← Chapters

တန်ပြန်တိုက်ခိုက်ရန် နိဒါန်းပျိုးခြင်း

Vol. 52 Ch. 592

တန်ပြန်တိုက်ခိုက်ရန် နိဒါန်းပျိုးခြင်း

Vol. 52 Ch. 592

ဂူကျင့်ကြံသူများ ရုတ်တရက် အင်အားဖြည့်တင်းလာနိုင်ခြေ ရှိသော အကြောင်းရင်းအချို့ကို စဉ်းစားပြီးနောက် ကျန်းပေရန် မော့ကြည့်လိုက်ပြီး ကူလျန်ချန်ကို မေးလိုက်သည်။

"တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာရင် လူကြီးမင်းတို့ တောင့်ခံထားနိုင်ပါ့မလား"

"နည်းနည်းတော့ ခက်ခဲနိုင်ပေမယ့် သူတို့ ဒီလောက်လွယ်လွယ်နဲ့တော့ ဖောက်ဝင်လို့ မရပါဘူး ဒါနဲ့ စကားမစပ် ကျောက်စိမ်းတောင်ခြေ အစီအရင်က စွမ်းအင် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဆရာကျန်း ဒုက္ခခံပြီး နောက်တစ်ကြိမ်လောက် ပြန်ဖြည့်ပေးပါဦး"

'တိုက်ပွဲက တော်တော်လေး ပြင်းထန်ပုံရတယ်'

ပြီးခဲ့တဲ့တစ်ခေါက် ကျောက်စိမ်းတောင်ခြေ အစီအရင်ကို ပြုပြင်တုန်းက ကူလျန်ချန် ပေးခဲ့သည့် ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးများမှာ အရည်အသွေး အလွန်မြင့်မားပြီး ဝိညာဉ်စွမ်းအား ပမာဏ အလွန်များပြားသည်။

ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံး အလုံးတစ်ရာနှင့် အစီအရင်၏ စွမ်းအားကို ပေါင်းစပ်လိုက်လျှင် "ကြယ်တာရာ ပင်လယ်" ပမာဏခန့် ရှိမည်ဟု ကျန်းပေရန် ထင်မှတ်ထားခဲ့သည် သို့သော် လဝက်မပြည့်ခင်မှာပင် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။

ဒီအချက်တစ်ခုတည်းဖြင့်ပင် အနက်ရောင်သူတော်စင်များနှင့် ဂူကျင့်ကြံသူများကြား တိုက်ပွဲ မည်မျှ ပြင်းထန်သည်ကို မှန်းဆနိုင်သည်။

"ကောင်းပြီ ခဏနေရင် ကျွန်တော် သွားဖြည့်လိုက်ပါ့မယ် ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေက"

"စိတ်ချပါ"

ကျန်းပေရန် တောင်းမည်ကို ကြိုသိနေသကဲ့သို့ ကူလျန်ချန်သည် ဝိညာဉ်ကျောက်တုံးအိတ် တစ်အိတ်ကို ကျန်းပေရန်ရှေ့သို့ ချပေးလိုက်သည်။

"ဒီဝိညာဉ်ကျောက်တုံးတွေက ပြီးခဲ့တဲ့တစ်သုတ်ထက် အရည်အသွေး ပိုကောင်းတယ် လုံလောက်မယ်လို့ ထင်တယ်"

'ပိုကောင်းတယ် ဟုတ်လား'

ကျန်းပေရန် မျက်ခုံးပင့်လိုက်မိသည် ပြီးခဲ့တဲ့တစ်သုတ်ကတည်းက အရည်အသွေး အလွန်မြင့်မားနေပြီ ဖြစ်သည် အခု ဒီထက် ပိုကောင်းတာ ရှိသေးတယ်လား။

ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း မဆန်းပါဘူး ထုန်နိုင်ငံ၏ ထိပ်သီးပုဂ္ဂိုလ်များအားလုံး ယွမ်မြို့တွင် စုဝေးနေကြရာ ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာလောက် စုဖို့ဆိုတာ သူတို့အတွက် အသေးအဖွဲ ကိစ္စလေးပင် ဖြစ်ပေလိမ့်မည်။

ဝိညာဉ်ကျောက်တုံးအိတ်ကို သိုလှောင်လက်စွပ်ထဲ ထည့်ပြီးနောက် ကျန်းပေရန် ဆက်မေးလိုက်သည်။

"ဂူကျင့်ကြံသူတွေ တိုက်ခိုက်မှု မြှင့်တင်လာတာကလွဲရင် တခြား ထူးခြားမှုတွေ ရှိသေးလား"

"လောလောဆယ်တော့ မရှိသေးဘူး ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ်လို့ ငါထင်တယ် ယွမ်မြို့ကို အကြာကြီး တိုက်နေတာတောင် မကျသေးလို့ သူတို့ စိတ်မရှည် ဖြစ်လာပုံရတယ် နောက်ပိုင်းကျရင် တိုက်ခိုက်မှုတွေက ပိုပိုပြီး ပြင်းထန်လာလိမ့်မယ်"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါဆိုရင် လူကြီးမင်းတို့ နည်းနည်းလောက် ထပ်ပြီး သည်းခံပေးကြပါ ကျွန်တော်တို့ ဘက်ပေါင်းစုံကနေ တန်ပြန်တိုက်စစ်ဆင်မယ့်နေ့က သိပ်မလိုတော့ပါဘူး"

ကူလျန်ချန်၏ မျက်လုံးများ အရောင်တောက်သွားပြီး ဝမ်းသာအားရ မေးလိုက်သည်။

"ဆရာကျန်း ယုံကြည်မှု ရှိနေပြီလား"

"ရာနှုန်းပြည့် ယုံကြည်မှုတော့ မဟုတ်ပေမယ့် အောင်မြင်နိုင်ခြေက တော်တော်များပါတယ်"

"ကောင်းပြီ"

ကူလျန်ချန် လေးလေးနက်နက် ပြောလိုက်သည်။

"သိပ်ကောင်းတယ်"

"ဒါပေမဲ့ ဒီသတင်းကို တခြား အနက်ရောင်သူတော်စင်တွေကို မပြောပါနဲ့ဦး ဘာဖြစ်လို့လဲဆိုတော့"

"စိတ်ချပါ ငါ နားလည်ပါတယ်"

ကျန်းပေရန် စကားမဆုံးခင် ကူလျန်ချန် ဖြတ်ပြောလိုက်သည်။

"ဒါဆို ဆရာကျန်း ဆက်လုပ်စရာရှိတာ လုပ်ပါဦး မင်းဆီက သတင်းကောင်းကို ငါ စောင့်နေပါ့မယ်"

ပြောပြီးသည်နှင့် ကူလျန်ချန် လှည့်ထွက်သွားလေသည်။

အချိန်မရှိတော့ကြောင်း သတိပြုမိသွားသဖြင့် ကျန်းပေရန်သည်လည်း ကျင်းကျယ်အဆောင်ထဲသို့ အမြန် ပြန်ဝင်သွားလိုက်သည်။

...

လေးရက်အကြာတွင် ကျန်းပေရန် ပျံသန်းစံအိမ်စီး၍ ရမှတ်ရှာဖွေရန် ထွက်လာသည့်အခါ ပထမဆုံး တက်လာသည့် ရွေးချယ်မှု ဆုလာဘ်ကြောင့် ကြောင်သွားမိသည်။

[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - အံ့ဖွယ်ချုပ်ရိုး +၁]

ဆုလာဘ်ရတိုင်း ဂူအဆိပ် ဖြစ်နေသည်ကို ကျင့်သားရနေပြီ ဖြစ်သော ကျန်းပေရန်မှာ ရုတ်တရက် ဘာဖြစ်သွားမှန်း မသိလိုက်အောင် ဖြစ်သွားသည်။

'ပြီးသွားတာ မြန်လိုက်တာ'

အဆိပ်မြူ ပြဿနာကို အပြီးသတ် မဖြေရှင်းနိုင်မချင်း ဂူအဆိပ်ရမှတ်များ ဆက်လက် တိုးပွားနေဦးမည်ဟု ကျန်းပေရန် ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုအချိန်ထိ အဆိပ်မြူအကြောင်းကို သူ အလုံးစုံ နားမလည်သေးပေ။

' မုန်စစ်ပေ့ရဲ့ ကံကောင်းခြင်း စွမ်းအားတွေ ကုန်သွားပြီလား'

ထိုသံသယဖြင့် ကျန်းပေရန်သည် နောက်ထပ် ရွေးချယ်မှု နှစ်ခုကို ထပ်မံ စမ်းသပ်ကြည့်ရာ ရရှိလာသော နည်းစနစ် ရမှတ်များသည် ဂူအဆိပ်နှင့် လုံးဝ မသက်ဆိုင်တော့ပေ။

ဒီတစ်ခါတော့ ကျန်းပေရန် လက်လျှော့လိုက်ရပြီ မုန်စစ်ပေ့၏ ကံကောင်းခြင်း စွမ်းအား ကုန်သွားတာပဲ ဖြစ်ဖြစ် တခြား အကြောင်းရင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီတစ်ခေါက် ဂူအဆိပ်ရမှတ် မြှင့်တင်ရေး ခရီးစဉ်ကတော့ ပြီးဆုံးသွားခဲ့ချေပြီ။

'အချိန်တန်ပြီနဲ့ တူတယ်'

မနက်က ကူလျန်ချန်သည် ကျင်းကျယ်အဆောင်သို့ ရောက်လာပြီး ဂူကျင့်ကြံသူများ၏ တိုက်ခိုက်မှု ထပ်မံ ပြင်းထန်လာကြောင်း သူတို့၏ ခံစစ်သည် ယခင်ကလောက် မခိုင်မာတော့ကြောင်း ရက်ပိုင်းအတွင်း သို့မဟုတ် မနက်ဖြန်၌ပင် လုံးဝ ပြိုလဲသွားနိုင်ကြောင်း လာရောက် ပြောကြားခဲ့သည်။

ကူလျန်ချန်၏ စကားသည် နောက်ဆုံး သတိပေးချက်ပင် ဖြစ်သည်။ ယခုအခါ ယွမ်မြို့၏ ခံစစ် ပြဿနာကို ရောင်နီဆေးလုံး တစ်ခုတည်းဖြင့် မဖြေရှင်းနိုင်တော့ပေ။ ဂူကျင့်ကြံသူများကို ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်ပြီး အထိနာစေမှသာ ဖြစ်တော့မည် သို့မဟုတ်ပါက ယွမ်မြို့ ကျဆုံးသွားရန်မှာ အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စ ဖြစ်သည်။

အခြေအနေ ဆိုးရွားမှုကို သတိပြုမိလိုက်သဖြင့် ကျန်းပေရန်ကလည်း သူတို့ဘက်တွင် ပြီးပြည့်စုံသည့် အနေအထား မရောက်သေးသော်လည်း အနက်ရောင်သူတော်စင်များကို တိုက်ပွဲဝင်နိုင်စေရန် ပံ့ပိုးပေးနိုင်သည့် အဆင့်တော့ ရောက်နေပြီဟု ပြန်ပြောလိုက်သည်။

ကျန်းပေရန်၏ အဖြေကြောင့် ကူလျန်ချန် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး နောက်အကျဆုံး ဒီညတွင် တိကျသော အစီအစဉ်တစ်ခု ချပြရမည်ဟု ပြောကြားခဲ့သည်။

ကူလျန်ချန်ကို ကတိပေးပြီးနောက် ကျန်းပေရန်သည် အပြင်ထွက်ကာ ဂူအဆိပ်ရမှတ် ဆယ်မှတ်လောက် ထပ်ရှာပြီး အဆိပ်မြူကို ဖြိုခွင်းရန် ကြံရွယ်ခဲ့သော်လည်း ဂူအဆိပ်ရမှတ်များ ရုတ်တရက် ရပ်တန့်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဒီအခြေအနေက ကျန်းပေရန်ကို စကားပုံတစ်ခု သွားသတိရစေသည်။

'စစ်ပွဲမတိုင်ခင် ရိက္ခာဖြည့်တင်းလေ့ ရှိတယ်'

သူကိုယ်တိုင်က ရိက္ခာ ဖြည့်တင်းပေးသူ ဖြစ်နေခြင်း ဖြစ်သည်။

"စီနီယာကူ"

ကျန်းပေရန် လှည့်ကြည့်ပြီး ကူလျန်ချန်ကို ခေါ်လိုက်သည်။

"ဆရာကျန်း အကြံရသွားပြီလား"

အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း ရင်ထဲတွင် ပူလောင်နေသော ကူလျန်ချန်က ချက်ချင်း မေးလိုက်သည်။

"ဒီည ရှုအချိန်ကျရင် အနက်ရောင်သူတော်စင် အားလုံးကို ကျင်းကျယ်အဆောင်မှာ စုပေးပါ တန်ပြန်တိုက်စစ်ဆင်မယ့် အစီအစဉ်ကို ဆွေးနွေးကြမယ်"

ထိုစကားကို ကြားလိုက်ရသည့်အခါ ကူလျန်ချန်နည်းတူ စိုးရိမ်ပူပန်နေကြသော အခြား အနက်ရောင်သူတော်စင်များ ချက်ချင်း တက်ကြွလာကြပြီး မတ်တတ်ထရပ်ကာ ပြောကြသည်။

"ဆရာကျန်း မင်းက ငါတို့ကို တကယ် စောင့်ခိုင်းတာပဲ အဖိုးကြီး ဒီစကားကို စောင့်နေတာ ကြာလှပြီ"

"ဟုတ်တယ် ဆရာကျန်း ဒီလောက် အကြာကြီး ပြင်ဆင်ထားမှတော့ ငါတို့ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး မဟုတ်လား"

"ရှုအချိန်အထိ စောင့်နေစရာ လိုသေးလို့လား ပြန်ရောက်တာနဲ့ ဆွေးနွေးကြမယ်လေ ဂူကျင့်ကြံသူတွေက ပိုပိုပြီး ကြမ်းလာတာ တစ်ခဏ ပိုစောင့်ရရင် တစ်ခဏ ပိုအန္တရာယ်များတယ်"

...

အကြာကြီး အောင့်ထား ရသော အနက်ရောင်သူတော်စင်များကို ကြည့်ရင်း ကျန်းပေရန် လက်ကာပြလိုက်သည်။

"လူကြီးမင်းတို့ စိတ်ရှည်ကြပါ ရှုအချိန်မှ ချိန်းရတာက ဂျူနီယာဘက်က ပြင်ဆင်စရာလေးတွေ နည်းနည်း ကျန်သေးလို့ပါ ပြီးတော့ ဒီည အစည်းအဝေးက လူကြီးမင်းတို့ကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ အာမခံပါတယ်"

"ကောင်းပြီ မင်းက အဲဒီလို ပြောမှတော့ ပြီးတာပါပဲ"

"ဟုတ်တယ် ဒီလောက် ရက်ပေါင်းများစွာတောင် စောင့်လာပြီးပြီပဲ ဒီလောက် အချိန်လေးတော့ စောင့်နိုင်ပါတယ်"

"ဒါဆိုရင် ဆရာကျန်း ငါတို့ အရင် ပြန်နှင့်တော့မယ် ရှုအချိန်ကျမှ တွေ့ကြတာပေါ့"

ပြောပြီးသည်နှင့် အနက်ရောင်သူတော်စင်များ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းစံအိမ်ပေါ်မှ ဆင်းသွားကြပြီး ညရောက်မည့်အချိန်ကို စောင့်မျှော်နေကြလေသည်။

ကူလျန်ချန်သည် ထုံးစံအတိုင်း နောက်ဆုံးမှ ကျန်ရစ်ခဲ့သည် သို့သော် ယနေ့တွင် ဒုတိယထပ်သို့ တက်မသွားဘဲ ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ ကူညီပေးရမယ့် ကိစ္စများ ရှိလား"

ကျန်းပေရန် ပြုံးလိုက်ပြီး ဂါရဝပြုကာ ဖြေလိုက်သည်။

"ရှိတာပေါ့ တန်ပြန်တိုက်စစ်ဆင်တဲ့အချိန်ကျရင် ဂူကျင့်ကြံသူတွေကို ကောင်းကောင်းကြီး ဆုံးမပေးဖို့ စီနီယာကူလျန်ကို အကူအညီ တောင်းချင်ပါတယ်"

ကူလျန်ချန် ဟားတိုက် ရယ်မောလိုက်သည်။

"ဟား ဟား ဟား ပြဿနာ မရှိပါဘူး ဒီအကူအညီကို ငါသေချာပေါက် ကူညီပေးပါ့မယ် ကဲ ညကျမှ တွေ့ကြတာပေါ့"

ပြောပြီးသည်နှင့် ကူလျန်ချန်လည်း ပျံသန်းစံအိမ်ပေါ်မှ ဆင်းသွားလေသည်။

ကျန်းပေရန်လည်း ပျံသန်းစံအိမ်ပေါ်မှ ဆင်းရန် ပြင်လိုက်စဉ် ရှီဖုန်းလန်သည် ရုတ်တရက် သူ့ရှေ့သို့ ပြေးလာပြီး အော်ပြောလိုက်သည်။

"ပေရန်လေး ခဏလေး"

"ဘာဖြစ်လို့လဲ"

ကျန်းပေရန် လှည့်ကြည့်ပြီး မေးလိုက်သည်။

"ဒါလေး မင်းကို ပေးမလို့"

ရှီဖုန်းလန်သည် သိုလှောင်လက်စွပ်ထဲမှ ပုံတစ်ပုံကို ထုတ်ယူကာ ကျန်းပေရန်ကို ပြသလိုက်သည်။

ရှီဖုန်းလန် ကိုင်ထားသော ပုံကို ကြည့်ရင်း ကျန်းပေရန် အရင်ဆုံး ကြောင်သွားပြီးနောက် ပြုံးလိုက်မိသည်။

ပုံထဲတွင် ပြီးခဲ့သောတစ်ခေါက်က လူတိုင်း စုဝေးပြီး ကျင့်ကြံခြင်း သရုပ်ဖော်ကစားပွဲ ကစားနေကြသည့် မြင်ကွင်းကို ရေးဆွဲထားခြင်း ဖြစ်သည်။ လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေကြပြီး သူကိုယ်တိုင်လည်း ပါဝင်လေသည်။

"ဒီအဆိပ်မြူတွေကို မောင်းထုတ်ပြီးသွားရင် ငါတို့ အတူတူ ထပ်ကစားကြမယ်နော် ဟုတ်ပြီလား"

ရှီဖုန်းလန်က ပုံနောက်ကွယ်မှ ခေါင်းပြူထွက်လာပြီး မေးလိုက်သည်။

"ကောင်းပြီလေ"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ပုံကို လက်ခံရယူလိုက်သည်။ ထို့နောက် လှည့်ထွက်သွားရင်း လက်ပြလိုက်သည်။

"သွားပြီ"

ယိုအချိန် ပြီးဆုံးပြီး နှစ်ပိုင်းအကြာတွင် စိတ်မရှည်သော အနက်ရောင်သူတော်စင်ကြီးများသည် ကျင်းကျယ်အဆောင် တံခါးဝသို့ တဖြည်းဖြည်း ရောက်ရှိလာကြပြီ ဖြစ်သည်။ အချိန်ကျသည်နှင့် ကျန်းပေရန်၏ ဘူးထဲတွင် ဘာဆေးတွေ ပါလာမလဲ ဆိုသည်ကို ဝင်ကြည့်ရန် စောင့်ဆိုင်းနေကြသည်။

"ဒီ ဆရာကျန်းကတော့ ဘယ်အချိန်လို့ ပြောလိုက်ရင် အဲဒီအချိန်ကျမှ ပေါ်လာတာ တစ်စက္ကန့်လေးတောင် စောမလာဘူး"

တံခါးဝတွင် ခဏကြာ စောင့်ဆိုင်းပြီးနောက် ကျင်းကျယ်အဆောင် တံခါးမကြီး ပွင့်လာမည့် အရိပ်အယောင် မတွေ့ရသဖြင့် ချောင်ကျင်းဟွာ ခေါင်းခါရင်း ရယ်မောလိုက်သည်။

"နေသားကျနေပါပြီကွာ သူက နည်းလမ်း ရှာတွေ့ပြီဆိုမှတော့ စောင့်လည်း စောင့်ရကျိုး နပ်ပါတယ် ဒီလောက် အချိန်လေးက စာမဖွဲ့လောက်ပါဘူး"

"ဒါပေမဲ့ ဒီကိစ္စတစ်ခုကို ဒီလောက်အထိ မျှော်လင့်နေမိတာ တော်တော်ကြာပြီ ဒီဆရာကျန်းက တခြားဟာတွေ ထားလိုက်ဦး လူကို ရင်တမမ ဖြစ်အောင် လုပ်တဲ့နေရာမှာတော့ ဆရာတစ်ဆူပါပဲ"

"ဟား ဟား ဟား ဟား"

အနက်ရောင်သူတော်စင်ကြီးများ၏ ရယ်မောသံများကြားတွင် "ကျွီ" ကနဲ အသံနှင့်အတူ ကျင်းကျယ်အဆောင် တံခါးမကြီး ဖြည်းညှင်းစွာ ပွင့်လာလေသည်။ မျှော်လင့်တကြီး ကြည့်နေသော အနက်ရောင်သူတော်စင်များ၏ ရှေ့မှောက်သို့ ကျန်းပေရန် ထွက်လာပြီး ဂါရဝပြုကာ ပြောလိုက်သည်။

"လူကြီးမင်းတို့ အထဲသို့ ဝင်ခဲ့ကြပါ"

ကူလျန်ချန် ခေါင်းညိတ်ပြပြီး ကျန်းပေရန်နောက်မှ ဦးဆောင် ဝင်သွားလေသည် အခြား အနက်ရောင်သူတော်စင်များလည်း နောက်မှ လိုက်ပါသွားကြသည်။

ကျင်းကျယ်အဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ဒီနေရာရှိ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုများသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် အားကောင်းနေသည်ကို ရှီဟုန်ယွင် ခံစားလိုက်ရသည်။ ထို့အပြင် အလွန် ထူးခြားဆန်းကြယ်သော ဝိညာဉ်စက်ကွင်းတစ်ခု ဖြစ်ပြီး ယခင်က သူ မကြုံဖူးသော ခံစားမှုမျိုး ဖြစ်နေသည်။

အခြား အနက်ရောင်သူတော်စင်များလည်း ရှီဟုန်ယွင်ကဲ့သို့ပင် ခံစားလိုက်ကြရသည် အဆင့်ကိုး ပညာရှင်ကြီးများ စုဝေးရာ နေရာပီသပေသည်ဟု စိတ်ထဲမှ ချီးကျူးလိုက်မိကြသည်။

သို့သော် ချောင်ကျင်းဟွာကတော့ ဝိညာဉ်စက်ကွင်း ထူးခြားမှုကို စိတ်ဝင်စားမနေအားပေ။ ခြေတစ်လှမ်း ကျဲကျဲလှမ်းကာ ကျန်းပေရန်ကို ကြည့်ပြီး မေးလိုက်သည်။

"ဆရာကျန်း မြန်မြန် ပြောပါတော့ ကျွန်တော်တို့ကို ဘာလုပ်ခိုင်းမလို့လဲ"

အခြား အနက်ရောင်သူတော်စင်များလည်း ပတ်ဝန်းကျင်ကို ဆက်လက် လေ့လာမနေတော့ဘဲ ကျန်းပေရန်ဘက်သို့ အကြည့် ရောက်သွားကြသည်။

လူတိုင်း၏ အာရုံစိုက်မှုကို ခံလိုက်ရသောအခါ ကျန်းပေရန်သည် စားပွဲရှည်ကြီး တစ်လုံးနောက်သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သိုလှောင်လက်စွပ်ထဲမှ ထုန်နိုင်ငံ မြေပုံတစ်ချပ်ကို ထုတ်ယူလိုက်သည်။

ဒီမြေပုံကို အစောပိုင်းကတည်းက ကူလျန်ချန်ထံမှ ကျန်းပေရန် တောင်းယူထားခြင်း ဖြစ်သည်။ အလွန် အသေးစိတ်ကျသော မြေပုံဖြစ်ပြီး ပြည်နယ်၊ ခရိုင်မှသည် ကျေးရွာ၊ မြို့နယ် အသေးစားလေးများအထိ တိကျစွာ မှတ်သားထားသည် ပြောရလျှင် ဂူဂယ်မြေပုံ နှင့်ပင် ယှဉ်နိုင်လေသည်။

ထုန်နိုင်ငံ မြေပုံကို ဖြန့်ခင်းလိုက်ပြီးနောက် ကျန်းပေရန်သည် မြေပုံပေါ်ရှိ ရွာငယ်လေး တစ်ရွာကို လက်ညှိုးထိုးပြလိုက်သည်။

"ယွမ်ရိုဆီကနေ ကျွန်တော် သတင်းတစ်ခု ရခဲ့တယ် သူက ကျင့်ကြံသူတစ်ဖွဲ့ကို ဖမ်းပြီး ရှီးဖုန်းရွာကို ခေါ်သွားခဲ့ဖူးတယ်တဲ့ အဲဒီနေရာက အဆိပ်မြူရဲ့ ဇာစ်မြစ်နဲ့ ပတ်သက်ဖို့ အလားအလာ အရှိဆုံး နေရာပဲ"

"ယွမ်ရို ဟုတ်လား"

အနက်ရောင်သူတော်စင် အများအပြား အံ့အားသင့်သွားကြသည်။ တကယ်တမ်းကျတော့ အနက်ရောင်သူတော်စင် အများစုသည် ယွမ်ရို ဘာဖြစ်သွားမှန်း မသိကြပေ။ ရုတ်တရက် ပျောက်ဆုံးသွားသည်ဟုသာ သိထားကြသည်။

ဒီအချက်သည် ကျန်းပေရန် တောင်းဆိုထားခြင်း ဖြစ်သည်။ အနက်ရောင်သူတော်စင်များထဲတွင် ယွမ်ရို၏ ကြံရာပါများ ပါဝင်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယွမ်ရိုကို ဖမ်းဆီးခဲ့သော အနက်ရောင်သူတော်စင် အနည်းငယ်ကလွဲရင် ကျန်သူများကို လျှို့ဝှက်ထားခိုင်းခြင်း ဖြစ်သည် ငါးစာချပြီး နောက်ထပ် ငါးကြီးများ လာဟပ်မလား စောင့်ကြည့်လိုသောကြောင့် ဖြစ်သည်။

သို့သော် အချိန်အတော်ကြာသည့်တိုင် ယွမ်ရို ပျောက်ဆုံးမှုအပေါ် မည်သူမျှ ထူးထူးခြားခြား တုံ့ပြန်မှု မရှိကြပေ ထို့အပြင် ယွမ်ရိုနှင့် ပတ်သက်သော လူ သို့မဟုတ် ကိစ္စရပ်များအပေါ် စနစ်၏ ရွေးချယ်မှုများလည်း ပေါ်မလာပေ။ ထို့ကြောင့် ယွမ်ရိုသည် ထုန်နိုင်ငံတွင် ဂူကျင့်ကြံသူများ မြှုပ်နှံထားသော အကြီးမားဆုံး နယ်ရုပ် ဖြစ်ကြောင်း ကျန်းပေရန် အတည်ပြုလိုက်သည်။

စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။ အနက်ရောင်သူတော်စင် တစ်ပါး လုပ်နိုင်သည့် ကိစ္စရပ်များက အလွန် များပြားလှသည်။ အရည်အသွေးက အရေအတွက်ထက် ပိုအရေးကြီးသည်။ ယွမ်ရို၏ သရုပ်မှန် မပေါ်သရွေ့ သူသည် အံ့ဖွယ်နဂါးတိုက်ကြီး တစ်ခုလုံးတွင် စိတ်ကြိုက် လျှောက်သွားနိုင်သည်။ ကြံရာပါများ များနေလျှင် သူ့ကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေရုံသာ ရှိပေလိမ့်မည်။

ယွမ်ရိုတွင် ကြံရာပါ မရှိကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သဖြင့် ကျန်းပေရန်လည်း ဆက်လက် ဖုံးကွယ်မထားတော့ဘဲ သတင်းရင်းမြစ်ကို တိုက်ရိုက် ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

အချို့ အနက်ရောင်သူတော်စင်များ ကြောင်အမ်းနေချိန်တွင် ဖမ်းဆီးရေး၌ ပါဝင်ခဲ့သော အနက်ရောင်သူတော်စင်များကတော့ ပို၍ အံ့သြနေကြသည်။

ကျန်းပေရန် ထင်ထားသည့်အတိုင်းပင် သူ စစ်ဆေးမေးမြန်းပြီးနောက် ထိုပုဂ္ဂိုလ်များသည် သူတို့၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် ယွမ်ရိုကို စစ်ဆေးခဲ့ကြသည်။ သို့သော် ပါးစပ်ဟအောင်ပင် မလုပ်နိုင်ခဲ့ကြပေ အရေးကြီး သတင်းအချက်အလက် ရဖို့ဆိုသည်မှာ ဝေလာဝေးပင်။

သို့သော် ကျန်းပေရန်က အစအဖွင့်မှာပင် ဒီလောက် အရေးကြီးသော သတင်းကို ချပြလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

'သူ ယွမ်ရို ပါးစပ်ကို ဘယ်လိုများ ဟအောင် လုပ်လိုက်ပါလိမ့်'

ကူလျန်ချန်လည်း အံ့သြနေမိသည်။ ဒီကိစ္စကို ကျန်းပေရန်က သူ့ကိုတောင် မပြောပြခဲ့ပေ။ သို့သော် သေချာ စဉ်းစားလိုက်သည့်အခါ အကြောင်းရင်းကို သဘောပေါက်သွားသည်။

မကြာသေးမီက ချောင်ကျင်းဟွာတို့အဖွဲ့ တိုက်ပွဲဝင်ရန် စိတ်အားထက်သန်နေကြသည်။ အကယ်၍ ကျန်းပေရန်ကသာ ဒီသတင်းကို ကြိုထုတ်ပေးလိုက်လျှင် ထိုလူများ စိတ်မထိန်းနိုင်ဘဲ ထလုပ်ကြမည်မှာ သေချာသည်။

'ဒါပေမဲ့ သူ ဘယ်လို လုပ်လိုက်တာလဲ'

တန်ပြန်တိုက်စစ် ပြီးဆုံးသွားသည့်အခါ ကျန်းပေရန်ကို သေချာ မေးမြန်းရမည်ဟု ကူလျန်ချန် ဆုံးဖြတ်လိုက်သည်။

အနက်ရောင်သူတော်စင်များ အံ့သြရန် အချိန်အတန်ကြာ ပေးပြီးနောက် ကျန်းပေရန်သည် နောက်ထပ် နေရာတစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။

"ရှီးဖုန်းရွာအပြင် ဒုတိယ သံသယဖြစ်စရာ နေရာကတော့ လန်ဝူလျှိုမြောင်ပဲ ဒီနေရာမှာလည်း အဆိပ်မြူနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှိနေနိုင်တယ်"

"ဒါဆို ငါတို့က နှစ်ဖွဲ့ခွဲရမှာလား"

ကူလျန်ချန်က မြေပုံကို ကြည့်ရင်း မေးလိုက်သည်။

"မဟုတ်ဘူး" ကျန်းပေရန် ခေါင်းခါလိုက်သည်။

"ကျွန်တော်တို့မှာ လူအင်အား မလုံလောက်ဘူး ထပ်ခွဲလိုက်ရင် လှုပ်ရှားရ ခက်သွားလိမ့်မယ် ဒါကြောင့် ကျွန်တော့် အစီအစဉ်က တစ်ခုချင်း ရှင်းသွားဖို့ပဲ အရင်ဆုံး ရှီးဖုန်းရွာကို သွားမယ် ဘာမှ မတွေ့ရင် လန်ဝူလျှိုမြောင်ကို ဆက်သွားမယ်"

"ဒါဆိုရင်"

ကူလျန်ချန် ခဏ တွေဝေသွားပြီး ကျန်းပေရန်ကို ကြည့်ကာ မေးလိုက်သည်။

"မင်း အကုန်လုံးကို အတိအကျ မေးလို့ မရလိုက်ဘူးလား"

"ဟုတ်တယ်" ကျန်းပေရန် ခေါင်းညိတ်သည်။

"တစ်ချက်က ယွမ်ရိုက အခု ရုပ်သေးရုပ် ဖြစ်နေပြီ သူသိတဲ့ အကြောင်းအရာတွေက သိပ်မများဘူး"

ပြောပြီးသည်နှင့် လူအုပ်ကြားထဲရှိ ယွမ်လိ၏ မျက်နှာထားကို ကျန်းပေရန် အကဲခတ်လိုက်ရာ ထူးထူးခြားခြား ပြောင်းလဲမှု မရှိကြောင်း တွေ့ရသည်။

'တကယ့် လူကြမ်းပဲ'

ယွမ်လိ လုံးဝ ဂရုမစိုက်ဘူးဟု ကျန်းပေရန် မယုံကြည်ပေ။ သို့သော် လက်ရှိ အခြေအနေတွင် သူသည် သူ့ညီနှင့် ပြတ်ပြတ်သားသား စည်းခြားထားမှ ဖြစ်မည်။ သို့မဟုတ်ပါက ယွမ်မိသားစုသည် ထုန်နိုင်ငံမှ ဖယ်ရှားခံရပေလိမ့်မည်။

"နောက်တစ်ချက်က ယွမ်ရိုက ဂူအဆိပ်သင့်တာ အရမ်း နက်ရှိုင်းနေပြီ ကိုယ်ပိုင် အသိစိတ် လုံးဝ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဒါကြောင့် ကိစ္စတော်တော်များများကို သူကိုယ်တိုင် မေ့လျော့နေပြီ အသေးစိတ် မေးလို့ မရတော့ဘူး"

"ဂူအဆိပ်သင့်တာ နက်ရှိုင်းနေပြီ" ဆိုသည့် စကားကို ကြားသောအခါ အခြား အနက်ရောင် သူတော်စင်များလည်း ယွမ်ရို ဘာကြောင့် ရုတ်တရက် ပျောက်ဆုံးသွားလဲ ဆိုသည်ကို နောက်ဆုံးတော့ နားလည်သွားကြလေသည်။ ဂူအဆိပ် မိသွားတာကိုး...

တစ်ခဏချင်းမှာပင် အနက်ရောင်သူတော်စင် အများအပြား၏ အကြည့်များ ယွမ်လိထံ ရောက်ရှိသွားကြသည်။ သူတို့၏ အကြည့်များတွင် ပါဝင်သော အဓိပ္ပာယ်ကို အလွယ်တကူ နားလည်နိုင်သည်။

ကူလျန်ချန်က အခြေအနေကို ဝင်ထိန်းလိုက်သည်။

"ယွမ်ရိုကို ဖမ်းဆီးတဲ့ ကိစ္စမှာ ယွမ်လိက အများကြီး ကူညီပေးခဲ့တာပါ ဒါကြောင့် လူကြီးမင်းတို့ စိတ်ပူစရာ မလိုပါဘူး"

ထို့နောက် စကားလမ်းကြောင်း လွှဲရန်အတွက် ကျန်းပေရန်ဘက်သို့ လှည့်ပြောလိုက်သည်။

"ဆရာကျန်း အနေနဲ့ ယွမ်ရိုဆီကနေ ဒီနေရာနှစ်ခုကို မေးထုတ်နိုင်တာကတင် တကယ့်ကို ကြီးမားတဲ့ ကုသိုလ်ပါပဲ ငါ ပိုပြီး မမျှော်လင့်ရဲပါဘူး ဒါဆို ဆရာကျန်း ပြောသလိုပဲ ရှီးဖုန်းရွာကို အရင် သွားကြတာပေါ့"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။

"ရည်မှန်းချက် ပစ်မှတ်ကို အတည်ပြုပြီးပြီ ဆိုတော့ အသေးစိတ် အစီအစဉ်ကို ဆက်ဆွေးနွေးကြတာပေါ့ ဒါပေမဲ့ မဆွေးနွေးခင်မှာ လူကြီးမင်းတို့ကို ကျွန်တော်တို့ရဲ့ ဒီကာလအတွင်း သုတေသန ရလဒ်တွေကို အရင် ပြချင်ပါတယ်"

All Chapters