← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

၁၅၅

“သာမန် ချီလှည့်ပတ်မှုအဆင့် သိုင်းပညာရှင်တွေကငါ၏ပြိုင်ဘက် မဟုတ်တော့ဘူး”

လုံယီသည် သူတို့၏အတွေးကို ရိပ်မိသည့်အလား နောက်ထပ်တစ်ခွန်း ထပ်မံဖြည့်စွက်ပြောလိုက်သည်။

ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးသည် မည်သည့်ဂိုဏ်းကြီးများတွင်မဆို အမာခံကျောရိုးတိုင်များ ဖြစ်ကြသည်။ အကယ်၍ မြစ်ဂိုဏ်းကဲ့သို့သော သေးငယ်သည့်အင်အားစုတစ်ခုတွင်ဆိုပါက ဒုတိယဂိုဏ်းချုပ်အဆင့်အထိပင် ခန့်အပ်ခြင်းခံရနိုင်သည်။

ဤသည်ကို တွေးတောမိသောအခါ လုယန်၏ရင်ထဲတွင် ခန်းမသခင်ရာထူး ရရှိထား၍ ဖြစ်ပေါ်နေသော ဂုဏ်ယူဝင့်ကြွမှုကလေးမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့သည်။ အမှန်စင်စစ် လုံယီဆိုလိုသော ချီလှည့်ပတ်မှုအဆင့် သိုင်းပညာရှင်များမှာ ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်သာမက ချီစွမ်းအင်ပတ်လမ်းကြီးနှင့် စွမ်းအင်စက်ဝန်းပြည့်အဆင့်များပါ ပါဝင်နေသည်ကို သူတို့ သိရှိနိုင်မည်မဟုတ်ပေ။

“ကျွန်တော်တို့ သခင်ကြီးကတော့ တကယ့်ကို ပါရမီအရာမှာ ပြိုင်ဘက်ကင်းပါပေတယ်”

သူက မချီးမွမ်းဘဲ မနေနိုင်တော့ချေ။

“ဟားဟား... ငါလျူယွမ်ကတော့ လူမှားမပေါင်းခဲ့တာ သေချာသွားပြီ”

လျူယွမ်ကလည်း ဂုဏ်ယူဝင့်ကြွစွာဖြင့် ရယ်မောလိုက်သည်။

“ကဲ... သောက်ကြစို့”

လုံယီက အရက်ခွက်ကို မြှောက်လိုက်သည်။

သူတို့သုံးဦးသည် ယခင်ကကဲ့သို့ ရင်းနှီးပွင့်လင်းသော ပတ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိသွားကြပြီး အစောပိုင်းက ရှိနေခဲ့သော စိတ်ကူးယဉ် အဖုအထစ်ကလေးများမှာလည်း လုံးဝ ကွယ်ပျောက်သွားတော့သည်။ လုံယီသည် လူတစ်ဦး၏ စိတ်ဓာတ်ကို စမ်းသပ်နေခြင်းမျိုးကို စိတ်မဝင်စားပေ။ သူ၏ စွမ်းဆောင်ရည်ကို သင့်တော်သလို ထုတ်ဖော်ပြသလိုက်ခြင်းဖြင့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေနိုင်မည်ဆိုပါက သူပြုလုပ်ရန် ဝန်မလေးပေ။

အခန်းအတွင်းသို့ ပြန်ရောက်သောအခါ သူသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်ရှုလိုက်သည်။

[အမည် - လုံယီ]

[အသက် - ၁၉/၆၈]

[အဆင့် - သွေးသုံးဆင့် သိုင်းသမား (၂၀/၆၀၀)]

[ကျင့်စဉ် - အဝါရောင်အစွန်းရောက် အသက်ရှူကျင့်စဉ် (ဒုတိယအဆင့်၊ ကျွမ်းကျင်မှု ၀/၃၀၀ + ၁ နိဗ္ဗာန်နတ်ပန်း)၊ ဟူမိသားစု အသက်ရှူကျင့်စဉ် (မစတင်ရသေး ၀/၁၀)]

[ကျွမ်းကျင်မှုများ - လုံမိသားစု ပုဆိန်သိုင်း (အောင်မြင်မှုအဆင့်ငယ် ၀/၅၀၀)၊ အစွန်းရောက်လက်သီး (ကျွမ်းကျင်မှု ၀/၁၀၀)၊ ကျောက်ခဲပစ်စွမ်းရည် (ကျွမ်းကျင်မှု ၀/၃၀)၊ ကိုယ်ဖော့သိုင်း (အောင်မြင်မှုအဆင့်ငယ် ၀/၂၀၀)၊ အခြေခံလှံသိုင်း (အခြေခံ ၀/၆)၊ လျှို့ဝှက်သိုင်း နဂါးဖောက်ထွင်းပညာ အပိုင်းအစ (၁)၊ စွမ်းအင်ချုပ်ပိတ်ပညာ (အခြေခံ ၀/၃)]

[ပါရမီ - ကျောက်သားဖြစ်ခြင်း (အောင်မြင်မှုအဆင့်ငယ် ၀/၁၀၀၀ + ၅ နှင်းဖြူကျောက် + ၁ ကြယ်တာရာသံမဏိ)၊ လျင်မြန်မှု (အခြေခံ ၀/၂၀ + ၁ မြေနဂါးအကြောစွမ်းရည်)]

[စွမ်းအင် - ၂၁၁]

အသက်ရှူကျင့်စဉ်၊ သိုင်းစွမ်းရည်နှင့် ပါရမီ ဤအရာသုံးခုသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အစွမ်းသတ္တိအတွက် အရေးအကြီးဆုံးသော အစိတ်အပိုင်းများဖြစ်ပြီး စွမ်းအင်ကို မည်သို့ ပညာရှိရှိ ခွဲဝေအသုံးပြုမလဲဟူသည်မှာ စိန်ခေါ်မှုတစ်ရပ်ပင်။

အသက်ရှူကျင့်စဉ်မှာ အခြေခံအကျဆုံးဖြစ်သော်လည်း ၎င်းသည် သိုင်းအဆင့်အတန်းကို ချက်ချင်းတုံ့ပြန်ပြောင်းလဲပေးနိုင်ခြင်း မရှိချေ။ ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်ကို ကျော်ဖြတ်ပြီးနောက် ဒုတိယအဆင့် အသက်ရှူကျင့်စဉ်၏ နေ့စဉ်တိုးတက်မှုနှုန်းမှာ ထက်ဝက်လျော့ကျသွားကာ ၁၀ မှတ်သာ ရရှိတော့သည်။ ထို့ကြောင့် စတုတ္ထအဆင့်ချီစွမ်းအား သိုင်းသမားအဆင့်သို့ ရောက်ရှိရန် နှစ်လခန့် အချိန်ယူရပေဦးမည်။

ကျင့်ကြံမှုနှုန်း မြန်ဆန်စေရန်အတွက် အသက်ရှူကျင့်စဉ်ကို ပိုမိုတိုးတက်အောင် ပြုလုပ်ရန် လိုအပ်သော်လည်း လိုအပ်သည့် နိဗ္ဗာန်နတ်ပန်းမှာမူ ရှာဖွေရန် နည်းလမ်းမရှိသေးသည့် အရာတစ်ခု ဖြစ်နေသည်။

၎င်းနှင့် နှိုင်းယှဉ်ပါက သိုင်းစွမ်းရည်နှင့် ပါရမီများသည် အစွမ်းသတ္တိကို ချက်ချင်း မြှင့်တင်ပေးနိုင်သော်လည်း တစ်ခုနှင့်တစ်ခု အားသာချက်မှာ ကွာခြားလှသည်။ သိုင်းစွမ်းရည်များအနက် လုံမိသားစု ပုဆိန်သိုင်းမှာ ဦးစားပေးအဆင့် အမြင့်ဆုံးဖြစ်ပြီး လက်ရှိတွင် စွမ်းအင်အမှတ် သုံးရာခန့် လိုအပ်နေသည်။ ၎င်းပုဆိန်သိုင်း ကြီးကျယ်သောအောင်မြင်မှုအဆင့်သို့ ရောက်ရှိပါက သူ၏အစွမ်းမှာ သိသိသာသာ ခုန်ပျံကျော်လွှား တိုးတက်လာမည်ဟု လုံယီ ခံစားမိနေသည်။

ပါရမီများနှင့် ပတ်သက်၍မူ ကျောက်သားဖြစ်ခြင်းအတွက် လိုအပ်သောစွမ်းအင်မှာ မြင့်မားလွန်းသဖြင့် အခြားပါရမီတစ်ခုဖြစ်သော လျင်မြန်မှုကိုသာ အာရုံစိုက်သင့်သည်။ သို့သော် လိုအပ်သည့် မြေနဂါးအကြောစွမ်းရည်မှာ အလွန်ရှားပါးလှပြီး မည်သည့်နေရာတွင် ရှိနိုင်သည်ကိုပင် သတင်းမကြားမိသေးချေ။

ကံကောင်းသည်မှာ လုံယီသည် ကျန်းမိသားစု၊ စူးမိသားစုတို့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေခြင်းပင် ဖြစ်သည်။ ထို့အပြင် သားရဲအမဲလိုက်ဗျူရို၏ အဆင့်မြင့်လဲလှယ်ရေးစာရင်းကိုလည်း မစူးစမ်းရသေးရာ ထိုနေရာတွင် သူလိုအပ်သည့်အရာများ ရှိနေနိုင်သည်။

သူသည် အနာဂတ်အတွက် အစီအစဉ်များ ချမှတ်ရင်း ကုတင်ပေါ်၌ လဲလျောင်းကာ နှစ်ခြိုက်စွာအိပ်ပျော်သွားတော့သည်။

ဝမ်ကျန်း ကုန်သွယ်ရေးလမ်း သားရဲတစ်ရာ တောင်တန်းကြီး၏ တောင်ဘက်ပိုင်းဒေသတွင် သစ်ပင်များ ကျဲပါးလှပြီး သဲဆန်သော မြေဆီလွှာများ ဖုံးလွှမ်းနေသဖြင့် ကြည့်လိုက်လေရာရာ၌ သက်မဲ့သဖွယ်ဖြစ်နေသော အဝါရောင်လွင်ပြင်ကျယ်ကြီးကိုသာ တွေ့မြင်ရသည်။

ဤနေရာတွင် တောင်တန်းကြီး၏ လေးပုံတစ်ပုံခန့်ကို ဖြတ်သန်းသွားကာ အလယ်ပိုင်းဒေသနှင့် ဆက်သွယ်ပေးထားသော အကွေ့အကောက်များလှသည့် လမ်းမကြီးတစ်ခု ရှိသည်။ ထိုလမ်းမှာ အတော်အတန် ကျယ်ဝန်းပြေပြစ်ပြီး အပင်များ နည်းပါးလှသည်။ မြေပြင်ပေါ်ရှိ များပြားလှသော လှည်းဘီးရာများက ကုန်သည်အဖွဲ့များ မကြာခဏ ဖြတ်သန်းသွားလာလေ့ရှိကြောင်း သက်သေပြနေသည်။

လမ်း၏ ဝဲယာတစ်ဖက်တစ်ချက်တွင် လူလုပ်ကျောက်တိုင်များကို အကွာအဝေးတစ်ခုစီခြား၍ စိုက်ထူထားသည်ကို တွေ့ရ၏။ ဆယ်ပေခန့် မြင့်မားသော ထိုကျောက်တိုင်မျက်နှာပြင်များမှာ ရာသီဥတုဒဏ်ကြောင့် အဖုအထစ်များ၊ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။ အာရုံအဖမ်းစားဆုံးအရာမှာ ကျောက်တိုင်ထိပ်များတွင် မြှုပ်နှံထားသော ကြောက်မက်ဖွယ် သားရဲခေါင်းခွံများ သို့မဟုတ် ထူးဆန်းသော အရိုးစုများပင်။

ဗဟုသုတရှိသူများသာ ဖြစ်ပါက ထိုဦးခေါင်းခွံနှင့် အရိုးများသည် ကျေးရွာမှတ်တမ်းများတွင် ဖော်ပြထားသော သားရဲဘုရင်များ၏ အကြွင်းအကျန်များ ဖြစ်ကြောင်း မှတ်မိကြပေလိမ့်မည်။ ဤလမ်းမှာ ကျော်ကြားလှသော ဝမ်ကျန်း ကုန်သွယ်ရေးလမ်း ပင် ဖြစ်သည်။

တောင်တန်းကြီးအတွင်း သစ်ပင်နှင့် သားရဲ အနည်းဆုံးရှိသော ဧရိယာတွင် တည်ရှိပြီး အလယ်ပိုင်းဒေသနှင့် ဝမ်ကျန်းခရိုင်ကို ဆက်သွယ်ထားရာ တစ်နှစ်လျှင် မရေမတွက်နိုင်သော ကုန်သွယ်မှုပမာဏကို ဖော်ဆောင်ပေးနေသည့် လမ်းမကြီးပင်။

ဤလမ်းသည် ခေတ်အဆက်ဆက် သိုင်းပညာရှင်ပေါင်းများစွာ၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ခဲရာခဲဆင်း ဖောက်လုပ်ခဲ့ရသော သွေးစွန်းသောလမ်း တစ်ခုပင်။

ယေဘုယျအားဖြင့် ဤဒေသတွင် အစာရှာဖွေရန် ခဲယဉ်းသောကြောင့် သားရဲတိရစ္ဆာန်များ လာရောက်လေ့မရှိကြချေ။ ထို့ပြင် ကျောက်တိုင်ထိပ်များရှိ ခြောက်ခြားဖွယ် သားရဲခေါင်းခွံများနှင့် အရိုးစုများ၏ အရှိန်အဝါကြောင့် အမြင်ကျဉ်းသော မိစ္ဆာသတ္တဝါအချို့သည်ပင် ဤကုန်သွယ်ရေးလမ်းမှ ဖြတ်သန်းသွားလာနေသည့် လူသားများကို တိုက်ခိုက်ရန် ဝံ့ရဲခြင်းမရှိကြပေ။ ရံဖန်ရံခါ သားရဲအချို့ ပေါ်လာတတ်သော်လည်း လမ်းတစ်လျှောက် လိုက်ပါလာသည့် အစောင့်အကြပ်များက အလွယ်တကူ နှိမ်နင်းနိုင်သော အဆင့်သာ။

ဤအချိန်တွင် ကုန်သွယ်ရေးလမ်း၏ အပိုင်းတစ်ခု၌ ကုန်သည်အဖွဲ့ကြီးတစ်ခု ရွေ့လျားနေသည်။ မီးခိုးရောင်အဝတ်များဖြင့် ဖုံးအုပ်ထားသော လေးလံသည့် ကုန်ပစ္စည်းများကို လှည်းအစီးရေ ဆယ်ဂဏန်းကျော်ပေါ်တွင် တင်ဆောင်ထားသည်။ လှည်းများ၏ ဘေးပတ်ပတ်လည်တွင် အစောင့်အကြပ် ၄၀ မှ ၅၀ ခန့်ရှိပြီး တစ်ဦးချင်းစီမှာ သိုင်းဝတ်စုံများကို ဝတ်ဆင်ကာ ဓား၊ လှံများဖြင့် နိုးနိုးကြားကြား စောင့်ကြပ်နေကြသည်။

အရှေ့ဆုံးတွင် သန်စွမ်းသော အမျိုးသားတစ်ဦးသည် ပြောင်လက်နေသော မြင်းနက်ကြီးတစ်ကောင်ကို စီးနင်းလာပြီး သူ၏ကျောဘက်တွင် ဖုန်းဟု နီရဲသောစာလုံး ရေးထိုးထားသည့် အလံဖြူတစ်လက် လွင့်ထူထားသည်။

“ဒီကုန်ပစ္စည်းတွေကို ကျန်းမြို့ဆီ ဘေးကင်းကင်းနဲ့ ပို့နိုင်ရင်တော့ ငါလည်း မိသားစုကို မျက်နှာပြလို့ရပြီ”

အလယ်တွင် မြင်းစီးလာသော ပိုးဝတ်ရုံဝတ် အဘိုးအိုတစ်ဦးက သူ၏မုတ်ဆိတ်ကို သပ်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။

“အခုတလော တောင်တန်းကြီးရဲ့ မြောက်ဘက်ပိုင်းမှာ သားရဲလှိုင်းတွေ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေပေမဲ့ ကုန်သွယ်ရေးလမ်းနဲ့တော့ အလှမ်းဝေးပါသေးတယ်။ အချိန်တိုအတွင်းမှာတော့ ငါတို့ကို သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး”

အဘိုးအိုဘေးမှ လူလတ်ပိုင်းအမျိုးသားက ရယ်မောလျက် ပြောသည်။

“ဦးလေးသုံး အနေနဲ့ ဒီတစ်ခေါက်ခရီးစဉ် ပြီးသွားရင်တော့ အေးအေးဆေးဆေး အနားယူလို့ ရပါပြီ”

သူ၏စကားပင် မဆုံးသေးမီမှာပင်...

ဒုန်း... ဒုန်း... ဒုန်း

ဒုန်း... ဒုန်း... ဒုန်း

မလှမ်းမကမ်းမှ ပြင်းထန်သော တုန်ခါသံကြီးများ ထွက်ပေါ်လာပြီး ငလျင်လှုပ်သကဲ့သို့ ပိုမိုပြင်းထန်လာသည်။

“မကောင်းတော့ဘူး”

ကုန်သည်အဖွဲ့ဝင်များမှာ ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြရာ တစ်ဦးချင်းစီ၏ မျက်နှာတွင် ထိတ်လန့်မှုများ အထင်အရှား ပေါ်ပေါက်လာတော့သည်။ သူတို့၏ မြင်ကွင်းအတွင်းသို့ ကြောက်မက်ဖွယ်ကောင်းသော ပုံပန်းသဏ္ဌာန်ရှိသည့် သားရဲကြီးများ ရောက်ရှိလာကြပြီဖြစ်သည်။ ၎င်းတို့၏ မျက်လုံးများမှာ နီရဲနေကာ ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။

ဝမ်းဗိုက်မှ ခြေနှစ်ချောင်း ထွက်နေသော မိစ္ဆာမြွေကြီးများသည် ခွေလိပ်နေပြီး ၎င်းတို့၏ အကြေးခွံများမှာ ကျောက်စရစ်ခဲများနှင့် ပွတ်တိုက်သံ ထွက်ပေါ်နေသည်။ မြွေလျှာများကို တလှုပ်လှုပ် ပြုလုပ်နေရင်း ၎င်းတို့၏ကိုယ်မှ အမည်းရောင် မြူခိုးများ ထွက်ပေါ်နေသည်။

သွေးရောင်အမွေးအမှင်များ ဖုံးလွှမ်းထားသော မျောက်ဝံကြီးများသည် မတ်တတ်လမ်းလျှောက်လာပြီး တောင်တန်းနှင့် တောအုပ်များကို ခုန်ကူးလာကြသည်။ ၎င်းတို့၏ လက်မောင်းများကို မြှောက်လိုက်တိုင်း သစ်ပင်များမှာ ကျိုးပဲ့ပျက်စီးကုန်သည်။

အသားအတောင်ပံများကို ဖြန့်ကားထားသော လင်းယုန်ကြီးများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားပြီး ၎င်းတို့၏ အမွေးအတောင်များသည် ငွေရောင်သတ္တုကဲ့သို့ ပြောင်လက်နေကြသည်။

“မြန်မြန်ပြေးကြ”

တစ်စုံတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်၍ ထွက်ပြေးတော့သည်။

“ငါတို့ ထွက်ပြေးလို့ မဖြစ်ဘူး။ မိသားစုရဲ့ ကုန်ပစ္စည်းတွေကို အသက်ပေးပြီး ကာကွယ်ရမယ်” ဦးလေးသုံးဟု ခေါ်ဝေါ်ကြသော အဘိုးအိုက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သို့သော်လည်း မည်သူပင်ဖြစ်စေ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ဘဲ မကြာမီမှာပင် သားရဲကြီးများ၏ ဝါးမျိုဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးသည် ထိုနေ့ တစ်ရက်တည်းမှာပင် ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ နေရာသုံးခု၌ တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့သည်။ ဤအခြင်းအရာက သားရဲလှိုင်းသည် သားရဲတစ်ရာ တောင်တန်းကြီး၏ ထောင့်စုံနေရာတိုင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီဖြစ်ကြောင်းနှင့် မည်သည့်နေရာမျှ အမှန်တကယ် ဘေးကင်းလုံခြုံမှု မရှိတော့ကြောင်းကို ညွှန်ပြနေသည်။

ရှူး... ရှူး... ရှူး

ထိုင်မြို့၊ ကျန်းမြို့၊ စုမြို့ နှင့် လျန်မြို့တို့ရှိ မြို့တော်ဝန်ရုံးများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး စုံစမ်းစစ်ဆေးရန် ပညာရှင်များကို အသီးသီး စေလွှတ်လိုက်ကြတော့သည်။

“ဟင်း... ဒီမြွေထူးမြွေဆန်းက နှစ်တစ်ရာမှာ တစ်ပေ ရှည်ထွက်တာ။ အခုဆိုရင် အသက်နှစ်ရာကျော်လောက် ရှိနေပြီ ထင်တယ်”

“သွေးလိုနီတဲ့ အမွေးတွေနဲ့ ရွှေရောင်မျက်လုံးတွေ... ဒါ တောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာက ရှားပါးမျိုးစိတ်ပဲ။ ပေါ်မလာတာ ကြာလှပြီ”

“ကုန်သွယ်ရေးလမ်းမကြီး ပျက်စီးသွားပြီ။ ဒါမျိုး မကြုံဖူးတာ နှစ်တစ်ရာလောက် ရှိပြီ၊ အရှင်မင်းကြီးဆီ အမြန်ဆုံး အစီရင်ခံမှ ဖြစ်မယ်”

“ဒါက လျှို့ဝှက်ချက်ပဲ။ သာမန်အရပ်သားတွေကို အလွယ်တကူ မသိစေနဲ့ မဟုတ်ရင်တော့ တစ်မြို့လုံး ပရမ်းပတာတွေ ဖြစ်ကုန်လိမ့်မယ်...”

ထိုင်မြို့၊ ယိုကျန်း လက်ဖက်ရည်ဆိုင်

ဤလက်ဖက်ရည်ဆိုင်သည် မြို့အတွင်း ရှေးအကျဆုံး ဆိုင်တစ်ဆိုင်ဖြစ်ပြီး အလယ်ပိုင်းဒေသမှ လာသော ပိလု လက်ဖက်ရည်ကြောင့် ကျော်ကြားလှသည်။ တစ်ငုံသောက်လိုက်ရုံနှင့် မေ့မရနိုင်သော အရသာရှိလှသဖြင့် ဧည့်သည်များမှာ အမြဲမပြတ် စည်ကားလျက်ရှိသည်။

နံနက်စောစော ဆိုင်ဖွင့်သည်နှင့် အပြင်တွင် စောင့်ဆိုင်းနေသော ပုံမှန်ဖောက်သည်များမှာ စိတ်အားထက်သန်စွာ ဝင်ရောက်လာကြသည်။ သို့သော်လည်း ဈေးနှုန်းစာရင်းကို မြင်လိုက်ရသောအခါ အားလုံးက စတင်ငြီးတွားကြတော့သည်။

“ဆိုင်ရှင်... ပိလုလက်ဖက်ရည်က ဘာလို့ ဒီလောက်ဈေးတက်သွားရတာလဲ။ အရင်ကထက် နှစ်ဆတောင် ပိုများနေပြီ”

“သာမန် လက်ဖက်ရည်ကြမ်းတောင် အကြွေစေ့အတော်များများ ဈေးတက်သွားတယ်နော်”

“ခင်ဗျားဆိုင် ရောင်းကောင်းတယ်ဆိုပေမဲ့ ကျွန်တော်တို့လို ပုံမှန်ဖောက်သည်တွေကိုတော့ ဓားပြမတိုက်သင့်ဘူး မဟုတ်လား”

ဧည့်သည်များ၏ ကန့်ကွက်သံများကို ကြားသောအခါ ဆိုင်မန်နေဂျာမှာ အပြစ်မရှိကြောင်း အသည်းအသန် ငြင်းဆိုတော့သည်။

“အို... လူကြီးမင်းတို့ခင်ဗျာ အထက်မှာ ကောင်းကင်ကြီးရှိပါတယ်။ ကျွန်တော်ဝူကသာ တမင်သက်သက် ဈေးတင်တာဆိုရင် ကျွန်တော့်ဆိုင်ကို အခုချက်ချင်း ပိတ်လိုက်ပါတော့။ တစ်သက်လုံးလည်း စီးပွားမလုပ်ရပါစေနဲ့တော့ ဈေးတက်ရတဲ့ အကြောင်းရင်းက ဒီလအတွင်းမှာ အလယ်ပိုင်းဒေသက လာတဲ့ လက်ဖက်ရွက်အတော်များများဟာ မိစ္ဆာသားရဲတွေရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရလို့ပါဗျာ”

“ဆိုင်ရှင်ဝူ... ကျွန်တော်တို့ကို လာမလိမ်ပါနဲ့”

မကျေမနပ်ဖြစ်နေသူတစ်ဦးက ပြောလိုက်သည်။

“ခင်ဗျားဆိုင်က လက်ဖက်ရွက်တွေကို ဟွမ်မိသားစုရဲ့ ကုန်လှည်းတွေနဲ့ ကုန်သွယ်ရေးလမ်းကနေ အမြဲသယ်တာပဲလေ မိစ္ဆာတွေက ဘယ်လိုလုပ် ဖျက်ဆီးနိုင်မှာလဲ”

“ဟူး...”

ဆိုင်ရှင်က သက်ပြင်းချလိုက်သည်။

“ဒီတစ်ခါ သားရဲတစ်ရာ တောင်တန်းကြီးမှာ မကြုံစဖူး သားရဲလှိုင်းတွေ ပေါ်ပေါက်လာပြီး ဝမ်ကျန်း ကုန်သွယ်ရေးလမ်းမကြီးတစ်ခုလုံးကို အဆက်အသွယ် ဖြတ်တောက်လိုက်ပြီဗျ”

“ဘာ”

ထိုစကားကို ကြားလိုက်ရသောအခါ ဆိုင်အတွင်းရှိ လူအားလုံး အံ့အားသင့် ထိတ်လန့်သွားကြတော့သည်။

၁၅၆

“နောက်ထပ် သားရဲလှိုင်းတစ်ခုလား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ တစ်ခါ ဖြစ်ထားတာ မဟုတ်ဘူးလား”

“ကုန်သွယ်ရေးလမ်းက သားရဲတစ်ရာ တောင်တန်းရဲ့ သက်မဲ့ဒေသမှာ ရှိတာလေ။ သားရဲလှိုင်း ဖြစ်ရင်တောင် အဲဒီနေရာကို ထိခိုက်တာ ရှားပါတယ် ဟုတ်ရဲ့လား”

“ကုန်သွယ်ရေးလမ်းသာ တကယ် ပျက်စီးသွားရင်တော့ လက်ဖက်ရည်တင်မကဘဲ တခြားအရာတွေပါ အကြီးအကျယ် ထိခိုက်ကုန်တော့မှာပဲ”

လက်ဖက်ရည်သောက်နေသူ အများအပြားမှာ ချက်ချင်းပင် စိတ်ပျက်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ဆိုင်ပြင်သို့ ထွက်ခွာသွားကြတော့သည်။ ဆိုင်ရှင်ဖြစ်သူမှာလည်း သူ၏ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော စကားတစ်ခွန်းသည် မြို့တော်ကြီးအပေါ် ဤမျှအထိ ရိုက်ခတ်မှုရှိသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သားရဲလှိုင်း ပေါ်ပေါက်လာခြင်းနှင့် ကုန်သွယ်ရေးလမ်း အဆက်အသွယ် ပြတ်တောက်သွားခြင်း သတင်းသည် ထိုင်မြို့အတွင်းသို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ သတင်းကောင်း အိမ်ပြင်မကျော် သတင်းဆိုး မိုင်တစ်ထောင် ဆိုသည့်အတိုင်းပင် တစ်ရက်မပြည့်မီမှာပင် မြို့သူမြို့သားတိုင်းသည် ဤသတင်းကိုသာ ပြောဆိုနေကြတော့သည်။ မြို့တော်ဝန်ရုံးက ကောလာဟလများကို တားဆီးရန် အမိန့်စာများ ထုတ်ပြန်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။

မကြာမီမှာပင် ဆိုးဝါးသော သတင်းများမှာ တစ်ခုပြီးတစ်ခု တက်လာတော့သည်။

“ကျုံးယွမ်မြို့ကနေ လာတဲ့ ဆန်ရိက္ခာ ပိဿာပေါင်း သောင်းနဲ့ချီပြီး သားရဲလှိုင်းကြောင့် ပျက်စီးသွားပြီတဲ့ ဖူလင်းအစောင့်အကြပ်လုပ်ငန်းက လူပေါင်း ၅၀ ကျော် လိုက်သွားတာမှာ ၃ ယောက်ပဲ အသက်ရှင်ပြီး ပြန်လာနိုင်တယ်”

“စူးမိသားစုရဲ့ ငွေသယ်တဲ့ ကုန်လှည်းတန်းလည်း အကုန်နီးပါး အသတ်ခံလိုက်ရပြီ ငွေစင် သုံးသိန်းလောက် ဆုံးရှုံးသွားတယ်လို့ ကြားတယ်”

“ဝမ်မိသားစုရဲ့ ဆားတွေလည်း ပြန်မရောက်လာတော့ဘူး...”

“ယွမ်မိသားစုရဲ့ ပိုးထည်တွေလည်း ပါသွားပြီ။ ငါ့အမျိုးတစ်ယောက်က သူတို့ဆီမှာ အလုပ်လုပ်နေတာ သူပြောတာတော့ ကုန်သွယ်ရေးလမ်းပေါ်မှာ တစ်နှစ်ဝက်စာ ကုန်ပစ္စည်းတွေ ဆုံးရှုံးသွားတာတဲ့...”

နှစ်ရက် သုံးရက်အတွင်းမှာပင် တစ်မြို့လုံး ပရမ်းပတာ ဖြစ်ကုန်တော့သည်။ ကုန်သွယ်ရေးလမ်း အဆက်အသွယ် ပြတ်တောက်သွားခြင်းကြောင့် ဝမ်ကျန်းခရိုင်သည် အလယ်ပိုင်းဒေသမှ အဓိက ထောက်ပံ့ရေးစခန်းကို ဆုံးရှုံးလိုက်ရခြင်းပင်။ ဝမ်ကျန်းခရိုင်သည် ဝေးလံသီခေါင်သော အရပ်တွင် တည်ရှိနေသဖြင့် သူ့ဘာသာ ဖူလုံအောင် လုပ်ဆောင်နိုင်စွမ်း လုံးဝ မရှိပေ။

ယင်း၏ အကျိုးဆက်အနေဖြင့် ဆန် ရိက္ခာ အသား ဥ နှင့် ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းမျိုးစုံ၏ ဈေးနှုန်းများမှာ တစ်နေ့ထက်တစ်နေ့ ထိုးတက်ကုန်တော့သည်။ သို့သော်လည်း ဆန်ဆိုင်များ ဆားဆိုင်များနှင့် အသားဆိုင်များ၏ တံခါးဝတွင် လူများဖြင့် ပြည့်နှက်နေဆဲပင်။ ကျန့်မိသားစု၏ ဆေးဆိုင်မှာလည်း အရေးကြီးဆေးဝါးများကို လာရောက်ဝယ်ယူသူများဖြင့် ဒုတိယအကြိမ် ပြန်လည်စည်ကားလာခဲ့သည်။

တစ်ဖက်တွင်မူ မြို့အတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများအကြားတွင် တင်းမာမှုများ တိတ်တဆိတ် မြင့်တက်လာနေသည်။ အင်အားကြီး အဖွဲ့အစည်းတိုင်းသည် အရင်းအမြစ် အမြောက်အမြားကို ဝါးမျိုနေသော သားရဲကြီးများသဖွယ် ဖြစ်ရာ သူတို့သည် သာမန်မိသားစုများထက်ပင် အရင်းအမြစ်များကို ပိုမို အသည်းအသန် လိုအပ်နေကြသည်။ သူကောင်းမျိုးနွယ်စုများအတွက် လက်မည်းကဲ့သို့ အညစ်အကြေးအလုပ်များကို လုပ်ပေးသူများအဖြစ် အသုံးတော်ခံနေရသော လင်းဂိုဏ်းနှင့် မြစ်ဂိုဏ်းတို့သည် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်နေကြပြီဖြစ်ရာ လူအချို့ပင် သေဆုံးခဲ့ရသည်။

အောက်ခြေမှ လူမိုက်များမှာမူ ပို၍ပင် အတားအဆီးမဲ့လာကြပြီး ညစဉ်ညတိုင်း ရိုက်နှက်ပွဲများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ပေါ်ပေါက်နေတော့သည်။

မုန်တိုင်းတစ်ခု ကျရောက်တော့မည် ပရမ်းပတာ ဖြစ်ရပ်များ ဆိုက်ရောက်တော့မည်ဟူသော ခံစားချက်မျိုးကို မြို့တော်နေ လူထုတစ်ရပ်လုံး ခံစားနေကြရသည်။

“အခုတလော သတိထားကြနော်။ အကြောင်းမရှိဘဲ သူတစ်ပါးနဲ့ စကားများတာမျိုး မလုပ်ကြနဲ့”

လုံယီက သူငှားရမ်းထားသော အခန်းကျဉ်းလေးအတွင်း၌ လုယန်နှင့် လျူယွမ်တို့ကို မှာကြားလိုက်သည်။

သူသည် ခဏမျှ စဉ်းစားပြီးနောက် စိတ်မချနိုင်သေးသဖြင့် ယခင်က စုဆောင်းထားသော ထုံးမှုန့်များ မြှားတိုများ ဒဏ်ရာပျောက်ဆေးများနှင့် သားရေချပ်ဝတ်များကို ထုတ်ယူ၍ သူတို့အား ပေးအပ်လိုက်သည်။ လုံယီ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် ဤပစ္စည်းများက သူ့အတွက် အသုံးမဝင်တော့ချေ။

“သခင်ကြီးလည်း ကိုယ့်ကိုယ်ကိုယ် သတိထားပါဦး”

လုယန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ငါက အပြင်ကို ခဏ လမ်းလျှောက်ထွက်ရုံပါပဲ”

လုံယီသည် စကားပြောပြီးနောက် လုယန်နှင့် လျူယွမ်တို့ ပေးထားသော အလောင်းများရှိရာ နေရာများသို့ အပြေးအလွှား သွားရောက်တော့သည်။

နေရာတစ်ခုမှာ မြို့ပြင်ရှိ လူသေအလောင်းများ စုပုံရာ တွင်းကြီးဖြစ်ပြီး လွန်ခဲ့သော နှစ်ရက်အတွင်း လတ်လတ်ဆတ်ဆတ် အလောင်းအချို့ ရောက်ရှိနေသည်။ ထိုအလောင်းများမှာ ရက်စက်စွာ ခုတ်ထစ်ခံထားရပြီး ထက်မြက်သော လက်နက်များဖြင့် သတ်ဖြတ်ခံထားရခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

အခြားနေရာတစ်ခုမှာ မြို့အနောက်ဘက်ရှိ ရင်ခွဲရုံဖြစ်ပြီး ထိုနေရာရှိ လူသေများမှာ မြို့၏ တရားဝင် နေထိုင်သူများ ဖြစ်ကြသည်။ မိသားစုဝင်များက သေဆုံးမှုကို တိုင်ကြားထားသဖြင့် အာဏာပိုင်များက သေဆုံးရသည့် အကြောင်းရင်းအမှန်ကို သိရှိနိုင်ရန် ရင်ခွဲစစ်ဆေးရခြင်း ဖြစ်သည်။

လုံယီသည် ထိုနေရာများကို လှည့်ပတ်ကြည့်ရှုပြီးနောက် စွမ်းအင် ၁၁ မှတ် ရရှိခဲ့သည်။ ဤနှုန်းမှာ သားရဲတစ်ရာ တောင်တန်းတွင် ရှိစဉ်ကထက်ပင် မနည်းလှပေ။ လောကကြီး ပို၍ ပရမ်းပတာ ဖြစ်လေလေ သူ၏ ရွှေလက်ချောင်းအတွက် ပို၍ အကျိုးရှိလေလေ ဖြစ်သည်။

မကြာမီမှာပင် ထိုမငြိမ်မသက်မှုများသည် အစွန်းရောက်လက်သီးဂိုဏ်းဆီသို့ ကူးစက်လာတော့သည်။ မြို့အတွင်းရှိ အနည်းငယ်သော သိုင်းသင်တန်းကျောင်းများအနက် တစ်ခုဖြစ်သည့်အားလျော်စွာ အစွန်းရောက်လက်သီးဂိုဏ်းတွင်လည်း ကြီးမားသော ပိုင်ဆိုင်မှုများ ရှိနေသည်။

ဂိုဏ်း၏ ပိုင်ဆိုင်မှု နှစ်ခုမှာ ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။ တစ်ခုမှာ မြို့အတွင်းရှိ ဖေးယွန်းမျှော်စင်အမည်ရှိ စားသောက်ဆိုင် ဖြစ်သည်။ မနေ့က တစ်စုံတစ်ဦးက ထိုဆိုင်ကို မီးရှို့ခဲ့သော်လည်း ကံကောင်းထောက်မစွာ အချိန်မီ သိရှိခဲ့ရသည်။ မဟုတ်ပါက သစ်သားဖြင့်သာ ဆောက်လုပ်ထားသော ထိုဆိုင်ကြီးမှာ ပြာအတိ ဖြစ်သွားပေလိမ့်မည်။

အခြားတစ်ခုမှာ မြို့ပြင်ရှိ သစ်သီးခြံကြီး ဖြစ်ပြီး ပန်းသီး သစ်တော်သီးနှင့် အခြားမျိုးစုံကို ဧက တစ်ရာကျော် ကျယ်ဝန်းစွာ စိုက်ပျိုးထားသည်။ သို့သော် အကြီးအကျယ် ခိုးယူခံခဲ့ရပြီး သစ်သီးအမြောက်အမြား ဆုံးရှုံးခဲ့ရသည့်အပြင် ခြံလုပ်သားနှစ်ဦးမှာလည်း ပျောက်ဆုံးနေကာ သူတို့၏ အလောင်းများကိုပင် ရှာမတွေ့တော့ချေ။

စစ်သည်တွေကို ရက်ပေါင်းတစ်ထောင် လေ့ကျင့်ပေးထားတာဟာ ခဏတာ အသုံးချဖို့ပဲဆိုသည့် စကားအတိုင်းပင်။

ဂိုဏ်းအတွင်းရှိ တပည့်များအားလုံးကို ဆင့်ခေါ်လိုက်ရာ အကြီးအကဲကျိုးသည် သိုင်းလေ့ကျင့်ရေးကွင်း၏ ရှေ့တွင် တည်ကြည်စွာ ရပ်နေသည်။

“ကုန်သွယ်ရေးလမ်း အဆက်အသွယ် ပြတ်သွားလို့ မငြိမ်မသက်ဖြစ်တာက ရှောင်လွှဲလို့မရဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ငါတို့ အစွန်းရောက်လက်သီးဂိုဏ်းကို ပစ်မှတ်ထားရဲတယ်ဆိုရင်တော့ ဒါကို လုံးဝ သည်းခံမှာမဟုတ်ဘူး”

“အစွန်းရောက်လက်သီးဂိုဏ်းရဲ့ တပည့်တွေအနေနဲ့ ဂိုဏ်းရဲ့ စည်းကမ်းအတိုင်း ဂိုဏ်းမှာ အခက်အခဲရှိလာရင် ကူညီရမယ်။ ထူးခြားတဲ့ အခြေအနေမျိုး မရှိရင် ငြင်းပယ်ခွင့် မရှိဘူး”

သူသည် စကားပြောပြီးနောက် အောက်ရှိ တပည့်များကို ကြည့်ကာ အမည်များကို စတင် ခေါ်ဆိုတော့သည်။

“ကျားဟုန်”

“ရှိပါတယ် ဆရာ”

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျားဟုန်သည် ဆံပင်များကို မြင့်မြင့်စည်းနှောင်ထားပြီး ရဲရင့်ပြတ်သားသော အသွင်ဖြင့် ကျော့ရှင်းစွာ ရှေ့သို့ထွက်လာသည်။

“မင်းက ဖေးယွန်းမျှော်စင် မီးလောင်မှုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ကို ဦးဆောင်ရမယ်။ တရားခံအစစ်အမှန်ကို ရှာဖွေပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးပါ။ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို အညိုးနွမ်းမခံစေနဲ့”

“နားလည်ပါပြီ”

ကျားဟုန်က လက်သီးဆုပ်ကာ အရိုအသေပြုရင်း ပြတ်သားသောလေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“ဝမ်ဟိုင် လုချန်ချင်း စုနန်... မင်းတို့သုံးယောက်က ဒီကိစ္စရဲ့ အရင်းအမြစ်ကို ရှာဖွေဖို့ ကျားဟုန်ကို ကူညီပေးရမယ်”

အကြီးအကဲကျိုးက အတွင်းစည်းတပည့်အချို့ကို ထပ်မံရွေးချယ်လိုက်သည်။

“ဟုတ်ကဲ့ပါ”

ထို့နောက်တွင် အကြီးအကဲကျိုးသည် ဒုတိယအဖွဲ့ကို စတင်ရွေးချယ်တော့သည်။

“မြို့ပြင်က သစ်သီးခြံဟာ နှစ်စဉ်ထွက်ကုန် အမြောက်အမြား ထွက်ရှိပြီး ဂိုဏ်းအတွက် အလွန်အရေးကြီးတယ်။ ချန်မူကျူ... မင်းက အဖွဲ့ကိုဦးဆောင်ပြီး အမှန်တရားကို ရှာဖွေကာ ရန်သူကို နှိမ်နင်းရမယ်”

“ဟုတ်ကဲ့”

တည်ကြည်ဖြောင့်မတ်သော ရုပ်ရည်ရှိသည့် လူငယ်လေး ချန်မူကျူက ရှေ့သို့ထွက်ကာ ထူးလိုက်သည်။

“လုံယီ ကျန့်ဝေတာ တင်မင်းဟိုင် လီချွန်းဝမ် ချန်ရွေ့ချင်း... မင်းတို့အားလုံး ချန်မူကျူကို ဝိုင်းဝန်းကူညီကြရမယ်”

“ဟုတ်ကဲ့ပါ”

လုံယီနှင့် အမည်ခေါ်ခံရသူများက ရှေ့သို့ထွက်ကာ ပြိုင်တူထူးလိုက်ကြသည်။

သူ၏ တပည့်များမှာ တာဝန်ကို ရှောင်လွှဲခြင်းမရှိဘဲ နားလည်မှုရှိနေကြသည်ကို မြင်ရသဖြင့် အကြီးအကဲကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

တပည့်များ လူစုခွဲသွားပြီးနောက် ကျန့်ဝေတာက လုံယီ့ကို မကျေမနပ်ဖြင့် ကပ်၍ညည်းတွားတော့သည်။

“တောက်... စားသောက်ဆိုင်မှာ လူမိုက်အချို့ ပြဿနာရှာတာကို ဘာတွေ စုံစမ်းစစ်ဆေးနေစရာ ရှိလို့လဲ။ ဒါက ကျားဟုန်ကို နာမည်ကောင်းရအောင် အကွက်ချပေးလိုက်တာ သိသာနေတာပဲ”

သူက ဆက်လက်၍ မကျေမနပ်ဖြင့် ပြောလိုက်သည်။

“မြို့ပြင်က သစ်သီးခြံကိစ္စက ပိုပြီးရှုပ်ထွေးတယ်။ ဝေးလည်းဝေးသလို ရန်သူက ဘယ်သူမှန်းတောင် မသိရသေးဘူး။ အကယ်၍ လေးလံသောဓားဂိုဏ်းက ကောင်တွေသာဆိုရင် ငါတို့ အန္တရာယ်တောင် ကြုံရနိုင်တယ်”

“ညီလေးကျန့် ပြောတာမှန်တယ် ကျားဟုန်က ရုပ်လေးချောတာပဲရှိတာ။ အရည်အချင်းပိုင်းမှာဆိုရင် သူမထက် သာတဲ့သူတွေ အများကြီးရှိတာကို ဘာလို့ သူမ အလှည့်ဖြစ်နေရတာလဲ”

အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက မနာလိုဝန်တိုသည့် လေသံဖြင့် ဘေးမှဝင်ပြောသည်။

သူမမှာ အသားဖြူဖြူ ရုပ်ရည်အသင့်အတင့်ရှိပြီး အနည်းငယ် ဖိုင့်နေသည်မှလွဲ၍ ရုပ်မဆိုးလှပေ။ သို့သော် ကျားဟုန်နှင့် နှိုင်းယှဉ်ပါက သူမ၏ အလှမှာ အဆင့်များစွာ နိမ့်ကျနေသည်။ သူမကား လုံယီတို့နှင့်အတူ သစ်သီးခြံသို့ သွားရမည့် အမျိုးသမီးတပည့် ချန်ရွေ့ချင်းပင်။

သူပြောလိုက်သော စကားကို အခြားသူများ ကြားသွားသည်ကို မြင်သောအခါ ကျန့်ဝေတာသည် ချက်ချင်းပင် စကားစဖြတ်လိုက်ပြီး “ဟီးဟီး” ဟုသာ ခပ်တုံးတုံး ရယ်ပြလိုက်သည်။

“ကျောရိုးမရှိတဲ့ကောင်”

ကျန့်ဝေတာက ပြန်မပြောဘဲ ငြိမ်နေသည်ကို မြင်သောအခါ ချန်ရွေ့ချင်းက မျက်စောင်းတစ်ချက်ထိုးကာ နှာခေါင်းရှုံ့လျက် လှည့်ထွက်သွားတော့သည်။

ချန်ရွေ့ချင်း ထွက်ခွာသွားပြီးနောက် သူတို့နှစ်ဦးမှာ စကားလက်ဆုံ ဆက်ပြောနေကြသည်။

“ကျားဟုန်က ကျိုးယန်ကိုတောင် ဖြတ်ပစ်လိုက်တာကို အကြီးအကဲကျိုးက သူမအပေါ် ကောင်းနေတုန်းပဲလား”

လုံယီသည် ဤအချက်ကို စိတ်ဝင်တစား မေးမြန်းလိုက်သည်။

“ဟေ့လူ... ကျိုးယန်က ကျိုးယွမ်ရှင်းရဲ့ သားအရင်းမှမဟုတ်တာ ဆွေမျိုးနီးစပ်တော်ရုံပဲရှိတာ။ အခုဆို သူ့ခြေထောက်တွေလည်း ကျိုးသွားပြီဆိုတော့ ဘာအလားအလာမှ မရှိတော့ဘူး။ ကျားဟုန်ကတော့ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် သဘောကျတဲ့သူဖြစ်သလို ပါရမီလည်း အရမ်းထူးချွန်တယ်လေ သူမက ဂိုဏ်းရဲ့ အနာဂတ်မျှော်လင့်ချက်ပဲ”

ကျန့်ဝေတာက တည်ငြိမ်စွာ ဝေဖန်ပြသည်။

“ဘယ်သူက ပိုအရေးကြီးလဲဆိုတာ ရှင်းနေတာပဲ မဟုတ်လား”

ကျန့်ဝေတာ၏ တည်ကြည်လေးနက်ဟန်ဆောင်နေသော ပုံစံကိုကြည့်ပြီး လုံယီ မရယ်ဘဲ မနေနိုင်တော့ချေ။ အကယ်၍ သူသာ ယခုအချိန်တွင် သူ၏အစွမ်းကို လူသိရှင်ကြား ထုတ်ပြလိုက်မည်ဆိုပါက အစွန်းရောက်လက်သီးဂိုဏ်းတစ်ခုလုံး သူ့ကို ဘုရားသဖွယ် ကိုးကွယ်ကြပေလိမ့်မည်။ သို့သော် ထိုသို့လုပ်ရန် မလိုအပ်သေးချေ။

လေးလံသောဓားဂိုဏ်းနှင့် ရှုမိသားစုကဲ့သို့သော ရန်သူကြီးများ ရှိနေသေးသဖြင့် သိုင်းပညာရှင်များကို အပြတ်အသတ် ကိုင်တွယ်နိုင်စွမ်းရှိသည်အထိ သူသည် လူသိထင်ရှား မဖြစ်သင့်သေးပေ။ သို့သော် ထိုသို့ ထင်ထင်ပေါ်ပေါ် နေနိုင်မည့်နေ့မှာလည်း သိပ်မဝေးတော့ဘူးဟု လုံယီ ယုံကြည်ချက်ရှိနေသည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ချန်မူကျူ၊ လုံယီ၊ ကျန့်ဝေတာ၊ ချန်ရွေ့ချင်းနှင့် အခြားသူများသည် မြင်းကြီးများကိုယ်စီစီးကာ မြို့ပြင်ရှိ သစ်သီးခြံသို့ အပြေးအလွှား ထွက်ခွာခဲ့ကြသည်။

သစ်သီးခြံဆိုသည်မှာ ရိုးရှင်းသော ခြံစည်းရိုးများခတ်ထားသည့် ကြီးမားသော သစ်တောတစ်ခုဖြစ်ပြီး အစောင့်အိုကြီးအချို့က စောင့်ကြပ်နေကြခြင်းပင်။ တစ်ခြံလုံးကို တာဝန်ယူထားသူမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက အနားယူခဲ့သည့် အတွင်းစည်းတပည့်ဟောင်း ရှုချင်းပင်။ သူသည် အသက် ၅၀ ကျော်အရွယ်ရှိပြီး ဆံပင်များဖြူကာ မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသဖြင့် သိုင်းသမားတစ်ဦးနှင့်မတူဘဲ လယ်သမားအိုကြီးတစ်ဦးနှင့်သာ တူနေတော့သည်။

“အို... လူငယ်တို့ မင်းတို့ကို စောင့်နေရတာ မောလှပြီ”

ချန်မူကျူနှင့် လုံယီတို့ကို မြင်သောအခါ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ထို့နောက် သူက စတင်ညည်းတွားတော့သည်။

“အရင်က သစ်သီးခြံက အေးဆေးပါပဲ အခုတလော ဘယ်ကလာမှန်းမသိတဲ့ လူယုတ်မာတွေကြောင့် သစ်သီးဧက အတော်များများ ပျက်စီးကုန်ပြီ ဒီရက်ပိုင်းမှာ အဘိုးဖုန်းတို့လို အဖြစ်မျိုး ကြုံရမှာကြောက်လို့ ဘယ်သူမှ သစ်ပင်တွေကို မပြုစုရဲကြတော့ဘူး။ မင်းတို့လာတာ တကယ်ကို ကောင်းပါတယ် အဘိုးသာ ငယ်ငယ်က သိုင်းပညာကို ကြိုးကြိုးစားစား ကျင့်ခဲ့ရင် အခုလို အသုံးမကျဖြစ်မှာ မဟုတ်ဘူး”

ရှုချင်း၏ စကားကို ကြားသောအခါ ချန်မူကျူက “စီနီယာအစ်ကိုရှု စိတ်ဓာတ်မကျပါနဲ့။ ဒီသစ်သီးခြံက ဂိုဏ်းအတွက် နှစ်ပေါင်းများစွာ အကျိုးအမြတ်တွေ ရအောင် ရှာပေးခဲ့တာဟာ အစ်ကို့ရဲ့ ကြိုးစားမှုကြောင့်ပါ။ ကျွန်တော်တို့က ပြဿနာအသေးအမွှားလေးတွေကို ရှင်းထုတ်ဖို့ လာတာပါ နောက်ပိုင်းမှာလည်း ဒီခြံကို အစ်ကိုပဲ ဆက်ပြီး စီမံခန့်ခွဲပေးရဦးမှာပါ” ဟု နှစ်သိမ့်လိုက်သည်။

ချန်မူကျူ၏ စကားကြောင့် ရှုချင်း၏ မျက်နှာမှာ အနည်းငယ် ဝင်းပလာသည်။

“ငါတို့လို သိုင်းလမ်းစဉ်ကို ဆက်မလျှောက်နိုင်တဲ့သူတွေကတော့ ဒီလို အလုပ်ကြမ်းလေးတွေပဲ လုပ်နိုင်တော့တာပေါ့။ ဂိုဏ်းကြီးပွားတိုးတက်ဖို့က မင်းတို့လို လူငယ်ပါရမီရှင်တွေအပေါ်မှာပဲ မူတည်ပါတယ်”

နှစ်ဖက်စလုံး ခင်ခင်မင်မင် စကားပြောနေကြစဉ်မှာပင် စူးရှသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

“ရေ... ရေကော မရှိဘူးလား ငါတော့ ရေငတ်လို့ သေတော့မယ်”

ချန်ရွေ့ချင်းက မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် “ငါတို့က ဒီလောက်ဝေးတဲ့လမ်းကို ကူညီဖို့ လာတာကို ရေတောင် အဆင်သင့် မပြင်ထားဘူးလား”

သူမသည် သူမ၏ လက်များဖြင့် ယပ်ခတ်နေရင်း ရှုချင်းကို စူးစူးဝါးဝါး စိုက်ကြည့်နေတော့သည်။ ထိုနေရာရှိ အခြေအနေမှာ ရုတ်တရက် တင်းမာသွားခဲ့သည်။

All Chapters