အခန်း (၈၂၀-၈၂၂)
Vol. 55 Ch. 820-822
အခန်း (၈၂၀) အသက်လိုချင်သူ
"ဂိုဏ်းချုပ်က ဒီကိစ္စကို ဒီလောက်ထိတောင် အစီအစဉ်ချခဲ့တာလား"
မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ ယနေ့တိုက်ပွဲအတွက် တစ်ခြားလူများကို တစ်ချိန်လုံးရန်စနေခဲ့ခြင်းလားဟု တွေးနေသည်။
လုယန်က
"မဟုတ်လောက်ဘူး။ ငါ့ဆရာစရိုက်ကိုက နေရာတိုင်းမှာ ရန်သူဖွဲ့တတ်တာဖြစ်မှာပါ"
"ဟိုသူခိုးလေးဝစီပိတ်က ကူးဖြတ်ခြင်းအဆင့်ရောက်သွားပြီလား"
လုယန်ဦးခေါင်းထက်မှ စုစည်းခြင်းအဆင့်နှလုံးမဲ့ဂိုဏ်းသားက ပြောသည်။ မြို့တော်သခင်အိမ်တော်ဆီမှ အပြောင်းအလဲကို သူသတိထားမိသည်။
သူလည်း ဝစီပိတ်နှင့် သမိုင်းကြောင်းရှိခဲ့သူဖြစ်သည်။
"တစ်ခြားလူတွေအကြောင်း စဉ်းစားနေချိန်ရှိသေးတယ်ပေါ့"
ကျင်းချွဲ့မျက်လုံးများ ရဲရဲနီနေသည်။ နတ်ဆိုးမီးတောက်များ တောင်ပံဖြင့်ခတ်ရင်း ပါးစပ်ကိုဖြဲလျက် ထိုလူဆင့်ခေါ်ခဲ့သည့် သရဲရိပ်အားလုံးကို ဝါးမျိုလိုက်သည်။
သူ့ကိုယ်ပိုင်အဖြစ်အသုံးချရန် ဝမ်းဗိုက်ထဲတွင် သန့်စင်သည်။
ချုန်းချီမျိုးနွယ်၏ ပင်ကိုယ်သဘာဝက တိုက်ရခိုက်ရသည်ကို နှစ်သက်သည်။ စတိုက်ခိုက်သည်နှင့် ပြိုင်ဘက်ကိုသာ အာရုံစိုက်သည်။ ဘေးပတ်ဝန်းကျင်ကို အရေးမစိုက်။
နတ်မယ်စကားအရ'တစ်စိတ်တည်းထား'သည်ဟုခေါ်သည်။
"ဘယ်သူနိုင်လောက်မလဲ"
မြို့တော်သခင်အိမ်တော်၏ အထက်ကောင်းကင်ဆီ ဘိုးဘေးရှန်ထန် စိုးရိမ်ပူပန်စွာလှမ်းကြည့်နေသည်။ ကူးဖြတ်ခြင်းအဆင့်တိုက်ပွဲမျိုး သူကျင့်စဉ်ပြန်မစခင်ကပင် မမြင်ဖူးခဲ့။
ယခု သူထောင်ထဲရောက်ပြီးနောက် ရက်ပိုင်းအတွင်း ကိုယ်တွေ့ကြုံရသည်။
...
ဝစီပိတ်၏ ခြေထောက်များက ဓားဝိညာဉ်လမ်းပေါ် နောက်တစ်ကြိမ်ရပ်နေသည်။ မရေမတွက်နိုင်သည့်ဓားရိပ်များ အောက်ဘက်မှ ပေါ်လာသည်။
ပြင်းထန်သည့်လူသတ်ရိပ်က ခြောက်ခြားတုန်လှုပ်စရာကောင်းသည်။ ဓားအလင်းတန်းများ ကောင်းကင်ထဲသို့ ထိုးတက်လာသည်။ နဂါးနှင့်ဖီးနစ်များ ကခုန်နေသလိုရှိသည်။
ဝိညာဉ်ဓားမှ ရောင်စုံဓားချီများ ထုတ်လွှတ်သည်။ ထက်မြက်သည်။ တောက်ပသည်။ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သည်။
စုမိုရန် ကြက်သီးထသွားသည်။ ဓားချီနှင့် တိုက်ရိုက်မထိသေးမီပင် စူးရှသည့်ဝေဒနာကိုခံစားရသည်။ အပ်ပေါင်းတစ်ထောင် ထိုးစိုက်ခံနေရသည်နှင့်တူသည်။
ပုဆိန်နှစ်လက်ကို သူဖျတ်ခနဲမြှောက်လိုက်သည်။ သူ့နောက်ဘက်တွင် ကြေမွနေသည့်တောင်ကုန်းရိပ်များစွာ ပေါ်လာသည်။ သူ့ပုဆိန်ဖြင့် ရိုက်ခွဲခဲ့သည့် တောင်ကုန်းများဖြစ်သည်။
"တောင်ငါးလုံးအက်ကြောင်း"
သူ့ပုဆိန်များဝင့်လိုက်သည်နှင့် တောင်ကုန်းအရိပ်များက မိုးရွာသလိုကျဆင်းလာသည်။
ယဲ့မြို့တော်မြို့ခံများ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုတိုက်ခိုက်မှုသာကျလာလျှင် မြို့တော်တစ်ခုလုံး ကြေမွပျက်စီးသွားလိမ့်မည်။
အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှရှိတော့မည်မဟုတ်။
ဝစီပိတ် ခြေတစ်ဘက်ချိတ်ထိုင်လျက် သူ့ဓားကို ဗျတ်စောင်အဖြစ်သုံးပြီး ရဲတင်းပြင်းထန်သည့် တေးသွားတစ်ပုဒ်တီးခတ်သည်။ ဓားတစ်သောင်းအော်သံ ထွက်ပေါ်လာသည်။
ဓားချီများမြင့်တက်လာသည်။ တောင်ကုန်းအရိပ်များကို ဖျက်ဆီးသည်။
သူ့ဆရာဂီတကျွမ်းကျင်ကြောင်း အမကန်ထန်ပြောခဲ့သည့်စကားကို လုယန်ပြန်သတိရလာသည်။
"ဒီနေရာမှာ စည်းမျဉ်းသတ်မှတ်မယ်။ 'ခင်ဗျားတိုက်ခိုက်နည်းတွေရဲ့နာမည်ကို အော်မပြောနိုင်စေရ'"
ကူးဖြတ်ခြင်းအဆင့်တွင် ပထမဆုံးအကြိမ် ဝစီပိတ် စည်းမျဉ်းစွမ်းအားထုတ်သုံးလိုက်သည်။
ပုဆိန်နှစ်ကိုင်ထားသည့်စုမိုရန် သူ့တိုက်ကွက်နာမည်ကို အော်ဟစ်ရန်ပြင်နေစဉ် ဝစီပိတ်၏ စည်းမျဉ်းစွမ်းအားကြောင့် လည်ပင်းအစ်မတတ်ဖြစ်သွားသည်။
ဝစီပိတ်ချမှတ်သည့် စည်းမျဉ်းနယ်ပယ်က ကျဉ်းသည်။ ထို့ကြောင့် စည်းမျဉ်းစွမ်းအားက ပြင်းထန်သည်။ ထို့ပြင် စုမိုရန်ကလည်း ယဲ့မြို့တော်ကိုပိတ်ဆို့ဖို့ စည်းမျဉ်းနှစ်ခု ချမှတ်ထားသည်။
ထို့ကြောင့် ဝစီပိတ်၏စည်းမျဉ်းကို သူလုံးဝမဆန့်ကျင်နိုင်။
(**အဆင့်တူချင်းတိုက်ခိုက်၍ စည်းမျဉ်းစွမ်းအားသုံးလျှင် သူတစ်ခု ကိုယ်တစ်ခု မျှခြေထားရသည်။ စုမိုရန်က စည်းမျည်းနှစ်ခုချပြီး ဝစီပိတ်က တစ်ခုသာချသေးသည်)
"တိုက်ခိုက်နေတဲ့အချိန် တိုက်ကွက်နာမည်တွေ လျှောက်မအော်နဲ့။ လည်ချောင်းနာတတ်တယ်။...ဓားတစ်သောင်းအသွင်ပြောင်းစွမ်းအား"
ဓားရိပ်တစ်သောင်း ဓားဝိညာဉ်လမ်းမှ ပျံတက်သွားသည်။ တစ်ခုနှင့်တစ်ခုပေါင်းစည်းပြီးနောက် သုံးပေရှည်သည့်ဝိညာဉ်ဓားတစ်လက်ဖြစ်လာသည်။
"ဒါကို ဓားတစ်သောင်းပေါင်းစည်းခြင်းပညာလို့ခေါ်တယ်"
ဝစီပိတ် စုမိုရန်၏စိတ်ကို ထပ်ကာထပ်ကာဆွနေသည်။ စုမိုရန် စိတ်ငြိမ်မန္တာန်အကြိမ်တစ်ရာရွတ်သည့်တိုင် အသုံးမဝင်တော့။ ဒေါသထွက်လာသည်။
...ငါ့ကိုကျတော့ တိုက်ကွက်နာမည်အော်ခွင့်မပေးဘူး။ မင်းကျတော့ အော်နေတယ်...ဒါတမင်သက်သက်လုပ်နေတာပဲ...
"အသက်ကြီးလာလို့ ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်တော့တာလား။ ခင်ဗျားဘာလို့ ကျုပ်ပြောတိုင်းယုံနေတာလဲ"
ဝစီပိတ် စုမိုရန်ကို အထင်သေးအမြင်သေးကြည့်၍ပြောသည်။ ထိုစွမ်းရည်မျိုးဖြင့် ဘယ်လိုဒုဂိုဏ်းချုပ်ဖြစ်လာသည်မသိ။
ဝိညာဉ်ဓားက စုမိုရန်ကို ထိုးစိုက်ခါနီးတွင် ရုတ်တရက်ပေါက်ကွဲထွက်သွားသည်။ ဓားရိပ်တစ်သောင်းပြန်ဖြစ်လာသည်။ စုမိုရန် အငိုက်မိသွားည်။ သူ့တစ်ကိုယ်လုံး ဓားရာပေါက်များ ပေါ်လာသည်။
"ဓားတစ်သောင်းအသွင်ပြေားင်ပညာပါလို့ ကျုပ်ပြောခဲ့ပြီးသားပါ။ ခင်ဗျားဒါကိုသတိထားခဲ့သင့်တာပေါ့"
ဝစီပိတ် လှောင်ရယ်နေသည်။
လုယန် တိုက်ပွဲကို အဝေးမှလှမ်းကြည့်ရင်း တွေးနေသည်။ သူ့ဆရာတိုက်ခိုက်နည်းများသည် ဘိုးဘေးဆရာထန်ရှန်းယိ၊ ဆရာတော်ကျဲ့ရှားတို့နှင့် လေ့ကျင့်၍ တတ်မြောက်လာခြင်းဟုတ်မဟုတ် မသေချာလှ။
ဝစီပိတ်၏ လှုပ်ရှားမှုနှင့် တိုက်ခိုက်ပုံများကို စုမိုရန် နှစ်တစ်ထောင်ကျော် လေ့လာစောင့်ကြည့်ခဲ့သည်။
သို့သော် ဝစီပိတ်၏တိုက်ခိုက်နည်းများက အပြောင်းအလဲများလွန်းသည်။ လေ့လာစောင့်ကြည့်ပြီး တန်ပြန်တိုက်ခိုက်ဖို့မဆိုထားနှင့်။ နားလည်ဖို့ပင်မလွယ်။
တိုက်ပွဲက ချက်ချင်းအရှိန်မြင့်လာသည်။ ဓားရောင်များလင်းလက်နေသည်။ ပုဆိန်ရိပ်များ ယှက်သန်းနေသည်။ တိုက်ပွဲမှထွက်လာသည့်မီးပွားများ လေထုထဲတွင် ပြည့်နက်နေသည်။
ဝစီပိတ် ဝိညာဉ်တစ်ကောင်လို လှုပ်ရှားသည်။ သူ့ဓားရှည်က တစ်ချက်လှုပ်ရှားတိုင်း အရိပ်များထင်ကျန်ခဲ့သည်။ ရှုပ်နေရာမှ ရှင်းလင်းသွားသည်။ ရှင်းလင်းနေရာမှရှုပ်ထွေးလာသည်။ အဆက်မပြတ်ပြောင်းလဲနေသည်။
ပုဆိန်နှစ်လက်တွင် ကြီးမားသည့်စွမ်းအားပါဝင်သည်။ ဝှေ့ယမ်းလိုက်တိုင်း လေထုတုန်ခါသွားသည်။ ထိုးဖောက်မရသည့် ခံစစ်စွမ်းအားပိုင်ဆိုင်သည်။
ဘေးမှကြည့်နေသည့်ဝူလဲ့ တိုက်ပွဲထဲသို့မဝင်ရဲ။ သူ့ကျင့်စဉ်အဆင့်အရ တစ်ချက်ထိသည်နှင့် သေလျှင်သေ မသေလျှင် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မည်။
ရုတ်တရက် ဟာကွက်တစ်ခု ဝစီပိတ်တွေ့လိုက်သည်။ သူ့ဓားဦးထိပ် ဖျတ်ခနဲလှုပ်ရှားသွားသည်။ ကြက်ခြေခတ်ကာထားသည့် ပုဆိန်နှစ်လက်ကို ကျင်လည်စွာချိုးဖျက်သည်။ တစ်ဘက်ရန်သူ၏ ရင်ဘတ်ပေါ်လာသည်။
"အခြေအနေမကောင်းဘူး"
စုမိုရန်စိတ်ထဲ တွေးလိုက်သည်။ ခံစစ်ပုံစံကို ပြန်ပြင်ရန်ကြိုးစားသည်။ သို့သော် ဝစီပိတ်၏တိုက်ခိုက်မှုများက ဗျူဟာကျသည်။ ဤအခိုက်အတန့်ကို သူစောင့်နေခဲ့ခြင်းဖြစ်သည်။
နောက်တစ်ကြိမ်လှုပ်ရှားလိုက်သည်နှင့် စုမိုရန် တုံ့ပြန်ခွင့်ရတော့မည်မဟုတ်။
"ကောင်းကင်ဂိတ်ကိုဖွင့်တဲ့ဓား"
ထက်မြက်သည့်ဓားသွားက ဖဲကြိုးတစ်စလို ကျလာသည်။ ကောင်းကင်တုန်ခါသွားသည်။ လူသတ်ရိပ်အပြည့်ဖြင့် စုမိုရန်ဆီ တည့်တည့်ထိုးဆင်းလာသည်။
ဝစီပိတ်စုစည်းခြင်းနောက်ဆုံးအဆင့်တွင် ရှိစဉ်ကတည်းက ထိုဓားချက်ကို ကူးဖြတ်ခြင်းအဆင့်များပင် ရှောင်တိမ်းရသည်။
ယခု သူကိုယ်တိုင်ကူးဖြတ်ခြင်းအဆင့်သို့ ရောက်နေပြီဖြစ်၍ ဓားချက်စွမ်းအားက အရင်ထက်များစွာ သာလွန်သွားသည်။
ကောင်းကင်အက်ကွဲသွားသည်။ အားပြင်းသည့်ဓားချီများ စုမိုရန်ကို လွှမ်းခြုံသွားသည်။
သို့သော် ရုတ်တရက် စုမိုရန်က တစ်ခြားတစ်နေရာတွင် ဖျတ်ခနဲပေါ်လာသည်။ သူ့ရင်ဘတ်မှ အသက်ကယ်မှော်အဆောင် စတင်လောင်ကျွမ်းလာသည်။
ခုနက သူတစ်ကြိမ်သေသွားခဲ့သည့်သဘောဖြစ်သည်။
"ကောင်းကင်ဂိတ်ကိုဖွင့်မဲ့ဓားစွမ်းအား"
ဝစီပိတ် နောက်ထပ်ဘာမှဆက်မတွေးဘဲ ရှေ့တက်သွားပြီး နောက်တစ်ကြိမ်တိုက်ခိုက်သည်။
ကောင်းကင်တုန်ခါသွားပြန်သည်။ ဓားသွားက ကြည်လင်တောက်ပသည်။ သက်တန့်တစ်စင်းကဲ့သို့ စုမိုရန်ပေါ် ထိုးဆင်းလာသည်။
ဤတစ်ကြိမ်တွင် အသက်ကယ်အဆောင်မရှိတော့သဖြင့် ဓားချက်က တကယ်ထိသည်။ ခန္ဓာကိုယ်နှစ်ခြမ်းပြတ်သွားသည်။
စုမိုရန် ကျင့်စဉ်စွမ်းအားကို လည်ပတ်၍ သွေးသန္ဓေစတေးပြီး ခန္ဓာကိုယ်ကို ပြန်ကုစားသည်။ ခန္ဓာကိုယ်ပြန်ကောင်းလာသော်လည်း သူ့အသက်ဓာတ် များစွာထိခိုက်သွားသည်။
ခန္ဓာကိုယ်အလယ်တွင် အစင်းကြောင်းတစ်ခု ထင်ရှားစွာရှိနေသည်။
ယဲ့မြို့တော်အပြင်သို့ အတင်းထွက်ပြေးရန် သူကြိုးစားသည်။
"ဘုန်း"
မြို့တော်ကိုကာရံထားသည့် မမြင်နိုင်သည့်နံရံတစ်ခုနှင့် သူဝင်တိုက်မိသည်။
အစောပိုင်းက 'မြို့တော်ထဲမှ ဘယ်သူမှမထွက်နိုင်စေရ'ဟု သူစည်းမျဉ်းသတ်မှတ်ခဲ့သည်။
ဘယ်သူမှမထွက်နိုင်စေရ။...သူကိုယ်တိုင်လည်း မထွက်နိုင်။
သူ့စည်းမျဉ်းစွမ်းအား ပြန်ရုတ်သိမ်းရန်ပြင်နေစဉ် သူ့နောက်ဘက်မှ ဝစီပိတ်၏စကားသံထွက်လာသည်။
"-ခင်ဗျားကိုဒီမြို့တော်ကနေ ထွက်သွားခွင့်မပြုဘူး-"
စုမိုရန် စည်းမျဉ်းနှစ်ခုချမှတ်ခဲ့သည်။ ထို့ကြောင့် ဝစီပိတ်လည်း စည်းမျဉ်းနှစ်ခု ချမှတ်ခွင့်ရှိသည်။ ဒုတိယစည်းမျဉ်းကို အခုမှထုတ်သုံးခြင်းဖြစ်သည်။
"နေဦး-"
စုမိုရန် စကားပြောဖို့ကြိုးစားသည်။ သို့သော် ဝစီပိတ်က နားမထောင်တော့ဘဲ သူ့နဖူးကို ဓားဖြင့်ထိုးစိုက်ပြီး ခန္ဓာကိုယ်ကို ဆောင့်နင်းလိုက်သည်။
စုမိုရန် ကောင်းကင်မှမြေပြင်သို့ အရှိန်ပြင်းစွာ ထိုးကျသွားသည်။
"နေပါဦး- ငါ့အသက်ကိုချမ်းသာပေးပါ။ ငါတို့ နတ်ဆိုးနိုင်ငံကိုသွားမယ်လေ။ အရှင်ကျူးထန်ရဲ့ အရိယဖလစွမ်းအားသုံးပြီး ငါ့ကိုမင်းရဲ့ကျွန်အဖြစ်ထားလို့ရပါတယ်'
ဝစီပိတ်၏ သွားတန်းဖြူများ တောက်ပလာသည်။ ညအမှောင်တွင် ထိုအပြုံးက ခြောက်ခြားစရာကောင်းနေသည်။
သူခေါင်းခါသည်။
"စိတ်မကောင်းပါဘူး။ ကျုပ်အခကြေးငွေယူထားပြီးပြီ။ ခင်ဗျားအသက်ကို လိုချင်တဲ့လူရှိတယ်"
"ဘယ်သူလဲ၊ ဘယ်သူငှားတာလဲ။ ငါသူ့ထက်နှစ်ဆ...မဟုတ်ဘူး...သုံးဆပေးမယ်"
ဝစီပိတ် အေးစက်စက်ပြုံးသည်။
"လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းနဲ့ မဟာရှားနိုင်ငံပူးပေါင်းပြီး ခင်ဗျားတို့နှလုံးမဲ့ဂိုဏ်းရဲ့ စခန်းတွေကို ရှင်းလင်းခဲ့တယ်။
လူအတော်များများ ကယ်တင်ခဲ့တယ်။ ခင်ဗျားတို့နှိပ်စက်လို့ လူရုပ်မပေါ်အောင်ဖြစ်နေရှာတဲ့ ယောက်ျားမိန်းမတွေ၊ လူငယ်တွေ၊ သက်ကြီးရွယ်အိုတွေပေါ့။
ကျုပ်ကိုတွေ့တော့ သူတို့ငိုယိုပြီးတောင်းဆိုကြတယ်။ နှလုံးမဲ့ဂိုဏ်းဝင်တိုင်းကို သတ်ပေးပါတဲ့။ သူတို့ရဲ့အမုန်းတရားကို မေ့ပစ်နိုင်အောင် ခင်ဗျားငွေဘယ်လောက်ပေးရင် ရနိုင်မယ်ထင်လဲ"
*********************************
အခန်း (၈၂၁) ဒုက္ခပေးစရာမလိုပါ
"ငါ..."
စုမိုရန် ဆက်ပြောလိုသေးသော်လည်း သူ့နဖူးတွင်ထိုးစိုက်ထားသည့် ဝိညာဉ်ဓားကို ဝစီပိတ်ဆွဲလှည့်ပြီး သိစိတ်နယ်မြေကို ချက်ချင်းဖျက်ဆီးလိုက်သည်။
ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကိုသတ်ဖို့ အလွန်တရာခက်ခဲသည်။ စုမိုရန်သိစိတ်နယ်မြေမှ ဝိညာဉ်တစ်ခုပျံထွက်လာသည်။ ဝိညာဉ်စွမ်းအားလျာ့ပါးမည်ကိုအရေးမစိုက်ဘဲ ထွက်ပြေးရန်ကြိုးစားနေသည်။
"ထွက်ပြေးချင်တယ်ပေါ့"
ဝစီပိတ်လှောင်ပြုံးပြုံး၍ သိစိတ်အာရုံကိုစုစည်းလိုက်သည်။ ဓားချီများ လေဟာနယ်တွင် တစ်လက်မမကျန်ပြည့်နက်သွားသည်။ ဓားချီစက်ဝန်းထဲတွင် လှုပ်ရှားရန်ကြိုးစားသည့်ဘယ်အရာဝတ္ထုမဆို အစိတ်စိတ်အမွှာမွှာပြတ်ထွက်သွားမည်။
စုမိုရန်၏ဝိညာဉ် ထိတ်လန့်သွားသည်။ မလှုပ်ရဲတော့။ ဝစီပိတ် အနီရောင်ဘူးသီးခြောက်တစ်ခုထုတ်၍ အဖုံးဖွင့်ပြီး စုမိုရန်ဝိညာဉ်ကို စုပ်ယူလိုက်သည်။
ထိုဝိညာဉ်မှ သတင်းအချက်အလက်နှိုက်ထုတ်ဖို့ နောက်မှ သူ့ဆရာကို အကူအညီတောင်းရမည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏ဝိညာဉ်သည် အလွန်တရာအားကောင်းသည်။ ပေါ့ပေါ့ဆဆလုပ်မိလျှင် ဝိညာဉ်ကသူ့ကို တန်ပြန်တိုက်ခိုက်နိုင်သည်။
"တစ်ချိန်က ငါကယ်ခဲ့တဲ့လူတွေ ဒီမြင်ကွင်းကို မမြင်နိုင်ကြတော့တာ စိတ်မကောင်းစရာပဲ"
ဝစီပိတ် ကျိတ်၍သက်ပြင်းချသည်။ အဖြစ်အပျက်များက နှစ်တစ်ထောင်ကျော်ကြာခဲ့ပြီဖြစ်သည်။ လေဟာနယ်သန့်စင်အဆင့်ကျင့်ကြံသူများသာ ထိုမျှကြာကြာ အသက်ရှင်နိုင်သည်။
သူကယ်ခဲ့သည့်လူများထဲတွင် လေဟာနယ်သန့်စင့်အဆင့်ထိကျင့်ကြံနိုင်ခဲ့သူ တစ်ယောက်မှမရှိ။
ကောင်းကင်သို့သူမော့ကြည့်သည်။ ထွက်ပြေးရန်ပြင်နေသည့် ဝူလဲ့ဆီ ဓားချီတစ်ခုထုတ်လွှတ်လိုက်သည်။
အကျဉ်းထောင်၏ကောင်းကင်ထက်မှ ကျင်းချွဲ့နှင့် နှလုံးမဲ့ဂိုဏ်းသားတို့တိုက်ပွဲလည်း အဆုံးသတ်သွားသည်။ စုမိုရန်ရှုံးနိမ့်သွားသည်ကိုမြင်ပြီးနောက် ထိုဂိုဏ်းသားကြောက်လန့်သွားသည်။
ဆက်မတိုက်ခိုက်တော့ဘဲ ထွက်ပြေးရန်ကြိုးစားသည်။
သို့သော် ကျင်းချွဲ့က ထွက်ပြေးခွင့်မပေး။ ကျားတောင်ပံများကိုခတ်၍ နတ်ဆိုးလေးပြင်းဖန်တီးပြီး မလှုပ်နိုင်အောင် ချက်ချင်းထိန်းချုပ်သည်။ ထို့နောက် ထိုလူဘာမှမတုံ့ပြန်နိုင်မီ ပါးစပ်ကိုဟ၍ တစ်ကိုယ်လုံးမျိုချလိုက်သည်။
"ကြည့်ပါ၊ နင်လည်း တိုက်ခိုက်တဲ့အခါ သူ့လိုမျိုးတိုက်သင့်တယ်။ တစ်စိတ်တည်းထားပြီး တိုက်ခိုက်ရတယ်။ အမြင့်ဆုံးတိုက်ခိုက်စွမ်းအားထုတ်နိုင်ဖို့ အဲဒါတစ်ခုတည်းသောနည်းလမ်းပဲ"
နတ်မယ်က ကျင်းချွဲ့၏တိူက်ခိုက်ပုံကို ချီးကျူးသည်။ ထိုသို့တိုက်ခိုက်ရန် အရိုင်းမျိုးနွယ်ကိုလည်း သူအကြိမ်ကြိမ်လမ်းညွှန်ခဲ့သည်။
"ပြီးသွားပြီလား"
မြို့တော်သခင် အံ့ဩစိတ်မပြေသေး။ ဝစီပိတ်က တိုက်ခိုက်နေရင်း အဆင့်တက်ပြီး နှလုံးမဲ့ဂိုဏ်း၏ ဒုဂိုဏ်းချုပ်ကိုသတ်လိုက်သည်။
"ပြီးသွားပြီ၊ ကျန်တဲ့နောက်ဆက်တွဲကိစ္စတွေကိုတော့ မြို့တော်သခင်ကိုပဲ ဒုက္ခပေးရတော့မယ်။ ကျုပ်အခု အကျဉ်းထောင်ကိုပြန်ပြီး ကျုပ်အခန်းဖော်တွေရဲ့အခြေအနေကို သွားကြည့်ဦးမယ်"
ဝစီပိတ်ကပြောသည်။ ထို့နောက် အကျဉ်းထောင်သို့ ပြန်သွားသည်။ အနီရောင်ဘူးသီးခြောက်ကိုပုတ်ပြ၍ လုယန်တို့ကို ကြွားလုံးထုတ်သည်။
"အားလုံးရှင်းသွားပြီ"
ထို့နောက် သူပျော်ရွှင်စွာ တွက်ချက်နေသည်။
"ကူးဖြတ်ခြင်းအလတ်တန်းဆင့်တစ်ယောက်နဲ့ စုစည်းခြင်းနောက်ဆုံးအဆင့်တစ်ယောက်။ ရလာမယ့်ကျိုးဆောင်မှတ်နဲ့ဆို ယာယီဂိုဏ်းချုပ်လုပ်ခွင့်ဘယ်နှရက်...အဲ...မဟုတ်သေးဘူး။ ငါက ဂိုဏ်းချုပ်ပဲ"
ဝစီပိတ် သူရာထူးသူ ပြန်သတိရလာသည်။
"တကယ်လေးစားစရာပဲ"
ရှန်ထန် ဝစီပိတ်ကို လေးစားအားကျသည့်အကြည့်ဖြင့် ကြည့်နေသည်။ တိုက်ခိုက်နေရင်း အဆင့်တက်သည်။ ကိုယ့်ထက်အဆင့်မြင့်သူကို စိန်ခေါ်တိုက်ခိုက်သည်။ သမိုင်းတင်ထိုက်သည့် တိုက်ပွဲမျိုးဖြစ်သည်။
နောက်မျိုးဆက်များအတွက် လှပသည့်ဒဏ္ဍာရီတစ်ခု ဖြစ်လာလိမ့်မည်။
"ဒုဂိုဏ်းချုပ်တစ်ယောက်တော့ ဖမ်းမိပြီ။ စုမိုရန်သိထားတဲ့အချက်အလက်တွေ အများကြီးရှိနေမှာပဲ။ နှလုံးမဲ့ဂိုဏ်းက သူ့ကိုလာလုမသွားအောင် သေချာသတိထားရမယ်"
ကိစ္စမပြီးသေးကြောင်း ဝစီပိတ်ကောင်းကောင်းသိသည်။ စုမိုရန်ဝိညာဉ်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ပို့ပြီးမှသာ တကယ်ကိစ္စပြီးမည်။
"အမယွမ်ကို ကျုပ်ခေါ်လိုက်ရမလား"
လုယန် အကြံပြုသည်။ ယွမ်ကျိအရိပ်တုလက်သီးကို အသုံးပြုရန်အသင့်ပြင်သည်။
ဝစီပိတ်က လက်ခါပြသည်။
"ဒီအလေးအဖွဲ့ကိစ္စလောက်အတွက် သူ့ကိုဒုက္ခပေးဖို့မလိုပါဘူး။ ပင်လယ်တာအိုသခင်ကိုပဲ ခေါ်ကြတာပေါ့"
ရှန်ထန်ကို သူ့လှည့်ကြည့်သည်။
"ဘိုးဘေးမှာ ပင်လယ်တာအိုသခင်ကို ဖိတ်ခေါ်နိုင်တဲ့ နည်းလမ်းရှိတယ်မဟုတ်လား"
"ရှိပါတယ်"
ပင်လယ်တာအိုသခင်၏ စီနီယာလည်းဖြစ်၊ ဂျူနီယာလည်းဖြစ်သည့် ရှန်ထန်တွင် ဆက်သွယ်သည့်နည်းလမ်းရှိသည်။
အင်္ကျီရင်ဘတ်ထဲမှ မှော်အဆောင်တစ်ခုထုတ်လိုက်သည်။ မှော်အဆောင်က သူ့ဘာသာမီးလောင်သွားသည်။ လေဟာနယ်တံခါးတစ်ခုပွင့်လာသည်။ လူတစ်ယောက် ထိုတံခါးထဲမှပေါ်လာသည်။
မျက်စိမှိတ်ထားရင်းမှ လက်နှစ်ဘက်ကိုဆန့်ထုတ်လိုက်သည်။ သူ့အဝတ်အစားများက ဖရိုဖရဲဖြစ်နေသည်။
"လာပါဦး ယာလေး။ ကိုယ်ကိုအနမ်းပေး-...ဟ၊ ဒါက ဘယ်နေရာလဲ"
လေထုအပြောင်းအလဲကို ဖန်ဝူယာသတိထားမိသည်။ အရှေ့ပင်လယ်တွင်ရှိနေရာမှ ကုန်းမြေပေါ်ရောက်လာသည်။
အားလုံး လေဟာနယ်တံခါးမှထွက်လာသည့် ဖန်ဝူယာကို အသံတိတ်ကြည့်နေကြသည်။ တုန်လှုပ်နေကြသည်။ လေဟာနယ်အရိယဖလသန္ဓေပိုင်ဆိုင်သည့် မသေမျိုးတစ်ဝက်ရှေ့တွင် ဘာစကားမှမပြောရဲ။
စကားမှားသွားလျှင် ဘယ်သူမှ ထွက်ပြေးနိုင်စွမ်းရှိမည်မဟုတ်။
ပင်လယ်တာအိုသခင် ဘေးပတ်လည်ကို စစ်ဆေးကြည့်သည်။ အရင်းနှီးဆုံးမျက်နှာများကို မြင်ရသည်။ တာအိုရှင်ရှန်ထန်၊ တာအိုရှင်ဝစီပိတ်၊ လုယန်၊ မုန်ကျင်းကျိုး။ ထို့ပြင် သူမသိသည့် ချုန်းချီတစ်ယောက်။
ရှန်ထန်က ဆင့်ခေါ်မှော်အဆောင်ကိုသုံးခဲ့ခြင်းဖြစ်မည်ဟု ဟူတွေးလိုက်သည်။ အန္တရာယ်ကြုံလျှင်သုံးဖို့ သူပေးထားသည့်အဆောင်ဖြစ်သည်။
ချောင်းတစ်ချက်ဟန့်၍ အလေးအနက်လေသံဖြင့် သူမေးလိုက်သည်။
"ကျုပ်အခု ကျင့်စဉ်ဝင်နေတာ။ ခင်ဗျားကျုပ်ကိုခေါ်တာ ဘာကိစ္စရှိလို့လဲ"
အစောပိုင်းက သူ့အပြုအမူကို မြင်ခဲ့ပြီးဖြစ်၍ သူတံခါးပိတ်ကျင့်နေသည်ဟု ဘယ်သူမှမယုံကြည်ကြ။
ရှန်ထန်က ဝစီပိတ်ကို လက်ညှိုးထိုးပြ၍ပြောသည်။
"ဒီလိုပါ။ သူက နှလုံးမဲ့ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်တစ်ယောက်ကကို ဖမ်းမိထားတယ်။ သယ်ယူပို့ဆောင်တဲ့နေရာမှာ ပြဿနာတစ်ခုခုကြုံမှာစိုးရိမ်လို့ပါ။
ဒုဂိုဏ်းချုပ်ရဲ့ဝိညာဉ်ကို တာအိုလမ်းစဉ်ဂိုဏ်းကိုပို့ဖို့အတွက် ခင်ဗျားကိုဒုက္ခပေးရတာပါ"
"နှလုံးမဲ့ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ကိုဖမ်းမိထားတယ်ပေါ့"
ဖန်ဝူယာ အတော်အံ့အားသင့်သွားသည်။ နှလုံးမဲ့ဂိုဏ်းဝင်များသည် အလွန်သတိထားကြသည်။ သူတို့ဂိုဏ်းထိပ်သီးတစ်ယောက်ကိုဖမ်းဖို့ဆိုသည်မှာ အလွန်တရာခက်ခဲသည်။
"ကောင်းပါပြီ။ ဒီကိစ္စ ကျုပ်တာဝန်ထားပါ။ ကျုပ်လက်ထဲက ဘယ်သူလာလုရဲမလဲ ကြည့်ရသေးတာပေါ့"
ဖန်ဝူယာ ဝမ်းသာနေသဖြင့် သူ့ပုံမှန်လေသံအတိုင်း ခပ်ဝင့်ဝင့်ပြောသည်။
မြို့တော်သခင်၏ အိမ်တော်ဝင် သွမ့်ရှိုက သူ့သားကို ကိုယ်တိုင်ဖမ်းဆီးသည်။
ရုန်းကန်နေဆဲဖြစ်သည့် သူ့သားကိုကြည့်ရင်း သူသက်ပြင်းချနေသည်။ သားလိမ္မာတစ်ယောက်က ဘာကြောင့် ယခုလိုအခြေအနေရောက်သွားသည်မသိ။
သူ့သား၏ပြစ်မှုများက ကြီးလေးသည်။ သူကိုင်တွယ်နိုင်သည့် အတိုင်းအတာမျိုးမဟုတ်။ ထိုကိစ္စကို တော်ဝင်ရုံးတော်သာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။ သေဒဏ်တော့လွတ်မည်မထင်။
အနီးအနားမြို့တော်များမှ မြို့တော်သခင်များလည်း အင်အားအလုံးအရင်းဖြင့်ရောက်လာသည်။ မြို့အနီးတွင် တပ်စွဲသည်။ သွမ့်ရှို၏အိမ်တော်သို့ ချက်ချင်းသွားသည်။ သို့သော် တိုက်ပွဲက အဆုံးသတ်ပြီးဖြစ်ကြောင်း တွေ့ကြရသည်။
"ဘာရယ်၊ နှလုံးမဲ့ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ကို တာအိုရှင်ဝစီပိတ်က ဖမ်းလိုက်တယ်ပေါ့"
ရောက်လာသူအားလုံး အံ့အားသင့်သွားသည်။ ထိုကိစ္စသည် အရေးကြီးသည်။ သူတို့ဖြေရှင်းနိုင်စွမ်းထက် များစွာကျော်လွန်နေသည်။ ရှားရုံးတော်ကိုချက်ချင်းအကြောင်းကြားပြီး အဆင့်မြင့်အရာရှိတစ်ယောက်၏ဆုံးဖြတ်ချက်ကို တောင်းခံရမည်။
.....
နန်းမြို့တော်။
ညာဉ့်နက်ပြီဖြစ်သည်။ အရာရှိများ ယခုအချိန် အနားယူနေသင့်သည်။ သို့သော် အဆင့်မြင့်ကျင့်ကြံသူများသည် နေညမရွေးဘဲ အလုပ်လုပ်နိုင်စွမ်းရှိကြသည်။
ပင်ပန်းနွမ်းနယ်နေသော်လည်း တရားရေးဝန်ကြီး အစီရင်ခံစာတစ်ခုကို စစ်ဆေးနေသည်။ ပုံမှန်ဆိုလျှင် ညာဉ့်နက်ပိုင်းအထိ သူအလုပ်လုပ်လေ့မရှိ။ သို့သော် အခုရက်ပိုင်း အရှေ့ပင်လယ်ကိုအာရုံစိုက်သူ များနေသည်။
မဟာရှားကျင့်ကြံသူများ အရှေ့ပင်လယ်သို့ စူးစမ်းလေ့လာရေးခရီးထွက်ကြသည်။ နယ်ခြားပယ်ခြားအမှုအခင်းများစွာ ဖြစ်ပေါ်လာသည်။ ကိုင်တွယ်ဖြေရှင်းရသည်မှာ အတော်ဒုက္ခများသည်။
ထိုပြင် အရှေ့ပင်လယ်တွင်ဖြစ်သည့် အမှုအမျိုးအစားများကလည်း ကွဲပြားသည်။ လက်ရှိဥပဒေဖြင့် စီရင်၍မသင့်တော်။ ဥပဒေစည်းမျဉ်းသစ်များ ချမှတ်ဖို့လိုသည်။
နတ်ဆိုးနိုင်ငံကိစ္စကလည်း ခေါင်းစားစရာဖြစ်သည်။ သူတို့က မဟာရှားနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်လိုကြသည်။ ဥပဒေပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုကိစ္စများက သူ့ပုခုံးပေါ် တာဝန်ကျလာသည်။
"အရင်က တည်ငြိမ်နေခဲ့တဲ့ နတ်ဆိုးနိုင်ငံနဲ့အရှေ့ပင်လယ်က ဒီနှစ်နှစ်အတွင်းကျမှ ဘာလို့ဒီလောက်လှုပ်လှုပ်ရှားရှားဖြစ်လာတာလဲ။ မဟာကပ်အပြိုင်အဆိုင်ကာလကြောင့်များလား။
မဟာကပ်အပြိုင်အဆိုင်ကာလဟာ ရှေးဟောင်းခေတ်တစ်ပတ်ပြန်လည်လာတာတို့ ပြောကြတယ်။ ပါရမီရှင်တွေက မသေမျိုးကောင်းကင်ဆင်းရဲဖြတ်ဖို့ ကြိုးစားကြတယ်။ နေရာတိုင်းမှာ တိုက်ပွဲတွေဖြစ်တယ်တဲ့"
နောက်ဆုံးအစီရင်ခံစာကို စစ်ဆေးပြီးနောက် အိမ်ပြန်အနားယူရန်ပြင်ဆင်သည်။
ထိုစဉ် သူ့လက်ထောက်က တံခါးဖွင့်၍ ရေးကြီးသုတ်ပြာဝင်လာသည်။
"သခင်၊ ကျိပြည်နယ် ယဲ့မြို့တော်က အရေးပေါ်သတင်းဝင်လာပါတယ်။ နတ်ဆိုးဂိုဏ်းတစ်ခုရဲ့ အကြီးအကဲတစ်ယောက်ကို ဖမ်းမိတယ်တဲ့"
"သတင်းကောင်းပဲ"
တရားရေးဝန်ကြီး၏မျက်လုံးများ ချက်ချင်းအရောင်တောက်လာသည်။ အိပ်ချင်စိတ် ပျောက်သွားသည်။ ညာဉ့်နက်ပိုင်းတွင် ထိုသတင်းကောင်းမျိုး ကြားရမည်ဟု သူထင်မထားခဲ့။
"ဖမ်းလိုက်တဲ့ တာအိုမိတ်ဆွေက ဘယ်သူတဲ့လဲ"
"အင်း...ဟိုလေ...တာအိုရှင်ဝစီပိတ်ပါ"
"အဖမ်းခံရတဲ့လူကို မေးနေတာမဟုတ်ဘူး။ ဖမ်းတဲ့လူကိုမေးနေတာကွ"
********************************
အခန်း (၈၂၂) ထောင်ခန်းဖော်များထွက်သွားခြင်း
အသေးစိတ်အစီရင်ခံချက်ကို နားထောင်ပြီးနောက် သူနားကြားမမှားကြောင်း တရားရေးဝန်ကြီး နားလည်လာသည်။
စုမိုရန်ကို ဖမ်းဆီးခဲ့သူသည် အမှန်တကယ်ပင် ဟိုခွေးဝဲစားဝစီပိတ်ဖြစ်နေသည်။
"ယဲ့မြို့တော်ကိုသွားမယ်။ လော်ရွှေတပ်ဖွဲ့ဝင်တစ်ချို့လည်း ခေါ်ခဲ့။ တိုးတိုးတိတ်တိတ်လုပ်ပါ။ ဒါမှ ငါတို့လှုပ်ရှားမှုကို နှလုံးမဲ့ဂိုဏ်းက မရိပ်မိမှာ"
လက်ရွေးစင်တပ်ဖွဲ့ငယ်တစ်ခုခေါ်၍ ယဲ့မြို့တော်သို့ တရားရေးဝန်ကြီး အပြေးအလွှားသွားသည်။ ငယ်ရွယ်စဉ်က နန်းမြို့တော်တွင် သူ့ကိုဝစီပိတ်လှည့်စားခဲ့သည့်အဖြစ်များကို ပြန်တွေးရင်း ကြိတ်မနိုင်ခဲမရဖြစ်နေသည်။
'သူက ကူးဖြတ်ခြင်းအဆင့်ကို ရောက်သွားပြီပေါ့။ ဒီလောကမှာ တရားမျှတမှုဆိုတာရော ရှိသေးရဲ့လား။ နောက်ကို တိုင်းပြည်ကိစ္စတွေ မင်းကြီးပဲစီမံပါစေတော့။ ငါတံခါးပိတ်ကျင့်တော့မယ်'
........
ယဲ့မြို့တော်သို့သွားသည်လမ်းတွင် ကိုးနန်းတော်အဖွဲ့မှ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူလော်ချန်ဟဲ ဦးဆောင်လာသည့် လော်ရွှေတပ်ဖွဲ့နှင့် ပူးပေါင်းသည်။
သို့သော် သူတို့ခြေတစ်လှမ်းနောက်ကျသွားသည်။ စုမိုရန်၏ဝိညာဉ်ကို ပင်လယ်တာအိုသခင်က တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ယူသွားပြီးဖြစ်သည်။
သို့သော် လုံးဝနောက်ကျသည်ဟုလည်း မဆိုသာ။ တာအိုရှင်ဝစီပိတ်နှင့် သူ့အကျဉ်းသားအခန်းဖော်များ ပြစ်ဒဏ်ကျခံနေရဆဲဖြစ်သည်။
"လောင်ရှု၊ ဒီကိုလာဟေ့"
ဝစီပိတ်က တရားရေးဝန်ကြီးကို အောက်ဘက်မှ လက်ဝှေ့ယမ်းနှုတ်ဆက်သည်။
ရှုရှင်းနားလည်လိုက်သည်။ ဝစီပိတ်၏ကျင့်စဉ်အဆင့်ကို သူထွင်းဖောက်မမြင်ရ။ ကူးဖြတ်ခြင်းအဆင့်သို့ တကယ်ရောက်နေသည့်သဘောဖြစ်သည်။
စုမိုရန်ကို အနိုင်ယူဖို့ ယာယီစွမ်းအားမြှင့်သည့်နည်းလမ်းများ သုံးခဲ့ခြင်းမဟုတ်လောက်။
ရှုရှင်းမြေပေါ်သို့ဆင်းသည်နှင့် ဝစီပိတ်၏ ကဖျစ်ကညစ်ပြောသည့်စကားသံကို ကြားရသည်။
"ရှောင်ရှု၊ မင်းအခု အဘိုးကြီးတစ်ယောက်ဖြစ်နေပြီပဲ။ ငါမပြောလည်း ကျင့်ကြံသူလောကရဲ့စည်းမျဉ်းတွေကို မင်းနားလည်ပြီးသားပါ။
စွမ်းအားမြင့်တဲ့လူတွေကို လေးစားရတယ်ဆိုတာလေ။ ဒါပေမယ့် မင်းနဲ့ငါ အရင်ကအဆင့်တူဖြစ်ခဲ့တာဆိုတော့ ငါ့ကို တာအိုရှင်ဝစီပိတ်လို့ပဲခေါ်ပါ"
ရှုရှင်း မျက်လုံးထောင့်ကပ်ကြည့်သည်။ ဝစီပိတ်နှင့် သူအငြင်းအခုန်မလုပ်ချင်။
ထို့နောက် သူ့အကြည့်က ဝစီပိတ်၏ ထောင်ကျဖက်များဆီရောက်သွားသည်။
"လုယန်နဲ့မုန်ကျင်းကျိုး၊ မင်းတို့နှစ်ယောက် ဒီမှာဘာလုပ်နေတာလဲ"
ဝစီပိတ်ချောက်ချ၍ သူအချုပ်ကျခဲ့စဉ်က လုယန်ကို သူမြင်ဖူးသည်။
မုန်ကျင်းကျိုးလို မဟာရှား၏ထိပ်တန်းမိသားစုဝင်ကိုတော့ သူမသိစရာအကြောင်းမရှိ။
လုယန်နှင့်မုန်ကျင်းကျိုးတို့ နှုတ်ခမ်းများလှုပ်လာသည်။ သို့သော် ဘိုးဘေးကိုအဖော်ပြုဖို့ တစ်ယောက်ပစ္စည်းတစ်ယောက်ခိုး၍ အချုပ်ခန်းထဲဝင်လာသည့်ကိစ္စကို ထုတ်ပြောဖို့ရှက်နေသည်။
လုယန်တို့ပုံစံက မဝံ့မရဲဖြစ်နေသဖြင့် ရှုရှင်းနားလည်သွားသည်။ ထိုကောင်လေးနှစ်ယောက် ဝစီပိတ်၏လှည့်စားမှုကို ခံခဲ့ရခြင်းဖြစ်မည်။
"စုမိုရန်ရဲ့ဝိညာဉ်ဘယ်မှာလဲ"
ရှုရှင်း လာရင်းကိစ္စကို ပြန်သတိရလာသည်။
"ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကိုပြန်ပို့ဖို့ ပင်လယ်တာအိုသခင်က ယူသွားပြီလေ"
ရှုရှင်း တာအိုလမ်းစဉ်ဂိုဏ်းသို့ ချက်ချင်းသွားရန်ပြင်သည်။ သို့သော် ဝစီပိတ်က သူ့ကိုဆွဲထားသည်။
"နေ့ပါဦး...နေပါဦး။ ငါက စုမိုရန်ကိုဖမ်းဖို့ အများကြီးအားစိုက်ခဲ့ရတာ။ ဒါကို တိုင်းပြည်အကျိုးဆောင်တယ်လို့ သတ်မှတ်လို့ရတယ်မဟုတ်လား။
တရားဝင်လုပ်ရိုးလုပ်စဉ်အတိုင်းသွားပြီး ငါ့ကိုဒီထဲကနေထုတ်ပေးပါ"
ထောင်ထဲသို့ဝင်လာသည့် သူ့မူလရည်ရွယ်ချက်က ကျင်းချွဲ့ကို ဘဝဒသနသင်ပြဖို့ဖြစ်သည်။ သို့သော် ယဲ့မြို့တော်တွင်ဖြစ်သွားသည့် ကိစ္စများကြောင့် ဤနေရာတွင် ဘဝအတွေ့အကြုံဆက်ရှာ၍မဖြစ်တော့။
ထောင်ထဲမှ မြန်မြန်ထွက်ဖို့လိုသည်။
ဝစီပိတ် သူ့ဘေးမှကျင်းချွဲ့ကို လက်ညှိုးထိုးပြသည်။
"ပြီးတော့ ဒီကငါ့ညီလေးပေါ့။ သူ့ကို ရွှေလေးလို့ပဲခေါ်ပါ။ သူလည်း နှလုံးမဲ့ဂိုဏ်းရဲ့ စုစည်းခြင်းအဆင့်ဂိုဏ်းသားတစ်ယောက်ကို ဖမ်းခဲ့တယ်။ ဒါလည်း အကျိုးဆောင်တာပဲလေ"
ရှုရှင်း ကျင်းချွဲ့ကို အချိန်အတော်ကြာအောင်စိုက်ကြည့်နေသည်။ ဘာကြောင့် ထိုလူသည် တာအိုရှင်ဝစီပိတ်နှင့် လိုလိုလားလားပေါင်းသင်းနေသည်မသိ။ ဦးနှောက်မှ မှန်ရဲ့လားဟု သူတွေးနေသည်။
"ရပါတယ်၊ ခဏနေရင် မြို့တော်သခင်နဲ့ ဆွေးနွေးလိုက်မယ်။ ဒါပဲမဟုတ်လား။ တစ်ခြားကိစ္စမရှိရင် ငါသွားတော့မယ်"
ရှုရှင်း တာအိုလမ်းစဉ်ဂိုဏ်းသို့သွားဖို့ စိတ်လောနေသည်။
"နေပါဦး၊ နေပါဦး။ နောက်ထပ်ပြောစရာရှိသေးတယ်။ ဒီလူကိုလည်း မင်းလွှတ်ပေးမှဖြစ်မယ်"
"မင်းပြောစရာရှိတာကို တစ်ဆက်တည်း အကုန်ပြောလို့မရဘူးလားကွာ။ ကဲ...ပြောပါ၊ ဒီလူကဘယ်သူလဲ"
ထောင့်တစ်ထောင့်တွင်ထိုင်နေသည့် တာအိုရှင်ရှန်ထန်ကို လှမ်းကြည့်သည်။
"ငါတို့တာအိုလမ်းစဉ်ဂိုဏ်းက တပည့်တစ်ယောက်ပါ။ နှလုံးမဲ့ဂိုဏ်းကို သူလျှိုဝင်ဖို့ သူစီစဉ်ထားတာ။
ဒါပေမယ့် ယဲ့မြို့တော်က သူတို့ဂိုဏ်းစမ်းကိုသိမ်းတဲ့အချိန် သူလည်းအဖမ်းခံလိုက်ရတယ်။ သူက တာအိုလမ်းစဉ်ဂိုဏ်းသားဆိုတာ ဝန်ခံရမှာ အရမ်းရှက်တယ်တဲ့။
ငါတို့ဂိုဏ်းကို နာမည်မပျက်စေချင်ဘူး။ ဒါကြောင့် ဒီမှာအချုပ်ကျနေတာ"
ရှုရှင်း အံ့အားသင့်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် ထိုမျှစိတ်နှလုံးဖြူစင်သည့် ဂိုဏ်းတပည့်မျိုးရှိမည်ဟု သူလုံးဝထင်မထား။
အခြေတည်အဆင့်တက်စလူငယ်တစ်ယောက်ဖြစ်၍ ဂိုဏ်းသို့ရောက်သည်မှာ တစ်နှစ်ခန့်ကြာခဲ့လောက်ပြီဟု သူခန့်မှန်းသည်။
ထိုတစ်နှစ်အတွင်း စိတ်ဓာတ်အစွန်းအထင်းမရှိနေနိုင်သည်မှာ တကယ်လေးစားစရာကောင်းသည်။
"ဒါလည်းစီစဉ်ပေးလို့ရတယ်"
ရှုရှင်းထွက်သွားရန်ပြင်သည်။ ထိုနောက် ခြေလှမ်းရပ်သည်။
"နောက်ထပ်တော့ ဘာမှပြောစရာမရှိတော့ဘူးမဟုတ်လား"
"မရှိတော့ပါဘူး မရှိတော့ပါဘူး။ မင်းသွားလို့ရပြီ"
မကြာမီ ရှားနိုင်ငံမှလူများ အကျဉ်းထောင်မှ ထွက်သွားသည်။ တာအိုရှင်ဝစီပိတ်၊ ကျင်းချွဲ့နှင့်ရှန်ထန်တို့လည်း အချုပ်မှလွတ်သွားသည်။
လုယန်နှင့်မုန်ကျင်းကျိုးသာ ကျန်ခဲ့သည်။
နှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်သည်။ စည်ကားနေခဲ့သည့်အကျဉ်းခန်းက မျက်တောင်တစ်ခတ်အတွင်း သူတို့နှစ်ယောက်သာ ကျန်ခဲ့တော့သည်။
"တွေးကြည့်ရင် ငါတို့ကိုလွှတ်ပေးဖို့လည်း ဘာအကြောင်းပြစရာမှမရှိဘူးလေ"
သူတို့နှစ်ယောက်လုံး တိုက်ပွဲတွင် ဝင်မပါခဲ့။ ဘိုးဘေးရှန်ထန်လို မှားယွင်းဖမ်းဆီးခံခဲ့ရသူများလည်းမဟုတ်။
"ငါတို့နောက်ထပ် ဘယ်လောက်ကြာအောင်နေရဦးမှာလဲ"
"ဆယ်ရက်"
နှစ်ယောက်သား ခေါင်းရမ်းလျက် သက်ပြင်းချကြသည်။ ထိုဆယ်ရက်အတွင်း ဤနေရာတွင် အပိုးကျိုးကျိုး ကျင့်ကြံနေရုံသာရှိတော့သည်။
"လေလုံမိုးလုံနေရာတောင် မဟုတ်တော့ဘူးပဲ"
လုယန် ကြည်လင်သည့်ကြယ်ကောင်းကင်ကို မော့ကြည့်သည်။ ကူးဖြတ်ခြင်းအဆင့်နှလုံးမဲ့ဂိုဏ်းသားက ခေါင်မိုးကိုဆွဲခွာခဲ့သည်။
သိစိတ်နယ်မြေတွင် ခြေကျင်းလက်ထိတ်တန်းလန်းဖြင့် သူ့ကျင့်ကြံနေဆဲဖြစ်သည်။ လှောင်အိမ်တစ်ဘက်တွင် သာသာယာယာရှိနေသည့် နတ်မယ်ကိုကြည့်၍ မနာလိုဖြစ်မိသည်။
"စေတနာကောင်းတဲ့လူတွေအတွက် ကံကြမ္မာကောင်ချီးပေးတာက အတော်များလွန်းနေပါလား"
.....
စုမိုရန်ဝိညာဉ်ကို ပင်လယ်တာအိုသခင် ဂိုဏ်းသို့ပြန်ယူလာသည်။ အကျဉ်းထောင်တောင်ထိပ်မှ ကလေးဘိုးဆရာထန်ရှန်းယိ၊ ကျမ်းစာတိုက်မှ အကြီးအကဲထောင်နှင့် ယွမ်ကျိတို့ကို ချက်ချင်းခေါ်သည်။
ဝူလဲ့၏ရုပ်ခန္ဓာကို ကျိုးရှင်းလက်သို့လွှဲပေးပြီး အဆင်ပြေရာ မှော်လက်နက်တစ်ခု ဖန်တီးခိုင်းသည်။
စုမိုရန်၏ရုပ်ခန္ဓာကိုတော့ မသန့်စင်ခိုင်းတော့။ ထိုရုပ်ခန္ဓာက ဝစီပိတ်၏ တိုက်ပွဲအကျိုးအမြတ်ဖြစ်သည်။ သူ့ကိုယ်ပိုင်ဓားကို အားဖြည့်ဖို့ သုံးနိုင်သည်။
တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲများ စုမိုရန်၏ဝိညာဉ်ကို ချက်ချင်းရှာဖွေ၍ မှတ်ဉာဏ်ထဲမှ အချက်အလက်များကို ရယူကြသည်။
ထိုအချိန်တွင် တရားရေးဝန်ကြီးနှင့် လော်ရွှေတပ်ဖွဲ့များ ရောက်လာသည်။ နှလုံးမဲ့ဂိုဏ်းအကြောင်း ပြောဆိုဆွေးနွေးသည်။
ဖန်ဝူရာက သတင်းအချက်အလက်မျှဝေပြီးနောက် မျက်မှောင်ကျုံ့၍ပြောသည်။
"နှလုံးမဲ့ဂိုဏ်းက တကယ်ရင်ဆိုင်ဖို့ခက်တယ်။ စုမိုရန်ရဲ့မှတ်ဉာဏ်အရဆို နှလုံးမဲ့ဂိုဏ်းချုပ်ရဲ့ အသက်အရွယ်နဲ့ ပုံပန်းသဏ္ဌာန်ကို သေချာမသိရဘူး။
မသေမျိုးတစ်ဝက်အဆင့်ဖြစ်မယ်လို့ ယူဆရတယ်။ စုမိုရန်ရဲ့ မှန်းဆချက်အရ နှလုံးမဲ့ဂိုဏ်းတည်ထောင်တာဟာ ခံစားချက်ကင်းမဲ့တဲ့လူတွေအားလုံးစုစည်းပြီး နှလုံးမဲ့လမ်းစဉ်မှာ သူတို့အတွေးအမြင်တွေကို စောင့်ကြည့်လေ့လာတယ်။
ဂိုဏ်းချုပ်က သူ့ကိုယ်သူ ပြည့်စုံအောင်လုပ်ဖို့ ကြိုးစားနေတာတဲ့"
"ဒါဆို ဂိုဏ်းစတည်ထောင်ကတည်းက ဂိုဏ်းချုပ်မပြောင်းသေးတဲ့သဘောပေါ့"
လော်ချန်ဟဲ အံ့အားသင့်သွားသည်။ နှလုံးမဲ့ဂိုဏ်းသည် နတ်ဆိုးဂိုဏ်းလေးဂိုဏ်းထဲတွင် ရှေးအကျဆုံးဖြစ်သည်။
"အဲလိုပဲဖြစ်ဖို့များတယ်။...လောလောဆယ် ဒါတွေခဏထားဦး။ စုမိုရန်ရဲ့မှတ်ဉာဏ်အရ နှလုံးမဲ့ဂိုဏ်းဌာနချုပ်မှာ သူ့အသက်ကမ္ဗည်းတိုင်ရှိတယ်။
သူ့ဝိညာဉ် ခန္ဓာကိုယ်ကထွက်တာနဲ့ ကမ္ဗည်းတိုင်ကြေမွသွားမယ်။ ဂိုဏ်းအကြီးအကဲတွေက ဌာနချုပ်ကိုချက်ချင်းစွန့်ပြီး နေရာသစ်ပြောင်းကြမှာပဲ။
ငါအခု ဌာနချုပ်ဆီ လေဟာနယ်လမ်းကြောင်းတစ်ခုဖွင့်မယ်။ ကံကောင်းရင် အချိန်မီကောင်းမီနိုင်သေးတယ်"
သူတို့လူစု လေဟာနယ်လမ်းကြောင်းမှတစ်ဆင့် နှလုံးမဲ့ဂိုဏ်းဌာနချုပ်နေရာသို့ ရောက်သွားသည်။ ယွမ်ပြည်နယ် စန်းလုန်ရေကန်၏ အောက်ကြမ်းပြင်တွင်ဖြစ်သည်။
သို့သော် သူတို့ရောက်ချိန်တွင် နှလုံးမဲ့ဂိုဏ်းက နေရာပြောင်းသွားပြီဖြစ်သည်။ ရေကန်အောက်ခြေစခန်းတစ်ခုလုံးကို မဟာနတ်စွမ်းအားဖြင့် ရွှေပြောင်းယူသွားသည်။
စန်းလုန်ကန်ထဲမှရေလည်း မီတာဆယ်ချီ၍ လျော့ကျသွားသည်။
"ဒါဆိုလည်း ဂိုဏ်းခွဲစခန်းတွေဆီ သွားကြတာပေါ့"
စုမိုရန်၏ မှတ်ဉာဏ်ထဲမှ ဂိုဏ်းခွဲစခန်းနေရာအားလုံးအတွက် ဖန်ဝူယာ လေဟာနယ်လမ်းကြောင်းများ ချက်ချင်းဖွင့်သည်။
နှလုံးမဲ့ဂိုဏ်း၏ ဂိုဏ်းခွဲအားလုံးကို စွမ်းအားမြင့်ကျင့်ကြံသူများက ကာကွယ်စောင့်ရှောက်သည်။ အားအနည်းဆုံးလူက နတ်ဝိညာဉ်အဆင့်ဖြစ်သည်။
သို့သော် ထိုအဆင့်လောက်သည် တာအိုလမ်းစဉ်ဂိုဏ်းနှင့်ရှာနိုင်ငံ၏ ပူးပေါင်းအင်အားကို ဘယ်လိုမှယှဉ်နိုင်စရာမရှိ။
တစ်ချို့ဂိုဏ်းခွဲများက ပိုအဆင့်မြင့်သည်။ ဌာနချုပ်အကြီးအကဲများနှင့် တိုက်ရိုက်ဆက်သွယ်သည့် နည်းလမ်းများရှိသည်။
ဒုဂိုဏ်းချုပ်စုမိုရန် အဖမ်းခံရကြောင်းသိသည်နှင့် ချက်ချင်းထွက်ပြေးကြသည်။
သို့သော် ထိုဂိုဏ်းခွဲမျိုးက အရေအတွက်နည်းသည်။ ဆယ်ပုံတစ်ပုံသာရှိသည်။ တာအိုလမ်းစဉ်ဂိုဏ်းနှင့်မဟာရှားအဖွဲ့က ဂိုဏ်းခွဲကိုးဆယ်ရာနှုန်းကို ရှင်းလင်းပြီး ညတွင်းချင်းစစ်ဆေးမေးမြန်းသည်။
ဆယ်ပုံတစ်ပုံတွင် ကျန်သည့်တစ်ပုံမှ ဂိုဏ်းခွဲများ၏အခြေအနေကလည်း သိပ်မကောင်းလှ။ ထွက်ပြေးကြသော်လည်း ကျင့်စဉ်စွမ်းအားအကန့်အသတ်ကြောင့် အရှိန်အတော်နှေးသည်။
လမ်းမှန်ဂိုဏ်းမှရောက်လာသည့် စုစည်းခြင်းအဆင့်ကျင့်ကြံသူများလက်တွင် အတော်များများအဖမ်းခံကြရသည်။
နှလုံးမဲ့ဂိုဏ်း အင်အားရင်းမြစ်အထိ ကိုင်လှုပ်ခံရသည်။ များစွာအထိနာကြသည်။
************************