← Chapters

လုံးဝ လွတ်မြောက်သွားပြီ

Vol. 52 Ch. 587

လုံးဝ လွတ်မြောက်သွားပြီ

Vol. 52 Ch. 587

တိတ်ဆိတ်နေလေသည်။

ကျင်းကျယ်အဆောင် ခန်းမကြီးထဲတွင် အဆင့်ကိုး ဆေးပညာရှင်ကြီးများအားလုံးသည် အကြောသေသွားသကဲ့သို့ ငြိမ်သက်ရပ်တန့်နေကြသည်။

ခံစားရခက်လိုက်လေခြင်း…..

ဂုဏ်သိက္ခာကြီးမားသော ပညာရှင်ကြီးများ ဖြစ်ကြသည့်အလျောက် မျက်နှာမလိုက်တတ်ကြသော်လည်း ပြိုင်ဆိုင်လိုစိတ်ကတော့ အသေအချာ ရှိနေကြသည်။

ဘေးခန်းကလူတွေ ဒီလောက်ကြီးမားတဲ့ အောင်မြင်မှု ရသွားပြီဆိုတာ ကြားလိုက်ရတဲ့အခါ သူတို့ခမျာ အရင်ဆုံး နေစရာမရှိသလို ဖြစ်သွားကြပြီး နောက်မှတော့ အရှက်ကို အရှိန်ယူကာ ကြိုးစားတော့မည်ဟူသော စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

"ဆရာကျန်း... ဒီရက်ပိုင်းမှာ ကျွန်တော်တို့လည်း ဒီတိုင်း ထိုင်နေတာ မဟုတ်ပါဘူး ဆရာ မှာထားတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ ပြုလုပ်ပြီးသွားပါပြီ"

"ဟုတ်တယ် ကျွန်တော်တို့ကြားထဲမှာ ငြင်းခုန်မှုတွေ ရှိခဲ့ပေမယ့် ထွင်းထုဖို့အတွက် အသင့်တော်ဆုံး အနက်ရောင်အင်းကွက်တွေကိုလည်း ပုံစံထုတ်ပြီးသွားပါပြီ"

"ကျွန်တော်တို့ဘက်က ပြီးဖို့ တစ်ဆင့်ပဲ လိုတော့တာပါ ဆရာကျန်းသာ နည်းနည်းလောက် လမ်းညွှန်ပြသပေးရင် ကျွန်တော်တို့ အပြီးသတ်နိုင်ပါပြီ"

...

အဆင့်ကိုး ဆေးပညာရှင်ကြီးများ၏ ထက်သန်သော အကြည့်များကို ခံစားလိုက်ရသည့်အခါ ဆရာကျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဒီလူတွေသာ တကယ် အလေးအနက်ထားပြီး လုပ်မယ်ဆိုရင် ကြီးမားတဲ့ စွမ်းအားတွေ ပေါက်ကွဲထွက်လာနိုင်တယ်ဆိုတာ သူ ကောင်းကောင်း သိသည်။ ပြဿနာက သူတို့ အရိုးထဲစွဲနေတဲ့ မာနကြီးမှုပဲ ဖြစ်သည်။ သူ့ကလွဲရင် ဘယ်သူ့ကိုမှ အဖက်မလုပ်ချင်ကြပေ။

'ဒီတစ်သုတ် ဂျူနီယာတွေကို ဦးဆောင်ရတာ မလွယ်ပါလား'

စိတ်ထဲမှ ညည်းတွားလိုက်ပြီးနောက် ဆရာကျန်း မတ်တတ်ရပ်လိုက်သည်။

"ဒါဆိုရင် ဟိုမှာ ဘာရပ်လုပ်နေကြတာလဲ မေးစရာရှိတာ မြန်မြန် လာမေးကြလေ"

"ဒါဆို အဖိုးကြီး အရင်မေးမယ်"

ယန်ရုံက ပြောပြောဆိုဆိုနှင့် ဆရာကျန်းရှိရာသို့ အရင်ဆုံး လျှောက်လာခဲ့သည်။

အခြား အဆင့်ကိုး ပညာရှင်ကြီးများကလည်း ချက်ချင်း ဝိုင်းအုံလာကြသော်လည်း လုယက်တိုးဝှေ့ခြင်းမျိုး မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် စည်းကမ်းတကျ တန်းစီလိုက်ကြသည်။

သူတစ်ပါးကို အကူအညီတောင်းရတော့မည့် အခြေအနေမျိုးတွင် ဤပညာရှင်ကြီးများက ဘယ်သူ့ထက်မဆို ပိုပြီး လိမ္မာပြတတ်ကြသည်။

...

အလုပ်များသည့် နေ့ရက်များသည် ကုန်ဆုံးမြန်လှသည်။ မျက်စိတစ်မှိတ်အတွင်း ငါးရက်ခန့် ကုန်ဆုံးသွားပြန်သည်။

ယခုအခါ ယွမ်မြို့အတွင်းရှိ အနက်ရောင်သူတော်စင် အားလုံးသည် ရောင်နီဆေးလုံးကို သောက်သုံးပြီး ဖြစ်သလို ခန္ဓာကိုယ်ထဲရှိ အဆိပ်များကိုလည်း ဖယ်ရှားပြီး ဖြစ်သည်။

အဆိပ်မြူများ ရှိနေဆဲဖြစ်သဖြင့် နောက်တစ်ကြိမ် အဆိပ်ပြန်သင့်နိုင်ခြေ ရှိသော်လည်း ဆရာကျန်း ကိုယ်တိုင် အဆိပ်ထုတ်ပေးထားသော အနက်ရောင်သူတော်စင်ကြီးများမှာမူ ကိုယ်လက်ပေါ့ပါးနေကြပြီ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် စုပုံနေသော အဆိပ်များ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သည့် အန္တရာယ်အတွက် ပူပန်စရာ မလိုတော့ပေ။

တစ်ဖက်တွင်လည်း ယောင်ယိချန်တို့အဖွဲ့သည် အားမနေကြပေ။ ရောင်နီဆေးလုံးကို ပိုမို ပြီးပြည့်စုံအောင် ကြိုးစားနေကြပြီး အဆိပ်ဖြေရုံသာမက သောက်သုံးသူကို အဆိပ်မြူဒဏ်မှ လုံးဝ ကာကွယ်ပေးနိုင်မည့် အဆင့်ရောက်အောင် ဖော်စပ်နေကြသည်။

အနက်ရောင်သူတော်စင်ကြီးများမှာမူ ရောင်နီဆေးလုံးကို ကျောထောက်နောက်ခံ ရရှိထားပြီ ဖြစ်သဖြင့် ယခင်ကလောက် စိတ်ဖိစီးခြင်း မရှိကြတော့ပေ။

ကူလျန်ချန် ပေးထားသည့် အပျော့ဆွဲ တိုက်ခိုက်ရန် အမိန့်ကိုလည်း ကောင်းကောင်း လိုက်နာကြသည်။ တိုက်ခိုက်သည့် အချိန်တိုင်း သူတို့ဘက်က တကယ်ပဲ အရေးနိမ့်တော့မယောင် ဟန်ဆောင်သရုပ်ဆောင်ကြသည်။

စိတ်ကျဉ်းကြပ်စရာ ကောင်းသော်လည်း နောက်ဆုံး အောင်ပွဲအတွက် သူတို့ သည်းခံလိုက်ကြသည်။

အချိန် ညနေ ၃ နာရီမှ ၅ နာရီ။

ထုံးစံအတိုင်းပင် ဆရာကျန်းနှင့် အခြား အနက်ရောင်သူတော်စင်ကြီးများသည် ပျံသန်းစံအိမ်ပေါ်သို့ တက်ရောက်ကာ ယွမ်မြို့အပြင်ဘက်သို့ ထွက်လာကြသည်။

ထို့နောက် ထုံးစံအတိုင်း လက်ဖက်ရည်တစ်ပွက်စာ အချိန်ပင် မကြာလိုက်ဘဲ စွမ်းရည်ရမှတ် ဆယ်မှတ် ရယူကာ မြို့ထဲသို့ ပြန်ဝင်လာကြသည်။

သို့သော် အနက်ရောင်သူတော်စင် အများစု ပျံသန်းစံအိမ်ပေါ်မှ ဆင်းရန် ပြင်နေကြစဉ် ချောင်ကျင်းဟွာသည် ရုတ်တရက် ဆရာကျန်းရှေ့သို့ လျှောက်လာပြီး ပြောလိုက်သည်။

"ဆရာကျန်း... အရင်တုန်းက ကျွန်တော်တို့ သနားစရာကောင်းအောင် ဖြစ်ပျက်နေတာကို ကြည့်ပြီး ဂူကောင်မွေးမြူသူတွေကို မယှဉ်နိုင်ဘူးလို့ ဆရာ ထင်နေပုံရတယ် ဒါပေမဲ့ အခုက မတူတော့ဘူး ခန္ဓာကိုယ်ထဲမှာ အဆိပ်မရှိတော့တဲ့အတွက် ကျွန်တော်တို့ရဲ့ အတွင်းအားတွေကို စိတ်ကြိုက် ထုတ်သုံးလို့ရပြီ ကျွန်တော်တို့ရဲ့ အစွမ်းက အရင်က ဆရာမြင်ဖူးတာနဲ့ လုံးဝ တခြားစီ ဖြစ်သွားပြီ"

'ခင်ဗျားက တကယ့် လူကြမ်းကြီးပါလား'

အဆိပ်ဆေး မှားသောက်မိပြီး သေလုမျောပါး ဖြစ်ခဲ့ဖူးသဖြင့် ချောင်ကျင်းဟွာ တစ်ယောက် နည်းနည်းလောက်တော့ ဆင်ခြင်တုံတရား ရှိလာမည်၊ အနည်းဆုံးတော့ မလုပ်ခင် စဉ်းစားတတ်လာမည်ဟု ဆရာကျန်း ထင်မှတ်ခဲ့မိသည်။

သို့သော် လူကြမ်းကြီးတစ်ယောက်၏ ဦးနှောက်ကို သူ အထင်ကြီးလွန်းမိမှန်း သိလိုက်ရသည်။ တကယ်တမ်းကျတော့ ဦးနှောက်မရှိတာနဲ့ အတူတူပင်။

ချောင်ကျင်းဟွာ၏ စကားကို ကြားလိုက်ရသည့်အခါ ဘေးနားရှိ အနက်ရောင်သူတော်စင် အများစုကလည်း ထောက်ခံကြလေသည်။

"ဟုတ်တယ် မနည်း အဆိပ်ဖြေထားရတာ ကျွန်တော်တို့ကို အစွမ်းကုန် တိုက်ခိုက်ခွင့် ပေးလိုက်ပါတော့ ကံကောင်းရင် ဟိုကောင်တွေကို အလစ်ဝင်တိုက်ပြီး အခြေအနေ ပြောင်းပြန်လှန်နိုင်မယ့် အခွင့်အရေး ရလာနိုင်တာပဲ"

"အကြီးအကျယ် ပြန်မတိုက်နိုင်ရင်တောင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး လူနည်းနည်းလောက်ကို အပြင်ထွက်ပြီး သတင်းစုံစမ်းခိုင်းရင်လည်း ဖြစ်တာပဲ ဒီမြို့ထဲမှာပဲ ခေါင်းဝှက်ပြီး ပုန်းနေတာက အဖြေမှ မဟုတ်တာ"

"မှန်တယ် အဖိုးကြီး ပထမဆုံး စာရင်းပေးမယ် သဲလွန်စ မရမချင်း ပြန်မလာဘူး"

...

အနက်ရောင်သူတော်စင်ကြီးများမှာ အချိန်အတော်ကြာ ဖိနှိပ်ခံထားရသူများ ဖြစ်သည်။ အဆိပ်မြူများ စတင်ပေါ်ပေါက်လာချိန်ကတည်းက သူတို့မှာ တစ်ဖက်သတ် အနိုင်ကျင့်ခံခဲ့ရသည်။

ယခုအခါ ပြန်လည် တိုက်ခိုက်နိုင်မည့် အရင်းအနှီး ရှိလာပြီ ဖြစ်သော်လည်း နေ့တိုင်း သနားစရာကောင်းအောင် ဟန်ဆောင်နေရသဖြင့် ပုံမှန်အချိန်တွင် ထင်ပေါ်ကျော်ကြားလေ့ရှိသော ပုဂ္ဂိုလ်ကြီးများမှာ ရင်ကွဲမတတ် ခံစားနေကြရသည်။

စိတ်လှုပ်ရှား တက်ကြွနေသော အနက်ရောင်သူတော်စင်များကို ကြည့်ရင်း ဆရာကျန်း စကားပြောရန် ပြင်လိုက်စဉ် စနစ်၏ ရွေးချယ်မှုများ တက်လာလေသည်။

[ရွေးချယ်မှု ၁] လူကြီးမင်းတို့... စိတ်ရှည်ကြပါ ဂျူနီယာ ပိုကောင်းတဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးတာနဲ့ လူကြီးမင်းတို့ကို အပြင်ထွက်ပြီး စိတ်ကြိုက် သတ်ဖြတ်ခွင့် ပေးပါ့မယ် (ပြီးမြောက်ဆုလာဘ် - အနီရောင်တိမ်တိုက် နတ်ဘုရားသတ်ဖြတ်ခြင်း မြေကမ္ဘာ အဆင့်မြင့်)

[ရွေးချယ်မှု ၂] ခင်ဗျားတို့ ဒီလောက် အသက်ကြီးတဲ့အထိ ဘယ်လို အသက်ရှင်လာကြလဲ ဆိုတာ ကျွန်တော် တကယ် နားမလည်တော့ဘူး အံ့ဖွယ်နဂါးတိုက်ကြီးက သိပ်အေးချမ်းလွန်းနေလို့လား (ပြီးမြောက်ဆုလာဘ် - ကျပန်း အခြေခံစွမ်းရည်ရမှတ် တစ်မှတ်)

'ဟာကွာ...'

ဒုတိယ ရွေးချယ်မှုကို မြင်လိုက်ရသည့်အခါ စနစ်သည် နောက်ဆုံး စည်းကိုပါ ကျော်ဖြတ်ပြီး လုံးဝ လွတ်လပ်စွာ ပျံသန်းသွားပြီ ဖြစ်ကြောင်း ဆရာကျန်း သိလိုက်ရသည်။

ယခင်ကဆိုလျှင် ဆရာကျန်းသည် အနက်ရောင်သခင်အဆင့်နှင့် အဆင့်ကိုး ပညာရှင်များ ရှေ့တွင်သာ လေကြီးမိုးကြီး ပြောလေ့ရှိပြီး အနက်ရောင်သူတော်စင်များ ရှေ့တွင်မူ ယဉ်ယဉ်ကျေးကျေးသာ ဆက်ဆံလေ့ရှိသည်။

ဘာပဲဖြစ်ဖြစ် ဒီလူတွေက အံ့ဖွယ်နဂါးတိုက်ကြီးရဲ့ အရှင်သခင်တွေလေ ခြေတစ်ချက် ဆောင့်လိုက်ရုံနဲ့ တိုက်ကြီးတစ်ခုလုံး တုန်ခါသွားစေနိုင်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေ။

စနစ်ကလည်း သူ့လိုပဲ တွေးလိမ့်မည်ဟု ဆရာကျန်း ထင်ထားခဲ့ဖူးသည်။ ဘယ်သူ့ရှေ့မဆို ကြွားလို့ရပေမယ့် အနက်ရောင်သူတော်စင်တွေ ရှေ့ရောက်ရင်တော့ နည်းနည်း ထိန်းသင့်သည်ဟု ယူဆထားခဲ့သည်။

သို့သော် ဒီတစ်ခါ ရွေးချယ်မှုကို ကြည့်လိုက်လျှင် စနစ်၏ သဘောထားမှာ ရှင်းလင်းနေသည်။ မကြွားတာ မဟုတ်ဘူး၊ အချိန်မတန်သေးလို့ မကြွားတာ အခုတော့ အချိန်တန်ပြီ။

ရောင်နီဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည့်အတွက် ဆရာကျန်း၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယွမ်မြို့ထဲတွင် ဘယ်သူမရှိရှိ ဖြစ်ပေမယ့် သူ မရှိရင်တော့ မဖြစ်သည့် အခြေအနေ။

အနက်ရောင်သူတော်စင်ကြီးများက အပြင်ထွက်ရသည်မှာ အဓိပ္ပာယ်မရှိဟု ယူဆသော်လည်း ဆရာကျန်းနှင့်အတူ နေ့စဉ် လိုက်ပါလာရခြင်းမှာ အကယ်၍ တစ်ခုခု ဖြစ်ပွားခဲ့လျှင် သူတို့အသက်နှင့် လဲပြီး ဆရာကျန်းကို ကာကွယ်ပေးရန် ဖြစ်သည်။

ဤအချက်ကို ဆရာကျန်းလည်း နားလည်သလို ကျေးဇူးလည်း တင်မိသည်။ ထို့ကြောင့် အနက်ရောင်သူတော်စင်များကို အမြဲ လေးစားသမှု ပြုခဲ့သည်။

သို့သော် ယခုအချိန်မှာတော့ ယဉ်ကျေးနေ၍ မရတော့ပေ။ သူတို့ ရူးခါနီး ဖြစ်နေကြပြီ။

အကျိုးအကြောင်း ရှင်းပြပြီး ချော့ပြောနေလျှင် တစ်ယောက်မဟုတ် တစ်ယောက် ခိုးထွက်သွားနိုင်သည်။ အုပ်စုလိုက်ကြီး ခိုးထွက်သွားလျှင်လည်း သွားနိုင်သည်။ ထိုသို့ ဖြစ်လာပါက ယွမ်မြို့အတွက် ကပ်ဘေးဆိုက်ရောက်ခြင်းပင် ဖြစ်ချေမည်။

ဆရာကျန်း၏ သုံးသပ်ချက်မှာ မြေကမ္ဘာ အဆင့်မြင့် ဆုလာဘ်ကို အခြေခံထားခြင်း ဖြစ်သဖြင့် အလွန် ခိုင်လုံလေသည်။

ထို့ကြောင့် ဆရာကျန်းသည် တွေဝေခြင်းမရှိဘဲ ဒုတိယ ရွေးချယ်မှုကို ရွေးချယ်လိုက်သည်။ မျက်နှာထား တင်းမာသွားပြီး အနက်ရောင်သူတော်စင်များကို တစ်ချက် ဝေ့ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့ ဒီလောက် အသက်ကြီးတဲ့အထိ ဘယ်လို အသက်ရှင်လာကြလဲ ဆိုတာ ကျွန်တော် တကယ် နားမလည်တော့ဘူး အံ့ဖွယ်နဂါးတိုက်ကြီးက သိပ်အေးချမ်းလွန်းနေလို့လား"

[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ကောင်းကင်ဝှက် တစ်မှတ်]

"......"

ဆရာကျန်း၏ စကားကို ကြားလိုက်ရသောအခါ အနက်ရောင်သူတော်စင် အားလုံး ကြောင်အမ်းသွားကြသည်။

ဆရာကျန်း တွေးခဲ့သည့်အတိုင်းပင် ဤအနက်ရောင်သူတော်စင်များ၏ မျက်လုံးထဲတွင် ဆရာကျန်းသည် မယုံနိုင်စရာ စွမ်းရည်များ ပိုင်ဆိုင်ထားသော်လည်း သူတို့အပေါ် အမြဲ လေးစားသမှု ရှိခဲ့သည်။

ထို့ကြောင့် ဤ လူငယ်လေးက သူတို့ကို ရုတ်တရက် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလာမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

"ဆရာကျန်း... ပြောတာ နည်းနည်း လွန်နေပြီ"

စိတ်ဆတ်သော အနက်ရောင်သူတော်စင် အချို့က အတွင်းအားများ စုစည်းရန် ပြင်လိုက်စဉ် ကူလျန်ချန်က မျက်နှာတည်တည်ဖြင့် ပထမဆုံး ဝင်ဟန့်လိုက်သည်။

ကူလျန်ချန်၏ အကြည့်များက စူးရှနေသော်လည်း သူ့ဘက်က ကာကွယ်ပေးနေမှန်း ဆရာကျန်း သိသည်။

သို့သော် စနစ်က လမ်းပြထားပြီး ဖြစ်သဖြင့် ဆရာကျန်းက ထိုစေတနာကို လက်ခံရန် အစီအစဉ် မရှိပေ။

"လွန်တယ် ဟုတ်လား"

ဆရာကျန်းက အနက်ရောင်သူတော်စင်များကို ဝေ့ကြည့်လိုက်သည်။

"ကျွန်တော်ကတော့ နည်းနည်းမှ မလွန်ဘူးလို့ ထင်တယ်"

ပြောပြီးသည်နှင့် ချောင်ကျင်းဟွာဘက်သို့ လှည့်ကာ မေးလိုက်သည်။

"စီနီယာချောင်... ခင်ဗျား ဂူကောင်မွေးမြူသူ တစ်ကောင်လောက် သတ်ဖူးလား"

ပုံမှန်အချိန်သာဆိုလျှင် ဆရာကျန်း၏ စကားကြောင့် ချောင်ကျင်းဟွာ ပထမဆုံး ပေါက်ကွဲမည် ဖြစ်သည်။

သို့သော် ဆရာကျန်းက သူ့အသက်ကို ကယ်ထားသည်မှာ မကြာသေးသဖြင့် ဒေါသထွက်သော်လည်း မြိုသိပ်လိုက်ရသည်။

ဆရာကျန်း မေးသည်ကို ကြားသောအခါ ချောင်ကျင်းဟွာ လေတစ်ချက် ရှူသွင်းလိုက်ပြီး ဖြေသည်။

"မသတ်ဖူးဘူး"

"ဒါဆိုရင် အဲဒီ ဂူကျင့်ကြံသူတွေရဲ့ ကိုယ်တိုင် ကုစားနိုင်စွမ်းက ဘယ်လောက် အားကောင်းလဲဆိုတာ ခင်ဗျား လုံးဝ မသိဘူးပေါ့ မြို့ပြင်ရောက်လို့ ထိပ်တိုက်တွေ့ပြီး အမြန် မသတ်နိုင်ခဲ့ရင် ယွမ်မြို့ထဲကို အသက်ရှင်လျက် ပြန်ပြေးလာနိုင်ဖို့ ဘယ်နှရာခိုင်နှုန်း ရှိမယ်လို့ ထင်လဲ"

"အပြင်ထွက်မှတော့ သေရေးရှင်ရေးကို သဘောထားမနေတော့ဘူး"

ချောင်ကျင်းဟွာက မာမာထန်ထန် ပြန်ဖြေသည်။

"ကောင်းပြီ စီနီယာချောင်ရဲ့ စိတ်ဓာတ်ကို ကျွန်တော် လေးစားပါတယ် ဒါပေမဲ့ အခု ယွမ်မြို့ရဲ့ ကာကွယ်ရေး အင်အားက နဂိုကတည်းက နည်းနေတာ ခင်ဗျားတို့က အဓိပ္ပာယ်မရှိတဲ့ စတေးမှုတွေ သွားလုပ်ဖို့ လုနေကြတယ်ဆိုတော့... မေးပါရစေ..."

"ဘယ်လိုလုပ် အဓိပ္ပာယ်မရှိရမှာလဲ"

အခြား အနက်ရောင်သူတော်စင် တစ်ပါးက ဝင်ပြောသည်။

"ငါတို့ အပြင်ထွက်တာက ဒီအခြေအနေကို ဖောက်ထွက်နိုင်မယ့် နည်းလမ်းရှာဖို့... ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို အမြန်ဆုံး ပြန်ယူနိုင်ဖို့ပဲ"

ဝင်ပြောသော အနက်ရောင်သူတော်စင်ကို ကြည့်ရင်း ဆရာကျန်း လက်ခုပ်တီးလိုက်သည်။

"စိတ်ကူး ကောင်းပါတယ် ဒါပေမဲ့ စီနီယာဆုန် အနေနဲ့ ဘယ်လောက် ပြင်ဆင်ထားပြီးပြီလဲ ဆိုတာ သိချင်မိတယ်"

"အဖိုးကြီးက ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားပြီးသားပါ ခန္ဓာကိုယ်ထဲက အဆိပ်တွေသာ မရှိတော့ရင် ဟိုကောင်တွေရဲ့ မျက်စိအောက်ကနေ လွတ်အောင် ရှောင်နိုင်မယ့် နည်းလမ်း ငါ့မှာ ရှိတယ်"

"ကောင်းပြီ စီနီယာဆုန်က အပြည့်အဝ ပြင်ဆင်ထားတယ်ဆိုတော့ ကျွန်တော့်ဘက်က မေးစရာ မေးခွန်းတချို့ ရှိနေတယ် တစ်အချက် အဆိပ်မြူထဲ ဝင်သွားရင် ဘယ်လို အန္တရာယ်တွေကို ကာကွယ်ရမလဲ"

"နှစ်အချက်... ဂူကျင့်ကြံသူတွေက ငါတို့ကို ဖမ်းဖို့ ဘယ်လို ထောင်ချောက်တွေ ဆင်ထားသလဲ"

"သုံးအချက်... အခြေအနေကို ဖောက်ထွက်နိုင်မယ့် နည်းလမ်းကို စီနီယာဆုန် ဘယ်နေရာမှာ သွားရှာမလို့လဲ"

ပထမ မေးခွန်းနှစ်ခုက ဆုန်ချီရုံကို အဖြေရခက်စေသော်လည်း တတိယ မေးခွန်းကို ကြားသည့်အခါ ချက်ချင်း ပြန်ပက်လေသည်။

"မသိလို့ အပြင်ထွက်ပြီး ရှာရမှာပေါ့"

သို့သော် ဆရာကျန်းသည် ဘေးနားရှိ စားပွဲကို "ဒုန်း" ကနဲ ရိုက်ချလိုက်ပြီး အော်ပြောလိုက်သည်။

"ဒါဆို ခင်ဗျား ထင်နေတာက ကျွန်တော် နေ့တိုင်း ဘာလုပ်နေတယ်များ မှတ်နေလဲ"

ထို့နောက် အခြား အနက်ရောင်သူတော်စင်များ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ဆရာကျန်းသည် ပျံသန်းစံအိမ်ထဲရှိ ချီမင်အစီအရင်ကို မောင်းနှင်လိုက်သည်။

တစ်ခဏချင်းမှာပင် အနက်ရောင်သူတော်စင် အားလုံးသည် လဟာပြင်တစ်ခုထဲ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး မကြာမီ ထိုလဟာပြင်ထဲတွင် ကောင်းကင်မှ ကြယ်များပမာ အလင်းစက်လေးများ လက်ကနဲ လက်ကနဲ ပေါ်ပေါက်လာလေသည်။

"ခင်ဗျားတို့ ထင်နေတာက ကျွန်တော်တို့ နေ့တိုင်း ကျင်းကျယ်အဆောင်ထဲမှာ စိမ်ပြေနပြေ အနားယူနေကြတယ်များ မှတ်နေလား ကျွန်တော် ယွမ်မြို့ထဲက အဆင့်ကိုး ပညာရှင်တွေ အကုန်လုံးကို ဘာကိစ္စနဲ့ စုစည်းထားတယ် ထင်လဲ ခင်ဗျားတို့ အဆိပ်မြူထဲ ဝင်သွားတဲ့အခါ အန္တရာယ်အကင်းဆုံး ဖြစ်စေဖို့ မဟုတ်ဘူးလား"

ပြောပြီးသည်နှင့် ဆရာကျန်းက ဘေးပတ်လည်ရှိ ကြယ်ပွင့်များကို ညွှန်ပြကာ ဆက်ပြောလိုက်သည်။

"အစီအရင်နဲ့ ကောင်းကင်မြေကြီး ပညာရပ်ကို ပေါင်းစပ်ပြီး အနီးအနားမှာ ဝိညာဉ်စွမ်းအား အငြိမ်သက်ဆုံး နေရာတွေကို ကျွန်တော် မှတ်တမ်းတင်ထားပြီးပြီ ဒါတွေ ရှိနေမှ ခင်ဗျားတို့ ခေါင်းပြတ်နေတဲ့ ယင်ကောင်တွေလို အန္တရာယ်များတဲ့ အဆိပ်မြူထဲ လျှောက်သွားစရာ မလိုမှာ"

ဆရာကျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အနက်ရောင်သူတော်စင် အများစုထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။ ယွမ်မြို့ထဲမှာ နေရင်း မြို့ပြင်က အခြေအနေကို စုံစမ်းနိုင်သည့် ဆရာကျန်း၏ စွမ်းရည်ကို အံ့သြမှင်သက်နေကြသည်။

လက်တွေ့ကျသည့် အထောက်အထားများ ပြလိုက်နိုင်သဖြင့် အနက်ရောင်သူတော်စင်များကို ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်ကြောင်း ဆရာကျန်း သိလိုက်သည်။

ထို့ကြောင့် ဆရာကျန်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ထပ်ပြောလိုက်သည်။

"အနက်ရောင်သူတော်စင်ကြီးတွေအားလုံး ကောင်းကင်ကို တုန်လှုပ်စေနိုင်တဲ့ စွမ်းရည်တွေ ရှိကြမှန်း ဂျူနီယာ သိပါတယ် ဒါပေမဲ့ ဒီစစ်ပွဲကို ဟိုဘက်က ဂိုဏ်းတွေ ကြိုတင်ကြံစည်ထားတာ ကြာပြီ ဘယ်သူမှ သတိမထားမိခင်မှာပဲ ခြောက်နိုင်ငံလုံးကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ဘက်ပေါင်းစုံကနေ တိုက်ခိုက်ခဲ့တာ"

"သူတို့က ဒီလောက် ပြီးပြည့်စုံတဲ့ ပထမအဆင့် လှုပ်ရှားမှုကို လုပ်ဆောင်နိုင်ခဲ့ရင် ပိုပြီး ပြည့်စုံတဲ့ ဒုတိယအဆင့် တတိယအဆင့်တွေ ရှိနေမှာ အသေအချာပဲ ကျွန်တော်တို့က နဂိုကတည်းက ပြင်ဆင်မှု နောက်ကျနေတာမို့ ပိုပြီးတောင် စိတ်မလောသင့်ဘူး အကောင်းဆုံး အခွင့်အရေးကတော့ တစ်ဖက်လူက နိုင်ပြီလို့ ထင်ပြီး ပေါ့ဆသွားတဲ့အချိန်မှာ မိုးကြိုးပစ်ချသလို တန်ပြန်တိုက်စစ်ဆင်မှ အကောင်းဆုံး ရလဒ် ထွက်လာမှာ"

ဆရာကျန်း ဖတ်ဖူးသည့် စာအုပ်ပေါင်းများစွာထဲတွင် အံ့ဖွယ်နဂါးတိုက်ကြီး၏ စစ်ပွဲများအကြောင်းက အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။

ပေါ်တင်ဖြစ်စေ တိတ်တဆိတ်ဖြစ်စေ တိုက်ခိုက်မှုတွေက ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။

ထို ကြီးမားသော စစ်ပွဲများမှတစ်ဆင့် အလွန် အရေးကြီးသည့် အချက်တစ်ချက်ကို ဆရာကျန်း ကောက်ချက်ချမိသည်။

ဒါကတော့ ကိုက်မည့်ခွေးက မဟောင်ဘူး ဆိုတာပင်။

စစ်ပွဲဆိုတာ မထင်မှတ်ထားချိန်မှာ ဖြစ်ပွားရမည်။ တစ်ဖက်လူ ခံစစ်မပြင်ဆင်နိုင်ခင် တစ်ဖက်လူ၏ အချက်အချာကျသည့် နေရာအထိ လျှပ်တစ်ပြက် ထိုးဖောက်ဝင်ရောက်နိုင်ရမည်။

စစ်မတိုက်ရသေးခင် မြို့ထဲမှာ သတင်းတွေ ပြန့်နေပြီး လမ်းထိပ်က အဘွားအိုတောင် ဘယ်သူနဲ့ ဘယ်သူ ချတော့မယ်ဆိုတာ သိနေပြီဆိုရင် အဲဒီစစ်ပွဲက ဖြစ်လာဖို့ မလွယ်တော့ပေ။

ယခု ဂူကျင့်ကြံသူများ၏ ကျူးကျော်မှုကတော့ လျှို့ဝှက်ခြင်းနှင့် လျင်မြန်ခြင်း ဆိုသည့် အချက်နှစ်ချက်ကို အစွမ်းကုန် အသုံးချထားသည်။

ထုန်နိုင်ငံသည် ထိရောက်သော ခံစစ် မပြင်ဆင်နိုင်လိုက်ဘဲ အကျပ်အတည်းထဲသို့ တွန်းပို့ခံလိုက်ရသည်။

စံပြ လျှပ်စီးစစ်ပွဲ တစ်ခုဟုပင် ဆိုရပေမည်။

ဆရာကျန်း၏ စကားများကို နားထောင်ပြီးနောက် အနက်ရောင်သူတော်စင် အားလုံး တိတ်ဆိတ်သွားကြသည်။

နောက်ဆုံးတွင် ချောင်ကျင်းဟွာက ဦးစွာ စကားစပြောလာသည်။

"ဆရာကျန်းက အမြော်အမြင် ကြီးမားပါတယ် ကျွန်တော် ရန်သူကို လျှော့တွက်ပြီး စိတ်လိုက်မာန်ပါ ဖြစ်သွားမိတယ်"

ချောင်ကျင်းဟွာက သူ့အမှားသူ ဝန်ခံလာသည်ကို ကြားရသောအခါ ဆရာကျန်း ကျေနပ်သွားမိသည်။

သို့သော် သူ အရင်ကတည်းက သတိထားမိသည့် အချက်တစ်ချက်ကိုမူ ပိုပြီး သေချာသွားစေသည်။

အနက်ရောင်သူတော်စင် အများစုက ကျင့်ကြံခြင်းအဆင့် မြင့်မားတာကလွဲရင် ကျန်တဲ့နေရာတွေမှာတော့... ဘယ်လိုပြောရမလဲ သင်္ချာတော်တဲ့သူကို စာစီစာကုံးပါ တော်ရမယ်လို့ ပြောလို့မရဘူး မဟုတ်လား။

သူတို့၏ ကျင့်ကြံခြင်း ပါရမီကတော့ သံသယ ဝင်စရာ မရှိပေ။ ငယ်စဉ်ကတည်းက ကောင်းကင်ဘုံ ရွေးချယ်ခံများဟု သတ်မှတ်ခံခဲ့ရသူများ ဖြစ်ပေလိမ့်မည်။

သို့သော် ဆရာကျန်း၏ မျက်လုံးထဲတွင်မူ ဤအနက်ရောင်သူတော်စင်ကြီးများသည် ကွမ်းရှီအန်း၏ အဆင့်မြှင့်ထားသော ပုံစံများနှင့် တူနေသည်။ တံခါးပိတ် ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ စိတ်ဝင်စားပြီး လောကီရေးရာများကို အခြားသူများက စီမံခန့်ခွဲပေးကြပုံရသည်။

ရံဖန်ရံခါ ကလေးဆန်သည့် စကားများ ပြောထွက်လာတတ်သည့် အနက်ရောင်သူတော်စင်များကို ကြည့်ရင်း ကွမ်းရှီအန်း အနက်ရောင်သူတော်စင် သီးသန့်ပုံစံများကို မြင်တွေ့နေရသလို ဆရာကျန်း ခံစားမိသည်။

လက်သီးကြီးသူက စကားပြောရသည့် ကမ္ဘာသာ မဟုတ်လျှင် သူတို့ အသက်ရှင်နေရသည်မှာ ကြာပြီဖြစ်သည်။

ချောင်ကျင်းဟွာက စတင် ဦးဆောင်လိုက်သဖြင့် စိတ်လှုပ်ရှားနေသော အခြား အနက်ရောင်သူတော်စင်များလည်း ငြိမ်ကျသွားကြသည်။

လက်ရှိ ယွမ်မြို့၏ အခြေအနေမှာ သူတို့ အသက်ကို လောင်းကြေးထပ်ပြီး လုပ်ရမည့် အခြေအနေ မဟုတ်သေးပေ။ သတ်ဖြတ်ချင်နေကြခြင်းမှာလည်း ဒီရက်ပိုင်း အလွန်အမင်း မွန်းကြပ်နေပြီး စိတ်ထွက်ပေါက် မရှိသောကြောင့်သာ ဖြစ်သည်။

ဆရာကျန်း၏ စကားများကို နားထောင်ပြီးနောက် သူတို့၏ ရင်ထဲမှ မီးများ အတော်အတန် ငြိမ်းသွားကြလေသည်။

"ဒါကြောင့် လူကြီးမင်းတို့ရဲ့ အင်အားတွေကို ဆက်ပြီး စုစည်းထားပေးကြပါ အသင့်ဖြစ်တဲ့အချိန်ကျရင် ခင်ဗျားတို့ကိုပဲ အားကိုးရမှာပါ"

"ကောင်းပါပြီ ဒါဆို ငါ အရင် ပြန်နှင့်တော့မယ်"

အနက်ရောင်သူတော်စင်များ ပျံသန်းစံအိမ်ပေါ်မှ ဆင်းသက်သွားကြပြီးနောက် နောက်ဆုံးမှ ကျန်ရစ်ခဲ့သူ ကူလျန်ချန်က ဆရာကျန်းကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်းက ငါ့ကို အမြဲ အံ့သြအောင် လုပ်နိုင်တာပဲ"

"ကျွန်တော်ကတော့ ဘဝကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တာပါ"

"ဟား ဟား ဟား... မင်း အေးချမ်းချင်တယ် ဆိုတာကတော့ မဖြစ်နိုင်တော့ဘူး ထင်တယ်"

ကူလျန်ချန်က ပြောရင်း ဘေးပတ်လည်မှ လက်နေသော ကြယ်ပွင့်များကို ကြည့်လိုက်သည်။

"မင်း နေ့တိုင်း အပြင်ထွက်ချင်နေတာက ဒီသံသယဖြစ်စရာ နေရာတွေကို စုံစမ်းချင်လို့လား"

"အဲဒီသဘောပါပဲ" ဆရာကျန်းက ပြောရင်း ချီမင်အစီအရင်ကို ပိတ်လိုက်သည်။

"ဒါပေမဲ့ ဂူကျင့်ကြံသူတွေရဲ့ ကာကွယ်ရေးက ကျွန်တော် ထင်ထားတာထက် ပိုတင်းကျပ်နေတယ် အခုထိလည်း လျော့ရဲသွားတဲ့ပုံ မရှိသေးဘူး"

"မလွယ်ပါလား"

All Chapters