← Chapters

မျက်နှာလိုမျက်နှာရ

Vol. 52 Ch. 595

မျက်နှာလိုမျက်နှာရ

Vol. 52 Ch. 595

စိတ်ခံစားချက်များကို ဖွင့်ဟပြီးနောက် ရှီဟုန်ယွင် ထွက်သွားလိမ့်မည်ဟု ကျန်းပေရန် ထင်မှတ်ခဲ့သော်လည်း သူသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး လေးလေးနက်နက် ကြည့်လာပြန်သည်။

"ဆရာကျန်း အနေနဲ့ ရှီမျိုးနွယ်စုအပေါ် သံယောဇဉ် မရှိတာ၊ အရင်တုန်းက ပဋိပက္ခလေးတွေ ရှိခဲ့တာကို ငါ နားလည်ပါတယ်... ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်အနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ အများကြီး ရှိနေလို့ပါ"

'ဟိုက်ရှားပါး... ဒီအချိန်ကျမှ လာပြီး ဒရာမာခင်းနေတယ်... တကယ် သေမှာ မကြောက်ဘူးနဲ့တူတယ်'

တကယ်တမ်းကျတော့ ရှီဟုန်ယွင်၏ စကားများထဲတွင် သေမင်းတမန် အလံစိုက်ခြင်း အရိပ်အယောင်များ ပါဝင်နေပြီ ဖြစ်သည်။ သို့သော် နိဂုံးချုပ်ပုံက မဆိုးလှပေ။ ဘာမှ မှာကြားခြင်း မရှိသလို အနာဂတ်အတွက် မျှော်လင့်ချက် စကားများလည်း မပြောခဲ့ပေ။ သူကိုယ်တိုင် အလံတိုင်ကို ပြန်ချိုးလိုက်သည်ဟု ဆိုနိုင်သည်။

သို့သော် ခုနက စကားတွေက နိဒါန်းပျိုးရုံသာ ရှိသေးပြီး အခုမှ အလံတိုင် အကြီးကြီး စိုက်ထူတော့မည့်ပုံ ပေါက်နေသည်။

ကျန်းပေရန် ဖြတ်ပြောလိုက်ရမလား စဉ်းစားနေစဉ် ရှီဟုန်ယွင်က ဆက်ပြောလာသည်။

"ဒီစစ်ဆင်ရေး ပြီးသွားရင် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ... ဆရာကျန်းက ထုန်နိုင်ငံရဲ့ အရေးအပါဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမှာ... ဒါကြောင့် ငါ တောင်းဆိုစရာ ကိစ္စတစ်ခု ရှိပါတယ်... တကယ်လို့..."

ရှီဟုန်ယွင်သည် ပြဇာတ်စင်ပေါ်မှ စစ်သူကြီးအိုကြီး တစ်ဦးအလား ခံစားချက်အပြည့်ဖြင့် ပြောနေစဉ် ကျန်းပေရန်၏ ရှေ့တွင် ရွေးချယ်မှုများ ပေါ်လာလေသည်။

[ရွေးချယ်မှု ၁ - "မျိုးနွယ်စုခေါင်းဆောင် စိတ်ချပါ... ကျွန်တော် ရှီမျိုးနွယ်စုထဲမှာ မိတ်ဆွေတွေ အများကြီး ရခဲ့ပါတယ်... ပြီးတော့ သခင်မလေး ရှီကိုလည်း ကျွန်တော် စောင့်ရှောက်ပေးရဦးမယ် မဟုတ်လား။" (ပြီးမြောက်ဆုလာဘ် - ထိုက်ယီအံ့ဖွယ်နည်းစနစ် (မြေကမ္ဘာ အဆင့်မြင့်))]

[ရွေးချယ်မှု ၂ - "မျိုးနွယ်စုခေါင်းဆောင် ပြောတာ မမှားပါဘူး... ကျွန်တော် ရှီမျိုးနွယ်စုအပေါ် သံယောဇဉ် မရှိပါဘူး... တချို့လူတွေကိုဆိုရင် မုန်းတောင် မုန်းပါသေးတယ်... ဒါကြောင့် ဒီလိုအချိန်မှာ စိတ်ခံစားချက်တွေ လာပြောမနေပါနဲ့... ကျွန်တော် ဘာကတိမှ ပေးနိုင်မှာ မဟုတ်ပါဘူး" ဟု ပြောပြီး လှည့်ထွက်သွားပါ။ (ပြီးမြောက်ဆုလာဘ် - ကျပန်း အခြေခံနည်းပညာရမှတ် +၁)]

'အင်း...'

ရွေးချယ်မှုများကို ကြည့်ခြင်းအားဖြင့် အံ့သြစရာ မရှိသော်လည်း စဉ်းစားစရာ ဖြစ်နေသည်။ ပထမ ရွေးချယ်မှုကို ရွေးလိုက်လျှင် ရှီဟုန်ယွင်၏ "သေမင်းတမန် အလံစိုက်ခြင်း" ကို အပြီးသတ်ပေးလိုက်သလို ဖြစ်သွားမည်။ ရှီဟုန်ယွင် စိတ်ချလက်ချ ဖြစ်သွားပြီး တိုက်ပွဲတွင် အသက်စွန့် တိုက်ခိုက်မည့် အခြေအနေ ဖြစ်သွားနိုင်သည်။

သို့သော် ရှီဟုန်ယွင် သေသွားတာက ဘာကြောင့်များ မြေကမ္ဘာအဆင့် ဆုလာဘ် ပေးရလောက်တဲ့အထိ အရေးကြီးနေရတာလဲ။

'မအလ... ဒီအဘိုးကြီးက နောင်တစ်ချိန် ငါ့အတွက် အသုံးဝင်လာမှာမို့လား'

သဘောပေါက်သွားသဖြင့် ကျန်းပေရန် ပြုံးလိုက်သည်။ ထို့နောက် ဇာတ်လိုက်ဆန်ဆန် မျက်နှာထားဖြင့် ရှီဟုန်ယွင်၏ နားနား ကပ်ကာ ပြောလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင် ပြောတာ မမှားပါဘူး... ကျွန်တော် ရှီမျိုးနွယ်စုအပေါ် သံယောဇဉ် မရှိပါဘူး... တချို့လူတွေကိုဆိုရင် မုန်းတောင် မုန်းပါသေးတယ်... ဒါကြောင့် ဒီလိုအချိန်မှာ စိတ်ခံစားချက်တွေ လာပြောမနေပါနဲ့... ကျွန်တော် ဘာကတိမှ ပေးနိုင်မှာ မဟုတ်ပါဘူး"

ပြောပြီးသည်နှင့် ရှီဟုန်ယွင် ပြန်ပြောမည့် အခွင့်အရေး မပေးဘဲ ကျင်းကျယ်အဆောင်ထဲမှ လှည့်ထွက်သွားလေသည်။

[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ဝိညာဉ်သွင်းခြင်း +၁]

"......"

ကျန်းပေရန်၏ တုံ့ပြန်မှုသည် ရှီဟုန်ယွင် မျှော်လင့်ထားသည်နှင့် လုံးဝ ကွဲလွဲနေသည်။ ရှီဖုန်းလန်၏ မျက်နှာကို ထောက်ထားပြီး ဟန်ဆောင်စကားလေးတော့ ပြောလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

ဒီလောက် ပြတ်ပြတ်သားသား ငြင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် ရှီဟုန်ယွင် ဒေါသ မထွက်မိပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းပေရန်သည် ထိုသို့သော လူမျိုး မဟုတ်ကြောင်း သူ ယုံကြည်သောကြောင့် ဖြစ်သည်။ အကယ်၍ ရှီမျိုးနွယ်စုကို တကယ် လက်စားချေချင်တယ် ဆိုရင်တောင် သူ့ရှေ့မှာ ဒီလို ပြောထွက်မှာ မဟုတ်ပေ။

ဒါကြောင့် ဒီစကားတွေထဲမှာ တခြား အဓိပ္ပာယ်တွေ ပါဝင်နေလိမ့်မည်။

သို့သော် ဘာပဲဖြစ်ဖြစ် ကျန်းပေရန်က ရှီမျိုးနွယ်စုကို သဘောမကျမှန်းတော့ သိသာနေသည်။ ဒါလည်း မတတ်နိုင်ပေ။ ကျန်းပေရန်၏ နောက်ခံအစစ်အမှန်ကို မသိခင်က သူသည် ကျန်းပေရန်ကို စုံစမ်းပြီးရင်း စုံစမ်းခဲ့သည်။ နှစ်ဖက် ဆက်ဆံရေးက အကောင်းဘက်က ကြည့်ရင် အပြန်အလှန် အကျိုးပြုတာ ဖြစ်ပြီး အဆိုးဘက်က ကြည့်ရင် အပြန်အလှန် အသုံးချခဲ့ကြခြင်း ဖြစ်သည်။

ဒီလို အခြေအနေမှာ ဘယ်က သံယောဇဉ် ဖြစ်လာနိုင်ပါ့မလဲ။

'ဟူး... ကိုယ်စိုက်တဲ့ အသီး ကိုယ်ပြန်ရတာပါပဲ'

သက်ပြင်းချရင်း ရှီဟုန်ယွင် ကျင်းကျယ်အဆောင် အပြင်ဘက်သို့ ထွက်လာခဲ့သည်။ ဒီစစ်ဆင်ရေးမှာ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့လျှင် ကျန်းပေရန်နှင့် ဆက်ဆံရေး ကောင်းမွန်အောင် ပြန်လည် တည်ဆောက်ရမည်။

ဒီစစ်ဆင်ရေး အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ... နောင်တစ်ချိန်တွင် ကျန်းပေရန်သည် ထုန်နိုင်ငံ၏ အရေးပါသော ပုဂ္ဂိုလ် ဖြစ်လာမည်မှာ သေချာသည်။ သူကိုယ်တိုင်ပင် ကျန်းပေရန်နှင့် တန်းတူ ဆက်ဆံခွင့် ရချင်မှ ရတော့မည်။

'ကံတရားက အလှည့်ကျ ဖြစ်နေပါရောလား'

ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ရင်း ရှီဟုန်ယွင်သည် သူ့အတွက် စီစဉ်ပေးထားသော ယာယီ စံအိမ်သို့ ပြန်သွားလေသည်။

ကျင်းကျယ်အဆောင်မှ ထွက်လာပြီးနောက် ကျန်းပေရန်သည် ပျံသန်းစံအိမ်သို့ ပြန်ကာ အစီအရင်များကို ထပ်မံ စစ်ဆေးရန် ရည်ရွယ်ခဲ့သော်လည်း လမ်းတစ်ဝက်တွင် စစ်ဆင်ရေး အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်အချို့ကို ကူလျန်ချန်နှင့် ထပ်မံ ဆွေးနွေးသင့်သည်ဟု တွေးမိလိုက်သည်။

ထို့ကြောင့် လမ်းကြောင်းပြောင်းပြီး ကူလျန်ချန်၏ ယာယီ စံအိမ်သို့ ဦးတည်လိုက်သည်။

ပုံမှန်အချိန်များတွင် ကူလျန်ချန်သည် အလုပ်များလွန်းသဖြင့် စံအိမ်တွင် ရှိခဲသည်။ သို့သော် မနက်ဖြန်တွင် အသက်နှင့်ရင်းရမည့် စစ်ဆင်ရေးကြီး စတင်တော့မည် ဖြစ်ရာ ကူလျန်ချန်သည် ရှားရှားပါးပါး စံအိမ်တွင် ရှိနေလေသည်။

ခမ်းနားထည်ဝါသော အဆောက်အအုံ ရှေ့သို့ ရောက်သည့်အခါ တံခါးခေါက်ရန် မလိုလိုက်ဘဲ ရုပ်ရည်သန့်ပြန့်သော လူငယ်တစ်ဦး ထွက်လာပြီး ဂါရဝပြုလိုက်သည်။

"လူကြီးမင်းက ဆရာကျန်း ဖြစ်ရမယ်"

ကျန်းပေရန် ထိုလူငယ်ကို တစ်ချက် ကြည့်လိုက်ပြီး ပြန်လည် ဂါရဝပြုလိုက်သည်။

"ဟုတ်ပါတယ်... စီနီယာကူလျန် ရှိပါသလား"

"ဘိုးဘေးက ဧည့်ခန်းထဲမှာ အနားယူနေပါတယ်... ခဏလောက် စောင့်ပေးပါ... ကျွန်တော် သွားပြောပေးပါ့မယ်"

လူငယ်က ထပ်မံ ဂါရဝပြုပြီးနောက် အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။

'ဘိုးဘေး... ကူလျန်ချန်ရဲ့ မြေးမြစ် ဖြစ်လောက်တယ်'

ခဏအကြာတွင် လူငယ် ပြန်ထွက်လာပြီး လက်ဟန်ပြကာ ပြောလိုက်သည်။

"ဆရာကျန်း... ကြွပါခင်ဗျာ"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး လူငယ်နောက်မှ လိုက်ပါသွားသည်။

လမ်းတွင် လူငယ်က ပြုံးပြီး မိတ်ဆက်လိုက်သည်။

"ကျွန်တော့်နာမည် ကူလျန်ဝန်ယွီပါ... ဆရာကျန်းရဲ့ ဂုဏ်သတင်းကို ကြားနေရတာ ကြာပါပြီ... ဒီနေ့မှ လူချင်း တွေ့ဖူးတော့တယ်... ဝမ်းသာပါတယ်ခင်ဗျာ"

'ဒီမိသားစုက... လူမှုရေး တော်တော် ကောင်းကြတာပဲ'

ကူလျန်ချန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကလည်း ကူလျန်ချန်သည် အနက်ရောင်သူတော်စင် တစ်ပါး၏ မာနမျိုး လုံးဝ မရှိဘဲ လေးလေးစားစား ဆက်ဆံခဲ့သည်။ ယခု သူ့မြေးမြစ်ကလည်း ပိုဆိုးသည်။ မျက်နှာလိုမျက်နှာရ အလွန် လုပ်တတ်သည်။

"သခင်လေးကူလျန်က ရုပ်ရည်သန့်ပြန့်ပြီး အရည်အချင်း ရှိပုံရတယ်... နောင်တစ်ချိန်ကျရင် ထုန်နိုင်ငံရဲ့ အားထားရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမှာပါ"

ပုံမှန်ဆိုလျှင် ကျန်းပေရန် နှိမ့်ချနေဦးမည် ဖြစ်သော်လည်း ယခုအခါ သူ့အဆင့်အတန်း မြင့်မားနေပြီ ဖြစ်ရာ ဂျူနီယာ တစ်ယောက်ကို စီနီယာ လေသံဖြင့် ချီးကျူးလိုက်ခြင်းက ပိုသင့်လျော်သည်။

ကူလျန်ဝန်ယွီကလည်း ကျေနပ်သွားပုံရပြီး ဆက်ပြောသည်။

"ခုနက ဘိုးဘေးကို သွားပြောတော့ အဆူခံလိုက်ရတယ်... ဆရာကျန်း ရောက်လာတာကို တံခါးဝမှာ စောင့်ခိုင်းရမလား ဆိုပြီးတော့လေ... ကျွန်တော်လည်း တော်တော် အားနာသွားပါတယ်... ဒါကြောင့် ခဏနေကျရင် ဆရာကျန်းကို တောင်းပန်တဲ့ အနေနဲ့ သုံးခွက်ပြစ်ဒဏ် ခံယူပါရစေ"

'ဟာကွာ... မင်းတို့ ကူလျန်မိသားစုက လူတော်တစ်ယောက် ရဖို့အတွက် ဒီလောက်တောင် ကြိုးစားကြတာလား'

ကူလျန်မိသားစုက လူတိုင်းအပေါ် ဒီလောက် ဖော်ရွေမည် မဟုတ်ကြောင်း ကျန်းပေရန် သိသည်။ သို့သော် နောက်ခံ မရှိသည့် လူငယ်တစ်ယောက်ကို ထုန်နိုင်ငံ ထိပ်တန်း မိသားစုကြီး တစ်ခုက ဒီလောက်အထိ မျက်နှာလိုမျက်နှာရ လုပ်နေခြင်းမှာ အံ့သြစရာ ကောင်းလှသည်။

'တခြားဘက်က တွေးကြည့်ရင်... ကူလျန်ချန်က ငါ့ကို ထုန်နိုင်ငံရဲ့ ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ သတ်မှတ်လိုက်ပြီ ဆိုတဲ့ သဘောလား... ဟူး... စိတ်ညစ်စရာပဲ'

နောက်ကွယ်မှာ ကြိုးကိုင်ရတာကို ပိုသဘောကျသော ကျန်းပေရန်အတွက် လူအများ၏ အာရုံစိုက်မှုကို ခံရခြင်းက မနေတတ် မထိုင်တတ် ဖြစ်စေသည်။

သို့သော် အဆိပ်မြူ ပြဿနာကို ဖြေရှင်းရန်အတွက် သူ ရှေ့ထွက်လာခဲ့ရသည်။ နောက်ပိုင်းတွင် တိတ်တဆိတ် နေထိုင်ရန် ခက်ခဲတော့မည် ဖြစ်သည်။

'မဟုတ်သေးဘူး... ဒီကိစ္စ ပြီးသွားရင် ခရီးထွက်သွားပြီလို့ ပြောလိုက်မယ်... ဘယ်သူ လာရှာရှာ မတွေ့စေရဘူး'

ကူလျန်ဝန်ယွီနှင့်အတူ အတွင်းခန်းမထဲသို့ ရောက်သည့်အခါ ကူလျန်ချန်အပြင် သက်လတ်ပိုင်း လူတစ်ယောက်ပါ ရှိနေသည်ကို တွေ့လိုက်ရသည်။

"ဘိုးဘေး... ဆရာကျန်း ရောက်ပါပြီ"

ကူလျန်ဝန်ယွီ၏ စကားကြောင့် ကူလျန်ချန်နှင့် သက်လတ်ပိုင်း လူကြီးတို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

'ဟင်'

အကြည့်နှစ်ခုကို ခံစားလိုက်ရသည့်အခါ ကျန်းပေရန် အံ့သြသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသက်လတ်ပိုင်း လူကြီး၏ အရှိန်အဝါသည် ကူလျန်ချန်ထက်ပင် ပို၍ ပြင်းထန်နေသောကြောင့် ဖြစ်သည်။

'နောက်ထပ် ဆရာကြီး တစ်ဆူ ရှိသေးတာလား'

ကျန်းပေရန်သည် အနက်ရောင်သူတော်စင်များထဲတွင် ဒီလူကို တစ်ခါမှ မမြင်ဖူးကြောင်း သေချာသည်။

'ကူလျန်မိသားစုရဲ့ လျှို့ဝှက်လက်နက်လား'

သိချင်စိတ်ဖြင့် ဝိညာဉ်အာရုံကို အသုံးပြုကာ စစ်ဆေးကြည့်လိုက်ရာ စိတ်ပျက်သွားရသည်။

အနက်ရောင်ဝိညာဉ် အဆင့်သာ ရှိသော သာမန် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်နေသည်။ အနက်ရောင်ဝိညာဉ် အဆင့်များ ပေါများနေသော ယွမ်မြို့တွင် ဒီအဆင့်လောက်က ကျန်းပေရန်၏ မျက်လုံးထဲ မဝင်ပေ။

"ဆရာကျန်း... ရှားရှားပါးပါးပါလား... လာပါ ထိုင်ပါ"

ကူလျန်ချန်က ဖိတ်ခေါ်လိုက်ပြီး ကူလျန်ဝန်ယွီကို လှမ်းပြောလိုက်သည်။

"အရက်ကောင်းတွေ သွားယူခဲ့လေ"

ကူလျန်ဝန်ယွီသည် သိုလှောင်လက်စွပ်ထဲမှ လှပသော အရက်အိုးတစ်လုံးကို ထုတ်ယူကာ ကျန်းပေရန် ရှေ့သို့ ရောက်လာသည်။

"ဘိုးဘေး ပြောပြလို့ သိပါတယ်... ဆရာကျန်းက ဗဟုသုတ နှံ့စပ်တော့ ဘယ်လို နာမည်ကြီး အရက်မျိုး၊ အစားအစာမျိုးကိုမဆို စိတ်ဝင်စားမှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီကောက်ညှင်းအရက်ကတော့ ကျွန်တော်တို့ အိမ်မှာ ကိုယ်တိုင် ချက်ထားတာ... ဆရာကျန်း မြည်းကြည့်ပါဦး... တစ်ခါမှ မသောက်ဖူးတဲ့ အရသာမျိုး ဖြစ်မှာပါ"

ပြောပြီးသည်နှင့် ခွက်နှစ်ခွက်ကို အရက်ဖြည့်လိုက်ပြီး တစ်ခွက်ကို ယူကာ ကျန်းပေရန်ကို ဂါရဝပြုလိုက်သည်။

"ခုနက ပြောခဲ့သလိုပါပဲ... ကျွန်တော် သုံးခွက်ပြစ်ဒဏ် ခံပါရစေ... ဒီတစ်ခွက်က ပထမဆုံးပါ"

ကူလျန်ဝန်ယွီ၏ ရိုကျိုးမှုနှင့် ကူလျန်ချန်၏ ခွင့်ပြုထားမှုတို့ကို ကြည့်ခြင်းအားဖြင့် ကျန်းပေရန် အခြေအနေကို သဘောပေါက်လိုက်သည်။

ရှီဟုန်ယွင်ကဲ့သို့ပင် ကူလျန်ချန်လည်း ကျန်းပေရန်၏ အနာဂတ် အလားအလာကို မြင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် မိသားစုဝင် လူငယ်တစ်ယောက်ကို အရင်လွှတ်ပြီး ဆက်ဆံရေး တည်ဆောက်ခိုင်းခြင်း ဖြစ်သည်။

ရှင်းရှင်းပြောရရင် ကူလျန်ချန်က ကျန်းပေရန်ကို သူ့နှင့် တန်းတူ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ အကယ်၍ ကျန်းပေရန်ကသာ သူ့လက်အောက် ဝင်ရောက်လိုလျှင် ဒုတိယ ခေါင်းဆောင်နေရာ ပေးမည့်သဘော ရှိသည်။

ကျန်းပေရန် တွေးနေစဉ်မှာပင် ကူလျန်ဝန်ယွီသည် အရက်သုံးခွက် ဆက်တိုက် မော့သောက်လိုက်ပြီး ခွက်ကို မှောက်ပြကာ ပြောလိုက်သည်။

"ဆရာကျန်း... သောက်ပါ"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး အရက်ခွက်ကို မော့သောက်လိုက်သည်။

"အရသာ မဆိုးဘူး... ဒါပေမဲ့ ကျွန်တော် ချက်တဲ့ အရက်လောက်တော့ မကောင်းဘူး"

ကျန်းပေရန် ခွက်ကို ချရင်း ပြုံးကာ ပြောလိုက်သည်။

ကူလျန်ဝန်ယွီ ကြောင်သွားသည်။ ကျန်းပေရန် ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်သည်။

"ဆရာကျန်းက ဘက်စုံတော်တဲ့သူပဲ... ချက်တဲ့ အရက်ကလည်း သေချာပေါက် ပိုကောင်းမှာပါ... ကျွန်တော်များ သောက်ခွင့် ရနိုင်မလား မသိဘူး"

"ရတာပေါ့"

ပြောပြီးသည်နှင့် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ နဂါးကျောက်စိမ်းအရည်ကြည် တစ်အိုးကို ထုတ်ယူပြီး ကူလျန်ဝန်ယွီကို ပေးလိုက်သည်။

"သခင်လေးကူလျန်ကလည်း အရက်ကြိုက်သူ ဖြစ်ပုံရတယ်... ဒီတစ်အိုး လက်ဆောင်ပေးလိုက်မယ်"

"ကျေးဇူးတင်ပါတယ် ဆရာကျန်း"

ကူလျန်ဝန်ယွီသည် အားမနာဘဲ အရက်အိုးကို လှမ်းယူလိုက်ပြီး အဖုံးဖွင့်ကာ အနံ့ခံကြည့်လိုက်သည်။

"မွှေးလိုက်တာ"

အနံ့ရှူလိုက်ရုံဖြင့် ကူလျန်ဝန်ယွီ မူးဝေချင်သလို ဖြစ်သွားသည်။ ယခင်က မကြုံဖူးသော ခံစားမှုမျိုးပင် ရသွားသည်။

သူ ထပ်မံ ချီးကျူးရန် ပြင်လိုက်စဉ် ကူလျန်ချန်က ဝင်ပြောလိုက်သည်။

"ဝန်ယွီ... မင်း သွားတော့... ဆရာကျန်း လာတာ အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိလို့ နေမှာ"

ကူလျန်ချန်၏ လေသံနှင့် အမူအရာကို ကြည့်ခြင်းအားဖြင့် ကူလျန်ဝန်ယွီသည် ကူလျန်မိသားစု၏ မျိုးဆက်သစ်များထဲတွင် အဓိက မြေတောင်မြှောက်ပေးထားသူ ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

"ဟုတ်ကဲ့ပါ ဘိုးဘေး... မြေး ထွက်သွားပါတော့မယ်"

ကူလျန်ဝန်ယွီသည် ကူလျန်ချန်နှင့် သက်လတ်ပိုင်း လူကြီးကို ရိုသေစွာ ဂါရဝပြုပြီးနောက် ကျန်းပေရန်ကိုလည်း နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

ကူလျန်ဝန်ယွီ ထွက်သွားပြီးနောက် ခန်းမထဲတွင် သုံးယောက်သာ ကျန်ရှိတော့သည်။

ကျန်းပေရန်သည် သက်လတ်ပိုင်း လူကြီးကို ကြည့်ကာ ဘယ်သူလဲဟု စိတ်ဝင်စားနေမိသည်။

သက်လတ်ပိုင်း လူကြီးကလည်း ကျန်းပေရန် ကြည့်နေသည်ကို သိသဖြင့် လှည့်ကြည့်ပြီး ပြုံးကာ မိတ်ဆက်လိုက်သည်။

"ကျုပ်နာမည်က ကူလျန်အန်းပါ... တွေ့ရတာ ဝမ်းသာပါတယ်"

"ဝမ်းသာပါတယ်"

ကျန်းပေရန်လည်း ပြန်လည် နှုတ်ဆက်လိုက်သည်။

နှုတ်ဆက်ပြီးနောက် ကူလျန်ချန်က မေးလိုက်သည်။

"ဆရာကျန်း ရုတ်တရက် ရောက်လာတာ ဘာကိစ္စ ရှိလို့လဲ"

ကူလျန်အန်းကို ရှောင်ခိုင်းခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် သူသည် ကူလျန်မိသားစု၏ လက်ရှိ ခေါင်းဆောင် (သို့မဟုတ်) အကြံပေးပုဂ္ဂိုလ် ဖြစ်နိုင်ကြောင်း ကျန်းပေရန် ခန့်မှန်းလိုက်သည်။

ထို့ကြောင့် သူ့ကို ဂရုမစိုက်တော့ဘဲ ကူလျန်ချန်ကို ပြောလိုက်သည်။

"မနက်ဖြန် တိုက်ခိုက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး စီနီယာနဲ့ နည်းနည်း ထပ်ဆွေးနွေးချင်လို့ပါ... ပိုကောင်းအောင် ပြင်လို့ရမလား ဆိုပြီးတော့လေ... စီနီယာ အားရဲ့လား"

"ဟား ဟား ဟား... အားပါတယ်... ဒီကိစ္စအတွက်ဆိုရင် မအားရင်တောင် အားအောင် လုပ်ရမှာပေါ့... ဆရာကျန်းက ဘယ်နေရာကို ပြင်ချင်လို့လဲ"

"အနက်ရောင်သူတော်စင်ကြီးတွေရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ သိုင်းကွက်တွေအကြောင်းကို အသေးစိတ် ထပ်သိချင်လို့ပါ... ဒါမှ ကျွန်တော် သေချာ စီစဉ်လို့ရမှာ"

"ဒီကိစ္စတော့ မင်း လူမှန်ကို လာမေးတာပဲ... ကောင်းပြီ... သူတို့ရဲ့ သိုင်းကွက်တွေ ဘယ်လို ထူးခြားလဲ ဆိုတာ ငါ သေချာ ရှင်းပြမယ်"

...

အချက်အလက်များ များပြားလွန်းသဖြင့် သူတို့နှစ်ဦး ညဉ့်နက်သည်အထိ ဆွေးနွေးဖြစ်ခဲ့ကြသည်။ အဆုံးသတ်ခါနီးတွင် ကူလျန်ချန် ပြောလိုက်သည်။

"ဆရာကျန်း... ပြောစရာ မလိုဘူး ဆိုပေမယ့် ထပ်ပြီး သတိပေးပါရစေ... ခုနက ငါပြောပြခဲ့တဲ့ အချက်အလက်တွေက လျှို့ဝှက်ချက်တွေပါ... တခြားသူတွေကို ပြန်မပြောမိပါစေနဲ့"

"စိတ်ချပါ စီနီယာ... ကျွန်တော် နားလည်ပါတယ်"

သိုင်းကွက် ဆိုသည်မှာ ကျင့်ကြံသူ တစ်ယောက်၏ ဝှက်ဖဲပင် ဖြစ်သည်။ ပြိုင်ဘက်ကို အဆုံးစီရင်ရန် သိမ်းဆည်းထားသော လက်နက် ဖြစ်သည်။

အနက်ရောင်သူတော်စင်များလည်း ထိုနည်းလည်းကောင်းပင်။ အဆင့်တူ၊ စွမ်းအားတူ အခြေအနေတွင် သိုင်းကွက် ဘယ်လောက် ဆန်းကြယ်သလဲ၊ ဘယ်အချိန်မှာ ထုတ်သုံးသလဲ ဆိုတာက အဆုံးအဖြတ် ပေးသွားနိုင်သည်။

မိမိ၏ သိုင်းကွက်ကို လျှို့ဝှက်ထားနိုင်လေ အစွမ်းထက်လေ ဖြစ်သည်။

အခုလို အခြေအနေမျိုးသာ မဟုတ်လျှင် အနက်ရောင်သူတော်စင်များ၏ သိုင်းကွက်များကို ကူလျန်ချန် သိရှိနိုင်မည် မဟုတ်ပေ။ အားလုံးက ပြိုင်ဘက်တွေ ဖြစ်လာနိုင်သူတွေမို့ လျှို့ဝှက်ထားကြမှာ သေချာသည်။

အရေးကြီး သတင်းအချက်အလက်များ ရရှိပြီးနောက် ကျန်းပေရန် နှုတ်ဆက် ထွက်ခွာခဲ့သည်။ အစီအစဉ်ကို ပြန်လည် ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်သည်။

"အန်း... ညဉ့်နက်နေပြီ... မင်းလည်း ပြန်တော့"

ကျန်းပေရန် ထွက်သွားပြီးနောက် ဘေးတွင် နားထောင်နေသော ကူလျန်အန်းကို ကူလျန်ချန် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဘိုးဘေး"

ကူလျန်အန်းသည် ရိုသေစွာ ဂါရဝပြုပြီးနောက် အပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် တံခါးဝသို့ ရောက်ခါနီးတွင် နောက်ကျောမှ ကူလျန်ချန်၏ အသံ ထွက်ပေါ်လာသည်။

"ဘယ်လို လုပ်ရမလဲ ဆိုတာ နားလည်တယ် မဟုတ်လား"

ကူလျန်အန်း ခြေလှမ်း ရပ်တန့်သွားပြီး ပြန်လှည့်ကာ ဂါရဝပြုလိုက်သည်။

"မြေး နားလည်ပါတယ်"

All Chapters