ဆုံးဖြတ်ရခက်ခြင်း
Vol. 52 Ch. 588
ဆရာကျန်းနှင့် တန်ပြန်တိုက်စစ်ဆင်မည့် အချိန်အခါနှင့် နည်းလမ်းများကို ထပ်မံဆွေးနွေးပြီးသည့်တိုင် တိကျသည့် အဖြေတစ်ခု မရရှိခဲ့သဖြင့် ကူလျန်ချန်သည် ဒုတိယထပ်သို့ တန်းတန်းမတ်မတ် တက်သွားလိုက်လေသည်။
လူဘိုကွေး၏ ဆရာတစ်ယောက် အနေဖြင့် ပျံသန်းစံအိမ် ကင်းလှည့်ရာမှ ပြန်ရောက်သည့် အချိန်တိုင်း သူသည် လူဘိုကွေးကို သင်ကြားပေးရန် အချိန်အနည်းငယ် ပေးလေ့ရှိသည်။
ဆရာကျန်း၏ မျက်နှာကို ထောက်ထားရသည်က တစ်ကြောင်း၊ ဟန်ပြ သက်သက်ပင် ဖြစ်လင့်ကစား ကူလျန်ချန်သည် သေချာသင်ကြားပေးနေသည့် ပုံစံမျိုးတော့ ပြရပေမည်။
ကူလျန်ချန် ဒုတိယထပ်သို့ တက်သွားသည်နှင့် တစ်ဖက်မှ ရှီဖုန်းလန်သည် ချက်ချင်း ပြေးလာပြီး မေးလိုက်သည်။
"ပေရန်လေး... အခြေအနေက အရမ်းဆိုးနေတုန်းပဲလား"
ယွမ်မြို့သည် အပေါ်ယံ၌ တည်ငြိမ်ခိုင်ခံ့နေသယောင် ရှိသော်လည်း အမှန်တကယ်တွင်မူ အန္တရာယ်နှုတ်ခမ်းဝသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အနက်ရောင်သူတော်စင်များအားလုံး သိကြသည်။ အကယ်၍ ဆရာကျန်းသာ ရောင်နီဆေးလုံးကို ဖော်စပ်နိုင်ခြင်း မရှိခဲ့ပါက မြို့ရိုးကျိုးပေါက်သွားသည်မှာ ကြာပြီဖြစ်သည်။
သို့သော် ဂူကျင့်ကြံသူများနှင့် ထိပ်တိုက် မတွေ့ဖူးသည့် အခြားသူများအတွက်မူ အနက်ရောင်သူတော်စင် အများအပြား စောင့်ရှောက်ထားသည့် ယွမ်မြို့ကို အပြည့်အဝ ယုံကြည်ထားကြသည်။
နေ့စဉ်ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေရသည်ဟု မဆိုနိုင်သော်လည်း သူတို့၏ စိတ်ဖိစီးမှုသည် အနက်ရောင်သူတော်စင်များလောက် မများပြားပေ။ ထုန်နိုင်ငံ၏ ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်များအားလုံး စုဝေးနေကြသည့်အတွက် မဖြေရှင်းနိုင်သည့် ပြဿနာဟူ၍ မရှိနိုင်ဟု သူတို့ တညီတညွတ်တည်း ယူဆထားကြသည်။
သို့သော် ရှီဖုန်းလန်သည် ဂူကျင့်ကြံသူများနှင့် တိုက်ရိုက် ရင်ဆိုင်ဖူးခြင်း မရှိသော်လည်း ပျံသန်းစံအိမ်ပေါ်တွင် နေ့တိုင်း ကြားသိနေရသည့် သတင်းများသည် အခြားသူများထက် ပိုမို များပြားလေသည်။
ထို့ကြောင့် ယွမ်မြို့၏ အခြေအနေမှာ အန္တရာယ်ကြီးမားနေဆဲ ဖြစ်ကြောင်း သူမ ကောင်းကောင်း သိထားသည်။
"အခြေအနေ ကောင်းလာပါပြီ"
ဆရာကျန်းက ပြောရင်း ဒုတိယထပ်သို့ မော့ကြည့်လိုက်သည်။
"လင်းတန်းလေး နေမကောင်းသေးဘူးလား"
"အင်း"
ရှီဖုန်းလန် ခေါင်းညိတ်ပြသည်။
"ဒါပေမဲ့ မနက်က အစ်မ သွားပို့တုန်းကတော့ သူ အကုန်စားတယ်။ ပေရန်လေး သွားပြီး သွေးခုန်နှုန်း စမ်းကြည့်ပေးဦးမလား"
"မလိုပါဘူး... သူ့ကို အေးအေးဆေးဆေး အနားယူခိုင်းလိုက်ပါ"
ရှဲ့လင်းတန်းသည် ကျင့်ကြံသူ လောကထဲသို့ ဝင်ရောက်ကာစသာ ရှိသေးပြီး အခြေခံ မခိုင်မာသေးပေ။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများ အဆိပ်သင့်သွားသည့်အခါ ခံစားရသည့် ဝေဒနာမှာ ပိုမို ပြင်းထန်မည် ဖြစ်သည်။
ထိုအချိန်တွင် မုန်စစ်ပေ့ လျှောက်လာပြီး ရေနွေးအိုးကို ကိုင်ကာ ဆရာကျန်းအတွက် ထင်းရူးပင် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ တီးတိုး ပြောလိုက်လေသည်။
"အရှင်... စောစောက အရှင် တကယ်ကို ခံ့ညားလွန်းပါတယ်"
ခုနက ဆရာကျန်းသည် အနက်ရောင်သူတော်စင်များကို လှောင်ပြောင် ပြောဆိုလိုက်ချိန်တွင် ဘေးမှ ကြည့်နေသော မုန်စစ်ပေ့ တစ်ယောက် လန့်ဖျပ်သွားပြီး အသက်ပင် ရဲရဲမရှူရဲခဲ့ပေ။
ထိုနေရာတွင် ရှိနေသူများအားလုံးသည် အနက်ရောင်သူတော်စင်ကြီးများ ဖြစ်ကြသည်။ တစ်ပါးစီတိုင်းသည် အံ့ဖွယ်နဂါးတိုက်ကြီး၏ ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအားရှင်များ ဖြစ်ကြသည်။
ထိုလူများထဲမှ တစ်ယောက် ပေါ်လာရုံဖြင့် မုန်စစ်ပေ့ မှာ ကြောက်လန့်ပြီး ခေါင်းမမော့ရဲအောင် ဖြစ်ရသည်အထိ ဖြစ်သည်။ ယခုမူကား ထိုမျှ များပြားသော အနက်ရောင်သူတော်စင်များ တစ်ပြိုင်နက် ရှိနေခြင်း ဖြစ်သည်။
သို့သော် ဆရာကျန်းက သူတို့ကို ဆူပူကြိမ်းမောင်းရဲသည်ကို မြင်လိုက်ရသောအခါ မုန်စစ်ပေ့မှာ ကြောင်အမ်းသွားရသည်။
အရှင်၏ စွမ်းအားများသည် နက်ရှိုင်းပြီး ခန့်မှန်းရခက်ကြောင်း သူမ သိထားသော်လည်း ဤမျှအထိ မြင့်မားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
လူသားတစ်ယောက် အနေဖြင့် အားကြီးသူကို ကိုးကွယ်အားကျခြင်းသည် သဘာဝပင် ဖြစ်သည်။ ထို့ကြောင့် ကူလျန်ချန် ထွက်ခွာသွားသည်နှင့် မုန်စစ်ပေ့ သည် သူမ၏ လေးစားအားကျစိတ်ကို ဖွင့်ဟရန် ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။
မုန်စစ်ပေ့ ကမ်းပေးသော ထင်းရူးပင် လက်ဖက်ရည်ကို လှမ်းယူပြီး တစ်ငုံသောက်လိုက်ရင်း ဆရာကျန်း သူမကို အကဲခတ်လိုက်သည်။
စနစ်က အထူးတလည် သတိပေးပြီး ခေါ်လာခိုင်းထားသော ကိရိယာတစ်ခုအနေဖြင့် ဆရာကျန်းသည် မုန်စစ်ပေ့ အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့သည်။ သို့သော် လက်ရှိ အခြေအနေအရ ကြည့်လျှင်မူ ကြီးမားသော အင်အားကွာခြားချက်များ ရှေ့မှောက်တွင် ကံကောင်းခြင်း ဆိုသည်မှာလည်း ဘာမှ အရာမဝင်ကြောင်း တွေ့ရှိရလေသည်။
သူမကို နေ့တိုင်း ခေါ်ထုတ်ပြီး စူးစမ်းရှာဖွေမှုများ ပြုလုပ်သော်လည်း စနစ်၏ ရွေးချယ်မှုများက ဆယ်ခါဆက်တိုက် တက်လာနေဆဲ ဖြစ်ပြီး လှုပ်ရှား၍ပင် မရသော အခြေအနေ ဖြစ်နေသည်။
ဆရာကျန်း၏ စူးရှသော အကြည့်များကို ခံစားလိုက်ရသည့်အခါ မုန်စစ်ပေ့၏ ရင်ထဲတွင် ဗြောင်းဆန်သွားတော့သည်။ ရှန့်တိုင်းပြည်တွင် အဆင့်မြင့် ပုဂ္ဂိုလ်များ များစွာ ရှိသော်လည်း အရှင်က သူမ တစ်ယောက်တည်းကိုသာ အထူးတလည် ခေါ်ဆောင်လာခဲ့သည့် အကြောင်းရင်းကို ယခုထိ သူမ နားမလည်နိုင်သေးပေ။
လူဆိုသည်မှာ အကြောင်းရင်းကို မသိရသည့်အခါ တွေးတော ခန့်မှန်းတတ်ကြစမြဲ ဖြစ်၏။
ယခင်ကဆိုလျှင် အရှင်သည် သူမကို လက်ရုံးတစ်ဆူ အနေဖြင့် ခေါ်ဆောင်သွားလိုခြင်း ဖြစ်မည်ဟု မုန်စစ်ပေ့ ထင်မှတ်ခဲ့ဖူးသည်။ သို့သော် ယခုအခါ ထိုအတွေးများ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
နောက်ပြောင်နေတာလား... အရှင်၏ လက်အောက်ရှိ ထူးဆန်းသော သားရဲနှစ်ကောင်ကပင် သူမထက် အဆပေါင်းရာချီ သာလွန်နေသည်။ ထို့အပြင် ယခုအခါ အနက်ရောင်သူတော်စင်များကပင် အရှင့်ကို အသက်ပေး ကာကွယ်ရန် အသင့်ရှိနေကြရာ သူမကဲ့သို့သော သာမန် အနက်ရောင်ဧကရာဇ် အထွတ်အထိပ် အဆင့်လေးကို လက်ရုံးအဖြစ် အလိုရှိပါမည်လော။
အပြင်လူ ကြားသွားလျှင် ဟားစရာ ဖြစ်နေပေလိမ့်မည်။
ကျင့်ကြံခြင်းအဆင့်ကို ဖယ်ထားလိုက်လျှင် အရှင်က သူမ၏ မည်သည့်အချက်ကို သဘောကျသနည်းဟု မုန်စစ်ပေ့ အသည်းအသန် စဉ်းစားကြည့်သည်။ လက်မှုပညာအရ ကြည့်လျှင်လည်း သူမသည် ဘာမှ နားမလည်သော လူအ ဖြစ်သည်။ မည်သည့် လက်မှုပညာမျှ ထုတ်ပြစရာ မရှိပေ။
လောကီ အတွေ့အကြုံအရ ကြည့်လျှင်လည်း သူမသည် အရှင့်ရှေ့မှောက်တွင် ဘာမှမသိ နားမလည်သော စာရွက်ဖြူလေး တစ်ရွက်သဖွယ်သာ ဖြစ်နေပြန်သည်။
ထို့ကြောင့် စဉ်းစားရင်း စဉ်းစားရင်းဖြင့် မုန်စစ်ပေ့ နောက်ဆုံး တွေးမိသည့် အကြောင်းပြချက် တစ်ခုတည်းသာ ရှိတော့သည်။
'မဖြစ်နိုင်ဘူးလား... တကယ်လို့များ... အရှင့်ရဲ့ စိတ်ထဲမှာ ငါ့အတွက် နေရာလေးတစ်ခု ရှိနေတာများလား'
ထိုဖြစ်နိုင်ခြေကို တွေးမိသည်နှင့် မုန်စစ်ပေ့၏ မျက်နှာလေး နီရဲသွားပြီး ရင်ထဲတွင် ပြောပြမတတ်နိုင်သော ကြည်နူးမှုများ ဖြစ်ပေါ်လာတော့သည်။
သို့သော် ထိုကဲ့သို့သော ခံစားချက်မျိုး ဖြစ်ပေါ်လာတိုင်း မုန်စစ်ပေ့၏ ခေါင်းထဲသို့ ဝတ်ရုံနက် စီနီယာ၏ ပုံရိပ် ဝင်ရောက်လာပြီး သူမ၏ ပါးကို သူမ ပြန်ရိုက်ကာ စိတ်ထိန်းလိုက်ရသည်။
ဤသို့ စိတ်နှစ်ခွ ဖြစ်နေခြင်းက သူမကို ယောက်ျားတစ်ယောက်ပြီး တစ်ယောက် ပြောင်းတတ်သော မိန်းမတစ်ယောက်ဟု ခံစားရစေပြီး ထိုပုဂ္ဂိုလ်နှစ်ဦးလုံးနှင့် မထိုက်တန်ဟု ခံစားရစေသည်။
'ဒါပေမဲ့ တကယ်လို့များ မျက်နှာဖုံးစွပ် စီနီယာနဲ့ အရှင်တို့ နှစ်ယောက်လုံးက ငါ့ကို ချစ်တယ်လို့ ပြိုင်တူ လာပြောကြရင်... ငါ ဘာလုပ်ရမလဲ'
ထိုမြင်ကွင်းကို စိတ်ကူးယဉ်မိတိုင်း မုန်စစ်ပေ့မှာ ပျော်လွန်း၍ နှာခေါင်းသွေးပင် ယိုချင်လာတော့သည်။
"ဂိုဏ်းချုပ်မု"
မုန်စစ်ပေ့ သူမ၏ စိတ်ကူးယဉ်ကမ္ဘာထဲသို့ တိုးဝင်လုနီးပါး ဖြစ်နေစဉ် ဆရာကျန်း၏ ခေါ်သံကြောင့် လက်တွေ့ကမ္ဘာထဲသို့ ပြန်ရောက်လာခဲ့သည်။
"ရှင်... အရှင် ဘာများ ခိုင်းစေစရာ ရှိပါသလဲ"
"မင်းရဲ့ အတိတ်အကြောင်းလေး နည်းနည်းလောက် ပြောပြပါလား... ဥပမာ မင်း အနက်ရောင်ဧကရာဇ် အဆင့်အထိ တက်လှမ်းလာတဲ့ လမ်းတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အရေးကြီးတဲ့ အဖြစ်အပျက်တွေပေါ့"
ဆရာကျန်း ဤသို့ မေးမြန်းရသည့် ရည်ရွယ်ချက်မှာ ရှင်းရှင်းလေးပင်။ မုန်စစ်ပေ့၏ ကံကောင်းသော ခန္ဓာကိုယ်သည် မည်သည့် အခြေအနေမျိုးတွင် ပိုပြီး ပေါက်ကွဲထွက်လာတတ်သည်ကို ဆန်းစစ်လိုခြင်း ဖြစ်သည်။
သို့မဟုတ်ပါက သူမ၏ ဦးနှောက်အဆင့်နှင့်ဆိုလျှင် အနက်ရောင်ဧကရာဇ် မဖြစ်ခင်ကတည်းက စောစောစီးစီး သေဆုံးသွားလောက်ပြီ ဖြစ်သည်။
သို့သော် မုန်စစ်ပေ့ နားကြားလိုက်သည်မှာ အရှင်က သူမ၏ အတိတ်အကြောင်းကို သိချင်နေသည်။ ရုတ်တရက် ရင်ခုန်သံများ ပိုမို မြန်ဆန်လာပြီး အပျော်လွန်ကာ အသံထွက် ရယ်မောမိမည် စိုးသဖြင့် ဝတ်ရုံစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ရသည်။
"ကျွန်မရဲ့ ဘဝက သာမန်ပါပဲ... အရှင်လို ပုဂ္ဂိုလ်မျိုးရဲ့ ရှေ့မှာတော့ ထုတ်ပြောစရာတောင် မလိုပါဘူး"
"ပြောဆိုရင် ပြောလိုက်ပါ"
အရှင့်ထံမှ လွှမ်းမိုးမှု ပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ မုန်စစ်ပေ့၏ စိတ်ထဲတွင် အရှင့်ပုံရိပ်နှင့် မျက်နှာဖုံးစွပ် စီနီယာ၏ ပုံရိပ်တို့ ထပ်တူကျသွားပြန်သည်။
"ဘယ်လိုလဲ... မပြောချင်ဘူးလား"
မုန်စစ်ပေ့၏ စိတ်ထဲတွင် လူနှစ်ယောက်၏ ပုံရိပ်များ ထပ်တူကျလုနီးပါး ဖြစ်နေစဉ် ဆရာကျန်း ထပ်မံ ပြောလိုက်သဖြင့် သူမ၏ စိတ်ကူးများ ပြတ်တောက်သွားသည်။
"မဟုတ်... မဟုတ်ပါဘူး... အရှင် သိချင်တယ်ဆိုရင် ကျွန်မ အကုန် ပြောပြပါ့မယ်... ဒါဆိုရင်... ကျွန်မ ဂိုဏ်းထဲ စရောက်တုန်းကနေ စပြောပြပါမယ်..."
"လိုရင်းကိုပဲ ရွေးပြောပါ"
"ဟုတ်ကဲ့"
မုန်စစ်ပေ့ ခေါင်းညိတ်လိုက်ပြီး ဂိုဏ်းထဲ ဝင်ရောက်ပြီးနောက် ကြုံတွေ့ခဲ့ရသော အရေးကြီး ကိစ္စရပ်များကို စတင် ပြောပြလေသည်။
...
"လိုရင်းပဲ ပြော"
"လိုရင်း"
"နောက်တစ်ခါ ထပ်သတိပေးမယ်... လိုရင်းပဲ ပြောပါ"
"မင်း လိုရင်းဆိုတာ ဘာလဲ နားမလည်ဘူးလား"
မုန်စစ်ပေ့ သူမ၏ ကျင့်ကြံခြင်း ခရီးလမ်းအကြောင်း ပြောပြနေစဉ် ဆရာကျန်းသည် လိုရင်းကိုသာ ပြောရန် ထပ်ခါတလဲလဲ သတိပေးနေရသည်။ သို့မဟုတ်ပါက သူမ ပြောပြနေသည်မှာ အသေးစိတ်လွန်းလှပြီး ဆရာကျန်းအနေဖြင့် ထိုမျှလောက် နားထောင်နေရန် အချိန်မရှိပေ။
အခါခါ သတိပေးခံရပြီးနောက် မုန်စစ်ပေ့ လည်း အရှင် နားထောင်ချင်သည်မှာ ဘာလဲဆိုတာ တဖြည်းဖြည်း သဘောပေါက်လာပြီး နှစ်ဦးသား ပြောဆိုဆက်ဆံမှုမှာ အဆင်ပြေ ချောမွေ့လာသည်။
နံ့သာတိုင် တစ်တိုင်စာခန့် နားထောင်ပြီးနောက် ဆရာကျန်း အကြမ်းဖျင်း ကောက်ချက်ချလိုက်နိုင်ပြီ ဖြစ်သည်။ မုန်စစ်ပေ့၏ "ကံကောင်းခြင်း" ခန္ဓာကိုယ်သည် သူမ အသက်အန္တရာယ် ကြုံတွေ့ချိန်တွင် ပေါက်ကွဲတတ်ရုံသာမက သူမ တစ်စုံတစ်ခုကို ပြင်းပြင်းပြပြ လိုချင်သည့် အခါမျိုးတွင်လည်း ပေါက်ကွဲတတ်လေသည်။
ဥပမာအားဖြင့် သူမ ပထမဆုံးအကြိမ် လူငယ် သူရဲကောင်းပြိုင်ပွဲ ဝင်ပြိုင်စဉ်က လေးမျက်နှာဂိုဏ်း အတွက် ဆုတစ်ခု ရယူပေးလိုစိတ် ပြင်းပြခဲ့သည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ပြိုင်ပွဲဝင်အားလုံးထဲတွင် ထိပ်တန်းစာရင်း မဝင်သော်လည်း ပြိုင်ပွဲရက် ရောက်သည့်အခါ သူမ၏ ပြိုင်ဘက်များမှာ မကြာခဏဆိုသလို မတော်တဆမှုများ ဖြစ်ပွားကြသည်။ အချို့မှာ ယခင်ပွဲစဉ်တွင် ဒဏ်ရာပြင်းထန်စွာ ရထားသဖြင့် အစွမ်းကုန် မထုတ်နိုင်ခြင်း၊ အချို့မှာ တိုက်ခိုက်နေရင်း လက်နက် ကျိုးသွားခြင်း စသဖြင့် ဖြစ်ပျက်ခဲ့သည်။
ခြုံပြောရလျှင် မုန်စစ်ပေ့သည် တစ်စုံတစ်ခုကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ဖြစ်မြောက်စေချင်သည့်အခါ ကမ္ဘာလောကကြီး တစ်ခုလုံးက သူမအတွက် လမ်းဖယ်ပေးလိုက်သကဲ့သို့ ဖြစ်သွားတတ်သည်။
အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် ဇာတ်လိုက်မင်းသား မင်းသမီး ပုံစံခွက်ပင် ဖြစ်လေသည်။
မုန်စစ်ပေ့အနက်ရောင်ဧကရာဇ် ဖြစ်လာပုံ အကြောင်းစုံ ပြောပြပြီးသည့်အခါ ဆရာကျန်း ခေါင်းငုံ့ပြီး အတွေးနက်သွားသည်။
ခေတ္တအကြာတွင် ဆရာကျန်းသည် ကောင်းကင်မျက်လုံး အစီအရင်ကို ဖွင့်ကာ အပြင်ဘက်ရှိ ထူထပ်သော အဆိပ်မြူများကို ကြည့်ရင်း ညည်းတွားလိုက်သည်။
"ရှန့်တိုင်းပြည်ရဲ့ အခြေအနေ ဘယ်လိုရှိနေပြီလဲ မသိဘူး"
မုန်စစ်ပေ့ ကြားလိုက်သည်နှင့် ခံစားချက်ပေါင်းစုံ ရင်ထဲသို့ တိုးဝင်လာတော့သည်။
ဆရာကျန်း၏ ပျံသန်းစံအိမ်ပေါ်သို့ ရောက်ရှိလာကတည်းက သူမ၏ စိတ်အာရုံများသည် အရှင့်ကို ခန့်မှန်းရမည့် ကိစ္စတစ်ခုတည်း၌သာ လည်ပတ်နေပြီး ကျန်သည့်ကိစ္စများကို မေ့လျော့ထားခဲ့သည်။
ထို့နောက် နေ့စဉ်နှင့်အမျှ အရှင် ပေးစွမ်းသော အံ့သြဖွယ်ရာများတွင် နစ်မြောနေခဲ့သည်။ အစပိုင်းတွင် အနက်ရောင်သခင်များက အရှင့်စကား နားထောင်သည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် အဆင့်ကိုး ပညာရှင်ကြီးများကပါ နားထောင်သည်ကို တွေ့ရသည်။ ယနေ့တွင်မူ အနက်ရောင် သူတော်စင်ကြီးများကပါ အရှင့်စကားကို မြေဝယ်မကျ နားထောင်ကြောင်း တွေ့ရှိလိုက်ရသည်။
ဒါသည် တိုက်ကြီးတစ်ခုလုံး၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။
မုန်စစ်ပေ့၏ အသိဉာဏ်တွင် အရှင် ပြသခဲ့သော စွမ်းရည်များအရ ဤကမ္ဘာပေါ်တွင် အရှင့်ကို ခက်ခဲစေမည့် ကိစ္စဟူ၍ မရှိနိုင်တော့ဟု ထင်မှတ်ထားခဲ့သည်။
ထို့ကြောင့် အရှင်က "ရှန့်တိုင်းပြည်ရဲ့ အခြေအနေ ဘယ်လိုရှိနေပြီလဲ မသိဘူး" ဟု ဝမ်းနည်းပက်လက် ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ အရှင့်မှာလည်း စိတ်ပူစရာ ကိစ္စများ ရှိနေပါလားဟု မုန်စစ်ပေ့ ရုတ်တရက် သိလိုက်ရသည်။
ဤအချက်က မုန်စစ်ပေ့၏ စိတ်ထဲရှိ အရာရာကို ထိန်းချုပ်ထားနိုင်သော အရှင့်ပုံရိပ်ကို ရုတ်ချည်း ရိုက်ချိုးလိုက်လေသည်။
ဂိုဏ်းချုပ်၊ ဆရာသခင်၊ ဂျူနီယာညီမလေး၊ တပည့်များ...
လေးမျက်နှာဂိုဏ်းရှိ ရင်းနှီးသော မျက်နှာများအားလုံး မုန်စစ်ပေ့၏ ခေါင်းထဲသို့ တိုးဝင်လာကြသည်။
'ဟုတ်သားပဲ... ဒီလောက်များတဲ့ အနက်ရောင်သူတော်စင်ကြီးတွေတောင် ဒီအဆိပ်မြူတွေကို မဖြေရှင်းနိုင်ကြဘူးဆိုရင်... ရှန့်တိုင်းပြည်က ဒီဘေးအန္တရာယ်ကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ'
"ဂလု..."
ထိုအကြောင်း တွေးမိသည်နှင့် မုန်စစ်ပေ့ ရုတ်တရက် ထိတ်လန့်လာသည်။ အကယ်၍ ပြန်ရောက်ချိန်တွင် ရှန့်တိုင်းပြည်သည် အပျက်အစီးပုံကြီး ဖြစ်နေခဲ့လျှင်... လေးမျက်နှာဂိုဏ်းသာ...
ထိုပုံရိပ်များကို တွေးမိသည်နှင့် မုန်စစ်ပေ့ ရင်ဘတ်ထဲတွင် စူးအောင့်သော နာကျင်မှုကို ခံစားလိုက်ရသည်။
မုန်စစ်ပေ့၏ အမူအရာ ပြောင်းလဲမှုများကို ဆရာကျန်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။
'ထင်တဲ့အတိုင်းပဲ... သူ ဒီကိစ္စတွေကို လုံးဝ သတိမထားမိခဲ့ဘူးပဲ'
သူ၏ စကားလမ်းကြောင်းပေးမှု အလုပ်ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ဆရာကျန်းသည် လေသံကို ပိုမို လေးနက်စေပြီး ပို၍ ဝမ်းနည်းသော အသံဖြင့် ပြောလိုက်သည်။
"မူလကတော့ ငါက အဆိပ်မြူတွေ လုံးဝ ပုံစံမကျခင် အမြန်ဆုံး ရှင်းလင်းပစ်ချင်ခဲ့တာ... ခြောက်နိုင်ငံလုံးကို သွားပြီး အရင်းအမြစ်ကနေ ဒီပြဿနာကို ဖြေရှင်းချင်ခဲ့တာ... ဒါပေမဲ့ လူ့အကြံထက် ဘုရားအကြံက ကြီးနေတယ်..."
ဆရာကျန်းက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
"ဂူကျင့်ကြံသူတွေရဲ့ အင်အားက ကျွန်တော် ထင်ထားတာထက် ပိုအားကောင်းနေတယ်... ထုန်နိုင်ငံက အနက်ရောင်သူတော်စင် အားလုံးရဲ့ အင်အားကို ပေါင်းစည်းထားတာတောင် ဟာကွက်ရှာမရဘဲ ဒီနေရာမှာ ပိတ်မိနေရတယ်"
မုန်စစ်ပေ့၏ ရင်ထဲမှ နာကျင်မှုမှာ ပိုမို ဆိုးရွားလာသည်။ သူမသည် အရှင့်ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
"အရှင်... အရှင့်ရဲ့ မူလ အစီအစဉ်က ဘာလဲဟင်"
"မူလက ငါ့ အစီအစဉ်က အမြန်ဆုံး တိုက်ခိုက်ပြီး အနိုင်မယူနိုင်ရင် ရှန့်တိုင်းပြည်ကို အရင်ပြန်ပြီးမှ ဆက်စဉ်းစားဖို့ပဲ... ဒါပေမဲ့ ထုန်နိုင်ငံက ဒီလောက်မြန်မြန် ဝိုင်းရံပိတ်ဆို့ခံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... ပြန်မယ့်လမ်းကြောင်း လုံးဝ ရှာမရတော့ဘူး"
ဆရာကျန်း၏ စကားကြောင့် မုန်စစ်ပေ့ပို၍ ထိတ်လန့်သွားသည်။ အရှင် ရှိနေသရွေ့ ပြဿနာ အားလုံး ပြေလည်သွားမည်၊ ကိစ္စအားလုံး အရှင့် လက်ခုပ်ထဲတွင် ရှိနေသည်ဟု သူမ ယုံကြည်ထားသောကြောင့် ဖြစ်သည်။
သို့သော် ယခုအခါ အရှင်က သူမကို သူ၏ အားနည်းချက်ကို ရုတ်တရက် ထုတ်ပြလိုက်သည်။
သူက ရှန့်တိုင်းပြည်ကို ကာကွယ်ချင်ခဲ့သော်လည်း ယခုအခါ ဒီနေရာတွင် ပိတ်မိနေသည်။ ထိုသို့ဆိုလျှင် ရှန့်တိုင်းပြည်သည်...
မုန်စစ်ပေ့ ဆက်မတွေးရဲတော့ပေ။ သူမ၏ ဆွေမျိုးသားချင်း အားလုံး ရှန့်တိုင်းပြည်တွင် ရှိနေကြသည်။ အကယ်၍ ရှန့်တိုင်းပြည်သာ လုံးဝ ကျဆုံးသွားခဲ့လျှင်...
တစ်ခဏချင်းမှာပင် မုန်စစ်ပေ့ အသက်ရှူ မြန်လာပြီး မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝိုင်းလာလေသည်။
သူမ ပြန်ချင်သည်။
လက်ရှိအချိန်တွင် သူမ ဒီနေရာ၌ တစ်ခဏလေးပင် ဆက်မနေချင်တော့ပေ။ အမြန်ဆုံး ရှန့်တိုင်းပြည်သို့ ပြန်ချင်သည်။ သူမ၏ အင်အားက မပြောပလောက်ဟု ဆိုလျှင်တောင် သေရမယ်ဆိုရင်တောင်မှ လေးမျက်နှာဂိုဏ်းက လူတွေနဲ့အတူ အသေခံလိုက်ချင်သည်။
မျက်ရည်များကို အတင်း ထိန်းချုပ်လိုက်ပြီး မုန်စစ်ပေ့ အရှင့်ကို မေးလိုက်သည်။
"အရှင်... တကယ်ပဲ နည်းလမ်း လုံးဝ မရှိတော့ဘူးလား"
မုန်စစ်ပေ့၏ နီရဲနေသော မျက်ဝန်းများကို ကြည့်ရင်း သူမ၏ အိမ်ပြန်ချင်စိတ်ကို အပြည့်အဝ ဆွပေးလိုက်နိုင်ပြီ ဖြစ်ကြောင်း ဆရာကျန်း သိလိုက်သည်။
"ကျွန်တော်လည်း မင်းလိုပဲ... ရှန့်တိုင်းပြည်မှာ အရေးကြီးတဲ့ လူတွေ အများကြီး ရှိတယ်... ဒါကြောင့် နည်းလမ်း တစ်ခုလောက် ရှိမယ်ဆိုရင်တောင် ပိတ်ဆို့မှုကို ဖောက်ထွက်ပြီး ရှန့်တိုင်းပြည်ကို ပြန်ပြေးသွားပြီပေါ့"
မုန်စစ်ပေ့ လက်သီးကို တင်းတင်း ဆုပ်လိုက်မိသည်။ အရှင်လောက် စွမ်းအားကြီးသူတောင် နည်းလမ်းမရှိဘူး ဆိုမှတော့ သူမက ဘာတတ်နိုင်မှာလဲ။
"အခု ပြန်လို့ရမယ့် တစ်ခုတည်းသော နည်းလမ်းကတော့..."
ထိုစဉ် ဆရာကျန်း ရုတ်တရက် ပြောလိုက်သည်။
"ဘာလဲဟင်" မုန်စစ်ပေ့ စိတ်လှုပ်ရှားစွာ ထပ်မေးလိုက်သည်။
"ထုန်နိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းပြီး ပိတ်ဆို့ထားတဲ့ စက်ကွင်းကို ဖွင့်ဖို့ပဲ"
မုန်စစ်ပေ့ ကြားလိုက်ရသည့်အခါ သူမအနေဖြင့် ဘာမှ ကူညီနိုင်မည် မဟုတ်ဟု ထင်မိသော်လည်း ရင်ထဲတွင် မျှော်လင့်ချက် မီးတောက်များ ပြန်လည် တောက်လောင်လာသည်။
"အရှင်... တကယ်လို့ ဒီကိစ္စမှာ ကျွန်မ နည်းနည်းလေးပဲ ဖြစ်ဖြစ် ကူညီခွင့် ရမယ်ဆိုရင်... ကျွန်မ အသက်ပေးရပါစေ... စစ်ပေ နောက်တွန့်မှာ မဟုတ်ပါဘူး"
'ကောင်းပြီ... လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီ'
ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သဖြင့် ဆရာကျန်း ကောင်းကင်မျက်လုံး အစီအရင်ကို ပိတ်လိုက်ပြီး မုန်စစ်ပေ့၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"အင်း... မင်းရဲ့ ယုံကြည်ချက်ကို ငါ သေသေချာချာ ခံစားမိပါတယ်... ဒါဆိုရင် ငါတို့ အတူတူ ကြိုးစားကြတာပေါ့... ရှန့်တိုင်းပြည်ကို စောစော ပြန်ရောက်အောင်လေ... ဒါဆိုရင်... အရာအားလုံး အချိန်မီချင် မှီဦးမှာပါ"
"ဟုတ်ကဲ့"
မုန်စစ်ပေ့ ခေါင်းကို အားပါပါ ညိတ်လိုက်သည်။
မုန်စစ်ပေ့ အတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်ပြီး စိတ်ပူပန်နေသော သူမ၏ မျက်နှာကို ကြည့်ရင်း လုပ်စရာရှိတာ လုပ်ပြီးပြီ ဖြစ်ကြောင်း၊ ကျန်တာကတော့ ကြီးမားသော အင်အားကွာခြားမှု ရှေ့မှောက်တွင် ကံတရားက အလုပ်ဖြစ် မဖြစ် စောင့်ကြည့်ရုံသာ ရှိတော့ကြောင်း ဆရာကျန်း တွေးလိုက်သည်။
လူ့ဘက်က အကုန်ကြိုးစားပြီးပြီမို့ ကျန်တာ ကံတရားကို ပုံချရုံပေါ့။
မကြာမီ ကူလျန်ချန်သည် ဒုတိယထပ်မှ ဆင်းလာပြီး ဆရာကျန်း၏ ဘေးနားသို့ တန်းတန်းမတ်မတ် လျှောက်လာကာ ပြောလိုက်သည်။
"ဆရာကျန်း... မင်းရဲ့ ဆရာတူအစ်ကိုက ကျင့်ကြံခြင်း ပါရမီ အရမ်းမကောင်းပေမယ့် စိတ်နေစိတ်ထားကတော့ သိပ်ကောင်းတာပဲ... လူငယ်တွေထဲမှာ တွေ့ရခဲတယ်"
ဆရာကျန်း အနည်းငယ် အံ့သြသွားပြီး မေးလိုက်သည်။
"ခဏလေး တွေ့လိုက်ရုံနဲ့ စီနီယာကူလျန်က ကျွန်တော့်အစ်ကိုရဲ့ စိတ်နေစိတ်ထား ကောင်းမွန်မှန်း သိသွားပြီလား"
"ဟား ဟား ဟား"
ကူလျန်ချန် ရယ်မောလိုက်သည်။
"ငါအရှင်မှာ သူ့စိတ်နေစိတ်ထားကို စမ်းသပ်တဲ့ နည်းလမ်း ရှိတယ်... တပည့်လက်ခံတဲ့ ကိစ္စမှာ ပါရမီက ဒုတိယပဲ... အရေးကြီးဆုံးက စိတ်နေစိတ်ထား ကောင်းဖို့ပဲလို့ ငါ ယူဆတယ်... မဟုတ်ရင် ဝံပုလွေတစ်ကောင် မွေးမိသလို ဖြစ်သွားမယ့် သာဓကတွေ ထုန်နိုင်ငံမှာ အများကြီး ရှိတယ်လေ"
ဆရာကျန်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"စီနီယာကူ ပြောတာ မှန်ပါတယ်... ဒီလောကကြီးမှာ စိတ်နေစိတ်ထား ကောင်းမွန်တာထက် ပိုအရေးကြီးတာ မရှိပါဘူး"
"ဒါနဲ့ နေပါဦး... မင်းက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ... ဒီနေ့ ကျင်းကျယ်အဆောင်ကို မသွားဘူးလား"
ပုံမှန်ဆိုလျှင် ကူလျန်ချန်သည် လူဘိုကွေးကို သင်ကြားပေးပြီး ပြန်ဆင်းလာချိန်၌ ဆရာကျန်း ထွက်ခွာသွားပြီ ဖြစ်သည်။ ဒီနေ့ကျမှ ထူးထူးခြားခြား ဆက်ရှိနေသေးသည်။
ဆရာကျန်း ခေါင်းခါလိုက်ပြီး ညည်းတွားလိုက်သည်။
"ခဏနေမှ သွားမှာ... ခုနက မြင်ကွင်းကိုကြည့်ပြီး စိတ်မကောင်း ဖြစ်မိလို့ အချိန်နည်းနည်း ယူနေတာပါ"
ကူလျန်ချန်လည်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူရော ဘယ်မှာ စိတ်ကောင်း ရှိပါ့မလဲ။ တချိန်က စည်ပင်ခဲ့သော ထုန်နိုင်ငံကြီး ယခုလို အဖြစ်ဆိုးမျိုး ကြုံတွေ့နေရသည်ကို တွေးမိတိုင်း ရင်ထဲမှ ခံစားချက်ကို သူသာလျှင် အသိဆုံး ဖြစ်သည်။
"ဟူး..."