ဧကရာဇ်ဂူကောင်၏ တန်ဖိုး
Vol. 52 Ch. 590
ဝိညာဉ်ထူးဆန်းမြက်ပင် ကိုရရှိပြီးနောက် ဆရာကျန်းသည် ပျံသန်းစံအိမ်သို့ ချက်ချင်း ပြန်လှည့်လာပြီး ဆေးဖော်ဆောင်ထဲတွင် ၎င်းကို ဆေးလုံးအဖြစ် ဖော်စပ်လိုက်သည်။
ယခုအခါ အချိန်မှာ ဟိုင်းအချိန် (ည ၉ နာရီမှ ၁၁ နာရီ) သုံးပိုင်း (၁၀ နာရီခန့်) သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လူဘိုကွေးကို သင်ကြားပေးရန် နေခဲ့သော ကူလျန်ချန်လည်း ပြန်သွားပြီ ဖြစ်သည်။
ခြံဝင်းထဲတွင် ပုံဆွဲလေ့ကျင့်နေသော ရှီဖုန်းလန်သည် ပေရန်လေး ခေါ်လိုက်သံ ကြားသည်နှင့် ချက်ချင်း လှည့်ကြည့်ကာ ထူးလိုက်သည်။
"ပေရန်လေး ထွက်လာပြီလား"
ညနေပိုင်းတွင် ပေရန်လေး ပြန်ရောက်လာသည်ကို မြင်သောအခါ ရှီဖုန်းလန်က ညစာ စားကောင်းသောက်ဖွယ်များ ရတော့မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူသည် ဆေးဖော်ဆောင်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး ယခု ညဉ့်နက်မှ ပြန်ထွက်လာခြင်း ဖြစ်သည်။
"ပျံသန်းစံအိမ်ကို မောင်းနှင်လိုက်... ပြီးခဲ့တဲ့တစ်ခေါက်က သွားခဲ့တဲ့ အကျဉ်းခန်းဆီ သွားမယ်"
ရှီဖုန်းလန်က "ကောင်းပါပြီ" ဟု ဖြေကြားပြီး ပျံသန်းစံအိမ်ကို မောင်းနှင်ကာ ယွမ်ရိုကို ဖမ်းချုပ်ထားသည့် နေရာသို့ ဦးတည်လိုက်သည်။
အကျဉ်းခန်းကို စောင့်ကြပ်နေသူမှာ ယင်လင်ယန်ပင် ဖြစ်သည်။ ဆရာကျန်းသည် ပျံသန်းစံအိမ်ပေါ်မှ ဆင်းကာ နှုတ်ဆက်ပြီးနောက် ရှီဖုန်းလန်ကို အထဲသို့ ဆက်လက် မောင်းနှင်စေလိုက်သည်။
အတွင်းဆုံး တံခါးကြီးကို ဖွင့်လိုက်သည့်အခါ ကြိုးတုပ်ခံထားရဆဲ ဖြစ်သော ယွမ်ရိုကို တွေ့လိုက်ရသည်။
သို့သော် ယခင်နှင့် မတူသည်မှာ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာသစ်များစွာ တိုးလာပြီး သူ၏ ရှင်သန်နိုင်စွမ်းမှာလည်း ကြောက်စရာကောင်းလောက်အောင် လျော့နည်းနေခြင်းပင် ဖြစ်သည်။
သေလုမျောပါး လူတစ်ယောက် ဖြစ်နေချေပြီ။
'ကူလျန်ချန်က သူ့ကို စစ်ဆေးမေးမြန်းဖို့ လူတွေ အများကြီး လွှတ်ခဲ့ပုံရတယ်'
အဆိပ်မြူ ပြဿနာ၏ ဖြစ်နိုင်ခြေအရှိဆုံး အဖြေရှာရာ လမ်းကြောင်းဖြစ်သည့်အတွက် ကူလျန်ချန်က ယွမ်ရိုကို လွယ်လွယ် လက်လျှော့မည် မဟုတ်ပေ။ ဆရာကျန်းပင်လျှင် သဲလွန်စ ရှာမတွေ့ခဲ့သော်လည်း ကူလျန်ချန်ကတော့ မျှော်လင့်ချက် မကုန်သေးပေ။ ယွမ်ရိုကို လူမမယ်၊ သူမဟုတ် ဖြစ်သွားအောင် နှိပ်စက်ရန် နည်းလမ်းပေါင်းစုံ သုံးခဲ့ပုံရသည်။
သို့သော် ဆရာကျန်းကတော့ ဒါတွေကို ဂရုမစိုက်ပေ။ သူ့မျက်လုံးထဲတွင် ယွမ်ရိုသည် ဂူကောင်များ၏ ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်သည်။
အဖမ်းခံရသည့် အချိန်ကစပြီး သူ့ကိုယ်ပိုင် အတွေးအခေါ်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူ့ကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်လျှင်လည်း နာကျင်မှု တစ်စက်လေးမျှ ခံစားရမည် မဟုတ်ပေ။
ချူယန်ဇယ်ကို ပျံသန်းစံအိမ်ပေါ်မှ ခေါ်ဆင်းလာပြီးနောက် ဆရာကျန်းသည် သူ့ကို ယွမ်ရို၏ ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။
ချူယန်ဇယ်ကတော့ ရှေ့က လူကို မှတ်မိနေသည်။ ပြီးခဲ့တဲ့တစ်ခေါက်က သူ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မည်သည့် သံသယဖြစ်ဖွယ် အချက်ကိုမျှ ရှာမတွေ့ခဲ့သဖြင့် ဆရာ့ကို ကူညီနိုင်ခြင်း မရှိခဲ့ပေ။
"ဆရာ... ဒီတစ်ခေါက် ကျွန်တော် ဘာလုပ်ပေးရမလဲ"
ယွမ်ရိုကို တစ်ချက် ကြည့်ပြီးနောက် ချူယန်ဇယ်သည် ဆရာကျန်းကို ဂါရဝပြုကာ မေးလိုက်သည်။
"မတ်တတ်ရပ်ပြီး ငြိမ်ငြိမ်နေ"
'ဟင်'
ချူယန်ဇယ် ထူးဆန်းသွားသော်လည်း မေးခွန်းမထုတ်ပေ။ စကားနားထောင်စွာဖြင့် မတ်တတ်ရပ်ကာ ငြိမ်သက်နေလိုက်သည်။
သိုလှောင်လက်စွပ်ထဲမှ ပလွေတစ်ချောင်း ထုတ်ယူလိုက်ပြီး ဆရာကျန်းသည် ဝိညာဉ်အာရုံကို စုစည်းကာ ချူယန်ဇယ်၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
ထုံးစံအတိုင်းပင် ချူယန်ဇယ်၏ ခန္ဓာကိုယ်ထဲတွင် အလွန် "စည်ကား" နေသည်။ ဝမ်အိုကြီး နှင့် အခြား ဘုရင်ဂူကောင်၁၂ ကောင်တို့သည် သူတို့၏ ဧကရာဇ်ဂူကောင်ကို အကောင်းဆုံး အာဟာရများ ပေးပို့ရင်း အလုပ်ကြိုးစားနေကြသည်။
သို့သော် ဧကရာဇ်ဂူပိုးကောင်သည် အာဟာရလွန်ကဲပြီး ဝဖြိုးလာခြင်း မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့် ပထမဆုံး တွေ့ခဲ့စဉ်ကထက်ပင် ပိုမို သေးငယ်လာသည်။ သို့သော် ကိုယ်ပေါ်ရှိ အရောင်အသွေးများမှာမူ ပိုမို တောက်ပလာလေသည်။
လှပလေ အန္တရာယ်များလေ ဆိုသည့် စကားနှင့် ကွက်တိပင် ဖြစ်သည်။
"ယန်ဇယ်... ခဏနေရင် နည်းနည်း နာမယ်နော်... သည်းခံလိုက်"
ချူယန်ဇယ် နည်းနည်း ကြောင်သွားသော်လည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
ဝိညာဉ်အာရုံဖြင့် ဧကရာဇ်ဂူကောင်၏ တည်နေရာကို မှတ်သားပြီးနောက် ဆရာကျန်း ပလွေကို စတင် မှုတ်လိုက်သည်။
ပလွေသံ ကြားလိုက်သည်နှင့် ချူယန်ဇယ် ဈာန်ဝင်စားသလို ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါး လွင့်မျောနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ဝိညာဉ်သည် ပန်းခင်းကြီးတစ်ခုထဲ ရောက်သွားသလို မြင်မြင်သမျှ အရာအားလုံး လှပနေတော့သည်။
သို့သော် ထိုခံစားချက်သည် ခဏသာ ခံလိုက်သည်။ ရင်ဘတ်ထဲမှ စူးရှသော နာကျင်မှုတစ်ခုက ချူယန်ဇယ်ကို လက်တွေ့ကမ္ဘာထဲသို့ ပြန်ဆွဲခေါ်လိုက်လေသည်။
"အွတ်..."
ချူယန်ဇယ် ရင်ဘတ်ကို ဖိရင်း ညည်းတွားလိုက်သည်။ ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ရာက အပြင်ထွက်ရန် ရုန်းကန်နေသလို ခံစားလိုက်ရသည်။
ဤသို့ ခွာထုတ်ခံရသည့် ခံစားချက်က သူ့ကို ကြောက်လန့်စေသည်။ သို့သော် ဆရာက ကြိုပြောထားပြီး ဖြစ်သဖြင့် ကြောက်စိတ်ကို အတင်း ဖိနှိပ်ထားလိုက်သည်။ ဆရာက သူ့ကို ဒုက္ခပေးမည် မဟုတ်ကြောင်း ယုံကြည်ထားသောကြောင့် ဖြစ်သည်။
လက်ဖက်ရည်တစ်ပွက်စာ အချိန်ခန့် နာကျင်မှုကို ကြိတ်မှိတ် သည်းခံပြီးနောက် ချူယန်ဇယ် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။ ခြေလက်များနှင့် ခန္ဓာကိုယ် တစ်ခုလုံး နာကျင်လွန်းသဖြင့် တုန်ခါနေသည်။ အကယ်၍ သူသာ စိတ်မထိန်းထားလျှင် ခန္ဓာကိုယ်၏ ခုခံကာကွယ်မှု စနစ်များ အလိုအလျောက် ပွင့်သွားလောက်ပေပြီ။
"အဟွတ်"
ထိုအချိန်တွင် လည်ချောင်းဝသို့ တစ်စုံတစ်ခု ရောက်လာသည်ကို ချူယန်ဇယ် ခံစားလိုက်ရသည်။ ဘာလဲဆိုတာ ခွဲခြားစိတ်ဖြာရန် အချိန်မရလိုက်ခင်မှာပင် ပြင်းထန်စွာ ချောင်းဆိုးလာတော့သည်။
"အဟွတ် အဟွတ် အဟွတ် အဟွတ် အဟွတ် အေ့"
နောက်ဆုံး အန်ချလိုက်သည့် အချိန်တွင် လက်ဖဝါးအရွယ်အစားခန့် ရှိသော အရောင်ခုနစ်မျိုး၊ မဟုတ်သေး... ရောင်စုံတောက်ပနေသော ဂူကောင် တစ်ကောင် ပျံထွက်လာလေသည်။ အိပ်မက်ထဲမှ သတ္တဝါလေး တစ်ကောင်အလား လှပလွန်းလှသည်။
ဧကရာဇ်ဂူကောင် ထွက်လာသည်ကို မြင်သောအခါ ဆရာကျန်း ပလွေမှုတ်ခြင်းကို ရပ်တန့်လိုက်ပြီး လက်ကို ဖြည်းညှင်းစွာ ချလိုက်သည်။
'ဂူမွေးမြူခြင်း ခန္ဓာကိုယ် ဆိုတာ တကယ် မိုက်ပါလား... ဧကရာဇ်ဂူကောင်တောင် ဒီလောက် အကြိမ်များများ ဆင့်ကဲပြောင်းလဲနိုင်တယ်ဆိုတော့'
အဆိပ်ကျွေးမွေးခြင်း ရမှတ်များ အများအပြား ရရှိထားသဖြင့် ဂူကောင်များအကြောင်း ဆရာကျန်း ပိုမို နားလည်လာခဲ့သည်။
ဧကရာဇ်ဂူကောင် ဆိုတာ ဘာလဲဆိုတာလည်း နောက်ဆုံးတော့ သဘောပေါက်သွားပြီ ဖြစ်သည်။
ပုရွက်ဆိတ်များနှင့် နှိုင်းယှဉ်ရလျှင် သာမန်ဂူကောင်များသည် အလုပ်သမား ပုရွက်ဆိတ်များ ဖြစ်ကြသည်။ ဘုရင်ဂူကောင်များသည် စစ်သည် ပုရွက်ဆိတ်များ ဖြစ်ကြသည်။ ဧကရာဇ်ဂူကောင်သည်ကား ပုရွက်ဆိတ်ဘုရင်မ ဖြစ်လေသည်။
မျိုးဆက်ပွားရန် တာဝန်ယူထားပြီး ဧကရာဇ်ဂူကောင်၏ အဆင့်မြင့်လေ မွေးလာသည့် မျိုးဆက်များ၏ မျိုးရိုးဗီဇ ကောင်းမွန်လေ ဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်ဂူကောင်ကို မြင်လိုက်ရသည့်အခါ အိုဝမ်နှင့် ဘုရင်ဂူကောင် ၁၂ ကောင်တို့၏ ဗီဇစိတ်များ နိုးထလာပြီး အပြိုင်အဆိုင် ခစားကြခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် သာမန်ဂူကောင်များက ဧကရာဇ်ဂူကောင်အတွက် အစာနှင့် အာဟာရ ရှာဖွေပေးရသော်လည်း ချူယန်ဇယ်၏ ဂူမွေးမြူခြင်း ခန္ဓာကိုယ်က အလွန် စွမ်းအားကြီးမားသောကြောင့် ဘုရင်ဂူကောင်များက သာမန်ဂူကောင်များ၏ အလုပ်ကိုပါ ဝင်လုပ်ပေးကြသည်။ ချူယန်ဇယ် ခန္ဓာကိုယ်မှ ရရှိသော အာဟာရများကို ဧကရာဇ်ဂူကောင်ထံ တိုက်ရိုက် ပို့ဆောင်ပေးကြသည်။
ထို့ကြောင့် ဧကရာဇ်ဂူကောင်သည် ဤမျှ လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနိုင်ခြင်း ဖြစ်သည်။
မှန်သည်။ ဧကရာဇ်ဂူကောင်တွင်လည်း အဆင့်အတန်း ရှိသည်။ အဆင့်နိမ့်သော ဧကရာဇ်ဂူကောင်များသည် အရည်အသွေးကောင်းမွန်သော မျိုးဆက်များကို မွေးထုတ်ပေးနိုင်ခြင်း မရှိသဖြင့် လျင်မြန်စွာ ဖယ်ရှားခံရလေ့ရှိသည်။
ဂူမွေးမြူသူ မျိုးနွယ်စုတွင် ဧကရာဇ်ဂူကောင် မရှားပါးပေ။ ရှားပါးသည်မှာ အဆင့်မြင့် ဧကရာဇ်ဂူကောင်များသာ ဖြစ်သည်။
ထို့ကြောင့် အဆင့်နိမ့် ဧကရာဇ်ဂူကောင် တစ်ကောင်ကို ပြုစုပျိုးထောင်ရန် အချိန်နှင့် လုပ်အား အများကြီး မပေးကြပေ။ ဆရာကျန်း၏ ယခင် သုံးသပ်ချက်အရ ကျူးရှန်ကျန်း လက်ထဲသို့ ဧကရာဇ်ဂူကောင် တစ်ကောင် ရောက်လာရခြင်းမှာ ဤအကြောင်းရင်းကြောင့် ဖြစ်နိုင်သည်။
အကယ်၍ အဆင့်မြင့် ဧကရာဇ်ဂူကောင်သာ ဖြစ်ပါက ကျူးရှန်ကျန်း လုံးဝ ထိတွေ့ခွင့် ရမည် မဟုတ်ပေ။ ယခုကဲ့သို့ စွန့်ပစ်ခံရသော ဧကရာဇ်ဂူကောင် ဖြစ်မှသာလျှင် သူ "ကောက်ရ" နိုင်ခြင်း ဖြစ်သည်။
သို့သော် ဂူမွေးမြူသူများအတွက် တန်ဖိုးမရှိသော်လည်း အံ့ဖွယ်နဂါးတိုက်ကြီးအတွက်မူ ရှားပါး ရတနာ ဖြစ်နေပြန်သည်။
ဂူမွေးမြူသူများ မောင်းထုတ်ခံရစဉ်က ဧကရာဇ်ဂူကောင် ကဲ့သို့သော အန္တရာယ်ရှိသည့် သတ္တဝါများကို အမြစ်ပြတ် သုတ်သင်ခဲ့ကြသဖြင့် တစ်ကောင်မှ မကျန်တော့ဟု ပြောနိုင်သောကြောင့် ဖြစ်သည်။
ဧကရာဇ်ဂူကောင်ကို "ဂူမွေးမြူခြင်း နည်းစနစ်" ဖြင့် ဖန်တီး၍ မရနိုင်ပေ။ ထို့ကြောင့် အံ့ဖွယ်နဂါးတိုက်ကြီးတွင် ယခုအချိန်အထိ ဂူကောင်များ ပျံ့နှံ့သည့် ပြဿနာ မရှိခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်ဂူကောင်က တိုက်ရိုက် မွေးထုတ်ပေးခြင်းနှင့် ယှဉ်လျှင် ဂူမွေးမြူခြင်း နည်းစနစ်၏ စွမ်းဆောင်ရည်မှာ အလွန် နိမ့်ကျလှသည်။ အချိန်ကုန်ပြီး ဂူကုန်သော နည်းလမ်း ဖြစ်သည်။
လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး ဆရာကျန်းသည် ဝိညာဉ်အာရုံဖြင့် အချက်ပြလိုက်ရာ ဧကရာဇ်ဂူကောင်သည် သူ့လက်ချောင်းပေါ်သို့ ပျံလာလေသည်။
'တကယ့် ပစ္စည်းကောင်းလေးပါလား'
ဆရာကျန်း၏ ဗဟုသုတ စာရင်းထဲတွင် ဧကရာဇ်ဂူကောင်၏ အဆင့်သတ်မှတ်ချက်များ ပါဝင်လာပြီ ဖြစ်သော်လည်း လက်တွေ့ တစ်ကောင်တည်းသာ မြင်ဖူးသေးသဖြင့် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသေးသည်။
သို့သော် မည်သည့်အဆင့် ဖြစ်နေပါစေ ဆရာကျန်း အသုံးပြုရပေမည်။ သူ့တွင် ရွေးချယ်စရာ မရှိပေ။
စိတ်ကို ပြင်ဆင်လိုက်ပြီး ဝိညာဉ်ထူးဆန်းမြက်ပင်ဖြင့် ဖော်စပ်ထားသော ကောင်းကင်ပိုက်ကွန် ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။
ဆေးလုံး ဝင်ရောက်သွားသည်နှင့် ဆရာကျန်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ထူးကဲသော မွှေးရနံ့များ ထွက်ပေါ်လာပြီး လျင်မြန်စွာ ပြင်းထန်လာသည်။
ဧကရာဇ်ဂူကောင်သည် ထိုအနံ့ကို အလွန် နှစ်သက်ပုံရသည်။ အနံ့၏ မူလနေရာမှာ ဆရာကျန်း၏ ခန္ဓာကိုယ်အတွင်းမှ ဖြစ်ကြောင်း သိသည်နှင့် "ရွှီ" ကနဲ ပါးစပ်ထဲသို့ ဝင်ရောက်သွားလေသည်။
အနံ့၏ ဆွဲဆောင်မှုကြောင့် ဧကရာဇ်ဂူကောင်သည် ဆရာကျန်း၏ အဆီအနှစ် သွေးများကို အငမ်းမရ စုပ်ယူတော့သည်။
သို့သော် ဆရာကျန်း၏ သွေးကို အလကား စုပ်ယူ၍ မရပေ။ သွေးသုံးလုပ် စုပ်ယူပြီးသည့် အချိန်တွင် ဆရာကျန်းသည် ဧကရာဇ်ဂူကောင်ကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။
ဒါသည် ဂူမွေးမြူရန်အတွက် ဆရာကျန်း ကြိုတင်လေ့ကျင့်ထားသော ခန္ဓာကိုယ် အစွမ်းသတ္တိပင် ဖြစ်သည်။ ယခင်က ဝမ်အိုကြီးကို သစ္စာဖောက်အောင် လုပ်ခဲ့စဉ်ကလည်း ဤနည်းလမ်းကိုပင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထိန်းချုပ်မှု ရရှိပြီးနောက် ဆရာကျန်းသည် ဝိညာဉ်အာရုံကို အသုံးပြုကာ ဧကရာဇ်ဂူကောင်ကို ဦးနှောက်ထဲသို့ လမ်းပြခေါ်ဆောင်သွားသည်။ ဤဖြစ်စဉ်အတွင်း ကျင်သလိုလို ခံစားရသည်မှလွဲ၍ အခြား ထွေထွေထူးထူး မရှိပေ။
ဦးနှောက်ထဲသို့ လုံးဝ ရောက်ရှိသွားသည့်အခါ ဆရာကျန်း မျက်လုံးမှိတ်ပြီး လိုက်လျောညီထွေ ဖြစ်အောင် ညှိယူလိုက်သည်။
လက်ဖက်ရည်တစ်ပွက်စာ အချိန်ခန့်အကြာတွင် ပြင်းထန်သော ပေါင်းစပ်မိသည့် ခံစားချက်တစ်ခု ရင်ထဲတွင် ဖြစ်ပေါ်လာသည်။ မိမိ၏ အာရုံခံနိုင်စွမ်းများ တစ်ခဏချင်းအတွင်း အဆပေါင်းများစွာ တိုးတက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ဆရာကျန်း၏ မျက်လုံးများ ပြောင်းလဲသွားပြီ ဖြစ်သည်။ မျက်ဖြူသား နေရာများအားလုံး အနက်ရောင် ပြောင်းသွားလေသည်။
'ဒါက ဂူမွေးမြူသူတွေ မြင်ရတဲ့ ကမ္ဘာလား'
ဘေးပတ်လည်တွင် အစက်အပျောက်များနှင့် မျဉ်းကြောင်းများ ပြည့်နှက်နေသည်ကို ကြည့်ရင်း ဆရာကျန်းအတွက် အရာအားလုံး စိတ်ကူးယဉ်ဆန်နေသည်။ မူလ အမြင်အာရုံများ ပျက်စီးသွားသလိုပင် ဖြစ်၏။
သို့သော် ထိုအစက်အပျောက်များနှင့် မျဉ်းကြောင်းများကြားတွင် သူရှာဖွေနေသော အရာကို ချက်ချင်း ရှာတွေ့လိုက်သည်။
'ထင်တဲ့အတိုင်း ဂူကောင်ပဲ'
ယခင်က နည်းလမ်းပေါင်းစုံ သုံးပြီး စစ်ဆေးခဲ့သော်လည်း ယွမ်ရို၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ထူးခြားမှုကိုမျှ မတွေ့ခဲ့ရပေ။ သို့သော် သူသည် ဂူကောင် တစ်ကောင်က ထိန်းချုပ်ထားခြင်း ဖြစ်မည်ဟု ကျန်းပေရန် အမြဲ ယုံကြည်ခဲ့သည်။ ယခုတော့ သူ့ထင်မြင်ချက် မှန်ကန်ကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။
ယွမ်ရို၏ ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေသော ဂူကောင်ကို ရှင်းလင်းစွာ မြင်လိုက်ရပြီးနောက် ကျန်းပေရန် မျက်တောင် တစ်ချက် ခတ်လိုက်ရာ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူ့မျက်လုံးအရောင်များလည်း မူလအတိုင်း ပြန်ဖြစ်သွားသည်။
ပုံမှန် အမြင်အာရုံ ပြန်ရပြီးနောက် ဆရာကျန်းသည် ဝိညာဉ်အာရုံကို အသုံးပြုပြီး ခုနက နေရာကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ဧကရာဇ်ဂူကောင်၏ အကူအညီ ပါဝင်လာသဖြင့် တည်နေရာကို အလွယ်တကူ အာရုံခံမိသွားသည်။
'အရင်တုန်းက လုံးဝ ရှာမတွေ့တာ မဆန်းပါဘူး... ရုပ်ဖျက်ထားတာက တစ်ဖက်ကမ်းခတ်ပဲ'
ဧကရာဇ်ဂူကောင်က ထုတ်လွှတ်ပေးသော အထူးအချက်ပြမှုများသာ မကူညီလျှင် ယခု သူ ရှာတွေ့ထားသော ဂူကောင်သည် ယွမ်ရို ဦးနှောက်၏ အစိတ်အပိုင်း တစ်ခုနှင့် ဘာမှ မခြားပေ။
ရုပ်ဖျက်စွမ်းရည် ကောင်းမွန်လွန်းသဖြင့် ဟာကွက် လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
သို့သော် ဧကရာဇ်ဂူကောင်၏ အချက်ပြမှုအောက်တွင်မူ ယွမ်ရို၏ ဦးနှောက်ထဲတွင် ပုန်းအောင်းနေသော ဂူကောင်မှာ ဇာတိရုပ် ပေါ်သွားတော့သည်။ သူ့အရွယ်အစားက ဝမ်အိုကြီးနှင့် မတိမ်းမယိမ်း ရှိသဖြင့် ဘုရင်ဂူကောင် တစ်ကောင် ဖြစ်လောက်သည်။
ဘုရင်ဂူကောင်ကို တည်နေရာ သတ်မှတ်ပြီးသည့်နောက် ကျန်သည့်အလုပ်မှာ ထွက်ပြေးမသွားအောင် တားဆီးရန် ဖြစ်သည်။
သိုလှောင်လက်စွပ်ထဲမှ အဆောင်များနှင့် အဆောင်မှော်ရတနာများကို ထုတ်ယူလိုက်ပြီး ယွမ်ရို၏ ဘေးပတ်လည်တွင် ကြီးမားသော အစီအရင် သုံးခုကို ဆက်တိုက် တည်ဆောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဗြဟ္မာအဆောင် ခြောက်ခုကို ယွမ်ရို၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်လိုက်သည်။
ပြင်ဆင်မှုများ ပြီးစီးသည့်အခါ ဆရာကျန်း မျက်တောင်ခတ်လိုက်ပြီး ဧကရာဇ်ဂူကောင်နှင့် ထပ်တူကျသည့် အခြေအနေသို့ ပြန်ဝင်လိုက်သည်။
ဧကရာဇ်ဂူကောင်၏ အကူအညီဖြင့် ဆရာကျန်း၏ ဝိညာဉ်အာရုံသည် ယွမ်ရို ဦးနှောက်ထဲရှိ ဘုရင်ဂူကောင်ကို လွှမ်းမိုးနိုင်စွမ်း ရှိလာသည်။
ထို့ကြောင့် ဝိညာဉ်အာရုံဖြင့် ဘုရင်ဂူကောင်ကို ချုပ်ကိုင်လိုက်ပြီးနောက် ဧကရာဇ်ဂူကောင်၏ အထူးအချက်ပြမှုကို အသုံးပြုကာ ဖိနှိပ်လိုက်သည်။
"ထရပ်လိုက်"
ဆရာကျန်း၏ အမိန့်ကို ကြားလိုက်ရသည့်အခါ ပြင်ပလောကကို တုံ့ပြန်မှု မရှိတော့သော ယွမ်ရိုသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ မျက်လုံးများကတော့ ခံစားချက်ကင်းမဲ့နေပြီး ဝိညာဉ်က ခန္ဓာကိုယ်ကို စွန့်ခွာသွားသလို ဖြစ်နေသည်။
သို့သော် ဒါတွေက အရေးမကြီးပါ။ ဒီအဆင့် ပြီးသွားပြီဆိုတော့ ဆရာကျန်း၏ ရည်မှန်းချက် အောင်မြင်ပြီဟု ဆိုရမည်။
"ငါ့ကို ပြော... ဂူမွေးမြူသူ မျိုးနွယ်စုက မင်းကို ပေးထားတဲ့ တာဝန်က ဘာလဲ"
"မြို့တွေကို ဖျက်ဆီးဖို့... ကပ်ဘေးတွေ ဖန်တီးဖို့... မျှော်လင့်ချက်မဲ့ခြင်းတွေ ဖြန့်ဝေဖို့..."
နောက်ဆုံးတော့... အဖမ်းခံရချိန်ကစပြီး ပါးစပ်ပိတ်နေသော ယွမ်ရိုသည် ပါးစပ်ဟလာပြီး ဆရာကျန်း မေးသည့် မေးခွန်းများကို ရိုးသားစွာ ဖြေကြားလာလေသည်။
သို့သော် ဆရာကျန်း ဝမ်းသာသွားစဉ်မှာပင် ယွမ်ရို၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားပြီး တစ်ကိုယ်လုံး ဆက်ခါဆက်ခါ ဖြစ်လာသည်။
"ခွင့်... ခွင့်ပြု... ကျွန်... ကျွန်တော်..."
ပြင်းထန်စွာ တုန်ခါနေသဖြင့် ယွမ်ရိုသည် စကားတစ်လုံးမျှ ပြည့်စုံအောင် မပြောနိုင်တော့ဘဲ လေဖြတ်နေသကဲ့သို့ ဖြစ်သွားသည်။
'ထင်တဲ့အတိုင်းပဲ... အာမခံချက် လုပ်ထားတာကိုး'
ယွမ်ရို ဘာကြောင့် ဒီလိုဖြစ်သွားသလဲ ဆိုတာ ဆရာကျန်း ခန့်မှန်းစရာပင် မလိုပေ။ ဘုရင်ဂူကောင်က အခြေအနေ မဟန်မှန်း သိသွားသဖြင့် လက်ခံသူကို သတ်ပစ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုနည်းလမ်းကို ဆရာကျန်းလည်း တတ်သည်။
ယခင်က ဆုရှိုးယွီ၏ ခန္ဓာကိုယ်ထဲတွင် ဂူကောင် ထည့်ခဲ့စဉ်ကလည်း အလားတူ အမိန့်မျိုး ပေးခဲ့ဖူးသည်။
လက်ခံသူက အထူးအခြေအနေ တစ်ရပ်ရပ်ကို ဖောက်ဖျက်မိပါက ဂူကောင်သည် လက်ခံသူကို ချက်ချင်း သတ်ပစ်ပြီး နေရာယူလိုက်မည် ဖြစ်သည်။
ယွမ်ရို ခန္ဓာကိုယ်ထဲရှိ ဂူကောင်အတွက် သတ်မှတ်ထားသော အခြေအနေမှာ "အကယ်၍ လူမိသွားပါက လက်ခံသူကို တိုက်ရိုက် သတ်ပစ်ရန်" ဖြစ်ဟန်တူသည်။
ထိုအချက်ကို ကြိုတင်တွက်ဆထားသဖြင့် ဆရာကျန်းသည် မေးခွန်းမေးနေစဉ်အတွင်း ထိန်းချုပ်မှုကို လုံးဝ လျှော့မပေးခဲ့ပေ။
ထို့ကြောင့် ယွမ်ရို ခန္ဓာကိုယ်ထဲရှိ ဘုရင်ဂူကောင်သည် လှုပ်ရှားလို့မရ ဖြစ်နေပြီး လက်ခံသူကို ချက်ချင်း သတ်ပစ်နိုင်ခြင်း မရှိသေးပေ။
ဘုရင်ဂူကောင်က ပြင်းထန်စွာ ရုန်းကန်နေသည်ကို တွေ့ရသဖြင့် ဆရာကျန်းသည် စိတ်ကို ထပ်မံ စုစည်းလိုက်ပြီး ဧကရာဇ်ဂူကောင်၏ စွမ်းအားများကို ပိုမို ထုတ်ယူလိုက်သည်။
နောက်တစ်စက္ကန့်တွင် ဆရာကျန်း၏ နဖူးပေါ်မှ အာရုံခံ နှာမောင်းငယ် အချို့ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များ ထောင်ထလာကာ ပိုမို ထူထပ်လာသည်။
"ဆက်ပြော"
ထိန်းချုပ်မှုကို မြှင့်တင်လိုက်ပြီးနောက် ဆရာကျန်း ထပ်မေးလိုက်သည်။
"ကျွန်... ကျွန်တော့်ရဲ့... တာ... ဝန်က... လူသားတွေ အများကြီးကို... သတ်ဖို့... သူတို့ကို... သူတို့ကို..."
ဆရာကျန်း ခေတ္တ ထိန်းချုပ်ထားပြီးနောက် ယွမ်ရို၏ ခန္ဓာကိုယ် ထပ်မံ တုန်ခါလာပြန်သည်။ မဟုတ်သေး... ဒီတစ်ခါ တုန်ခါတာ မဟုတ်တော့ဘဲ မုန့်ကြိုးလိမ် လိမ်ထားသကဲ့သို့ လိမ်တွန့်သွားခြင်း ဖြစ်သည်။ မြင်ကွင်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
'ထိန်းရခက်သားပဲ'
ဆရာကျန်း၏ မူလ အစီအစဉ်မှာ ဧကရာဇ်ဂူကောင်၏ အစွမ်းဖြင့် ဘုရင်ဂူကောင်ကို အပြည့်အဝ ထိန်းချုပ်ပြီး သူသိချင်သမျှ ဖြည်းဖြည်းချင်း မေးရန် ဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ ဘုရင်ဂူကောင်၏ စိတ်ဆန္ဒသည် သူထင်ထားသည်ထက် ပိုမို ခိုင်မာနေသည်။ အပြည့်အဝ ဖိနှိပ်ခံထားရသည့်တိုင် သခင်ပေးထားသော တာဝန်ကို ပြီးမြောက်အောင် အသက်နှင့်ရင်းပြီး ကြိုးစားနေသည်။
ယွမ်ရို၏ ခန္ဓာကိုယ် ပျက်စီးလုနီးပါး ဖြစ်နေသည်ကို ကြည့်ရင်း ဂူကောင်ကို အပြင်ထုတ်လိုက်ရင် ကောင်းမလားဟု ဆရာကျန်း တွေးလိုက်မိသည်။
သို့သော် ထိုအတွေးကို ချက်ချင်း ပယ်ဖျက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဘုရင်ဂူကောင်ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီးနောက် ၎င်းသည် ရုပ်ဖျက်ထားခြင်း မဟုတ်ဘဲ ယွမ်ရို ဦးနှောက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲနေကြောင်း တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။ ၎င်းကို ဆွဲထုတ်လိုက်သည်နှင့် ယွမ်ရိုလည်း ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။
ထိုအခါ ဘာမှ မေးလို့ရတော့မည် မဟုတ်ပေ။
မတတ်သာသည့်အဆုံး ဆရာကျန်းသည် ဧကရာဇ်ဂူကောင်၏ စွမ်းအားအားလုံးကို ထုတ်သုံးကာ ခုခံနေသော ဘုရင်ဂူကောင်ကို ထပ်မံ ဖိနှိပ်လိုက်ရသည်။
ဇီဝဗေဒ သဘောတရားအရ ဧကရာဇ်ဂူကောင်၏ အမိန့်ကို ဘုရင်ဂူကောင်က ငြင်းဆန်ရန် ခက်ခဲလေသည်။
ထို့ကြောင့် စွမ်းအားအားလုံး ထုတ်သုံးလိုက်သည့်အခါ လက်ခံသူနှင့်အတူ အသေခံရန် ကြိုးစားနေသော ဘုရင်ဂူကောင်ကို ခေတ္တ ငြိမ်သက်သွားအောင် လုပ်နိုင်လိုက်သည်။
သို့သော် ဤသို့ ဖိနှိပ်ထားခြင်းသည် ကြာရှည်မခံနိုင်ကြောင်း ဆရာကျန်း သိသည်။ ထို့ကြောင့် အရေးကြီးဆုံး မေးခွန်းကို ရွေးမေးရတော့မည်။
"ငါ့ကို ပြော... အဆိပ်မြူတွေကို ဘယ်လို ဖြေရှင်းရမလဲ"