ရောင်နီ
Vol. 52 Ch. 586
တိကျပြတ်သားသည့် လမ်းကြောင်းတစ်ခု ရှိလာသည့်အပြင် အဆင့်ကိုး ဆေးပညာရှင်ကြီး ခြောက်ဦး၏ ပူးပေါင်းအားထုတ်မှုကြောင့် အဆိပ်ဖြေဆေး ဖော်စပ်ရာတွင် ကြီးမားသော တိုးတက်မှုများ လျင်မြန်စွာ ရရှိလာခဲ့လေသည်။
"ကျန်းဆရာကြီးက တကယ်ကို နာမည်နဲ့လိုက်သူပါပဲ... လက်စွမ်းပြလိုက်တာနဲ့ ငါတို့ ရက်ပေါင်းများစွာ ကြိုးစားထားတာတွေကို ကျော်တက်သွားတော့တာပဲ"
ရွှေကျီးကန်း ဆေးအိုးထဲမှ အသစ်ထွက်ရှိလာသော ဆေးလုံးများကို ကြည့်ရင်း ယောင်ယိချန်သည် ဆေးနံ့ကို ရှူရှိုက်မိရုံဖြင့် ဤဆေးလုံးမှာ အောင်မြင်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
"မလုံလောက်သေးဘူး"
ကျန်းပေရန်က ခေါင်းခါယမ်းလိုက်၏။
ကျန်းပေရန်၏ ငြင်းပယ်သံကို ကြားလိုက်ရသည့်အခါ အဆင့်ကိုး ဆေးပညာရှင်ကြီး ငါးဦးစလုံး အံ့အားသင့်သွားကြချေသည်။ သူတို့အမြင်တွင်မူ ယခု ဆေးဖိုမှ ထွက်လာသည့် ဆေးလုံးသည် ပြီးပြည့်စုံနေပြီဟုပင် တင်စားနိုင်သောကြောင့် ဖြစ်သည်။
"ဒါပေမဲ့ သုံးလို့ရတဲ့ အနေအထားတော့ ရောက်နေပြီ"
ကျန်းပေရန် စကားကို တမင်ဆွဲပြောနေမှန်း သိလိုက်ရသဖြင့် ဖန်ယွင် တစ်ချက် ကြောင်အမ်းသွားပြီး မေးလိုက်သည်။
"ဆေးအာနိသင် မပြင်းလို့လား"
"မဟုတ်ဘူး... သောက်သုံးနိုင်တဲ့ ကန့်သတ်ချက်က အရမ်းများလွန်းနေတာ"
ကျန်းပေရန်က ဆေးအိုးထဲမှ အဆိပ်ဖြေဆေးတစ်လုံးကို ယူလိုက်ရင်း ဆက်ပြောလေသည်။
"ဒီဆေးအာနိသင်အတိုင်းဆိုရင် အနက်ရောင်သူတော်စင်အဆင့်အောက် ကျင့်ကြံသူတွေ သောက်လိုက်တာနဲ့ အဆိပ်ပြေဖို့ မပြောနဲ့... ပွဲချင်းပြီး အဆိပ်တက် သေသွားနိုင်တယ်။ အဆိပ်ကို ဖြိုခွင်းပြီး ပြန်လည်တည်ဆောက်တဲ့ အဆင့်ကို ရောက်မှာမဟုတ်ဘူး"
ကျန်းပေရန်၏ အဆိပ်ဖြေဆေး သဘောတရားမှာ ချောင်ကျင်းဟွာကို ကယ်တင်ခဲ့စဉ်က နည်းလမ်းအတိုင်းပင် ဖြစ်သည်။ အဆိပ်ကို အဆိပ်ချင်း တိုက်ထုတ်ပြီးမှ ပြန်လည်မျှခြေညှိယူခြင်း ဖြစ်လေသည်။
သို့သော် အဆိပ်ချင်း တိုက်ထုတ်သည့် အဆင့်မှာ အလွန်အန္တရာယ်များလွန်းလှသည်။ အနည်းငယ် မှားယွင်းသွားရုံမျှဖြင့် မျှခြေညှိသည့် အဆင့်သို့ မရောက်နိုင်တော့ဘဲ အသက်ပါ ဆုံးရှုံးသွားနိုင်ပေသည်။
ထို့ကြောင့် လက်ရှိ ပြီးစီးနေသည့် အဆိပ်ဖြေဆေး အနေအထားအရ ကျန်းပေရန်သည် အနက်ရောင်သူတော်စင်အဆင့်များကိုသာ ပေးသောက်ရဲလေသည်။ အဆိပ်ဖြေဆေး တစ်ခုအနေဖြင့် ကြည့်လျှင် အရည်အချင်း မမီသေးသော်လည်း လက်ရှိ အခြေအနေအရမူ မရှိသုံး သုံးရမည့် အရာတစ်ခု ဖြစ်နေချေသည်။
"ဒေါက်... ဒေါက်..."
ရွှယ်ချန် တစ်စုံတစ်ခု မေးရန် ပြင်လိုက်ချိန်တွင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ကျန်းပေရန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် သွားဖွင့်လိုက်မယ်"
ဆေးဖော်ဆောင် တံခါးဝသို့ ရောက်ပြီး တံခါးဖွင့်လိုက်သည်နှင့် မျက်နှာတွင် ခံစားချက်မျိုးစုံ ပေါ်နေသော ကူလျန်ချန်ကို တွေ့လိုက်ရ၏။
ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်မြူများ လုံးဝ ပျောက်ကင်းသွားသည့် သတင်း ပြန့်နှံ့သွားပြီးနောက် ယွမ်မြို့တစ်မြို့လုံး ပွက်လောရိုက်သွားခဲ့သည်။
အထူးသဖြင့် နေ့စဉ်နှင့်အမျှ သေမယ်ဆိုတာ သိလျက်နှင့် ဂူကောင်များကို ရင်ဆိုင်တိုက်ခိုက်နေရသည့် အနက်ရောင်သူတော်စင်ကြီးများမှာမူ စိတ်ဓာတ်များ အလွန်တက်ကြွလာကြလေသည်။
ကူလျန်ချန်သည် ကျန်းပေရန်ကို ပထမဆုံး လာရောက်ရှာဖွေခဲ့သူဖြစ်ပြီး ဆေးအိုးများများ ထပ်မံဖော်စပ်ပေးရန် တောင်းဆိုခဲ့သည်။
သို့သော် ကျန်းပေရန် ပေးခဲ့သည့် အဖြေမှာ ငြင်းဆိုခြင်းသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ချောင်ကျင်းဟွာ အဆိပ်ကင်းစင်သွားခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပြီး အခြား အနက်ရောင်သူတော်စင်တစ်ပါးသာဆိုလျှင် ခံနိုင်ရည်ရှိ၊ မရှိ မသေချာသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကူလျန်ချန်က စိတ်မြန်လက်မြန်ဖြင့် သူ့ကိုယ်သူ စမ်းသပ်ခံမည်ဟု ပြောသော်လည်း ကျန်းပေရန် သဘောမတူခဲ့ပေ။
နောက်ပြောင်နေတာလား... ကူလျန်ချန်လို ဝိညာဉ်ခေါင်းဆောင်တစ်ယောက်ကိုသာ အဆိပ်သင့် သေသွားစေခဲ့လျှင် လက်ရှိအချိန်၌ သူ့ကို ဘယ်သူမှ အပြစ်မတင်ရဲသော်လည်း နောင်တစ်ချိန်တွင် အကောင့်ရှင်းမည့်သူ ပေါ်မလာနိုင်ဟု မည်သူပြောနိုင်မလဲ။
ထိုကိစ္စကို ထားလိုက်ဦး... အနက်ရောင်သူတော်စင် တစ်ပါး၏ အသက်ကိုရင်းပြီး ကျန်းပေရန် လောင်းကြေးမထပ်လိုပေ။ အကယ်၍ လောင်းကြေးရှုံးသွားပါက ယွမ်မြို့၏ ခံစစ်စွမ်းအားသည် အဆင့်တစ်ခု လျော့ကျသွားမည် ဖြစ်လေသည်။
ထို့ကြောင့် ကူလျန်ချန် မည်သို့ပင်ပြောစေ ကျန်းပေရန် သဘောမတူခဲ့ချေ။
နောက်ဆုံးတွင် ကူလျန်ချန်လည်း သည်းမခံနိုင်တော့ဘဲ စားပွဲကို ရိုက်ကာ အော်ဟစ်ခဲ့ဖူးသည်။
"မင်း ထင်နေတာက ငါက ငါ့အသက်ကို... အနက်ရောင်သူတော်စင်တွေရဲ့ အသက်ကို လောင်းကြေးထပ်ချင်နေတယ်များ မှတ်နေလား... အခု ယွမ်မြို့ရဲ့ ကောင်းကင်ပေါ်ကို မင်း သွားကြည့်စမ်း... ဟို ဂူကောင်မွေးမြူသူတွေက အလှည့်ကျ လာတိုက်ခိုက်နေတာ... သူတို့ တိုက်ခိုက်အားက ပိုပိုပြီး ပြင်းထန်လာတယ်... ငါတို့ တောင့်မခံနိုင်တော့ဘူး မင်း နားလည်လား... တောင့်မခံနိုင်တော့ဘူးလို့"
ပေါက်ကွဲပြီးနောက် စိတ်ပြန်ငြိမ်သွားသည့် ကူလျန်ချန်က သက်ပြင်းရှည်ကြီး ချကာ ပြောရှာသည်။
"တောင်းပန်ပါတယ်ကွာ... မင်းက ငါတို့အတွက် စဉ်းစားပေးနေတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ ငါတို့မှာ တကယ် အချိန်မရှိတော့လို့ပါ"
ကူလျန်ချန်ကဲ့သို့ ပုဂ္ဂိုလ်မျိုးပင် စိတ်ဓာတ်ပြိုလဲလုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းပေရန်လည်း ဒီကာလအတွင်း သူတို့အပေါ် ဖိအားမည်မျှ များနေမည်ကို ခန့်မှန်းမိလိုက်သည်။
အခြား အနက်ရောင်သူတော်စင်ကြီးများကလည်း ရလဒ်မြန်မြန် ထွက်ပေါ်လာရေးအတွက် တစ်ချိန်လုံး တိုက်တွန်းနေကြမည်မှာ အသေအချာပင်။ ချောင်ကျင်းဟွာ လုပ်သကဲ့သို့ တံခါးလာကန်ပြီး အခြေအနေ မမေးမြန်းကြခြင်းမှာ ကူလျန်ချန်က ကြားကနေ တားပေးထားသောကြောင့် ဖြစ်ပေလိမ့်မည်။
သို့သော် ကူလျန်ချန် ကိုယ်တိုင်ကလည်း ကျန်းပေရန်ကို အရမ်းကြီး ဖိအားမပေးရဲပေ။
ရန်သူများ၏ တိုက်ခိုက်မှု ပိုမိုပြင်းထန်လာသည်နှင့်အမျှ သူခံစားရသည့် ဖိအားမှာလည်း ပိုမို ကြီးမားလာချေသည်။
"ကျွန်တော့်ကို သုံးရက်အချိန်ပေးပါ... သုံးရက်ပါပဲ"
ထိုစဉ်က ကျန်းပေရန်သည် လက်သုံးချောင်းထောင်ပြပြီး ပြောခဲ့ဖူးသည်။
"သုံးရက်နေရင် ဘေးအကင်းဆုံး အဆိပ်ဖြေဆေးကို ကျွန်တော် အသေအချာ ဖော်စပ်ပေးပါ့မယ်"
ကူလျန်ချန် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် မေးခဲ့သည်။
"တကယ်လို့ မအောင်မြင်ခဲ့ရင်ရော..."
"ဒါဆိုရင်တော့ စီနီယာချောင်ကို ကုသခဲ့တဲ့ နည်းလမ်းအတိုင်း အနက်ရောင်သူတော်စင်ကြီးတွေကို အသက်နဲ့ရင်းပြီး လောင်းကြေးထပ်ခိုင်းရတော့မှာပေါ့"
"ကောင်းပြီ"
ကူလျန်ချန်ကလည်း လက်သုံးချောင်း ပြန်ထောင်ပြခဲ့သည်။
"သုံးရက်... ငါ မင်းအတွက် နောက်ထပ် သုံးရက် ဆွဲထားပေးမယ်"
ယနေ့ကား သူတို့နှစ်ဦး ကတိပြုထားသည့် သုံးရက်မြောက်နေ့ ဖြစ်လေသည်။ တံခါးဖွင့်ပြီး ထွက်လာသည့် ကျန်းပေရန်ကို မြင်လိုက်ရချိန်တွင် ကူလျန်ချန်မှာ ရုတ်တရက် စိတ်လှုပ်ရှား တုန်လှုပ်သွားမိသည်။ ထိုစဉ်က ပြတ်ပြတ်သားသား ပြောခဲ့သော်လည်း မဖြစ်မနေ အခြေအနေ မရောက်သေးဘဲနှင့် မည်သူက အသက်ကို လောင်းကြေးထပ်ချင်မလဲ။
"အောင်မြင်သွားပြီ"
ထိုစကားသုံးလုံးကြောင့် ကူလျန်ချန်၏ မျက်နှာထားသည် ကြောင်အမ်းနေရာမှ အားရဝမ်းသာ ဖြစ်သွားပြီး အသံကုန် ဟားတိုက် ရယ်မောလိုက်လေသည်။
"ဟား ဟား ဟား... ဆရာကျန်း... မင်းက ငါတို့ ထုန်နိုင်ငံရဲ့ နံပါတ်တစ် ဆေးပညာရှင်ကြီးပါပဲကွာ"
"ဒါပေမဲ့ လောလောဆယ်တော့ ဒီအဆိပ်ဖြေဆေးက အနက်ရောင်သူတော်စင်အဆင့်တွေပဲ သောက်လို့ရမှာ... ကျန်တဲ့ အဆင့်တွေကတော့..."
"ဒါဆိုရင် လုံလောက်ပြီ"
ကူလျန်ချန်သည် ကျန်းပေရန်၏ ပခုံးကို လှမ်းဆွဲလိုက်ပြီး မေးလိုက်သည်။
"အခု ဆေးလုံးဘယ်နှစ်လုံး ရပြီလဲ"
"ခြောက်လုံးပါ"
"ပြဿနာ မရှိတာ သေချာတယ်နော်"
"လက်တွေ့ စမ်းသပ်မှု မလုပ်ရသေးဘဲနဲ့တော့ ဂျူနီယာလည်း အာမ မခံရဲပါဘူး"
"ကောင်းပြီ... ဒါဆိုရင် အဲဒီနေ့က ပြောခဲ့တဲ့အတိုင်း ငါပဲ စမ်းသပ်ခံမယ်... ဆေးပေးတော့"
ကျန်းပေရန်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"စီနီယာကူလျန်... စီနီယာက သစ္စာတရား ကြီးမားမှန်း ဂျူနီယာ သိပါတယ်... ဒါပေမဲ့ အခုချိန်မှာ စီနီယာက ယွမ်မြို့တစ်ခုလုံးရဲ့ ကျောရိုးမဏ္ဍိုင် ဖြစ်နေတာ... တကယ်လို့ စီနီယာသာ တစ်ခုခု ဖြစ်သွားရင် အပြင်က..."
"စိတ်ချစမ်းပါ... အဲဒီကိစ္စကို ငါက မင်းထက် ပိုနားလည်တယ်... ငါ့မှာ နည်းလမ်းရှိပြီးသားပါ... မင်းရဲ့ဆေးက ဘယ်လောက်ပဲ အဆိပ်ပြင်းပြင်း ငါ့ကို သေအောင် မသတ်နိုင်ပါဘူး... အလွန်ဆုံးရှိလှ နောက်ထပ် သံသရာတစ်ပတ် ထပ်လည်ရုံပေါ့"
'သံသရာ'
ကူလျန်ချန် ပြောသည့် စကား၏ အဓိပ္ပာယ်အစစ်အမှန်ကို ကျန်းပေရန် နားမလည်သော်လည်း "သံသရာ" ဆိုသည့် စကားလုံးကို ထောက်ချင့်ကြည့်လျှင် ကူလျန်ချန်၌ ပြန်လည်ရှင်သန်နိုင်သည့် နည်းလမ်းတစ်ခုခု ရှိနေသည်လော။
'အနက်ရောင်သူတော်စင်ကြီးတွေ ဖြစ်ရကျိုးနပ်ပါပေတယ်... သူတို့မှာ ဝှက်ဖဲ ကိုယ်စီ ရှိနေကြတာပဲ'
ကူလျန်ချန်က ဤအဆင့်ထိ ပြောလာမှတော့ ကျန်းပေရန်လည်း ဆက်ပြီး တားဆီးမနေတော့ဘဲ သိုလှောင်လက်စွပ်ထဲမှ ခုလေးတင် ဖော်စပ်ထားသည့် အဆိပ်ဖြေဆေးကို ထုတ်ယူလိုက်လေသည်။
ကျန်းပေရန် လက်ထဲမှ အနီရောင် တောက်နေသော ဆေးလုံးကို လှမ်းယူလိုက်ရင်း ကူလျန်ချန် မေးလိုက်သည်။
"ဒီဆေးနာမည်က ဘယ်လိုခေါ်လဲ"
"နာမည်တော့ ပေးမထားရသေးဘူး... ဒါပေမဲ့... ဂျူနီယာ အခုပဲ နာမည်ကောင်းတစ်ခု စဉ်းစားမိလိုက်တယ်"
"ဟုတ်လား... ဘာနာမည်လဲ"
"ရောင်နီ"
"ကောင်းတယ်... ရောင်နီတဲ့လား... သိပ်ကောင်းတဲ့ နာမည်ပဲ ဟား ဟား ဟား"
အားရပါးရ ရယ်မောပြီးနောက် ကူလျန်ချန်သည် ရောင်နီဆေးလုံးကို ပါးစပ်ထဲသို့ ပစ်သွင်းလိုက်လေသည်။
"ဒိန်း... ဒိန်း..."
ရောင်နီဆေးလုံးသည် အငွေ့အဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ကူလျန်ချန်၏ နှလုံးခုန်သံမှာ ဒုန်းစိုင်း ခုန်လာတော့သည်။
ဒါသည် အန္တရာယ်ကို အာရုံခံမိချိန်တွင် ဖြစ်ပေါ်လာသည့် သူ၏ မွေးရာပါ တုံ့ပြန်မှုပင် ဖြစ်သည်။
ထို့နောက်တွင်တော့ ဗိုက်ထဲမှ အူများကို လိမ်ချိုးနေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို စတင်ခံစားလိုက်ရသည်။ ထိုနာကျင်မှုသည် ဓားသွားဖြင့် ထိုးခွဲခံရသည်ထက် အဆပေါင်းရာချီ ပိုမို နာကျင်လှသဖြင့် အနက်ရောင်သူတော်စင်ကြီး ဖြစ်သော ကူလျန်ချန်ပင်လျှင် ဟန်မဆောင်နိုင်တော့ဘဲ ဗိုက်ကိုနှိပ်ကာ အံကြိတ်သံများ ထွက်ပေါ်လာသည်အထိ ဖြစ်သွားရလေသည်။
ကူလျန်ချန်၏ ဖြစ်အင်များကို ကျန်းပေရန် မျှော်လင့်ထားပြီး ဖြစ်သော်လည်း စိုးရိမ်စိတ်ကတော့ ဖြစ်ပေါ်လာမိသည်။
နာကျင်မှု ဖြစ်ပေါ်ခြင်းက ပုံမှန်ဆိုသော်လည်း အကယ်၍ နာကျင်ချိန် ကြာမြင့်လွန်းနေပါက အဆိပ်ဖြေဆေးသည် သူလိုချင်သော အာနိသင် မရောက်သေးကြောင်း ပြသနေခြင်း ဖြစ်သောကြောင့်တည်း။
ကူလျန်ချန်၏ ဝတ်ရုံရှည်ကြီး တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်သွားသည်ကို မြင်လိုက်ရသည့်အခါ ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းအပ်ကို ထုတ်ယူလိုက်ပြီး လိုအပ်လျှင် အရေးပေါ် ကုသပေးရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုတင်းမာနေသည့် အချိန်ကာလမှာ သိပ်မကြာမြင့်လိုက်ပေ။ လက်ဖက်ရည်တစ်ပွက်စာ အချိန်ခန့်အကြာတွင် တင်းမာနေသော ကူလျန်ချန်၏ ကြွက်သားများ တဖြည်းဖြည်း လျော့ရဲလာသည်ကို တွေ့လိုက်ရ၏။ ဒါသည် နာကျင်မှု သိသိသာသာ လျော့နည်းသွားသည့် လက္ခဏာပင် ဖြစ်သည်။
"ခွပ်... ခွပ်... ဟား ဟား ဟား... ဆရာကျန်း... မင်းက တကယ့် ဉာဏ်ကြီးရှင်ပဲကွာ"
ခုနက နာကျင်လွန်းသဖြင့် အံကြိတ်ထားရသော ကူလျန်ချန်သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး မျက်လုံးများထဲတွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
ဝိညာဉ်အာရုံဖြင့် ကူလျန်ချန်ကို စစ်ဆေးနေသော ကျန်းပေရန်လည်း သက်ပြင်းချလိုက်မိသည်။
'အောင်မြင်သွားပြီ'
ဒီအဆိပ်ဖြေဆေးကို ပြီးပြည့်စုံသည်ဟု မခေါ်နိုင်သေးသော်လည်း လက်ရှိ မီးလောင်ရာ လေပင့် ဖြစ်နေသော အခြေအနေကို ဖြေရှင်းရန်အတွက်မူ လုံလောက်ပေသည်။
သို့သော် ကျန်းပေရန်ကတော့ စိတ်လျှော့ရမည့် အချိန်မရောက်သေးမှန်း သိနေသည်။ ဒါသည် အဆိပ်မြူများကို ခုခံရန် ပထမခြေလှမ်းသာ ရှိသေးပြီး သေးငယ်သော ခြေလှမ်းလေး တစ်လှမ်းသာ ဖြစ်လေသည်။
သူတို့ဘက်က အဆိပ်ဖြေနိုင်လျှင် တစ်ဖက်လူကလည်း အဆိပ်သစ်များ ထပ်မံ ဖော်စပ်လာမည်မှာ သဘာဝပင်။
ရန်သူ့ဘက်မှ အဆိပ်ဖော်စပ်သည့် စွမ်းရည်မှာ သူတို့ထက် သာလွန်နေသည့်အပြင် အဆိပ်မြူ ပတ်ဝန်းကျင်ဟူသော အားသာချက်ကြီးကလည်း သူတို့ဘက်တွင် ရှိနေသေးသည်။
တစ်ဖက်လူက သူတို့ အဆိပ်ဖြေနိုင်သည်ကို ရိပ်မိပြီး ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်လိုက်ပါက သူတို့ ကြိုးစားထားသမျှသည် သဲထဲရေသွန် ဖြစ်သွားနိုင်သည်။
"စီနီယာ ကူလျန်"
ကျန်းပေရန်က ကူလျန်ချန်ကို ရုတ်တရက် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
ကျန်းပေရန်၏ လေးနက်သော မျက်နှာထားကို မြင်လိုက်ရသောအခါ ကူလျန်ချန်သည် သူ၏ စိတ်လှုပ်ရှားမှုများကို ခေတ္တထိန်းချုပ်လိုက်ပြီး ပြောရန် လက်ဟန်ပြလိုက်သည်။
"ဆရာကျန်း... ပြောပါ"
ကျန်းပေရန်သည် သူတွေးတောနေမိသည်များကို ပြောပြလိုက်ပြီးနောက် တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်သည်။
"ဂျူနီယာ တောင်းဆိုချင်တာက... အနက်ရောင်သူတော်စင်ကြီးတွေ ခန္ဓာကိုယ်ထဲက အဆိပ်တွေ ပျောက်သွားရင်တောင် အရမ်းကြီး သိသာအောင် မနေကြပါနဲ့... အရင်က ခံစစ်ကို ဘယ်လိုကစားခဲ့လဲ... အခုလည်း အဲဒီအတိုင်းပဲ ဆက်ကစားပေးပါ"
ကူလျန်ချန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဆရာကျန်း အမြော်အမြင် ကြီးမားပါပေတယ်... မင်းပြောတာ အဓိပ္ပာယ်ရှိတယ်"
ကူလျန်ချန်သည် ကောင်းကင်ကို ဖုံးလွှမ်းထားသော အဆိပ်မြူများကို မော့ကြည့်ရင်း ဆက်မေးလိုက်သည်။
"ဒါပေမဲ့ ဒီအခြေအနေကို ဖောက်ထွက်ဖို့ နောက်တစ်ဆင့်ကိုရော ဆရာကျန်း စဉ်းစားထားတာ ရှိလား"
"အရင်အတိုင်းပါပဲ... နေ့တိုင်း အပြင်ထွက် စူးစမ်းမယ်... သူတို့ရဲ့ အားနည်းချက်ကို တွေ့တဲ့နေ့အထိပေါ့"
"ဒီတိုင်း ထိုင်စောင့်နေရမှာလား"
ကူလျန်ချန်သည် ပြောပြီးမှ မှားမှန်းသိသွားသဖြင့် လက်ကာပြလိုက်သည်။
"ကောင်းပြီလေ... ဆရာကျန်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့... တခြားသူတွေကို ငါ ပြောပြထားလိုက်မယ်"
"ဒါဆိုရင် စီနီယာကူကိုပဲ ဒုက္ခပေးရတော့မယ်"
ကျန်းပေရန်သည် ကူလျန်ချန်ကို ဂါရဝပြုလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ ရောင်နီဆေးလုံး ငါးလုံးပါသော ကြွေပုလင်းကို ထုတ်ပေးလိုက်သည်။
"ဒီ ရောင်နီငါးလုံးကို စီနီယာကူလျန် ယူသွားပြီး တခြား အနက်ရောင်သူတော်စင်ကြီးတွေကို ပေးလိုက်ပါ... ဂျူနီယာ အခုချက်ချင်း နောက်ထပ် ဆေးတွေ ပြန်သွားဖော်လိုက်ဦးမယ်... မနက်ဖြန်ကျမှ စီနီယာ လာယူလှည့်ပါ"
ကြွေပုလင်းကို လှမ်းယူရင်း ကူလျန်ချန် ရယ်မောလိုက်သည်။
"ဟား ဟား ဟား... ငါက ဘာများ ပင်ပန်းစရာ ရှိလို့လဲ... ပင်ပန်းတာ မင်းတို့ပါ... ကဲ ဒါဆို ဒီငါးလုံးကို ငါ ယူသွားပြီ"
"ကောင်းပါပြီ"
ကြွေပုလင်းကို သိုလှောင်လက်စွပ်ထဲ ထည့်ပြီးနောက် ကူလျန်ချန်သည် ကျန်းပေရန်ကို လေးလေးနက်နက် ကြည့်လိုက်ပြီး ခေါ်လိုက်သည်။
"ဆရာကျန်း..."
ကူလျန်ချန်က စကားပြောချင်သယောင်နှင့် ရပ်တန့်သွားသည်ကို မြင်သောအခါ ကျန်းပေရန် မေးလိုက်သည်။
"စီနီယာကူ... ဘာကိစ္စ ရှိသေးလို့လဲ"
"ထားလိုက်ပါတော့... နောက်မှပဲ ပြောတော့မယ်... သွားပြီ"
ကူလျန်ချန်သည် ပြောပြောဆိုဆိုနှင့် ကျောခိုင်းကာ လှည့်ထွက်သွားလေတော့သည်။
'တောက်... စကားကို တစ်ဝက်တစ်ပျက်နဲ့ ပြောပြီး ရပ်သွားတာ အမုန်းဆုံးပဲ'
စနစ်ဆီက ရွေးချယ်မှုသာ တက်မလာခဲ့ရင် ကျန်းပေရန် တစ်ယောက် ရက်ပေါင်းများစွာ စိတ်ပူပြီး အိပ်မပျော်ဘဲ နေမိမှာ သေချာသည်။
ကျန်းပေရန် ခေါင်းခါယမ်းလိုက်ပြီး ဆေးဖော်ဆောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။
ကျန်းပေရန် ပြန်ရောက်လာသည်ကို မြင်သောအခါ ယောင်ယိချန်နှင့် အဖွဲ့သားများ အနားသို့ ရောက်လာကြပြီး မေးမြန်းကြသည်။
"ဘယ်လိုလဲ... အခြေအနေ"
"စီနီယာကူ အဆိပ်ဖြေဆေး သောက်ပြီးသွားပြီ... ခန္ဓာကိုယ်ထဲက အဆိပ်တွေလည်း အကုန် ပျောက်သွားပြီ"
ကျန်းပေရန်က သာမန်ကာလျှံကာ မျက်နှာထားဖြင့် ဖြေလိုက်သည်ကို မြင်သောအခါ ယောင်ယိချန်တို့မှာ အရင်ဆုံး ကြောင်အမ်းသွားကြပြီး နောက်မှ ဝမ်းသာအားရ ဖြစ်သွားကြလေသည်။
ရက်ပေါင်းများစွာ ကြိုးစားခဲ့ရကျိုး နပ်သွားခဲ့ပြီ... သူတို့ အောင်မြင်သွားပြီလေ။
ဝမ်းသာပီတိ ဖြစ်ပြီးနောက် ဖန်ယွင်က ကျန်းပေရန်ကို ကြည့်ပြီး ပြောလေသည်။
"ဆရာကျန်း.. မင်းကလည်း သိပ်ကို တည်ငြိမ်လွန်းနေပါ့လား... ဒီလောက် သတင်းကောင်းကို ပြောတာတောင် ဒီလောက်ကြီး လေသံအေးစက်နေရလား"
ကျန်းပေရန် ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
"ကျွန်တော် တည်ငြိမ်လွန်းနေတာ မဟုတ်ပါဘူး... အဆိပ်မြူတွေကို တကယ်တမ်း အနိုင်ယူနိုင်ဖို့ ကျွန်တော်တို့ လျှောက်ရမယ့်လမ်းက အများကြီး ကျန်သေးတယ်ဆိုတာ သိနေလို့ပါ... ဒါကြောင့် အခုက ပျော်ရမယ့်အချိန် မဟုတ်သေးဘူး... တစ်နေ့နေ့မှာ အဆိပ်မြူပြဿနာကို အမြစ်ပြတ် ဖြေရှင်းနိုင်တဲ့အခါကျရင် ခင်ဗျားတို့အားလုံးထက် ကျွန်တော်က ပိုပြီး ကျယ်ကျယ်လောင်လောင် ရယ်မောပြပါ့မယ်"
ကျန်းပေရန်၏ စကားကို ကြားသောအခါ အခြား အဆင့်ကိုး ဆေးပညာရှင်ကြီးများလည်း သူတို့၏ ပျော်ရွှင်နေသော အမူအရာများကို ပြန်လည် ထိန်းသိမ်းလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းပေရန် ပြောသည်မှာ မှန်ကန်ကြောင်း သူတို့ သိသောကြောင့် ဖြစ်သည်။ ဆေးပညာရှင်များ ဖြစ်သည့်အတွက် တစ်ဖက်ရန်သူ၏ အဆိပ်ဖော်စပ်နိုင်စွမ်းက သူတို့၏ အဆိပ်ဖြေနိုင်စွမ်းထက် သာလွန်နေသည်ကို ကျန်းပေရန်ကဲ့သို့ပင် သူတို့လည်း ရှင်းရှင်းလင်းလင်း သိထားကြသည်။
ထို့အပြင် အဆိပ်ပြန့်ပွားရန် အကောင်းဆုံး လမ်းကြောင်းက သူတို့ ခေါင်းပေါ်တွင် ဝိုင်းရံထားဆဲ ဖြစ်ရာ စိတ်ချလက်ချ နေရမည့်အချိန်နှင့် အဝေးကြီး လိုနေသေးသည်။
ယောင်ယိချန်ကို ဂါရဝပြုလိုက်ပြီးနောက် ကျန်းပေရန် ပြောလိုက်သည်။
"ဒါဆိုရင် ရောင်နီဆေးလုံး ဖော်စပ်တဲ့ကိစ္စကို ဆရာကြီးတို့ကိုပဲ အပ်ပါရစေ... ကျွန်တော်ကတော့ ကျင်းကျယ်အဆောင်ဘက်ကို ပြန်ပြီး အခြေအနေ သွားထိန်းလိုက်ပါဦးမယ်"
"ကောင်းပါပြီ... ကျန်းဆရာကြီး ပင်ပန်းပါပြီ"
ယောင်ယိချန်က ကျန်းပေရန်ကို စိတ်ရင်းမှန်ဖြင့် ဂါရဝပြုလိုက်လေသည်။
ဒီလူငယ်လေးက ယွမ်မြို့တစ်မြို့လုံး၏ ဝန်ထုတ်ဝန်ပိုးကို သူ့ပခုံးပေါ်တွင် ထမ်းထားပြီး အနည်းငယ်မျှပင် အနားမယူရဲပေ။ ဤအချက်ကပင် သူ့ကို လေးစားရန် လုံလောက်နေပေပြီ။
အခြား အဆင့်ကိုး ဆေးပညာရှင်ကြီးများကို နှုတ်ဆက်ပြီးနောက် ကျန်းပေရန်သည် ဆေးဖော်ဆောင်မှ ထွက်ခွာပြီး ကျင်းကျယ်အဆောင်ဘက်သို့ ပြန်လာခဲ့သည်။
"ခင်ဗျားကို ကျွန်တော် ဘယ်နှစ်ခါ ပြောရမလဲ... အနားကွပ်ကို အဲဒီလို လုပ်လို့မရပါဘူးဆို... ဝိညာဉ်ကြိုးတွေ အကုန်ပျက်စီးကုန်ပြီ!"
"ဆရာကြီးယန်... ခင်ဗျားကို ဆရာကြီးလို့ ခေါ်ရတာတောင် အားနာလာပြီဗျာ... ခင်ဗျားမှာ ဒီလောက် အခြေခံကျတဲ့ ဗဟုသုတလေးတောင် မရှိဘူးလား... ပုံသဏ္ဍာန်မဲ့ သဲနက်နဲ့ ကောင်းကင်မူလ အရိုး ဆိုတာက လုံးဝ ဓာတ်မတည့်တဲ့ ပစ္စည်းနှစ်ခုလေ... ဘယ်လိုလုပ် အတူတူ ရောပြီး သုံးလို့ရမှာလဲ... ကျွန်တော့်ရဲ့ ခြောက်နှစ်အရွယ် တပည့်လေးတောင် မရဘူးဆိုတာ သိတယ်ဗျ"
"ဝုန်း"
ထိုစဉ် ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လူအများ၏ ငြင်းခုံသံများကို လွှမ်းမိုးသွားလေသည်။
"အဟွတ် အဟွတ် အဟွတ်... ဘယ်သူလဲ... ဘယ်သူက ငါ့မီးဖိုထဲကို သစ်ခွသွေးတွေ လာထည့်သွားတာလဲ... ဒီကောင်က ဖန်ဓာတ် အရမ်းများတယ်ဆိုတာ မသိကြဘူးလား"
ကံကောင်းသည်မှာ ကျန်းပေရန်သည် ထိုအခြေအနေကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သဖြင့် ကျင်းကျယ်အဆောင် တစ်ခုလုံးကို အစီအရင်ဖြင့် ခိုင်ခံ့အောင် လုပ်ထားခဲ့သောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက ခုနက ပေါက်ကွဲမှုကြောင့် အဆောက်အအုံ တစ်ခုလုံး ပြိုကျသွားလောက်ပေပြီ။
အစီအရင်ကို မောင်းနှင်ပြီး ခန်းမဆောင်ထဲမှ ဖုန်မှုန့်များကို တိုက်ထုတ်လိုက်သည်။ ထို့နောက် ကျန်းပေရန်သည် သူ၏ မူလထိုင်ခုံသို့ ပြန်သွားထိုင်လိုက်ပြီး လှမ်းအော်လိုက်လေသည်။
"လူကြီးမင်းတို့... သုံးရက်လောက် လွှတ်ထားလိုက်တာနဲ့ ကလေးတွေလို ဆော့ကစားနေကြတာလား"
ကျန်းပေရန်၏ အသံမှာ မကျယ်လောင်သော်လည်း ပညာရှင်ကြီး တစ်ဦးချင်းစီ၏ ရင်ထဲသို့ ဧရာမ သံတူကြီးဖြင့် ထုချလိုက်သကဲ့သို့ လေးလံသွားစေသည်။
တစ်သက်လုံး သူတစ်ပါး၏ လေးစားမှုကို ခံလာခဲ့ရသူများ ဖြစ်သော်လည်း ယခုအချိန်တွင်မူ အမှားလုပ်မိထားသော ကလေးငယ်များသဖွယ် ခံစားလိုက်ကြရသည်။
ကျန်းပေရန် ရှိနေစဉ်က ကျင်းကျယ်အဆောင်သည် စနစ်တကျ ရှိခဲ့သော်လည်း ယခုတော့... စည်းမျဉ်းစည်းကမ်းဆိုသည်မှာ သူတို့၏ ခေါင်းထဲတွင် မရှိတော့ပေ။
ပြောရမည်ဆိုလျှင် လက်မှုပညာရှင်ကြီးများ၏ အရိုးထဲတွင် မည်သူ့ကိုမျှ အဖက်မလုပ်လိုသော စိတ်ဓာတ်များ ရှိနေကြသည်။ ကျန်းပေရန်ကဲ့သို့ လူတိုင်း လက်ခံနိုင်သူတစ်ယောက်က ဝင်ထိန်းမပေးလျှင် အချင်းချင်း ထမသတ်ကြသည်ကပင် ကံကောင်းသည်ဟု ပြောရမည်။
"အဟမ်း..."
ထိုစဉ် တုန်းကျန့်ရွှမ်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ကျန်းပေရန်ကို လက်သီးဆုပ် ဂါရဝပြုကာ ပြောလေသည်။
"ဆရာကျန်း ကြားကနေ ညှိနှိုင်းမပေးတော့... ပုံမှန်ဆို ပြဿနာမဟုတ်တဲ့ ကိစ္စတွေက အခုတော့ အကုန် ရှုပ်ထွေးကုန်ပြီဗျာ... တကယ်ကို..."
ကျန်းပေရန်က တုန်းကျန့်ရွှမ်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆို ဒေါင်ဆရာကြီး ဆိုလိုချင်တာက... ကျွန်တော့်အပြစ်ပေါ့"
"မဟုတ်ပါဘူး... ဘယ်ကဟုတ်ရမှာလဲ"
တုန်းကျန့်ရွှမ်က ချက်ချင်း ခေါင်းခါငြင်းလိုက်သည်။ "ဒါပေမဲ့..."
"ဆရာကြီးယောင်တို့ဘက်က အဆိပ်ဖြေဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီ... အခုဆိုရင် အနက်ရောင်သူတော်စင်ကြီးတွေဆီတောင် ပို့ပေးပြီးပြီ... ဒီအပေါ်မှာရော ဒီက လူကြီးမင်းတို့ ဘယ်လိုမြင်ကြလဲ"