အခန်း (၈၁၁-၈၁၃)
Vol. 55 Ch. 811-813
အခန်း (၈၁၁) နှလုံးမဲ့ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲ
နှလုံးမဲ့ဂိုဏ်းသည် ခံစားချက်ကင်းမဲ့သူများဖြင့်သာ ဖွဲ့စည်းထားသည်ဟု ပြောကြသည်။ ဂိုဏ်းဝင်ခွင့်သတ်မှတ်ချက်များ အလွန်တရာတင်းကြပ်သည်။
ထို့ကြောင့် နတ်ဆိုးဂိုဏ်းလေးဂိုဏ်းတွင် နောက်လိုက်နောက်ပါ အနည်းဆုံးဂိုဏ်းဖြစ်သည်။
သို့သော် ထိုနည်းသည်ဆိုသည့် အတိုင်းအတာက ကောင်းကင်ရုံးတော်ဂိုဏ်းကိုတော့မမီသေး။ လွန်ခဲ့သည့်နှစ်နှစ်ကမှ တည်ထောင်ခဲ့သော်လည်း နှစ်လေးသိန်းသမိုင်းကြောင်းရှိသည့်ဂိုဏ်းဖြစ်သည်။
နှလုံးမဲ့ဂိုဏ်း၏ အယူဝါဒတွင် ကောင်းကွက်နည်းနည်းရှိမရှိ သေချာမသိ။ တစ်ခြားလမ်းကြောင်းများရှိမရှိ သေချာမသိ။
သို့သော် ဂိုဏ်းဝင်တို့၏ ကျင့်စဉ်အဆင့်က အတော်မြင့်သည်။
"နှလုံးမဲ့ဂိုဏ်းရဲ့ အယူဝါဒက စိတ်ခံစားချက်နဲ့ သံယောဇဉ်အားလုံးကို ဖြတ်တောက်နိုင်မှ တာအိုကိုရမယ်၊ အမြင့်ဆုံးမသေမျိုးအဆင့်ကိုရောက်မယ်လို့ ယုံကြည်ကြတယ်။
လောကအနှောင်အဖွဲ့တွေအားလုံးဟာ သူတို့အတွက် အတားအဆီးပဲလို့မြင်တယ်။ မိသားစုမေတ္တာ၊ ချစ်ခြင်းတရား၊ ခင်မင်မှု...အဲဒီခံစားချက်တွေဟာ မထိသင့်တဲ့အဆိပ်အတောက်ပဲ။
ဒီလိုခံစားချက်တွေရှိနေရင်တောင် စောစောစီးစီးဖြတ်တောက်ရမယ်တဲ့"
နှလုံးမဲ့ဂိုဏ်းနှင့်ပတ်သက်သည့်အချက်များကို လုယန်က ဘိုးဘေးရှန်ထန်ကို ပြောပြသည်။
နှလုံးမဲ့ဂိုဏ်းအကြောင်း ရှန်ထန်သိပ်မသိ။ လုယန်အခြေတည်အဆင့်ရောက်စဉ်က ထာဝရဂိုဏ်း၏နာမည်ကိုသာ ကြားဖူးခဲ့သည့်အဖြစ်နှင့်ဆင်တူသည်။
သို့သော် လုယန်သည် အရင်လိုမဟုတ်တော့။ သတင်းရင်းမြစ်ဖြစ်သည့် တိုင်ပုဖန်နှင့် ရင်းနှီးသည်။ ကိုယ်တိုင်ကလည်း ဂိုဏ်းသခင်လေးအဆင့်ရှိသည်။
ကိုးငရဲဂိုဏ်းနှင့် နေမင်းဂိုဏ်းမှ သတင်းအချက်အလက်များစွာ ရယူနိုင်စွမ်းရှိသည်။
သို့သော် နှလုံးမဲ့ဂိုဏ်းသည် သီးခြားနေထိုင်သည်။ ကိုးငရဲဂိုဏ်း၊ နေမင်းဂိုဏ်းတို့ကို အရေးမစိုက်။ ထို့ကြောင့် ထိုဂိုဏ်းနှစ်ဂိုဏ်းကလည်း နှလုံးမဲ့ဂိုဏ်းတွင်းမှ အခြေအနေကို သေချာရှင်းရှင်းလင်းလင်းမသိကြ။
"နှလုံးမဲ့ဂိုဏ်းရဲ့စခန်းက အဲဒီ့နေရာလား"
ယခုသူတို့ တောအုပ်တစ်ခုထဲသို့ရောက်နေသည်။ ခြေရာခံလိုက်လာသည့် လူနှစ်ယောက်က သစ်ပင်ကြီးတစ်ပင်၏အခေါက်ကို လက်ဖြင့်ပုတ်သည်။
သစ်ပင်ထဲသို့ ချက်ချင်းစုပ်ယူခံရပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
လုယန် သိစိတ်အာရုံဖြင့်လှမ်းကြည့်သည်။ သစ်ပင်ထဲတွင် အခေါင်းဖြစ်နေသည်။ သစ်မြစ်များက လေဟာနယ်လမ်းကြောင်းများဖြစ်သည်။
လူများကို သစ်မြစ်များအောက်မှ မြေအောက်လှိုဏ်းခေါင်းဆီ ပို့ပေးသည်။
"ခုနကဝင်သွားတာ ငါးယောက်မြောက်မဟုတ်လား"
မုန်ကျင်းကျိုးက သိစိတ်အာရုံမှ လှမ်းပြောသည်။ ဤနေရာအခြေအနေကို သေချာမသိသေးသဖြင့် သူတို့စောင့်ကြည့်နေခြင်းဖြစ်သည်။
သူတို့နောက်ယောင်ခံလိုက်လာသည့် လူနှစ်ယောက်အပြင် နောက်ထပ် တစ်ကိုယ်တော်ရောက်လာသည့် လူသုံးယောက် မြေအောက်သို့ဝင်သွားပြီးဖြစ်သည်။
"ဒါဆိုရင် မလွဲလောက်ပါဘူး။ ဒီနေ့ဟာ နှလုံးမဲ့ဂိုဏ်း လူသစ်စုစည်းတဲ့နေ့ပဲ"
ရထားသည့်သတင်း မမှားနိုင်ဟု ရှန်ထန်ယူဆသည်။
"ငါအရင်ဆင်းမယ်"
"နေဦး...နေဦး"
လုယန် ရှန်ထန်ကို အမြန်ဆွဲထားသည်။
"ကျုပ်တို့ညီအကိုက ဒီအပိုင်းမှာ အတွေ့အကြုံနည်းနည်းရှိတယ်။ ကျုပ်တိုနဲ့အတူ ဆင်းမယ်လေ"
ရှန်ထန်တစ်ယောက်တည်း နှလုံးမဲ့ဂိုဏ်းသို့သွားခွင့်ပေးလိုက်ဖို့ လုယန်စိတ်မချ။
ရှန်ထန်ခဏစဉ်းစားသည်။ လုယန်စကားက ကျိုးကြောင်းဆီလျော်သည်ဟု သူယူဆသည်။
သူ့ကျင့်စဉ်အတွေ့အကြုံက ထိုလူငယ်နှစ်ယောက်ထက်သာသော်လည်း သူလျှိုဝင်လုပ်သည့်အတွေ့အကြုံတွင် သူမမီသေး။
"ကောင်းပြီလေ"
လုယန်နှင့်မုန်ကျင်းကျိုးတို့ မျက်နှာဖုံးတပ်၍ ရုပ်ပြောင်းသည်။ ကျင့်စဉ်စွမ်းအားကို အခြေတည်အစောပိုင်းအဆင့်သို့ လျှော့ချသည်။
မြေအောက်နှလုံးမဲ့ဂိုဏ်းစခန်းတွင် ဝိညာဉ်ပြောင်းအဆင့် တစ်ယောက်မှမရှိလျှင် သူတို့ကျင့်စဉ်အဆင့်ကို ဘယ်သူမှထွင်းဖောက်မြင်နိုင်မည်မဟုတ်။
အစောပိုင်းက မြင်ခဲ့သည့်အတိုင်း သုံးယောက်သား သစ်ပင်အခေါက်တစ်နေရာကို လက်ဖြင့်ပုတ်သည်။ စုပ်အားတစ်ခုက သူတို့ကို မြေအောက်သို့ ဆွဲယူသွားသည်။
"ဪ..လူသစ်တွေထပ်ရောက်လာတာပဲ။ ဟ..သုံးယောက်တောင်လား"
နှလုံးမဲ့ဂိုဏ်းသားများ နည်းနည်းတွေးရခက်သွားသည်။ ပုံမှန်ဆိုလျှင် ခံစားချက်ကင်းမဲ့သူများသည် အစုအဖွဲ့ဖြင့် နေလေ့မရှိ။
သုံးယောက်မပြောနှင့်။ နှစ်ယောက်တွဲမြင်ရသည်ပင် အတော်ရှားသည်။
မရှိခဲ့ဖူးဟုတော့ မဆိုလို။ ထင်မထားကြခြင်းသာဖြစ်သည်။
"ငါ့နောက်ကလိုက်ခဲ့ပါ"
အဝင်တံခါးမှ ဂိုဏ်းသားက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်ပြောသည်။
လုယန်က မြေအောက်လှိုဏ်ဂူကို မသိမသာလေ့လာသည်။ မြေအောက်တွင်မြှုပ်ထားသည့် တည်းခိုခန်းကြီးတစ်ခုနှင့်တူသည်။
ထိုနေရာကို ဘယ်အချိန်ကတည်းက တည်ဆောက်ထားမှန်းမသိ။
ဤနေရာသည် ယဲ့မြို့တော်ပိုင်နက်အတွင်းတွင် တည်ရှိသည်။ ထို့ကြောင့် ဤစခန်း၏နာမည်ကို အတိအကျပြောလျှင် 'ယဲ့မြို့တော်နှလုံးမဲ့ဂိုဏ်းစခန်း'ဟု ဖြစ်ပေလိမ့်မည်။
သူတို့ကိုခေါ်သွားသည့်ဂိုဏ်းသား၏ ကျင့်စဉ်အဆင့်က မနိမ့်လှ။ ရွှေသန္ဓေတစ်ဝက်အဆင့်ဖြစ်သည်။
လမ်းတလျှောက်တွင် ကင်းလှည့်နေသည့် နောက်ထပ်ဂိုဏ်းသားတစ်ချို့ ထပ်တွေ့ရသည်။ အားလုံး ရွှေသန္ဓေအဆင့်ဖြစ်သည်။
သူတို့ကို မြေအောက်လှိုဏ်ဂူ၏ အတွင်းအကျဆုံးနေရာသို့ ခေါ်သွားသည်။ နှလုံးမဲ့ဂိုဏ်းသို့ဝင်လိုသည့် တစ်ချို့ကျင့်ကြံသူများ ရောက်နှင့်ကြပြီးဖြစ်သည်။
ကျင့်စဉ်အဆင့်နိမ့်သူရှိသည်။ မြင့်သူရှိသည်။ တစ်ချို့က ရွှေသန္ဓေအဆင့်ရှိသည်။ တစ်ချို့ကလည်း ချီတတိယအဆင့်သာရှိသည်။
နှလုံးမဲ့ဂိုဏ်းက ကျင့်စဉ်အဆင့်ကို ထည့်စဉ်းစားဟန်မတူ။
"အခြေတည်အဆင့် ကျင့်ကြံသူတွေလား။ ကောင်းပြီ၊ မင်းတို့သွားလို့ရပြီ"
လူသစ်ရွေးချယ်ရေး တာဝန်ခံဂိုဏ်းသားက ခေါင်းတစ်ချက်ငြိမ့်သည်။ မျက်နှာက ဘာခံစားချက်မှမရှိ။ မျက်လုံးများက လူအားလုံးကို အလောင်းကောင်များအဖြစ် သဘောထားသည့် ငါသေတစ်ကောင်မျက်လုံးမျိုးဖြစ်သည်။
ဤနေရာတွင် ထိုလူသည် ကျင့်စဉ်အဆင့်အမြင့်ဆုံးဖြစ်ကြောင်း လုယန်သတိထားမိသည်။ နတ်ဝိညာဉ်အလတ်တန်းဆင့်ရှိသည်။
"ဒီနေရာကို မင်းဘယ်လိုရှာတွေ့တာလဲ"
တာဝန်ခံကမေးသည်။
လုယန်ကလည်း သူ့လေသံအတိုင်း ပြန်ဖြေသည်။
"ဒီနေရာကိုလာတဲ့ လူတွေနောက်ကိုလိုက်ခဲ့တာ။ ကျုပ်တို့သုံးယောက်က နှလုံးမဲ့ဂိုဏ်းကို ဝင်ချင်တာကြာပြီ။
အခုမှ အခွင့်အရေးတွေ့လို့ ရောက်လာတာ"
ဤနေရာရှာတွေ့သည့်နည်းလမ်းကို လိမ်ပြောစရာမလို။ တစ်ခြားလူများနောက်မှလိုက်ရင်း ရောက်လာသည်ဖြစ်ရပ်က နတ်ဆိုးကျင့်ကြံသူတို့၏စရိုက် ပိုပီသသည်။
တာဝန်ခံက ဘာမှမတုံ့ပြန်။ သို့သော် လုယန်ကို နှင်မထုတ်သဖြင့် သံသယမဝင်ကြောင်း ထင်ရှားနေသည်။
သံသယဝင်စရာလည်းမလို။ စမ်းသပ်မှုရလပ်ကိုသာ သူယုံကြည်သည်။
နောက်ထပ်နှစ်နာရီကြာသွားသော်လည်း အသစ်ရောက်လာသူမရှိတော့။ ထို့ကြောင့် တာဝန်ခံက အေးစက်စက်ကြေညာသည်။
"တော်ပြီ။ ထပ်မစောင့်တော့ဘူး။ တစ်ခြားလူတွေထပ်ရောက်လာရင်လည်း ငါတို့ဂိုဏ်းကိုဝင်ဖို့ ကံမပါလို့ပဲ။
ငါ့နာမည်က နွီချန်ရှန်းပါ။ ဒီဂိုဏ်းခွဲရဲ့ခေါင်းဆောင်ပဲ။ မင်းတို့ဒီကိုဘာလို့ရောက်လာတယ်ဆိုတာ ဇာချဲ့ပြီးပြောနေဖို့မလိုဘူး။ ငါတို့နှလုံးမဲ့ဂိုဏ်းကို ဝင်ချင်လို့ပဲပေါ့။
ငါတို့ဂိုဏ်းက မင်းတို့နောက်ခံ မင်းတို့ကျင့်စဉ်အဆင့်ကို စိတ်မဝင်စားဘူး။ မင်းတို့ သံယောဇဉ်ကင်းပြီး ခံစားချက်မရှိရင် နှလုံးမဲ့လမ်းစဉ်ကိုလျှောက်နိုင်ရင် ငါတို့ဂိုဏ်းဝင်ဖြစ်ပြီ။
နွီချန်ရှန်း အဝါရောင်စက္ကူတစ်ထပ် ထုတ်လိုက်သည်။ စက္ကူများပေါ်တွင် လုယန်နားမလည်သည့် မှော်စက်ဝန်းများ ရေးဆွဲထားသည်။
သူ့နောက်လိုက်များကို အချက်ပြ၍ လူသစ်အားလုံးထံ အဝါရောင်စက္ကူများ ဝေပေးခိုင်းသည်။
"ဟား...အတော်ကောင်းတဲ့ မှော်စက်ဝန်းပညာပဲ။ ဒါကို ဖန်တီးတဲ့လူဟာ တကယ်ပါရမီရှိတယ်"
နတ်မယ်၏ ရှားရှားပါးပါးချီးကျူးသံကို လုယန် ကြားရသည်။
နွီချန်ရှန်း ဆက်ပြောသည်။
"ငါတို့ဂိုဏ်းဝင်ခွင့်စမ်းသပ်တာက ကိုးငရဲဂိုဏ်းတို့ နေမင်းဂိုဏ်းတို့လို မရှုပ်ထွေးဘူး။ သတ်မှတ်ချက်တစ်ခုပဲရှိတယ်။
မင်းတို့အားလုံး ရက်စက်ကြမ်းတမ်းပြီး ခံစားချက်မဲ့တယ်ဆိုတာ သက်သေပြနိုင်ရင်ရပြီ။
အခုဆက်လုပ်ရမှာက မင်းတို့စိတ်ကိုစုစည်းပြီး ဒီအဝါရောင်စက္ကူတွေပေါ်မှာ ထိုင်လိုက်ရုံပဲ။ မှော်စက်ဝန်းက မင်းတို့စိတ်ထဲကို ဝင်လာလိမ့်မယ်။
မင်းတို့စိတ်ထဲက အရင်းနှီးဆုံးလူတွေအကြောင်း လေ့လာလိမ့်မယ်။ မင်းတိုမိဘတွေ၊ အကြီးအကဲတွေ ဒါမှမဟုတ် မိတ်ဆွေတွေပေါ့။
ပြီးတော့ အဲဒီ့လူတွေရဲ့ ပုံရိပ်ယောင်ကို ဖန်တီးလိမ့်မယ်။ လက်ရှိအခြေအနေကို မင်းတို့မေ့သွားမယ်။ ဒါဟာ စမ်းသပ်မှုဆိုတာ မေ့သွားမယ်။
တကယ့်အစစ်အမှန်လို့ ယုံကြည်လာမယ်။ မင်းတို့တွေ့တဲ့လူကို သတ်ဖို့ပဲလိုတယ်"
စကားအဆုံးတွင် နွီချန်ရှန်းလေသံက ခက်ထန်ကြမ်းတမ်းလာသည်။ အဆုံးမဲ့ရက်စက်မှုသဘောဆန်လာသည်။
သူကိုယ်တိုင်လည်း နှလုံးမဲ့ဂိုဏ်းကိုဝင်ဖို့ မိန်းမနှင့်သားသမီးများကို သတ်ခဲ့သူဖြစ်သည်။
"မင်းတို့ပြိုင်ဘက်တွေက မင်းတို့ထက် ကျင့်စဉ်အဆင့်မြင့်လို့ သတ်ဖို့ခက်ခဲမှာကို စိုးရိမ်စရာမလိုဘူး။
မှော်စက်ဝန်းက ပုံရိပ်ယောင်လူတွေကို မင်းတို့နဲ့ကျင့်စဉ်အဆင့်တူဖြစ်အောင် ဖန်တီးပေးထားလိမ့်မယ်"
"စမ်းသပ်ပွဲ စမယ်"
နွီချန်ရှန်း အမိန့်ပေးသည်။ လုယန်အပါအဝင် အစမ်းသပ်ခံဆယ်ယောက် မှော်စက်ဝန်းပေါ်ထိုင်၍ အာရုံစုစည်းကြသည်။
အားလုံးက ခိုင်ခံ့သည့် တာအိုနှလုံးနှင့် ရက်စက်ကြမ်းတမ်းသူများဖြစ်၍ ချက်ချင်းအာရုံတည်ငြိမ်သွားသည်။
လုယန် ပြန်နိုးလာချိန် သူ့စိတ်အာရုံများ ဝေဝါးနေသည်။ တစ်ခုခုကို မေ့သွားသလို ခံစားရသည်။ သိပ်မကြာမီ နတ်မယ်အကူအညီကြောင့် သူ့စိတ်က ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။
"ငါမှတ်မိပြီ။ ငါက နှလုံးမဲ့ဂိုဏ်းရဲ့စမ်းသပ်ပွဲကို ဝင်ပြိုင်နေတာပဲ။ ပုံရိပ်ယောင်လောကထဲမှာ ပေါ်လာတဲ့လူတိုင်းကို ငါသတ်ရမယ်။
ငါပုံမှန်အသိပြန်ရပြီဆိုတော့ စမ်းသပ်ပွဲဖြတ်ကျော်ဖို့ သိပ်မခက်-"
စကားမဆုံးမီ ရင်းနှီးနေသည့်လူနှစ်ယောက် သူ့ဆီလျှောက်လာသည်ကို မြင်ရသည်။
တစ်ယောက်က ယွမ်ကျိ။ နောက်တစ်ယောက်က ပဲဝါအရှင်။
"..."
...သူတို့ကို ငါဘယ်လိုအနိုင်ယူရမှာလဲ...
****************************
အခန်း (၈၁၂) ဂိုဏ်းဝင်ခြင်း
ထိုလူနှစ်ယောက်ကိုမြင်သည်နှင့် လုယန် ထိတ်လန့်ခြောက်ခြားပြီး နှလုံးခုန်ရပ်မတတ်ဖြစ်သွားသည်။
...မင်းတို့ နှလုံးမဲ့ဂိုဏ်းကကောင်တွေ ဘာတွေလဲကွာ..ငါ့ကို ဂိုဏ်းမဝင်စေချင်လည်း အစကတည်းက ပြောလိုက်ပေါ့...ဒီလောက်ဒုက္ခခံနေစရာမလိုပါဘူး..
...ကျင့်စဉ်အဆင့်တန်းတူညှိထားတယ်တဲ့လား...အမယွမ်ကို ရွှေသန္ဓေအဆင့်ထိ လျှော့ထားပြီး မင်းတို့လာတိုက်ခိုက်ကြည့်ပါလား..အဲဒါဆို ကောင်းကင်တစ်ခုလုံးပြည့်နေတဲ့ သူ့ရွှေသန္ဓေတွေ ဘယ်လိုပုံရှိလဲ ငါသိရတာပေါ့...
သူ့ပြိုင်ဘက်ကင်းနတ်ဝိညာဉ် ဂဏာမငြိမ်ဖြစ်လာသည်ကို သူခံစားမိနေသည်။ ထွက်ပြေးရန်ပြင်နေသည်။
တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုလျှင် နိုင်သည်ရှုံးသည်ဘေးချိတ်ထား။ သူစမ်းကြည့်ချင်ဦးမည်။
အခုတော့ နှစ်ယောက်တစ်ယောက်။
ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် ဘယ်သူအပြေးမြန်မမြန် ယှဉ်ပြိုင်သည်ကမှ ပိုကောင်းမည်ဟု သူတွေးနေသည်။
"ရှောင်လု၊ မင်းဘာဖြစ်နေတာလဲ"
ယွမ်ကျိက မျက်မှောင်ကျုံ့၍မေးသည်။ လေသံက ခါတိုင်းလိုပင် အေးစက်စက်။
ထိုအချိန်ကျမှ လုယန်သတိထားမိသည်။ သူ့ဘေးပတ်ဝန်းကျင်သည် ဗလာလေဟာနယ်မျိုးမဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ကောင်းကင်ဂိတ်တောင်ထိပ်ဖြစ်နေသည်။
မှန်သည်။ ပြည့်စုံသည့် ပုံရိပ်ယောင်နယ်မြေသည် အပြင်လောကနှင့် ထပ်တူကျရမည်။
"ဘာ...ဘာမှမဖြစ်ပါဘူး"
"ဒုခေါင်းဆောင်၊ နင့်ပုံစံက အူကြောင်ကြောင်နဲ့။ ကျင့်စဉ်အမှားအယွင်းဖြစ်လို့ ရူးသွားတာလား"
ပဲဝါအရှင်ကလည်း ခါတိုင်းလိုပင် ဣန္ဒြေမရ။ လုယန်မျက်နှာကိုပင် လက်ဖြင့်ပုတ်နေသေးသည်။
"...ခင်ဗျားကျုပ်ကို အဲလိုပြောခွင့်မရှိဘူးထင်တယ်"
"အား...ရှောင်ယွမ်ကို ငါနောက်တစ်ကြိမ်စိန်ခေါ်လို့ရပြီပဲ"
နတ်မယ်အစစ်က သိစိတ်နယ်မြေမှထွက်လာသည်။
ပုံရိပ်အတုကို အနိုင်ရသည်မှာလည်း အောင်နိုင်ခြင်းသာဖြစ်သည်။
ပဲဝါအရှင်အတုကို သူပူးကပ်၍ ချက်ချင်းခန္ဓာကိုယ်ဖောက်ခွဲပစ်လိုက်သည်။
"ဟာ...နတ်မယ် နေဦးလေ..."
ဖျောင်းဖျချိန်မရလိုက်။ နတ်မယ်က နောက်ထပ်စကားတစ်ခွန်းမှမပြောဘဲ သူ့ကိုယ်သူဖောက်ခွဲလိုက်သည်။
ဘုန်း..
အပြင်လောကအစစ်တွင်...မှော်စက်ဝန်းက ထိုစွမ်းအားကို မခံနိုင်သဖြင့် ချက်ချင်းပေါက်ကွဲထွက်လာသည်။
စောင့်ကြည့်နေသည့်နွီချန်ရှန်း မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။
"ဒီလောက်မြန်မြန် ကျရှုံးသွားတယ်ပေါ့"
မှော်စက်ဝန်းပေါက်ကွဲခြင်းသည် စမ်းသပ်မှုမအောင်မြင်သည့်သဘောဖြစ်သည်။ ထိုမျှမြန်မြန်ကျရှုံးသည်ဆိုလျှင် ပုံရိပ်ယောင်၏ သတ်ဖြတ်မှုကို ခံလိုက်ရခြင်းပင်ဖြစ်ရမည်။
အရင်းနှီးဆုံးလူကို သတ်ဖြတ်သည်မှာ လုပ်ကြံသတ်ဖြတ်ရသည့်သဘောဆန်သည်။ လုပ်ကြံမှုမအောင်မြင်လျှင် သတ်ဖြတ်ချိန်အတွင်း သံယောဇဉ်စိတ် ဖြစ်ခဲ့ခြင်းသာဖြစ်ရမည်။
"ဒီကောင်လေးက ငါတို့နှလုံးမဲ့လမ်းစဉ်နဲ့ မသင့်တော်ဘူးထင်တယ်"
...
ယွမ်ကျိ ကောင်းကင်တွင်ပျံသန်းနေရင်း မျက်မှောင်နည်းနည်းကျုံ့သွားသည်။
"အာရုံခံမိတာပျောက်သွားပြီလား"
သူ့ကိုယ်ပွားရိပ်တစ်ခု တစ်နေရာရာတွင် ပေါ်လာသည်ကို သူအာရုံရဖြင့် စစ်ဆေးရန် ထွက်လာခဲ့သည်။ ပျံသန်းနေရင်းမှာပင် သူ့ကိုယ်ပွားရိပ်စွမ်းအင်ရောင် ပျောက်သွားသည်။ တည်နေရာကို အာရုံခံ၍မရတော့။
"ထူးဆန်းတယ်"
....
လုယန် ဦးခေါင်းများမူးဝေလျက် ပြန်သတိရလာသည်။ နတ်မယ်၏ခန္ဓာကိုယ်ဖောက်ခွဲမှုအကျိုးဆက်က မပြယ်သေး။
နွီချန်ရှန်းက သူ့ဆီလျှောက်လာပြီး အတက်အကျမရှိသည့်လေသံဖြင့်ပြောသည်။
"မင်းကျတယ်။ မင်းလာခဲ့တဲ့နေရာကိုပဲ ပြန်တော့"
လုယန်ဘာမှပြန်မပြောနိုင်မီ မုန်ကျင်းကျိုးရှိသည့်ဘက်မှ ပေါက်ကွဲသံတစ်ခုကြားရသည်။ မုန်ကျင်းကျိုး၏ မှော်စက်ဝန်းနယ်မြေလည်း ပေါက်ကွဲထွက်လာသည်။
မုန်ကျင်းကျိုး ဒေါသတကြီးအော်ဟစ်ဆဲဆိုနေသည်။ စခန်းတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်နေသည်။
"ဒါမျိုးကိုဘယ်သူသတ်နိုင်မှာလဲကွ"
နွီချန်ရှန်း မုန်ကျင်းကျိုးကို အေးစက်စက်ကြည့်နေသည်။ ထိုလူငယ်သည် စမ်းသပ်မှုကျရှုံးရုံမက ဒေါသပါထွက်နေသည်။
ထိုကဲ့သို့ ခံစားချက်များသူမျိုးသည် နှလုံးမဲ့ဂိုဏ်းတွင် မရှိသင့်။
"မင်းလည်း ငါတို့နှလုံးမဲ့လမ်းစဉ်နဲ့ မသင့်တော်ဘူး။ နှစ်ယောက်လုံးပြန်ကြတော့"
လမ်းစဉ်မတူသူချင်း ညှိနှိုင်းစရာအကြောင်းမရှိ။ ဤနေရာတွင် ဆက်နေလည်း အကျိုးမရှိနိုင်။ နှလုံးမဲ့ဂိုဏ်းသည် ချွင်းချက်မထား။ အထူးဝင်ခွင့်မျိုး လုံးဝမပေး။
လုယန်နှင့်မုန်ကျင်းကျိုးတို့ သိစိတ်အာရုံမှ စကားပြောကြသည်။
"ဘယ်လိုလုပ်ကြမလဲ"
"လောလောဆယ် ထွက်သွားကြတာပေါ့။ ငါတို့ထွက်မသွားရင်လည်း ဒီနွီချန်ရှန်းက ကန်ထုတ်မှာပဲ။ နှလုံးမဲ့ဂိုဏ်းသားအားလုံးက ဒီစရိုက်မျိုးပဲထင်တယ်"
"ကောင်းပြီလေ"
လုယန်နှင့်မုန်ကျင်းကျိုးထွက်သွားသည်ကိုကြည့်ရင်း နွီချန်ရှန်းက တပည့်တစ်ယောက်ကို ခေါ်သည်။ ရွှေသန္ဓေအဆင့်ဖြစ်သည်။
"ဒီနှစ်ယောက်က ငါတို့စခန်းနေရာကိုသိနေပြီ။ အသက်ရှင်လျက်ထားလို့မဖြစ်ဘူး။ သူတို့နောက်ကိုလိုက်သွားပြီး အပြတ်ရှင်းလိုက်။ မြန်မြန်လုပ်"
အပြင်လူများအမြင်တွင် လုယန်တို့နှစ်ယောက်က အခြေတည်အဆင့်ကျင့်စဉ်စွမ်းအားသာရှိသော်လည်း နွီချန်ရှန်းက အမှားယွင်းမခံ။ သူ့ရနိုင်သမျှထဲမှ အတော်ဆုံးလူကိုလွှတ်သည်။
သူသာ ဂိုဏ်းခွဲသခင်အဖြစ် ကြီးကြပ်မနေရလျှင် ထိုအလုပ်ကို သူကိုယ်တိုင်လုပ်ချင်သည်။
...
ဂိုဏ်းစခန်းမှထွက်လာပြီးနောက် လုယန်နှင့်မုန်ကျင်းကျိုးတို့ စမ်းသပ်ပွဲအတွေ့အကြုံကို ဆွေးနွေးနေကြသည်။
"မင်းကဘာလို့ မှော်စက်ဝန်းထဲမှာ စတိုက်ခိုက်တာလဲ"
လုယန် စပ်စုလိုက်သည်။ သူက နတ်မယ်အကူအညီကြောင့် စမ်းသပ်ပွဲတလျှောက်လုံး ပင်ကိုယ်အသိရှိခဲ့သည်။ ရင်းနှီးသူတစ်ယောက်ကိုသတ်လျှင် စမ်းသပ်ပွဲအောင်မည်မှန်းသိသည်။
မုန်ကျင်းကျိုးက ပုံမှန်အသိမရှိ။ အရင်းနှီးဆုံးလူနှင့် ဘယ်လိုတိုက်ခိုက်နိုင်မည်နည်း။
မုန်ကျင်းကျိုး မျက်နှာမည်းသွားသည်။
"မှော်စက်ဝန်းထဲမှာ ပေါ်လာတဲ့လူက မင်းပဲကွ ခွေးသူတောင်းစားရ။ ငါကမင်းကို သင်ခန်းစာပေးဖို့ ကြိုးစားခဲ့တာ"
"ဪ...ဒါဆို မှော်စက်ဝန်းထဲမှာ မင်းရှုံးသွားတယ်မဟုတ်လား။ ဒါဆို ငါကမင်းထက် ပိုစွမ်းအားကြီးတယ်ဆိုတာ ဝန်ခံသင့်တာပေါ့"
မုန်ကျင်းကျိုး မျက်နှာပိုတင်းလာသည်။
"မှော်စက်ဝန်းထဲမှာ မင်းက သောက်ရေးမပါတဲ့ အမယွမ်အရိပ်တုလက်သီးကို ပွဲစစချင်းထုတ်သုံးတာလေ။ ငါဘယ်လိုယှဉ်တိုက်ရမှာလဲ"
မှော်စက်ဝန်းသည် ယွမ်ကျိ၏တိုက်ကွက်များကို ပုံဖော်နိုင်စွမ်းမရှိ။ သို့သော် အရိပ်တုလက်သီးပညာက မူလပိုင်ရှင်၏စွမ်းအားကို ဆွဲယူနိုင်စွမ်းရှိသည်။ လုယန်က ထိုသို့သိပ်သုံးလေ့မရှိသောကြောင့်သာဖြစ်သည်။
မှော်စက်ဝန်းထဲမှ လုယန်အတုက ယွမ်ကျိ၏စွမ်းအားအနည်းငယ် ဆွဲသုံးခဲ့သည်။ ထို့ကြောင့် မုန်ကျင်းကျိုး လုံးဝမယှဉ်နိုင်။
"ငါတို့ကို နောက်ယောင်ခံလိုက်နေတဲ့လူရှိတယ်"
"သိပါတယ်။ ငါတို့ကိုသတ်ဖို့ နှလုံးမဲ့ဂိုဏ်းက လွှတ်လိုက်တဲ့လူပဲ ဖြစ်မှာပေါ့"
"ကွက်တိပဲ။ ငါတို့သူ့လိုဟန်ဆာင်ပြီး နှလုံးမဲ့ဂိုဏ်းထဲကို ပြန်ဝင်ရမယ်"
နှစ်ယောက်လုံး ပြိုင်တူလှုပ်ရှားသည်။ နှလုံးမဲ့ဂိုဏ်းသား တုံ့ပြန်ချိန်ပင်မရဘဲ အဖမ်းခံလိုက်ရသည်။
"မင်းတို့က အခြေတည်အဆင့်မဟုတ်ဘူးပေါ့"
နှလုံးမဲ့ဂိုဏ်းသားက အေးစက်စက်ပြောသည်။
လုယန် စကားထပ်မပြောဘဲ ရှေ့တိုးသွားပြီး သူ့ကိုလက်ဝါးဖြင့်ရိုက်ချလိုက်သည်။
"လေရှည်မနေနဲ့၊ ပါးစပ်ပိတ်ထား"
ထိုလူကို မျက်ကွယ်တစ်နေရာသို့ ဆွဲခေါ်၍ဝှက်ထားလိုက်သည်။ အောက်ဘက်တွင် သူတို့ဘိုးဘေး ဘယ်အခြေအနေရှိသည်ကို သိချင်နေကြသည်။
ဘိုးဘေးရှန်ထန်က မှော်စက်ဝန်းထဲတွင် ထိုင်နေဆဲဖြစ်သည်။ စိတ်အေးလက်အေးပုံစံရှိသည်။ မှော်စက်ဝန်းထဲပိတ်မိ၍ ပြန်မထွက်နိုင်ဖြစ်နေပုံရသည်။
"ဘိုးဘေးရဲ့စရိုက်အရဆို ပုံရိပ်ယောင်ကို မချိုးဖျက်နိုင်လောက်ဘူး။ စမ်းသပ်ပွဲအောင်ဖို့တော့ ပြောမနေနဲ့တော့"
"နတ်မယ်၊ ကူညီပေးပါဦး"
သူ့ဘိုးဘေးဆန္ဒကို လုယန် အကောင်းဆုံးဖြည့်ဆည်းပေးချင်သည်။
"ဟား...အခုတော့ ငါနတ်မယ်ရဲ့အကူအညီ လိုလာပုံပဲ"
လုယန်တောင်းဆိုသည်ဖြစ်၍ နတ်မယ် ကူညီဖို့ဝန်မလေး။
မသေမျိုးစွမ်းအား နည်းနည်းထုတ်သုံး၍ ပုံရိပ်နယ်မြေထဲမှရှန်ထန်ကို ပုံမှန်အသိစိတ်ပေါ်လာအောင် ကူညီပေးလိုက်သည်။
...
တာအိုရှင်ရှန်ထန် တာအိုလမ်းစဉ်ဂိုဏ်း၏ ဝါးတောထဲတွင် ရောက်နေသည်။ မြစ်ဝိညာဉ်ရှောင်လွီနှင့် ရင်းရင်းနှီးနှီးစကားပြောနေသည်။
သူအရင်းနှီးဆုံးလူသည် သူနှင့်အတူမဟာယုခေတ်ကိုဖြတ်သန်းခဲ့သည့် ရှောင်လွီသာဖြစ်သည်။
ရုတ်တရက် သူငေးငိုင်သွားသည်။ ယခုသူသည် စမ်းသပ်ပွဲဝင်နေခြင်းဖြစ်ကြောင်း ပြန်သတိရလာသည်။ သူ့ရှေ့မှရှောင်လွီက အတုသာဖြစ်သည်။
သူသက်ပြင်းချလိုက်သည်။ ပုံရိပ်ယောင်ဆိုသော်လည်း ရှောင်လွီကို သူမတိုက်ခိုက်ချင်။ သို့သော် ဤရှောင်လွီကိုမသတ်လျှင် နှလုံးမဲ့ဂိုဏ်းသို့ ဘယ်တော့မှဝင်ခွင့်ရမည်မဟုတ်။
ရှောင်လုနှင့်ရှောင်မုန်က နတ်ဆိုးဂိုဏ်းတစ်ခုကို ရှင်းပစ်နိုင်ခဲ့သည်။ ဘိုးဘေးတစ်ယောက်အနေဖြင့် ထိုလူငယ်နှစ်ယောက်ထက် နောက်ကောက်ကျ၍မဖြစ်။
ထို့ကြောင့်...သတ်ရမည်။
တစ်ယောက်က ပြင်ဆင်ထားသည်။ တစ်ယောက်က ပြင်ဆင်မထား။ အခြေတည်အဆင့်ခြင်းဖြစ်သည့် မြစ်ဝိညာဉ်ရှောင်လွီကို တာအိုရှင်ရှန်ထန် အငိုက်ဖမ်းပြီး သတ်လိုက်သည်။
တာအိုရှင်ရှန်ထန် ပြန်နိုးထလာသည်။ နွီချန်ရှန်းက သူ့ရှေ့တွင်ရပ်နေသည်။
နွီချန်ရှန်းက ရှန်ထန်၏ပုခုံးကိုပုတ်လျက်
"မဆိုးဘူး။ မင်းက အချိန်တိုအတွင်းမှာ စမ်းသပ်မှုကိုဖြတ်ကျော်နိုင်ခဲ့တယ်။ ငါတို့နှလုံးမဲ့လမ်းစဉ်နဲ့ ကိုက်ညီတဲ့သဘောပဲ။ အခုမင်း ငါတို့အဖွဲ့ဝင်ဖြစ်သွားပြီ"
ဝိညာဉ်အာရုံဖြင့်စောင့်ကြည့်နေသည့်လုယန် စိတ်သက်သာရာရသွားသည်။ သူတို့ဘိုးဘေး နှလုံးမဲ့ဂိုဏ်းထဲသို့ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်သည်။
လောင်မုန်ကို စကားပြောရန် သူလှည့်ကြည့်လိုက်ချိန်တွင် လူတစ်စု မျက်နှာတင်းတင်းဖြင့် သူတို့ဆီချဉ်းကပ်လာသည်ကို မြင်ရသည်။ သူတို့ပုံစံက ဩဇာရိပ်လွှမ်းနေသည်။
ဂိုဏ်းခွဲစခန်းအထက်မှ သစ်ပင်ကြီးကို အမြစ်မှနှုတ်ပြီး မြေအောက်လှိုဏ်ဂူထဲသို့ ပျံသန်းဝင်ရောက်လာကြခြင်းဖြစ်သည်။
ခေါင်းဆောင်က ကြေညာသည်။
"ဘယ်သူမှမလှုပ်နဲ့။ မင်းတို့လက်တွေခေါင်းပေါ်တင်ပြီး ဆောင့်ကြောင့်ထိုင်နေကြ။ ငါက ယဲ့မြို့တော်ရဲ့ လူဆိုးထိန်းအရာရှိခေါင်းဆောင်ပဲ။ မင်းတို့အားလုံးကို ဖမ်းလိုက်ပြီ"
ထို့နောက် သူ့အာရုံက တာအိုရှင်ရှန်ထန်ဆီရောက်သွားသည်။
"ဪ...အဖွဲ့ဝင်သစ်လား။ မင်းကိုလည်းဖမ်းလိုက်ပြီ"
....
ကောင်းကင်ဂိတ်တောင်ထိပ်။
ယွမ်ကျိ မျက်လုံးမှိတ်ထားသည်။ မိုးမြေမဟာတာအိုစွမ်းအားကို အာရုံနှစ်ထားသည်။
ရုတ်တရက် လူနှစ်ယောက် ရေးကြီးသုတ်ပြာပြေးလာသည်ကို သူအာရုံခံမိလိုက်သည်။
"ရှောင်လု၊ ရှောင်မုန်။ ဘာဖြစ်လာတာလဲ"
လုယန် အသက်ကိုမောပန်းစွာ ရှူရှိုက်နေရသည်။
"အမယွမ်၊ အခြေအနေမကောင်းတော့ဘူး။ နှလုံးမဲ့ဂိုဏ်းထဲဝင်တဲ့အတွက် ဘိုးဘေးကို နယ်ခံရုံးတော်က ဖမ်းသွားပြီ"
ယွမ်ကျိ "..."
ရှောင်လု...မင်းပြောတဲ့စကားကို မင်းကိုယ်တိုင်ရော သေချာကြားရဲ့လား...
******************************
အခန်း (၈၁၃) ထောင်မကျဖူးသူရှိသလား
မစ်ရှင်ထွက်ချိန်တွင် ဂိုဏ်းဘိုးဘေးလုံခြုံရေးအတွက် စိုးရိမ်သဖြင့် လိမ္မာပါးနပ်သည့် ဂိုဏ်းတူမောင်လေးရှောင်လုနှင့် ရှောင်မုန်ကို လျှို့ဝှက်စောင့်ရှောက်ဖို့ စေလွှတ်ထားသည့်ကိစ္စကို ယွမ်ကျိ ရေးတေးတေးမှတ်မိလာသည်။
ဘာမှမသိလိုက်ဘဲ အချိန်သုံးရက် ကုန်လွန်သွားသည်။
"မင်းတို့နှစ်ယောက်ပဲ ပြန်လာပြီး ဘိုးဘေးက ဘာလို့ပြန်မလာနိုင်တာလဲ။ ဘာတွေဖြစ်ခဲ့တာလဲ"
နှစ်ယောက်လုံး ခေါင်းကုတ်ကြသည်။ ထိုကိစ္စက ရှင်းပြဖို့တကယ်ခက်သည်။
လုယန်က အခြေအနေကို အတတ်နိုင်ဆုံး အဆင်ချောအောင်ရှင်းပြသည်။
"ဒီလိုပါ။ ဘိုးဘေးက ဂိုဏ်းတာဝန်အောင်မြင်တယ်။ ဒါပေမယ့် ပြန်ခါနီးမှာ နှလုံးမဲ့ဂိုဏ်းနဲ့ပတ်သက်တဲ့ သဲလွန်စတစ်ခု သူအမှတ်မထင်တွေ့တယ်။
နှလုံးမဲ့ဂိုဏ်းက လူသစ်စုဆောင်းဖို့ ဂိုဏ်းဝင်စမ်းသပ်ပွဲလုပ်နေတယ်။ သူက နှလုံးမဲ့ဂိုဏ်းထဲကို သူလျှိုဝင်ပြီး ဖြိုခွဲဖို့ချင်တယ်တဲ့။ အရင်က ကျုပ်တို့လုပ်ခဲ့သလိုပေါ့။
ဘိုးဘေးရဲ့လုံခြုံရေးကို စိုးရိမ်လို့ ကျုပ်တို့လည်း စမ်းသပ်ပွဲဝင်ကြတယ်။ ဂိုဏ်းစမ်းသပ်ပွဲက ပုံရိပ်ယောင်နယ်မြေထဲမှာ ကိုယ်နဲ့အရင်းနှီးဆုံးလူကို သတ်ရတာပါ။
ကျုပ်နဲ့လောင်မုန်က မအောင်မြင်ဘူး။ ဘိုးဘေးတစ်ယောက်ပဲ စမ်းသပ်ပွဲအောင်တာ"
ယွမ်ကျိ စိတ်ဝင်စားသွားသည်။ ဘိုးဘေးရှန်ထန်ကိစ္စကို ခဏဘေးဖယ်ထားပြီး သူမေးသည်။
"ရှောင်လု၊ ပုံရိပ်ယောင်နယ်မြေမှာ မင်းတွေ့ခဲ့တာဘယ်သူလဲ"
မုန်ကျင်းကျိုးလည်း ထိုအချက်ကိုစိတ်ဝင်စားသည်။ လုယန်က သူ့ထက်အရင် စမ်းသပ်ပွဲမှထုတ်ခံရသောကြောင့်ဖြစ်သည်။ လုယန်၏ အရင်းနှီးဆုံးလူအကြောင်း သူသိချင်သည်။
"သူက...သူက..."
"ဘယ်သူလဲ"
လုယန် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ သက်ဆိုင်သူရှေ့တွင် ထုတ်ပြောရမည်ကို ရှက်အမ်းအမ်းဖြစ်နေသည်။ ထိုစဉ်
"မေးနေစရာလိုသေးလို့လား။ တစ်ခြားဘယ်သူဖြစ်ဦးမှာလဲ။ ငါနတ်မယ်ပဲပေါ့"
နတ်မယ်က သူ့ကိုယ်ထဲမှထွက်လာပြီး ယွမ်ကျိရှေ့တွင် ကြွားလုံးထုတ်သည်။
"ငါတို့ထာဝရမျိုးဆက်က တစ်စိတ်တစ်ဝမ်းတည်းပဲ။ တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြတဲ့လူတွေပဲ"
ယွမ်ကျိ ဘာမှမတုံ့ပြန်။
"ဆက်ပြောပါဦး ရှောင်လု"
"ဘိုးဘေး စမ်းသပ်ပွဲအောင်ပြီး နှလုံးမဲ့ဂိုဏ်းဝင်ဖြစ်တဲ့အချိန်မှာ နယ်ခံရုံးတော်က ဂိုဏ်းစခန်းကို လာသိမ်းတယ်။ နောက်လိုက်နောက်ပါတွေရော ဂိုဏ်းဝင်သစ်ဖြစ်တဲ့ ဘိုးဘေးကိုပါ ဖမ်းသွားတယ်။
အခြေအနေမကောင်းတော့လို့ ကျုပ်တို့ ချက်ချင်းပြန်လာပြီး သတင်းပို့တာပါ"
"နေပါဦး။ ဘိုးဘေးက စမ်းသပ်ပွဲကို ဘယ်လိုအောင်သွားတာလဲ"
မူမမှန်သည့်အချက်ကို ယွမ်ကျိ သတိထားမိသည်။
ဘိုးဘေးရှန်ထန်နှင့် သိပ်အဆက်အဆံမရှိသော်လည်း ဂုဏ်သိက္ခာရှိပြီး ဖြောင့်မတ်တည်ကြည်သူဖြစ်ကြောင်း သူသိသည်။ ထိုလူမျိုးက နှလုံးမဲ့ဂိုဏ်း၏စမ်းသပ်မှုကို ဘယ်လိုဖြတ်ကျော်ခဲ့သနည်း။
လုယန် ယွမ်ကျိမျက်လုံးကို တည့်တည့်မကြည့်ရဲ။
"အင်း...ဘိုးဘေးက နှလုံးမဲ့ဂိုဏ်းကို တကယ်ဝင်ချင်နေတာ။ ကျုပ်ကလည်း တာဝန်သိတတ်တဲ့လူပါ။ အကြီးအကဲတွေရဲ့ဆန္ဒကို ဖြည့်ဆည်းချင်တယ်။
ဒါကြောင့် ဘိုးဘေးရဲ့သိစိတ်အာရုံကိုလှုံ့ဆော်ပြီး အခြေအနေမှန်ကို နားလည်လာအောင်လုပ်ပေးဖို့ နတ်မယ်ကိုအကူအညီတောင်းလိုက်တယ်"
ယွမ်ကျိ လုယန်ကို စိုက်ကြည့်သည်။ လုယန် မလုံမလဲ ခေါင်းငုံ့သွားသည်။ ထို့နောက် ယွမ်ကျိက နတ်မယ်ကိုလှည့်ကြည့်သည်။ နတ်မယ်က လုံးဝမတုန်လှုပ်ဘဲ တည်ကြည်သည့်လေသံဖြင့်ပြောသည်။
"ဒုခေါင်းဆောင်က အကူအညီတောင်းတာကို ငါကဘယ်လိုငြင်းနိုင်မှာလဲ"
ယွမ်ကျိသက်ပြင်းချသည်။
"ဒါဆို နှလုံးမဲ့ဂိုဏ်းကိုသူလျှိုဝင်လုပ်တဲ့ တာအိုလမ်းစဉ်ဂိုဏ်းဝင်ပါဆိုတာကို ဘိုးဘေးက ထုတ်မပြောဘူးလား"
အမှန်တော့ အဖမ်းခံရချိန်တွင် ထိုသို့ထုတ်ပြောလိုက်ဖို့ ဘိုးဘေးရှန်ထန်ကို သိစိတ်အာရုံမှ လုယန်လှမ်းပြောခဲ့သေးသည်။
"မပြောဘူး။ ဒါက အရမ်းရှက်စရာကောင်းတဲ့ကိစ္စလို့ သူတွေးတယ်။ တာအိုလမ်းစဉ်ဂိုဏ်းဝင်ဆိုတာ သူကမပြောချင်ဘူး"
တာအိုလမ်းစဉ်ဂိုဏ်းဝင်တစ်ယောက် ထောင်ကျသည်မှာ သိပ်မဆန်းလှဟု လုယန်တွေးသည်။ သူ့ဆရာဝစီပိတ်သည် ထောင်ထဲသို့ အကြိမ်ကြိမ်ဝင်လိုက်ထွက်လိုက်လုပ်ပြီး မဟာရှားအကျဉ်းထောင်များအကြောင်းပင် မှတ်တမ်းယူခဲ့သူမဟုတ်ပါလော။
ထိုကိစ္စကို သူ့ဆရာက ရှက်စရာဟုမတွေး။ ဂုဏ်ယူစရာဟုတွေးသည်။ ထိုမှတ်တမ်းများကိုပင် စာအုပ်ထုတ်ပြီး နာမည်ကျော်ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ သို့သော် တာအိုရှင်ရှန်ထန်က ထိုစိတ်အဟန့်အတားကို မကျော်လွှားနိုင်ရှာ။
ယွမ်ကျိ ဒွိဟဖြစ်နေသည်။ နယ်ခံရုံးတော်ကို သူအခြေအနေရှင်းပြပြီး ဘိုးဘေးကို လွှတ်ပေးဖို့ပြောလျှင် ရသည်။ သို့သော် ဘိုးဘေးကိုယ်တိုင်က တမင်ဟန်ဆောင်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းဝင်ဖြစ်ကြောင်း လူသိခံလိုပုံမရ။
"မောင်လေးတိုင်က ဒီလိုကိစ္စတွေကို ခဏခဏဖြေရှင်းပေးတယ်။ သူ့ဆီသွားပြီး အကြံဉာဏ်တောင်းလိုက်ပါ"
"ဟုတ်ကဲ့"
ယွမ်ကျိလမ်းညွှန်မှုဖြင့် သူတို့နှစ်ယောက် တိုင်ပုဖန်နှင့်တွေ့ရန် မစ်ရှင်ခန်းမသို့ သုတ်ခြေတင်ကြသည်။
လုယန်တို့ကိုမြင်သည်နှင့် တိုင်ပုဖန် အံ့အားသင့်သွားသည်။
"မင်းတို့က ဘိုးဘေးကိုမစောင့်ရှောက်ဘဲ ဒီမှာဘာလုပ်နေကြတာလဲ"
စုစည်းခြင်းအလတ်တန်းဆင့်သို့ရောက်ပြီဖြစ်၍ သူ့စိတ်အခြေအနေက ပြောင်းလဲသွားသည်။ ပြင်ပလောကကိစ္စများက သူ့စိတ်ကို ယိမ်းယိုင်အောင် မလုပ်နိုင်တော့။
လုယန်တို့ကိုမြင်သည့်တိုင် အရင်လို စိုးရိမ်ထိတ်လန့်ခြင်းမရှိတော့။
မုန်ကျင်းကျိုးက အလေးအနက်လေသံဖြင့်ပြောသည်။
"ဘိုးဘေးကိုကာကွယ်ဖို့ မဟာရှားက အဖွဲ့တွေကိုတာဝန်ပေးထားပါတယ်။ အခု သူအခြေအနေက အတော်လေးစိတ်ချရတယ်။ လောလောဆယ် ကျုပ်တို့ကာကွယ်ဖို့ မလိုပါဘူး"
"ကိစ္စတစ်ခုဖြေရှင်းဖို့ အမယွမ်က ကျုပ်တို့ကို အကို့ဆီလွှတ်လိုက်တာပါ"
"ဪ..ဘာတွေများဖြစ်လာလို့လဲ"
တိုင်ပုဖန် စိတ်ဝင်စားသွားသည်။ ယွမ်ကျိပင်မဖြေရှင်းနိုင်ဘဲ သူ့ဆီအကြံတောင်းခိုင်းရလောက်သည့်ကိစ္စမျိုး ရှိမည်ဟုထင်မထားခဲ့။
"ဘိုးဘေးက နှလုံးမဲ့ဂိုဏ်းကိုဝင်ဖို့ကြိုးစားလို့ မဟာရှားက ဖမ်းသွားတယ်"
"အဟွတ်...အဟွတ်..."
တိုင်ပုဖန် အဆုတ်များကွာကျမတတ် ချောင်းဆိုးလိုက်ရသည်။
"မင်းတို့နှစ်ယောက်လုံး အသေးစိတ်ဖြစ်စဉ်ကို သေချာရှင်းပြစမ်းပါ"
လုယန်တို့က အဖြစ်အပျက်များကိုပြန်ရှင်းပြသည်။ နတ်မယ်အကြောင်းကို ချန်လှပ်ခဲ့သည်။
"ဪ...သူလျှိုဝင်လုပ်တာလား။ မင်းတို့စကားကြောင့် ခုနက ငါအတော်လန့်သွားတာကွ"
တိုင်ပုဖန် သက်ပြင်းချသည်။ ဘိုးဘေးရှန်ထန် စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့ပြီး တာအိုလမ်းစဉ်ဂိုဏ်းကိုစွန့်ခွာ၍ နှလုံးမဲ့ဂိုဏ်းသို့ဝင်သွားသည်ဟု သူထင်ခဲ့သည်။
"ဒါပေမယ့် မဟုတ်သေးဘူး၊ သူလျှိုလုပ်တယ်ဆိုတာလည်း အရမ်းအန္တရာယ်များတယ်လေ။ မင်းတို့နှစ်ယောက် ဘိုးဘေးကိုကာကွယ်တယ်ဆိုတာ ဒါမျိုးလား"
လုယန်တို့နှစ်ယောက် အန္တရာယ်ကို သဘောပေါက်ကြောင်း ခေါင်းငြိမ့်သည်။ သို့သော်ယခု အားလုံးအဖမ်းခံရပြီးဖြစ်သည်။
"ဘိုးဘေးက ဘယ်လောက်ကြာအောင် အချုပ်ကျမှာလဲ"
ထိုအချက်ကို တိုင်ပုဖန် အစိုးရိမ်ဆုံးဖြစ်သည်။
"ဘိုးဘေးက နှလုံးမဲ့ဂိုဏ်းကိုဝင်ခဲ့ပေမယ့် ပြစ်မှုမှတ်တမ်းမရှိသေးဘူး။ သူ့အမှားသူဝန်ခံတာကလည်း စိတ်ထားဖြူစင်မှုကိုပြတယ်တဲ့။ ဒါကြောင့် ဆယ့်ငါးရက်ပဲ အချုပ်ကျမယ်လို့ ရုံးတော်ကပြောတယ်"
"ကောင်းပါတယ်။ ဆယ့်ငါးရက်ပဲလေ"
အနည်းဆုံး နှစ်လလောက်ထောင်ကျမည်ဆိုလျှင် ဘယ်လိုနည်းသုံးရသုံးရ ဘိုးဘေးကိုကယ်ထုတ်မည်ဟု တိုင်ပုဖန်တွေးထားသည်။
"ဒါဆို မင်းတို့နှစ်ယောက် အကျဉ်းထောင်ကို မကြာခဏသွားလည်ပေး။ ဒါမှမဟုတ် ဘိုးဘေးနဲ့အတူနေလိုက်။ ထောင်ထဲမှာ တစ်ခုခုဒုက္ခကြုံရတာမျိုးမဖြစ်အောင်ပေါ့"
"ဟုတ်ကဲ့ပါ"
....
"ဘယ်နည်းလမ်း ရွေးမလဲ။ ထောင်ကို ခဏခဏ သွားလည်မလား။ ဒါမှမဟုတ် ထောင်ထဲမှာ ဘိုးဘေးနဲ့အတူနေမလား"
"ငါတော့ ဒုတိယနည်းပဲ ပိုကြိုက်တယ်။ အဲဒါက ပိုပြီးစောင့်ရှောက်ပေးလို့ရတယ်"
"ဆုံးဖြတ်ချက်မချခင် အကျဉ်ထောင်ကိုအရင်သွားပြီး ဘိုးဘေးရဲ့အခြေအနေကို ကြည့်ကြဦးမလား"
"ဒါလည်း ကောင်းတာပဲ"
နှစ်ယောက်သား ဆွေးနွေးတိုင်ပင်ပြီးနောက် တာအိုလမ်းစဉ်ဂိုဏ်းမှ ယဲ့မြို့တော်အကျဉ်းထောင်သို့ အသော့နှင်ကြသည်။ နေ့လည်စာဘူး နှစ်ဘူးယူသွားသည်။
"ဒီနားမှာပဲဖြစ်လောက်တယ်"
ယဲ့မြို့တော်အကျဉ်းထောင်တွင် အချုပ်ခန်းများစွာရှိသည်။ ဝိညာဉ်အာရုံသုံးလျှင် သံသယဝင်မည်စိုးသဖြင့် တစ်ခန်းချင်းလိုက်ရှာကြသည်။
သိပ်မကြာမီ မလှမ်းမကမ်းမှ လူနှစ်ယောက်စကားပြောနေသံကို လုယန်ကြားရသည်။
"ဘိုးဘေးဒီကိုလာပြီး ကျုပ်ကိုအဖော်ပြုပေးလိမ့်မယ်လို့ တကယ်ထင်မထားဘူး"
အသံရှင်၏လေသံတွင် ခံစားချက်အရိပ်များပြည့်နေသည်။ သူ့စကားထဲတွင် အပျော်ရိပ်များလည်း ရောစွက်နေသည်။
"ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ မင်းကိုလည်း အမှားတစ်ခုလုပ်ပြီးထွက်မပြေးဘဲ ကိုယ့်သဘောဆန္ဒအလောက် ဒီမှာနေမယ်လို့ ထင်မထားမိဘူး။ ဂိုဏ်းအတွက် တကယ့်စံပြပါပဲ"
ဘိုးဘေးရှန်ထန်နှင့် သူ့ဆရာဝစီပိတ် အကျဉ်းခန်းတစ်ခုထဲ အတူထိုင်နေသည်ကို လုယန်မြင်လိုက်ရသည်။ ချုန်းချီခေါင်းဆောင်ကျင်းချွှဲ့လည်း သူတို့ဘေးတွင်ရှိသည်။
လုယန် အတော်ကြာအောင် အသံတိတ်သွားသည်။
ဘယ်လိုလုပ်ပြီး ဤသုံးယောက်လုံး တစ်ခန်းတည်းအတူ အချုပ်ကျနေသည်မသိ။
********************************************