အခန်း (၈၁၄-၈၁၆)
Vol. 55 Ch. 814-816
အခန်း (၈၁၄) နေရာစုံရောက်သည့်ဝစီပိတ်
"ရှောင်လု၊ ရှောင်မုန်၊ လာကြ လာကြ"
လုယန်တို့ခြေသံကို ဝစီပိတ် အစောကတည်းက ကြားပြီးဖြစ်၍ သူတို့ကို လက်ယပ်ခေါ်သည်။
"ဆရာဒီမှာ ဘာလုပ်နေတာလဲ"
လုယန်မျက်ခုံးတစ်ချက်လှုပ်သွားသည်။ သူဘယ်လိုပြောရမည်မသိတော့။ သူ့ဆရာကို ထောင်ထဲတွင်တွေ့ရသည်က လုံးဝမဆန်းပါ။
သူ့ဆရာရုပ်ဖျက်ထားသော်လည်း တစ်ချက်ကြည့်ရုံဖြင့် သူမှတ်မိသည်။
"ပြီးတော့ ခင်ဗျားကရော ဘယ်လိုဖြစ်တာလဲ ချုန်းချီခေါင်းဆောင်"
ကျင်းချွဲ့က လုံးဝရုပ်ဖျက်မထား။
နတ်ဆိုးနိုင်ငံတည်ပွဲတော်နောက်ပိုင်း ကျင်းချွဲ့သည် အဟောအပြောပညာသင်ယူရန် ဝစီပိတ်ကို အကိုကြီးအဖြစ် သတ်မှတ်ခဲ့သည့်အကြောင်း လုယန်တို့မသိကြ။
ချုန်းချီမျိုးနွယ်တွင် ပထမဆုံးတွေ့ခဲ့စဉ်က ကျင်းချွဲ့ဘယ်လောက်စိတ်မာန်တက်ကြွသည်ကို လုယန်မှတ်မိသည်။ အရှင်ကျူးထန်၏ ဖိနှိပ်မှုစွမ်းအင်ရောင်ကို မာနအပြည့်ဖြင့် ဘယ်လိုရင်ဆိုင်ခဲ့သည်ကို မှတ်မိနေသေးသည်။
ယခု အခြေအနေဘယ်လိုပြောင်း၍ သူ့ဆရာနှင့်တန်းတူအဆင့်သို့ ဘယ်လိုရောက်လာသည်မသိတော့။
မြင့်ရာမှနိမ့်ရာသို့ လျှောကျသည့်အချိန်က တကယ်မြန်လွန်းလှသည်။
"ငါက တာအိုရှင်ဝစီပိတ်ဆီမှာ ပညာသင်ဖို့လာတာပါ"
ကျင်းချွဲ့က ရယ်ကျဲကျဲဖြင့်ပြောသည်။ ဤလိုနေရာမျိုးတွင် အသိအကျွမ်းတစ်ယောက်နှင့် တွေ့ရသည်ကို သူနည်းနည်းရှက်နေသည်။
သူ့ဆရာဝစီပိတ်ဆီတွင် ဘာသင်ယူစရာရှိမှန်း လုယန်မတွေးတတ်တော့။
ဝစီပိတ်က လုံးဝရှက်ရွံ့ဟန်မရှိဘဲ တဟားဟားရယ်နေသည်။
"အင်း..ငါက ဒီချုန်းချီလေးကို လိမ်ညာလှည့်စားသူမှန်သမျှ နောက်ဆုံးကျရင်အဖမ်းခံရတယ်ဆိုတဲ့သဘောကို ဒီမှာသင်ပေးနေတာပါ။
စောစောစီးစီး ထောင်ထဲကဘဝနဲ့အသားကျအောင် ဒီနံရံတွေထဲမှာ သက်တောင့်သက်သာနေတတ်အောင် သင်ပေးနေတာ။
ငါတမင်တကာ ဟာကွက်သေးသေးလေးတစ်ချန်ပြီး ယဲ့မြို့တော်အစိုးရက ငါတို့နှစ်ယောက်လုံးကို လာဖမ်းအောင်လုပ်ခဲ့တာလေ"
ဝစီပိတ်က ကျင်းချွဲ့ပုခုံးကိုပုတ်၍ အဖိုးတန်အသိပညာများ မျှဝေသည်။
"ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ငါတို့အလုပ်မှာ အရေးကြီးဆုံးက ယုံကြည်ချက်ရှိဖို့ပဲ။ မျက်နှာဟာ စိတ်နှလုံးရဲ့ကြေးမုံပဲ။
မင်းစိတ်နှလုံးမှာ ယုံကြည်မှုရှိရင် မင်းမျက်နှာဟာ တောက်ပလာလိမ့်မယ်။ ဒါမှ တစ်ဘက်လူက မင်းလိမ်တာကို ယုံကြည်မှာ"
လုယန် နဖူးပေါ်လက်အုပ်၍ စဉ်းစားသည်။ ထိုအသိပညာများ သူ့ဆရာက သူ့ကိုဘာကြောင့် မသင်ခဲ့သည်မသိ။
ဪ..မဟုတ်သေး။ ထိုကိစ္စမျိုး သူ့ကိုသင်ပေးဖို့လည်းမလို။
"ငါတို့ဘိုးဘေးနဲ့ ဒီမှာလာဆုံရတာဟာ ထင်မှတ်မထားတဲ့ ကံရေစက်ပဲ။ ဘိုးဘေးက နှလုံးမဲ့ဂိုဏ်းကိုခိုးဝင်ဖို့ကြိုးစားရင်း အဖမ်းခံရတာလို့ကြားတယ်။ အဲဒါဟုတ်လား"
လုယန်ခေါင်းငြိမ့်သည်။ သူရထားသည့်သတင်းများကို မျှဝေသည်။
"နှလုံးမဲ့ဂိုဏ်းစခန်းနေရာကို သတင်းရလို့ ယဲ့မြို့တော်အစိုးရရုံးတော်က အနီးအနားမြို့တော်တွေနဲ့ပေါင်းပြီး စခန်းကိုသိမ်းပိုက်တယ်။ အဲဒီ့မှာ ကျုပ်တို့ဘိုးဘေးပါ အဖမ်းခံလိုက်ရတာ"
"ဪ...အဲလိုလား"
"'ကောင်းချီးမျှော်စင်'ကနေ အစားအသောက်နည်းနည်းဝယ်လာတယ်။ ဘိုးဘေးကြိုက်ပါ့မလားတော့မသိဘူး"
မုန်ကျင်းကျိုးက နေ့လည်စာဘူးနှစ်ခုကိုဖွင့်လိုက်သည်။ မွှေးရနံ့များက ဆွဲဆောင်အားကောင်းသည်။
တာအိုရှင်ရှန်ထန်သည် စိတ်ဓာတ်ပိုင်းအရ အစားအသောက်အာသာဆန္ဒကို ပယ်ဖျောက်နိုင်ပြီးသူဖြစ်သော်လည်း ယခုသူသည် အခြေတည်အဆင့်သာရှိသေးသည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်က အလိုလိုတုံ့ပြန်လာသည်။
"မွှေးကြိုင်နေတာပဲ"
ရှန်ထန်၏ နှာသီးဝများ လှုပ်ရှားလာသည်။ တူနှစ်ချောင်းကိုယူ၍ အစားအသောက်ကို အားရပါးရစားသည်။
"ငါ့အတွက်တူကရော"
ဝစီပိတ် သူ့ကိုယ်သူလက်ညှိုးထိုးပြသည်။ သူ့လို လောကီလမ်းစဉ်ကျင့်ကြံသူများသည် အစားအသောက်ရှောင်ကြဉ်သည့်အကျင့်ကို မကျင့်ကြ။
ကောင်းကောင်းစားသောက်ခြင်းသည် လောကီကျင့်ကြံသူတို့၏ မှန်ကန်သည့်လမ်းစဉ်ဖြစ်သည်။
"တူက တစ်စုံပဲပါတယ်"
ဂိုဏ်းချုပ်ဤနေရာတွင်ရှိနေမည်ဟု မုန်ကျင်းကျိုး လုံးဝမတွေးမိ။ အကယ်၍ ကြိုသိခဲ့လျှင်လည်း တူအပိုတစ်စုံယူလာဖို့ စိတ်ကူးမရှိ။
မတတ်သာတော့သဖြင့် ဝစီပိတ် ဝိညာဉ်စွမ်းအားသုံး၍ တူတစ်စုံဖန်တီးပြီး စတင်စားသောက်သည်။
ယဲ့မြို့တော်အကျဉ်းထောင်ကို မှော်စက်ဝန်းတစ်ခုအောက်တွင် တည်ဆောက်ထားသည်။ ကျင့်စဉ်အဆင့်နှင့် ဝိညာဉ်စွမ်းအားနှစ်ခုလုံးကို ထိန်းချုပ်ထားသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ပင် ဤနေရာသို့ရောက်ပြီးနောက် ဝိညာဉ်စွမ်းအားသုံးဖို့ အတော်ခက်ခဲလာသည်။ ရုန်းဖို့မလွယ်သည့ နွံအိုင်ထဲသို့ရောက်နေသလို ခံစားကြရသည်။
ယဲ့မြို့တော်ကို မြို့တော်ကြီးတစ်ခုဟု ဆိုနိုင်သည်။ မြို့တော်သခင်သည် လေဟာနယ်သန့်စင်အဆင့်ဖြစ်သည်။ ထို့ကြောင့် ထောင်မှော်စက်ဝန်းကလည်း လေဟာနယ်သန့်စင်အဆင့်ဖြစ်သည်။
သို့သော် ထိုအဆင့်မှော်စက်ဝန်းမျိုးသည် ဝစီပိတ်အတွက် ဘာမှမဟုတ်။
ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ရောက်နေပြီဖြစ်၍ နယ်မြေအကျဉ်းထောင်မှော်စက်ဝန်းလောက်ဖြင့် သူ့ကိုမထိန်းချုပ်နိုင်။ မှော်စွမ်းအားများ စိတ်ကြိုက်ထုတ်သုံးနိုင်သည်။
စုစည်းခြင်းအဆင့်ဖြစ်သည့် ကျင်းချွဲ့ပင် မှော်စွမ်းအားသုံးနိုင်သည်။
သရုပ်မှန်ပေါ်သွားလျှင် 'မိတ်ဆွေဟောင်း'များ စောင့်ကြည့်မည်စိုးသဖြင့် ဝစီပိတ်က ထောင်ထဲသို့ဝင်ချိန်တွင် နာမည်တုသုံး၍ အခြေတည်အဆင့်ကျင့်ကြံသူအဖြစ် ဟန်ဆောင်ထားသည်။
ကျင်းချွဲ့လည်း ထိုနည်းတူဖြစ်သည်။
"ပြောရရင် ငါတို့ဘိုးဘေး နှလုံးမဲ့ဂိုဏ်းထဲမဝင်ဖြစ်တာ ကံကောင်းတယ်။ ငါအရင်က သူတို့ဂိုဏ်းထဲ ခဏခိုးဝင်ဖူးတယ်။ အဲဒီ့နေရာက လူသားတွေနဲ့ တကယ်မသင့်တော်တဲ့နေရာပါ"
စားသောက်နေရင်းမှာပင် ဝစီပိတ်က စကားပြောမရပ်။
"အဲဒီတုန်းက သူတို့ဂိုဏ်းလူသစ်စုနေတာနဲ့ အမှတ်မထင်ကြုံတယ်။ ဘယ်သူ့ကိုမှ အကြောင်းကြားချိန်မရဘူး။ ဒီတော့ အကဲစမ်းတဲ့အနေနဲ့ ငါတစ်ယောက်တည်းဝင်ဖို့ဆုံးဖြတ်လိုက်တယ်"
ဝစီပိတ် ထိုအတွေ့အကြုံမျိုးရှိမည်ဟု ဘယ်သူမှထင်မထားကြ။
"နှလုံးမဲ့ဂိုဏ်းရဲ့ ဝင်ခွင့်စမ်းသပ်ပွဲက ကိုယ်နဲ့အရင်းနှီးဆုံးလူကို သတ်ရတာမဟုတ်လား။ မင်းဘယ်လိုဖြတ်ကျော်ခဲ့တာလဲ"
တာအိုရှင်ရှန်ထန်ကမေးသည်။
"လွယ်ပါတယ်။ ကျုပ်နဲ့အရင်းနှီးဆုံးလူက ကျုပ်ကိုယ်တိုင်ပဲလေ။ ပုံရိပ်ယောင်နယ်မြေမှာ ကျုပ်ကိုယ်ကျုပ်တွေ့တယ်။ စွမ်းအားချင်းလည်းအတူတူပဲ။
မှော်စက်ဝန်းထဲရောက်သွားရင် လက်ရှိအခြေအနကို မေ့သွားတယ်မဟုတ်လား။ ဒီတော့ အဲဒီ့ပုံရိပ်တုကိုမြင်တဲ့အချိန်မှာ လျှို့ဝှက်နယ်မြေတစ်ခုကို ကျုပ်မထင်မှတ်ဘဲ ရောက်လာပြီလို့ တွေးလိုက်တယ်။
ကျုပ်ကိုယ်ကျုပ် ဖြတ်ကျော်နိုင်အောင်လုပ်ရမယ်လို့ တွေးတယ်။ အဲတော့ နေရာတင်ချက်ချင်းအဆင့်တက်ပြီး ပုံရိပ်တုကို သတ်လိုက်တယ်။
စမ်းသပ်ပွဲအောင်သွားရင် နှလုံးမဲ့ဂိုဏ်းက မှော်စက်ဝန်းထဲမှာ ကျုပ်နဲ့အရင်းနှီးဆုံးလူက ဘယ်သူလဲဆိုတာ စစ်ဆေးကြမှာ။ အဲဒီ့လူကို အပြင်မှာလည်းတကယ်သတ်မှ နှလုံးမဲ့ဂိုဏ်းသားအဖြစ် သတ်မှတ်ကြတာ။
နောက်တော့ သူတို့ စစ်ဆေးကြတယ်။ ကျုပ်အရင်းနှီးဆုံးလူက ကျုပ်ကိုယ်တိုင်ပဲဆိုတာသိသွားတယ်။ ကျုပ်ကို ကိုယ့်ကိုယ်ကိုသတ်သေခိုင်းလို့မရတော့ဘူးလေ။ အဲဒါကြောင့် ကျုပ်ကိုဂိုဏ်းဝင်ခွင့်ပေးကြတယ်။
ဂိုဏ်းထဲဝင်ပြီးတော့ သူတို့ကနှလုံးမဲ့ဝါဒကို စိတ်နှစ်ထားကြတာကျုပ်တွေ့တယ်။ ဒီဝါဒလမ်းစဉ်ကိုလိုက်ဖို့ အိမ်ထောင်ပြုပြီး သံယောဇဉ်တည်ဆောက်ရတယ်။ ပြီးတော့ နှလုံးသားမဲ့ကြောင်းပြဖို့ သူတို့စိတ်ထဲက ရက်စက်ကြမ်းတမ်းမှုကိုအားဖြည့်ဖို့ သူတို့မိန်းမတွေကိုသတ်ရတယ်။
ဒီလုပ်ရပ်ကိုမြင်တော့ ကျုပ်လက်မခံနိုင်ဘူး။ နှလုံးမဲ့ဝါဒသာ ဒီအတိုင်းဆက်သွားရင် အပြစ်မဲ့တဲ့မိန်းမတွေအများကြီး ဒုက္ခရောက်ကြမှာလေ။
ဒီတော့ ဂိုဏ်းအကြီးအကဲတွေကို ကျုပ်တစ်ခုအကြံပြုတယ်။ လေ့ကျင့်မှုတစ်ခုအနေနဲ့ မိန်းမတွေကိုသတ်ပြီး ရက်စက်ကြောင်းပြတာဟာ လမ်းလွဲနေတယ်။ ကိုယ့်မိန်းမကို စိတ်လိုက်မာန်ပါသတ်လိုက်ပြီး နောက်ကျမှ ဝမ်းနည်းပူဆွေးနေရင် ဘယ်လိုလုပ်မလဲလို့ပေါ့။
ဂိုဏ်းအကြီးအကဲတွေက ကျုပ်စကားယုတ္တိကျတယ်လို့ ယူဆကြတယ်။ ကျုပ်မှာ ဒီထက်ကောင်းတဲ့နည်းလမ်းရှိမရှိမေးတယ်။
ကျုပ်ပြောလိုက်တယ်။ နှလုံးမဲ့လမ်းစဉ်ကို သက်သေပြဖို့ ရေရှည်ကိုကြည့်ရမယ်။ တစ်ချိန်လုံးသတ်ဖြတ်နေလို့မရဘူး။ ကိုယ့်အနီးဆုံးကလူတွေအားလုံးကို သတ်လို့ကုန်သွားရင် နှလုံးမဲ့စိတ်ဓာတ်ကို ဘယ်လိုဆက်ပြတော့မလဲ။
ဒီတော့ မိန်းမတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတဲ့အခါ သတ်ပစ်မယ့်အစား အဲဒီ့မိန်းမကို တစ်ခြားယောက်ျားနဲ့ အိပ်ခိုင်းတာက ပိုကောင်းတယ်လို့လေ။
ပုံမှန်အသိစိတ်အရ ကိုယ့်မိန်းမ တစ်ခြားယောက်ျားနဲ့ အိပ်နေတာမြင်ရင် ဒေါသ ဒါမှမဟုတ် စိတ်လှုပ်ရှားမှုတွေ မြင့်တက်လာတယ်။
ဒါပေမယ့် နှလုံးမဲ့ဂိုဏ်းဝင်တစ်ယောက်မှာ ဒီလိုခံစားချက်တွေ လုံးဝပေါ်လာလို့မရဘူး။ အဲလိုပေါ်လာခဲ့ရင်လည်း ဂိုဏ်းဝင်တွေအနေနဲ့ ဖောက်ပြန်တဲ့ဖြစ်စဉ်အစအဆုံးကို ထိုင်ကြည့်သင့်တယ်လို့ ထပ်ပြီးအကြံပေးလိုက်တယ်။
အဲလိုထိုင်ကြည့်လို့မှ ခံစားချက်ပေါ်မလာတော့ရင် အရည်အချင်းမီတဲ့ နှလုံးမဲ့ဂိုဏ်းဝင်တစ်ယောက်ဖြစ်ပြီလို့ပေါ့။
ဂိုဏ်းအကြီးအကဲတွေက ကျုပ်အယူအဆကို လက်ခံတယ်။ ဒီတော့ နည်းနည်းစပြီးစမ်းသပ်ကြည့်တယ်။ စမ်းသပ်တာအောင်မြင်သွားတော့ ဒီအယူအဆကို နှလုံးမဲ့ဂိုဏ်းတစ်ခုလုံး ဖြန့်လိုက်တယ်။
အဲဒီတုန်းက ကျုပ်အိပ်ချင်တဲ့မိန်းမနဲ့ လွတ်လွတ်လပ်လပ်အိပ်တယ်။ နှလုံးမဲ့ဂိုဏ်းသားတွေက ဒေါသထွက်ပေမယ့် ဘာမှမပြောရဲဘူး။
အင်း...ဒါပေမယ့် နောက်ဆုံးကျတော့ ကျုပ်သရုပ်မှန် ပေါ်သွားတယ်လေ"
ဝစီပိတ် သက်ပြင်းချသည်။ သူ့လှုပ်ရှားမှုများ မအောင်မြင်ခဲ့သည်ကို ဝမ်းနည်းတသ ဖြစ်နေဟန်တူသည်။ ထိုစဉ်က သူအတော်ငယ်ရွယ်သေးသည်။ အတွေ့အကြုံနည်းသေးသည်။
နှလုံးမဲ့ဂိုဏ်းဌာနချုပ်များ၏ တည်နေရာကို မစုံစမ်းနိုင်သေးမီ ထွက်လာခဲ့ရသည်။
"မင်းသရုပ်မှန်က ဘယ်လိုပေါ်သွားတာလဲ"
"မိန်းမတွေနဲ့ ချစ်ရည်လူးရင်း စိတ်ထိန်းချုပ်မှုလွတ်သွားပြီး အော်ရယ်လိုက်မိလို့ပါ"
(**နှလုံးမဲ့ဝါဒသည် ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းမရှိရ။ မငိုရ၊ မရယ်ရ)
*******************************
အခန်း (၈၁၅) မျိုးရိုးသုံးဆက် ဘိုးဘေးများမြေးများ ထောင်ထဲတွင်စုစည်းခြင်း
"နှလုံးမဲ့ဂိုဏ်းထဲမှာ ဂယက်ထသွားတော့ ဂိုဏ်းအကြီးအကဲတွေက အခြေအနေတည်ငြိမ်အောင် လူတွေအများကြီးသတ်လိုက်ရတယ်။
ပုံမှန်ဆိုရင်တော့ လူနည်းနည်းသတ်ပြပြီး ခြိမ်းခြောက်လိုက်ရင် ငြိမ်သွားမှာပေါ့။ ဒါပေမယ့် နှလုံးမဲ့ဂိုဏ်းမှာ အဲလောက်နဲ့အလုပ်မဖြစ်ဘူး။
သူတို့မှာ အကြောက်တရားဆိုတဲ့ ခံစားချက်မျိုးမရှိဘူး။ အကျိုးစီးပွားကိုပဲကြည့်တယ်။ လူနည်းနည်းသတ်ပြရုံနဲ့ တားလို့မရဘူး။
လူတွေအများကြီးသတ်လိုက်မှ ကျန်တဲ့ဂိုဏ်းဝင်တွေက အကြီးအကဲတွေရဲ့ ခံယူချက်ကို သတိထားမိလာတာ။ အကျိုးအမြတ်ကို ချိန်ဆစဉ်းစားပြီးမှ နောက်ဆုတ်သွားကြတာ"
ငယ်စဉ်က နေ့ရက်များကို ပြန်စဉ်းစားရင် ဝစီပိတ်စုပ်သပ်နေသည်။ ထိုမျှရှင်းလင်းပြတ်သားသည့် သတ်ဖြတ်မှုမျိုး သူပထမဆုံးလက်တွေ့မြင်ဖူးခဲ့ခြင်းဖြစ်သည်။
"ဒါပေမယ့် အခြေအနေက ချက်ချင်းငြိမ်မသွားသေးဘူး။ နှလုံးမဲ့ဂိုဏ်းက သူတို့ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ရှိတယ်။ လက်အောက်ငယ်သားတွေရဲ့ ထောက်ခံမှုနဲ့လည်းဆိုင်တယ်။
ဒီတော့ တစ်ယောက်နဲ့တစ်ယောက် စပြီးသစ္စာဖောက်ကြတယ်။ ဂိုဏ်းချုပ်တောင် လုပ်ကြံခံရတာ တစ်ကြိမ်မကဘူးလို့ ပြောတယ်။
ဂိုဏ်းတွင်းပြဿနာ ငြိမ်သွားတော့ နှလုံးမဲ့ဂိုဏ်းက အဖြစ်အပျက်ကိုပြန်စုံစမ်းရင်း ကျုပ်ကိုခြေရာခံမိလာပြီး သတ်ဖို့ပြင်ကြတယ်။
ကျုပ်'အဆင့်မြှင့်'ထားတဲ့ မိန်းမပေးပြီးဉာဏ်အလင်းရှာတဲ့လမ်းစဉ်ကို မကြေနပ်ကြတာကြောင့်လည်းပါလောက်မယ်ထင်တယ်။
အဲဒီတုန်းက ဝိညာဉ်ပြောင်းအဆင့်ကို ကျုပ်ရောက်နေလို့ ကံကောင်းသွားတယ်။ ကျုပ်ဆရာပေးထားတဲ့ အသက်ကယ်မှော်ရတနာတစ်ခုရှိတယ်။ အဲဒါကိုသုံးပြီး နှလုံးမဲ့ဂိုဏ်းကနေ ထွက်ပြေးခဲ့တာ။
ဆိုးပါတယ်။ အဲဒီတုန်းက နှလုံးမဲ့ဂိုဏ်းမှာ သူလျှိုအဖြစ်နေပြီး သူတို့ဌာနချုပ်တွေရဲ့တည်နေရာကို စုံစမ်းမယ်လို့ တွေးထားတာ။ မထင်ခဲ့မိဘူး။
ကျုပ်လုပ်ရပ်တွေက နှလုံးမဲ့ဝါဒလမ်းစဉ်နဲ့ တစ်သားတည်းကျတာတောင်မှ သူတို့က စိတ်မြန်လက်မြန်နဲ့ ကျုပ်ကိုချက်ချင်းသတ်ဖို့ကြိုးစားကြတယ်"
ဝစီပိတ် ခေါင်းကိုခါယမ်းနေသည်။ သူနားလည်ထားသည့် နှလုံးမဲ့ဝါဒနှင့်ဆိုလျှင် ထိုနှလုံးမဲ့ဂိုဏ်းဝင်များက သူ့ကိုဂိုဏ်းချုပ်ရာထူးပေးဖို့ပင် စဉ်းစားသင့်သည်ဟု သူယူဆသည်။
"နှလုံးမဲ့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်အားလုံးကို မဖော်ထုတ်နိုင်ခဲ့ပေမယ့် သူတို့မှာ ဒုဂိုဏ်းချုပ်နှစ်ယောက်နဲ့ ဂိုဏ်းချုပ်တစ်ယောက်ရှိတာတော့ သိခဲ့တယ်။
ဂိုဏ်းချုပ်ရဲ့ကျင့်စဉ်အဆင့်ကိုတော့ မသိဘူး။ ဒုဂိုဏ်းချုပ်နှစ်ယောက်က ကူးဖြတ်ခြင်းအခြေခံအဆင့်နဲ့ အလတ်တန်းဆင့်တွေပါ"
လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ထိုအကြောင်းကို နေမင်းဂိုဏ်းနှင့် ကိုးငရဲဂိုဏ်းပင်မသိကြ။ သို့ဆိုလျှင် နှလုံးမဲ့ဂိုဏ်းတွင် အနည်းဆုံး ကူးဖြတ်ခြင်းအဆင့်သုံးယောက်ရှိလိမ့်မည်။
နေမင်းဂိုဏ်းနှင့်ကိုးငရဲဂိုဏ်းတို့ထက် အင်အားပိုသာသည်။
"နောက်ပိုင်း ဘာတွေဆက်ဖြစ်လဲ"
ရှန်ထန်က စိတ်ဝင်တစားထပ်မေးသည်။
"နောက်တော့ ကျုပ်ထွက်ပြေးလာတာပေါ့"
ဝစီပိတ် မပွင့်တပွင့်ပြုံးသည်။
"နှလုံးမဲ့ဂိုဏ်းက သူတို့အရှုံးကို လက်မခံနိုင်တာမြင်တော့ ကျုပ်လည်း ဟန်ဆောင်မနေတော့ဘူး။ ကျုပ်ဂိုဏ်းကိုနဲ့ မဟာရှားကို ချက်ချင်းဆက်သွယ်ပြီး ကျုပ်သိသမျှ နှလုံးမဲ့ဂိုဏ်းစခန်းအားလုံးကို ဖျက်ဆီးတယ်။ သတ်သင့်တဲ့လူကိုသတ်ပြီး ကယ်သင့်တယ်လူကိုကယ်တယ်။
ပထမဆုံး ဂိုဏ်းတွင်းပဋိပက္ခ၊ နောက်တော့ တော်ဝင်လမ်းရဲ့ဖိနှိပ်မှုနဲ့ သူတို့ကြုံရတယ်။ နှစ်ခါပြန်အထိနာတော့ နှလုံးမဲ့ဂိုဏ်း အတော်အားနည်းသွားတယ်။ နှစ်သုံးလေးရာလောက် ငြိမ်သွားကြတယ်"
"နောက်ပိုင်းမှာ နှလုံးမဲ့ဂိုဏ်းက ဆရာ့ကိုလက်စားချေဖို့ မကြိုးစားဘူးလား"
လုယန် မေးလိုက်သည်။
ဝစီပိတ်က သူ့စကားထဲမှ ဟာကွက်ကို ထုတ်ပြသည်။
"သူတို့မှာ 'အမုန်းတရား'ဆိုတာလည်း မရှိဘူးလေ။ ဘာလို့ငါ့ကို လက်စားချေမှာလဲ။...ဒါပေမယ့် လက်စားချေချင်တဲ့လူတွေလည်း အများကြီးရှိပါတယ်။ အမုန်တရားကိုအသုံးချပြီး ဉာဏ်အလင်းရတယ်ဆိုတာ သက်သေပြချင်တဲ့လူတွေပေါ့။
ဒါလည်း နှလုံးမဲ့လမ်းစဉ်တစ်ခုပဲ။ အဲဒီလူတွေထဲမှာ စုမိုရန်ဆိုတဲ့လူက ငါ့ကိုအမုန်းဆုံးပဲ။ သူက ကူးဖြတ်ခြင်းအလတ်တန်းဆင့် ဒုဂိုဏ်းချုပ်လေ။ အရင်က ငါသူ့ကိုအတော်အထိနာအောင် လှည့်စားခဲ့လို့ဖြစ်မယ်ထင်တယ်။
ဒါပေမယ့် စုမိုရန်ကလည်း သူငါ့ကိုလက်စားချေချင်တဲ့ကိစ္စ တစ်ခြားလူတွေ မသိစေချင်ဘူး"
"ဘာလို့လဲ"
"ငါ့ကိုလက်စားချေချင်တယ်ဆိုတာ ငါ့ကိုမုန်းတာပဲလေ။ နှလုံးမဲ့ဝါဒလမ်းစဉ်နဲ့ ယာယီလွဲချော်နေတယ်။ ဒါဟာ သူ့ကျင့်ကြံမှုမှာ လမ်းပိတ်နေတဲ့သဘောပဲ။
သူ့ကျင့်စဉ်တိုးတက်မှုရပ်သွားတာကို တစ်ခြားလူတွေသိရင် နှလုံးမဲ့ဂိုဏ်းထဲမှာ သူ့အဆင့်အတန်းက ကျသွားမှာ"
"နှလုံးမဲ့ဂိုဏ်းက အဲလောက်တောင်အန္တရာယ်များတာလား"
ဘိုဘေးရှန်ထန် ပြန်စဉ်းစားရင်း တုန်လှုပ်လာသည်။ အဖမ်းခံခဲ့ရသည်မှာ တကယ်ကံကောင်းသည်။ နှလုံးမဲ့ဂိုဏ်းသို့ဝင်မိလျှင် နှစ်ရက်အတွင်း သူ့သရုပ်မှန်ပေါ်သွားနိုင်သည်။
"သူတို့ဂိုဏ်းထဲမဝင်မိတာ ဘိုးဘေး တကယ်ကံကောင်းတယ်"
ဘေးတွင်ရှိနေသည့် ကျင်းချွဲ့က ရှန်ထန်ကို ပြောသည်။
ဝစီပိတ် ကျင်းချွဲ့ကို တစ်ချက်ကြည့်သည်။
"တော်စမ်းပါကွာ။ မင်းက ငါတို့တာအိုလမ်းစဉ်ဂိုဏ်းသားမှမဟုတ်တာ။ သူ့ကို ဘိုးဘေးလို့ ထပ်မခေါ်နဲ့"
"အကိုကြီးအဲလိုမပြောနဲ့လေ။ ကျုပ်တို့ချုန်းချီမျိုးနွယ်နဲ့ အကိုတို့တာအိုလမ်းစဉ်ဂိုဏ်း ပူးပေါင်းလို့ရနိုင်ခြေရှိတယ်လို့ ကျုပ်မြင်တယ်။
ကျုပ်တို့ချင်းပူးပေါင်းလိုက်ရင် မဟာကပ်ကာလမှာ ထိပ်တန်းဆယ်နေရာထဲဝင်ဖို့ ပိုလွယ်သွားမယ်မဟုတ်လား"
တပည့်ကျော်ယွမ်ကျိရှိနေပြီဖြစ်၍ ချုန်းချီမျိုးနွယ်နှင့် ပူးပေါင်းစရာမလိုဟု ဝစီပိတ်တွေးနေသည်။ တာအိုလမ်းစဉ်ဂိုဏ်းအနေဖြင့် ထိပ်တန်းတစ်နေရာ ကိုယ့်ဘာသာဖန်တီးနိုင်မည်ဟု ယူဆသည်။
ဘိုးဘေးရှန်ထန် ထောင်ထဲရောက်နေသည်ကို အတော်စိတ်ချရသည်ဟု အစက လုယန်ထင်ခဲ့သည်။ လောင်မုန်နှင့်သူ မကြာခဏသွားလည်လျှင် လုံလောက်သည်ဟု ထင်ခဲ့သည်။
သို့သော်ယခု သူ့ဘိုးဘေးနှင့်သူ့ဆရာ ထောင်အတူကျနေသည်ကိုမြင်ရသဖြင့် စိတ်မအီမသာဖြစ်လာသည်။
လောင်မုန်ကို သိစိတ်အသံလှိုင်းမှ သူအကြံတောင်းသည်။
"ဘိုးဘေးကိုကာကွယ်ဖို့ ထောင်ထဲဝင်ကြမလား"
"မလိုလောက်ပါဘူး။ ဘိုးဘေးက လူငယ်ပုံပေါက်နေပေမယ့် ကျင့်စဉ်ပြန်စထားတဲ့ အဆင့်မြင့်စွမ်းအားရှင်လေ။ သူ့တာအိုနှလုံးကို အချိန်အကြာကြီး လေ့ကျင့်ခဲ့တာပါ။
ဂိုဏ်းချုပ်က ဒီလောက်လွယ်လွယ်နဲ့ သူ့အပေါ်မလွှမ်းမိုးနိုင်ပါဘူး"
ဂိုဏ်းချုပ်၏လွှမ်းမိုးနိုင်စွမ်းအပေါ် လုယန် ယုံကြည်မှုလွန်ကဲနေသည်ဟု မုန်ကျင်းကျိုးယူဆသည်။
လုယန် ပြန်မဖြေမီ ဝစီပိတ်က ရှန်ထန်ကိုပြောသည်။
"ဘိုးဘေးမသိသေးဘူးထင်တယ်။ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းက ထောင်ထဲမှာနေတတ်တဲ့ ဓလေ့တစ်ခုရှိတယ်။
အပြင်လောကမှာလည်း တည်းခိုခန်းကိုသွားအိပ်ပြီး နေရထိုင်ရတဲ့အခြေအနေကို စမ်းသပ်ကြတဲ့လူတွေရှိတယ်လေ။ လိုအပ်တာတွေကိုထောက်ပြပြီး တိုးတက်အောင်လုပ်ဖို့ အကြံပြုကြတယ်။
ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းလည်း အဲလိုပါပဲ။ တစ်နှစ်ပတ်လုံး လမ်းသွယ်လမ်းမတွေပေါ် ကျုပ်လျှောက်သွားနေတာကို ဘိုးဘေးမြင်ရမယ်။
မြို့တော်အကျဉ်းထောင်တွေရဲ့ ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်လေ့လာတယ်။ ဒီတာဝန်က ရုံးတော်အရာရှိတွေနဲ့ အဆင်မပြေဘူး။
သူတို့အထက်လူကြီးတွေက ထောင်အခြေအနေမြှင့်တင်ဖို့ ယာယီစူးစမ်းစစ်ဆေးမှုလောက်ပဲ လုပ်နိုင်ကြတာ။ အသေးစိတ်လိုအပ်ချက်တွေကို ဘယ်လိုသိနိုင်မှာလဲ။
ဒါကြောင့် ကျုပ်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားကြရတယ်။
ကျုပ်တင်မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်နှစ်က တရားရေးဝန်ကြီးလည်း ကျုပ်နဲ့အတူ အကျဉ်းထောင်ထဲမှာ စစ်ဆေးလေ့လာခဲ့တယ်။
အင်ပါယာရှားကတောင် ဒါဟာ ချီးကျူးထိုက်တဲ့လုပ်ရပ်ပဲလို့ တော်ဝင်ရုံးတော်မှာ မကြာခဏပြောတယ်"
"ဪ...အဲလိုလား"
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များသည် ထောင်ထဲသို့မကြာခဏဝင်ကြကြောင်း လုယန်တို့နှစ်ယောက်ပြောစဉ်က တာအိုရှင်ရှန်ထန် မယုံကြည်ခဲ့။
ယခုမှ ဝစိတ်ပိတ် သေချာရှင်းပြသည့်စကားကို သူကြားရသည်။ ထို့ကြောင့် ထောင်ကျသည့်ကိစ္စကို သူ့စိတ်ထဲ သိပ်မရှက်မိတော့။
မုန်ကျင်းကျိုးစိတ်ထဲတွင် ဘိုးဘေးနှင့်ဂိုဏ်းချုပ် အတူရှိနေခြင်းသည် တကယ်အန္တရာယ်များသည်ဟု ခံစားမိလာသည်။
"ဘယ်လိုဖြစ်ဖြစ် ထောင်ထဲကို အတူဝင်ကြစို့ကွာ"
"ဒါဆို ဘယ်လိုပြစ်မှုမျိုး ကျူးလွန်ကြမလဲ"
ထောင်ထဲဝင်ဖို့ တိကျသည့်နည်းလမ်းတစ်ခုသုံးမှဖြစ်မည်။ ဘိုးဘေးက ဆယ့်ငါးရက်သာထောင်ကျသည်။ သူတို့ကျူးလွန်သည့်ပြစ်မှုက ငယ်လွန်းလျှင် လုံးဝအချုပ်ကျမည်မဟုတ်။
ပြစ်မှုကြီးလွန်း၍ နှစ်လသုံးလောက်ထိ ထောင်ကျသွားလျှင်လည်း မထိုက်တန်။
"တစ်ခုခုခိုးရင်ရော အဆင်ပြေလောက်မလား။ အဲဒါ အရိုးရှင်းဆုံးနည်းလမ်းပဲ"
လုယန် အားတက်သရော အကြံပေးသည်။
....
မြို့တော်သခင်၏ အိမ်တော်တွင်ဖြစ်သည်။
ခန်းမရှေ့မှလူနှစ်ယောက်၏ တိုင်းကြားချက်ကိုနားထောင်ရင်း မြို့တော်သခင် အခက်တွေ့နေသည်။
"မင်းကလုယန်နော်၊ မုန်ကျင်းကျိုးဆီကနေ ဝိညာဉ်ကျောက်နှစ်ထောင့်ကိုးရာခိုးထားပြီး ပြန်မပေးဘူးလို့ငြင်းတယ်ပေါ့"
ထို့နောက် မြို့တော်သခင် နောက်တစ်ယောက်ကိုကြည့်သည်။
"ပြီးတော့ မင်းနာမည်က မုန်ကျင်းကျိုး။ မင်းကလည်း လုယန်ဆီကနေ ဝိညာဉ်ကျောက်နှစ်ထောင့်ကိုးရာခိုးထားတယ်။ မင်းလည်း ပြန်မပေးဘူးလို့ငြင်းတယ်ပေါ့"
နှစ်ယောက်လုံးက တည်ငြိမ်စွာ ခေါင်းငြိမ့်သည်။
သူတို့သေချာလေ့လာခဲ့သည်။ ဤဒေသတွင် နတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို ခိုးမှုဖြင့်ထောင်ချနိုင်သည့် ငွေသတ်မှတ်ချက်က ဝိညာဉ်ကျောက်သုံးထောင်ဖြစ်သည်။
ထိုပမာဏထက်နည်းလျှင် အုပ်ချုပ်ရေးစီရင်ခွင့်အမှုအဖြစ် သတ်မှတ်သည်။
ထိုစီရင်ခွင့်အမှုအတွက် အများဆုံးပြစ်ဒဏ်က ဆယ့်ငါးရက်အချုပ်ကျခြင်းဖြစ်သည်။
တစ်ယောက်ထံမှ တစ်ယောက်ခိုးပြီး ပြန်မပေးကြ။ ညှိနှိုင်း၍လည်းမရသဖြင့် မြို့တော်သခင် ရွေးချယ်စရာမရှိဘဲ သူတို့ကို ဆယ့်ငါးရက်ထိန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ရသည်။
ဘဲစားဘဲချေသဘောဖြင့် ဘာမှမဖြစ်ခဲ့သလို မျက်ကွယ်ပြုလိုက်၍လည်းမရ။ အမှုနှစ်ခုလုံးက သီးခြားစီဖြစ်သည်။ အတူပူးတွဲစဉ်းစား၍မဖြစ်။
မြို့တော်သခင် စိတ်ပျက်လက်ပျက် သက်ပြင်းချနေသည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များသည် အကျဉ်းထောင်တွင် ဉာဏ်အလင်းရကြသည်ဟု သူကြားဖူးသည်။
ထိုကောလဟာလများ တကယ်မှန်နေသလားမသိ။
******************************************
အခန်း (၈၁၆) စွမ်းအားကြီးသည့်ကျင်းချွဲ့
"ဘိုးဘေး၊ ဘိုးဘေးနဲ့အတူနေဖို့ ကျုပ်တို့လိုက်လာတာပါ"
လုယန်နှင့် မုန်ကျင်းကျိုးက မြေပြင်ပေါ် တင်ပျဉ်ခွေထိုင်နေသည့် တာအိုရှင်ရှန်ထန်ကိုကြည့်၍ပြောသည်။
ဆီမီးအိမ်အလင်းကြောင့် သူတို့အရိပ်များ ထိုးကျနေသည်။
ရှန်ထန်က သူတို့ကိုနားမလည်ဟန်ဖြင့်ကြည့်သည်။
တွေ့ခဲ့သည်မှာ နာရီဝက်ပင်မကြာသေး။ ဘယ်လိုကြောင့် အချုပ်ခန်းထဲ ထိုမျှမြန်မြန်ရောက်လာသည်သိ။
တာအိုရှင်ဝစီပိတ် ရင်ထဲထိသွားသည်။ ထောင်ထဲတွင်နေထိုင်သည့် သူ့ဘဝကို သူ့ချစ်တပည့် ထိုမျှစိုးရိမ်မည်ဟု ထင်မထားခဲ့။ အတူနေဖို့ပင် ရောက်လာသည်။
"ဒီနေရာက မင်းတို့နှစ်ယောက် ကျင့်ကြံဖို့အတွက် တကယ်သင့်တော်ပါတယ်"
ဝစီပိတ် အလေးအနက်ပြောသည်။
အကျဉ်းထောင်မှော်စက်ဝန်းက ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ထားသည်။ သို့သော် လုယန်တို့နှစ်ယောက်၏ ကျင့်စဉ်အဆင့်က မြင့်မားသည်။
ကျင့်စဉ်အခြေခံခိုင်မာသည်။ ထို့ကြောင့် သူတို့ကို အပြည့်အဝထိန်းချုပ်နိုင်စွမ်းမရှိ။ အကျဉ်းထောင်တွင် ကျင့်ကြံခြင်းသည် သိုင်းသမားများ အလေးမ၍လေ့ကျင့်သည်နှင့်တူသည်။
ဤပတ်ဝန်းကျင်နှင့် အသားကျအောင်လုပ်နိုင်လျှင် သူတို့အနာဂတ်ကျင့်ကြံမှုအတွက် များစွာအကျိုးရှိလိမ့်မည်။
"ဒီလိုကောင်းကွက်လည်း ရှိသေးတာလား"
လုယန် ဝမ်းသာသွားသည်။ စေတနာကောင်းသူများကို ကံကြမ္မာက မျက်နှာသာပေးသည်ဟု တွေးနေသည်။
"နင့်ဆရာပြောတာ တကယ်မှန်ပါတယ်"
နတ်မယ်ကလည်း ပြောသည်။
ယခု လုယန်၏သိစိတ်နယ်မြေက အဆင်တစ်မျိုးပြောင်းနေပြန်သည်။ ကြီးမားသည့် တိုင်လုံးများက သူ့သိစိတ်နယ်မြေကို နှစ်ပိုင်းခြားထားသည်။
တစ်ဘက်တွင် သူရှိသည်။ တစ်ခြားတစ်ဘက်တွင် နတ်မယ်ရှိသည်။
ထာဝရမျိုးဆက်၏ခေါင်းဆောင်ဖြစ်၍ နတ်မယ်သည် အလွန်တရားမျှတသည်။ ဆိုးအတူကောင်းအတူစည်းမျဉ်းကို လက်ကိုင်ထားသည်။
သူကိုယ်တိုင် အကျဉ်းခန်းထဲတွင်နေသည်။ ထောင်အဝတ်အစားများကိုပင် ဝတ်ထားသေးသည်။ လုယန်နှင့်အတူ ဒုက္ခခံသည်။
"...နေပါဦးနတ်မယ်၊ ခင်ဗျားဘက်က ပတ်ဝန်းကျင်အခြေအနေက နည်းနည်းပိုကောင်းလွန်းမနေဘူးလား"
လုယန် ကိုယ့်အခန်းဘက်ကိုယ် ပြန်ကြည့်သည်။ အိပ်ယာခင်းအတွက် ကောက်ရိုးခြောက်များ၊ ခေါင်းအုံးအတွက် အဝတ်စုတ်များရှိသည်။
ခြေနှင့်လက်တွင် သံခြေကျင်းများ လက်ထိတ်များ ခတ်ထားသည်။
သို့သော် နတ်မယ်ဘက်တွင် နူးညံ့ပျော့ပြောင်းသည့် အဖိုးတန်မွေ့ယာ၊ အဝတ်အစားဗီရို၊ လက်ဖက်ရည်စားပွဲနှင့်ထိုင်ခုံ၊ လက်ဖက်ရည်အိုးများရှိသည်။ နံရံပေါ်တွင် နတ်မယ်ရေးဆွဲထားသည့်ပန်းချီကားများ ရှိသည်။
ကြက်များက မြေပြင်ပေါ်မှပိုးမွှားများကို ထိုးဆိတ်စားသောက်နေသည်။ နဂါးနှင့်ဖီးနစ်တိုက်ပွဲ ပန်းချီကားတစ်ခုလည်း ရှိသည်။
ထောင်အဝတ်အစားဝတ်ထားသော်လည်း နတ်မယ်အသွင်က အကျဉ်းထောင်တွင် လာအနားယူသည် အခွင့်ထူးခံအကျဉ်းသားနှင့်ပိုတူနေသည်။
လုယန်အသွင်က ထောင်တန်းစီးအနိုင်ကျင့်ခံထားရသည့် ထောင်သားအသွင်မျိုးရှိသည်။
"ငါ့ခန္ဓာကိုယ်က နူးညံ့တယ်လေ။ ကောက်ရိုးဖျာပေါ်မှာ ဘယ်လိုလုပ်အိပ်နိုင်မှာလဲ။ လုပ်ပါ လုပ်ပါ၊ ကိုယ့်ဘာသာကျင့်ကြံပါ။
နင့်တစ်ခြားစွမ်းရည်တွေပါ ကျင့်ကြံနိုင်အောင် နင့်ဝိညာဉ်အာရုံကိုတောင် ငါထိန်းချုပ်ပေးထားတယ်"
မှန်သည် ခြေကျင်းလက်ထိတ်ခတ်ပြီးနောက် ဝိညာဉ်အာရုံကို အရင်လိုမသုံးနိုင်တော့ကြောင်း လုယန်ခံစားမိလာသည်။
အပြင်လောကအစစ်တွင် လုယန်နှင့် မုန်ကျင်းကျိုးတို့ ဝစီပိတ်လမ်းညွှန်ချက်အတိုင်း တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းတပည့်များ၏ တာအိုနှလုံးကိုခိုင်မာစေရန် ဝစီပိတ်က တာအိုရှင်ရှန်ထန်နှင့်စကားပြော၍ ကျင့်ကြံမှုအာရုံကို အနှောက်အယှက်ပေးနေသည်။
သို့သော် တပည့်နှစ်ယောက်လုံးက ကျင့်စဉ်ပါရမီမြင့်မားကြသည်။ စိတ်အာတည်ငြိမ်သည့်အနေအထားသို့ ချက်ချင်းရောက်သွားသည်။ ဝစီပိတ်ကြောင့် အနှောက်အယှက်မဖြစ်။
အချိန်ငါးရက် ကုန်လွန်သွာားသည်။ လုယန်တို့နှစ်ယောက် ကျင့်စဉ်စွမ်းအား နည်းနည်းတိုးတက်လာသည်ကို ခံစားမိသည်။ မှော်စက်ဝန်းသာရှိမနေလျှင် သူတို့၏ဝိညာဉ်စွမ်းအားထိန်းချုပ််နိုင်စွမ်းင အဆင့်သစ်တစ်ခု တိုးတက်လာမည်ဟု ယုံကြည်ကြသည်။
ပါးစပ်ကိုဟ၍ မိုးမြေဝိညာဉ်စွမ်းအားများ စုပ်ယူနေသည့် တပည့်နှစ်ယောက်ကိုကြည့်၍ ဝစီပိတ်စိတ်ထဲ ထူးဆန်းသလိုခံစားရသည်။
"ဒါက ထောင်ထျဲ့မျိုးနွယ်ရဲ့ ကောင်းကင်မျိုမြေစား ဒဏ္ဍာရီနတ်စွမ်းအားပညာဆိုတာလား။ ဝိညာဉ်စုမှော်စက်ဝန်းထက် ပိုပြီးအကျိုးရှိတာပဲ။ အချိန်မရွေး နေရာမရွေး ကျင့်ကြံလို့ရတယ်"
ဝစီပိတ်က မှတ်ချက်ပေးသည်။
ကျင်းချွဲ့ စဉ်းစားမရ။ ထောင်ထျဲ့မျိုးနွယ်၏ နတ်စွမ်းအားပညာက ဤကဲ့သို့ကျင့်ကြံရခြင်းလော။ သူမြင်ဖူးထားသည်နှင့် လုံးဝမတူ။
တာအိုရှင်ရှန်ထန်နှင့် နောက်ထပ်စကားပြောရန်ပြင်နေရင်းမှ ဝစီပိတ်အမူအရာ ရုတ်တရက်ပြောင်းလဲသွားသည်။
ဝုန်းခနဲအသံတစ်ချက်မြည်၍ အကျဉ်းခန်းခေါင်မိုး ပွင့်ထွက်သွားသည်။ အားလုံးမော့ကြည့်ကြသည်။ ကြမ်းတမ်းသည့်မျက်နှာနှင့်လူတစ်ယောက် ညကောင်းကင်ထဲတွင် ရပ်နေသည်။
"ဟာ... ရန်သူတိုက်ခိုက်ပြီဟေ့"
ထောင်မှူး မျက်နှာအကြီးအကျယ်ပျက်သွားသည်။ လက်ထဲတွင် လက်နက်ကိုင်၍ အသင့်ပြင်ပြီး ကောင်းကင်သို့ပျံတက်သွားသည်။ ရန်သူကို စိုက်ကြည့်သည်။
ထိုလူက နတ်ဝိညာဉ်အဆင့်ထောင်မှူကို အရေးမစိုက်။ အကျဉ်းသားများကိုသာ အေးစက်စက်ငုံ့ကြည့်နေသည်။
အနီးအနားမှအိမ်များ ဆီမီးအိမ်ကိုယ်စီထွန်းပြီး စက္ကူပြတင်းပေါက်များကိုဖောက်၍ ချောင်းကြည့်ကြသည်။ အိမ်ထဲတွင်ပုန်းနေရမလား ထွက်ပြေးရမလား မဝေခွဲနိုင်ဘဲ တုန်လှုပ်ခြောက်ခြားနေကြသည်။
လုယန်နှင့်မုန်ကျင်းကျိုး ကျင့်ကြံမှုကိုရပ်၍ ကောင်းကင်မှလူကိုကြည့်သည်။ ကျင့်စဉ်အဆင့်ကို ခန့်မျှန်းမရ။ သို့ဆိုလျှင် ထိုလူသည် စုစည်းခြင်းအဆင့်ကျင့်ကြံသူသာ ဖြစ်ပေလိမ့်မည်။
"နှလုံးမဲ့ဂိုဏ်းသားတွေ ဘယ်မှာလဲ"
ထိုလူက ခပ်တင်းတင်းမေးသည်။
ထောင်ဖောက်ခြင်းဖြစ်သည်။
လုယန်တို့ အတော်အံ့ဩသွားသည်။ နှလုံးမဲ့ဂိုဏ်းက ထိုမျှပြောင်ပြောင်တင်းတင်း ထောင်ဖောက်ဖို့ကြိုးစားနေသည်။
ဖမ်းထားသည့် နှလုံးမဲ့ဂိုဏ်းသားများကို အကျဉ်းထောင်၏ အတွင်းပိုင်းတွင် ထိန်းသိမ်းထားသည်။ လုယန်တို့၏အကျဉ်းခန်းနှင့် အတော်ဝေးသည်။
"အတင့်ရဲလိုက်တဲ့ကောင်၊...လက်မောင်းကကွက်စွမ်းအား"
ထောင်မှူးက ဒေါသတကြီးအော်ဟစ်၍ သူ့လက်နက်ကို ဝှေ့ယမ်းလိုက်သည်။ လက်နက်ရောင်ကြောင့် ညကောင်းကင် လင်းထိန်သွားသည်။ လအလင်းတစ်ခု ထွန်းလင်းလာသလိုရှိသည်။
'လက်မောင်းကကွက်'သည် အကသိုင်းဟန်တစ်မျိုးဖြစ်သည်။ လရောင်အောက်တွင် ဖန်တီးထားသည့်ပညာဖြစ်သည်။ ညအချိန်တိုက်ခိုက်လျှင် စွမ်းအားနှစ်ဆတိုးသည်။
တစ်ဘက်လူက ထောင်မှူးကို လှည့်ပင်မကြည့်။ လအလင်းနှင့်တူသည့်လက်နက်ကို အသာဖမ်းချုပ်လိုက်သည်။ ထောင်မှူးက အားကုန်သုံး၍ဆွဲယူသော်လည်း လုံးဝမရ။
"ငြီးငွေ့စရာပဲ"
သူ့လက်ကိုအသာဝှေ့ယမ်းလိုက်သည်။ ထောင်မှူးရောလက်နက်ပါ လွင့်ထွက်သွားသည်။ လက်တစ်ချောင်းဆန့်ထုတ်၍ အနက်ရောင်အလင်းတန်းတစ်ခု ထောင်မှူးဆီထုတ်လွှတ်လိုက်သည်။
"ဝှီး"
"ဝုန်း"
ရုတ်တရက်ပေါ်လာသည့် နတ်ဆိုးလေပြင်းတစ်ခုကြောင့် အနက်ရောင်အလင်း လမ်းတစ်ဝက်တွင် ပျက်စီးသွားသည်။
"ဘယ်သူလဲကွ"
ကောင်းကင်မှလူ၏မျက်လုံးများ မှေးစင်းသွားသည်။ ခံ့ညားထည်ဝါသည့် ချုန်းချီတစ်ကောင် လေထဲတွင်ပေါ်လာသည်။ မျက်လုံးများက သွေးနီရောင်တောက်နေသည်။
ဝင်သက်ထွက်သက်တိုင်း အေးစိမ့်သည့်လူသတ်ရိပ်များ ထွက်ပေါ်နေသည်။ ရှေးဟောင်းခေတ်မှ ကြောက်စရာစွမ်းအားမျိုးဖြစ်သည်။
"ဝေါင်း"
ကျင်းချွဲ့ အော်ဟစ်မာန်သွင်းလိုက်သည်။ ဗုဒ္ဓခြင်္သေ့ဟောက်သံကဲ့သို့ မိုးမြေတစ်ခွင်တုန်ခါသွားသည်။
"စုစည်းခြင်းအဆင့်ချုန်းချီလား"
ကောင်းကင်မှလူ မျက်မှောင်ကျုံ့သွားသည်။ မြို့တော်သခင်သည် လေဟာနယ်သန့်စင်အဆင့်သာရှိသည်။ စုစည်းခြင်းအဆင့်ချုန်းချီတစ်ကောင် ဤနေရာတွင် ဘာကြောင့်ရှိနေသည်မသိ။
ကျင်းချွဲ့ ရန်သူကိုစိုက်ကြည့်နေသည်။ သူ့အကိုကြီးပြောသည့်စကားအရ ထိုလူကိုဖမ်းနိုင်လျှင် များစွာအကျိုးရှိလာလိမ့်မည်။
"အကျဉ်းခန်းထဲမှာ ငါပျင်းနေတာသိလို့ မင်းကအထူးတလည်လာဖျော်ဖြေတာထင်တယ်"
ကျင်းချွဲ့ ထိုလူကိုသိပ်အရေးမစိုက်။ ချုန်းချီတို့သည် တိကျန်းမျိုးနွယ်လို အလှအပကကွက်များကြောင့် နာမည်ကျော်သည်မဟုတ်။ ရှေးဟောင်းခေတ်ကတည်းက သူတို့၏တိုက်ခိုက်စွမ်းအားကြောင့် နာမည်ကျော်ခဲ့ခြင်းဖြစ်သည်။
ကျားလက်ဝါးတစ်ချက်ပုတ်လိုက်သည်။ လေဟာနယ်အက်ကွဲသွားသည်။ တစ်ဘက်လူ၏မျက်လုံးများကလည်း စူးရှတောက်ပလာသည်။
ခြေတစ်ဘက်အသာဆောင့်၍ ဝိညာဉ်တစ်ခုကဲ့သို့ တိုက်ခိုက်မှုကို အလွယ်တကူရှောင်တိမ်းသွားသည်။
"ချုန်းချီမျိုးနွယ်တွေက ဒီအစွမ်းလောက်ထက်မပိုပါဘူး"
ထိုလူ လှောင်ပြုံးပြုံးသည်။ သို့သော် တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ရုတ်တရက် သူ့ကိုယ်သူငုံ့ကြည့်သည်။ ရင်ဘတ်တွင် လက်သည်းအစင်းကြောင်းရာသုံးခုကို မြင်ရသည်။
သွေးများ ဒလဟောစီးကျနေသည်။
"နှလုံးမဲ့ဂိုဏ်းသားတွေအစွမ်းက ဒီလောက်ပါပဲ။...ဒါကြောင့်လည်း ကိုယ့်မယားကို သူများနဲ့ပေးအိပ်ကြတာ မဆန်းတော့ပါဘူး"
ကျင်းချွဲ့ လှောင်ပြောင်ရယ်မောလျက် ထိုလူကို နောက်တစ်ကြိမ်ခုန်အုပ်သည်။
ကျင်းချွဲ့စကားကြောင့် နှလုံးမဲ့ဂိုဏ်းသား ဒေါသထွက်သွားဟန်ရှိသည်။ သို့မဟုတ် မနှစ်မြို့စရာအတိတ်မှတ်ဉာဏ်များ သူ့အတွေးထဲတွင် ပြန်ပေါ်လာခြင်းလည်းဖြစ်နိုင်သည်။
အဆုံးစမဲ့အနက်ရောင်စွမ်းအင်များ သူ့အင်္ကျီလက်ထဲမှ ထိုးထွက်လာသည်။ ဝိညာဉ်အရိပ်များအဖြစ် ပြောင်းလဲသွားသည်။
"သရဲထိန်းပညာလား"
ကျင်းချွဲ့လှောင်ပြုံးပြုံးသည်။ ဖြူဖွေးသည့် သွားတန်းများပေါ်လာသည်။ သူ့တောင်ပံများကို တစ်ချက်ခတ်လိုက်သည်။ ဘေးပတ်လည်တွင် လေလှိုင်းများဖြစ်ပေါ်လာသည်။
သရဲအရိပ်များ တုန်ခါသွားသည်။ အထိန်းအချုပ်လွတ်တော့မည့် လက္ခဏာများပြလာသည်။
"ငါတို့ချုန်းချီမျိုးနွယ်က သိပ်လှုပ်ရှားလေ့မရှိတော့ လောကကြီးက ငါတို့ရဲ့သရဲထိန်းပညာကို မေ့သွားကြပြီထင်တယ်"
လုယန် မျက်လုံးတစ်ချက်လှုပ်သွားသည်။ ထာဝရဂိုဏ်းသို့ မဝင်မီကအဖြစ်ကို ပြန်သတိရလာသည်။ ထိုစဉ်က ဂိုဏ်းမစ်ရှင်အတွက် သရဲထိန်းပညာကျွမ်းကျင်သည့် ကျားနတ်ဆိုးတစ်ကောင်ကို နှိမ်နှင်းခဲ့ရသည်။
"မဟုတ်သေးဘူး။ ဒီနှလုံးမဲ့ဂိုဏ်းသားက လူကယ်ဖို့လာတာမဖြစ်နိုင်ဘူး"
ဝစီပိတ် မျက်မှောင်ကျုံ့လျက် တီးတိုးရေရွတ်နေသည်။ နှလုံးမဲ့ဂိုဏ်းသားတို့အကြောင်း သူသိသည်။ အကျိုးအမြတ်မရှိဘဲ လူကယ်မည်မဟုတ်။
ထို့ပြင် မဟာရှားနိုင်ငံ၌ သာမန်လူများကြားတွင်ပုန်းအောင်းနေသည့် နဂါးများဖီးနစ်များရှိသည်။ စွမ်းအားမြင့်သူမရှိဟု ယူဆရသည့်မြို့များတွင် စွမ်းအားရှင်များ မထင်မရှားရှိနေနိုင်သည်။ ယနေ့ဖြစ်စဉ်ကိုပင်ကြည့်ပါ။
ထိုနှလုံးမဲ့ဂိုဏ်းသားသည် လူမကယ်နိုင်ရုံသာမက အသက်ဆုံးရှုံးမည့်အန္တရာယ်ပါ ရှိနေသည်။
ဝစီပိတ် ဝိညာဉ်အာရုံဖြန့်၍ ယဲ့မြို့တော်အတွင်း ထူးခြားမှုရှိမရှိစစ်ဆေးသည်။ သူချက်ချင်းမျက်နှာပျက်သွားသည်။
ဓားအလင်းတစ်ခုအဖြစ် အသွင်ပြောင်း၍ မြို့တော်သခင်၏ အိမ်တော်ဆီ အမြန်ပျံသန်းသွားသည်။
"အခြေအနေမကောင်းဘူး။ မြို့တော်သခင်ရဲ့အိမ်မှာ တစ်ခုခုဖြစ်နေပြီ"
*******************************