အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
၁၅၇
ချန်မူကျူနှင့် အခြားသူများ၏ မျက်နှာမှာ တစ်မျိုးကြီး ဖြစ်သွားကြသည်။
သို့သော် ရှုချင်းကမူ ဘာမျှမဖြစ်သကဲ့သို့ပင် ပြုမူပြီး သူ၏နဖူးကို ရုတ်တရက် လက်ဝါးဖြင့် ရိုက်လိုက်သည်။
“အို... ကြည့်စမ်း ငါ့မှတ်ဉာဏ်ကတော့ အသက်ကြီးလာလို့ ထင်ပါရဲ့ ခဏလေး စောင့်ကြပါဦး”
သူသည် အမြန်လျှောက်သွားပြီး အစောင့်အိုကြီးနှစ်ဦးကို တစ်စုံတစ်ခု ပြောလိုက်သည်။ ထိုသူနှစ်ဦးမှာလည်း ချက်ချင်းပင် အပြေးအလွှား သွားရောက်ကာ လက်ဖက်ရည်အိုးကြီးတစ်လုံးနှင့် ခွက်အချို့ကို ယူဆောင်လာပြီး လူတိုင်းအတွက် သေချာစွာ ငှဲ့ပေးကြတော့သည်။
“ဒီခွက်တွေက ညစ်ပတ်လိုက်တာ ဆေးကော ဆေးထားရဲ့လားမသိဘူး”
ချန်ရွေ့ချင်းက တစ်ဖန် ဝေဖန်ပြန်သည်။
ချန်မူကျူကမူ မကြားချင်ယောင်ဆောင်လိုက်ပြီး လက်ဖက်ရည်ကို ခပ်ဖွဖွ တစ်ငုံသောက်ကာ မေးမြန်းလိုက်သည်။
“စီနီယာအစ်ကိုရှု... အဲဒီယုတ်မာတဲ့ တရားခံရဲ့ မျက်နှာကို မြင်ဖူးတဲ့သူ ရှိလား”
ထိုစကားကို ကြားသောအခါ ရှုချင်း၏မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ အလိုအလျောက် ပေါ်ပေါက်လာသည်။
“ဒီမှာ ရှိတဲ့သူတွေထဲက ဘယ်သူမှ မမြင်ဖူးကြဘူး။ သူက ဘယ်လောက်ပဲ တော်နေပါစေဦးတော့ အနည်းဆုံးတော့ ပုံရိပ်ကလေး ဖြစ်ဖြစ် ပေါ်ရမှာ မဟုတ်လား ဒါပေမဲ့ အရိပ်အယောင်တောင် မတွေ့ရဘူးဗျာ”
လူတိုင်းသည် ထိုစကားကို ကြားရသောအခါ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
“ဒါ တကယ်ပဲ လေးလံသောဓားဂိုဏ်း ကောင်တွေ လက်ချက်များလား”
ကျန့်ဝေတာက တွေးတွေးဆဆဖြင့် ရေရွတ်လိုက်သည်။
တင်မင်းဟိုင်နှင့် လီချွန်းဝမ်တို့ကဲ့သို့သော သူငယ်ချင်းများကလည်း တိတ်တဆိတ် ခေါင်းညိတ် ထောက်ခံကြသည်။ သူတို့အနေဖြင့် လေးလံသောဓားဂိုဏ်းကို သံသယဝင်ခြင်းမှာ အဆန်းမဟုတ်ပေ။ အစွန်းရောက်လက်သီးဂိုဏ်းနှင့် လေးလံသောဓားဂိုဏ်းတို့သည် နှစ်ပေါင်းတစ်ရာကျော် ရန်ငြိုးများရှိခဲ့ကြသော ရန်သူဟောင်းကြီးများ ဖြစ်ကြသည်။
မကြာသေးမီကလည်း လေးလံသောဓားဂိုဏ်း၏ ပါရမီရှင်တပည့် ချီပေါင် အသတ်ခံလိုက်ရသဖြင့် သူတို့သည် အစွန်းရောက်လက်သီးဂိုဏ်းကို တိုက်ရိုက် လာရောက်တိုက်ခိုက်ခဲ့ကြသေးသည်။ နောက်ပိုင်းတွင် လက်စားမချေနိုင်သောအခါ အစွန်းရောက်လက်သီးဂိုဏ်း၏ သာမန်တပည့်များကို ချောင်းမြောင်းတိုက်ခိုက်သည့် အောက်တန်းကျသော နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ အလားအလာရှိသော ကျိုးယန်ပင်လျှင် ခြေနှစ်ဖက်လုံး ကျိုးသွားခဲ့ရပြီး ဘဝပျက်ခဲ့ရသည်။
ချန်မူကျူကမူ ၎င်းကို အတည်မပြုသေးဘဲ “စီနီယာအစ်ကိုရှု... ကျွန်တော်တို့ကို အဲဒီနေရာကို တစ်ချက်လောက် လိုက်ပြပေးနိုင်မလား” ဟု ပြောလိုက်သည်။
ရှုချင်းသည် အနည်းငယ် ကြောက်ရွံ့နေသော်လည်း ယခုကဲ့သို့ အတွင်းစည်းတပည့်များစွာ ရှိနေသဖြင့် ထိုလူယုတ်မာမှာ အလွန်အကျွံ မောက်မာရဲမည်မဟုတ်ဟု တွေးမိကာ လိုက်ပါပို့ဆောင်ခဲ့သည်။
အဖွဲ့သားများ သစ်သီးခြံအတွင်းသို့ လမ်းလျှောက်ဝင်လာကြရာ လတ်ဆတ်သော သစ်သီးနံ့များက လေထဲတွင် ပျံ့လွင့်နေပြီး စိတ်ကို ကြည်လင်လန်းဆန်းသွားစေသည်။ မြင်ကွင်းအတွင်း၌ ဖက်၍ပင် မမီနိုင်သော ပန်းသီးပင်ကြီးများကို တွေ့ရ၏။ ထိုအပင်များမှာ အလွန်မမြင့်လှဘဲ တစ်ကျန်းခန့်သာ ရှိသော်လည်း အကိုင်းများပေါ်တွင် နီရဲနေသော အသီးများမှာ ပြွတ်သိပ်နေအောင် သီးနေသဖြင့် မြင်သူတိုင်းကို သွားရည်ကျစေသည်။
ကျန့်ဝေတာသည် ခပ်ဖွဖွလေး ခုန်တက်လိုက်ပြီး လူကြီးလက်သီးဆုပ်ခန့်ရှိသော ပန်းသီးနှစ်လုံးကို ဆွတ်ယူလိုက်သည်။
၎င်းထဲမှ တစ်လုံးကို လုံယီ့ထံ ကမ်းပေးလိုက်ပြီး အခြားတစ်လုံးကိုမူ ဖုန်များကို သုတ်ကာ ဂွပ် ခနဲမြည်အောင် အားရပါးရ ကိုက်စားလိုက်တော့သည်။
“မဆိုးဘူးဟ ချိုသားပဲ”
“ညစ်ပတ်တာလည်း မသိဘူး”
ချန်ရွေ့ချင်းက နှုတ်ခမ်းမဲ့ကာ အထင်မကြီးဟန်ဖြင့် ပြောလိုက်သည်။
သို့သော်လည်း အခြားသူများကမူ သူမကို ဂရုမစိုက်ဘဲ ပန်းသီးများကိုယ်စီ ဆွတ်စားကြရင်း တစ်ယောက်တစ်ပေါက် ချီးမွမ်းနေကြသည်။ လူတိုင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ချန်ရွေ့ချင်းသည် အနည်းငယ် နောင်တရသွားသော်လည်း ကိုယ်တိုင်ဆွတ်စားရန် သိက္ခာက ဆွဲထားပြန်သည်။ ထို့ကြောင့် သူမဘေးတွင် အူကြောင်ကြောင် ရပ်နေသော ရိုးအအ လီချွန်းဝမ်ကိုသာ မဲ၍ စိုက်ကြည့်နေတော့သည်။
လုံယီသည်လည်း ပန်းသီးကို စားကြည့်သော်လည်း စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါယမ်းမိသည်။ သူ့အတွက်မူ ဤပန်းသီးအရသာမှာ သာမန်မျှသာ ဖြစ်၏။ ကမ္ဘာဟောင်း၌ ရှိစဉ်က အကောင်းဆုံးဆိုသော အာ့ခ်စုရေခဲသကြားပန်းသီးများကို စားဖူးခဲ့သဖြင့် ယခုလောကရှိ ပန်းသီးများကို သူက အထင်မကြီးတော့ခြင်းပင်။
တပည့်များမှာ စားရင်းလမ်းလျှောက်လာကြရာ မကြာမီမှာပင် ခြံလုပ်သားများ ပျောက်ဆုံးခဲ့သည့် နေရာသို့ ရောက်ရှိလာကြသည်။ ဤနေရာရှိ အပင်များပေါ်တွင် အသီးများမှာ သိသိသာသာ နည်းပါးနေပြီး သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။ မြေပြင်ပေါ်တွင် ထင်ရှားလှသော သွေးကွက်ကြီးတစ်ခုကို တွေ့ရသော်လည်း ၎င်းမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိချေ။
ချန်မူကျူသည် ဆောင့်ကြောင့်ထိုင်၍ သေချာစွာ စစ်ဆေးကြည့်ပြီး ရံဖန်ရံခါ မြေကြီးကို လက်ချောင်းများဖြင့် ယူ၍ ပွတ်ကြည့်နေသည်။ သို့သော် အတော်ကြာအောင် ရှာဖွေပြီးနောက်တွင်မူ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ ပြန်လည်မတ်တတ်ရပ်လိုက်၏။
“ခြေရာလက်ရာ တစ်ခုမှ မကျန်ခဲ့ဘူး ဒီလူယုတ်မာဟာ အဆင့်မြင့်ပညာရှင် တစ်ယောက် ဖြစ်ဖို့ များတယ်”
အခြားသူများလည်း အာရုံစိုက်၍ ပတ်ဝန်းကျင်ကို ရှာဖွေကြသော်လည်း ဘာမျှ ရှာမတွေ့ကြချေ။
“ညကျမှ ပြန်လာကြည့်ရမယ် ထင်တယ်”
ကျန့်ဝေတာက အကြံပြုသည်။
“အဲဒီလူယုတ်မာက ညဘက်မှာပဲ လှုပ်ရှားတတ်တာဗျ အရိပ်အယောင်တောင် မတွေ့ရဘဲ လာလိုက် သွားလိုက်ပဲ”
ရှုချင်း၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားပြီး “မင်းတို့အားလုံး... သတိထားကြပါဦး...”
“ရပါပြီ ရပါပြီ”
ချန်ရွေ့ချင်းက စိတ်မရှည်သလို ပြောလိုက်သည်။
“ဒီမှာ ရှိနေတဲ့သူတွေထဲမှာ သိုင်းအဆင့် မတက်သေးတဲ့သူ တစ်ယောက်မှ မပါဘူး။ ရှင့်အနေနဲ့ ငါတို့အတွက် စိတ်ပူနေစရာ မလိုပါဘူး။ သူသာ တကယ် အစွမ်းထက်တယ်ဆိုရင် ဒီလောက်အထိ ပုန်းလျှိုးကွယ်လျှိုး လုပ်နေမှာ မဟုတ်ဘူး”
သူ့ထက် များစွာငယ်ရွယ်သော အမျိုးသမီးတပည့်လေး၏ ငေါ့တော့တော့ ပြောဆိုခြင်းကို ခံလိုက်ရသဖြင့် ရှုချင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်သွားခဲ့သည်။
သို့သော်လည်း လောကီအတွေ့အကြုံရင့်ကျက်သူပီပီ သူသည် ချက်ချင်းပင် စိတ်ကိုပြန်ထိန်းလိုက်ပြီး ပြုံးလျက် “ငါလည်း အသက်ကြီးလာတော့ စကားတွေ နည်းနည်းများသွားတာပါ ငါ့ကို စိတ်ထဲမထားပါနဲ့တော့” ဟု ပြောရှာသည်။
“စီနီယာအစ်ကိုရှု စိတ်မပူပါနဲ့ ကျွန်တော်တို့ ဒီလောက်လူအများကြီးရှိတာ သူ့ကို မနှိမ်နင်းနိုင်
စရာ အကြောင်းမရှိပါဘူး”
ကျန့်ဝေတာက ရယ်မောရင်း ပြောလိုက်သည်။
ထိုသို့ပြောနေစဉ် သူက လုံယီ့ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ အခြားသူများမှာ လုံယီ၏ အစွမ်းအစကို မသိကြသော်လည်း ကျန့်ဝေတာကမူ မသိဘဲ မနေပေ။ စွမ်းအင်စက်ဝန်းပြည့်အဆင့်ရှိသူပင်လျှင် လုံယီ၏ ပြိုင်ဘက် မဟုတ်သည်မှာ အသေအချာပင်။
အကယ်၍ ထိုလူယုတ်မာသည် သိုင်းဆရာအဆင့်ရှိသူ မဟုတ်ပါက လုံယီနှင့် တွေ့လျှင်တော့ သေလမ်းသို့သာ တန်းတန်းမတ်မတ် သွားရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ချန်ရွေ့ချင်းနှင့် ကျန့်ဝေတာတို့၏ စကားများကို ကြားရသောအခါ လူတိုင်းမှာ စိတ်လက်ပေါ့ပါးသွားကြသည်။ ရှုချင်း တစ်ဦးတည်းသာလျှင် စိုးရိမ်ပူပန်သော အကြည့်များဖြင့် တုန်တုန်ရင်ရင် ကျန်ရစ်ခဲ့တော့သည်။
ညအချိန်သို့ ရောက်သောအခါ လမင်းမှာ ကောင်းကင်ထက်၌ မြင့်မားစွာ သာထွန်းနေသည်။
အစွန်းရောက်လက်သီးဂိုဏ်းမှ တပည့်များသည် သစ်သီးခြံအတွင်းသို့ တစ်ဖန် ပြန်လည်ဝင်ရောက်လာကြသည်။ ယခုတစ်ကြိမ်တွင်မူ ရှုချင်းနှင့် အခြားခြံအလုပ်သမားများကို ခေါ်ဆောင်မလာခဲ့ကြချေ။
ရှူး... ရှူး...
လေပြင်းများက တိုက်ခတ်နေသဖြင့် တောအုပ်အတွင်းရှိ သစ်ကိုင်းသစ်ရွက်များမှာ လှုပ်ခတ်နေကြသည်။ အမှောင်ထုနှင့် ရောယှက်နေသော ထိုအသံများမှာ ကျောစိမ့်ဖွယ် အေးစက်စက် ခံစားချက်ကို ပေးစွမ်းနေ၏။
သူတို့သည် နေ့ခင်းက နေရာသို့ ရောက်ရှိလာကြပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သော်လည်း ဘာမျှ ထူးခြားမှု မရှိခဲ့ချေ။
“လူစုခွဲပြီး နှစ်ယောက်တစ်တွဲ စီစဉ်ကြမယ်။ တစ်ခုခု ထူးခြားတာရှိရင် တစ်ယောက်တည်း မဖြေရှင်းနဲ့ အားလုံးကို အချက်ပေးပြီး လှမ်းခေါ်လိုက်ကြ”
အဖွဲ့ခေါင်းဆောင် ချန်မူကျူက အမိန့်ပေးလိုက်သည်။
သူသည် တင်မင်းဟိုင်နှင့် တွဲလိုက်ပြီး လီချွန်းဝမ်ကမူ ချန်ရွေ့ချင်းနှင့် တွဲလိုက်သည်။ ကျန့်ဝေတာကတော့ ထုံးစံအတိုင်း လုံယီနှင့် တစ်တွဲတည်း ဖြစ်သွားတော့သည်။
“အာယီ... မင်းရဲ့အမြင်အရ ဒါ ဘာဖြစ်နိုင်မယ် ထင်လဲ”
ကျန့်ဝေတာက ကောက်ရိုးတစ်ပင်ကို ဝါးရင်း ပျင်းရိစွာ မေးလိုက်သည်။
လုံယီကမူ ပြန်မဖြေဘဲ ပတ်ဝန်းကျင်ကို သေချာစွာ စောင့်ကြည့်ရင်း အာရုံစူးစိုက်ထားသည်။ သိုင်းပညာရှင်တစ်ဦး၏ အာရုံခံစားမှုမှာ သာမန်လူများထက် များစွာ သာလွန်လှသည်။ အမှောင်ထဲတွင် မြင်တွေ့နိုင်ရန်မှာ သူတို့အတွက် အခက်အခဲ မရှိပေ။ ထို့အပြင် လုံယီ၏ အာရုံသိမှာ သာမန်သိုင်းပညာရှင်များထက်ပင် များစွာ ပိုမို ထက်မြက်လှပေသေးသည်။
ကံဆိုးစွာပင် အတန်ကြာ လမ်းလျှောက်ပြီးသည့်တိုင် ထူးခြားသည့် အခြေအနေတစ်စုံတစ်ရာကို မတွေ့ရှိရသေးချေ။
အခြားတစ်ဖက်တွင်မူ ချန်ရွေ့ချင်းနှင့် လီချွန်းဝမ်တို့မှာ အတူတူ လျှောက်လှမ်းနေကြသည်။
“ဒါကြီးက အရမ်းလေးတာပဲ ငါ့ကို ကူသယ်ပေးစမ်း”
သူမက ခါးတွင်ချိတ်ထားသော ရေဘူးကို ရိုင်းစိုင်းစွာ ဖြုတ်ယူ၍ လီချွန်းဝမ်ထံသို့ ပစ်ပေးလိုက်သည်။ ရိုးအသော အသွင်ရှိသည့် လီချွန်းဝမ်မှာ ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာပင် လက်ခံလိုက်ရှာသည်။
“ငါပြောသားပဲ ချန်မူကျူက သတ္တိနည်းလွန်းပါတယ်လို့။ ငါတို့က လူနည်းနည်းလေးကို သူက သုံးဖွဲ့တောင် ထပ်ခွဲပစ်သေးတယ်။ ဒီထက်ပိုပြီး လူခွဲရှာသင့်တာ။ သူ့ကို ဘာလို့ အဖွဲ့ခေါင်းဆောင် ခန့်ထားလဲဆိုတာ ငါတော့ စဉ်းစားလို့ကိုမရဘူး ငါတောင် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်ကို ရောက်ခါနီးနေပြီကို...”
ချန်ရွေ့ချင်းက တတွတ်တွတ် ညည်းညူနေတော့သည်။ လီချွန်းဝမ်ကမူ စကားတစ်လုံးမှ ဝင်မပြောဘဲ တိတ်တဆိတ်သာ နားထောင်နေခဲ့၏။
ရုတ်တရက် သူက ရှေ့သို့ လက်ညှိုးညွှန်ပြလိုက်သည်။
“စီနီယာအစ်မချန် ဒီအပင်တွေပေါ်က ပန်းသီးတွေက နေ့ခင်းကထက်စာရင် နည်းသွားသလိုပဲ”
“မင်းက ဘယ်လိုလုပ်သိတာလဲ”
ချန်ရွေ့ချင်းက အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ဘာမျှထူးခြားသည်ကို မမြင်မိချေ။
“ကျွန်တော်က အမှတ်အသား အရမ်းကောင်းလို့ပါ”
လီချွန်းဝမ်က ခပ်တုံးတုံး အမူအရာဖြင့် ခေါင်းကို ကုပ်ရင်း ပြောလိုက်သည်။
“ဟုတ်လို့လား”
ချန်ရွေ့ချင်း၏ မျက်လုံးများ ဝင်းပသွားသည်။
“ဒါဆို ဒီအပင်တွေနားမှာ ရှာကြည့်ရအောင် တစ်ခုခု သဲလွန်စတွေ့နိုင်တယ်”
“တခြားသူတွေကို အကြောင်းကြားသင့်လား”
လီချွန်းဝမ်က တုံ့ဆိုင်းစွာ မေးလိုက်သည်။
“မင်းကတော့ ငတုံးပဲ။ ငါတို့ဘာသာ ငါတို့ အောင်မြင်သွားရင် နာမည်ကောင်းက ငါတို့နှစ်ယောက်ပဲ ရမှာပေါ့။ တခြားသူတွေကို သွားခေါ်ရင်တော့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ချန်မူကျူကပဲ အကောင်းတကာ့ အကောင်းဆုံး ဖြစ်သွားမှာပေါ့”
ချန်ရွေ့ချင်းက စိတ်ပျက်လက်ပျက်ဖြင့် ငေါက်လိုက်သည်။
“အော်... ဟုတ်ကဲ့”
လီချွန်းဝမ်မှာ တစ်ခုခုမှားနေသည်ဟု ခံစားရသော်လည်း သူမကို ပြန်မပြောဝံ့ချေ။
သူတို့နှစ်ဦး သတိမထားမိလိုက်သည့် အရာတစ်ခုမှာ ချန်ရွေ့ချင်း၏ ခြေဖဝါးအောက်ရှိ အရိပ်သည် ရုတ်တရက် မည်းနက်လာပြီး မင်ရည်ကဲ့သို့ပင် တလှုပ်လှုပ် ဖြစ်လာခဲ့သည်။
လီချွန်းဝမ် ခေါင်းလှည့်ကြည့်လိုက်သည့် အခါတွင်မူ...
ဖလပ်..
လူတစ်ဦး၏ ကိုယ်ထည်မှာ မြေပြင်ပေါ်သို့ တိတ်ဆိတ်စွာပင် လဲကျသွားတော့သည်။
“နေဦး... ဘာလို့ ဒီလောက်တိတ်ဆိတ်သွားတာလဲ”
လုံယီက ရုတ်တရက် ခေါင်းကိုမော့လိုက်ရာ သူ၏မျက်လုံးများမှာ တောက်ပလာသည်။
“ဘာအသံလဲ”
ကျန့်ဝေတာက စဉ်းစားနေပြီးမှ မျက်နှာပျက်သွားသည်။
“တခြားအဖွဲ့နှစ်ဖွဲ့ဆီက အသံမကြားရတာ အတော်ကြာသွားပြီ”
သူတို့နှစ်ဦးသည် ချန်မူကျူနှင့် တင်မင်းဟိုင်တို့ သွားသည့်ဘက်သို့ အမြန်ပြေးသွားကြသည်။
“မကောင်းတော့ဘူး”
ရှေ့တွင် လူပုံရိပ်နှစ်ခုမှာ မြေပြင်ပေါ်၌ ငြိမ်သက်စွာ လဲကျနေသည်။
တစ်ဦးမှာ ချန်မူကျူဖြစ်ပြီး သူ၏မျက်နှာမှာ ခရမ်းရောင်သန်းနေကာ မျက်လုံးများ မှိတ်နေ၏။ သူ၏ လည်ပင်းအောက်တွင်လည်း သွေးစွန်းနေသည်ကို တွေ့ရသည်။ အခြားတစ်ဦးမှာမူ တင်မင်းဟိုင် ဖြစ်သော်လည်း သူ၏ပုံစံမှာ မှတ်မိနိုင်စရာ မရှိတော့ချေ။ အကြောင်းမှာ သူ၏မျက်နှာပေါ်တွင် မညီမညာသော အမည်းရောင်အကွက်ကြီးတစ်ခု ဖုံးအုပ်နေပြီး ထိုနေရာမှ ကြောက်မက်ဖွယ်ကောင်းသော ဂွပ်... ဂွပ်... ဟူသည့် ဝါးစားသံကြီးများ ထွက်ပေါ်နေသောကြောင့်ပင်။
၁၅၈
“အသေပဲ”
ပြင်းထန်လှသော အမူအရာနှင့်အတူ လုံယီသည် လျှပ်စီးအလား ရှေ့သို့ပြေးထွက်သွားပြီး သူ၏ပုဆိန်ကြီးကို ခေါင်းပေါ်မှ လွှဲရိုက်လိုက်သည်။ အတူတူ လေ့ကျင့်လာခဲ့သည့် တပည့်ကို ထိခိုက်မိမည်စိုးသဖြင့် သူ၏ပုဆိန်ကို ထိုအရိပ်မည်းကြီးနှင့် ထိလုနီးနီးတွင်မှ ရုတ်တရက် ရပ်တန့်လိုက်သည်။
“တောင်ဖြိုခွင်းခြင်း”
မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခုသည် ထိုအရိပ်ဆီသို့ လွင့်စင်သွားတော့သည်။ တောင်ဖြိုခွင်းခြင်း သိုင်းကွက်၏ စွမ်းအားမှာ ကျင့်ကြံသူ၏ သွေးစွမ်းအင်အပေါ်တွင် မူတည်သည်။ လုံယီ၏ လက်ရှိသွေးစွမ်းအင်မှာ သားရဲကြီးကို သတ်စဉ်ကထက် များစွာ ပိုမိုအားကောင်းနေပြီဖြစ်ရာ ယခုထုတ်ဖော်လိုက်သော စွမ်းအားမှာ အရင်ကနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
“စီ…..”
ထိုအရိပ်မှာ စူးရှသော အော်ဟစ်သံနှင့်အတူ နေရာတွင်ပင် ပျောက်ကွယ်သွားပြီးနောက် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို ချန်ရစ်ခဲ့သည်။ တင်မင်းဟိုင်၏ မျက်နှာမှာ မှတ်မိနိုင်စရာ မရှိတော့ချေ။ အရေပြားနှင့် အသားစများ၏ တစ်ဝက်ကျော်မှာ အရည်ပျော်သွားပြီး ကြည်လင်သော ဂျယ်လီသားကဲ့သို့ ဖြစ်နေသည်။ ၎င်း၏ အတွင်းပိုင်းတွင် နီရဲသောသွေးများနှင့် ဖြူဖျော့ဖျော့ တစ်သျှူးအလွှာများမှာ ထိုဂျယ်လီသားထဲမှ အချိန်မရွေး ပေါက်ထွက်လာတော့မည့်အလား တုန်ခါနေကြသည်။
အတွေ့အကြုံများစွာ ရှိသော ကျန့်ဝေတာပင်လျှင် ဤမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ဘဲ ကိုယ်ကိုကိုင်းကာ ပျို့အန်နေတော့သည်။ လုံယီမှာလည်း ပျို့တက်လာသည်ကို အသည်းအသန် အောင့်ထားရ၏။ သူသည် ချန်မူကျူ၏အနီးသို့ ချဉ်းကပ်ကာ လည်ပင်းကို စမ်းသပ်ကြည့်လိုက်ရာ ဒဏ်ရာမှာ သွေးလွှတ်ကြောအထိ မရောက်သေးကြောင်းနှင့် အသက်ရှူသံ ခပ်ဖျော့ဖျော့ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သူ၏မျက်နှာမှာ ထိုအရိပ်၏ အမည်မသိ အဆိပ်ကြောင့် ခရမ်းရောင်သန်းနေသော်လည်း လောလောဆယ်တွင် အသက်အန္တရာယ် မစိုးရိမ်ရသေးချေ။
လုံယီသည် သူ၏ရင်ဘတ်ထဲမှ အစိမ်းရောင် အဆိပ်ဖြေဆေးလုံး တစ်လုံးကို ထုတ်ယူကာ ချန်မူကျူ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ဤဆေးမှာ သားရဲတစ်ရာ တောင်တန်းခြေရင်းရှိ အမဲလိုက်စခန်းတွင် သူဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိပ်မျိုးစုံကို ပျောက်ကင်းစေနိုင်သဖြင့် သားရဲအမဲလိုက် အစောင့်အကြပ်များအတွက် မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်သည်။
“မြန်မြန်... စီနီယာအစ်ကိုချန်ရဲ့ ဒဏ်ရာကို စည်းပေးလိုက်”
လုံယီက ကျန့်ဝေတာကို ညွှန်ကြားလိုက်သည်။
ထို့နောက် သူသည် ပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်ပြီး သူ၏ စိတ်အာရုံကို တည်ငြိမ်စွာ ဖြန့်ကြက်လိုက်သည်။ သာမန်သိုင်းပညာရှင်တစ်ဦးထက် များစွာသာလွန်သော သူ၏ အာရုံခံစားမှုကြောင့် လောကကြီး၏ လှုပ်ရှားမှုများမှာပင် အနည်းငယ် နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သူ၏အာရုံဖြင့် စစ်ထုတ်လိုက်ပြီး ပုံမှန်မဟုတ်သော အရာများကို လိုက်လံရှာဖွေနေတော့သည်။
သို့သော် ထိုအရိပ်မှာ ထူးကဲစွာ လျင်မြန်လှရုံသာမက ပုန်းကွယ်နိုင်စွမ်းမှာလည်း အလွန်အမင်း ထူးဆန်းလှသဖြင့် လုံယီအဖို့ တည်နေရာကို အတိအကျသိရှိရန် ခက်ခဲနေသည်။
ရုတ်တရက် သူသည် အနည်းငယ် ထူးခြားသော ဟန်ချက်မညီမှုကို ခံစားလိုက်ရသည်။
တစ်စုံတစ်ခု လက်ခနဲ လှုပ်ရှားသွားသကဲ့သို့ပင်။
စိတ်အာရုံ မှားယွင်းတာလား။
လုံယီ၏ အကြည့်သည် ကျန့်ဝေတာ၏ နောက်ဘက်ရှိ အရိပ်ဆီသို့ ရုတ်ချည်း ကျရောက်သွားသည်။
လရောင်အောက်တွင် တိုတောင်းသော အရိပ်တစ်ခု ပေါ်နေသည်။ ကျန့်ဝေတာ၏ ကိုယ်ပိုင်အရိပ်နှင့် နှိုင်းယှဉ်လျှင် ဤအရိပ်မှာ အနည်းငယ် ပို၍ မှောင်နက်နေ၏။ သေချာစွာ မကြည့်ပါက သတိထားမိရန် အလွန်ခက်ခဲလှသည်။
ဒါ ဘာကြီးလဲ။
လုံယီသည် နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ သူ၏ပုဆိန်ကို ဝှေ့ယမ်းကာ ငါးပေခန့်အကွာရှိ ထိုအရိပ်ကို ခုတ်ပိုင်းလိုက်တော့သည်။
“ချပ်ဝတ်ဖောက်ထွင်းခြင်း”
အလွန်တရာ ထက်မြက်လှသော စွမ်းအင်တစ်ခုသည် ငါးပေအကွာအဝေးကို ချက်ချင်းပင် ဖြတ်ကျော်သွားပြီး ကျန့်ဝေတာ၏ အရိပ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
“စီ……”
နားကွဲမတတ် စူးရှသောအော်သံမှာ တစ်ဖန် ထပ်မံထွက်ပေါ်လာပြန်သည်။ ကျန့်ဝေတာ၏ ခြေဖဝါးအောက်ရှိ အရိပ်မှာ ပြင်းထန်စွာ လှိုင်းထလာပြီး ၎င်း၏ မူလရုပ်သွင် ပေါ်ထွက်လာတော့သည်။
၎င်းမှာ တစ်ပေပင် မပြည့်သော ပြားချပ်ချပ်နှင့် အိမ်မြှောင်သဏ္ဌာန်ရှိသော သတ္တဝါတစ်ကောင် ဖြစ်သည်။ ၎င်း၏ကိုယ်ပေါ်တွင် ဩဇာသီးကဲ့သို့သော အဖုအထစ်များဖြင့် ပြည့်နှက်နေ၏။ အရေပြား မျက်လုံးနှင့် နှစ်ခွဖြစ်နေသော လျှာတို့မှာပင် အမည်းရောင်များ ဖြစ်ကြသည်။ ထို့ကြောင့်လည်း အရိပ်ထဲတွင် ပုန်းနေသည့်အခါ အခြားသူများ သတိမထားမိနိုင်ခြင်းပင်။
လုံယီ၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် ထိုပုတ်သင်ညိုနက်မှာ နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် လျှပ်စီးအလား လျင်မြန်စွာဖြင့် ဘေးရှိ တောအုပ်အတွင်းသို့ ပြေးဝင်သွားတော့သည်။
ဝူး... ဝူး
လုံယီသည် သူ၏ပုဆိန်ကို ပေါ့ပေါ့ပါးပါးပင် လှမ်းပစ်လိုက်ရာ ပုတ်သင်ညိုနက်၏ အမြီးပိုင်းကို ပြတ်တောက်သွားစေပြီး နံစော်နေသော အစိမ်းရောင်အရည်အချို့ လွင့်စင်ထွက်လာသည်။ ထိုအချွဲရည်များ မြေပြင်ပေါ်သို့ ကျသွားသည့်အခါ စီစီဟူသော အသံနှင့်အတူ မြူဖြူများ ထွက်ပေါ်လာတော့သည်။
ရှင်သန်လိုစိတ် ပြင်းပြနေသော ထိုပုတ်သင်ညိုမိစ္ဆာသည် နောက်သို့တစ်ချက် လှည့်ကြည့်ပြီးနောက် တစ်ဖန် ပြန်လည်ပျောက်ကွယ်သွားပြန်သည်။
လုံယီသည် အနီးနားရှိ သစ်ပင်အချို့ထံသို့ လျှောက်သွားပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်သော်လည်း ထူးခြားမှုကို မတွေ့ရချေ။ သစ်သီးများမှာ နီရဲနေပြီး သစ်ကိုင်းသစ်ရွက်များမှာ ဝေဆာနေဆဲဖြစ်ကာ သစ်ခေါက်များမှာမူ လိပ်ခွံကဲ့သို့ အက်ကွဲကြောင်းများနှင့် မညီမညာသော အကွက်များဖြင့် ပြည့်နှက်နေသည့် ညိုဝါရောင်များ ဖြစ်ကြသည်။
ထိုစဉ် လုံယီသည် ရုတ်တရက် လှည့်လိုက်ပြီး သူ၏နောက်ဘက် ညာဘက်ခြမ်းရှိ သစ်ပင်တစ်ပင်၏ ရင်ဘတ်အမြင့်ခန့်နေရာကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်
“စီ……”
၎င်းမှာ ပုတ်သင်ညိုမိစ္ဆာ၏ နောက်ဆုံး အော်ဟစ်သံပင်။
၎င်းသည် လုံယီ၏ ပုဆိန်ဖြင့် သစ်ပင်တွင် တိုက်ရိုက် ရိုက်နှက်ခြင်း ခံလိုက်ရပြီးနောက် သစ်ခေါက်၏ ညိုဝါရောင်နှင့် ခွဲခြားမရနိုင်အောင် ဖြစ်နေသော ခန္ဓာကိုယ်မှာ ပုဆိန်သွားအောက်တွင် အသည်းအသန် ရုန်းကန်ရင်း ပေါ်ထွက်လာသည်။
“တကယ့်ကို ရွံစရာကောင်းတဲ့ သတ္တဝါပဲ သူ့ရဲ့ အရောင်နဲ့ ပုံသဏ္ဌာန်ကို အမြဲတမ်း ပြောင်းလဲနိုင်တာလား”
ကျန့်ဝေတာက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုချန်တောင် ဘာလို့ ဒီကောင်လက်ချက်မိသွားလဲဆိုတာ အံ့သြစရာမရှိတော့ဘူး”
“ဟုတ်တယ် ဒါက တကယ့်ကို အနှောင့်အယှက်ပဲ”
လုံယီက ခေါင်းညိတ်လျက် ပြောလိုက်သည်။
“သူ့ရဲ့ အင်အားက သိပ်မကြီးပေမဲ့ သူက မွေးရာပါ လုပ်ကြံသတ်ဖြတ်သူပဲ ကာကွယ်ဖို့ မလွယ်ဘူး။ အကယ်၍ သူသာ ဒဏ်ရာမရထားဘူးဆိုရင် ငါလည်း သူ့ကို ဒီလောက်လွယ်လွယ်နဲ့ ရှာတွေ့မှာ မဟုတ်ဘူး”
အမှန်စင်စစ် အရောင်နှင့် ပုံသဏ္ဌာန်ကို ဖျောက်ဖျက်နိုင်သော်လည်း အနံ့ ကိုမူ ဖျောက်ဖျက်၍ မရနိုင်ချေ။
“သေစမ်း”
သူ၏ ဂိုဏ်းတူညီအစ်ကို သေဆုံးသွားရသဖြင့် ဒေါသထွက်နေသော ကျန့်ဝေတာသည် ပုတ်သင်ညိုမိစ္ဆာ၏ ဦးခေါင်းကို ဓားဖြင့် ထိုးစိုက်လိုက်ပြီး ၎င်း၏ ယုတ်မာသော ဘဝကို အဆုံးသတ်ပေးလိုက်တော့သည်။
လုံယီသည် အကျင့်အတိုင်း ပုတ်သင်ညိုမိစ္ဆာ၏ အလောင်းကို ထိတွေ့လိုက်ရာ ရင်းနှီးနေသော ဝေဝါးဝါး စာလုံးလေးများ သူ၏မျက်စေ့ရှေ့တွင် ပေါ်လာတော့သည်။
စွမ်းအင် +၅ စုပ်ယူမလား
ဟုတ်ကဲ့။
ချက်ချင်းဆိုသလိုပင် လုံယီ၏ ရင်ကို တုန်လှုပ်သွားစေသည့် အခြားစာကြောင်းတစ်ခု ပေါ်လာပြန်သည်
ပါရမီ ရုပ်ဖျက်ခြင်းကို ရယူရန် စွမ်းအင် ၁၀ မှတ် အသုံးပြုမလား။
ဟုတ်ကဲ့။
စွမ်းရည်ပြမျက်နှာပြင်၏ ပါရမီ ကဏ္ဍတွင် တတိယမြောက် အချက်တစ်ခု ပေါ်လာတော့သည် [ရုပ်ဖျက်ခြင်း (အခြေခံ ၀/၁၀)]
စွမ်းအင် ၁၀ မှတ် ထပ်မံအသုံးပြုလိုက်သောအခါ ၎င်းမှာ ပိုမိုမြင့်မားလာသည်။ ထိုနှင့်အတူ လုံယီ၏ စိတ်ထဲတွင် မှတ်ဉာဏ်အသစ်များ ပေါ်ပေါက်လာတော့၏။ သူသည် လက်ဝါးခန့်သာရှိပြီး မှိုင်းညို့ညို့ မီးခိုးရောင်ရှိသော သာမန်သစ်ပင်ပုတ်သင်ညိုတစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်ဟု ခံစားလိုက်ရသည်။
၎င်းသတ္တဝါ၏ မျက်လုံးထဲရှိ ကမ္ဘာလောကသည် လူသားများ မြင်တွေ့ရသည်ထက် ပို၍ အရောင်အသွေး စုံလင်လှပြီး ခရမ်းလွန်ရောင်ခြည်နှင့် အခြားသော အရောင်များကိုပင် မြင်တွေ့နိုင်သည်။
သို့သော် ၎င်းသည် မည်သည့် တုံ့ပြန်မှုမျှ မပြချေ။ အကြောင်းမှာ ပုတ်သင်ညိုများအတွက် လှပခြင်းသည် အရေးမကြီးဘဲ အစာကသာ အဓိက ဖြစ်သောကြောင့် ဖြစ်သည်။ တစ်နေ့တွင် လှပသော လိပ်ပြာတစ်ကောင် ပျံသန်းလာရာ ၎င်း၏ တောင်ပံများမှာ တောက်ပနေသကဲ့သို့ ရှိနေသည်။ လိပ်ပြာဖြတ်သွားစဉ်မှာပင် လျင်မြန်လှသော လျှာတစ်ချောင်းက ရစ်ပတ်ဝါးမျိုလိုက်တော့သည်။
မကြာမီမှာပင် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ ပြင်းထန်သော နာကျင်မှုများ ခံစားလာရသည်။ ထိုသစ်ပင်ပုတ်သင်ညိုမှာ မြေပြင်ပေါ်သို့ နာကျင်စွာ ကျဆင်းသွားပြီး ရုန်းကန်နေရတော့သည်။ ၎င်း၏ အရေပြားများမှာ လျင်မြန်စွာ ပုပ်ဆွေးကုန်ပြီး အတွင်းကမ္ဘာရှိ အသားမျှင်များမှာလည်း တောက်လျှောက် ပြိုကွဲလိုက် ပြန်လည် တည်ဆောက်လိုက် ဖြစ်နေသည်။
အတန်ကြာသောအခါ ပြင်းထန်သော စိတ်ဓာတ်ဖြင့် အံတုခဲ့သဖြင့် ပုတ်သင်ညိုမှာ ပြန်လည် သတိရလာသည်။ ၎င်း၏ အရေပြားအရောင်မှာ မှိုင်းညို့သော မီးခိုးရောင်မှ တောက်ပသော အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ နေရောင်အောက်တွင် လိမ္မော်နီရောင် ဖြစ်သွားပြီး နေဝင်သွားသည့်အခါတွင်မူ ညအမှောင်ထုနှင့် တစ်သားတည်းဖြစ်အောင် အမည်းရောင်သို့ ပြောင်းလဲသွားတော့သည်။
လက်တွေ့လောကတွင်မူ. အေးစက်သော စွမ်းအင်တစ်ခုသည် လုံယီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ပျောက်ကွယ်သွားသည်။ အပြင်ပန်းကြည့်လျှင် မည်သည့်အရာမျှ ပြောင်းလဲသွားခြင်း မရှိသကဲ့သို့ပင်။ လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
[အမည် - လုံယီ]
[အသက် - ၁၉/၆၈]
[အဆင့် - သွေးသုံးဆင့် သိုင်းသမား (၄၀/၆၀၀)]
[ကျင့်စဉ် - အဝါရောင် အစွန်းရောက် အသက်ရှူကျင့်စဉ် (ဒုတိယအဆင့် ကျွမ်းကျင်မှု ၀/၃၀၀ + ၁ နိဗ္ဗာန်နတ်ပန်း) ဟူမိသားစု အသက်ရှူကျင့်စဉ် (မစတင်ရသေး ၀/၁၀)
သိုင်းစွမ်းရည် လုံမိသားစု ပုဆိန်သိုင်း (အောင်မြင်မှုအဆင့်ငယ် ၀/၅၀၀) အစွန်းရောက်လက်သီး (ကျွမ်းကျင်မှု ၀/၁၀၀) ကျောက်ခဲပစ်စွမ်းရည် (ကျွမ်းကျင်မှု ၀/၃၀) ကိုယ်ဖော့သိုင်း (အောင်မြင်မှုအဆင့်ငယ် ၀/၂၀၀) အခြေခံလှံသိုင်း (အခြေခံ ၀/၆) လျှို့ဝှက်သိုင်း နဂါးဖောက်ထွင်းပညာ အပိုင်းအစ (၁) စွမ်းအင်ချုပ်ပိတ်ပညာ (အခြေခံ ၀/၃)]
[ပါရမီ - ကျောက်သားဖြစ်ခြင်း (အောင်မြင်မှုအဆင့်ငယ် ၀/၁၀၀၀ + ၅ နှင်းဖြူကျောက် + ၁ ကြယ်တာရာသံမဏိ) လျင်မြန်မှု (အခြေခံ ၀/၂၀ + ၁ မြေနဂါးအကြော) ရုပ်ဖျက်ခြင်း (အခြေခံ ၀/၅၀ + ၁ မြေကမ္ဘာကျောက်စိမ်း)]
[စွမ်းအင် - ၂၀၂]
လုံယီသည် ရုပ်ဖျက်ခြင်း ပါရမီကို ခဏမျှ စိုက်ကြည့်နေစဉ် ရှင်းလင်းချက်တစ်ခု ပေါ်လာသည်။
[ရုပ်ဖျက်ခြင်းသည် ပတ်ဝန်းကျင်တစ်ခုတွင် အချိန်ကြာမြင့်စွာ နေထိုင်လေလေ ထိုပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားရန် ပိုမိုလွယ်ကူလေလေပင်]
[ရုပ်ဖျက်ခြင်းစွမ်းရည်သည် မိမိ၏ တည်ရှိမှုကို အနည်းဆုံးအဆင့်သို့ လျှော့ချလိုက်ခြင်းဖြင့် အခြားသူများ သတိမမူမိစေရန် ပြုလုပ်နိုင်သည်။ အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်သည်]
ဒီပါရမီက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။
လုံယီသည် စိတ်ထဲမှ ရုပ်ဖျက်ခြင်းဟု တိုးတိုးလေး ရွတ်ပြောလိုက်သည်။ ချက်ချင်းပင် သူ၏ အရှိန်အဝါမှာ ဖော်ပြမရနိုင်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ သိုင်းပညာရှင်တစ်ဦး၏ ထက်မြက်သော အရှိန်အဝါမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ၏ ထင်ရှားလှသော ရုပ်ရည်မှာလည်း စိုစွတ်သော အလွှာပါးလေးတစ်ခု ဖုံးအုပ်လိုက်သည့်အလား သူတစ်ပါး သတိမထားမိနိုင်သော ပုံစံသို့ ပြောင်းလဲသွားတော့သည်။
တကယ့်ကို ထူးခြားတာပဲ။
လုံယီ တွေးလိုက်မိသည်။