← Chapters

နောက်မတွန့်တဲ့ သန္နိဋ္ဌာန်

Vol. 52 Ch. 594

နောက်မတွန့်တဲ့ သန္နိဋ္ဌာန်

Vol. 52 Ch. 594

မေးခွန်းထုတ်သူမှာ ရှီဟုန်ယွင် ဖြစ်နေသဖြင့် ကျန်းပေရန် အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်း ပြန်ဖြေလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်... မေးပါ"

"အချိန်သာ လုံလောက်မယ်ဆိုရင် ဆရာကျန်း အနေနဲ့ ဒီထက် ပိုအစွမ်းထက်တဲ့ ရတနာတွေ ဖန်တီးပေးနိုင်ဦးမလား"

"သေချာပေါက် ရပါတယ်"

"ကောင်းပြီ... ဒါဆိုရင် ငါ စိတ်ချရပြီ"

ကျန်းပေရန် နည်းနည်း ကြောင်သွားသည်။ ရှီဟုန်ယွင်၏ မေးခွန်းက ရုတ်တရက် ရောက်လာသလို ရုတ်တရက်လည်း ပြီးသွားသည်။

သို့သော် ကျန်းပေရန် ဆက်မမေးတော့ဘဲ ပြောလိုက်သည်။

"ကောင်းပြီ... တခြား မေးစရာရှိတဲ့ စီနီယာများ ရှိပါသေးလား"

မည်သည့် အနက်ရောင်သူတော်စင်ကမျှ ဝင်မပြောတော့သဖြင့် ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် လူကြီးမင်းတို့... ကျွန်တော်နဲ့အတူ အစည်းအဝေးခန်းမထဲ လိုက်ခဲ့ပေးကြပါ"

အစည်းအဝေးခန်းမထဲ ရောက်ပြီး အနက်ရောင်သူတော်စင်များ နေရာယူပြီးသည့်အခါ ကျန်းပေရန်သည် ကျောက်သင်ပုန်းတစ်ချပ်ကို ထုတ်ယူပြီး ပြောလိုက်သည်။

"ဒီတစ်ခေါက် တန်ပြန်တိုက်စစ်ဆင်ရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ... တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့... အဆိပ်မြူတွေကို အမြစ်ပြတ် သုတ်သင်ဖို့ပါပဲ"

"လူကြီးမင်းတို့ထဲက တချို့က တွေးနေကြလိမ့်မယ်... ဒါက ပထမဆုံးအကြိမ် တန်ပြန်တိုက်စစ်လေ... အစမ်းသဘောလောက်ပဲ လုပ်သင့်တာ မဟုတ်ဘူးလား... တစ်ခါတည်း အပြတ်ရှင်းမယ် ဆိုတာက လောဘကြီးလွန်းရာ မကျဘူးလားလို့"

"မှန်ပါတယ်... ကျွန်တော့် အစီအစဉ်က လောဘကြီးတယ် ဆိုတာ ဝန်ခံပါတယ်... ဒါပေမဲ့ တခြား ရွေးချယ်စရာ မရှိတော့ဘူး... ဖြည်းဖြည်းချင်း အနိုင်ယူမယ် ဆိုတာက အသာစီးရနေတဲ့ သူတွေရဲ့ စကားပါ... ကျွန်တော်တို့က အခု ထောင့်ကျဉ်းထဲ ရောက်နေပြီ... ဂူကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှု ပိုပိုပြီး ပြင်းထန်လာတာကို ကြည့်ရင် သူတို့ဘက်က အကုန်ထုတ်မသုံးသေးဘူး ဆိုတာ သိသာတယ်"

"ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့က ကျွန်တော်တို့ကို လျှော့တွက်နေတုန်းပဲ ဆိုတာ သက်သေပြနေတာပဲ... ဒါက ကျွန်တော်တို့ရဲ့ အားသာချက်ပဲ... ကျွန်တော်တို့ နိုင်နိုင်မယ့် အခွင့်အရေးပဲ... သူတို့ သတိမထားမိခင် အချိန်လေးမှာ ကျွန်တော်တို့ဘက်က အပြင်းအထန်... ပြောရရင် အပြီးသတ် ချေမှုန်းနိုင်အောင် တိုက်ခိုက်ရမယ်"

ကျန်းပေရန်က အပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။

"အကယ်၍ ဒီတစ်ခေါက်သာ သူတို့ရဲ့ အဓိကနေရာကို မဖျက်ဆီးနိုင်ခဲ့ရင် ဂူကျင့်ကြံသူတွေက သူတို့ရဲ့ အင်အားအကုန်လုံးကို ကျွန်တော်တို့ဆီ ပို့လွှတ်လိုက်လိမ့်မယ်... အဆိပ်မြူတွေလည်း ပုံစံပြောင်းသွားနိုင်တယ်... အဲဒီအချိန်ကျရင် ကျွန်တော် ခုနက ထုတ်ပြခဲ့တဲ့ ရတနာတွေက အသုံးမဝင်တော့တာမျိုး ဖြစ်သွားနိုင်တယ်... အဲဒီလိုသာ ဖြစ်သွားရင် ယွမ်မြို့အတွက် ဘယ်လောက် ကပ်ဘေးကြီးမားမလဲ ဆိုတာ လူကြီးမင်းတို့ စဉ်းစားကြည့်လို့ ရပါတယ်"

ကျန်းပေရန်၏ စိတ်အားထက်သန်သော စကားများကို ကြားရသည့်အခါ အနက်ရောင်သူတော်စင်များ ခေါင်းညိတ်ထောက်ခံကြသည်။ ကျန်းပေရန် ပြောတာ အလွန် အဓိပ္ပာယ်ရှိသည်ဟု ယူဆကြသည်။

ဝန်မခံချင်ကြသော်လည်း လက်ရှိအချိန်တွင် သူတို့သည် အားနည်းသူများ ဖြစ်နေသည်။ ဂူကျင့်ကြံသူများက သူတို့ကို အိုးထဲရောက်နေတဲ့ ဘဲသားဟု သတ်မှတ်ထားကြပုံရသည်။ အချိန်တန်ရင် စားလိုက်ရုံပဲဟု တွေးနေကြသည်။

ဒါပေမဲ့ သူတို့ အဲဒီလို တွေးနေတာကပဲ သူတို့ရဲ့ ကာကွယ်ရေးကို ပေါ့ဆစေပြီး ဟာကွက်ကြီးတစ်ခု ဖြစ်လာစေတာ ဖြစ်သည်။

ထိုစဉ် ကူလျန်ချန်က ဦးဆောင်ပြီး ပြောလိုက်သည်။

"စိတ်ချပါ ဆရာကျန်း... ဒါက ငါတို့ရဲ့ သေရေးရှင်ရေး တိုက်ပွဲဆိုတာ ငါတို့အားလုံး နားလည်ပါတယ်... လူတိုင်း အသက်နဲ့ရင်းပြီး တိုက်ခိုက်ကြမှာပါ... ဟုတ်တယ် မဟုတ်လား"

"ဟုတ်တယ်... ငါကတော့ ဟိုကောင်တွေနဲ့ အသက်ချင်းလဲပြီး တိုက်ချင်နေတာ ကြာပြီ" ချောင်ကျင်းဟွာက ပထမဆုံး ထောက်ခံလိုက်သည်။

အခြား အနက်ရောင်သူတော်စင်များကလည်း "ဟုတ်တယ်" ဟု ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ သူတို့၏ သွေးသားထဲတွင် လူငယ်ဘဝက စိတ်ဓာတ်များ ပြန်လည် နိုးထလာသကဲ့သို့ ခံစားလိုက်ကြရသည်။

အနက်ရောင်သူတော်စင် ဖြစ်လာပြီးနောက်ပိုင်း ဒီလို ခံစားချက်မျိုး မရရှိခဲ့တာ ကြာပြီ ဖြစ်သည်။

ဒီနေရာမှာ ရှိနေတဲ့ သူတွေက ဘယ်သူတွေလဲ... အနက်ရောင်သူတော်စင်တွေလေ... ငယ်စဉ်ကတည်းက ပါရမီရှင်တွေ... တိုက်ပွဲပေါင်းစုံ ကြုံတွေ့ခဲ့ဖူးသူတွေ။

အနက်ရောင်သူတော်စင် ဖြစ်လာပြီး ပြိုင်ဘက်ကင်း ဖြစ်လာခြင်းက သူတို့ကို ပျင်းရိသွားစေခြင်း မရှိပေ။ တကယ်တမ်းကျတော့ သူတို့၏ ရင်ထဲတွင် တကယ့် ပြိုင်ဘက်ကောင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည့် ပွဲမျိုးကို တောင့်တနေခဲ့ကြခြင်း ဖြစ်သည်။

ပြိုင်ဘက်ကင်းခြင်းက အထီးကျန်ဆုံး အရာ မဟုတ်ပါလော။

ထို့ကြောင့် ဂူကျင့်ကြံသူများကဲ့သို့ အားသာချက်များစွာ ရှိနေသော ရန်သူမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ နောက်တွန့်မသွားကြပေ။ အသက်ကို ဖက်နဲ့ထုပ်ပြီး တိုက်ရမယ် ဆိုရင်တောင် တွန့်ဆုတ်မနေကြပေ။

အခုဆိုရင် ကျန်းပေရန်က သူတို့အတွက် ပြီးပြည့်စုံသော ပြင်ဆင်မှုများ လုပ်ပေးထားပြီ။ ဒီတစ်ခါတော့ နေ့စဉ် ရက်ဆက် မျှော်လင့်ချက်မဲ့စွာ ခံစစ်ဆင်နေရတာမျိုး မဟုတ်တော့ဘူး။ အမှောင်ထုကို ဖြိုခွင်းပြီး လွတ်လပ်မှုကို ပြန်လည် ရယူနိုင်မည့် တန်ပြန်တိုက်စစ် ဖြစ်သည်။

တန်ဖိုးရှိတဲ့ ပေးဆပ်မှုမျိုး ဖြစ်မယ်ဆိုရင် သူတို့အားလုံး နောက်မတွန့်ဘဲ ပေးဆပ်ရဲကြသည်။

"လူကြီးမင်းတို့ရဲ့ စိတ်ဓာတ်က တကယ် လေးစားစရာပါ"

ကျန်းပေရန်က ကျောက်သင်ပုန်းကို ပုတ်လိုက်သည်။

"ဒီတိုက်ပွဲရဲ့ အရေးပါပုံကို လူကြီးမင်းတို့ နားလည်ပြီဆိုတော့... နောက်ဆက်တွဲ ကျွန်တော် ချမှတ်ပေးမယ့် တာဝန်တွေကို တိတိကျကျ လိုက်နာပေးကြပါ... အောင်ပွဲ မရမချင်း ခြေတစ်လှမ်းတောင် နောက်မဆုတ်ကြပါနဲ့"

ကျန်းပေရန်၏ ဆိုလိုရင်းကို နားလည်သဖြင့် ချောင်ကျင်းဟွာက စားပွဲကို ရိုက်ကာ ရယ်မောလိုက်သည်။

"စိတ်ချပါ... မင်းရဲ့ အစီအစဉ်သာ ပြော... ဒီမှာ ရှိတဲ့ လူတိုင်းရဲ့ စိတ်ဓာတ်က မင်းထက်တောင် ပြင်းထန်နေပါသေးတယ်"

"ကောင်းပါပြီ... ဒါဆိုရင် စကားအရှည်ကြီး မပြောတော့ပါဘူး... ဒီကို ကြည့်ကြပါ"

ကျန်းပေရန်က ထုန်နိုင်ငံ မြေပုံကို ကျောက်သင်ပုန်းပေါ်တွင် ကပ်လိုက်သည်။

"မြေပုံမှာ ပြထားတဲ့အတိုင်းပဲ... ယွမ်မြို့နဲ့ ရှီးဖုန်းရွာက တော်တော် ဝေးတယ်... လမ်းတစ်လျှောက်မှာ အတားအဆီးတွေ မတော်တဆမှုတွေ အများကြီး ကြုံရမှာ သေချာတယ်... ဒါကြောင့် လူကြီးမင်းတို့ကို အရေးပေါ် အဖွဲ့ငယ်လေးတွေ ဖွဲ့စည်းစေချင်ပါတယ်... အန္တရာယ် ကြုံလာတဲ့အခါ အရေးပေါ်အဖွဲ့က တာဝန်ယူ တိုက်ခိုက်ပေးပြီး ကျန်တဲ့လူတွေက နောက်လှည့်မကြည့်ဘဲ ရည်မှန်းချက်ဆီ ဆက်သွားရပါမယ်"

ပြောပြီးသည်နှင့် ကူလျန်ချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"လူအင်အား ခွဲဝေတဲ့ နေရာမှာ စီနီယာကူလျန်ရဲ့ အကူအညီကို ကျွန်တော် လိုအပ်ပါတယ်"

"ဆရာကျန်း ပြောပါ... ငါ ဘာကူညီရမလဲ"

"အနက်ရောင်သူတော်စင် အားလုံးက ကောင်းကင်ကို တုန်လှုပ်စေနိုင်တဲ့ စွမ်းရည်တွေ ရှိကြမှန်း ကျွန်တော် သိပါတယ်... ဒါပေမဲ့ စာပေမှာ ပထမ မရှိသလို သိုင်းပညာမှာ ဒုတိယ မရှိဘူး ဆိုတဲ့ စကားလိုပဲ... လူကြီးမင်းတို့ အချင်းချင်းကြားမှာ အားသာချက် အားနည်းချက်တွေ ကွဲပြားကြမှာပါ... ဒီအချက်ကို စီနီယာက ကျွန်တော့်ထက် ပိုသိမှာပါ... ဒါကြောင့် လူခွဲတဲ့ နေရာမှာ စီနီယာရဲ့ အကြံဉာဏ် လိုချင်ပါတယ်"

"ဒါက ပြဿနာ မရှိဘူး"

"ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော်နဲ့အတူ ဒီဘက် လိုက်ခဲ့ပေးပါ"

ကျန်းပေရန်က ပြောပြောဆိုဆိုနှင့် အတွင်းခန်းမထဲရှိ အစည်းအဝေးခန်းငယ်လေးဆီသို့ လျှောက်သွားလေသည်။

'ဒီကောင်လေးကတော့... တကယ့်ကို အပြစ်ပြောစရာ မရှိအောင် ပြည့်စုံတာပဲ'

ကူလျန်ချန်က ဝါရင့်ပုဂ္ဂိုလ်ကြီး ဖြစ်ရာ ကျန်းပေရန် ဘာကြောင့် ဒီလို လုပ်ရသလဲ ဆိုတာ ကောင်းကောင်း သိသည်။

အဆင့်အတန်းအရပဲ ကြည့်ကြည့်၊ ဝါရင့်မှုအရပဲ ကြည့်ကြည့်... ကျန်းပေရန်က အနက်ရောင်သူတော်စင်ကြီးများကို ဒီနေရာသွား ဟိုနေရာသွား ခိုင်းစေဖို့ အရည်အချင်း မမီသေးပေ။ အခု အခြေအနေက ထူးခြားနေပြီး သူ ဖန်တီးပေးထားသော ရတနာများက အားလုံးကို အံ့သြစေခဲ့သည် ဆိုသော်ငြားလည်း...

သူက ငယ်ပါသေးသည်။ တချို့ကိစ္စတွေမှာ ဘောင်ကျော်လို့ မရသေးပေ။

ဒါသည် အခြေခံ လူမှုဆက်ဆံရေး သဘောတရားပင် ဖြစ်သည်။

အစည်းအဝေးခန်းငယ်လေးထဲ ရောက်သည်နှင့် ကျန်းပေရန် တဲ့တိုး ပြောလိုက်သည်။

"စီနီယာကူလျန်... စီနီယာ့ရှေ့မှာတော့ ကျွန်တော် ဟန်ဆောင်မနေတော့ပါဘူး... ဒီစစ်ဆင်ရေးရဲ့ အဓိက စည်းမျဉ်းက ရှင်းပါတယ်... ကျင့်ကြံခြင်းအဆင့် နိမ့်တဲ့သူကနေ မြင့်တဲ့သူအထိ အစဉ်လိုက် စီမယ်... အစွမ်းအထက်ဆုံး လူတွေက နောက်ဆုံးအထိ ကျန်နေခဲ့ပြီး ကျွန်တော့်ကို ရှီးဖုန်းရွာထဲ ဝင်နိုင်အောင် ကာကွယ်ပေးရမယ်"

"မင်း... မင်းလည်း လိုက်မှာလား"

ကူလျန်ချန် အံ့သြသွားသည်။ ကျန်းပေရန်၏ ကျင့်ကြံခြင်းအဆင့်ကို သူ အသိဆုံး ဖြစ်သည်။ နောက်တန်းမှာ ထိုင်ပြီး ကွပ်ကဲဖို့သာ သင့်တော်သူ ဖြစ်သည်။ သို့သော် ရှေ့တန်းထွက်မယ်လို့ ပြောလာမှတော့ ခိုင်လုံသော အကြောင်းပြချက် ရှိရပေမည်။

"ဟုတ်တယ်" ကျန်းပေရန် ခေါင်းညိတ်သည်။

"အဆိပ်မြူတွေကို ဖယ်ရှားဖို့ ဆိုတာက ဂူကျင့်ကြံသူ နည်းနည်းလောက် သတ်လိုက်ရုံနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်ဘူး... ကံကောင်းလို့ အစီအရင် တည်ဆောက်တဲ့သူကို သတ်နိုင်ခဲ့ရင်တောင် အဆိပ်မြူတွေက ပျောက်သွားမှာ မဟုတ်ဘူး"

ကူလျန်ချန် ခေါင်းညိတ်လိုက်သည်။ ရှင်းရှင်းလင်းလင်း ပြောရရင် ကျွမ်းကျင်တဲ့ အလုပ်ကို ကျွမ်းကျင်သူက လုပ်မှ ဖြစ်မှာမို့လား။

"ကောင်းပြီ... စိတ်ချပါ... ငါ့မှာ အသက်ရှူနေသေးသရွေ့ ဂူကျင့်ကြံသူတွေ မင်းကို ထိခွင့်မပေးဘူး"

"စီနီယာကူလျန်ရဲ့ ကတိက အမြဲတမ်း လုံခြုံမှု ပေးနိုင်ပါတယ်"

ကျန်းပေရန် ပြုံးပြီး ပြောလိုက်သည်။

"ဒါဆိုရင် လူအင်အား ခွဲဝေတဲ့ကိစ္စ ဆွေးနွေးကြရအောင်... ခုနက ပြောသလိုပဲ အစွမ်းအထက်ဆုံး လူတွေက နောက်ဆုံးအထိ ကျန်ရမယ်"

ပြောပြီးသည်နှင့် ကျန်းပေရန်က လက်ခုနစ်ချောင်း ထောင်ပြလိုက်သည်။

"ခုနစ်ယောက်... စီနီယာ ဘယ်လိုပဲ ခွဲဝေ ခွဲဝေ... ကျွန်တော့်ကို ရှီးဖုန်းရွာထဲ ခေါ်သွားဖို့အတွက် အစွမ်းအထက်ဆုံး အနက်ရောင်သူတော်စင် ခုနစ်ယောက်ကို ရွေးပေးရမယ်"

"ခုနစ်ယောက်..." ကူလျန်ချန် ခဏ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ပြဿနာ မရှိဘူး"

ကူလျန်ချန်၏ တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် စာရင်းက သူ့ခေါင်းထဲမှာ အဆင်သင့် ရှိနေပုံရသည်။

'ကျွမ်းကျင်သူကို ခိုင်းရတာ အလုပ်တွင်တာပဲ'

ကျန်းပေရန် အမြင်တွင် အနက်ရောင်သူတော်စင်တွေ တိုက်ခိုက်တာက မျက်စိနောက်စရာ ကောင်းလောက်အောင် ရှုပ်ထွေးပြီး ဘယ်သူက ဘယ်သူ့ထက် ပိုတော်လဲ ဆိုတာ ခွဲခြားရ ခက်ခဲသည်။

သို့သော် ကူလျန်ချန်က ခေါင်းဆောင်နေရာ ရယူထားနိုင်သူ ဖြစ်ရာ ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သက်လျှင် ပြောစရာ မလိုပေ။ လက်သီးကြီးသူက အမှန်တရား ဖြစ်သော ဤလောကကြီးတွင် ကူလျန်ချန်သာ တခြားသူများကို လွှမ်းမိုးနိုင်စွမ်း မရှိလျှင် ဒီနေရာ ရောက်လာစရာ အကြောင်းမရှိပေ။

ကျွမ်းကျင်သူ၏ အကူအညီဖြင့် အဖွဲ့ဖွဲ့စည်းပုံနှင့် လူအင်အား ခွဲဝေမှုများ လျင်မြန်စွာ ပြီးစီးသွားသည်။ အကြမ်းဖျင်းအားဖြင့် အလွှာသုံးလွှာ ခွဲထားသည်။

ကင်းထောက်အဖွဲ့၊ ပံ့ပိုးရေးအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့…..

ကင်းထောက်အဖွဲ့က အပြင်ဆုံးကနေ သွားပြီး လမ်းတစ်လျှောက် အခြေအနေများကို စောင့်ကြည့်ရမည်။ ရှေ့ပြေးအနေဖြင့် တာဝန်ယူပြီး ပြဿနာ တွေ့လျှင် ကိုယ်တိုင် ဖြေရှင်းနိုင်မလား ဆုံးဖြတ်ရမည်။ ဖြေရှင်းနိုင်လျှင် အဖွဲ့နှင့် ခွဲထွက်ပြီး ဖြေရှင်းရမည်။ မဖြေရှင်းနိုင်လျှင် သက်ဆိုင်ရာ ပံ့ပိုးရေးအဖွဲ့ကို လှမ်းခေါ်ရမည်။

ပြဿနာ ဖြေရှင်းပြီးလျှင် မူလ လမ်းကြောင်းအတိုင်း အဖွဲ့ကြီးနောက် လိုက်လာရမည်။ မဖြေရှင်းနိုင်လျှင်... မိမိ၏ တာဝန်ကို နောက်ဆုံးအချိန်အထိ ထမ်းဆောင်သွားရုံသာ ရှိသည်။

ကျန်းပေရန်၏ အစီအစဉ်ကို ကူလျန်ချန် ဘာမှ ငြင်းဆန်ခြင်း မရှိပေ။ ဤမစ်ရှင်သည် ခက်ခဲမည်မှန်း အစကတည်းက သိထားပြီး ဖြစ်သည်။ လူတိုင်း အသက်ရှင်လျက် ပြန်လာနိုင်မည်ဟု မည်သူမျှ မထင်ထားကြပေ။

"ဟူး..." ကူလျန်ချန် သက်ပြင်းချလိုက်မိသည်။

"စီနီယာကူလျန်... အခက်အခဲ ရှိလို့လား"

"မရှိပါဘူး"

ကူလျန်ချန် ခေါင်းခါလိုက်သည်။

"မိတ်ဆွေဟောင်း နှစ်ယောက်ကို သတိရသွားလို့ပါ... ရှန်မန်ဂိုဏ်း ကနေ ယွမ်မြို့ကို ဆုတ်ခွာလာတုန်းက နောက်ချန်ပြီး တိုက်ခိုက်ပေးခဲ့တဲ့ အနက်ရောင်သူတော်စင် နှစ်ယောက်ကို မှတ်မိလား"

"မှတ်မိတာပေါ့" ကျန်းပေရန် ခေါင်းညိတ်သည်။

"သူတို့ရဲ့ လုပ်ရပ်က တကယ့်ကို သူရဲကောင်းဆန်ပါတယ်"

ထိုကိစ္စကို လူတိုင်း ဝမ်းနည်းနေကြသဖြင့် အနက်ရောင်သူတော်စင် နှစ်ပါး၏ နာမည်ကို မည်သူကမျှ ထုတ်မပြောကြပေ။ ကျန်းပေရန်လည်း မေးမြန်းခြင်း မပြုခဲ့ပေ။ သို့သော် ကြားသိရသလောက် သူတို့နှစ်ဦးသည် ထုန်နိုင်ငံတွင် လေးစားခံရသော ဝါရင့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

သူတို့၏ စွန့်လွှတ်အနစ်နာခံမှုကို ကြားသိရသောအခါ ကျန်းပေရန် ပို၍ လေးစားမိသည်။ အနက်ရောင်သူတော်စင် ကဲ့သို့သော အဆင့်အတန်း မြင့်မားသူများက အများအကျိုးအတွက် နောက်မတွန့်ဘဲ အသက်ပေးရဲသည်မှာ တော်ရုံ စိတ်ဓာတ်ဖြင့် မဖြစ်နိုင်ပေ။

"အင်း"

ကူလျန်ချန် သက်ပြင်းထပ်ချလိုက်သည်။

"ငါတို့ ယွမ်မြို့ကို ပြန်ရောက်ရင် သူတို့လည်း ပြန်ရောက်လာလိမ့်မယ်... ဒဏ်ရာရရင်တောင် အသက်တော့ ရှင်လိမ့်မယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ ထာဝရ ခွဲခွာသွားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... အမှန်အတိုင်း ပြောရရင် အခုထိ လက်မခံနိုင်သေးဘူး"

ကျန်းပေရန် ဝမ်းနည်းစွာ ခေါင်းညိတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ အရက်တစ်အိုးနှင့် ခွက်လေးခွက် ထုတ်ယူလိုက်သည်။

ခွက်လေးခွက်လုံး ဖြည့်လိုက်ပြီး နှစ်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

"သူတို့နှစ်ယောက်အတွက်ပါ"

ကူလျန်ချန် ဘာမှ မပြောဘဲ ခွက်တစ်ခွက်ကို ယူကာ မော့သောက်လိုက်သည်။ ခဏကြာမှ ပြောလိုက်သည်။

"ငါနဲ့ သူတို့က မိတ်ဆွေဟောင်းတွေပါ... အနက်ရောင်ဧကရာဇ် လမ်းစဉ်အထိ အတူတူ လျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့ ထင်ခဲ့တာ... လောကကြီးက ဆန်းကြယ်လွန်းတယ်"

ပြောပြီးသည်နှင့် ကျန်းပေရန်ဘက် လှည့်ကြည့်ကာ မေးလိုက်သည်။

"ငါ ကူညီပေးရမယ့် ကိစ္စ ကျန်သေးလား"

"လုံလောက်ပါပြီ"

"ဒါဆို ထွက်ကြတာပေါ့"

ကူလျန်ချန် သောက်ထားသော ခွက်လွတ်ကို ကြည့်ရင်း အနက်ရောင်သူတော်စင်များ အဘယ်ကြောင့် စိတ်လိုက်မာန်ပါ ဖြစ်နေကြသလဲ ဆိုတာ ကျန်းပေရန် နားလည်သွားသည်။ မွန်းကြပ်နေလို့ သက်သက် မဟုတ်ဘဲ ရင်ထဲတွင် မီးတစ်စ ရှိနေသောကြောင့် ဖြစ်သည်။

လက်စားချေလိုစိတ် မီးတောက်ပင် ဖြစ်၏။

ကူလျန်ချန်နှင့်အတူ အစည်းအဝေးခန်းမထဲ ပြန်ဝင်လာပြီးနောက် သတ်မှတ်ထားသော လူစာရင်းကို ကြေညာလိုက်သည်။

အနက်ရောင်သူတော်စင်များ တစ်ယောက်မှ စကားမပြောကြသော်လည်း မျက်လုံးများတွင် ပြတ်သားမှုများ ပြည့်နှက်နေသည်။

"ဘယ်သူမှ ကန့်ကွက်စရာ မရှိရင် ဒီအတိုင်း အတည်ပြုလိုက်ပြီ... အပြင်ထွက်ပြီး ရတနာတွေ ထုတ်ယူကြတာပေါ့"

ခန်းမဆောင် အပြင်ဘက်တွင် အဆင့်ကိုး ပညာရှင်ကြီးများက တစ်ညလုံး မအိပ်ဘဲ ဖန်တီးထားသော ရတနာများကို စားပွဲပေါ်တွင် အဆင်သင့် တင်ထားကြသည်။

ရတနာများ မဝေငှခင် ကျန်းပေရန်သည် အားနည်းချက်များကို နောက်တစ်ကြိမ် ထပ်မံ သတိပေးလိုက်သည်။ အချုပ်အားဖြင့် ပြောရလျှင် ရတနာများတွင် အသုံးပြုနိုင်သည့် အကြိမ်ရေနှင့် အချိန်ကာလ ကန့်သတ်ချက်များ ရှိသည်။ ကန့်သတ်ချက် ကျော်လွန်သွားပါက အာနိသင် ပျက်ပြယ်သွားမည် ဖြစ်သည်။

ရှားပါး ပစ္စည်းများဖြင့် ပြုလုပ်ထားရသည့်အပြင် အချိန်တိုအတွင်း ဖန်တီးရသဖြင့် တစ်ယောက်ကို တစ်စုံစီသာ ပေးနိုင်ပြီး အပိုပါမလာပေ။

အနက်ရောင်သူတော်စင်များ ရတနာယူပြီး ထွက်ခွာသွားကြသည့်အခါ ကျန်းပေရန်သည် ကျင်းကျယ်အဆောင်ရှိ ကောင်းကင်မြေကြီး အစီအရင်ကို ပြန်လည် စစ်ဆေးရန် ပြင်လိုက်စဉ် ရှီဟုန်ယွင်က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းပေရန် လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်... ဘာကိစ္စ ရှိလို့ပါလဲ"

ရှီဟုန်ယွင် ပြုံးလိုက်ပြီး မေးလိုက်သည်။

"ငါ ခုနက မေးခဲ့တဲ့ မေးခွန်းရဲ့ ရည်ရွယ်ချက်ကို မင်း မသိချင်ဘူးလား"

"မျိုးနွယ်စုခေါင်းဆောင်မှာ ကိုယ်ပိုင် အကြောင်းပြချက် ရှိမှာပါ... ကျွန်တော့်ကို ပြောပြချင်တဲ့အချိန်ကျရင် ပြောပြလာမှာပါ"

"ဟား ဟား ဟား... ထပ်ပြောရဦးမယ်... မင်းရဲ့ စိတ်နေစိတ်ထားက လူငယ်တစ်ယောက်နဲ့ လုံးဝ မတူဘူး"

ရှီဟုန်ယွင် ဆက်ပြောလိုက်သည်။

"ငါ့အထင်တော့ ဒီစစ်ဆင်ရေး အောင်မြင်ရင်တောင် ဂူပိုးကပ်ဘေးကြီးကို အမြစ်ပြတ် ဖြေရှင်းနိုင်ဦးမှာ မဟုတ်ဘူး... ဒါက ရှည်လျားတဲ့ စစ်ပွဲကြီး ဖြစ်လာလိမ့်မယ်"

ရှီဟုန်ယွင်၏ စကားကြောင့် ကျန်းပေရန် အံ့သြသွားသည်။ ဒီလောက်ထိ ကြိုမြင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

တကယ်တမ်းကျတော့ ကျန်းပေရန်လည်း ဒီအချက်ကို တွေးမိပြီးသား ဖြစ်သည်။ ဂူကျင့်ကြံသူများက နိုင်ငံခြောက်နိုင်ငံကို ခွဲခြားထားကတည်းက တစ်နိုင်ငံချင်းစီရဲ့ အလေးချိန်က မတူညီတော့ပေ။

နိုင်ငံတစ်နိုင်ငံရဲ့ အခက်အခဲကို ဖြေရှင်းရုံနဲ့ ကပ်ဘေးတစ်ခုလုံး ပြီးဆုံးသွားမယ်လို့ တွေးရင် အိပ်မက်မက်နေတာနဲ့ တူတူပါပဲ။ ဒါပေမဲ့ ဘယ်လောက် ခက်ခဲပါစေ ပထမခြေလှမ်းကိုတော့ လှမ်းရပါမည်။ ထုန်နိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းခြင်းသည် ကျန်းပေရန်၏ ပထမဆုံး ခြေလှမ်း ဖြစ်သည်။

ကျန်းပေရန် ဘာမှ မပြောသည်ကို မြင်သောအခါ ရှီဟုန်ယွင် ဆက်ပြောသည်။

"ငါ ခုနက မေးခွန်းမေးရတာက ဆရာကျန်းမှာ ယုံကြည်ချက် ဘယ်လောက်ရှိလဲ သိချင်လို့ပါ... မင်းရဲ့ အဖြေကို ကြားရတော့ ငါ စိတ်ချသွားပါပြီ"

ရှီဟုန်ယွင်သည် အခြေအနေကို ကောင်းစွာ သုံးသပ်တတ်သူ ဖြစ်သည်။ အားလုံးကို အံ့သြစေခဲ့သော ရတနာများသည် ကျန်းပေရန် အချိန်တိုအတွင်း ဖန်တီးထားခြင်း ဖြစ်ကြောင်း သူ သိသည်။ အကယ်၍ အချိန်လုံလုံလောက်လောက် ပေးလိုက်လျှင် ကျန်းပေရန် ဘာတွေ ဆက်လုပ်နိုင်မလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပေ။

ထို့ကြောင့် ကျန်းပေရန်က ယုံကြည်မှုရှိရှိ "သေချာပေါက် ရပါတယ်" ဟု ဖြေလိုက်ခြင်းက ရှီဟုန်ယွင်ကို အောင်ပွဲအတွက် မျှော်လင့်ချက် အစစ်အမှန် ပေးစွမ်းလိုက်ခြင်း ဖြစ်သည်။

ဂူကျင့်ကြံသူများကို ချက်ချင်း အမြစ်ပြတ် မချေမှုန်းနိုင်လျှင်တောင် ကျန်းပေရန် ရှိနေသရွေ့ ဒီကပ်ဘေးကြီး ပြီးဆုံးသွားဖို့က အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စ ဖြစ်သည်။

"ထုန်နိုင်ငံက အဆိပ်မြူတွေကို ဖြေရှင်းနိုင်ရင်... သတင်းအချက်အလက်တွေနဲ့ အချိန်တွေ ပိုရလာမှာမို့... လူကြီးမင်းတို့အတွက် ပိုကောင်းတဲ့ ရတနာတွေ ဖန်တီးပေးနိုင်မှာပါ"

ရှီဟုန်ယွင် ဟားတိုက် ရယ်မောလိုက်သည်။

"ကောင်းပြီ... ငါ လိုချင်တာ အဲဒီစကားပဲ"

All Chapters