အသက်ရှူလမ်းကြောင်းတစ်လျှောက်
Vol. 52 Ch. 589
နောက်တစ်နေ့ အချိန် (ညနေ ၃ နာရီမှ ၅ နာရီ)ခန့်……
ဆရာကျန်းနှင့် အနက်ရောင်သူတော်စင်ကြီးများသည် ထုံးစံအတိုင်း ရှီဖုန်းလန်၏ ပျံသန်းစံအိမ်ပေါ်သို့ တက်ရောက်ကာ ယွမ်မြို့အပြင်ဘက်သို့ ထွက်ခွာလာကြသည်။
မနေ့က မုန်စစ်ပေ့၏ "ကံကောင်းခြင်း" ကို လှုံ့ဆော်ပေးထားပြီးဖြစ်သဖြင့် ယနေ့ခရီးစဉ်အပေါ် ဆရာကျန်း အတော်လေး မျှော်လင့်ချက် ထားနေမိသည်။ ဒီနေ့တော့ အခြေအနေကို ဖောက်ထွက်နိုင်မယ့် နည်းလမ်းကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေသည်။
သို့သော် ဆန္ဒနှင့် ဘဝသည် တစ်ထပ်တည်း မကျပေ။
ယွမ်မြို့အပြင်ဘက်သို့ ရောက်သည်နှင့် စနစ်၏ ရွေးချယ်မှုများ တက်လာလေသည်။ ရွေးချယ်မှုများကို ကြည့်ခြင်းအားဖြင့် ယွမ်မြို့ပတ်ဝန်းကျင်သည် အန္တရာယ်များနှင့် ပြည့်နှက်နေဆဲ ဖြစ်ကြောင်း သိသာနေသည်။
အနောက်ဘက်သို့ ပျံသန်းရန် ရွေးချယ်ပြီးနောက် ဆရာကျန်း သက်ပြင်းချလိုက်မိသည်။
ကြီးမားသော အင်အားကွာခြားချက် ရှေ့မှောက်တွင် ကံတရားကလည်း ယုတ္တိမရှိသည့် အလုပ်များကို မလုပ်နိုင်ကြောင်း ထင်ရှားနေသည်။
သက်ပြင်းချနေစဉ်မှာပင် ဒုတိယ ရွေးချယ်မှု တက်လာပြန်သည်။ ထုံးစံအတိုင်း နောက်ဆုံး ရွေးချယ်မှုကို ရွေးချယ်လိုက်သော်လည်း ရရှိလာသော ဆုလာဘ်ကြောင့် ဆရာကျန်း ထူးခြားမှုကို ခံစားလိုက်ရသည်။
[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - အဆိပ်ကျွေးမွေးခြင်း +၁]
ဤ အဆိပ်ကျွေးမွေးခြင်း နည်းပညာသည် ဂူမွေးမြူခြင်း နှင့် သက်ဆိုင်သော အဆင့်မြင့် ပညာရပ်တစ်ခု ဖြစ်သည်။ ဤနည်းပညာရမှတ် တစ်ခုတည်း တက်လာခြင်းက ထူးဆန်းသည်ဟု မဆိုနိုင်သော်လည်း ယခင်ကလည်း မကြာခဏ တက်လာဖူးသည်။
သို့သော် ယခု ဆရာကျန်း ထူးဆန်းနေရခြင်းမှာ ခုနက ရွေးချယ်မှုအတွက် ဆုလာဘ်ကလည်း အဆိပ်ကျွေးမွေးခြင်း ဖြစ်နေသောကြောင့်တည်း။
ဒါသည် လုံးဝ ပုံမှန်မဟုတ်တော့ပေ။ ဆရာကျန်းတွင် စွမ်းရည်ရမှတ် နှင့် နည်းစနစ်ရမှတ် စုစုပေါင်း ၅၀ နီးပါး ရှိနေရာ တူညီသော ရမှတ်တစ်ခုကို နှစ်ကြိမ်ဆက်တိုက် ရရှိရန် ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးလှသည်။
ဆရာကျန်း အံ့သြနေစဉ်မှာပင် တတိယ ရွေးချယ်မှု တက်လာပြန်သည်။ တတိယ ရွေးချယ်မှုကို ချက်ချင်း ရွေးချယ်လိုက်ပြီးနောက် ရရှိလာသော ဆုလာဘ်ကို ကြည့်ရင်း ဆရာကျန်း ကြောင်အမ်းသွားသည်။
[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ကပ်ရောဂါ +၁]
ယခုတစ်ကြိမ်တွင် အဆိပ်ကျွေးမွေးခြင်း ထပ်မကျတော့သော်လည်း ကပ်ရောဂါ ဆိုသည်မှာလည်း ဂူမွေးမြူခြင်းနှင့် သက်ဆိုင်သော နည်းပညာတစ်ခုပင် ဖြစ်သည်။ ဆိုလိုသည်မှာ သုံးကြိမ်ဆက်တိုက် ရရှိသော ဆုလာဘ်များအားလုံး ဂူမွေးမြူခြင်းနှင့် သက်ဆိုင်နေသည်။
ဤအချိန်တွင် ဆရာကျန်း တကယ် အံ့သြသွားပြီ ဖြစ်သည်။ သူသည် မုန်စစ်ပေ့ ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူမသည် လက်အုပ်ချီပြီး ဆုတောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမ ဘာဆုတောင်းနေသည် ဆိုတာကိုတော့ ခန့်မှန်းစရာပင် မလိုတော့ပေ။
ဒါသည် တိုက်ဆိုင်မှု သက်သက်များ ဖြစ်နေမလားဟု ဆရာကျန်း တွေးနေစဉ်မှာပင် စတုတ္ထ ရွေးချယ်မှု တက်လာလေသည်။
"ဂလု..."
ဆရာကျန်း တံတွေးတစ်ချက် မျိုချလိုက်ပြီး တတိယ ရွေးချယ်မှုကို ရွေးချယ်လိုက်သည်။
[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ဂူ +၁]
'ကံကောင်းခြင်း အရှင်သခင် ဆိုတာ တကယ်ပဲ ထင်ရာစိုင်းလို့ ရတာလားကွ'
ဆရာကျန်း အံ့သြမှင်သက်သွားသည်။ မုန်စစ်ပေ့၏ "ကံကောင်းခြင်း" က ဒီကပ်ဘေးကြီးအပေါ် ဒီလိုပုံစံမျိုးနဲ့ သက်ရောက်မှု ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဆရာကျန်း ဘာကြောင့် ယာယီ ရမှတ်ပေါင်းထည့်ခြင်းဆိုတဲ့ ရိုးရှင်းတဲ့ နည်းလမ်းကို သုံးချင်ခဲ့တာလဲ။
အကြောင်းမှာ သူ၏ ဂူ နည်းပညာရမှတ်က နည်းပါးလွန်းနေသဖြင့် တစ်ဖက်မှ အဆင့်ဆယ် အထိ ရှိနိုင်သော ဂူပညာရှင်ကို ယှဉ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကံစမ်းသည့်သဘောဖြင့် အပြင်ထွက်ကာ ဂူရမှတ်များ တိုးလာမလားဟု မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဂူ ရမှတ်များ များလာပါက အဆိပ်မြူ သို့မဟုတ် ရိုယွင် ၏ အားနည်းချက်ကို ရှာတွေ့နိုင်ပေလိမ့်မည်။
သို့မဟုတ် အခြား နည်းပညာရမှတ်များ တိုးလာလျှင်လည်း အခြား ရှုထောင့်တစ်နေရာမှ အဖြေရှာတွေ့နိုင်ပေသည်။
သို့သော် လက်ရှိတွင် ရမှတ်အမျိုးအစားများ အလွန်များပြားနေသဖြင့် ဆရာကျန်း နေ့စဉ် ရရှိသော ရမှတ်များမှာ ပြန့်ကျဲနေပြီး ထိရောက်မှု သိပ်မရှိလှပေ။
ယခုမူ မုန်စစ်ပေ့၏ စွမ်းဆောင်မှုကြောင့် လေးကြိမ်ဆက်တိုက် ဂူနှင့် ပတ်သက်သည့် ရမှတ်များချည်း ရရှိနေလေပြီ။
ဒါသည် ယုတ္တိမရှိရုံမျှမက လုံးဝ ယုတ္တိတန်ခြင်း မရှိတော့ပေ။
မုန်စစ်ပေ့၏ ကံကောင်းခြင်း ရှေ့မှောက်တွင် ဖြစ်နိုင်ခြေ သီအိုရီများအားလုံး အမှိုက်ပုံထဲ ရောက်သွားရချေပြီ။
ပို၍ အံ့သြစရာ ကောင်းသည်မှာ မုန်စစ်ပေ့၏ ကံတရားက စနစ်၏ ဆုလာဘ်များကိုပါ လွှမ်းမိုးနိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။ ဒါသည် "မတူညီသော ရှုထောင့်များကြားက အတားအဆီး"ကို ချိုးဖျက်လိုက်ခြင်းပင် ဖြစ်ရာ ဆရာကျန်း တစ်ယောက် "ဟာကွာ" ဟု အာမေဋိတ် ပြုလိုက်မိသည်အထိ ဖြစ်သွားရသည်။
အံ့ဖွယ်နဂါးတိုက်ကြီးတစ်ခုလုံးနှင့် လုံးဝ မတူကွဲပြားနေသော အရာတစ်ခုကို မုန်စစ်ပေ့၏ ကံတရားက သက်ရောက်မှု ရှိစေခဲ့သည်။
'သိပ်ကြမ်းတာပဲကွာ...'
ယခုအချိန်တွင် ဆရာကျန်း သေချာသွားပြီ ဖြစ်သည်။ ဇာတ်လိုက်ကံပါသော အခြား ဇာတ်လိုက်များထက် မုန်စစ်ပေ့က ပိုပြီး စွမ်းအားကြီးမားသော ဖြစ်တည်မှု တစ်ခု ဖြစ်သည်။
စနစ်က သူမကို ခေါ်လာခိုင်းခဲ့သည်မှာ အကြောင်းမဲ့ မဟုတ်ပေ။
'ဒါက လူပုံစံနဲ့ လမ်းလျှောက်နေတဲ့ ဟက်ပါလား'
ဆရာကျန်း ပါးစပ်အဟောင်းသား ဖြစ်နေသည့် အချိန်တိုလေးအတွင်း စနစ်၏ ရွေးချယ်မှု နှစ်ကြိမ် ထပ်တက်လာသည်။ ဆုလာဘ်များအားလုံး ဂူနှင့် သက်ဆိုင်သည်ချည်း ဖြစ်လေသည်။
'ရှယ်ပဲ... ရှယ်မိုက်တယ်'
လောကအကြောင်း စုံအောင် သိထားသော ဆရာကျန်းပင်လျှင် ဒီလောက်အထိ အံ့သြခြင်းမျိုး မကြုံဖူးပေ။ ဒီနေ့တော့ တကယ်ကို မျက်စိပွင့်သွားရပြီ ဖြစ်သည်။
သို့သော် အံ့သြလွန်နေခြင်းက ဆရာကျန်း၏ ဆင်ခြင်တုံတရားကို မပျောက်ကွယ်သွားစေခဲ့ပေ။ ကိုးကြိမ်မြောက် ရွေးချယ်မှု ပေါ်လာချိန်တွင် ဆရာကျန်းသည် ရှီဖုန်းလန်ကို "ပြန်လှည့်ရန်" ချက်ချင်း အချက်ပြလိုက်သည်။
မနေ့က အပြင်းအထန် ငြင်းခုံခဲ့ကြပြီးနောက် အနက်ရောင်သူတော်စင်ကြီးများမှာ စိတ်လိုက်မာန်ပါ မလုပ်ကြတော့ပေ။ ဆရာကျန်းကို ဂါရဝပြု နှုတ်ဆက်ပြီး "ဆရာကျန်း... တိုးတက်မှု တစ်စုံတစ်ရာ ရှိရင် ချက်ချင်း အကြောင်းကြားပေးပါ" ဟု မှာကြားကာ ပျံသန်းစံအိမ်ပေါ်မှ ဆင်းသွားကြသည်။
ကူလျန်ချန်သည်လည်း ထုံးစံအတိုင်း ဒုတိယထပ်သို့ တက်သွားသည်။
ခန်းမဆောင်ထဲတွင် ကျန်ရစ်ခဲ့သော ဆရာကျန်းမှာမူ အံ့သြမှုထဲတွင် နစ်မြောနေဆဲ ဖြစ်သည်။ အံ့သြခြင်းအပြင် ဝမ်းသာပီတိ ဖြစ်ခြင်းများလည်း ရောပြွမ်းနေပြီး အတွေးတစ်ခုက ဦးနှောက်တစ်ခုလုံးကို လွှမ်းမိုးထားလေသည်။
' မုန်စစ်ပေ့ ကို ဒီလို သုံးရတာကိုး'
အကယ်၍ မုန်စစ်ပေ့ကို အသုံးပြုနည်း မှန်ကန်စွာ သဘောပေါက်သွားပါက သူလိုချင်သော ရမှတ်များကို စိတ်ကြိုက် ယူလို့ရပြီ မဟုတ်ပါလော။
ထင်ရာစိုင်းလို့ ရပြီပေါ့။
မူလကတည်းက ဂိမ်းကို ဟက်နဲ့ ကစားနေသူ ဖြစ်ရာ အခုတော့ နောက်ထပ် အထောက်အကူပြု ဟက်တစ်ခု ထပ်ရလိုက်သလို ဖြစ်သွားသဖြင့် ပိုပြီးတော့ လွတ်လွတ်လပ်လပ် ကစားလို့ ရသွားပြီ ဖြစ်သည်။
"အရှင်"
မုန်စစ်ပေ့ကို ဘယ်လို ပိုထိရောက်အောင် သုံးရမလဲဟု ဆရာကျန်း စဉ်းစားနေစဉ် ရိုသေလေးစားသော ခေါ်သံတစ်ခုက သူ့ကို လက်တွေ့ကမ္ဘာထဲသို့ ပြန်ခေါ်လာခဲ့သည်။
"ဘာဖြစ်လို့လဲ" ဆရာကျန်းက မုန်စစ်ပေ့ကို ကြည့်ပြီး မေးလိုက်သည်။
'ဟင်'
ဆရာကျန်း၏ နူးညံ့သိမ်မွေ့သော လေသံကို ကြားလိုက်ရသည့်အခါ မုန်စစ်ပေ့ ကြောင်အမ်းသွားသည်။
'ပုံမှန် အရှင်နဲ့ မတူပါလား'
အရှင်နှင့် စတင် သိကျွမ်းချိန်ကတည်းက သူမ၏ စိတ်ထဲတွင် အရှင်သည် လက်လှမ်းမမီနိုင်သော အမြင့်တစ်နေရာတွင် ရှိနေသူ ဖြစ်သည်။
လောကီရေးရာများက သူ့ကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်သကဲ့သို့ အမြဲ တည်ငြိမ်နေခဲ့သည်။ မနေ့က ဝမ်းနည်းပူဆွေးသည့် အမူအရာ ပြသခဲ့ချိန်ကပင် မုန်စစ်ပေ့ အံ့သြခဲ့ရပြီ ဖြစ်သည်။ ယခုတစ်ခါ အရှင့်၏ နူးညံ့သော မျက်နှာကို မြင်လိုက်ရပြန်သည်။
'ငါတို့က ရှန့်တိုင်းပြည်သားအချင်းချင်း ဖြစ်နေလို့ အရှင်က ငါ့ကို စာနာမိသွားတာလား'
သူမကို ပြုံးပြနေသော အရှင့်မျက်နှာကို ကြည့်ရင်း မုန်စစ်ပေ့၏ စိတ်နှလုံးများ အရည်ပျော်ကျသွားတော့သည်။
သို့သော် မုန်စစ်ပေ့ ခေါင်းကို အမြန် ခါလိုက်သည်။
'အခုက အချစ်ဇာတ်လမ်း ခင်းရမယ့်အချိန် မဟုတ်ဘူး... ဘာတွေ လျှောက်တွေးနေတာလဲ'
ခေါင်းခါပြီးနောက် မုန်စစ်ပေ့ အရှင့်ကို ပြန်မေးလိုက်သည်။
"အရှင်... ဒီနေ့ရော အကျိုးအမြတ် ရှိရဲ့လားဟင်"
[ရွေးချယ်မှု ၁] တိတ်ဆိတ်စွာ ခေါင်းခါပြပါ။ (ပြီးမြောက်ဆုလာဘ် - သုံးပါးမူလ နတ်ဆိုးအဆိပ်မြူ မြေကမ္ဘာ အဆင့်မြင့်)
[ရွေးချယ်မှု ၂] ဘာဖြစ်သွားမှန်း မသိပေမယ့် ဒီနေ့တော့ အကျိုးအမြတ် တစ်စုံတစ်ရာ ရှိခဲ့ပါတယ်။ (ပြီးမြောက်ဆုလာဘ် - ကျပန်း အခြေခံရမှတ် တစ်မှတ်)
ဆရာကျန်းသည် မုန်စစ်ပေ့၏ တက်ကြွမှုကို ဆက်လက် ထိန်းသိမ်းထားရန် မည်သို့ ဖြေကြားရမည်ကို စဉ်းစားနေစဉ် စနစ်က အလိုက်တသိ ရွေးချယ်မှု ပေးလာလေသည်။
ဒါဆိုရင်တော့ တွေဝေနေစရာ မလိုတော့ပေ။ ဒုတိယ ရွေးချယ်မှုကို ရွေးချယ်ပြီး ပြောလိုက်သည်။
"ဘာဖြစ်သွားမှန်း မသိပေမယ့် ဒီနေ့တော့ အကျိုးအမြတ် တစ်စုံတစ်ရာ ရှိခဲ့ပါတယ်"
[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ဂူ +၁]
မုန်စစ်ပေ့ ဝမ်းသာအားရ ဖြစ်သွားပြီး မေးလိုက်သည်။
"ဘယ်လို အကျိုးအမြတ်တွေ ရခဲ့တာလဲ ဆိုတာ ပြောပြလို့ ရမလား"
"အဆိပ်မြူအကြောင်း ပိုသိလာရတယ်... ဒါပေမဲ့ သိပ်တော့ တိကျမနေသေးဘူး... မနက်ဖြန် ထပ်ထွက်ရင် ပိုပြီး ရှင်းလင်းသွားမယ်လို့ မျှော်လင့်ရတာပဲ"
အရှင်က ဝါးတားတား ဖြေလိုက်သော်လည်း မုန်စစ်ပေ့ ဆက်မမေးတော့ပေ။ အသေးစိတ် မေးလည်း သူမ နားလည်မည် မဟုတ်ကြောင်း သိသောကြောင့် ဖြစ်သည်။ အရှင် အကျိုးအမြတ် ရခဲ့တယ်ဆိုရင် ပြီးတာပါပဲ။
"သေချာပေါက် ရမှာပါ"
မုန်စစ်ပေ့က အားပါပါ ပြောလိုက်သည်။
ဆရာကျန်းသည် မုန်စစ်ပေ့ကို ဆက်လက် အားထုတ် ခိုင်းခြင်း မပြုတော့ပေ။ ကံတရား ဆိုသည်မှာ ဆန်းကြယ်လှသည်။ လိုချင်နေရင် မရတတ်ဘဲ မေ့ထားလိုက်မှ ကိုယ့်နောက်ကျောကို ရောက်လာတတ်သော သဘောရှိသည်။
ထို့ကြောင့် ဆရာကျန်းသည် စကားကို ဆင်ခြင်လိုက်ပြီး မုန်စစ်ပေ့ကို သူမ၏ ကံတရားအား အသုံးပြုရန် ညွှန်ကြားခြင်း မပြုတော့ပေ။
အတင်းအကျပ် ယူလို့ရသည့် အရာမဟုတ်ဘူးလေ။
ဒီနေ့ ဆယ်ကြိမ်ပြည့်သွားပြီ ဖြစ်သဖြင့် ဆရာကျန်း ပျံသန်းစံအိမ်ပေါ်တွင် ဆက်မနေတော့ဘဲ ကျင်းကျယ်အဆောင်သို့ ပြန်ကာ အခြေအနေ ထိန်းသိမ်းရန် ထွက်ခွာခဲ့သည်။
မုန်စစ်ပေ့ဘက်တွင် တိုးတက်မှု ကြီးကြီးမားမား ရရှိခဲ့သဖြင့် ဆရာကျန်း၏ စိတ်အခြေအနေမှာ အတော်လေး ပေါ့ပါးသွားသည်။
လက်ရှိ ယွမ်မြို့၏ ခံစစ်သည် ရောင်နီဆေးလုံးကြောင့် အလွန် ခိုင်မာနေပြီ ဖြစ်သည်။ အနက်ရောင်သူတော်စင် တစ်ပါးစီတိုင်းသည် ယုံကြည်မှု အပြည့်ရှိနေကြပြီး ယခင်ကလို မျှော်လင့်ချက်မဲ့နေသည့် အခြေအနေ မဟုတ်တော့ပေ။
ကျင်းကျယ်အဆောင်၏ စီမံကိန်းများမှာလည်း ပြီးဆုံးခါနီး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အားလုံး ပြီးစီးသွားပါက အဆိပ်မြူများ၏ သက်ရောက်မှုကို အနိမ့်ဆုံးသို့ လျှော့ချနိုင်မည်ဟု ဆရာကျန်း ယုံကြည်ထားသည်။
ထို့အပြင် ယနေ့ မုန်စစ်ပေ့ကို အသုံးပြုနည်း မှန်ကန်စွာ ရှာဖွေတွေ့ရှိလိုက်ခြင်းသည် ကြီးမားသော အောင်မြင်မှုနှင့် အံ့သြဖွယ်ရာ တစ်ခု ဖြစ်သည်။
ရောင်နီ လာတော့မည်ကို ဆရာကျန်း အမှန်တကယ် မြင်တွေ့နေရပြီ ဖြစ်သည်။
ဤသို့သော ကောင်းမွန်သည့် စက်ဝန်းထဲတွင် ငါးရက်ခန့် လျင်မြန်စွာ ကုန်ဆုံးသွားပြန်သည်။
[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ကပ်ရောဂါ +၁]
ထိုနေ့တွင် ဆရာကျန်း ထုံးစံအတိုင်း ရမှတ်များ စုဆောင်းနေစဉ် စနစ်၏ ဆုလာဘ် ပေါ်လာသည့် တစ်ခဏ၌ ဦးနှောက်ထဲတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ သိပြီးသား အချက်အလက်များနှင့် မသိသေးသော အချက်အလက်များ ရုတ်တရက် ဆက်စပ်သွားကြသည်။
ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သွားသကဲ့သို့ တုန်ခါသွားလေသည်။
'ငါ နားလည်ပြီ... ငါ နားလည်သွားပြီ'
ယခုအချိန်တွင် ဆရာကျန်း၏ ရင်ထဲ၌ ဝမ်းသာပီတိများ လှိုင်းထကာ ဖြစ်ပေါ်နေသည်။ ငါးရက်အတွင်း ဂူနှင့် သက်ဆိုင်သော ရမှတ် ငါးဆယ်ခန့် တိုးပွားလာခဲ့ပြီး သူ၏ နည်းပညာရမှတ်များထဲတွင် အများဆုံး ဖြစ်လာခဲ့သည်။
ဂူ ရမှတ်များ များပြားလာသည်နှင့်အမျှ ဆရာကျန်း၏ ဂူပညာ နားလည်မှုမှာလည်း ပိုမို နက်ရှိုင်းလာခဲ့သည်။ ဗဟုသုတအသစ်များ ဦးနှောက်ထဲသို့ အလိုအလျောက် ဝင်ရောက်လာပြီး ယခင်က နားမလည်ခဲ့သော ပြဿနာများမှာလည်း တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။
ယခု နောက်ဆုံးရရှိလိုက်သော ကပ်ရောဂါ ရမှတ်သည် ပဟေဠိ၏ နောက်ဆုံး အပိုင်းအစ ဖြစ်ပြီး အရာအားလုံးကို ဆက်စပ်ပေးလိုက်သဖြင့် ဆရာကျန်း အလုံးစုံ နားလည်သဘောပေါက်သွားခြင်း ဖြစ်သည်။
ထို့ကြောင့် ကျန်ရှိနေသော ရွေးချယ်မှု နှစ်ခုကို အမြန် ပြီးမြောက်အောင် လုပ်ပြီးနောက် ရှီဖုန်းလန်ကို ပြန်လှည့်ရန် ပြောလိုက်သည်။
ယွမ်မြို့သို့ ပြန်ရောက်သည်နှင့် ဆရာကျန်းသည် အနက်ရောင်သူတော်စင်များထက် ဦးစွာ ပျံသန်းစံအိမ်ပေါ်မှ ဆင်းသွားလေသည်။ ကူလျန်ချန်နှင့် အခြားသူများ အံ့သြသွားကြသော်လည်း ချက်ချင်းပင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာကြသည်။
ဆရာကျန်း ရုတ်တရက် စိတ်လှုပ်ရှားသွားရခြင်းမှာ အကြောင်းမဲ့ မဖြစ်နိုင်ပေ။ ထိုအကြောင်းရင်းသည် အဆိပ်မြူ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း ဖြစ်ပါစေဟု သူတို့ မျှော်လင့်နေကြသည်။
ကျင်းကျယ်အဆောင်သို့ ပြေးသွားပြီးနောက် ဆရာကျန်းသည် သူ့နား ဝိုင်းလာသော အဆင့်ကိုး ပညာရှင်ကြီးများကို လက်ကာပြလိုက်ပြီး "ကျွန်တော့်မှာ အရေးကြီးကိစ္စ ရှိတယ်" ဟု ပြောကာ အတွင်းဆုံး အခန်းထဲသို့ ဝင်သွားလိုက်သည်။
စာအုပ်စင်ပေါ်မှ အလွန်ထူသော စာအုပ်ကြီးတစ်အုပ်ကို ဆွဲထုတ်ပြီး အမြန် လှန်လှောကြည့်လိုက်သည်။
ထိုစာအုပ်ထဲတွင် အဆင့်ကိုး ပညာရှင်ကြီးများ ပိုင်ဆိုင်ထားသော အဖိုးတန် ပစ္စည်းများအားလုံးကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ပစ္စည်းတစ်ခုချင်းစီသည် ရှားပါး ရတနာများ ဖြစ်ကြသည်။
ထိုပစ္စည်းများကို မှတ်တမ်းတင်ထားရခြင်း အကြောင်းရင်းမှာ ရှင်းပါသည်။ ဒီလိုအချိန်မျိုးတွင် လူတိုင်း စည်းလုံးညီညွတ်ကြပြီး ကိုယ်ပိုင်ဆိုင်ထားသော ရတနာများကို ထုတ်သုံးစေချင်သောကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုပစ္စည်းများသည် အခြား ပညာရှင်ကြီးများ၏ လက်ထဲတွင် အံ့ဖွယ် စွမ်းဆောင်ရည်များ ပြသနိုင်သောကြောင့် ဖြစ်သည်။
မရှိမဖြစ် လိုအပ်နေချိန်တွင် ဝှက်ထားမည့်သူ ရှိနေလျှင်လည်း ဆရာကျန်း ပြောစရာ စကားမရှိပေ။ သူတို့၏ စိတ်သဘောထား သေးသိမ်သည်ဟုသာ မှတ်ယူရပေမည်။
စာအုပ်တစ်ဝက်ကျော် လှန်လှောပြီးနောက် ဆရာကျန်း ရှာဖွေနေသော ပစ္စည်းကို တွေ့ရှိသွားသည်။
"ကောင်းပြီ... ဒီမှာ ရှိနေတာပဲ"
စာအုပ်ကို ပိတ်လိုက်ပြီး ဆရာကျန်း ကျင်းကျယ်အဆောင်မှ လေပွေတစ်ခုအလား ပြန်ထွက်ခွာသွားလေသည်။ အပြင်တွင် စောင့်နေသော အဆင့်ကိုး ပညာရှင်ကြီးများမှာ ကြောင်တောင်တောင် ကျန်ရစ်ခဲ့ကြသည်။
"ဆရာကျန်း ဘာစိတ်ကူးတွေ ရသွားလို့လဲ"
"ဘယ်သိမလဲ... ဆရာကျန်း ဒီလောက် အလောတကြီး ဖြစ်နေတာ ပထမဆုံး မြင်ဖူးတာပဲ"
"ဒါပေမဲ့ ငါ့ရဲ့ လုံသားရေ က ဘယ်လိုလုပ်မလဲ... အဲဒါလေးပဲ လိုတော့တာ"
"ဘယ်လိုလုပ်ရမလဲ... စောင့်ပေါ့"
...
ကျင်းကျယ်အဆောင်မှ ထွက်ခွာလာပြီးနောက် ဆရာကျန်း ဆေးဖော်ဆောင်သို့ ရောက်လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် လှမ်းအော်လိုက်သည်။
"ဆရာဖန်"
ဆေးမှုန့် ကြိတ်နေသော ဖန်ယွင်သည် အံ့သြသွားပြီး ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်။
"ဆရာကျန်းပါလား... ကွက်တိပဲ... အဖိုးကြီး..."
"ဝိညာဉ်ထူးဆန်းမြက်ပင် ဆရာဖန်ဆီမှာ ရှိတယ် မဟုတ်လား"
ဖန်ယွင် စကားမဆုံးခင် ဆရာကျန်း ဖြတ်မေးလိုက်သည်။
"ဝိညာဉ်ထူးဆန်းမြက်ပင်" ဖန်ယွင် ကြောင်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ငါ့ဆီမှာ ရှိတယ်"
"ကျွန်တော့်ကို တစ်ပင်လောက် ငှားပါ... အရေးတကြီး သုံးစရာ ရှိလို့ပါ"
ဖန်ယွင်သည် တွန့်ဆုတ်ခြင်း မရှိဘဲ သိုလှောင်လက်စွပ်ထဲမှ အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသော မြက်ပင်တစ်ပင်ကို ထုတ်ယူကာ ဆရာကျန်းကို ကမ်းပေးလိုက်သည်။
"ဆရာကျန်း လိုချင်တယ်ဆိုမှတော့ ယူသွားလိုက်ပါ"
ဖန်ယွင် ဤမျှ လွယ်လွယ်ကူကူ ပေးလိုက်ခြင်းမှာ ထိုမြက်ပင်က တန်ဖိုးမရှိ၍ မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် ဝိညာဉ်ထူးဆန်းမြက်ပင်သည် သူ အမြတ်တနိုး သိမ်းဆည်းထားသော ရတနာသုံးပါးထဲမှ တစ်ပါး ဖြစ်သည်။ ယင်း၏ တန်ဖိုးကို ဝိညာဉ်ကျောက်တုံးများဖြင့် တိုင်းတာ၍ မရနိုင်ပေ။
အခြားသူများ လာတောင်းလျှင် ဖန်ယွင် သေချာပေါက် မေးမြန်းစစ်ဆေးဦးမည် ဖြစ်သည်။ နှမြော၍ မဟုတ်ဘဲ တစ်ဖက်လူက ဤရှားပါး ရတနာကို အလဟဿ ဖြုန်းတီးပစ်မည် စိုးသောကြောင့် ဖြစ်သည်။
သို့သော် ဆရာကျန်း လာတောင်းသည့်အခါတွင်မူ ဖန်ယွင် စကားအပို မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဆရာကျန်းသည် သူ့ထက် ထိုမြက်ပင်၏ တန်ဖိုးနှင့် အသုံးပြုပုံကို ပိုမို နားလည်မည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
ဖန်ယွင် ကမ်းပေးသော ဝိညာဉ်ထူးဆန်းမြက်ပင်ကို ယူလိုက်ပြီး ဆရာကျန်း လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်... နောက်နေ့ကျရင် တန်ဖိုးတူညီတဲ့ ပစ္စည်းတစ်ခုနဲ့ ပြန်ပေးဆပ်ပါ့မယ်"
ဖန်ယွင်က လက်ကာပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ဆရာကျန်းကလည်း... ဒါတွေ ပြောနေစရာ မလိုပါဘူး... အားလုံးက အဆိပ်မြူ ပြဿနာကို ဖြေရှင်းဖို့ပဲလေ... သူ့ရဲ့ အစွမ်းသတ္တိကို တကယ် အသုံးချနိုင်မယ် ဆိုရင် အဖိုးကြီး အဲဒီတုန်းက အသက်နဲ့ရင်းပြီး ရှာခဲ့ရကျိုး နပ်ပါပြီ"
"စိတ်ချပါ"
ဆရာကျန်း ပြောပြီးသည်နှင့် ဝိညာဉ်ထူးဆန်းမြက်ပင်ကို ယူကာ ဆေးဖော်ဆောင်မှ အမြန် ထွက်ခွာသွားလေသည်။
"ဖန်ယွင်... လက်ရဲဇက်ရဲပါလား... ဝိညာဉ်ထူးဆန်းမြက်ပင်ကို ဒီတိုင်း ပေးလိုက်တာလား... နိုင်ငံတော် ဘဏ္ဍာတိုက်ထဲမှာတောင် အဲဒီဟာက ရှားပါးပစ္စည်းလေ... သဘောထားကြီးလိုက်တာ"
ဆရာကျန်း ထွက်သွားပြီးနောက် ရွှယ်ချန်က နောက်ပြောင်လိုက်သည်။
ဖန်ယွင် ပြုံးလိုက်ပြီး မုတ်ဆိတ်မွေးကို သပ်ကာ ပြောလိုက်သည်။
"ဆရာကျန်းက မင်းရဲ့ ခရမ်းရောင်ကျီးကန်း ကြာပန်း ကို လာတောင်းရင် မင်း မပေးဘဲ နေမှာလား"
"ဟား ဟား ဟား"
ရွှယ်ချန် ဟားတိုက် ရယ်မောလိုက်သည်။
"ပေးမှာပေါ့... သေချာပေါက် ပေးမှာ"
ဘေးနားရှိ လေဟန်ချင်းကလည်း ခေါင်းညိတ်ထောက်ခံသည်။
"ဆရာကျန်းက ငယ်ပေမယ့် ယွမ်မြို့ထဲက ဘယ်သူ့ထက်မဆို စိတ်ချရတယ်... သူက ဘယ်တော့မှ ပေါက်ကရ လုပ်မယ့်သူ မဟုတ်ဘူး... သူ ဘာလုပ်လုပ် စိတ်ချရတယ်"
"ဟုတ်တယ်လေ... မဟုတ်ရင် ငါ့ရဲ့ ရတနာကို ဒီလောက် လွယ်လွယ် ဘယ်ပေးပါ့မလဲ"
ဖန်ယွင်က လက်ကာပြလိုက်သည်။
"ကဲ... ဆေးဆက်ဖော်ကြရအောင်... မဟုတ်ရင် ကြာလာတဲ့အခါ နှမြောစိတ် ဝင်လာလိမ့်မယ်"
"ဟား ဟား ဟား ဟား"
ရယ်မောသံများကြားတွင် အဆင့်ကိုး ပညာရှင်ကြီး ငါးဦးသည် မိမိတို့ အလုပ်များကို ဆက်လက် လုပ်ဆောင်နေကြလေသည်။