အခန်း (၈၁၇-၈၁၉)
Vol. 55 Ch. 817-819
အခန်း (၈၁၇) ပြဿနာ
ယဲ့မြို့တော်သခင်၏အိမ်တော်။
မြို့တော်သခင်သွမ့်ရှို ကျင့်ကြံနေသည့်အခန်းထဲမှ ထွက်လာသည်။ မျက်မှောင်ကျုံ့လျက် အကျဉ်းထောင်ဘက်ဆီ လှမ်းကြည့်သည်။
"ဘယ်ကောင်က ဒီလောက်အတင့်ရဲပြီး ထောင်ဖောက်ရဲတာလဲ"
တစ်ချိန်က သူသည် တပ်မှူးတစ်ယောက်ဖြစ်သည်။ နောက်ပိုင်းမှ မြို့တော်သခင်အဖြစ် တာဝန်ထမ်းဖို့ ယဲ့မြို့တော်သို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။
သူ့စစ်ရေးအတွေ့အကြုံကြောင့် အန္တရာယ်ကြုံနေသော်လည်း စိတ်လှုပ်ရှားခြင်းမရှိ။ အခြေအနေကို တည်ငြိမ်စွာသုံးသပ်သည်။ သူ့လက်အောက်ခံများကို ချက်ချင်းခေါ်သည်။
"အကျဉ်းသားကယ်ဖို့ မြို့တော်အကျဉ်းထောင်ကို ဖောက်ရဲတယ်ဆိုတော့ ဒီလူက အနည်းဆုံး စုစည်းခြင်းအခြေခံအဆင့်တော့ရှိလိမ့်မယ်။
အိမ်နီးချင်းမြို့တော်လေးခုကို တပ်ကူမြန်မြန်သွားခေါ်ပါ။ မြို့တော်နားမှာရှိတဲ့ တပ်ဖွဲ့တွေဆီ အကြောင်းကြားပါ"
"ဟုတ်ကဲ့"
သွမ့်ရှို တိုက်ပွဲသံချပ်ကာဝတ်၍ သံခမောက်ဆောင်းသည်။ လွန်ခဲ့သည့်နှစ်တစ်ရာက နေ့ရက်များဆီ ပြန်ရောက်သွားသလို ခံစားရသည်။
"ယောက်ျား ဘာတွေဖြစ်ကုန်တာလဲ"
"အဖေ၊ ဘာဖြစ်တာလဲ"
ဆူဆူညံညံအသံများကြောင့် သူ့ဇနီးနှင့်သားလည်း သူတို့အခန်းမှ ထွက်လာသည်။ သံချပ်ကာဝတ်ထားသည့်သွမ့်ရှိုကိုမြင်လိုက်ရသဖြင့် သူတို့မျက်နှာတွင် စိုးရိမ်ပူပန်ရိပ်များပေါ်လာသည်။
ဇနီးသည်လက်ကိုကိုင်၍ သူအလေးအနက်ပြောသည်။
"ပေါက်လွှတ်ပဲစားတစ်စုပါကွာ။ ငါ့စွမ်းရည်ကို မင်းမသိဘူးလား။ ဘာမှမဖြစ်ပါဘူး။ ပြီးတော့ ယဲ့မြို့တော်မှာ လျှို့ဝှက်လက်နက်လည်းရှိတာပဲ"
"ဒါဆိုလည်း သတိတော့ထားပါ"
ဇနီးနှင့်သားက သူ့အတွက် အတော်စိုးရိမ်နေသည်။
နောက်လှည့်မကြည့်ဘဲ သူလက်ယမ်းပြလိုက်သည်။
"တော်တော့၊ အခန်းထဲပြန်ပြီးနားကြတော့"
သွမ့်ရှို အိမ်တော်၏ မြေတိုက်ခန်းဆီ ဦးတည်လိုက်သည်။
ယဲ့မြို့တော်အောက်တွင် စုစည်းခြင်းအဆင့်အကာအကွယ်မှော်စက်ဝန်းတစ်ခုရှိကြောင်း သိသူနည်းသည်။
အသက်သွင်းလိုက်သည်နှင့် ရန်သူကိုတိုက်ရိုက်အနိုင်မယူနိုင်လျှင်ပင် တပ်ကူများရောက်လာချိန်အထိတော့ ထိန်းထားနိုင်သည်။
စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို သူလှည့်လိုက်သည်။ စာအုပ်စင်က ကျွီခနဲတစ်ချက်မြည်ပြီး ဘေးသို့ရွေ့သွားသည်။ ကျောက်တံခါးတစ်ခုပေါ်လာသည်။
ကျောက်တံခါးပေါ်သို့ သူ့ဝိညာဉ်စွမ်းအားလွှတ်၍ ဖွင့်လိုက်သည်။ ရှည်လျားသည့်ဥမင်လမ်းကြောင်းတစ်ခု ပေါ်လာသည်။
ဥမင်လမ်းအတိုင်း သူလျှောက်သွားသည်။ ကျောက်သားနံရံတွင်တပ်ဆင်ထားသည့် ဆီမီးအိမ်များ တစ်ခုပြီးတစ်ခုလင်းလာသည်။
ဥမင်လမ်း၏ အတွင်းအကျဆုံးအပိုင်းမှ ခန်းမဆီ အလင်းပြပေးနေသည်။
"ဟာ"
ခန်းမသို့ရောက်ချိန်တွင် ကျောက်သားနံရံပေါ်ရေးထွင်းထားသည့် မြို့တော်အကာအကွယ်မှော်စက်ဝန်းဗဟိုက ပြန်ပြင်၍မရနိုင်အောင် ဖျက်ဆီးခံထားရသည်ကို သူမြင်လိုက်ရသည်။
"မဖြစ်နိုင်ဘူး"
သော့အဖြစ်လုပ်ဆောင်ပေးသည့် သူ့ဝိညာဉ်စွမ်းအားမပါဘဲ ဤနေရာသို့ ဘယ်သူမှချိုးဖျက်မဝင်နိုင်။
"အံ့ဩသွားပြီလား မြို့တော်သခင်"
ခြောက်ကပ်အက်ကွဲသည့်စကားသံတစ်ခု သူ့နောက်ဘက်မှ ပေါ်လာသည်။
"ဘယ်သူလဲကွ"
သူဖြတ်ခနဲနောက်လှည့်ကြည့်သည်။ အစောကတည်းက သူ့ဝိညာဉ်အာရုံကို ဖြန့်ထားသည်။ သို့သော် သူ့ဆီသို့ လူတစ်ယောက်ချဉ်းကပ်လာသည်ကို မရိပ်မိခဲ့။
တစ်ဘက်လူ၏ကျင့်စဉ်အဆင့်က သူ့ထက်မြင့်နေသည့်သဘောဖြစ်သည်။
လူစိမ်းက သူ့ကိုယ်သူမိတ်ဆက်သည်။
"နှလုံးမဲ့ဂိုဏ်းက ဝူလဲ့ပါ"
"ဪ...မင်းက နှလုံးမဲ့ဂိုဏ်းသားကိုး"
သွမ့်ရှို ဝူလဲ့ကို သတိမပြတ်ကြည့်နေသည်။ အနီယောင်ပန်းပွားမြိတ်တပ်ထားသည့်လှံကို မှော်လက်စွပ်ထဲမှထုတ်လိုက်သည်။
"မင်းတို့က လူခွဲလှုပ်ရှားနေပုံပဲ။ တစ်ယောက်က အကျဉ်းသားသွားကယ်ပြီး တစ်ယောက်က ငါ့ကိုထိန်းထားမယ်ပေါ့"
ဝူလဲ့ ခေါင်းခါသည်။ အတက်အကျမရှိသည့်လေသံဖြင့် ပြန်ပြောသည်။
"လူကယ်တယ်ဆိုတာက ဟန်ပြပါ။ ငါတို့ရည်ရွယ်ချက်က မင်းကိုသတ်ဖို့ပဲ"
"အတော်ရဲတင်းတာပဲ"
လှံရှည်က နဂါးတစ်ကောင်လို လေထဲသို့ ထိုးတက်သွားသည်။ လှံဖျားမှ မီးတောက်အလင်းများ ထွက်လာသည်။
လေဟာနယ်သန့်စင်အဆင့်ဖြစ်သော်လည်း ယခု စုစည်းခြင်းအဆင့်တိုက်ခိုက်စွမ်းအားကို သူပိုင်ဆိုင်ထားသည်။
ဝူလဲ့ဟုခေါ်သည့် ဤနှလုံးမဲ့ဂိုဏ်းဝင်ကို သူလုံးဝမကြောက်။
ဝူလဲ့က လက်နှစ်ဘက်ကို ဘေးသို့ညင်သာစွာခွဲသည်။ လက်ချောင်းထိပ်မှ လျှပ်စီးတန်းများ တောက်ပလာသည်။ ကျဉ်းကျဉ်းကြပ်ကြပ်အခန်းထဲတွင် ကြမ်းတမ်းသည့်လျှပ်စီးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
"ချွင်"
သွမ့်ရှို လျှပ်စီးမုန်တိုင်းအလယ်သို့ ရောက်သွားသည်။ လှံရှည်က ဝူလဲ့ဆီသို့မရောက်မီ လျှပ်စီးတန်းများက သူ့ကိုထိသည်။ သူ့ခန္ဓာကိုယ်ထိန်းချုပ်မှုမဲ့သွားသည်။ လှံရှည်လည်း မြေပေါ်သို့လွတ်ကျသွားသည်။
"မင်းမသိဘူးလား မြို့တော်သခင်။ စုစည်းခြင်းအဆင့်တွေကြားမှာတောင် စွမ်းအားကွာဟချက်ဆိုတာ ရှိတယ်လေ"
ဝူလဲ့စကားတွင် လှောင်ပြောင်ရိပ်လုံးဝမပါ။ လက်ရှိအခြေအနေအရ လှောင်ပြောင်နေခြင်းသည် ဘာမှအကျိုးမရှိ။
"မဖြစ်နိုင်ဘူး"
သွမ့်လျှို့ လျှပ်စီးထိ၍ တစ်ကိုယ်လုံးထုံကျင်နေသည်။ လက်သီးဆုပ်ဖို့ပင် အင်အားမရှိ။ ဝူလဲ့ကိုကြည့်၍ မယုံနိုင်အောင်ဖြစ်နေသည်။
စုစည်းခြင်းအဆင့်များကြား ကွာဟချက်ရှိလျှင်ပင် တိုက်ကွက်တစ်ခုတည်းနှင့်တော့ အနိုင်အရှုံးမပေါ်သင့်။
လျှပ်စီးတန်းများက မယုံနိုင်လောက်အောင်ပင် သူ့အားနည်းချက်နေရာများအားလုံးကို တစ်ပြိုင်တည်းထိသည်။
"ဘာမဖြစ်နိုင်စရာရှိလို့လဲ"
သူရင်းနှီးနေသည့်စကားသံ ဝူလဲ့နောက်ကျောဘက်မှ ထွက်လာသည်။
"ဝမ်ဝူ"
ဝူလဲ့နောက်မှထွက်လာသည့် သူ့သားဝမ်ဝူကို သွမ့်ရှို တအံ့တဩမျက်လုံးပြူး၍ကြည့်နေသည်။
"မင်းက နှလုံးမဲ့ဂိုဏ်းရဲ့သူလျှိုလား"
လျှို့ဝှက်ခန်းရှိသည့်နေရာ။ သူ့ခန္ဓာကိုယ်မှ အားနည်းချက်ရှိသည့်နေရာများ။ အားလုံးကို သူ့သားကထုတ်ပြောခဲ့ခြင်းသာဖြစ်လိမ့်မည်။
သွမ်ဝမ်ဝူက တစ်ကိုယ်လုံးတောင့်တင်းနေသည့် သူ့ဖခင်ကိုကြည့်၍ ပြုံးလိုက်သည်။
"ကျုပ်က နှလုံးမဲ့ဂိုဏ်းသား အပြည့်အဝမဖြစ်သေးဘူး။ ခင်ဗျားကိုသတ်ပြီးမှ တရားဝင်ဂိုဏ်းသားအဖြစ် သတ်မှတ်ခံရမှာ"
နှလုံးမဲ့ဂိုဏ်းကိုဝင်နိုင်ရန် အရင်းနှီးဆုံးလူကို သတ်ဖို့လိုသည်။
သွမ့်ဝမ်ဝူအတွက် သူအရင်းနှီးဆုံးလူက သူ့မိဘများသာဖြစ်သည်။
သို့သော် သူ့ကျင့်စဉ်အဆင့်က နိမ့်လွန်းနေသည်။ မြို့တော်သခင်ဘာမှမလုပ်ဘဲရပ်နေလျှင်ပင် ထိခိုက်အောင်လုပ်နိုင်မည်မဟုတ်။
သွမ့်ရှိုတွင် မဟာရှားရုံးတ်ောကပေးထားသည့် အသက်ကယ်မှော်ရတနာတစ်ခုရှိသည်။
ထို့ကြောင့် နှလုံးမဲ့ဂိုဏ်းအကြီးအကဲများ ကူညီလှုပ်ရှားပေးဖို့လိုသည်။
နှလုံးမဲ့ဂိုဏ်းအကြီးအကဲများကလည်း သူ့ကိုအလကားကူညီမည်မဟုတ်။ ထို့ကြောင့် ဝူလဲအလိုရှိသမျှယူနိုင်အောင် ယဲ့မြို့တော်ရတနာတိုက်ကိုဖွင့်ဖို့ ကူညီမည်ဟု ကတိပေးခဲ့သည်။
"ဘာလို့ဒီလိုလုပ်တာလဲကွ"
ခန္ဓာကိုယ်ထဲတွင် လှိုင်းထနေသည့်လျှပ်စီးများကိုထိန်းချုပ်ရင်း သွမ့်ရှိုအော်ဟစ်လိုက်သည်။ သူ့မျက်လုံးများ နီရဲနေသည်။
"ဘာလို့လဲတဲ့လား။ ဘာလို့လဲလို့ ခင်ဗျားမေးရဲသေးတယ်ပါ့"
သွမ့်ဝမ်ဝူမျက်နှာက သာရဲအရိုင်းတစ်ကောင်လိုဖြစ်လသည်။
"ခင်ဗျားကဘယ်တုန်းကမှ ရာထူးအခွင့်အရေးကိုအသုံးချပြီး ဂိုဏ်းတွေနဲ့ စီးပွားရေးမလုပ်ခဲ့ဘူး။ ကျုပ်ကို ထိပ်တန်းဂိုဏ်း ဒါမှမဟုတ် ပထမအဆင့်ဂိုဏ်းလောက်ထိ ရောက်အောင်မပို့ဘူး။
ကျုပ်ရဲ့ကျင့်စဉ်အဆင့်တိုးတက်ဖို့ ရတနာတိုက်ထဲကရတနာတွေကို သုံးမယ်ဆိုတော့လည်း ခွင့်မပြုဘူး။ အခုကျုပ် အသက်နှစ်ဆယ့်ငါးနှစ်ထဲ ရောက်နေတာတောင် ရွှေသန္ဓေအဆင့်မှာပဲ ပိတ်မိနေတယ်။
ကျုပ်က မြို့တော်သခင်ရဲ့သားပါ။ ကျုပ်အကျိုးရှိဖို့အတွက် ခင်ဗျားရာထူးကို တစ်ခါလောက်တောင် သုံးခဲ့ဖူးလို့လား။
အမေကလည်း ကျုပ်ကိုနှစ်သိမ့်ဖို့ပဲတတ်တယ်။ ကျုပ်က ကျင့်စဉ်လမ်းနဲ့မသင့်တော်လို့ အစိုးရအလုပ်ပဲလုပ်ပါတဲ့။ ကျုပ်ခံစားချက်တွေကို ခင်ဗျားတို့ထည့်စဉ်းစားဖူးလို့လား။
ကျုပ်ကို ဝမ်ဝူလို့ ခင်ဗျားနာမည်ပေးထားတယ်။ ဒီနာမည်မှာ 'သိုင်းစွမ်းရည်'ဂုဏ်ပုဒ် ဘာတွေပါလို့လဲ"
နှစ်ဆယ့်ငါးနှစ်အရွယ်တွင် ရွှေသန္ဓေအဆင့်ရောက်နေသည်ဆိုလျှင် ကျင့်စဉ်ပါရမီညံ့သည်ဟု မဆိုသာ။ သို့သော် ထိုသို့ဖြစ်လာခြင်းက သွမ့်ဝမ်ဝူ၏ကြိုးစားအားထုတ်မှုကြောင့်မဟုတ်။
မြို့တော်သခင်က သူ့သားတိုးတက်ဖို့ သူစုဆောင်းထားသမျှ ရင်းနှီးခဲ့ခြင်းကြောင့်သာဖြစ်သည်။
ယခု ဂိတ်ဆုံးသို့ ရောက်နေပြီဖြစ်သည်။ သွမ့်ဝမ်ဝူ၏သဘာဝဓာတ်ခံ(ဝိညာဉ်မြစ်)ကလည်း ညံ့လွန်းသည်။ နောက်ထပ်တိုးတက်ဖို့အတွက်လိုအပ်သည့် အဖိုးတန်ရတနာများကို မြို့တော်သခင် ထောက်ပံ့နိုင်စွမ်းမရှိတော့။
"စီးပွားရေးလုပ်ရင် ယဲ့မြို့တော်ပြည်သတွေရဲ့ အကျိုးစီးပွားထိခိုက်မှာ။ ရတနာတိုက်ကလည်း ရှားနိုင်ငံပိုင်တာ။ ငါ့ကိုယ်ပိုင်မဟုတ်ဘူး။ အဲဒါကို ငါမင်းကိုဘယ်လိုပေးရ-"
"တော်တော့၊ ထပ်မပြောနဲ့တော့"
သွမ်ဝမ်ဝူ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ခင်ဗျားက မြို့တော်သခင်ဂုဏ်သိက္ခာကို ဒီလောက်ထိန်းချင်နေမှတော့ ကျုပ်ကိုလည်းရက်စက်တယ်လို့ အပြစ်မတင်နဲ့ပေါ့"
နှလုံးမဲ့ဂိုဏ်းတွင် လူတစ်ယောက်၏ သဘာဝဓာတ်ခံကို တိုးမြှင့်သည့်နည်းလမ်းတစ်ခုရှိသည်။ မိသားစုဝင်တစ်ယောက်၏နှလုံးသွေးကို ဓာတ်ကူပစ္စည်းအဖြစ် သုံးဖို့လိုသည်။
ထိုမိသားစုဝင်၏ ကျင့်စဉ်အဆင့်အတန်းမြင့်မားလေ အာနိသင်ပိုထက်မြက်လေဖြစ်သည်။
ဝိညာဉ်ပြောင်းအဆင့်ဖြစ်သည့် သူ့ဖခင်၏သွေးကိုသုံးလျှင် ဒွိဝိညာဉ်မြစ်ပိုင်ရှင်အဖြစ် သူအသွင်ပြောင်းနိုင်ခြေရှိသည်။
"ဝမ်ဝူ..."
သူစိမ်းတစ်ယောက်လိုဖြစ်နေသည့် သူ့သားကိုကြည့်၍ သွမ့်ရှို၏မျက်လုံးများ ဝေဝါးသွားသည်။ အတိတ်မှတ်ဉာဏ်များ သူ့အတွေးထဲတွင် တရိပ်ရိပ်ပေါ်လာသည်။
သူ့သားမွေးဖွားသည်။ စကားတီတီတာတာပြောသည်။ လမ်းလျှောက်သင်သည်။ သစ်ပင်တက်၍ ငှက်ဥနှိုက်သည်။ ဆရာက သူ့လက်ကိုရိုက်သည်။ စာဖတ်ရင်းငိုသည်။
ဝိညာဉ်မြစ်စမ်းသပ်သည်။ ချီစုစည်းမှုအဆင့်စတင်သည်....
ဘာကြောင့် သူ့သားက ယခုလိုပုံစံမျိုးဖြစ်သွားသည်မသိ...
သူ့ဖခင်မျက်ရည်ဝဲနေသည်ကိုကြည့်၍ သွမ့်ဝမ်ဝူ လေသံချက်ချင်းပျော့သွားပြီး သက်ပြင်းချသည်။
"အဖေနဲ့အမေကို ကျုပ်ချစ်ပါတယ်။ ဒါပေမယ့် ကျုပ်ပိုပြီးစွမ်းအားကြီးချင်တယ်။ ဒါကြောင့် အဖေတို့ကို ကျုပ်စတေးဖို့လိုတယ်။
ကျုပ်ကိုနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
"သခင်စစ်၊ လှုပ်ရှားပါတော့"
သွမ့်ဝမ်ဝူ ဝူလဲ့ကို ဦးညွှတ်၍ပြောသည်။ သူ့မျက်လုံးတွင် လူသတ်ရိပ်များ တောက်ပလာသည်။
"ကျုပ်မိဘတွေနဲ့ အိမ်တော်ကလူအားလုံးကို သတ်ပေးပါ"
သူနှလုံးမဲ့ဂိုဏ်းသို့ ဝင်သွားကြောင်း ရှားနိုင်ငံကသိလျှင် ယနေ့ကိစ္စကို သဲလွန်စအဖြစ်ထား၍ သေချာပေါက် စုံစမ်းစစ်ဆေးကြလိမ့်မည်။
မပြီးမဆုံးနိုင်သည့်ဒုက္ခများ ဖြစ်လာနိုင်သည်။
ထို့ကြောင့်လည်း ယဲ့မြို့တော်နှလုံးမဲ့ဂိုဏ်းခွဲအကြောင်း တစ်ဘက်လှည့်ဖြင့် သူသတင်းပေးတိုင်တန်းခဲ့သည်။ ဂိုဏ်းခွဲအဖွဲ့ဝင်အားလုံးကို ဖမ်းဆီးစေခဲ့သည်။
ထိုကိစ္စကို အကြောင်းပြချက်အဖြစ်သုံး၍၍ ဝူလဲ့နှင့် နောက်ထပ်ဂိုဏ်းအကြီးအကဲတစ်ယောက်က တိုက်ခိုက်လာမည်။ အကျဉ်းထောင်ကိုဖောက်မည်။
ထို့နောက် သူ့ဖခင်နှင့်အတူ ပြန်ခုခံကြသည့် အိမ်တော်မှလူအားလုံးကို သတ်ဖြတ်လိုက်သည်ဟူသည့် ဇာတ်လမ်းမျိုး ဖန်တီးထားခြင်းဖြစ်သည်။
သူ့နာမည်လည်း သေဆုံးသူစာရင်းထဲတွင် ပါသွားမည်။ သွမ်ဝမ်ဝူကို လောကထဲမှ အပြီးတိုင်ဖျောက်ဖျက်လိုက်ခြင်းဖြစ်သည်။
သို့မှသာ ရှားနိုင်ငံလိုက်ဖမ်းမည်ကို စိုးရိမ်စရာမလိုဘဲ နှလုံးမဲ့ဂိုဏ်းသို့ သူချောချောမွေ့မွေ့ဝင်ခွင့်ရမည်။
အန္တရာယ်များသည့်ကိစ္စဖြစ်၍ သခင်စစ်ဝူလဲ့ကို အကျိုးအမြတ်များစွာ သူပေးထားသည်။ သို့မှသာ နှလုံးမဲ့ဂိုဏ်းထဲသို့ရောက်ချိန်တွင် ဝူလဲ့၏ထောက်ပံ့မှုရနိုင်မည်။
ဝူလဲ့က ဘာစကားမှမပြော။ သူ့ခန္ဓာကိုယ်မှ လျှပ်စီးအလင်းများပေါ်လာသည်။ သူ့လက်ဝါးတွင် မိုးကြိုးစွမ်းအားတစ်ခု စုစည်းလာသည်။
"နှုတ်ဆက်ပါတယ် မြို့တော်သခင်"
"ဝှီး"
ဓားအလင်းတန်းတစ်ခု ကောင်းကင်မှ ကျဆင်းလာသည်။ ဝူလဲ့နှင့် မြို့တော်သခင်ကြားတွင် နက်ရှိုင်းသည့် အက်ကြောင်းတစ်ခုဖြစ်သွားသည်။
လျှို့ဝှက်ခန်းရော မြေပေါ်ခန်းပါ နှစ်ခြမ်းကွဲသွားသည်။
ဝူလဲ့ ဖျတ်ခနဲ့ခေါင်းမော့ကြည့်သည်။ ဓားကိုင်ထားသည့် တာအိုရှင်တစ်ယောက် သူ့ခေါင်းပေါ်တွင် ရှိနေသည်။ ဝူလဲ့အံတင်းတင်းကြိတ်၍ စကားသုံးလုံးရေရွတ်လိုက်သည်။
"ဝစီပိတ်"
တာအိုရှင်ဝစီပိတ် ဝူလဲ့ကို သေချာကြည့်နေသည်။ သူ့အတိတ်မှတ်ဉာဏ်ထဲတွင် ပြန်ရှာဖွေရင်း နောက်ဆုံးတွင် ထိုလူကို မှတ်မိသွားသည်။
"ခင်ဗျားက ဝူလဲ့လား။ မတွေ့တာတောင် နှစ်တစ်ထောင်ကျော်ကြာပြီပဲ။ ကျုပ်နှလုံးမဲ့ဂိုဏ်းကိုဝင်တုန်းက ခင်ဗျားစုစည်းခြင်းနောက်ဆုံးအဆင့်နော်။
အခုထိ ဒီအဆင့်ပဲရှိသေးတာလား။ နှလုံးမဲ့ဂိုဏ်းရဲ့ ကျင့်စဉ်နည်းလမ်းတွေက သိပ်အလုပ်မဖြစ်ဘူးထင်တယ်"
*********************************
အခန်း (၈၁၈) လက်စားချေခြင်း
ဝူလဲ့သည် အလုပ်ကိုအမြဲတမ်းအလေးအနက်ထားသည်။ ဟာသလုံးဝမလုပ်။ စိတ်ခံစားချက် ယိမ်းယိုင်လှုပ်ရှားခြင်းမရှိ။ နှလုံးမဲ့လမ်းစဉ်တွင် အတော်ခရီးရောက်နေသူဖြစ်ကြောင်း နှလုံးမဲ့ဂိုဏ်းအကြီးအကဲများသိကြသည်။
သို့သော်ယခု သူ့စိတ်ကို တည်ငြိမ်အောင်ထိန်းချုပ်ဖို့ အတော်ခက်ခဲနေသည်။
လွန်ခဲ့သည့်အတိတ်တစ်ချိန်က ဝစီပိတ်၏လုပ်ရပ်များကြောင့် နှလုံးမဲ့ဂိုဏ်း အတော်အထိနာခဲ့သည်။ ဂိုဏ်းအင်အား များစွာလျော့ပါးသွားခဲ့သည်။
နှလုံးမဲ့ဂိုဏ်း ပြန်နလန်ထူလာပြီးနောက် လူအတော်များများက သူတို့စိတ်တည်ငြိမ်မှုပျက်ပြားအောင်လုပ်ခဲ့သည့် တာအိုရှင်ဝစီပိတ်ကို လက်စားချေဖို့ ကျိတ်တွေးခဲ့ကြသည်။
သို့သော် ထိုအချိန်တွင် ဝစီပိတ်က ဝိညာဉ်ပြောင်းအဆင့်မှ စုစည်းခြင်းအဆင့်သို့ တက်သွားသည်။ ဂိုဏ်းချုပ်ပင် ဖြစ်သွားသည်။
သူ့ကိုသတ်ဖို့ မလွယ်ကူတော့။
ထို့ပြင် ဤသူတောင်းစားဝစီပိတ်တွင် ရန်သူများစွာရှိနေသည်။ နှလုံးမဲ့ဂိုဏ်းဝင်တစ်ယောက် သူ့ကိုသတ်ဖို့ကြိုးစားသည့်အခါတိုင်း လမ်းမှန်ဂိုဏ်းစုစည်းခြင်းကျင့်ကြံသူတစ်ယောက် အမြဲပေါ်လာတတ်သည်။
ထိုလူကလည်း ဝစီပိတ်ကို လက်စားချေရန် လာရှာခြင်းဖြစ်သည်။
သို့သော် ပြဿနာက ဘယ်လမ်းမှန်ဂိုဏ်းကျင့်ကြံသူမဆို နှလုံးမဲ့ဂိုဏ်းသားများကိုတွေ့လျှင် ဝစီပိတ်ထက် သူတို့ကိုအရင်ရှင်းလိမ့်မည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဝစီပိတ်အဆိုပြုခဲ့သည် 'မယားစွန့်၍ဉာဏ်အလင်းရှာလမ်းစဉ်'ကို နှလုံးမဲ့ဂိုဏ်းချုပ်က အတည်ပြုခဲ့သည်။ များစွာချီးကျူးခဲ့သည်။
အတော်ဝါဒပြန့်ခဲ့သဖြင့် ဝစီပိတ်ပြဿနာကြုံပြီးနောက်မှာပင် ဂိုဏ်းထဲတွင် ဆက်အသုံးပြုခဲ့ကြသည်။
ထို့ကြောင့် နောက်ပိုင်းတွင် ဂိုဏ်းထဲ၌ လူအတော်နည်းသွားသည်။
ချစ်ခြင်းမေတ္တာချည်နှောင်ပြီး လက်ထပ်ရသည်။ ကိုယ့်မယား တစ်ခြားလူကိုပေးရသည်...ထိုကိုစ္စမျိုး ဘယ်သူဆက်လုပ်နိုင်မည်နည်း။
ကျင့်ကြံသည့်ကိစ္စတွင် ကျင့်စဉ်အဆင့်မြင့်လေ စိတ်တည်ငြိမ်မှုက ပိုအရေးကြီးလေဖြစ်သည်။ ဝစီပိတ်မွှေခဲ့သည့်ဂယက်ကြောင့် နှလုံးမဲ့ဂိုဏ်းမှ အကြီးအကဲအတော်များများ လက်ရှိကျင့်စဉ်အဆင့်မှာပင် ပိတ်မိသွားသည်။
မူလစိတ်တည်ငြိမ်မှုမျိုးပြန်ရဖို့ နှစ်ပေါင်းရာချီအချိန်ယူ၍ ပြန်တည်ဆောက်ရသည်။
ယခုလည်း ဝူလဲ့ စိတ်တည်ငြိမ်မှုပျက်ပြားလုနီးပါးဖြစ်နေသည်။
"ခင်ဗျားက တာအိုရှင်ဝစီပိတ်လား...တာအိုလမ်းစဉ်ဂိုဏ်းချုပ်ပေါ့"
ဝစီပိတ်လာကယ်မည်ဟု မြို့တော်သခင်မျှော်လင့်မထား။ ထိုလူ ယဲ့မြို့တော်တို့ရောက်နေချိန်နှင့် ကြုံကြိုက်သွားခြင်းလားမသိ။
ဝစီပိတ်က မေးစေ့ကိုကုတ်လျက်
"အမှန်တော့ ကျုပ်ကခင်ဗျားရဲ့ ယဲ့မြို့တော်အကျဉ်းထောင်မှာ ရှိနေတာကြာပါပြီ။ ဒါပေမယ့် မိတ်ဆွေဟောင်းတွေ ဝိုင်းလာမှာရယ်၊ အကျဉ်းထောင်လည်ပတ်မှုအစီအစဉ် ပျက်သွားမှာရယ် စိုးရိမ်လို့ နာမည်တုသုံးပြီး ရုပ်ဖျက်ထားတာပါ။
အခု ယဲ့မြို့တော်အတွက် အရေးပေါ်ကိစ္စကြုံလာလို့သာ ကျုပ်ထွက်လာတာ။ ကျုပ်ပြစ်မှုတွေလျော့ပါးအောင် အကျိုးဆောင်တဲ့သဘောပါ"
သူအကျိုးဆောင်ပြီးလျှင် ပြစ်ဒဏ်လျှော့ပေးပေးသင့်မည်ဟု ဝစီပိတ် စကားဦးသန်းနေခြင်းဖြစ်သည်။
ဝူလဲ့စိတ်များ လှုပ်ရှားလာသည်။ မှော်အဆောင်တစ်ခုကို ကျိတ်၍ဆုတ်ဖြဲလိုက်သည်။
ဝစီပိတ်က ဝူလဲ့ကို စကားစပြောသည်။
"နှလုံးမဲ့ဂိုဏ်းမှာနေရင် ခင်ဗျားအတွက် သိပ်အလားအလာမရှိဘူးထင်တယ်။ ကျုပ်တို့ တာအိုလမ်းစဉ်ဂိုဏ်းက အကျဉ်းထောင်တောင်ထိပ်ကို လိုက်ခဲ့ပါလား။
အဲဒီမှာ ခင်ဗျားလို့ စုစည်းခြင်းအဆင့်လောက်ကို လမ်းညွှန်ပေးနိုင်တဲ့ အဆင့်မြင့်စွမ်းအားရှင်တွေ အများကြီးရှိတယ်။
ဒါတောင် ဒီအကြောင်း လူတိုင်းကို ကျုပ်မပြောဘူး။ ခင်ဗျားနဲ့ကျုပ် သိကျွမ်းပြီးသားမို့သာ ပြောပြတာ"
"ပါးစပ်ပိတ်ထားစမ်း"
ဝူလဲ့ ခပ်အုပ်အုပ်အော်ဟစ်လိုက်သည်။
သူ့လက်ဝါးနှစ်ခုကို အတူပူးလိုက်သည်။ ဘေးပတ်လည်မှ လျှပ်စီးများ ထိုးထွက်လာသည်။ မုန်တိုင်းတစ်ခု ဆင့်ခေါ်လိုက်သည်။
မိုးခြုန်းသံများကြားမှ လျှပ်စီတန်းများက မြွေကဲ့သို့တွန့်လိမ်လှုပ်ရှားလျက် ထိုးထွက်လာပြီး ဝစီပိတ်ကိုထိသည်။
နှစ်ယောက်လုံး စုစည်းခြင်းအဆင့်များဖြစ်သည်။ သူကိုယ်တိုင်ကလည်း ထိုအဆင့်တွင် နှစ်နှစ်ထောင်ကြာ ပိတ်မိနေခဲ့သည့် ဝါရင့်စွမ်းအားရှင်ဖြစ်သည်။
သို့သော် ဝစီပိတ်ကိုသတ်နိုင်မည်ဟု သူမထင်။
ဓားရိပ်က လျှပ်စီးတိမ်တိုက်များကို စက္ကူတစ်ရွက်ပမာ ထိုးခွဲသွားသည်။
တာအိုရှင်ဝစီပိတ် လက်ကောက်ဝတ်ကို ဖျတ်ခနဲလှည့်လိုက်သည်။ ဓားဦးထိပ်တွင် အလင်းတစ်ခုဖျတ်ခနဲ တောက်ပလာသည်။ မိုးမြေနှင့် တစ်သားတည်းကျသည်။
ဘေးပတ်လည်မှ ပြန့်ကျဲနေသည့် ဓားစွမ်းအင်များကို ဆွဲယူသည်။ ဓားစွမ်းအင်များက ဓားသွားထက်တွင်စုစည်းသည်။ မယုံနိုင်လောက်အောင် မြန်ဆန်သည်။ သိပ်သည်းသည်။
ဓားအလင်းအောက်တွင် ဝူလဲ့၏ထိတ်လန့်နေသည့်မျက်နှာ အထင်းသားပေါ်လာသည်။
လျှပ်စီးများဖြင့် သံချပ်ကာတစ်ခုသူချက်ချင်းဖန်တီးသည်။ သူ့သေကွင်းသေကွက်များကို ကာကွယ်သည်။
သို့သော် ဤဓားချက်ကိုကာကွယ်ဖို့ လုံလောက်သည့်စွမ်းအားမရှိ။ သူ့ပုခုံးရိုးကို ဓားရိပ်ကထိုးဖောက်သွားသည်။
ဝူလဲ့ ဆက်တိုက်နောက်ဆုတ်သွားသည်။ ဝစီပိတ်နှင့် ဝေးဝေးခွာလိုက်သည်။
"ကျုပ်တို့နှစ်ယောက်လုံး စုစည်းခြင်းအဆင့်တွေပါ။ ခင်ဗျားကဘာလို့ ကျုပ်ဓားတစ်ချက်ကိုတောင် မခုခံနိုင်တာလဲ။
ကျုပ်တို့ကြားက စွမ်းအားကွာဟချက်က ထင်ထားတာထက် ပိုများနေသလိုပဲ"
"ဝစီပိတ်၊ သောက်ရေးမပါတဲ့ကောင်"
ဝူလဲ့ ဒေါသမထိန်းနိုင်တော့။ ဝါစဉ်အရ သူသည် ကလေးဘိုးဘေးဆရာ(ထန်ရှန်းယိ)နှင့် တန်းတူဖြစ်သည်။ ဝစီပိတ်သည် နောက်မျိုးဆက်ဖြစ်သည်။
ဝူလဲ့၏ အနာဂတ်အတွက်စိုးရိမ်ဟန်ဖြင့် ဝစီပိတ်က ခေါင်းကိုညင်သာစွာခါယမ်းသည်။
"ခင်ဗျားကိုယ်ခင်ဗျားလည်း ပြန်ကြည့်ဦး။ ဒီလို စိတ်မတည်ငြိမ်ပုံမျိုးနဲ့တော့ နှလုံးမဲ့ဂိုဏ်းမှာ ခင်ဗျားဘယ်လိုရှေ့ဆက်သွားမလဲ"
ဝူလဲ့ လက်နှစ်ဘက်လှုပ်ရှား၍ လျှပ်စီးမှော်မန္တာန်တစ်ခု ရေရွတ်လိုက်သည်။ ကောင်းကင်မှတိမ်တိုက်များ ချက်ချင်းရုန်းကြွလှုပ်ရှားလာသည်။
မိုးခြုန်းသံများ မြည်ဟိန်းလာသည်။ ကြီးမားသည့်လျှပ်စီးတန်းများက သူ့အမိန့်ကိုနာခံလျက် အရှိန်ပြင်းစွာ ထိုးကျလာသည်။
ဓားအလင်းများ တောက်ပနေသည်။ လျှပ်စီးအလင်းကြောင့် မြို့တော်တစ်ခုလုံးလင်းထိန်သွားသည်။ ထို့နောက် နားကန်းမတတ်ပေါက်ကွဲသံတစ်ခု ပေါ်လာသည်။
"ဝုန်း"
"ဝေါ့"
အလင်းများ ပျောက်ကွယ်သွားသည်နှင့် ဝူလဲ့ပါးစပ်မှ သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။ သူ့ညာလက် ပြတ်သွားသည်။ ပြတ်သည့်နေရာတွင် ဓားချီများ တဖျတ်ဖျတ်တောက်ပနေသည်။
သူဒဏ်ရာကို ပြန်ကုစားမရအောင် တားဆီးထားသည်။
နှစ်ယောက်လုံး ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ဖြစ်သည်။ သို့တိုင်အောင် သူတို့နှစ်ယောက်ကြား စွမ်းအားကွာခြားချက်က ကြီးမားလွန်းသည်။
နှစ်ကြိမ်သုံးကြိမ်တိုက်ခိုက်ရုံဖြင့် သူဒဏ်ရာရလာသည်။
ဝစီပိတ်၏မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။ ဝူလဲ့ထွက်ပြေးမည်ထင်၍ သူသတိဖြင့်စောင့်ကြည့်နေခဲ့သည်။
သို့သော် ဝူလဲ့က အချိန်ဆွဲလိုဟန်ရှိသည်။ ဉာဏ်ကိုလွှာသုံး၍ ဆက်တိုက် တိုက်ခိုက်နေသည်။
သူဘာကိုစောင့်နေသနည်း။
ရုတ်တရက် ကြောက်စရာစွမ်းအင်ဖိအားတစ်ခုက တာအိုရှင်ဝစီပိတ်အပေါ်ကျလာသည်။ လေထဲတွင်ရှိနေသည့်ဝစီပိတ် ထိုဖိအားကို တင်းခံထားရသည်။ ကောင်းကင်မှပြုတ်ကျမတတ်ဖြစ်နေသည်။
စွမ်းအင်ဖိအားရိုက်ခတ်မှုအရှိန်ကြောင့် ယဲ့မြို့တော် ဂယက်ထသွားသည်။ မြို့ခံများ ကျောရိုးထဲမှစိမ့်တက်လာပြီး တစ်ကိုယ်လုံး တုန်ရင်နေသည်။
"ဝစီပိတ်၊ ဟေ့ကောင်လေး၊ မင်းကို ဒီမှာတွေ့ရမယ်လို့ ထင်မထားဘူးကွာ။
ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ်။ 'ဘယ်သတင်းအချက်အလက်မှ ယဲ့မြို့တော်မှမထွက်စေရ'
ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ်။ 'ဘယ်သူမှ ယဲ့မြို့တော်က မထွက်နိုင်စေရ'"
သက်လတ်ပိုင်းလူတစ်ယောက်က စွမ်းအားစည်းမျဉ်းနှစ်ခု ချမှတ်လိုက်သည်။ ညကောင်းကင်ထက် ပိုမှောင်မိုက်သည့် ကမ္ဗလာတစ်ခု ထိုလူဦးခေါင်းထက်တွင်ပေါ်လာပြီး ဘေးပတ်လည်သို့ ချက်ချင်းဆန့်ထွက်သွားသည်။ ယဲ့မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
"အခု ငါတို့ရန်ကြွေးတွေရှင်းဖို့ အချိန်ကျလာပြီပဲ"
သက်လတ်ပိုင်းလူက ဝစီပိတ်ကို အေးစက်စက်စိုက်ကြည့်နေသည်။ သူ့စကားသံက မိုးခြုန်းသံလို ဟိန်းထွက်လာသည်။
စကားသံတစ်ခုတည်းဖြင့်ပင် လေဟာနယ် တုန်ခါသွားသည်။
ဝစီပိတ် သူ့ကိုမော့ကြည့်၍ ရယ်နေသည်။
"ဘာလို့ အသုံးမကျတဲ့ဒီဝူလဲ့က ထွက်မပြေးတာလဲလို့ ကျုပ်တွေးနေတာ။ လက်စသပ်တော့ သူက ဘိုးဘေးဆရာစု ရောက်လာတဲ့အထိ ကျုပ်ကိုအချိန်ဆွဲနေတာကိုး"
နှလုံးမဲ့ဂိုဏ်း၏ ဒုဂိုဏ်းချုပ် စုမိုရန်သည် ကူးဖြတ်ခြင်းအလတ်တန်းဆင့်ဖြစ်သည်။
စုမိုရန်ရောက်လာသည်နှင့် ဝူလဲ့ ချက်ချင်းအားတက်လာသည်။
"သူခိုးလေးဝစီပိတ်၊ ဒီနေ့က မင်းသေမယ့်နေ့ပဲ"
ဝစီပိတ်ပြောခဲ့သလိုပင် ဤမြို့တွင်သူရှိနေမှန်း လမ်းမှန်ဂိုဏ်းကျင့်ကြံသူများ တစ်ယောက်မှမသိ။ ယခု ယဲ့မြို့တော်ကို ဒုဂိုဏ်းချုပ်စုက စည်းမျဉ်းစွမ်းအားဖြင့် ပိတ်ဆို့လိုက်သည်။
ဝင်ခွင့်သာရှိသည်။ ထွက်ခွင့်မရှိ။
ကျင့်စဉ်အဆင့် များစွာကွာဟကြောင်း ထင်ရှားနေသည်။ တပ်ကူမရှိသည့်ဝစီပိတ်ကိုသတ်ဖို့ အပုံတစ်သန်းပုံတစ်ပုံ ရတောင့်ရခဲအခွင့်အရေးဖြစ်သည်။
စုမိုရန်လည်း အတိတ်ဖြစ်ရပ်တစ်ခု၏ ဓားစားခံဖြစ်သည်။ အမှန်တော့ ဓားစာခံများကြားတွင် သူ့ကျင့်စဉ်စွမ်းအားက အမြင့်ဆုံးဖြစ်သည်။
ဝစီပိတ်အပေါ် သူ့အမုန်းတရားက အရိုးထဲထိစွဲနေသည်။ သို့သော် သူအမြဲတမ်း သတိထားသည်။ သေချာပေါက်မသတ်နိုင်လျှင် သူမလှုပ်ရှား။
ဝစီပိတ် ထွက်ပြေးလွတ်မြောက်သွားလျှင် နောက်ပိုင်းတွင် သတ်ဖို့ပိုခက်သွားမည်။
"အဘိုးအိုသခင်စု၊ ခင်ဗျားလည်း ဟိုအရူးဝူလဲ့လိုပါပဲလား။ နှစ်တစ်ထောင်ကျော်ကြာသွားပြီ။ ခင်ဗျားလည်း ကူးဖြတ်ခြင်းအလတ်တန်းဆင့်ကနေ မတက်သေးဘူးပေါ့။
ခင်ဗျားရဲ့ကျင့်စဉ်လမ်း ဂိတ်ဆုံးကိုရောက်နေပြီလား ဒါမှမဟုတ်....ခင်ဗျားစိတ်ထဲမှာ စနိုးစနောင့်ဖြစ်စရာတစ်ခု ရှိနေလို့လား"
စုမိုရန် ဘာမှမတုံ့ပြန်။ ပုဆိန်နှစ်လက်ကို ဆွဲထုတ်ပြီး လေသံတင်းတင်းဖြင့်ပြောသည်။
"ဟေ့ကောင်ဝစီပိတ်၊ အချိန်ဖြုန်းနေလည်း ဘာမှအကျိုးမရှိဘူး။ စည်းမျဉ်းစွမ်းအားမှာ ဟာကွက်မရှိဘူး။ ယဲ့မြို့တော်ကနေ မင်းထွက်မပြေးနိုင်ပါဘူး။
ဒီနေ့လိုအခွင့်အရေးရဖို့ နှစ်တစ်ထောင်ကျော် ငါစောင့်ခဲ့တာကွ"
ဝစီပိတ်ကို မသတ်နိုင်လျှင် သူ့စိတ်ကို အမုန်းတရားက နှိပ်စက်နေပေလိမ့်မည်။ ချို့ယွင်းချက်တစ်ခု အမြဲရှိနေပေလိမ့်မည်။ သူ့ကျင့်စဉ်စွမ်းအားနောက်ထပ်တိုးတက်ဖို့ ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်သို့ရောက်နိုင်ဖို့ ဝစီပိတ်ကို သူသတ်ရမည်။
တစ်ခြားနည်းလမ်းများ လုံးဝအလုပ်မဖြစ်နိုင်။
အသက်ရှင်ခွင့်ရဖို့ ဝစီပိတ် စကားထပ်ပြော၍ အချိန်ဆွဲချင်သည်။ သူ့စွမ်းအားက ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ရှိသည်။ သို့သော် 'တစ်ဝက်'အဆင့်သာဖြစ်သည်။
ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများနှင့် မယှဉ်နိုင်သေး။ ယခု သူ့ပြိုင်ဘက်က ကူးဖြတ်ခြင်းအလတ်တန်းအဆင့်ရှိသည်။
ဝစီပိတ်အကြောင်း စုမိုရန် စုံစမ်းထားသည်။ နောက်ထပ်စကားဆက်ပြောနေလျှင် ဝစီပိတ် လွတ်လမ်းတစ်ခု ရှာတွေ့နိုင်ခြေရှိမှန်း သူသိသည်။
ဝစီပိတ်နှင့် ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းက စကားမပြောနိုင်အောင်လုပ်ဖို့ဖြစ်သည်။
စုမိုရန်၏ကြွက်သားများ တင်းမာလာသည်။ ပုဆိန်ကြီးနှစ်လက်က မိုးခြုန်းသံလိုအော်မြည်လျက် အောက်သို့ကျဆင်းလာသည်။ ပုဆိန်သွားများက ကြီးမားကျယ်ပြန့်ပြီး အလွန်တရာထက်မြက်သည်။
ပုဆိန်တစ်လက်ကို လက်နှစ်ဘက်ဖြင့်ကိုင်သင့်သည်။ သို့သော် စုမိုရန်က လက်နှစ်ဘက်တွင် တစ်လက်စီကိုင်သည်။
ပုဆိန်များက ဝစီပိတ်အပေါ်ကျလာသည်။ ဝစီပိတ်က သူ့ဓားဖြင့်ကန့်လန့်ဖြတ်ကာသည်။ သို့သော် ပုဆိန်ခုတ်ချက်က ပြင်းလွန်းသည်။
ဝစီပိတ် သွေးများအန်ထွက်လာသည်။ မြို့တော်သခင်အိမ်တော်ထဲမှ တောင်ကုန်းအတုနှင့် တိုက်မိသည်။
"မင်းထွက်ပြေးဖို့ကြိုးစားရင် ယဲ့မြို့တော်ရဲ့မြို့ခံလူသုံးသန်းက မင်းကိုယ်စားပေးဆပ်ရမယ်"
စုမိုရန် အေးစက်စက်ပြောသည်။ ထိုအချက်ဖြင့် ဝစီပိတ်ကိုချုပ်ကိုင်နိုင်မှန်း သူသိသည်။
"ထွက်ပြေးဖို့တဲ့လား...ကျုပ်ကဘာလို့ထွက်ပြေးရမှာလဲ"
ဝစီပိတ် ဖြေညှင်းစွာခေါင်းမော့ကြည့်သည်။ သူ့မျက်နှာတစ်ဝက်က သွေးစွန်းနေသဖြင့် အတော်ကြောက်စရာကောင်းသည်။ သူ့နှုတ်ခမ်းတွင် လှောင်ပြုံးရိပ်တစ်ခု ရှိနေသည်။
"ကျုပ်ဘာလို့ ကူးဖြတ်ခြင်းအဆင့်ကို မတက်သေးတာလဲ ခင်ဗျားသိလား"
စွမ်းအားသုံး၍ တောင်ကုန်းတုကို သူရိုက်ခွဲပြီး စုမိုရန်ဆီ လျှောက်သွားသည်။ သူ့စွမ်းအင်ရောင်က ဝါးခက်ဝါးတက်များလို ထိုးတက်လာသည်။
"ကျုပ်အဆင့်ကိုတက်လိုက်ရင် သောက်သုံးမကျတဲ့ခင်ဗျားလိုအဘိုးကြီးက ကျုပ်နောက်ကို လိုက်မလာရဲမှာစိုးလို့လေ"
*******************************
အခန်း (၈၁၉) တာအိုရှင်ဝစီပိတ် အဆင့်တက်ခြင်း
ဝစီပိတ်ပြောသည့်စကားကြောင့် အကျဉ်းထောင်ဆီမှ လှမ်းကြည့်နေသည့်လုယန်စိတ်ထဲ၌ နတ်မယ်သူ့ဆရာကိုစတွေ့ချိန်တွင် ပြောခဲ့သည့်အကြောင်းတစ်ခုကို ပြန်သတိရလာသည်။
ဝစီပိတ်သည် အရင်ကတည်းက ကူးဖြတ်ခြင်းအဆင့်သို့ တက်နိုင်စွမ်းရှိသည်။ သို့သော် ဘာကြောင့်မှန်းမသိ သူ့ကျင့်စဉ်စွမ်းအားကို ဖိနှိပ်ထားသည်ဟု နတ်မယ်ကပြောသည်။
အားလုံးက ယနေ့အတွက် ရည်ရွယ်ခြင်းလားမသိ။
ဝစီပိတ်ကိုစိုက်ကြည့်ရင်း စုမိုရန် မျက်နှာပျက်သွားသည်။ ထို့နောက် ချက်ချင်းပုံမှန်ပြန်ဖြစ်လာသည်။
သူကိုယ်တိုင်က ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ ထိုအဆင့်သို့တက်ရန် ဘယ်လောက်ခက်ခဲကြောင်း သူကောင်းကောင်းသိသည်။
စိတ်ဓာတ်စွမ်းအား၊ ကျင့်စဉ်အဆင့်၊ ပတ်ဝန်းကျင်အခြေအနေ၊ ဉာဏ်ပညာ၊ ဆေးဝါး...ထိုအရာများ တစ်ခုမှမရှိဘဲ အဆင့််တက်လျှင် အချည်းနှီးသာဖြစ်လိမ့်မည်။
အရင်က ကူးဖြတ်ခြင်းအဆင့်တက်ဖို့ မြို့တစ်ခုလုံးကို သူသွေးစတေးခဲ့ဖူးသည်။ မိုးမြေရတနာများဖြင့် သူ့ခန္ဓာကိုယ်ကို အားဖြည့်သည်။ သို့သော် အဆင့်တက်သည့်ကိစ္စ မအောင်မြင်ခဲ့။
ဒဏ်ရာအပြင်းအထန်ရသည်။ မဟာရှားအင်အားစုများ လိုက်လံဖမ်းဆီးသဖြင့် နတ်ဆိုးနယ်မြေသို့ ထွက်ပြေးရသည်။ ပုန်းလျှိုးကွယ်လျှိုးဖြင့် နှစ်တစ်ရာကျော်ဒဏ်ရာကုရသည်။
နတ်ဆိုးမျိုးနွယ်တစ်ခုကို သွေးစတေးပြီးမှသာ ကူးဖြတ်ခြင်းအဆင့်သို့ တက်နိုင်ခဲ့သည်။ သူခရီးလမ်းက အချိုးအကွေ့များ ပြည့်နက်နေသည်။
နှစ်တစ်ထောင်ကျော်ကြာအောင် ဝစီပိတ်၏လှုပ်ရှားမှုများကို သူစောင့်ကြည့်ခဲ့သည်။ ဥပမာ လွန်ခဲ့သည့်ဆယ်နှစ်ကျော်က တာအိုရှင်ဝစီပိတ်ပျောက်ဆုံးနေကြောင်း တာအိုလမ်းစဉ်ဂိုဏ်းက ကြေညာသည်။
ဆယ်နှစ်ကြာပြီးမှ ဝစီပိတ် အများရှေ့သို့ ပြန်ပေါ်လာသည်။
ဝစီပိတ်သည် အဆင့်တက်ရာတွင်မအောင်မြင်ခဲ့သဖြင့် ထိုဆယ်နှစ်အတွင်း ဒဏ်ရာကုနေခြင်းသာဖြစ်မည်။
လွန်ခဲ့သည့်ဆယ်နှစ်ကမှ ကောင်းကင်ဆင်းရဲမဖြတ်ကျော်နိုင်၍ ဒဏ်ရာကုနေခဲ့သူတစ်ယောသည် ထိုမျှအချိန်တိုအတွင်း နောက်တစ်ကြိမ်အဆင့်တက်ဖို့ မဖြစ်နိုင်။
"ကူးဖြတ်ခြင်းအဆင့်ကို တက်ဖို့တဲ့လား။ လျှောက်ပြောမနေပါနဲ့ကွာ"
"လျှောက်ပြောတာဟုတ်မဟုတ် ခင်ဗျားသိလာမှာပါ"
ဝစီပိတ်အော်ဟစ်မာန်သွင်းလိုက်သည်။ သူထိန်းချုပ်မထားတော့။ သူ့စွမ်းအင်ရောင် တဖြေးဖြေးတိုးလာသည်။ ထိုးနောက် တစ်ရှိန်ထိုးမြင့်တက်သွားသည်။
သူ့စွမ်းအင်ဖိအားက စုမိုရန်လောက် ကြောက်စရာမကောင်းသော်လည်း စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်နိုင်သည့် စွမ်းအားမျိုးမဟုတ်။
ကူးဖြတ်ခြင်းအခြေခံအဆင့်ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်သည့် စွမ်းအင်ရောင်ဖြစ်သည်။ ဝစီပိတ်သည် ကူးဖြတ်ခြင်းအဆင့်သို့မရောက်သေး။ သို့သော် ထိုအဆင့်၏စွမ်းအင်ရောင်မျိုး ပိုင်ဆိုင်နေပြီဖြစ်သည်။
"ဘုန်း"
ထိန်းချုပ်ထားသမျှ စွမ်းအင်ရောင်အားလုံးကို လွှတ်လိုက်သည်။ ကောင်းကင်လျှပ်စီးများ စုဝေးလာသည်။ စုမိုရန်၏စွမ်းအင်ဖိအားကို ဖျက်ဆီးသည်။ မြွေလိမ်မြွေကောက်သဏ္ဌာန် ခရမ်းရွှေလျှပ်စီးများ မိုးမြေကြားတွင် ကြမ်းတမ်းစွာလှုပ်ရှားနေသည်။
မြေပြင်တလျှောက် တုန်ခါသွားသည်။ ယဲ့မြိုတော်၏ မြို့ခံသာမန်လူများ ကျင့်ကြံသူများ အားလုံးထိတ်လန့်တုန်လှုပ်သွားသည်။ ကြောက်စရာကောင်းသည့် ကောင်းကင်ဆင်းရဲကို ခေါင်းမော့မကြည့်ရဲကြ။
"ဪ.. ခရမ်းရွှေကောင်းကင်အဖျက်လျှပ်စီးပါလား။ နင့်ဆရာရဲ့ပါရမီက အတော်ကောင်းတာပဲ"
နတ်မယ်က ကောင်းကင်လျှပ်စီးကို တစ်ချက်ကြည့်ပြီးနောက် မှတ်ချက်ပေးသည်။ ထို့နောက် ကြွားလုံးထုတ်သည်။
"ဒါပေမယ့် ငါ့အဆင့်တက်ခဲ့တဲ့ ကောင်းကင်ဆင်းရဲနဲ့တော့ ယှဉ်လို့မရဘူးပေါ့"
ယင်ထန်မသေမျိုး မသေမျိုးမဖြစ်မီကတည်းက လောကတွင် ကောင်းကင်လျှပ်စီးရှိခဲ့သည်။ ယင်ထန်၏ဆင်းရဲအရိယဖလက မူလကောင်းကင်လျှပ်စီးကိုထိန်းချုပ်ပြီး ပုံသဏ္ဌာန်အသစ်များဖန်တီးသည်။
နတ်မယ်စကားအရ ယင်ထန်အဆင့်တက်ပြီးနောက် ကောင်းကင်လျှပ်စီးအမျိုးအစား ဆယ်ခုကျော်တိုးလာသည်ဟုဆိုသည်။ အမျိုးအစားစုံလင်ပေါများလာသည်။ အဆင့်မတက်လိုသူများမှလွဲ၍ ကျင့်ကြံသူအားလုံး၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင်ဖန်တီးထားသည်။
"တကယ်ကောင်းကင်ဆင်းရဲအစစ်ပါလား"
စုမိုရန် မယုံနိုင်အောင်ဖြစ်နေသည်။
ကောင်းကင်ဆင်းရဲဖြစ်ပေါ်နေချိန်တွင် ဘယ်သူမှနှောက်ယှက်၍မရ။ နှောက်ယှက်လျှင် ထိုလူပါ ကောင်းကင်လျှပ်စီးဒဏ်ကို ခံရလိမ့်မည်။
နောက်ဆုတ်ဖို့ သူစဉ်းစားသည်။ မြို့တော်အစွန်ဆီ ဖြေးဖြေးချင်းဆုတ်သွားသည်။ ဤနေရာတွင် ဝစီပိတ် ကူးဖြတ်ခြင်းအဆင့်ရောက်သည်မရောက်သည်ကို သူဘာမှတွေးနေဖို့မလို။
သို့သော် ဝစီပိတ်က စုမိုရန်ကို ထွက်သွားခွင့်မပေး။ စုမိုယန် မြို့စွန်သို့ရောက်ချိန်တွင် ဝစီပိတ်က ကောင်းကင်ဆင်းရဲကို သူနှင့်နီးအောင် ဆွဲခေါ်သွားသည်။ စုမိုရန် မြို့ထဲမှထွက်လျှင် သူချက်ချင်းပြေးလိုက်မည်။
သို့ဆိုလျှင် ကောင်းကင်ဆင်းရဲကို နှစ်ယောက်လုံး အတူရင်ဆိုင်ရမည်။
ကောင်းကင်ဆင်းရဲကြားတွင် ရှင်သန်နိုင်သည်ဟု ဝစီပိတ် အလောင်းအစားလုပ်ရဲသည်။ သို့သော် စုမိုရန်က မလုပ်ရဲ။ ထို့ကြောင့် မြို့တော်မှထွက်ဖို့စိတ်ကူးကို သူလက်လျှော့လိုက်ရသည်။
ကောင်းကင်မှ ရာချီထောင်ချီရှိသည့် ခရမ်းရွှေလျှပ်စီးများကိုကြည့်၍ ဝစီပိတ် အေးအေးလူလူ အသက်တစ်ချက်ဝအောင်ရှူလိုက်သည်။ ထို့နောက် အတွေးကိုစုစည်းလိုက်သည်။ မြေအောက်မှ ဝိညာဉ်ဓားပေါင်းများစွာပေါ်လာသည်။
ဓားတစ်သောင်းအသွင်ပြောင်းပညာ။
လက်နှစ်ချောင်းကို ကောင်းကင်သို့ထိုးညွှန်လိုက်သည်။ ဝိညာဉ်ဓားများက လျှပ်စီးမြွေများနှင့်ရင်ဆိုင်တွေ့ဖို့ ပျံတက်သွားကြသည်။
ဓားနှင့်လျှပ်စီး နောက်တစ်ကြိမ်ရင်ဆိုင်တွေ့သဖြင့် ယဲ့မြို့တော်တစ်ခုလုံး နေ့ခင်းဘက်လို လင်းထိန်သွာားသည်။ တိုက်ပွဲပြင်းအားက ဝူလဲ့နှင့်ရင်ဆိုင်စဉ်ကထက် များစွာသာလွန်သည်။
နောက်ထပ် လျှပ်စီးတန်းများ ဆက်တိုက်ထိုးကျလာသည်။ တစ်ခုထက်တစ်ခု ပိုပြင်းထန်လာသည်။ ဝစီပိတ် ဝိညာဉ်ဓားတစ်လက်ကို ကန့်လန့်ဖြတ်ကိင်ထားသည်။ ဓားမျက်နှာပြင်တွင် တည်ငြိမ်သည့် သူ့မျက်လုံးများ အရိပ်ထင်နေသည်။
သူ့ခြေရင်းတွင် ခံ့ညားထည်ဝါသည့် ဓားဝိညာဉ်လမ်းကြောင်းတစ်ခုဖြစ်ပေါ်နေသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဝိညာဉ်ဓားတစ်လက်ထွက်လာသည်။ ထိုဓားများသည် သူအနိုင်ယူခဲ့သည့် ဓားကျင့်ကြံသူတို့၏ ဓားများဖြစ်သည်။
သူတို့စွမ်းအင်သန္ဓေက ဝစီပိတ်၏ဓားနှလုံးဖြင့်အားဖြည့်ထားသည့် ဤဓားဝိညာဉ်လမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။
ဝိညာဉ်ဓားအရိပ်များက အခြေတည်အဆင့်ပြိုင်ဘက်များမှ စတင်သည်။ ဝိညာဉ်ပြောင်းအဆင့်တစ်ချို့လည်းရှိသည်။ ဓားမျှော်စင်မှ ဝိညာဉ်ဓားများလည်းပါသည်။
ယခု ထိုဓားအားလုံးက ဝစီပိတ်၏အားဖြည့်မှုကြောင့် ကောင်းကင်ဆင်းရဲကို ခံနိုင်ရည်ရှိသည့်အဆင့်သို့ တိုးတက်သွားသည်။
အဆုံးမရှိသည့် ကောင်းကင်လျှပ်စီး၏ တိုက်ခိုက်မှုများကို ဝစီပိတ်ရင်ဆိုင်သည်။ အစောပိုင်းလျှပ်စီးချက်ကြောင့် အက်ကွဲသွားသဖြင့် စွန့်ပစ်ထားခဲ့သည့် သူ့ခြေရင်းမှဓားတစ်လက်ကို ကောက်ယူလိုက်သည်။
ထိုဓားကို ဓားဝိညာဉ်လမ်းက ပြန်လည်စုပ်ယူ၍ ပြုပြင်ခဲ့သည်။ ယခု မူလအတိုင်းပြန်ဖြစ်နေသည်။ ဤနည်းလမ်းဖြင့် ဓားတလက်ပြီးတစ်လက်ကောက်ယူ၍ ကောင်းကင်ဆင်းရဲကို ရင်ဆိုင်သည်။
ကြောက်စရာလျှပ်စီးများအလယ်၌ ဝစီပိတ်၏ဘေးပတ်လည်သုံးပေအတွင်း ကင်းလွတ်နယ်မြေတစ်ခုလို ဖြစ်နေသည်။ လျှပ်စီးများလုံးမှ မထိ။
သို့သော် ဓားပညာတစ်ခုတည်းဖြင့် ဝစီပိတ်မခုခံ။ ဘယ်ဝိညာဉ်ဓားမှလည်း ကောင်းကင်လျှပ်စီးကို အပြည့်အဝကာကွယ်နိုင်သည်မဟုတ်။ လျှပ်စီးတစ်ချို့က ဓားများကိုဖြတ်ကျော်၍ ဝစီပိတ်ကိုထိသည်။
ထိုလျှပ်စီးစွမ်းအားကိုသုံး၍ သူ့ဝိညာဉ်နှင့်ခန္ဓာကို လေ့ကျင့်သည်။ သူ့ကျင့်စဉ်အဆင့် ဖြေးဖြေးမှန်မှန် တိုးတက်နေသည်။ သူ့ပုံသဏ္ဌာန်လည်း ဘေးလူများအမြင်တွင် တဖြေးဖြေးပျောက်ကွယ်သွားသည်။
အားအပြင်းဆုံး နောက်ဆုံးလျှပ်စီးဆင်းလာချိန်တွင် ဝစီပိတ်က သူ့ခြေထောက်အောက်မှ ဓားဝိညာဉ်လမ်းကို ရုပ်သိမ်းလိုက်သည်။
"ဝုန်း"
ဝစီပိတ်ကိုယ်တိုင် ဓားတစ်လက်ဖြစ်သွားသယောင်ရှိသည်။ အဆုံးစမဲ့ဓားချီပင်လယ်က သူ့ကိုယ်ထဲတွင် ပုန်းအောင်းနေသည်။ ဓားအိမ်ထဲမှ မသေမျိုးဓားတစ်လက်နှင့်တူသည်။
နောက်ဆုံးလျှပ်စီးထိခါနီးတွင် ထိုဓားချီများ တွန်းကန်ထွက်လာပြီး လျှပ်စီးတန်းကို ထိုးခွဲသွားသည်။
ကောင်းကင်လျှပ်စီး နှစ်ခြမ်းကွဲသွားသည်။ အလင်းများမှေးမှိန်ပျောက်ကွယ်သွားသည်။ ကြည်လင်သည့်ညကောင်းကင်က အားလုံး၏မျက်စိရှေ့တွင် ပြန်ပေါ်လာသည်။
"ကူးဖြတ်ခြင်းအဆင့်ရောက်ရတဲ့ ခံစားချက်က ဒါမျိုးလား။ စုစည်းခြင်းအဆင့်တုန်းကထက် ပိုပြီးသက်တောင့်သက်သာရှိတာပဲ"
အဆင့်တက်ပြီးနောက် အပြောင်းအလဲများကို ခံစားမိသဖြင့် ဝစီပိတ် ပြုံးလိုက်သည်။
ပုံမှန်ကျင့်ကြံသူတစ်ယောက်သည် အဆင့်တက်ပြီးစတွင် ကျင့်စဉ်စွမ်းအားကို တည်ငြိမ်အောင်လုပ်ဖို့လိုသည်။ သို့သော် ဝစီပိတ်က စုစည်းခြင်းအဆင့်တွင် နှစ်ပေါင်းဆယ်ချီ တမင်ဖိနှိပ်ထားခဲ့ခြင်းဖြစ်သည်။ တံခါးပိတ်ကျင့်၍ တည်ငြိမ်အောင်လုပ်စရာမလို။
သူဖျတ်ခနဲ ခေါင်းမော့လိုက်သည်။ အပြုံးအရယ်မရှိသည့်စုမိုရန်ကိုစိုက်ကြည့်၍ ခပ်အေးအေးပြောသည်။
"သခင်စု၊ ခင်ဗျားကျုပ်ကိုသတ်ဖို့စောင့်နေတာ နှစ်တစ်ထောင်ကျော်ကြာပြီမဟုတ်လား။..အတော်တိုက်ဆိုင်တာပဲ။ ကျုပ်လည်း ဒီအခွင့်ရေးမျိုးရဖို့စောင့်နေတာ နှစ်တစ်ထောင်ကျော်ကြာပြီ။ ခင်ဗျားကိုမသတ်ရရင် ကျုပ်စိတ်အေးလက်အေးနေနိုင်မှာမဟုတ်ဘူး"
"ဘဝင်မြင့်နေတဲ့ကောင်၊ ကူးဖြတ်ခြင်းအဆင့်ကိုတက်နိုင်ရုံနဲ့ ငါ့ကိုလာယှဉ်လို့ရမယ်ထင်နေလား"
စုမိုရန်လေသံက အစောပိုင်းကလိုပင် အတက်အကျလုံးဝမရှိ။ ကူးဖြတ်ခြင်းအဆင့်တက်စလူတစ်ယောက်သည် တိုက်ပွဲအတွေ့အကြုံမရှိသေး။ အဆင့်တူချင်းတိုက်ခိုက်လျှင် ကွာဟချက်ရှိမည်မှာသေချာသည်။ ဝစီပိတ်သူ့ကို ဘယ်လိုတိုက်ခိုက်မည်နည်း။
ဝစီပိတ်မျက်နှာတွင် လှောင်ပြုံးရိပ်တစ်ခုပေါ်လာပြီး စုမိုရန်ကို ရုတ်တရက် အငိုက်ဖမ်းတိုက်ခိုက်လိုက်သည်။ သူ့ဓားက စုမိုရန်၏အကာအကွယ်ကို ချိုးဖျက်သွားသည်။ စုမိုရန်မျက်နှာတွင် ဓားရှရာတစ်ခု ကျန်ခဲ့သည်။
ဝစီပိတ်က စုမိုရန်မျက်လုံးကိုစိုက်ကြည့်၍ အလေးအနက်ပြောသည်။
"ကျုပ်နဲ့လေ့ကျင့်ဖို့ ဂိုဏ်းထဲမှာ ကျုပ်ဆရာရှိတယ်။ ဂိုဏ်းအပြင်မှာ ကိုယ်တော်ကျဲ့ရှားရှိတယ်။ ကျုပ်မှာ ကူးဖြတ်ခြင်းအဆင့်တွေနဲ့ တိုက်ခိုက်ဖူးတဲ့အတွေ့အကြုံမရှိဘူးလို့ ခင်ဗျားဘာကြောင့်များထင်ရတာလဲ"
***************************