အခန်း (၈၂၃-၈၂၅)
Vol. 55 Ch. 823-825
အခန်း (၈၂၃) ဝေလငါးတစ်ကောင်ကျလျှင် သတ္တဝါအားလုံးတိုးတက်သည်
တာအိုလမ်စဉ်ဂိုဏ်းနှင့်မဟာရှားတပ်ဖွဲ့များပူးပေါင်း၍ နှလုံးမဲ့ဂိုဏ်းကို နှိမ်နှင်းသည့်သတင်းက အတော်လေးဂယက်ထသွားသည်။
အဆက်အသွယ်နည်းနည်းရှိသူတိုင်း ထိုအကြောင်းကိုသိကြသည်။
ကျင့်ကြံသူလောက၏ ထိပ်သီးစွမ်းအားရှင်များပင် ထိုသတင်းကြောင့် အံ့ဩမင်သက်မိနေကြသည်။
ထိုပြင် သတင်းကြားချိန်တွင် ထိပ်သီးစွမ်းအားရှင်တစ်ချို့ ထိုင်ခုံပေါ်တွင် ခွေယိုင်သွားသည်။ သူတို့မျက်နှာတွင် မယုံနိုင်သည့်အရိပ်များ ထင်ဟပ်နေသည်။
"ဝစီပိတ်က ကူးဖြတ်ခြင်းအဆင့်ကိုရောက်သွားပြီလား...မဖြစ်နိုင်ပါဘူး"
ဆိုင်ရှင်တစ်ယောက် မျက်နှာမသာမယာဖြင့်ပြောသည်။
"ဟုတ်မဟုတ်တော့မသိဘူး။ ဒါပေမယ့် ဒီသတင်းကို ဝစီပိတ်ကိုယ်တိုင် တမင်ဖြန့်တာလို့ကြားတယ်"
"...ဒီလူ့စရိုက်နဲ့ ဒီလိုလုပ်တာ မဆန်းလှပါဘူးလေ"
"သူရွှေသန္ဓေတည်ဆောက်တုန်းက ငါ့ထက်တစ်ရက်ပဲစောတာ။ ဒါကို ငါ့ရှေ့မှာ လာပြီးကြွားလုံးထုတ်တဲ့ကောင်လေ။
အခု ကူးဖြတ်ခြင်းအဆင့်ကိုသာ သူတကယ်ရောက်ပြီဆိုရင် ဘယ်လောက်မျက်နှာပြောင်တိုက်မယ်မသိဘူး"
"ဒီကောင်တောင် ကူးဖြတ်ခြင်းအဆင့်ကိုတက်နိုင်သေးရင် ငါကရောဘာလို့မတက်နိုင်ရမှာလဲကွ"
"ကောင်းကင်က မျက်လုံးကန်းနေပြီပဲ"
"တံခါးပိတ်ကျင့်မယ်၊ တံခါးပိတ်ကျင့်မယ်"
အလားတူဖြစ်ရပ်များ ကျင့်ကြံမှုလောကတစ်ခုလုံးတွင် ဖြစ်ပေါ်နေသည်။ အဆင့်မြင့်စွမ်းအားရှင်အတော်များများက ကောင်းကင်ကိုကျိန်ဆဲရင်း တံခါးပိတ်ကျင့်ကြံဖို့ ဆုံးဖြတ်ကြသည်။
နတ်ဆိုးနယ်မြေနှင့် အရှေ့ပင်လယ်မှ စုစည်းခြင်းအဆင့်များလည်း ထိုနည်းတူဖြစ်သည်။ အားလုံးက ကူးဖြတ်ခြင်းအဆင့်တက်နိုင်ဖို့ ကြိုးစားကြသည်။
ကျူးထန် ညီလာခံဝင်ချိန်တွင် သူ့ဝန်ကြီးများ တစ်ဝက်ကျော်ခန့်ပျောက်နေသည်ကို တွေ့ရသည်။ စုံစမ်းကြည့်မှ ထိုဝန်ကြီးများ တံခါးပိတ်ကျင့်စဉ်ဝင်သွားကြောင်း သူသိရသည်။
ဝစီပိတ် ကူးဖြတ်ခြင်းအဆင့်တက်သည်နှင့် သက်ဝင်လှုပ်ရှားနေသည့် ကျင့်ကြံသူလောကကြီး ချက်ချင်းငြိမ်ကျသွားသည်။
ဉာဏ်ထက်သူများက မဟာကပ်ရောက်ခါနီးပြီဟု ယူဆကြသည်။ ယခုလို အစုအပြုံလိုက် တံခါးပိတ်ကျင့်ကြလျှင် ကူးဖြတ်ခြင်းအဆင့်များစွာ ပေါ်ထွက်လာပေလိမ့်မည်။
"အရှေ့ပင်လယ်က ဆိုရိုးစကားတစ်ခု ငါကြားဖူးတယ်။ 'ဝေလငါးတစ်ကောင်ကျရင် သတ္တဝါအားလုံး တိုးတက်တယ်'တဲ့။ အခုလက်ရှိအခြေအနေနဲ့ ကွက်တိပဲ"
"ဝေလငါးကျတယ်ဆိုတာက ဝေလငါးသေတာကိုပြောတာမဟုတ်ဘူးလား။ တာအိုရှင်ဝစီပိတ်က သေမှမသေသေးတာ"
"သေပြီလို့သဘောထားကြည့်လို့ရပါတယ်"
သို့သော် ကျင့်ကြံသူလောက၏ ထိပ်သီးစွမ်းအားရှင်များသာ အသံတိတ်နေခြင်းဖြစ်သည်။ စုစည်းခြင်းအဆင့်သို့မရောက်သေးသည့် ကျင့်ကြံသူများက ဝစီပိတ်အကြောင်း သိပ်မသိကြ။ ထို့ကြောင့် ပုံမှန်အတိုင်းသာရှိနေသည်။
....
ဗုဒ္ဓနိုင်ငံ။
အဆုံးစမဲ့ကန္တာရကိုဖြတ်၍ လူတစ်ယောက် လေထဲတွင် လျင်မြန်စွာပျံသန်းနေသည်။ အောက်ဘက်မှ ကုလားအုပ်စီးသည့်ခရီးသွားများ ထိုလူ၏ပုံပန်းသဏ္ဌာန်ကို ကွဲကွဲပြားပြားမမြင်လိုက်ရ။
သိပ်မကြာမီ နောက်ထပ်လူတစ်ချို့ ပျံသန်းလာသည်။ ရှေ့မှပျံသန်းသွားသူနောက်သို့ လိုက်ကြသည်။
"ယဲ့ဇီကျင်း၊ မင်းရပ်လိုက်စမ်း။ ဒီနေ့ ဗုဒ္ဓဓမ္မနဲ့ မင်းကိုမဆုံးမနိုင်ရင် ရှေးသူတော်စင်တွေကို ငါဘယ်လိုမျက်နှာပြရမလဲ"
ဖူရွှမ်ဦးဆောင်သည့် ဗုဒ္ဓနိုင်ငံ၏ နာမည်ကျော်အဆင့်မြင့်ကိုယ်တော်တစ်စုက ယဲ့ဇီကျင်းနောက်သို့ လိုက်ဖမ်းနေခြင်းဖြစ်သည်။
သူတို့အားလုံး ယဲ့ဇီကျင်းနှင့် ကတောက်ကဆဖြစ်ခဲ့သည်မှာ တစ်ကြိမ်နှစ်ကြိမ်မက။ အကြိမ်ကြိမ်ကြိုးစားပြီး နောက်ဆုံးမှ ယဲ့ဇီကျင်းကို ဝိုင်းမိကြခြင်းဖြစ်သည်။
"ယဲ့ဇီကျင်း၊ သူတော်စင်ကျမ်းစာမှာ မင်းဘာပေါက်တတ်ကရတွေ ထပ်ဖြည့်ထားတာလဲ"
ကိုယ်တော်များက ယဲ့ဇီကျင်းကို မကျေမနပ် စိုက်ကြည့်နေသည်။
ထိုကိုယ်တော်လူစုကို အနိုင်မရနိုင်မှန်းသိသဖြင့် ယဲ့ဇီကျင်း ပြဿနာကိုဖြန်ဖြေရန် ကြိုးစားသည်။
"အာ..အာ..အာ...စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ ကျုပ်တို့အားလုံး ဗုဒ္ဓကိုယ်တော်တွေပဲလေ။ အကြမ်းဖက်ဖို့မလိုပါဘူး။
ကျုပ်က စာလေးနှစ်ကြောင်းလောက်ပဲ ထပ်ဖြည့်ခဲ့တာပါ။ ခင်ဗျားတို့လည်း ဒီလိုလုပ်ကြတာပဲမဟုတ်လား။
ကျမ်းစာနောက်မှာ မှတ်ချက်တွေဖြည့်ကြတာ ကျုပ်တို့ဗုဒ္ဓနိုင်ငံရဲ့ ထုံးစံပါပဲ။ ခင်ဗျားတို့ မှတ်ချက်ဖြည့်လို့ရတယ်ဆိုရင် ကျုပ်ယဲ့ဇီကျင်းလို သာမန်ကိုယ်တော်လည်း ဖြည့်ခွင့်ရှိတယ်လေ။ အဲဒါ ဘာမှားနေလို့လဲ။
ဗုဒ္ဓဓမ္မဟာ အဆုံးမရှိကျယ်ပြန့်တယ် ခန့်မှန်းတိုင်းတာလို့မရဘူးလို့ ခင်ဗျားတို့အမြဲပြောတယ်။ တစ်သက်လုံးလေ့လာရင်တောင် အပေါ်ယံကြောလောက်ပဲ နားလည်နိုင်မယ်တဲ့။
ဒါဆို 'ဗုဒ္ဓဓမ္မဟာ ပင်လယ်ပြင်လိုပဲ'လို့ ကျုပ်ချီးကျူးတာ ဘာမှားလို့လဲ။
ဗုဒ္ဓဝါဒမှာ ကျုပ်တို့အမြဲပြောတယ်။ 'အခုမှ ကျွန်ုပ်ကိုယ်ကျွန်ုပ် နားလည်လာ၏'တဲ့။ ဒီစကားက အဆုံးစွန်ဓမ္မတရားဟာ ကျုပ်တို့ကိုယ်ထဲမှာပဲရှိတယ်၊ ကိုယ့်ကိုယ်ကိုပြန်ကြည့်ရမယ်လို့ ဆိုလိုတာမဟုတ်လား။
ဒီတော့ 'ဗုဒ္ဓဓမ္မဟာ ပင်လယ်ပြင်လိုပဲ။ နောက်ပြန်လှည့်ရင် ကမ်းစပ်ကိုရောက်မယ်'လို့ ကျုပ်ရေးလိုက်တာ ဘာမှားလို့လဲ"
"အဓိပ္ပါယ်မရှိတာတွေမပြောနဲ့။ ဒီစာကြောင်းဟာ တစ်ခြားလူတွေကို အပြင်လောကကိုပြန်သွားဖို့ တိုက်တွန်းထားတာ ရှင်းနေတာပဲ။
မင်းရေးထားတဲ့စာကို ဗုဒ္ဓတပည့်တစ်ယောက်မြင်သွားပြီး အတွေးပေါက်လာရင် အပြင်လောကဘဝကို ပြန်သွားတော့မှာကွ"
ယဲ့ဇီကျင်းက ချက်ချင်းပြန်ပြောသည်။
"ဒီအတွက်တော့ ကျုပ်ကိုလက်လွတ်စပယ် အပြစ်မတင်နဲ့လေ။ အဲလိုဖြစ်ခဲ့ရင် သူနားလည်နိုင်စွမ်းနိမ့်လို့ပဲပေါ့။ ကျုပ်အမှားမှမဟုတ်တာ။
ကျုပ်ယဲ့ဇီကျင်းဟာ ဗုဒ္ဓဝါဒမှာ စိတ်ကိုမြှုပ်နှံထားတဲ့လူပါ။ ဒါကို ကျုပ်တို့ဗုဒ္ဓနိုင်ငံမှာ အများသိကြပါတယ်။
ကျုပ်ကဘာလို့ တစ်ခြားလူတွေကို ဗုဒ္ဓဝါဒစွန့်လွှတ်အောင် တိုက်တွန်းအားပေးရမှာလဲ"
အဆင့်မြင့်ကိုယ်တော်များ သူ့စကားကြောင့် ဒေါသူပုန်ထသွားသည်။ ဘာကိုအများသိသည်ဟု ပြောနေသည်မသိ။
ဗုဒ္ဓနိုင်ငံမှလူတိုင်း ယဲ့ဇီကျင်းအတွက် သင်္ချိုင်းကမ္ဗည်းတိုင်တစ်ခု စိုက်ပေးချင်ကြသည်။
"ဒါဆို ဆံပင်ပြန်ပေါက်စေတဲ့ 'မသေမျိုးကျင့်စဉ်'ကို ကျမ်းစာတွေဘေးမှာ မင်းထားခဲ့တာကရော ဘာသဘောလဲ"
"ဪ အဲဒါလား။ အဲဒီ့စာအုပ် ကျုပ်ပျောက်သွားတာပါ။ ခင်ဗျားတို့ ပြန်တွေ့ပြီဆိုတော့ ကျုပ်ကိုပြန်ပေးပါလား။
ဝေဖန်တာတော့မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားတို့က အရမ်းသွေးဆူလွယ်လွန်းတယ်။ ဒီလိုစိတ်ကျင့်ကြံနည်းမျိုး သိပ်မထိရောက်ဘူးထင်တယ်။
ကျုပ်ဆရာကိုကြည့်လိုက်။ ကျုပ်ဆရာရဲ့ စိတ်ဓာတ်ကျင့်ကြံပုံကမှ တကယ်ထိရောက်တာ။ အမြဲတမ်းပျော်ပျော်နေတယ်။ အခု ကူးဖြတ်ခြင်းအဆင့်ကိုတောင် သူတက်သွားပြီ"
ထိုစကားကြောင့် ကိုယ်တော်ဖူရွှမ်၏ နဖူးသွေးကြောများ ဖောင်းထလာသည်။
သူသည် ဝစီပိတ်နှင့်ခေတ်ပြိုင်ဖြစ်သည်။ ဝစီပိတ်က သူ့ထက်အရင် ကူးဖြတ်ခြင်းအဆင့်တက်သွားမည်ဟု ထင်မထားခဲ့။
တွေးလေလေ ဒေါသထွက်လေဖြစ်လာသည်။ သူ့ထွက်သက်ဝင်သက်စွမ်းအင်လှိုင်းများ လှုပ်ရှားလာသည်။ အံကိုတင်းတင်းကြိတ်၍ စိတ်ငြိမ်မန္တာန်ကို သူရွတ်ဆိုနေရသည်။
"ဒီစွမ်းအင်ရောင်က...သူ ကူးဖြတ်ခြင်းအဆင့်ကို တက်တော့မယ်ထင်တယ်"
တစ်ခြားကိုယ်တော်များ ဖူရွှမ်၏စွမ်းအင်ရောင်ကို သတိထားမိသွားသည်။ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ကြသည်။ ချက်ချင်း သူ့ဘေးပတ်လည်တွင် ဝိုင်းရံ၍ ကာကွယ်ပေးကြသည်။
ယဲ့ဇီကျင်း မျက်ခုံးတစ်ချက်လှုပ်သွားသည်။
"လုပ်မနေပါနဲ့။ စကားလုံးလေးနည်းနည်းကြားရုံလောက်နဲ့ ဘယ်လိုအဆင့်တက်နိုင်မှာလဲ။ ကူးဖြတ်ခြင်းအဆင့်တက်တာ အဲလောက်လွယ်လို့လား"
ဖူရွှမ်အဆင့်တက်၍ တစ်ခြားကိုယ်တော်များကာကွယ်ပေးနေချိန်ကို အခွင့်ကောင်းယူ၍ ယဲ့ဇီကျင်း ကန္တာရထဲမှ အရှိန်ကုန်မြှင့်၍ ထွက်ပြေးလာခဲ့သည်။
"ကိုယ်တော်ဖူရွှမ်မတွေ့နိုင်တဲ့တစ်ခု ငါရှာမှဖြစ်မယ်။ ဒါပေမယ့် ဘာပဲပြောပြော သူကအခု ကူးဖြတ်ခြင်းအဆင့်ကိုတက်ပြီဆိုတော့ ငါ့လိုဝါစဉ်ငယ်တဲ့လူကို အရေးစိုက်တော့မှာမဟုတ်ပါဘူး။
သူပြဿနာရှာချင်ရင် ငါ့ဆရာကိုပဲ သွားရှာမှာပါ"
ယဲ့ဇီကျင်း ရင်ဘတ်ရှေ့တွင် လက်ဝါးနှစ်ခုပူးလိုက်သည်။ ငြိမ်းချမ်းသည့်ဗုဒ္ဓစွမ်းအင်ရောင် ထွက်ပေါ်လာသည်။ ဉာဏ်အလင်းရသည့်ကိုယ်တော်တစ်ပါးနှင့် တကယ်တူသည်။
"ဆရာ၊ ဆရာက ကူးဖြတ်ခြင်းဆင့်ရောက်ပြီဆိုတော့ ပြိုင်ဘက်လည်း နည်းသွားမှာပဲ။ ဆရာအထီးကျန်နေမှာစိုးလို့ ဆရာ့ကိုဖိအားနည်းနည်းပေးနိုင်မယ့် ပြိုင်ဘက်တစ်ယောက် ကျုပ်ရှာပေးထားတယ်။
ဆရာ့တပည့်ရင်းဆိုတော့ ကျုပ်ကို ကျေးဇူးတင်စရာမလိုပါဘူး"
....
လုယန်နှင့်မုန်ကျင်းကျိုးတို့ အပြင်လောကအပြောင်းအလဲများကို လုံးဝမသိ။ အရေးလည်းမစိုက်။ သူတို့ကျင့်စဉ်အဆင့်က နိမ့်သည်။ မထင်မရှားကျင့်ကြံသူများသာဖြစ်သည်။ များများစားစား သိစရာမလို။
အကျဉ်းထောင်တွင်နေရသည့်ဆယ်ရက်က အတော်သက်တောင့်သက်သာရှိသည်။ ပျက်စီးသွားသည့်ခေါင်မိုးကို မြေဓာတ်ပညာကျွမ်းကျင်သည့်အရာရှိတစ်ယောက်က ပြုပြင်သွားသည်။
တိုက်ပွဲကြောင့် လဲကျသွားသည့် တိုင်လုံးများကို သစ်သားဓာတ်ကျွမ်းကျင်သည့် အရာရှိတစ်ယောက်က ပြုပြင်သွားသည်။
"ဒီလောက်အသုံးဝင်တဲ့မှော်ပညာတွေရှိမှန်း ငါမသိခဲ့ဘူး"
အကျဉ်းထောင်ပြုပြင်ရေးလုပ်ငန်းကို အစအဆုံး လုယန် ကိုယ်တွေ့မြင်ခဲ့သည်။ အရာရှိများ၏ ထူးခြားသည့်စွမ်းရည်ကို နားလည်လာသည်။
သူ့ကျင့်စဉ်အဆင့်က ထိုအရာရှိများထက် ပိုမြင့်သော်လည်း အကျဉ်းထောင်တည်ဆောက်သည့်ပညာတွင် သူလိုက်မမီသေး။
သူက တံခါးတစ်ပေါက်ပင်မရှိသည့် မြေတိုက်ခန်းများကိုသာ ဖန်တီးနိုင်သည်။
အကျဉ်းထောင်မှော်စက်ဝန်းအကူအညီကြောင့် သူတို့နှစ်ယောက်လုံး ကိုယ်ထဲမှဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း တိုးတက်လာကြသည်။
အစားအသောက်အတွက်လည်း ပူစရာမလို။ တာအိုရှင်ရှန်ထန်က လွတ်မြောက်ခွင့်ရသော်လည်း တာအိုလမ်းစဉ်ဂိုဏ်းသို့ မပြန်သေး။
ယဲ့မြို့တော်၏ အကောင်းဆုံးစားသောက်ဆိုင်မှ ဟင်းလျာများကို သူတို့နှစ်ယောက်အတွက် နေ့တိုင်း ဝယ်လာပေးသည်။
"ဘိုးဘေးကို အားနာစရာတွေဖြစ်နေပြီ"
လုယန် နည်းနည်းအားနာသည်။ သို့သော် ထိုအစားအသောက်ဖိုးအတွက်ကုန်ကျသည့် ဝိညာဉ်ကျောက်ပမာဏသည် ရှန်ထန်အတွက် မပြောပလောက်။
တာအိုရှင်ရှန်ထန် ငွေမရှားပါ။ အလွန်ချမ်းသာသူဟုပင် သတ်မှတ်နိုင်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် အငြိမ်းစားပင်စင်စနစ်ရှိသည်။
အနားယူသွားသည့် အကြီးအကဲများ နှစ်စဉ် ဝိညာဉ်ကျောက်များစွာ ရကြသည်။
ထိုလမ်းကြောင်းအတိုင်း စဉ်းစားကြည့်လျှင်...
တာအိုရှင်ရှန်ထန်သည် နှစ်တစ်သိန်းနှစ်သောင်းစာ ပင်စင်ကြေးများ မထုတ်ရသေး။ မခန့်မှန်းနိုင်အောင်များပြားသည့် ဝိညာဉ်ကျောက်ပမာဏဖြစ်သည်။
အချမ်းသာဆုံး စုစည်းခြင်းအဆင့်များထဲမှတစ်ယောက်ဟု ဆိုနိုင်သည်။
ဆယ်ရက်ကြာပြီးနောက် လုယန်နှင့်မုန်ကျင်းကျိုးတို့ အကျဉ်းထောင်တွင်းကျင့်ကြံမှုအဆုံးသတ်၍ တာအိုရှင်ရှန်ထန်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ခေါ်သွားကြသည်။
******************************
အခန်း (၈၂၄) မင်းလာမလား ငါလာရမလား
"အမယွမ် ကျုပ်တို့ပြန်ရောက်ပါပြီ"
လုယန်နှင့်မုန်ကျင်းကျိုး ဂိုဏ်းသို့ရောက်ရောက်ချင်း ယွမ်ကျိကို သွားအကြောင်းကြားသည်။
အမှန်တော့ ဘိုးဘေးရှန်ထန် ဘေးကင်းစွာပြန်ရောက်ကြောင်း ယွမ်ကျိပေးထားသည့်တာဝန် ပြီးဆုံးပြီဖြစ်ကြောင်း အဓိကအစီရင်ခံခြင်းဖြစ်သည်။
"ငါထင်ထားတာထက် ဆယ်ရက်လောက်နောက်ကျတာပဲ။ လမ်းမှာ တစ်ခုခုဖြစ်လို့လား"
ယွမ်ကျိ နည်းနည်းတွေးမရဖြစ်နေသည်။
ဘိုးဘေးဆရာ၏အမှုကိစ္စ ယဲ့မြို့တော်အစိုးရရုံးနှင့် ဖြေရှင်းပြီးဖြစ်ကြောင်း၊ ဘိုးဘေးကို လွှတ်လိုက်ပြီဖြစ်ကြောင်း သူ့ဆရာဝစီပိတ်ထံမှ ကြားပြီးဖြစ်သည်။
ဘာကြောင့် လုယန်တို့က ဆယ်ရက်ကြာမှ ပြန်ရောက်လာသည်မသိ။
လုယန် အခြေနေမှန် ရှင်းပြရမည်ကို ရှက်နေသည်။
"ဟုတ်တယ်၊ လမ်းမှာ မထင်မှတ်တဲ့ကိစ္စလေး ဖြစ်သွားလို့ပါ"
ယွမ်ကျိ ခေါင်းငြိမ့်သည်။ ထိုကိစ္စ ဆက်မပြောတော့။ လမ်းတွင် ပြဿနာတစ်ခုခုကြုံတတ်သည်မှာ သူ့ဆရာတူမောင်လေး၏ကံနှင့်သက်ဆိုင်ကြောင်း သူသိသည်။
"မင်းတို့ပြန်လာတာ အချိန်ကိုက်ပဲ။ နတ်မယ်၊ ရှင်လည်း ခဏထွက်ခဲ့ပါဦး"
"ဘာကိစ္စလဲ"
နတ်မယ် ခေါင်းပြူ၍ကြည့်သည်။ တိုက်တိုက်ဆိုင်ဆိုင် လုယန်ပုခုံးပေါ် မေးတင်သည့်အနေအထားဖြစ်သွားသည်။
လုယန် ခေါင်းနှလုံးပေါက်သလိုဖြစ်နေသည်။
ယွမ်ကျိ သစ်သားသေတ္တာကိုဖွင့်သည်။ အစိမ်းရောင်မက်မွန်သီးတစ်ခု အထဲတွင်ရှိနေသည်။ မက်မွန်သီးနှင့်အတူ သစ်ကိုင်းအစိတ်အပိုင်းတစ်ခုပါ ရှိနေသေးသည်။
မက်မွန်သီးဟုခေါ်ခြင်းထက် အပြစ်အနာဆာကင်းသည့် ပန်းချီကားတစ်ချပ်နှင့် ပိုတူသည်။
"အရင်က နတ်မယ်ပြောဖူးတဲ့ မက်မွန်သီးဆိုတာ ဒါမျိုးလား။ လောကဝိညာဉ်မြစ်ကသီးတဲ့ သစ်သီးဆိုတာလေ"
သစ်သီးကိုကြည့်၍ နတ်မယ်အတော်အံ့အားသင့်သွားသည်။
"နင်ဒါကို တကယ်ရှာတွေ့ခဲ့ပြီပေါ့။ နှစ်ရှစ်ရာလောက်ကြာမှ ရှာတွေ့မယ်ထင်ထားတာ"
"ဒါကဘာလဲ"
မုန်ကျင်းကျိုး လုယန်ကို တီးတိုးမေးသည်။ လုယန်၏မျက်နှာထားအရ ထိုကိစ္စကိုသိထားကြောင်း ထင်ရှားနေသည်။
"ထိပ်တန်းသဘာဝရတနာတစ်မျိုးလို့ပြောရမယ်ထင်တယ်။ အင်ပါယာရှား သက်တမ်းသိပ်မကျန်တော့တဲ့ကိစ္စ မင်းသိတယ်မဟုတ်လား။
အမယွမ်က သူ့သက်တမ်းကိုဆွဲဆန့်ဖို့ နည်းလမ်းရှိမရှိ နတ်မယ်ကိုမေးခဲ့တယ်။ ရှေးဟောင်းခေတ်တုန်းက ကောင်းကင်ဝိညာဉ်မြစ်လို့ခေါ်တဲ့ မက်မွန်ပင်တစ်ပင်ရှိတယ်လို့ နတ်မယ်ကပြောတယ်။
အဲဒီ့အပင်ရဲ့ မက်မွန်သီးတွေက သက်တမ်းဆွဲဆန့်နိုင်တဲ့ သဘာဝရတနာတွေတဲ့။ ဒါနဲ့ဆို အင်ပါယာရဲ့အသက်ကို ကယ်နိုင်မယ်လို့ သူပြောတယ်'
"ဒီလိုပစ္စည်းမျိုး တကယ်ရှိတယ်ပေါ့"
မုန်မိသားစုလိုနောက်ခံမျိုးရှိသည့် မုန်ကျင်းကျိုးပင် ထိုရတနာမျိုးရှိကြောင်း တစ်ခါမှမကြားဖူးခြ့။
"သစ်သီးကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မမှည့်သေးဘူးထင်တယ်"
မှည့်နေသည့် မက်မွန်သီးများသည် ပန်းရောင်ရှိကြောင်း နတ်မယ်မှတ်မိသည်။
"ကျွန်မလည်း အဲလိုပဲတွေးပါတယ်"
အကျိုးအကြောင်းသိရပြီးနောက် ယွမ်ကျိ သစ်သားသေတ္တာကိုပိတ်လိုက်သည်။ မက်မွန်သီးကို ချက်ချင်းခူးဆွတ်ထားခြင်းမဟုတ်။
အတူတွဲပါနေသည့် သစ်ကိုင်းမှ အဟာရဓာတ်သည် ထိုမက်မွန်သီးရင့်မှည့်ရန် လုံလောက်သည်။
သစ်သီးမှည့်သည်အထိစောင့်ပြီးမှ နန်းမြို့တော်သို့ ပို့ရတော့မည်။
"ဒါနဲ့...ဒီကောင်းကင်ဝိညာဉ်မြစ်ကို နင်ဘယ်မှာရှာတွေ့ခဲ့တဲ့လဲ"
နတ်မယ်က စပ်စုသည်။
ယွမ်ကျိမျက်နှာတွင် အခက်တွေ့သွားသည့်အမူအရာမျိုး ပေါ်လာသည်။ သူ့ဇာတိမြေမှ မက်မွန်ခြံတွင် လောကဝိညာဉ်မြစ်ရှိလိမ့်မည်ဟု သူထင်မထား။
သူ့ဇာတိမြေတွင် ဝိညာဉ်စွမ်းအင်များ အလွန်ပေါများနေသည်မှာ မဆန်းတော့။ သားအမိမြစ်တစ်ခုတည်းကြောင့် ဟုတ်မည်မထင်။
"မထင်မှတ်ဘဲ တွေ့ခဲ့တာပါ။ အဲဒီ့မက်မွန်ပင်က ထွက်ပြေးသွားပြီ"
"ဪ"
နတ်မည် နည်းနည်းမကျေမနပ်ဖြစ်မိသည်။ ထိုကောင်းကင်ဝိညာဉ်မြစ် ထွက်ပြေးသည်မှာ ပထမဆုံးအကြိမ်မဟုတ်။
"နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ ရှောင်မုန်၊ မင်းမိသားစုဆီက စာတစ်စောင်ရောက်လာတယ်။ အကြောင်းကြားပေးဖို့လည်း ငါ့ကိုပြောတယ်။ မင်းကို အိမ်ကိုအလည်ပြန်လာစေချင်တယ်တဲ့"
"ကျုပ်ကို အိမ်ပြန်လာဖို့ ထပ်ခေါ်တယ်ပေါ့"
မုန်ကျင်းကျိုး စိတ်ပျက်သွားသည်။ သူလုပ်ခဲ့သည့် ပြဿနာများက များလွန်းသည်။ သူ့ဖခင် သူ့ကိုခွင့်လွှတ်မည်ဟု လုံးဝမထင်။
သူ့ဖခင်က ခွင့်လွှတ်သည်ဟု မပြောမချင်း အိမ်မပြန်ဖို့ သူဆုံးဖြတ်ထားသည်။
မုန်ကျင်းကျိုး စာအိတ်ကိုဖွင့်၍ စာကိုထုတ်ဖတ်သည်။ သူ့မျက်နှာ တဖြေးဖြေးဖြူရော်လာသည်။ လက်များတုန်ရင်လာသည်။
"ဘာဖြစ်တာလဲ"
လုယန် စိတ်ဝင်စားသွားသည်။
"စာထဲမှာပြောထားတယ်။ ငါအိမ်ပြန်မလာရင် ငါ့အဖေကိုယ်တိုင် တာအိုလမ်းစဉ်ဂိုဏ်းကို လိုက်လာမယ်တဲ့"
လုယန် "..."
တာအိုလမ်းစဉ်ဂိုဏ်းမှာ အရိုက်ခံရတာထက်စာရင် အိမ်ပြန်ပြီး အပြစ်ခံယူတာက မင်းအတွက် ပိုကောင်းပါတယ်...
"အမယွမ်၊ ကျုပ်အဖေကို တာအိုလမ်းစဉ်ဂိုဏ်းထဲမဝင်အောင် တားလို့မရဘူးလား"
ယွမ်ကျိ ခေါင်းခါသည်။
"ဂိုဏ်းတပည့်တွေဆီ မိသားစုဝင်တွေ လာတွေ့တဲ့ကိစ္စကို ငါတို့ဂိုဏ်းက တားမြစ်မထားဘူး"
မုန်ကျင်းကျိုး ခေါင်းကိုကုတ်၍ အကြံအိုက်နေသည်။ အိမ်ပြန်ရုံမှလွဲ၍ ရွေးစရာရှိတော့မည်မထင်။
"လောင်လု၊ မင်းလည်း ငါနဲ့အတူလိုက်ခဲ့ပါ။ အပြင်လူတစ်ယောက်ရှိနေရင် ငါ့အဖေကငါ့ကို ကြမ်းကြမ်းတမ်းတမ်းကြီး မရိုက်လောက်ဘူး"
"ဟုတ်ပါ့မလား"
"ဟုတ်ပါတယ်၊ ငါ့အဖေက မင်းကိုအရမ်းသဘောကျတာ။ ငါ့ညီမနဲ့တောင် မင်းကိုလက်ထပ်ပေးချင်တာ။ သူမင်းကို မျက်နှာသာပေးမှာ သေချာပါတယ်"
အလုပ်ဖြစ်မဖြစ်သူမသိသော်လည်း လုယန်ကို အရင်ဆုံးဆွဲခေါ်သွားရမည်။
"တကယ်ပြောနေတာလား"
မုန်ကျင်းကျိုးလေသံက သိပ်မူမမှန်သလို လုယန်ခံစားရသည်။
"ငါမင်းကို လိမ်ပြောနေပါ့မလား"
"ငါမင်းကို ခဏခဏလိမ်ခဲ့တာဆိုတော့ မင်းငါ့ကို တစ်ခါနှစ်ခါ ပြန်တစ်ပတ်ရိုက်မှာ အသေချာပဲလေ"
"မင်းဘာလို့ လူတတ်ကြီးလို ပြောနေတာလဲ။ လိုက်မှာလားမလိုက်ဘူးလားပဲ ပြောစမ်းပါ"
"လိုက်မယ်"
မှန်သည်။ လုယန်လည်း လိုက်ချင်သည်။ နန်းမြို့တော်သို့ လည်ပတ်ဖို့အခွင့်အရေးက လွယ်လွယ်ရသည်မဟုတ်။
နောက်ဆုံးတစ်ခေါက် သူနန်းမြို့တော်သို့သွားသည်က ယာယီဂိုဏ်းချုပ်အဖြစ် သွားခဲ့ခြင်းဖြစ်သည်။ တော်ဝင်နန်းတော်သို့တန်းသွားပြီး အင်ပါယာရှားနှင့် မသေမျိုးလေးဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့် တွေ့ခဲ့ရုံသာဖြစ်သည်။
နန်းတော်နံရံများအပြင်ဘက်တွင် ဘယ်လိုအခြေအနေရှိသည်ကို မမြင်ခဲ့ရ။
နန်းမြို့တော်ကို ကျင့်စဉ်လမ်းအတွက်တော်ဝင်မြေဟုခေါ်လျှင် လွန်ရာကျမည်မထင်။ ကျင့်ကြံသူများစွာ ထိုနေရာတွင် စုဝေးနေသည်။ မျက်စိပသာဒဖြစ်စရာ မြင်ကွင်းမျိုးဖြစ်သည်။
ကျင့်ကြံသူလောက၏ စွမ်းအားအမြင့်ဆုံးကျင့်ကြံသူများ၊ အတော်ဆုံးပစ္စည်းသွန်းပညာရှင်များ၊ အတော်ဆုံး ဆေးပညာရှင်များ။ အားလုံးက တော်ဝင်နန်းတော်တွင်ရှိ...အဲ မဟုတ်သေး။ ထိုလူများအားလုံးသည် တာအိုလမ်းစဉ်ဂိုဏ်းဝင်များ ဖြစ်မည်ထင်သည်။
"ငါတို့ ရုပ်ဖျက်ပြီးသွားရင်ကောင်းမလား"
"ဘာလို့ရုပ်ဖျက်နေမှာလဲ"
"ဟ...မင်းက မုန်မိသားစုဝင်၊ ငါက တာအိုရှင်ဝစီပိတ်ရဲ့တပည့်လေ။ ငါတို့နှစ်ယောက် နန်းမြို့တော်အတူသွားရင် မြို့တော်ဂိတ်တံခါးမရောက်ခင်တောင် ရန်သူနဲ့တိုးမှာစိုးရတယ်"
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ဘာစကားမှဆက်မပြောတော့ဘဲ မျက်နှာဖုံးကိုယ်စီထုတ်၍ ရုပ်ဖျက်လိုက်သည်။
လောင်မာက အရှေ့ပင်လယ်ဆွေမျိုးများထံ အလည်အပတ်ခရီးစဉ်ပြီးဆုံး၍ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်နေသည်။
မုန်ကျင်းကျိုး မြို့တော်သို့ပြန်မည့်သတင်းကြားရသဖြင့် သူအတော်ပျော်သွားသည်။
သို့သော် သိပ်မကြာမီ တစ်ခုခုမူမမှန်ကြောင်း သတိထားမိလာသည်။ မုန်ကျင်းကျိုးတစ်ယောက်တည်း အိမ်ပြန်သည်ဆိုလျှင် ဘာမှမဆန်း။
ယခု လုယန်ပါ လိုက်မည်ဟုကြားသည်။ နန်းမြို့တော်တွင် ပြဿနာတစ်ခုခု ဖြစ်နေ၍လားမသိ။
ထို့နောက် လောင်မာ သူ့ဘာသာတစ်ယောက်တည်း ရယ်လိုက်သည်။ အတွေးလွန်းနေခြင်းဖြစ်မည်ဟု သူ့ဘာသာတွေးမိသည်။
ဘာပြဿနာရှိနိုင်မည်နည်း။ နန်းမြို့တော်သည် စွမ်းအားမြင့်သူများပြည့်နေသည့် ဘယ်ရန်သူမှမထိုးဖောက်နိုင်သည့် နေရာတစ်ခုဖြစ်သည်။
ဘာပြဿနာမှ ဖြစ်နိုင်စရာမရှိ။
"ကောင်းတယ်၊ နန်းမြို့တော်ကိုသွားကြစို့။ အင်ပါယာရှားကို နန်းချပြီး ပဲဝါနိုင်ငံတော်ကို တည်ထောင်မယ်"
နတ်မယ်လည်း အတော်စိတ်အားတက်ကြွနေသည်။
မကြာမီတည်ထောင်တော့မည့် ပဲဝါနိုင်ငံတော်အတွက် အကြိုဂုဏ်ပြုသည့်အနေဖြင့် ထောင်ဝတ်စုံကို နတ်မယ်ချွတ်လိုက်သည်။
တောက်ပြောင်သည့် ရွှေရောင်နန်းတွင်းဝတ်စုံသို့ ပြောင်းလိုက်သည်။ သူ့ခေါင်းတွင် သရဖူတစ်ခုဝတ်သည်။
သေးသွယ်သည့်မျက်နှာကို တည်ကြည်သည့်အသွင်ပေါ်အောင် အတင်းကြိုးစားသည်။
ထို့နောက် လက်တစ်ဘက်ဝှေ့ယမ်း၍ သိစိတ်နယ်မြေအကျဉ်းထောင်ကို မသေမျိုးကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် နန်းတော်တစ်ခုအဖြစ် ပြောင်းလိုက်သည်။
ထို့နောက် ပလ္လင်ပေါ်တွင် ခါးမတ်မတ်ထိုင်သည်။ ကောင်းကင်နန်းပလ္လင်ပေါ် ထိုင်သည့်အသွင်မျိုးဖြစ်သည်။ ထို့နောက် သူ့တစ်ဦးတည်းသောလက်အောက်ခံဖြစ်သည့် လုယန်ကို ငုံ့ကြည့်သည်။
နတ်မယ်နန်းတက်သည့်ဖြစ်စဉ်က မြန်လွန်းသည်ဟု လုယန်တွေးနေသည်။
"ကျွန်တော်မျိုးလုယန် မင်းကြီးကို ဂါရဝပြုပါတယ်"
"ငါ့ကို အရှင်မလို့ခေါ်ပါ"
နတ်မယ်က အမိန့်ပေးသည်။
အလွန်အလိုက်သိသည့်လုယန်က စကားပြင်၍ ပြန်ပြောသည်။
"အရှင်မကို ကျွန်တော်မျိုးလုယန် ဂါရဝပြုပါတယ်"
"ဒီဝတ်စုံပေါ်မှာ တစ်ခုခုတော့ ရွှေချည်ထိုးပြီးပုံဖော်သင့်တယ်ထင်တယ်"
နတ်မယ် သူ့ဘာသာရေရွတ်နေသည်။ သို့သော် နဂါးပုံ၊ ဖီးနစ်ပုံ၊ ချီလင်ပုံမျိုးတော့ မထိုးချင်။ သူ့အဆင့်အတန်း ပေါ်လွင်မည်မဟုတ်။
ရှောင်လင်း၊ လျန်ယိနှင့် ချီလင်မသေမျိုးတို့ အတူပေါင်းတိုက်လျင်ပင် သူ့ကိုမယှဉ်နိုင်။ သူတို့ပုံကို ဝောာ်ဝင်ဝတ်စုံပေါ်ရေးထိုးခြင်းသည် ကိုယ့်အဆင့်ကိုယ်ချရာရောက်မည်။
"ဒုခေါင်းဆောင်၊ ဒီတော်ဝင်ဝတ်စုံပေါ်မှာ ဘာပုံထိုးရင်ကောင်းမယ်ထင်လဲ"
ပဲဝါနိုင်ငံတည်အရှင်မက သူ့တော်ဝင်ဘဏ္ဍာစိုးလုယန်ကိုမေးသည်။
"အရှင်မ၊ သမိုင်းကြောင်းတလျှောက်မှာတော့ တော်ဝင်ဝတ်ရုံတွေမှာ စွမ်းအားအကြီးဆုံးဖြစ်တည်မှုတွေကိုပဲ ရေးထိုးလေ့ရှိပါတယ်"
လုယန် ပြန်လျှောက်တင်သည်။
နတ်မယ် ဉာဏ်အလင်းပွင့်သွားသည်။ အတွေးဖြင့်ထိန်းချုပ်၍ သူ့ဝတ်ရုံပေါ်တွင် ရွှေချည်ထိုးရုပ်ပုံများဖန်တီးလိုက်သည်။
"ပြီးသွားပြီ"
လုယန် လှမ်းကြည့်သည်။ တော်ဝင်ဝတ်ရုံပေါ်တွင် နတ်မယ်က သူ့ပုံတူနှင့် ယွမ်ကျိ၏ပုံတူကို ရွှေချည်ထိုးထားသည်။
*******************************
အခန်း (၈၂၅) သခင်လေးရဲ့အိမ်အပြန်
လုယန်ပြောချင်သည့်စကားရှိသော်လည်း စိတ်ကိုထိန်းချုပ်လိုက်သည်။ တော်ဝင်ဝတ်စုံက အတော်ထူးဆန်းနေသလိုရှိသည်။
"နတ်မယ်၊ ဝတ်ရုံပေါ်ကပုံဟာ ခင်ဗျားနဲ့အမယွမ်ဆိုတာ သေချာရဲံလား"
လုယန် ဝတ်ရုံကိုကြည့်၍ ဇဝေဇဝါဖြစ်နေသည်။
"ဟုတ်တယ်လေ၊ ဒီမှာ နာမည်တွေရေးထားတာပဲမဟုတ်လား"
ဝတ်ရုံပေါ်မှ နေရာနှစ်ခုကို နတ်မယ်လက်ညှိုးထောက်ပြသည်။
နာမည်ရေးထား၍သာတော်တော့သည်ဟု လုယန်တွေးမိသည်။ နာမည်သာရေးမထားလျှင် ထိုပုံနှစ်ခုသည် သူနှင့်မုန်ကျင်းကျိုးဟုပြောလည်း ယုံမိလောက်သည်။
"ရှောင်ယန်၊ တော်ဝင်ဝတ်စုံပေါ်မှာ စွမ်းအားအကြီးဆုံးဖြစ်တည်မှုတွေကိုပဲ ရေးထိုးကြတယ်လို့ နင်ပြောခဲ့တယ်မဟုတ်လား။ ဒီနေ့ခေတ်ကျင့်ကြံသူလောကမှာ ဘယ်သူစွမ်းအားအကြီးဆုံးလဲ။ ငါနဲ့ ရှောင်ယွမ်ပဲလေ"
နတ်မယ်ရင်ကော့၍ မာန်ဝင့်သည့်လေသံဖြင့် ပြောသည်။
"...ခင်ဗျားကျုပ်ကိုဘာလို့ ရှောင်ယန်လို့ခေါ်တာလဲ"
နတ်မယ် ကြောင်တက်တက်ဖြစ်သွားသည်။
"အဲဒါ ဘာမှားလို့လဲ။ အင်ပါယာတွေက သူ့တို့ဘေးမှာရှိတဲ့လူတွေကို အဲလိုပဲခေါ်ကြတယ်လို့ ငါကြားတယ်"
လုယန် "..."
ရှိစေတော့။ ထိုမျှရှုပ်ထွေးသည့်ကိစ္စများ နတ်မယ်ကို သူရှင်းမပြချင်။
"ဒါဆို ဝတ်ရုံပေါ်က ခင်ဗျားနဲ့အမယွမ်ရဲ့ပုံတွေကို ကျုပ်နည်းနည်းလေးပြုပြင်ပေးရမလား"
လုယန် ထိုပုံများကို သိပ်မကြည့်ချင်တော့။
"ရတယ်လေ"
နတ်မယ်က ဝတ်ရုံကိုချက်ချင်းချွတ်၍ လုယန်ဆီပစ်ပေးသည်။ ထို့နောက် ခြေဗလာဖြင့် ခန်းမကြီးထဲတွင် ပျော်ရွှင်စွာပြေးလွှားနေသည်။
လုယန် စိတ်စွမ်းအားဖြင့် ရွှေချည်ငွေချည်များဖန်တီးသည်။ အပ်နဖားထိုးသည်။ မကြာမီ နတ်မယ်၏ နူးညံ့လှပသည့်မျက်နှာ ဝတ်ရုံပေါ်တွင် ပေါ်လာသည်။
"အဲ...ဒါက ငါ့ဖန်တီးတာထက်တော့ နည်းနည်းပိုသာတာပဲ"
လုယန်သူ့ထက်ပိုတော်ကြောင်း နတ်မယ်ဝန်ခံသည်။
လုယန်က တည်ငြိမ်စွာဖြင့် ယွမ်ကျိမျက်နှာကို ဆက်၍ပုံဖော်သည်။ သိပ်မကြာမီ ယွမ်ကျိ၏ပုံလည်း ဝတ်ရုံပေါ်တွင် ပေါ်လာသည်။
နတ်မယ်ကို နည်းနည်းချီးမွှမ်းခန်းဖွင့်၍ ဘဏ္ဍာစိုးရာထူးနေရာ ပိုခိုင်မာအောင်ကြိုးစားရန်ပြင်နေစဉ် သူ့သိစိတ်နယ်မြေတွင် အက်ကြောင်းတစ်ခုပေါ်လာသည်။ ထိုအက်ကြောင်းမှ ယွမ်ကျိဝင်လာသည်။
ယွမ်ကျိ အပ်ချည်နဲ့အပ်ကိုင်ထားသည့်လုယန်ကို လှည့်ကြည့်သည်။ လုယန်ပေါင်ပေါ်မှ နန်းတွင်းဝတ်စုံကိုကြည့်သည်။ သူ့မျက်လုံးများ နည်းနည်းအရောင်ပြောင်းသွားသည်။
"ရှောင်လု၊ မင်း..."
လုယန် ဖျတ်ခနဲထရပ်ပြီး သူ့ကိုယ်သူကာကွယ်သည်။
"ဒါကျုပ်နဲ့ဘာမှမဆိုင်ဘူးနော်။ နတ်မယ်လုပ်ခိုင်းတာပါ"
"ဟေ့၊ နင်ပဲ ငါနဲ့ရှောင်ယွမ်ပုံကို ဝတ်ရုံပေါ်မှာတန်ဆာဆင်သင့်တယ်လို့ အကြံပေးခဲ့တာမဟုတ်လား"
"နတ်မယ်၊ မဟုတ်တာတွေမပြောနဲ့။ ကျုပ်ဘာအကြံမှ မပေးခဲ့ပါဘူး"
လုယန်နှင့်နတ်မယ် တစ်ယောက်နှင့်တစ်ယောက် အပြစ်လွှဲချနေသည်ကိုကြည့်၍ အခြေအနေကို ယွမ်ကျိ အကြမ်းဖျင်းသဘောပေါက်သွားသည်။
"နတ်မယ်၊ ဝတ်ရုံပုံစံကို ပြန်ပြောင်းဖို့ စဉ်းစားကြည့်ပါလား"
ယွမ်ကျိက စေတနာဖြင့်အကြံပြုသည်။ ထိုဝတ်ရုံသည် တော်ဝင်ဝတ်ရုံတစ်ခုနှင့် လုံးဝမတူကြောင်း အရိပ်အမြွက်ပြောခြင်းဖြစ်သည်။
"ပုံစံပြောင်းရမှာလား"
နတ်မယ်ခဏစဉ်းစားပြီးနောက် ချက်ချင်းသဘောပေါက်သွားသည်။
"နင်ပြောချင်တာက ဒီနေ့ခေတ်မှာ ငါကစွမ်းအားအကြီးဆုံးဖြစ်လို့ တော်ဝင်ဝတ်ရုံပေါ်မှာ ငါ့ပုံတစ်ခုပဲထိုးရင် လုံလောက်တယ်လို့ ပြောချင်တာလား"
ယွမ်ကျိ ကျိတ်၍သက်ပြင်းချသည်။
"ထားလိုက်ပါတော့။ ဒီအတိုင်းပဲ ထားလိုက်ပါ"
မည်သို့ဆိုစေ သိစိတ်နယ်မြေတွင် တစ်ခြားဘယ်သူမှရှိသည်မဟုတ်။ နတ်မယ်ကြိုက်သည့်ဝတ်စုံ ဝတ်နိုင်သည်။
ယွမ်ကျိထွက်သွားပြီးနောက် နတ်မယ်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တော်ဝင်ဝတ်စုံကိုဝတ်ပြီး ခန္ဓာကိုယ်ကိုလှည့်ပတ်လျက် ရှောင်ယန်ကို ကြွားလုံးထုတ်နေသည်။
"ဘယ်လိုလဲ၊ ဘယ်လိုနေလဲ။ မလှဘူးလား"
ရှောင်ယန် လေးလေးစားစားဦးညွှတ်အရိုအသေပြု၍ ပြောသည်။
"အရှင်မဟာ ထူးကဲတဲ့သဘာဝအလှကို ပိုင်ဆိုင်ပါတယ်။ ဒီဝတ်ရုံက အရှင်မရဲ့အလှကို အားဖြည့်ပေးရုံလောက်ပါပဲ"
....
အရင်က နတ်ဆိုးနယ်မြေ သို့မဟုတ် အရှေ့ပင်လယ်သို့ သွားသည့်ခရီးများတွင် နယ်မြေအခြေအနေကျွမ်းကျင်သူတစ်ယောက်ယောက် ရှာရသည်။
ယခု နယ်ခံမုန်ကျင်းကျိုးပါနေသဖြင့် တစ်ခြားလူကို မေးမြန်းစုံစမ်းနေစရာမလိုတော့။
"ညီမထောင်တို့မပါတာ ဆိုးတာပဲ။ သူတို့အားလုံး နှလုံးမဲ့ဂိုဏ်းဝင်တွေကိုရှင်းလင်းဖို့ ထွက်သွားကြပြီ"
ထောင်ယော်ယဲ့နှင့် အရိုးရိုင်းကို လုယန်အတူခေါ်ခဲ့ချင်သည်။ သို့သော် နှလုံးမဲ့ဂိုဏ်း၏ ထူးခြားသည့်အပြောင်းအလဲများအကြောင်း နောက်ပိုင်းတွင် သူသိရသည်။
ယခု တာအိုလမ်းစဉ်ဂိုဏ်းတွင် အားလပ်သူဟူ၍ မရှိသလောက်ရှားသည်။ ဂိုဏ်းဝင်အားလုံး နှလုံးမဲ့ဂိုဏ်း၏ လက်ကျန်များကိုရှင်းဖို့ လှုပ်ရှားနေကြသည်။
မစ်ရှင်မရှိသူဟူ၍ လီဟော်ရန်သာရှိသည်။ သူကလည်း ပစ္စည်းသွန်းပညာကို အာရုံနှစ်၍လေ့လာနေသည်။ သူ့ကိုနှောက်ယှက်ဖို့ မသင့်။
လောင်မာက သူတို့နှစ်ယောက်ကို ဦးဆောင်ခေါ်သွားသည်။ နှစ်ရက်အတွင်း နန်းမြို့တော်သို့ရောက်လာသည်။
မဟာရှားနိုင်ငံနှင့် ကျင့်ကြံသူလောကတစ်ခုလုံးတွင် အကြီးဆုံးမြို့တော်ဖြစ်၍ နန်းမြို့တော်သည် ခန့်မှန်းမရလောက်အောင် ကျယ်ပြန့်သည်။
အဝေးမှကြည့်လျှင် နန်းမြို့တော်မှ ကြီးမားသည့်အနက်ရောင်အရိပ်တစ်ချို့ကို မြင်ရသည်။ မြို့တော်၏ တောင်တန်းများဖြစ်သည်။
ကိုက်တစ်ရာကျော်ကျယ်ပြန့်သည့် မြစ်တစ်စင်းက မြို့တော်ကို ခါးလယ်မှပိုင်းဖြတ်ထားသည်။ ထို့ကြောင့် တောင်ပိုင်းမြို့တော်နှင့် မြောက်ပိုင်းမြို့တော်ဟူ၍ နှစ်ပိုင်းဖြစ်နေသည်။
ယခု လုယန်အနေဖြင့် နန်းမြို့တော်သို့ ဒုတိယအကြိမ်မြောက် အလည်ရောက်လာခြင်းဖြစ်သော်လည်း အံ့ဩဘနန်းဖြစ်နေရဆဲဖြစ်သည်။
မြို့တော်ဂိတ်တံခါးတွင် နတ်ဆိုးမျိုးနွယ် ပင်လယ်မျိုးနွယ်နှင့် ဗုဒ္ဓနိုင်ငံမှကျင့်ကြံသူများစွာ မြင်တွေ့ရသည်။ သူတို့အဝတ်အစားနှင့် အသွင်အပြင်က အလယ်ပိုင်းတိုက်နယ်ကျင့်ကြံသူများနှင့် များစွာကွာခြားသည်။
အလွယ်တကူ ခွဲခြားသိနိုင်သည်။ ထိုကျင့်ကြံသူများကို တွေ့ရခဲသော်လည်း နန်းမြို့တော်တွင် နေရာတိုင်းရှိနေသည်။
တစ်ခြားတိုက်နယ်များမှ မဟာရှားသို့ ခရီးထွက်လာနိုင်သူတို့သည် အနည်းဆုံး နတ်ဝိညာဉ်အဆင့် ကျင့်စဉ်စွမ်းအားရှိသည်။
မြို့တော်ဂိတ်တံခါးမှ အစောင့်စစ်သည်များက မုန်ကျင်းကျိုး၏ သက်သေခံတံဆိပ်ကိုကြည့်ပြီးနောက် မျက်လုံးပြူးသွားကြသည်။
...မုန်သခင်လေး နန်းမြို့တော်သို့ ပြန်ရောက်လာပြီလား...
မြင်းရထား နန်းမြို့တော်ထဲသို့ ဝင်သွားသည်။ စစ်သည်များက လုပ်ငန်းကျင့်ဝတ်အရ မုန်ကျင်းကျိုးရောက်လာသည့်ကိစ္စ သူတို့အထက်အရာရှိများကို သတင်းမပို့ကြ။
မုန်ကျင်းကျိုးသည် အလိုရှိရာဇဝတ်သားမဟုတ်။ သတင်းပို့စရာမလို။
မုန်သခင်လေးနှင့်အတူလိုက်လာသည့်လူက ဘယ်သူမှန်းမသိ။ တာအိုရှင်ဝစီပိတ်၏ နာမည်ကျော်တပည့်ဖြစ်နိုင်သည်။
မြင်းရထားက 'မုန်အိမ်တော်'ဟူသည့် ဆိုင်းဘုတ်ရှေ့တွင် ရပ်သွားသည်။
ဆိုင်းဘုတ်၏ ညာဘက်အောက်ထောင့်တွင် 'ကျန်းပင်ကန်း'ဟူသည့်နာမည်ကို တွေ့ရသည်။
ဂိုဏ်းတည်အင်ပါယာကိုယ်တိုင် မုန်အိမ်တော်ကို ကမ္ဗည်းတင်ပေးခဲ့ခြင်းဖြစ်မည်။ ထိုသို့လုပ်ပေးခြင်းသည် သေဒဏ်လွတ်မြောက်ခွင့်အဆောင်တစ်ခုနှင့် အလားသဏ္ဌာန်တူသည်။
"ရောက်ပြီ၊ ဒါငါ့အိမ်ပဲ"
မုန်ကျင်းကျိုး မြင်းရထားပေါ်မှခုန်ဆင်းလိုက်သည်။ ရင်းနှီးနေသည့် ဂိတ်တံခါးကိုကြည့်၍ သူ့စိတ်ထဲ ခံစားချက်များပြည့်လျှံလာသည်။
"ဒါမင်းအိမ်လား"
မြင်းရထားထဲမှထွက်သည်နှင့် ဒဏ္ဍာရီကျောက်စိမ်းနန်းတော်ဂိတ်တံခါးကဲ့သို့ မြင့်မားခံ့ညားသည့် မုန်အိမ်တော်ဂိတ်တံခါးကို လုယန်မြင်ရသည်။
အနီရောင်တံခါးရွက်ပေါ်တွင် အနုစိတ်ပုံဖေါ်ထားသည့် ရုပ်ပုံများကိုတွေ့ရသည်။ ဂိတ်တံခါးတစ်ဘက်တစ်ချက်တွင် ကျောက်လုံးတစ်ခု ပါးစပ်ထဲကိုက်ထားသည့် ကျောက်ခြင်္သေ့ရုပ်ထုနှစ်ခုရှိသည်။ အသက်ဝင်လာတော့မယောင် ထင်ရသည်။
လှေခါးထစ်များကို ထိပ်တန်းဝိညာဉ်ကျောက်များဖြင့် ဖန်တီးထားသည်။ ဘေးအနားသတ်တွင် တော်ဝင်တိမ်တိုက်များနှင့် ဒဏ္ဍာရီသားရဲပုံများ ရေးထွင်းထားသည်။
အင်ပါယာနန်းတော်ဂိတ်တံခါးသည်ပင် ထိုထက်ပို၍ ခမ်းနားနိုင်မည်မထင်။
မှန်သည်။ အဝေးမှလှမ်းမြင်ခဲ့ရသည့် တောင်တန်းများထဲမှတစ်ခုသည် မုန်အိမ်တော်နယ်နိမိတ်အတွင်း တည်ရှိနေသည်။
"ဒီဆိုင်းဘုတ်ကို နိုင်ငံတည်အင်ပါယာကိုယ်တိုင် ရေးခဲ့တာလား"
ဆိုင်းဘုတ်ရေးသူ၏နာမည်ကို လုယန်သတိထားမိသည်။ မုန်မိသားစုသည် ထိုသို့ချီးမြှောက်မှုမျိုးလည်း တကယ်ခံယူထိုက်သည်။
မည်သို့ဆိုစေ သူတို့သည် တစ်ချိန်က နိုင်ငံအုပ်ချုပ်ခွင့်အတွက် အင်ပါယာရှားနှင့် တန်းတူယှဉ်နိုင်ခဲ့သူများဖြစ်သည်။
"အဲဒါဘာဆန်းလို့လဲကွာ။ အင်ပါယာနန်းတော်ဆိုင်းဘုတ်တောင် ငါ့ဘိုးဘေးတွေ ရေးခဲ့တာပဲလေ"
မုန်ကျင်းကျိုးက ပြောသည်။
မြင်းလှည့်းပေါ်မှဆင်းလာသည့် မုန်ကျင်းကျိုးကိုမြင်သည်နှင့် ဂိတ်စောင့်နှစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် စကားမပြောနိုင်အောင်ဖြစ်နေသည်။
တစ်ယောက်က အိမ်တော်ထဲ ချက်ချင်းပြေးဝင်သွားပြီး မိသားစုခေါင်းဆောင်ကို သတင်းပို့သည်။
"သ...သခင်လေး ပြန်လာပြီ"
"ဪ...အခုထိ ဂိတ်စောင့်က မင်းတို့နှစ်ယောက်ပဲလား"
မုန်ကျင်းကျိုးက ထိုအစောင့်နှစ်ယောက်ကို မှတ်မိနေသေးဟန်ရှိသည်။
ထိုနှစ်ယောက်၏ ကျင့်စဉ်အဆင့်ကို အရင်က သူမခွဲခြားနိုင်ခဲ့။ သို့သော်ယခု သူခွဲခြားနိုင်သည်။ နှစ်ယောက်လုံး ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ဖြစ်သည်။
ကျန်နေခဲ့သည့်ဂိတ်စောင့်က အနေခက်ဟန်ဖြင့် ရယ်မော၍ပြောသည်။
"သခင်လေးက နောက်နေပြန်ပြီ။ နှစ်နှစ်လောက်ပဲရှိသေးတာလေ။ လူတိုင်းက သခင်လေးလို ကျင့်စဉ်တိုးတက်နှုန်းမြန်တာမှမဟုတ်တာ"
မုန်ကျင်းကျိုး စကားထပ်ပြောရန်ပြင်သည်။ သို့သော် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ အိမ်တော်ထဲမှ ကြောက်စရာစွမ်းအင်ရောင်တစ်ခု ပျံ့နှံ့လာသည်ကို သူခံစားမိသောကြောင့်ဖြစ်သည်။
"ကောင်လေး၊ နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့"
သက်လတ်ပိုင်းလူတစ်ယောက် သူတို့နှစ်ယောက်ရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ ထိုလူဘယ်လိုရောက်လာမှန်းပင် လုယန်မသိလိုက်။
"အဖေ၊ ကျုပ်ပြန်လာပြီ"
လိပ်ပြာမလုံသည့်စိတ်ကြောင့် မုန်ကျင်းကျိုး သူ့အဖေမျက်နှာကို တည့်တည့်မကြည့်ရဲ။
အချိန်အတော်ကြာပျောက်ဆုံးသွားသည့် သူ့သားကိုကြည့်ရင်း မုန်ပိုထန် တဟားဟားရယ်နေသည်။ မုန်ကျင်းကျိုးပုခုံးကိုပုတ်လျက်
"ကောင်းတယ်။ မင်းပြန်လာတာ သိပ်ကောင်းတယ်"
ဖခင်ဖြစ်သူ၏လေသံက ပုံမှန်အတိုင်းရှိနေသဖြင့် သူ့ကိုတကယ်ခွင့်လွှတ်လိုက်ပြီဟု မုန်ကျင်းကျိုး ခန့်မှန်းသည်။
နောက်ဆုံးတွင် ခပ်ရဲရဲမော့ကြည့်၍ အားတက်သရောခေါ်လိုက်သည်။
"အဖေ"
"မိသားစုပြဿနာတွေကို အပြင်လူတွေရှေ့မှာ ထုတ်မပြသင့်ဘူးတဲ့။ အခုမင်းက ကိုယ့်ဆန္ဒအလျောက် အိမ်ပြန်လာပြီး အပြစ်ခံယူတာကို ငါအရမ်းသဘောကျတယ်ကွာ"
***************************၈