အခရာကျတဲ့ ကိစ္စ
Vol. 52 Ch. 591
"ကျွန်တော် မသိဘူး"
ယွမ်ရို၏ အဖြေကို ကြားရသည့်အခါ ကျန်းပေရန် အနည်းငယ် စိတ်ပျက်သွားမိသော်လည်း ဒါသည် မျှော်လင့်ထားပြီးသား အရာတစ်ခု ဖြစ်လေသည်။
ယွမ်ရိုသည် ဂူပိုး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်သဖြင့် ညွှန်ကြားချက်အတိုင်း လှုပ်ရှားရသူ ဖြစ်ချေသည်။
ထို့ကြောင့် ကျန်းပေရန် မေးခွန်းပြောင်းမေးလိုက်သည်။
"ဒါဆိုရင် မင်းရဲ့ တာဝန်တွေကို ပြီးမြောက်ဖို့အတွက် မင်း ဘာတွေ လုပ်ခဲ့လဲဆိုတာ ပြောပြ"
"ကျွန်တော် ဂိုဏ်းငယ်လေးတွေထဲက ကျင့်ကြံသူ သုံးယောက်ကို ဖမ်းခေါ်လာခဲ့တယ် သူတို့ကို နင်တင်းမြို့အပြင်ဘက်က ရှီးဖုန်းရွာဆီ ခေါ်သွားခဲ့တယ်"
"ပြီးတော့ရော"
"နောက်ဆက်တွဲ ကိစ္စတွေကို ကျွန်တော် မသိတော့ဘူး"
"ဒါအပြင် တခြား ဘာလုပ်ခဲ့သေးလဲ"
"လန်ဝူလျှိုမြောင်မှာ ကျွန်တော် မျိုးစေ့တွေ စိုက်ခဲ့တယ်"
"ဘာမျိုးစေ့တွေလဲ"
"မသိဘူး"
"တခြား ဘာလုပ်ခဲ့သေးလဲ"
"ကျွန်တော် ရှာတွေ့ခဲ့ တာက အဟွတ် အဟွတ် အဟွတ်"
ယွမ်ရို ဆက်လက်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလာပြီး သွေးများ အန်ထွက်လာတော့သည်။
မကြာမီ သူ၏ မျက်လုံး နှာခေါင်းနှင့် နားပေါက်များထဲမှ သွေးများ ယိုစီးကျလာသည်။
'အကန့်အသတ် ရောက်သွားပြီလား'
နှမြောစရာ ကောင်းသော်လည်း ကျန်းပေရန်သည် ဝိညာဉ်အာရုံကို အသုံးပြု၍ ယွမ်ရို ဦးနှောက်ထဲရှိ ဘုရင်ဂူကို အိပ်ပျော်သွားစေရန် ပြုလုပ်လိုက်ရသည်။
သို့မဟုတ်ပါက ယွမ်ရိုသည် အနက်ရောင်သူတော်စင် ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်လင့်ကစား ဘုရင်ဂူက သူ့အသက်ကို မျက်စိတစ်မှိတ်အတွင်း နုတ်ယူသွားနိုင်ပေသည်။
ဒါသည် ဂူပညာ၏ ကြောက်မက်ဖွယ် ကောင်းသော အချက် ဖြစ်လေသည်။
ရှေးခေတ်က ကျင့်ကြံသူများအားလုံး ပူးပေါင်းပြီး ဂူကျင့်ကြံသူများကို တိုက်ထုတ်ခဲ့ကြသည်မှာ အကြောင်းမဲ့ မဟုတ်ပေ ဂူကျင့်ကြံသူများ၏ နည်းလမ်းများမှာ ရက်စက်ကြမ်းကြုတ်ရုံသာမက အလွန် စွမ်းအားကြီးမားလှသည် အနက်ရောင်သူတော်စင် အဆင့်များပင် ခံနိုင်ရည်မရှိသော ဂူပိုးမျိုး ဖြစ်သဖြင့် အားလုံး ကြောက်ရွံ့ခဲ့ကြခြင်း ဖြစ်သည်။
"ဒုန်း"
ယွမ်ရို မြေကြီးပေါ်သို့ လဲကျသွားပြီး သတိမေ့မြောသွားလေသည်။
"ဟူး"
ကျန်းပေရန်အနေဖြင့် အကန့်အသတ်အထိ ဆက်လက် စစ်ဆေးမေးမြန်းနိုင်သော်လည်း ယွမ်ရို၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားနိုင်သည့် အခြေအနေ ဖြစ်လာနိုင်သည် ထိုသို့ ဖြစ်သွားလျှင် ဖြေရှင်းရ ခက်ပေလိမ့်မည်။
ထို့အပြင် ယွမ်ရိုတွင် အနက်ရောင်သူတော်စင်အဆင့် အစ်ကိုကြီးတစ်ယောက် ရှိနေသေးသည် လက်ရှိအချိန်တွင် သူသည် ဒေါသကို မြိုသိပ်ထားရသော်လည်း နောင်တစ်ချိန်တွင် ဒီကိစ္စကို အငြိုးထားပြီး လက်စားပြန်ချေလာမည်ကို ဘယ်သူ ပြောနိုင်မလဲ။
ထို့ကြောင့် သေချာစဉ်းစားပြီးနောက် ကျန်းပေရန်သည် လောင်းကြေးမထပ်တော့ဘဲ ယွမ်ရိုကို အသက်ချမ်းသာပေးလိုက်သည်။
ယွမ်ရိုသည် ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်ပြီး သူကျူးလွန်ခဲ့သော မကောင်းမှုများသည် သူ့ဆန္ဒ မဟုတ်တန်ရာ။
အကယ်၍ အခွင့်အရေး ရပါက နောင်တစ်ချိန်တွင် ယွမ်ရို ဦးနှောက်ထဲရှိ ဘုရင်ဂူကို ထုတ်ယူပေးနိုင်မလား စမ်းသပ်ကြည့်ရမည် ဖြစ်နိုင်လျှင် သူ့ကို အသုံးချစရာ လူတစ်ယောက်အဖြစ် ဆက်လက် ထားရှိနိုင်သည်။
လက်ရှိအချိန်တွင် အရေးကြီးဆုံးမှာ ကျန်းပေရန်အနေဖြင့် အဓိကကျသော နေရာနှစ်ခုကို သိရှိလိုက်ခြင်းပင် ဖြစ်သည်။
'ရှီးဖုန်းရွာ လန်ဝူလျှိုမြောင်'
ယွမ်ရိုသည် အနက်ရောင်သူတော်စင်အဆင့် ရှိသူဖြစ်ရာ ဂူကျင့်ကြံသူများက ထုန်နိုင်ငံအတွင်း ထားရှိသော အကြီးမားဆုံး နယ်ရုပ်တစ်ရုပ် ဖြစ်ပေလိမ့်မည် ထို့ကြောင့် သူလုပ်ဆောင်ခဲ့သော ကိစ္စရပ်များသည် အလွန် အရေးပါပေလိမ့်မည် ဒီနေရာနှစ်ခုတွင် အဆိပ်မြူ ပြဿနာကို ဖြေရှင်းနိုင်မည့် သဲလွန်စများ ရှိနေမည်ဟု ကျန်းပေရန် ယုံကြည်သည်။
ရှန့်တိုင်းပြည်ရှိ တံငါရွာလေး တစ်ရွာကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
စစ်ဆေးမေးမြန်းခြင်း ပြီးဆုံးသွားသည့်အခါ ဘေးနားရှိ ချူယန်ဇယ်ကို လှမ်းကြည့်လိုက်ရာ ရင်ဘတ်ကို ဖိထားပြီး အသက်ရှူ မြန်နေသည်ကို တွေ့လိုက်ရသည် ခြေလက်များမှာလည်း ပုံစံအမျိုးမျိုး ပြောင်းလဲနေသည်။
"ဘာဖြစ်တာလဲ"
ကျန်းပေရန်က ချူယန်ဇယ်ကို မေးလိုက်သည်။
အသက်ကို မနည်း မျှင်းရှူရင်း ချူယန်ဇယ် အားယူကာ ဖြေလိုက်သည်။
"ဧကရာဇ်ဂူ ထွက်သွားပြီးနောက်ပိုင်း ကျန်တဲ့ ဘုရင်ဂူတွေက သူပုန်ထနေကြပြီ"
'တော်လှန်ရေး လုပ်ကြပြီပေါ့လေ'
ဂူကျင့်ကြံသူများအတွက် ဧကရာဇ်ဂူသည် အသက်ထက် အရေးကြီးသော ဖြစ်တည်မှု ဖြစ်သည် ထို့ကြောင့် ဧကရာဇ်ဂူ ပျောက်သွားသည်နှင့် ဘုရင်ဂူများ ပြာယာခတ်ကုန်ခြင်းမှာ သဘာဝပင် ဖြစ်သည်။
သို့သော် ကျန်းပေရန်သည် ဧကရာဇ်ဂူကို ချက်ချင်း ပြန်မထည့်ပေးဘဲ ဆုံးမစကား ပြောလိုက်သည်။
"မင်း မှတ်ထားရမှာက မင်းကသာ ဒီ ဘုရင်ဂူတွေရဲ့ အရှင်သခင် အစစ်အမှန် ဖြစ်တယ် အန္တရာယ် ကြုံလာတဲ့အခါ မင်းက သူတို့သဘော လိုက်ဆောင်ရမှာ မဟုတ်ဘူး သူတို့ကို မင်းအမိန့် နာခံအောင် လုပ်ရမှာ နားလည်လား"
ချူယန်ဇယ် ခေါင်းကို ခဲယဉ်းစွာ ညိတ်လိုက်သည်။
"ဆရာ့ ဆုံးမစကားကို နာခံပါ့မယ်"
သို့သော် ရူးသွပ်နေသော ဘုရင်ဂူများကို အချိန်တိုအတွင်း ချူယန်ဇယ် ထိန်းချုပ်နိုင်ရန်မှာ ခက်ခဲလွန်းလှသည် ထို့ကြောင့် ခဏတာ ကြိုးစားခိုင်းပြီးနောက် ကျန်းပေရန်သည် ဧကရာဇ်ဂူကို ပြန်လွှတ်ပေးလိုက်ပြီး ချူယန်ဇယ် ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်စေလိုက်သည်။
ဧကရာဇ်ဂူ ပြန်ရောက်လာသည်နှင့် အိုဝမ်နှင့် အဖွဲ့သားများ ငြိမ်ကျသွားပြီး ခစားရန် ဝိုင်းအုံလာကြတော့သည်။
မျက်နှာ ပြာနှမ်းနေသော ချူယန်ဇယ်လည်း သက်ပြင်းချနိုင်သွားပြီး ဆရာကျန်းကို လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
"မှတ်ထား မင်းက သူတို့ရဲ့ သခင်ပဲ ဒီစည်းမျဉ်းကို သူတို့ နားလည်သွားအောင် ပုံမှန်အချိန်တွေမှာ သေချာ လေ့ကျင့်ပေးထားရမယ်"
"တပည့် နားလည်ပါပြီ"
ချူယန်ဇယ် ခန္ဓာကိုယ်ထဲရှိ ဘုရင်ဂူများ သူပုန်မထလျှင်လည်း ကျန်းပေရန်က ဧကရာဇ်ဂူကို သူ့ခန္ဓာကိုယ်ထဲမှာပဲ ဆက်လက် မွေးမြူထားစေမည် ဖြစ်သည်။
ချူယန်ဇယ်၏ ဂူမွေးမြူခြင်း ခန္ဓာကိုယ်က သုံးရတာ သိပ်ကောင်းလွန်းသည် ခဏလေးအတွင်း ဧကရာဇ်ဂူ၏ အဆင့်သည် အနည်းဆုံး သုံးဆင့်လောက် တက်သွားခဲ့သည် သုံးနှစ် ငါးနှစ်လောက် ဆက်မွေးထားလိုက်လျှင် အဆင့်ကိုး ဧကရာဇ်ဂူ ဖြစ်လာဖို့ မခဲယဉ်းပေ။
ထို့ကြောင့် အသုံးပြုစရာ ရှိမှသာ ထုတ်ယူပြီး ပုံမှန်အချိန်တွင် ချူယန်ဇယ်ကို ကောင်းကောင်း မွေးမြူခိုင်းထားရန် ကျန်းပေရန် ဆုံးဖြတ်ထားလိုက်သည်။
ပြီးပြည့်စုံလေသည်။
ချူယန်ဇယ် ပုံမှန်အခြေအနေ ပြန်ရောက်သွားသည့်အခါ ပျံသန်းစံအိမ်ပေါ်သို့ ပြန်ခေါ်လာပြီး ရှီဖုန်းလန်ကို ကျင်းကျယ်အဆောင်သို့ ပြန်မောင်းခိုင်းလိုက်သည်။
နေရာဒေသ သဲလွန်စ ရရှိထားသည့် ကိစ္စကို ကူလျန်ချန်အား ပြောပြရန် အစီအစဉ် မရှိသေးပေ။
အကြောင်းရင်းက ရှင်းပါသည်။ အနက်ရောင်သူတော်စင်ကြီးများသည် အချိန်အတော်ကြာ မွန်းကြပ်နေကြပြီ ဖြစ်ရာ အဆိပ်မြူ ပြဿနာကို ဖြေရှင်းနိုင်မည့် အခွင့်အရေး ရှိမှန်း သိလိုက်သည်နှင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်လာကြမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် ကူလျန်ချန်ကို ခေတ္တ လျှို့ဝှက်ထားလိုက်သည်။
ကျင်းကျယ်အဆောင်ဘက်တွင် ရလဒ်ကောင်း ထွက်လာမှ ပြောပြလည်း နောက်မကျသေးပေ။
...
နောက်တစ်နေ့တွင် ကျန်းပေရန်သည် ကင်းလှည့်ရန်အတွက် ပျံသန်းစံအိမ်ပေါ်သို့ ထပ်မံ တက်ရောက်လာခဲ့သည် ယခင်ရက်များနှင့် ယှဉ်လျှင် ယနေ့ ကျန်းပေရန်၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
ယွမ်ရိုထံမှ အရေးကြီး သတင်းအချက်အလက်များ ရရှိထားပြီး ဖြစ်ရာ ယနေ့ ရွေးချယ်မှု ဆုလာဘ်များတွင် ဂူအဆိပ်ရမှတ်များ ဆက်လက် ပါဝင်လာမလား ဆိုသည်ကို စိတ်ဝင်စားနေမိသည်။
အကယ်၍ ဂူအဆိပ်ရမှတ်များ မပါလာလျှင် ဘာများ ပါလာမည်နည်း။
ထိုသို့ တွေးမိသည်နှင့် ထောင့်တစ်နေရာတွင် ထိုင်နေသော မုန်စစ်ပေ့ကို လှမ်းကြည့်လိုက်မိသည်။
'အရင်တုန်းက သူ ဒီလောက် အသုံးဝင်မယ်လို့ ငါ ဘာလို့ မထင်ခဲ့မိပါလိမ့် ငါ့အပြစ်ပဲ'
စဉ်းစားနေစဉ်မှာပင် အခြား အနက်ရောင်သူတော်စင်ကြီးများ ပျံသန်းစံအိမ်ပေါ်သို့ ရောက်ရှိလာကြသည် ကျန်းပေရန်လောက် တက်ကြွမှု မရှိဘဲ တာဝန်အရ လိုက်ပါလာသည့် ပုံစံမျိုး ဖြစ်နေကြသည်။
ဒီကိစ္စက အဓိပ္ပာယ်မရှိဘူးဟု ထင်နေကြသော်လည်း ကျန်းပေရန်ကို တားဆီးရန် မဖြစ်နိုင်ကြောင်း သူတို့ သိကြသည်။
ကျင့်ကြံခြင်းကလွဲရင် ကျန်တဲ့နေရာတွေမှာ ကျန်းပေရန်က သူတို့ကို အပြတ်အသတ် သာလွန်နေကြောင်း ပါးစပ်က ထုတ်မပြောပေမယ့် ရင်ထဲမှာတော့ လက်ခံထားကြသည်။
လူစုံသည့်အခါ ရှီဖုန်းလန်သည် ပျံသန်းစံအိမ်ကို မောင်းနှင်ကာ ယွမ်မြို့ပြင်သို့ ရွှီ ကနဲ ထွက်ခွာသွားလေသည်။
...
[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ကပ်ရောဂါ +၁]
[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ကပ်ရောဂါ +၁]
[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ဂူအဆိပ် +၁]
ကျန်းပေရန် အံ့သြသွားရသည်မှာ ယွမ်ရိုထံမှ အရေးကြီး သတင်းအချက်အလက်များ ရရှိထားပြီး ဖြစ်သော်လည်း ယနေ့ ရရှိသော ရမှတ်များ အားလုံးသည် ဂူအဆိပ်နှင့် သက်ဆိုင်နေဆဲ ဖြစ်နေခြင်းပင်။
'ဒါဆိုရင် အခြေအနေကို ဖောက်ထွက်နိုင်ဖို့အတွက် ယွမ်ရိုဆီက ရတဲ့ သတင်းအချက်အလက်တွေနဲ့ မလုံလောက်သေးဘူး ဆိုတဲ့ သဘောလား'
'ဒါမှမဟုတ်'
ကျန်းပေရန်သည် ကောင်းကင်မျက်လုံး အစီအရင်မှတစ်ဆင့် အပြင်ဘက်ရှိ အဆိပ်မြူများကို လှမ်းကြည့်လိုက်သည်။
ဂူအဆိပ်ရမှတ်များ တိုးပွားလာသော်လည်း အပြင်ဘက်ရှိ အဆိပ်မြူများ၏ သဘောတရားကို သူ နားမလည်နိုင်သေးပေ။
ဂူအဆိပ်ရမှတ်များ ဆက်လက် မြင့်တက်လာပြီး အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားပါက ဒီအဆိပ်မြူများ၏ မူလသဘောတရားကို အမှန်တကယ် နားလည်သဘောပေါက်ပြီး လုံးဝ ဖယ်ရှားပစ်နိုင်မည် ဖြစ်ကောင်း ဖြစ်နိုင်သည်။
'ကောင်းပြီလေ'
ထိုမျှော်လင့်ချက်ဖြင့် ကျန်းပေရန်သည် ဂူအဆိပ်ရမှတ် ရှစ်မှတ် စုဆောင်းပြီးနောက် ယွမ်မြို့ထဲသို့ ပြန်ဝင်လာခဲ့သည်။
ကျင်းကျယ်အဆောင်သို့ ရောက်သည်နှင့် အဆင့်ကိုး ပညာရှင်ကြီးများ အားလုံးကို စုစည်းလိုက်ပြီး အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။
"ပြင်မယ် ဟုတ်လား"
"ဖျက်ပစ်ပြီး အသစ်ပြန်လုပ်မယ်"
"ပြန်စမယ် ဟုတ်လား"
အစည်းအဝေးခန်းမထဲတွင် ပညာရှင်ကြီးများ၏ အံ့သြတကြီး အာမေဋိတ်သံများ ဆူညံသွားသည် ကျန်းပေရန် ပေးထားသည့် ပုံစံအတိုင်း အချိန်အကြာကြီး အားထုတ် လုပ်ဆောင်ခဲ့ကြပြီး ယခု ပြီးစီးလုနီးပါး အချိန်ကျမှ ပြန်ပြင်ရမည် အစကနေ ပြန်လုပ်ရမည် ဆိုသည့် စကားကို လက်ခံရန် ခက်ခဲနေကြသည်။
မျှော်လင့်ထားသည့် အတိုင်း ဖြစ်လာသော ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းပေရန် လက်ကာပြလိုက်သည်။
"ဒီမှာ ရှိနေကြတဲ့ လူကြီးမင်းတွေ အားလုံးက အဆင့်ကိုး ပညာရှင်ကြီးတွေချည်းပါပဲ ပစ္စည်းသစ် တစ်ခုကို ဖန်တီးတဲ့နေရာမှာ တစ်ခါတည်းနဲ့ အောင်မြင်တယ် ဆိုတာ ရှိလို့လား"
"ဒါကတော့"
ပညာရှင်ကြီးများ ခေတ္တ တိတ်ဆိတ်သွားကြသည် သို့သော် ဟူဟုန်နှင့် တုန်းကျန့်ရွှမ်က ဦးဆောင်ပြီး ပြောကြသည်။
"ဒါပေမဲ့ ဒီတစ်ခါက အခြေအနေ ထူးခြားတယ်လေ ကပ်ဘေးကြီး ဆိုက်ရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာ အချိန်သိပ်မရှိတော့ဘူး"
"မဟုတ်ဘူး" ကျန်းပေရန် ခေါင်းခါလိုက်သည်။
"ကပ်ဘေးကြီး ဆိုက်ရောက်နေလို့ ပိုပြီး သေသေချာချာ လုပ်ရမှာ အပြင်က ဂူကျင့်ကြံသူတွေရဲ့ အစီအမံတွေကို တစ်ချက်တည်းနဲ့ အပြီး တိုက်ဖျက်ပစ်နိုင်မှ ဖြစ်မယ် မဟုတ်ရင် တစ်ဖက်က ပြန်တိုက်ခိုက်လာတဲ့အခါ ကျွန်တော်တို့ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး"
ကျန်းပေရန် ရုတ်တရက် ပြန်ပြင်ခိုင်းရသည့် အကြောင်းရင်း နှစ်ချက် ရှိလေသည်။
ပထမအချက်မှာ သူပြောခဲ့သည့်အတိုင်း ယွမ်မြို့သည် ယခုအချိန်ထိ တန်ပြန်တိုက်စစ် တစ်ကြိမ်မျှ မဆင်နွှဲရသေးပေ။ ဒီအချက်က ဂူကျင့်ကြံသူများကို ပေါ့ဆသွားစေသည်။ ဆက်လက် ဝိုင်းရံထားရုံဖြင့် ယွမ်မြို့ ကျဆုံးသွားမည်ဟု ထင်မှတ်စေသည်။
အကယ်၍ ယွမ်မြို့ရှိ အနက်ရောင်သူတော်စင်များ တန်ပြန်တိုက်စစ် ဆင်နွှဲလာခဲ့လျှင်... ထိုတိုက်စစ်က ထိရောက်မှု ရှိခဲ့လျှင်... ဂူကျင့်ကြံသူများ၏ တုံ့ပြန်မှုသည် အလွန် ပြင်းထန်ပေလိမ့်မည်။
ကျန်းပေရန် ကြိုတွေးထားသည့် အကျိုးဆက်တစ်ခု ရှိသည် တန်ပြန်တိုက်စစ်က လုံလောက်သော ထိရောက်မှု မရှိခဲ့ဘဲ အဆိပ်မြူများကို မဖယ်ရှားနိုင်ခဲ့လျှင်... တပြိုင်နက်တည်းမှာပင် အနက်ရောင်သူတော်စင်များ ဂူအဆိပ်ဖြေပြီးသွားပြီ ဖြစ်ကြောင်း တစ်ဖက်လူ သိရှိသွားခဲ့လျှင်...
ထိုအခါ ဂူကျင့်ကြံသူ မျိုးနွယ်စုသည် ယွမ်မြို့ကို အကုန်အကျခံပြီး တိုက်ခိုက်လာနိုင်သည် ကြီးထွားလာနိုင်မည့် မျိုးစေ့လေးကို မြေကြီးထဲမှာတင် အပြီးသတ် ချေမှုန်းပစ်ရန် ကြိုးစားလာကြမည်မှာ အသေအချာပင်။
ထို့ကြောင့် ပြင်ဆင်မှု အပြည့်အဝ ရှိမှ တိုက်ခိုက်ရမည်ဟု ကျန်းပေရန် အမြဲ ပြောဆိုခဲ့ခြင်း ဖြစ်သည် တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်မှသာ ယွမ်မြို့ရှိ အနက်ရောင်သူတော်စင်များအတွက် ခြေကုပ်ယူစရာ နေရာ ရရှိမည် ဖြစ်သည်။
ဒုတိယအချက်မှာ ယနေ့ ဂူအဆိပ်ရမှတ် ရှစ်မှတ် ထပ်ရလိုက်သဖြင့် အဆိပ်မြူအပေါ် နားလည်မှု ပိုမို တိုးပွားလာပြီး ယခင်က တွေးထားသော နည်းလမ်းအချို့ လွဲချော်နေကြောင်း တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည် ပြန်လည် ပြင်ဆင်လိုက်ပါက ရလဒ် ပိုကောင်းလာမည် ဖြစ်သည်။
ယခုအခါ ယွမ်မြို့၏ ကာကွယ်ရေး ဖိအား လျော့နည်းသွားပြီ ဖြစ်ရာ ကျန်းပေရန်အနေဖြင့် ပိုမို ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် အချိန်ရရှိနေပြီ ဖြစ်သည်။
ကျန်းပေရန်၏ စကားကို ကြားပြီးနောက် အဆင့်ကိုး ပညာရှင်ကြီးများ လက်ခံလိုက်ကြသည်။
အချိန်မလောက်မှာကိုသာ စိုးရိမ်နေကြခြင်း ဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူ ကျန်းပေရန်က ပြင်ဆင်ရန် အချိန်လုံလောက်သည်ဟု ပြောလာမှတော့ သူတို့တွင် ငြင်းဆန်စရာ အကြောင်း မရှိတော့ပေ။
"ကောင်းပြီ ဘယ်သူမှ စကားမပြောကြတော့ဘူး ဆိုတော့ အားလုံး သဘောတူတယ်လို့ပဲ မှတ်ယူလိုက်မယ်" ပြောပြီးသည်နှင့် ကျန်းပေရန် လက်ခုပ်နှစ်ချက် တီးလိုက်သည်။
"ဒါဆိုရင် အချိန်ဖြုန်းမနေကြနဲ့တော့ ကိုယ့်နေရာကိုယ် ပြန်ပြီး အလုပ်ဆက်လုပ်ကြပါ"
ပြောပြီးသည်နှင့် ကျန်းပေရန် အစည်းအဝေးခန်းမထဲမှ ဦးစွာ ထွက်ခွာသွားလေသည် အခြား ပညာရှင်ကြီးများလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။
"ပြီးပြည့်စုံခြင်း" ဟူသော မူဝါဒအောက်တွင် နောက်ရက်အနည်းငယ်အတွင်း ကျန်းပေရန်သည် ယခင် လက်ရာများကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည် အဆင့်ကိုး ပညာရှင်ကြီးများနှင့် လက်တွဲလုပ်ဆောင်လာခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ပြင်ဆင်မှု အရှိန်အဟုန်မှာ ကျန်းပေရန် ထင်ထားသည်ထက် ပိုမို မြန်ဆန်လေသည်။
'ဒီလူကြီးတွေက အခြေအနေကို သဘောပေါက်သွားတော့ သင်ယူမှု အရမ်းမြန်တာပဲ'
အခြား နယ်ပယ်များကို လျင်မြန်စွာ မတတ်မြောက်နိုင်သော်လည်း ကျန်းပေရန်နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မည်သို့ လုပ်ဆောင်ရမည် ဆိုသည့် စနစ်တစ်ခုကို သူတို့ကိုယ်တိုင် ဖော်ထုတ်နိုင်ခဲ့ကြသည်။
ထိုစနစ် ပိုမို ရင့်ကျက်လာသည်နှင့်အမျှ သူတို့၏ စွမ်းဆောင်ရည်မှာလည်း ပိုမို မြန်ဆန်လာလေသည်။
ကျင်းကျယ်အဆောင်၏ လုပ်ငန်းစဉ်များ တိုးတက်မှု ရှိနေသလို ဂူအဆိပ်ရမှတ်များမှာလည်း ပုံမှန် တိုးပွားနေပြီး အခြား ရမှတ်များထက် များစွာ သာလွန်ကာ အလွန် မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် အဆိပ်မြူများကို လုံးဝ ဖယ်ရှားပစ်နိုင်မည်ဟူသော ယုံကြည်ချက်မှာလည်း ပိုမို ခိုင်မာလာသည်။
ထိုကာလအတွင်း ကျန်းပေရန်သည် ယွမ်ရိုကို မကြာခဏ သွားရောက်ကြည့်ရှုပြီး ဂူပိုး အိပ်ပျော်နေစေရန် ထိန်းသိမ်းထားသလို ဦးနှောက်ထဲမှ ထုတ်ယူရန်လည်း ကြိုးစားကြည့်ခဲ့သည်။
သို့သော် ယွမ်ရို၏ အသက်အန္တရာယ်ကို စိုးရိမ်ရသဖြင့် "အကြမ်းပတမ်း" စမ်းသပ်မှုများ မပြုလုပ်ရဲဘဲ ဘုရင်ဂူကို ဘာမှ မလုပ်နိုင်သေးပေ။
တစ်နေ့တွင် ကျန်းပေရန်သည် ကျင်းကျယ်အဆောင်၌ ပညာရှင်ကြီးများကို လမ်းညွှန်မှု ပေးနေစဉ် တံခါးပေါက်ဝ၌ ကူလျန်ချန် ရောက်ရှိနေပြီး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
အရေးကြီး ကိစ္စမရှိလျှင် မနှောင့်ယှက်ပါနှင့်ဟု ကျန်းပေရန် ပြောထားဖူးရာ ကူလျန်ချန် ရောက်လာခြင်းသည် ပြဿနာ တစ်စုံတစ်ရာ ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့် ကျန်းပေရန် လက်စသတ်ပြီး တံခါးဝဆီသို့ လျှောက်လာခဲ့သည်။
"ဆရာကျန်း"
ကျန်းပေရန် လျှောက်လာသည်ကို မြင်သောအခါ ကူလျန်ချန် ရှေ့တိုးလာပြီး နှုတ်ဆက်လိုက်သည်။
"ဘာကိစ္စ ရှိလို့လဲ"
ကူလျန်ချန် ခေါင်းညိတ်လိုက်သည်။
"ဒီနေ့ ဂူကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှု ရုတ်တရက် ပိုပြင်းထန်လာတယ် အဆင့်ကိုး ဂူကျင့်ကြံသူတွေ အရင်ကထက် ပိုများလာတယ်"
အဆင့်ကိုး ဂူကျင့်ကြံသူ ဆိုသည်မှာ ကူလျန်ချန် သတ်မှတ်ထားသော အခေါ်အဝေါ် ဖြစ်သည်။ သားရဲကောင်များ၏ အဆင့်သတ်မှတ်ချက်ကို ဂူကျင့်ကြံသူများအပေါ် သုံးစွဲလိုက်ခြင်း ဖြစ်ပြီး သူတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူများကို အဆင့်ကိုး၊ သူတို့ကို ထိရောက်စွာ ဒုက္ခမပေးနိုင်သူများကို အဆင့်ကိုးအောက် ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။
"ဘယ်လောက်တောင် များလာတာလဲ" ကျန်းပေရန် မေးလိုက်သည်။
"ခြောက်ယောက်"
ဂူကျင့်ကြံသူများနှင့် တိုက်ခိုက်လာသည်မှာ လဝက်ကျော် ရှိနေပြီ ဖြစ်ရာ ပြိုင်ဘက်များကို သူတို့ ရင်းနှီးနေကြပြီ ဖြစ်သည် ထို့ကြောင့် ဘယ်သူက အသစ်ရောက်လာသူလဲ ဆိုတာ တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
'ခြောက်ယောက်တောင်လား'
ကျန်းပေရန် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကူလျန်ချန် မေးလိုက်သည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာကျန်း ဘယ်လိုမြင်လဲ"
လက်ရှိအချိန်တွင် ကူလျန်ချန်သည် ကျန်းပေရန်၏ ဆုံးဖြတ်ချက်မှန်သမျှကို အပြည့်အဝ ယုံကြည်နေပြီ ဖြစ်သည်။ ထိုယုံကြည်မှု၏ အခြေခံမှာ ကျန်းပေရန်၏ သုံးသပ်နိုင်စွမ်းကို အားကိုးခြင်း ဖြစ်သည်။ ထို့ကြောင့် ရုတ်တရက် ပြောင်းလဲလာသော အခြေအနေကို တွေ့ရှိသည်နှင့် ကျန်းပေရန်ကို ဦးစွာ လာရောက် အသိပေးခြင်း ဖြစ်သည်။
"သတင်းကောင်းတော့ မဟုတ်ဘူး"
ယွမ်မြို့ကို တိုက်ခိုက်လာသည့် ဂူကျင့်ကြံသူ အရေအတွက် များပြားလာခြင်းကို ကြားလိုက်ရသည့်အခါ ကျန်းပေရန်၏ ပထမဆုံး အတွေးမှာ ကျန်နိုင်ငံငါးနိုင်ငံ၌ တစ်ခုခု ဖြစ်ပွားနေပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။
ဂူကျင့်ကြံသူများ နိုင်ငံခြောက်နိုင်ငံကို ခွဲခြားပိတ်ဆို့ထားခြင်း၏ ရည်ရွယ်ချက်မှာ တစ်နိုင်ငံချင်းစီ ချေမှုန်းရန် ဖြစ်သည်။
ယခု ထုန်နိုင်ငံတွင် စစ်ကူများ ရောက်ရှိလာခြင်းသည် နိုင်ငံခြောက်နိုင်ငံအနက် တစ်နိုင်ငံနိုင်ငံမှာ ခုခံနိုင်စွမ်း လုံးဝ မရှိတော့သဖြင့် ထိုနိုင်ငံရှိ ပိတ်ဆို့ရေးတပ်ဖွဲ့ကို ရုပ်သိမ်းကာ ခုခံနိုင်စွမ်း ရှိသေးသော နိုင်ငံများဘက်သို့ အင်အားဖြည့်လိုက်ခြင်း ဖြစ်နိုင်သည်။
ထိုအချက်ကို တွေးမိသည်နှင့် ကျန်းပေရန်၏ ရင်ထဲတွင် အန္တရာယ် အငွေ့အသက်များ ပြည့်နှက်လာတော့သည်။
သူ့အတွက် ကျန်ရှိသော အချိန်များသည် ထင်ထားသလောက် မများပြားတော့ကြောင်း သိရှိလိုက်ရလေသည်။