

ထိုအချိန်တွင် ဖိလစ်သည် ဖုန်းပြောပြီးသွားလေ၏။

ရွှယ်လီက ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်နေသည်ကိုလည်းကောင်း၊ ယဲ့ဖန်က သူမကို ထူးဆန်းသော အကြည့်ဖြင့် ပြန်ကြည့်နေသည်ကိုလည်းကောင်း သတိထားမိလိုက်သောအခါ... ဖိလစ်၏ မျက်ဝန်းအိမ်ထဲမှ အေးစက်မှုများမှာ ပိုမို နက်ရှိုင်းလာတော့သည်။

"နဂါးနိုင်ငံသား... မင်းက သတ္တိကောင်းရုံတင် မကဘူး... တော်တော်လည်း မောက်မာတာပဲ..."

"ငါ ဝန်ခံရမယ်... မင်းရဲ့ လုပ်ရပ်တွေက ငါ့ကို တကယ်ပဲ ဒေါပွစေခဲ့ပြီ..."

"ဒါကြောင့် ငါ ကစားပွဲကို ပြောင်းလဲလိုက်မယ်... မင်းကို ဒူးထောက်ခိုင်းပြီး ငါ့ပါးရိုက်ခံရတာကို လက်စားချေရုံတင် မကတော့ဘူး... နောက်ထပ် အပိုဆုတွေပါ ထပ်ထည့်ပေးမယ်... မင်းကို မြေပြင်ပေါ်မှာ ဒူးထောက်ခိုင်းထားပြီး... ငါ ရွှယ်လီကို ဘယ်လို ကစားပြမလဲ ဆိုတာကို မင်းကို မျက်စိဖွင့် ကြည့်ခိုင်းစေရမယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ရွှယ်လီ တစ်ကိုယ်လုံး အေးစက်တုန်ယင်သွားရလေ၏။ ထို မြင်ကွင်း၏ ကြောက်မက်ဖွယ်ရာကို သူမ ခန့်မှန်းကြည့်ရုံနှင့်ပင် ထိတ်လန့်နေမိတော့သည်။

သို့သော် ယဲ့ဖန်ကမူ မည်သည့် ခံစားချက်မျှ မရှိဘဲ၊ ဖိလစ်၏ ရှေ့သို့ လျှောက်သွားကာ သူ၏ ပါးကို နောက်တစ်ကြိမ် ဖြတ်ရိုက်လိုက်ပြန်လေ၏။

ထို လက်ဝါးချက်ကြောင့် ဖိလစ် တစ်ယောက် ယိုင်ထွက်သွားရပြီး၊ သူ ပြန်မတ်နိုင်မီမှာပင် နောက်ထပ် လက်ဝါးချက် တစ်ချက် ထပ်မံ ကျရောက်လာပြန်သည်။

ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်...

ဖိလစ် တစ်ယောက် ဟန်ချက်ပျက်သွားပြီး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ထွက်လာကာ၊ မျက်လုံးများ လန်တက်သွားသည့် အချိန်ကျမှသာ... ယဲ့ဖန်သည် မထင်မှတ်ဘဲ ဖိလစ်၏ ဒူးခေါင်းကို လှမ်းကန်လိုက်လေသည်။

“အွတ်”

ဖိလစ်၏ ခန္ဓာကိုယ်သည် တုန်ခါသွားရပြီး မြေပြင်ပေါ်သို့ ဒူးထောက်လျက် လဲကျသွားလေတော့သတည်း။

---

အခန်း (၁၉၀၉) - မင်းရဲ့ မောက်မာမှုတွေကို ဆက်ပြီး ထိန်းထားနိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်

~ဖိလစ်သည် မြေပြင်ပေါ်သို့ ဒူးထောက် ကျဆင်းသွားသောအခါ၊ သူ၏ ကိုယ်အထက်ပိုင်းကိုပင် တည်ငြိမ်အောင် မထိန်းနိုင်တော့ပေ။ သူ၏ ဦးခေါင်းအပါအဝင် တစ်ကိုယ်လုံးသည် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ မှောက်ရက် ကျသွားလေတော့သည်။

အချိန်အတော်ကြာမှသာ သူ သတိပြန်ဝင်လာရှာ၏။ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ တစက်စက် ကျဆင်းနေစဉ် သူ အသက်ကို ပြင်းပြင်းရှူနေရသည်။ တဆက်တည်းမှာပင် သူသည် သနားစရာကောင်းလှသော အခြေအနေဖြင့် လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ် ထောက်ကာ၊ သူ၏ ကိုယ်အထက်ပိုင်းကို ဖြည်းညှင်းစွာ မတ်ရန် ကြိုးစားနေတော့၏။

မြင်ကွင်းတစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။

ရှိနေသမျှ လူတိုင်းမှာ စကားတစ်ခွန်းပင် မဟရဲကြတော့ပေ။ သူတို့သည် ယဲ့ဖန် သို့မဟုတ် ဖိလစ်ကိုသာ မျက်လုံးပြူးပြီး ကြည့်နေကြပြီး၊ နောက်ထပ် ဘာတွေ ဖြစ်လာဦးမလဲ ဆိုတာကို စောင့်ကြည့်နေကြလေသည်။

ဖိလစ်သည်လည်း လူတိုင်း၏ အကြည့်များကို သတိထားမိလိုက်သည်။ သူ၏ မျက်ဝန်းအိမ်များမှာ ခေတ္တမျှ ဝေဝါးသွားပြီးနောက်မှ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရ၏။ သူသည် ပါးစပ်ထောင့်နှင့် နှာခေါင်းအောက်မှ သွေးစများကို သုတ်ပစ်လိုက်ပြီးနောက်၊ ယဲ့ဖန်ကို သွေးဆာနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေတော့သည်။

"မင်း... သောက်ရူးကောင်... ငါ မင်းကို သတ်ပစ်မယ်..."

"မဟုတ်သေးဘူး... မင်းကို အရှင်လတ်လတ် အရေခွံဆုတ်မယ်... မင်းရဲ့ လက်ချောင်းတွေကို တစ်ချောင်းချင်း ရိုက်ချိုးမယ်... ပြီးရင် မင်းရဲ့ လက်ရှင်းတွေကိုလည်း အပိုင်းပိုင်း ဖြတ်ပစ်မယ်... မင်းရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြီး မျက်နှာကိုလည်း အသားစတွေ ထွက်လာတဲ့အထိ ဆွဲဖြဲပစ်မယ်... မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တစ်ခုချင်းစီ အဖြတ်ခံရတာကို မင်းကိုယ်တိုင် ကြည့်ရင်းနဲ့... ဖြည်းဖြည်းချင်း သေသွားစေရမယ်..."

"အခု ကြည့်ရတာတော့... မင်းရဲ့ ဦးနှောက်က ဖွံ့ဖြိုးမှု အားနည်းတာ မဟုတ်ဘူး... မင်းမှာ ဦးနှောက် ဆိုတာကိုက မရှိတာပဲ..." ယဲ့ဖန်သည် သူနှင့် အငြင်းပွားမနေတော့ဘဲ၊ ထိုလူ စကားပြောနေသည့် အချိန်မှာပင် ပါးကို ဖြတ်ရိုက်လိုက်လေသည်။

"အခြေအနေက မင်းအတွက် မကောင်းမှန်းလည်း သိတယ်... ငါ့ကိုလည်း မယှဉ်နိုင်မှန်း သိတယ်... ဒါကိုတောင် ဒီလောက် မောက်မာတဲ့ စကားတွေ ပြောရဲသေးတယ်နော်..."

"ငါတို့ နဂါးနိုင်ငံမှာတော့... ဒါကို 'သေလမ်းရှာနေတာ' လို့ ခေါ်တယ်ကွ..."

"ငါ သေလမ်းရှာနေတာလား၊ မဟုတ်ဘူးလား ဆိုတာကို ခဏနေရင် မင်း သိလာပါလိမ့်မယ်..." ဖိလစ်၏ စိတ်ထဲတွင် အာဃာတ တရားများကသာ လွှမ်းမိုးထားလေ၏။

သူ၏ ဦးခေါင်းမှာ ရိုက်ချက်ကြောင့် ဘေးသို့ လည်ထွက်သွားရသော်လည်း၊ သူ၏ ပါးစပ်ကမူ အရှုံးကို ဝန်ခံလိုစိတ် အနည်းငယ်မျှပင် မရှိချေ။

"နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်အတွင်းမှာ ငါ့လူတွေ ရောက်လာတော့မယ်..."

"ငါ့လူတွေ ရောက်လာပြီးရင်... ငါ့အဖိုးကလည်း ချက်ချင်း လိုက်လာမှာပဲ..."

"အဲ့ဒီအချိန်ကျရင်တော့... မင်းရဲ့ အခု မောက်မာမှုတွေကို ဆက်ပြီး ထိန်းထားနိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်..."

သူ၏ စကားကို သက်သေပြသကဲ့သို့ပင်... ပြတင်းပေါက် အပြင်ဘက် လမ်းမပေါ်တွင် ကားတန်းကြီး တစ်ခု ရုတ်တရက် ရောက်ရှိလာလေတော့သည်။

ကားများ ရပ်တန့်သွားသည်နှင့်အမျှ... အနက်ရောင် ဝတ်စုံဝတ်ထားပြီး နေကာမျက်မှန် တပ်ဆင်ထားသည့် ထွားကြိုင်းသော ကိုယ်ရံတော် ပေါင်းများစွာသည် စားသောက်ဆိုင် အတွင်းသို့ အတင်း တိုးဝှေ့ ဝင်ရောက်လာကြ၏။

သူတို့သည် စားသောက်ခန်းမထဲသို့ ပြေးဝင်လာပြီး လှေကားပေါ်သို့ တက်လာကြရာ... မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုလူများသည် ယဲ့ဖန်နှင့် ကျန်လူများကို ဝိုင်းရံထားလိုက်ကြလေတော့သည်။

အရှိန်အဝါ အလွန် ပြင်းထန်သော လူတစ်ဦးသည်... သူတို့၏ ခေါင်းဆောင် ဖြစ်ပုံရသည်... ဖိလစ်၏ ဘေးနားသို့ ချက်ချင်း ရောက်ရှိလာ၏။ သူသည် ယဲ့ဖန်ကို ရန်လိုသော၊ ဒေါသထွက်နေသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ပြီးနောက်၊ ဖိလစ်ကို ကပျာကယာပင် တွဲထူပေးလိုက်လေသည်။

"သခင်လေး... ကျွန်တော်တို့ လူတွေ အကုန် ရောက်ပါပြီ..."

"ပြီးတော့... အားလုံးက လက်နက်တွေလည်း ပါလာကြပါတယ်..."

"အခု သခင်လေး ဘာများ အမိန့်ရှိပါသလဲ..."

ဖိလစ်သည် လက်စားချေရမည့် အချိန် ရောက်ပြီဟု ခံစားလိုက်ရသဖြင့် ယဲ့ဖန်ကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်လေသည်။

"အခုချက်ချင်း တိုက်ခိုက်ကြစမ်း..."

"ဘယ်လောက်ပဲ ပေးဆပ်ရပါစေ... ဘာတွေပဲ ဖြစ်ဖြစ်... ဒီ အရှေ့တိုင်းသားကို သတ်ပစ်ကြစမ်း..."

"ငါ ဖိလစ် ကို စော်ကားမိတဲ့ အကျိုးဆက်က ဘယ်လိုရှိလဲ ဆိုတာကို သူ သိသွားစေရမယ်..."

"ဟုတ်ကဲ့ပါ..." အရှိန်အဝါ ပြင်းထန်သော ထိုလူက ချက်ချင်းပင် တုံ့ပြန်လိုက်၏။ ထို့နောက် သူက ကိုယ်ရံတော်များကို လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်လေသည်။ "အားလုံး... တစ်ပြိုင်နက် တိုက်ခိုက်ကြစမ်း..."

"နောက်ဆက်တွဲ ဖြစ်လာမယ့် ကိစ္စတွေကို ဂရုမစိုက်နဲ့... လက်မနှေးနဲ့... အသေ တိုက်ကြစမ်း..."

"နားလည်ပါပြီ..." ထို ကိုယ်ရံတော်များသည် ထိုစကားကို ကြားသောအခါ တွေဝေမနေတော့ပေ။ သူတို့သည် လက်သီးများကို ပြင်ဆင်လိုက်ကြပြီး ယဲ့ဖန်ထံသို့ တဖြည်းဖြည်းချင်း အနားတိုးကပ်လာကြတော့၏။

ယဲ့ဖန်၏ နောက်ကွယ်တွင် ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသော ရွှယ်လီမှာမူ... ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာသည် နောက်တစ်ကြိမ် ဖြူဖပ်ဖြူရော် ဖြစ်သွားရပြန်သည်။

ပြင်းထန်သော တိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်တော့မည် ဖြစ်ပြီး၊ ယဲ့ဖန် တစ်ယောက် အန္တရာယ်ကြီးစွာ ကြုံရတော့မည်ဟု သူမ ထင်မှတ်နေစဉ်မှာပင်...

"မိုက်ရိုင်းလှချည်လား..."

ဘေးတစ်ဖက်ဆီမှ ဒေါသတကြီး အော်ဟစ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။

"ဒီနေ့... ဘယ်သူကများ လက်စပြုရဲသလဲဆိုတာ ငါ တစ်ချက်လောက် ကြည့်ချင်သေးတယ်..."

ထို ဒေါသတကြီး အော်ဟစ်သံနှင့်အတူ... ထူးခြားလှသော သက်သေခံ ကတ်ပြားတစ်ခုကို ကိုင်ဆောင်ထားသည့်၊ ရဲရင့်ပြတ်သားသော အလှတရားရှိသည့် ပုံရိပ်တစ်ခုသည် အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော်များကို ဘေးသို့ တွန်းဖယ်ကာ... ယဲ့ဖန်နှင့် ဖိလစ်တို့ ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာလေတော့သတည်း။

အခန်း (၁၉၁၀) - မင်းကိုယ်တိုင် ရှာခဲ့တာပဲ

~ထို သက်သေခံကတ်ပြားပေါ်တွင် နေမဝင်အင်ပါယာ၏ တော်ဝင်တံဆိပ်တော်ကို ခန့်ညားစွာ ရိုက်နှိပ်ထားပြီး၊ အပေါ်ဆုံးတွင်လည်း 'နေမဝင်အင်ပါယာ တော်ဝင် လျှို့ဝှက်အေးဂျင့် အဖွဲ့အစည်း' ဟူသော စာသားက အထင်းသား ရှိနေလေ၏။

ရဲရင့်လှပသော ထိုပုံရိပ်က ကတ်ပြားကို ထုတ်ပြလျက် လူအုပ်ကြားမှ တိုးဝှေ့ထွက်လာသောအခါ၊ မူလက ကြမ်းကြမ်းတမ်းတမ်း ပြုမူရန် ပြင်နေကြသော အနက်ရောင်ဝတ် ကိုယ်ရံတော်များမှာ ရုတ်ချည်းပင် ငြိမ်ကျသွားကြတော့သည်။

ဘာပဲဖြစ်ဖြစ်... သူတို့က ငွေရမှ အလုပ်လုပ်ပေးရသူများ မဟုတ်ပါလော။

တစ်လလျှင် ပေါင်အနည်းငယ်ရရုံနှင့် မိမိ၏ အသက်ကို အပေါင်မထားလိုကြပေ။

တကယ်လို့သာ သူတို့က နေမဝင်အင်ပါယာ၏ တော်ဝင်အေးဂျင့်တွေကို စော်ကားမိပြီး ပစ်မှတ်ထားခံရပြီဆိုရင်... ဖိလစ်ဖြစ်ဖြစ်၊ အာလ် ဝီလျံ ပဲဖြစ်ဖြစ်... တော်ဝင်မိသားစု၏ တိုက်ရိုက် စီရင်ပိုင်ခွင့်အောက်မှာ ရှိသည့် ဒီ အထူးအဖွဲ့အစည်းကို ရင်ဆိုင်ပေးမှာ မဟုတ်ဘူးဆိုတာ သူတို့ သိနေကြသည်။

နောက်ဆုံးကျတော့... ပြဿနာဖြစ်လာလျှင် ကိုယ်တိုင်ပဲ ခံရမှာ မဟုတ်ပါလော။

လူတိုင်းက မအကြပေ။ အခြေအနေကို ကြည့်ပြီး ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ သူတို့ ကောင်းကောင်း သိကြ၏။

"ဟွန့်..."

ထိုအခိုက်အတန့်၌ အစ္စဘယ်လ်လာသည် အလွန်ပင် မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားလှသည်။ သူမသည် တရားခံဖြစ်သူ ဖိလစ်ကို အေးစက်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်လေ၏။

"ဖိလစ်... ရှနင် တော်တော်လေး လွန်လာပြီနော်..."

ရွှယ်လီမှာမူ ဤမြင်ကွင်းကို မြင်သောအခါ ဖိလစ် တစ်ယောက် တွန့်ဆုတ်သွားလိမ့်မည် သို့မဟုတ် ကိုယ့်ကိုယ်ကို ထိန်းချုပ်သွားလိမ့်မည်ဟု ထင်မှတ်ကာ၊ ယဲ့ဖန်နှင့် သူမတို့ ယနေ့အတွက် ဘေးကင်းသွားပြီဟု ယူဆလိုက်မိသည်။ သို့သော် ဖိလစ်၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပိုမို ထင်ဟပ်လာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

"လွန်တယ် ဟုတ်လား..."

"နေမဝင်အင်ပါယာရဲ့ အေးဂျင့်လေး တစ်ယောက်ကများ ငါ့ရဲ့ လုပ်ရပ်တွေကို ဝေဖန်ရဲတယ်ပေါ့လေ..."

သူသည် တော်ဝင်အေးဂျင့် တစ်ဦးဖြစ်သူ အစ္စဘယ်လ်လာကို အနည်းငယ်မျှပင် ဂရုမစိုက်ဟန် ပေါ်နေ၏။

ဖိလစ်က ခက်ထန်သော မျက်နှာထားဖြင့် ပြောဆိုပြီးနောက်၊ သူ၏ မထီမဲ့မြင် ပြုမူပုံကိုပင် ဖုံးကွယ်မထားတော့ပေ။ "နင်က နင့်ရဲ့ ကတ်ပြားပေါ်မှာ တော်ဝင်တံဆိပ် ပါနေရုံနဲ့... တော်ဝင်မိသားစု ကိုယ်စား ငါ့ကို ခြောက်လို့ရမယ် ထင်နေတာလား..."

"ကလေးကလား ဆန်လိုက်တာ..."

"ငါ့အဖိုးက အာလ် ဝီလျံ ကွ... ပြီးတော့ ဘတ်ကင်ဟမ် မြို့စားကြီးနဲ့လည်း မိတ်ဆွေရင်းတွေလေ... နင်တို့ အဖွဲ့အစည်းက အလယ်အလတ် အဆင့်ရှိတဲ့ ခေါင်းဆောင်တွေတောင် ငါ့ကိုတွေ့ရင် ယဉ်ကျေးရည်မွန်စွာ ဆက်ဆံရတာ... နင်လို အေးဂျင့် အဆင့်လေး တစ်ယောက်ကို ငါက ကြောက်ရမလား..."

"ဒီကတ်ပြားလေးနဲ့ ငါ့ကို လာခြောက်ချင်နေတာလား... အိမ်မက်ပဲ မက်နေလိုက်..."

ရုတ်ချည်းဆိုသလိုပင်... သက်ပြင်းချနိုင်ရုံရှိသေးသော ရွှယ်လီမှာ နောက်တစ်ကြိမ် ပြန်လည် တုန်လှုပ်ခြောက်ခြားသွားရပြန်သည်။

ဖိလစ်က ယဲ့ဖန်ကို စိမ်းစိမ်းကြည့်ကာ လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်၏။ "ဟို အေးဂျင့်ဆိုတဲ့ တစ်ယောက်ကို ဂရုမစိုက်နဲ့... ဆက်ပြီး တိုက်ကြစမ်း..."

"နင်တို့က ဒီအေးဂျင့်ကို အရင် သွားမတိုက်ခိုက်ဘဲ၊ သူ့ကို မထိခိုက်အောင် နေသမျှ ကာလပတ်လုံး... ဘာပြဿနာပဲ ဖြစ်ဖြစ် ငါ တာဝန်ယူပေးမယ်..."

သိပ်မကြာခင်မှာပင်... အစ္စဘယ်လ်လာ၏ ကတ်ပြားကြောင့် ကြောက်ရွံ့နေကြသော အနက်ရောင်ဝတ် ကိုယ်ရံတော်များသည် နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြန်တော့သည်။

"ဘယ်သူ လက်စပြုရဲသလဲ ကြည့်ရသေးတာပေါ့..."

ဒါကို မြင်လိုက်ရသော အစ္စဘယ်လ်လာလည်း အလွန် ဒေါသထွက်သွားရရှာသည်။ သူမက လေးနက်သော အသံဖြင့် ဟန့်တားလိုက်၏။

"ဒီ မစ္စတာယဲ့က နဂါးနိုင်ငံကနေ တို့ နေမဝင်အင်ပါယာရဲ့ နှစ်ပတ်လည် အလှူပွဲ လေလံပွဲကို တက်ရောက်ဖို့ လာတဲ့သူလေ..."

"တိတိကျကျ ပြောရရင်... သူက တို့ အင်ပါယာရဲ့ အထူးဧည့်သည်တော် တစ်ယောက်ပဲ... ပြီးတော့ တို့ တော်ဝင် လျှို့ဝှက်အေးဂျင့် အဖွဲ့ရဲ့ အဓိက စောင့်ရှောက်ရမယ့် ပစ်မှတ် တစ်ဦးလည်း ဖြစ်တယ်..."

"နင်တို့ထဲက ဘယ်သူမဆို သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားမယ်ဆိုရင်... ဒါဟာ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို စော်ကားတာ ဖြစ်သလို... တို့ အဖွဲ့အစည်းရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရလိမ့်မယ်..."

စကားလုံး အနည်းငယ်မျှဖြင့်ပင်... အနက်ရောင်ဝတ် ကိုယ်ရံတော်များမှာ နောက်တစ်ကြိမ် ထိတ်လန့်သွားကြပြီး မလှုပ်ရဲတော့ပေ။

တစ်ချိန်တည်းမှာပင် ထိုစကားများကြောင့် ဖိလစ်သည် မျက်လုံးအိမ် ကျဉ်းမြောင်းသွားရပြီး၊ သူ၏ မျက်နှာထားမှာလည်း ပို၍ ပို၍ အန္တရာယ်ရှိသော ပုံစံသို့ ပြောင်းလဲလာတော့သည်။

မည်သည့် ကိုယ်ရံတော်မျှ မလှုပ်ရဲကြသည်ကို သတိထားမိသောအခါ၊ သူသည် အစ္စဘယ်လ်လာကို အေးစက်စက် စိုက်ကြည့်လိုက်လေ၏။

"ဒါဆို... နင်က ဇွတ်.. နည်းလမ်းဟောင်းကိုပဲ သုံးချင်တာပေါ့လေ... ဒီနေ့ ငါ့ကိစ္စထဲကို နင်က ဇွတ်ဝင်ပါမယ်ပေါ့..."

"ဒါဆိုရင်တော့ ငါ ပြောလိုက်မယ်... ငါ့ကို ရန်စမိတာဟာ... နောက်ကျရင် နောင်တရဖို့တောင် အချိန်ရှိမှာ မဟုတ်ဘူးဆိုတာ..."

"နေမဝင်အင်ပါယာရဲ့ တော်ဝင်အေးဂျင့် ဆိုတဲ့ အဆင့်အတန်းက ထူးခြားတာတော့ မှန်ပါတယ်... ‌ဒါပေမယ့် ငါ့ဘက်က အကျိုးအမြတ် တစ်ချို့ကို စွန့်လွှတ်လိုက်မယ် ဆိုရင်တော့... နင့်ကို ပြန်ပေးဆပ်ခိုင်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးနော်..."

အစ္စဘယ်လ်လာကမူ ကြောက်ရွံ့သည့် အရိပ်အယောင် အနည်းငယ်မျှ ပြသခြင်း မရှိပေ။ ထိုအစား သူမက ပြန်လည် ချေပလိုက်လေ၏။

"အတင်းအကျပ် လုပ်နေတာက ရှင်ပါ... ဖိလစ်…”

"အစကနေ အဆုံးအထိ... ရှင်ကပဲ စည်းကျော်ပြီး ဥပဒေကို ချိုးဖောက်နေတာ မဟုတ်လား..."

"ပိုပြီး တိတိကျကျ ပြောရရင်... ရှင်က ဥပဒေကို လုံးဝ ဂရုမစိုက်ဘဲ ထင်ရာစိုင်းနေတာလေ..."

"ကောင်းပြီလေ... ဒါ မင်းကိုယ်တိုင် ဝင်စွက်ဖက်ခဲ့တာနော်..."

ထိုစကားကို ကြားလိုက်ရသောအခါ ဖိလစ်သည် သူ၏ စိတ်ရှည်နိုင်စွမ်းများ ကုန်ဆုံးသွားပုံ ရသည်။

သူသည် သူ၏ ဖုန်းကို နောက်တစ်ကြိမ် ထုတ်ယူလိုက်ပြီး၊ အဆက်အသွယ် စာရင်းထဲမှ ဖုန်းနံပါတ် တစ်ခုကို ရှာကာ နေရာမှာတင် ခေါ်ဆိုလိုက်လေတော့သတည်း။

All Chapters