← Chapters

အခန်း (၈၅)

Vol. 9 Ch. 85

အခန်း (၈၅)

Vol. 9 Ch. 85

အခန်း(85)

“ရှင်လည်း ကလေးရလာရင် ရှင့်အစ်ကိုလိုမျိုး အလုပ်မှန်သမျှကို ကျွန်မဆီမှာပဲ အကုန်ပုံချထားပြီး ဘာမှဝင်မလုပ်တဲ့ အဖေမျိုး ဖြစ်လာမှာလား”

စုဝေ့ချင်းက ချက်ချင်းပင် ပြန်လည်ဖြေလိုက်သည်။

“ဒါက လုံးဝ မဖြစ်နိုင်ဘူး ကိုယ်တို့မှာ ကလေးရလာရင် ကိုယ် သူတို့ကို အသက်ထက်တောင် ချစ်ပေးမှာ၊

သူတို့ ကြီးပြင်းလာတဲ့ အချိန်တိုင်းကိုလည်း တစ်စက္ကန့်မှ အလွတ်မခံချင်ဘူး

အဲဒါတင်မကဘူး၊ သူတို့အတွက် နေ့စဉ်မှတ်တမ်းတွေ ရေးပေးပြီး သူတို့ ကြီးပြင်းလာတဲ့ အတွေ့အကြုံတွေကို စာအုပ်တစ်အုပ်အဖြစ် ပြုစုပြီး သူတို့ အရွယ်ရောက်လာတဲ့အချိန်ကျရင် လက်ဆောင်ပေးချင်တာ!”

စုဝေ့ဟိုင်၏ ရည်မှန်းချက်ကြီးမားမှုနှင့် နှိုင်းယှဉ်လျှင် စုဝေ့ချင်းက များစွာ ပို၍ ရိုးသားအေးဆေးပေသည်။

သူသည်က ရဲဘော်လီရှန်းနှင့်အတူ ရှိနေရခြင်းကိုသာ ပို၍နှစ်သက်၏။ သူတို့နှစ်ဦး အတူရှိနေပြီး တည်ငြိမ်စွာ ထိုင်နေရုံမျှဖြင့်ပင် ပျော်ရွှင်မှုတစ်မျိုးဟု ခံစားရပေသည်။

သူ့အနေဖြင့် စုဝေ့ဟိုင်၏ ရွေးချယ်မှုကို နားလည်ပေးနိုင်သော်လည်း သဘောတော့ မတူနိုင်ချေ။

အကယ်၍ စုဝေ့ဟိုင်အနေဖြင့် အလုပ်ကိုသာ အာရုံစိုက်လိုပြီး မိသားစုဝန်ထုပ်ဝန်ပိုးများကို မထမ်းဆောင်လိုပါက မူလကတည်းက အိမ်ထောင်မပြုသင့်၊ ကလေးများကိုလည်း မယူသင့်ဟု သူ ခံစားရသည်။

ကလေးနှစ်ယောက်ကို ဝူလီ၏လက်ထဲသို့ ကမန်းကတန်း လွှဲပြောင်းပေးအပ်ခဲ့ခြင်းမှာလည်း အလွန်ပင် မသင့်လျော်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်နေခဲ့၏။

ကာယကံရှင်ဖြစ်သူ ကိုယ်တိုင်ကပင် ကလေးများအပေါ် မည်သည့်စိုးရိမ်ပူပန်မှုမျှ မပြသခဲ့ချေ။

သို့ဆိုလျှင် ဝူလီက အဘယ်ကြောင့် ဂရုစိုက်နေပါမည်နည်း။

စုဝေ့ချင်းက သူ၏လေးနက်လှသော ကတိစကားကို ပြောခဲ့ပြီးနောက် လီရှန်း၏ လက်သန်းလေးကို သူ၏လက်သန်းဖြင့် ချိတ်လိုက်သည်။

“ရဲဘော်လီရှန်း၊ မင်း ကိုယ့်ကို ယုံတယ်မလား”

“ရှင့်ရဲ့စကားအတိုင်း တည်အောင်လုပ်နိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”

လီရှန်းက ခြေလှမ်းများကို ရပ်လိုက်ပြီး စုဝေ့ချင်းကို လှည့်ကြည့်လိုက်၏။

စုဝေ့ချင်း၏ မျက်ဝန်းများက အလေးအနက်ထားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ကိုယ် သေချာပေါက် လုပ်မှာပါ”

ဇနီးမောင်နှံနှစ်ဦးက စက်ဘီးကိုယ်စီဖြင့် စက်မှုယန္တယားစက်ရုံသို့ အဆင်ပြေချောမွေ့စွာ ပြန်ရောက်လာခဲ့ကြသည်။

လက်ရှိက အားလပ်ရက်ဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်ပေ၏။

လမ်းများပေါ်တွင် လမ်းလျှောက်သူများ သိသိသာသာများပြားနေခဲ့သည်။

သို့သော်လည်း စက်ရုံနေရာများကတော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

တစ်ဖက်မှ စက်မှုယန္တယားစက်ရုံ၏ ဝန်ထမ်းအိမ်ရာဝင်းဘက်တွင်တော့ စည်ကားလျက်ရှိနေပြီး မိသားစုအတော်များများက ယနေ့ကတည်းက တံခါးဝတွင် ကပ်ထားသော မင်္ဂလာကဗျာ အဟောင်းများကို ခွာထုတ်ထားပြီဖြစ်ကာ အသစ်များကိုမူ နှစ်သစ်ကူးအကြိုညတွင် ကပ်ရန်အတွက် သိမ်းဆည်းထားခဲ့ကြသည်။

ကျန်းကျူးရိ၏ အိမ်ရှေ့တွင်လည်း ထိုသို့ပင် ဖြစ်ပေ၏။

သို့သော် ယခုနှစ်တွင် မိသားစုဝင်များ ပိုမိုများပြားလာသောကြောင့် အဟောင်းများကို ရှင်းလင်းသည့်အလုပ်ကို ကျန်းချောင်တို့တစ်စုထံသို့ လွှဲအပ်ထားလေသည်။

အမျိုးသားများမှာ ခြံထဲတွင် စားပွဲတစ်လုံးချပြီး ကတ်ကစားရန် လူစုနေကြပြီး အမျိုးသမီးများကတော့ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြပေ၏။

ဖန်ချင်းက ပါးနပ်စွာဖြင့် ဘေးဘက်မှ ကူညီပေးရုံသာ လုပ်ဆောင်ပြီး ဟင်းချက်သည့်အလုပ်ကိုတော့ သူမ၏ ယောက်မဖြစ်သူ ချန်ဖန်းထံသို့ လွှဲပေးထားခဲ့သည်။

သူမက စဉ်းတီတုံးပေါ်တွင် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ပေးနေခဲ့ကာ ကျန်းဟုန်မေ့ကတော့ မီးဖိုဘေးတွင် ထိုင်လျက် အိုးထဲရှိ အသားလုံးများကို ကျွမ်းကျင်စွာ ကြော်လှော်နေခဲ့လေသည်။

သူတို့သုံးဦးက ကိုယ်စီအလုပ်များနေကြသော်လည်း စကားကတော့မပြတ်ကြပါချေ။

သူတို့က လက်ရှိတွင်လီမိသားစု၏အကြောင်းကို ပြောဆိုနေခဲ့သည်။

ချန်ဖန်း : “ရှန်းရှန်းက မနက်ဖြန် လက်ထပ်တော့မယ်ဆိုတော့ လီမိသားစုဘက်က ဘာသံမှမကြားမိဘူးလား”

“ရှန်းရှန်း ရည်းစားရကတည်းက ငါက သူမကို သူတို့စက်ရုံဘက်ကို ပြန်မလွှတ်တော့တာ၊ သူတို့ဆီက ဘယ်လိုလုပ်ပြီး သတင်းကြားစရာ ရှိတော့မှာလဲ”

ဖန်ချင်းက လက်ထဲမှ ကြက်သွန်မြိတ်များကို စုစည်းကာ အသားစင်းကောထဲသို့ ထည့်ရန်အတွက် သေသေချာချာ လှီးဖြတ်နေခဲ့သည်။ အသားလုံးများကို ကြော်ပြီးလျှင် အသီးအရွက်လုံးများကို ဆက်လက်ကြော်ရပေမည်။

“သူ သိမှာမဟုတ်ဘူး”

ကျန်းဟုန်မေ့က မျက်စောင်းထိုးလျက် ပြောလာသည်။

“သူသာ သိသွားရင် ဘာတွေ လျှောက်လုပ်ဦးမလဲ မသိနိုင်ဘူး၊ အထူးသဖြင့် အဲဒီနောက်မိန်းမက အကွက်တွေ အများကြီးပဲ၊

ရှန်းရှန်းရဲ့ ခန်းဝင်ပစ္စည်းက ငွေတစ်ထောင်ဆိုတာကိုသာ သိသွားရင် အဲဒီပိုက်ဆံကို ဘယ်လိုနည်းနဲ့မဆို နှိုက်ယူဖို့ ကြိုးစားမှာ သေချာတယ်”

“သူ လုပ်ရဲလား”

ထိုစကားကို ကြားလျှင် ဖန်ချင်းက ဓားကို ပို၍ အားထည့်လိုက်သောကြောင့် စဉ်းတီတုံးထံမှ တဒုန်းဒုန်း အသံများ ထွက်ပေါ်လာတော့သည်။

ကျန်းဟုန်မေ့: “ပြီးခဲ့တဲ့တစ်ခေါက်က သူ လာသောင်းကျန်းလို့ အထည်ချုပ်စက်ရုံက ဝန်ထမ်းအလုပ်ပြုတ်သွားခဲ့တာလေ၊ သူသာ နောက်တစ်ခေါက် လာရဲသေးရင် သူ့အိမ်ရဲ့ တစ်ဝက်လောက်ကို ငါ သွားဖြိုပစ်မယ်”

“ဟုန်မေ့ ၊ နင်က တကယ် တုံးအ,နေတာပဲ၊ အဲဒီထုန်လင်းဆိုတဲ့ မိန်းမကပဲ အကြံတွေ အကုန်ထုတ်နေတယ်လို့ တကယ်ကြီးထင်နေတာလား၊ ငါ့အထင်တော့ ထုန်လင်းက စကားများလွန်းတာပဲ ရှိနေတာ

လီဟုန်ကျွင့်ကမှ နောက်ကွယ်က အကြံထုတ်တဲ့လူပဲ၊ နင် စောင့်သာကြည့်နေလိုက်၊ လီဟုန်ကျွင့်က သူ့ဘာသာထွက်ပြီး ပြဿနာရှာမှာ မဟုတ်ဘူး၊ သူက စစ်ကူသွားခေါ်မှာ သေချာတယ်”

ချန်ဖန်းသည်က စကားပြောဆိုရာတွင် မကောင်းသော်လည်း အတွေးအခေါ်ကတော့ အလွန်ရှင်းလင်းသူ ဖြစ်၏။ ဆရာမတစ်ဦးအနေဖြင့် ထူးဆန်းသော မိသားစုပေါင်းများစွာကို သူမ တွေ့ကြုံဖူးပေသည်။

သူမက လီဟုန်ကျွင့်၏ အကြံအစည်လေးကို သိရှိနေခဲ့သည်။

ကျန်းဟုန်မေ့က စပ်စုလိုစွာ လှည့်ကြည့်သည်။

“ဘယ်သူ့ကို ခေါ်မှာလဲ၊ အဘွားကြီးလီကိုတော့ သွားမခေါ်လောက်ပါဘူးနော်”

“သေချာပေါက် ခေါ်မှာပေါ့၊ အဘွားကြီးလီက ငိုယိုသောင်းကျန်းတဲ့နေရာမှာ အတော်ဆုံးပဲလေ၊ ယုံချင်ယုံ မယုံချင်နေ၊ ရှန်းရှန်းက လေသံနည်းနည်းလောက် မာလိုက်တာနဲ့ သူမက ကြမ်းပြင်ပေါ် လှဲချပြီး အသေဟန်ဆောင်ပြလာလိမ့်မယ်”

ကျန်းဟုန်မေ့ : “...”

သေသေချာချာ စဉ်းစားကြည့်လျှင် ထိုအဘွားကြီးက အမှန်တကယ်ပင် ထိုကဲ့သို့ လုပ်ဆောင်မည့်သူမျိုး ဖြစ်၏။

လီရှန်းကို ပြန်ခေါ်လာချိန်ကလည်း ထိုအဘွားကြီးက ငိုယိုသောင်းကျန်းခဲ့သေးသည်။

အကယ်၍ ကျန်းကျူးရိသာ ပြတ်ပြတ်သားသား မလုပ်ဆောင်ခဲ့ဘဲ ‘ခင်ဗျားသာ သဘောမတူရင် လီဟုန်ကျွင့်ကို ဇာတိရွာကိုပြန်ပြီး လယ်လုပ်ခိုင်းရလိမ့်မယ်’ဟု မခြိမ်းခြောက်ခဲ့ပါက သူမက လီရှန်းကို လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

“ဒီလိုမျိုး ဘယ်လိုကိစ္စမျိုးကိုမဆို လုပ်ရဲတဲ့လူမျိုးနဲ့ တွေ့ရင် တကယ်ကို ဘာမှလုပ်လို့မရဘူး”

ကျန်းဟုန်မေ့က စိုးရိမ်တကြီးဖြင့် မေးလာသည်။

“နောင်ကျရင် စက်ရုံက ဆေးထုတ်တာကိုတောင် လာတားနေမှာ မဟုတ်ဘူးလား”

“မစိုးရိမ်ပါနဲ့”

ထိုအချက်နှင့် ပတ်သက်၍ ဖန်ချင်းက အေးဆေးတည်ငြိမ်စွာ ရှိနေခဲ့သည်။

“ဆေးဝါးစက်ရုံက စည်းကမ်းတင်းကျပ်ပြီး အထဲမှာ အကုန်ရှိတယ်၊ ရှန်းရှန်းကလည်း အပြင်ကို ခဏခဏ ထွက်စရာမလိုဘူး၊ အဲဒီ အဘွားကြီးလီကလည်း အထဲကို ဝင်လို့မရဘူး

သူမသာ အကြီးအကျယ် လာသောင်းကျန်းနေမယ်ဆိုရင် ရဲကိုခေါ်ပြီး ဖမ်းခိုင်းလိုက်ရုံပဲ၊ ဆေးဝါးစက်ရုံက ငါတို့စက်ရုံတွေနဲ့ မတူဘူးဆိုတာ နင်တို့လည်း သိနေတာပဲလေ”

ဆေးဝါးစက်ရုံတွင် သုတေသနဌာနတစ်ခုလည်း ရှိနေခဲ့သည်။ အကယ်၍ အဘွားကြီးလီသာ အမှန်တကယ် လာရောက်သောင်းကျန်းရဲပါက နောက်ဆုံးတွင် နစ်နာသူက လီဟုန်ကျွင့်သာ ဖြစ်ပေလိမ့်မည်။

“အဲဒါတော့အမှန်”

ကျန်းဟုန်မေ့က ချက်ချင်းပင် သဘောပေါက်သွားခဲ့လေ၏။

ချန်ဖန်းသည်လည်း အကျိုးအကြောင်းကို နားလည်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“အမေ၊ ကျဲနဲ့ ယောက်ဖတို့ ရောက်လာပြီ”

ကျန်းဟုန်မေ့၏ အကြီးဆုံးသားဖြစ်သူ ယန်မင်အန်း၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာပေသည်။

ဖန်ချင်းလည်း လက်ထဲမှဓားကို အမြန်ချလိုက်ပြီး သူတို့ကို ကြိုဆိုရန် ထွက်လာခဲ့လေ၏။

သူမ၏ တူမနှင့် တူသားမက်တို့က အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်လျက် ခြံဝင်းထဲသို့ ဝင်လာကြသည်ကို မြင်လျှင် သူမက အပြေးအလွှား သွားရောက်ကြိုဆိုလိုက်သည်။

“ ပြန်ရောက်ကြပြီလား၊ ဘာလို့ ပစ္စည်းတွေ အများကြီး သယ်လာရတာလဲ”

“သားမက်ဖြစ်သူက လာလည်တာဆိုတော့ အထင်ကြီးအောင် လုပ်ရမှာပေါ့၊ မဟုတ်ရင် မနက်ဖြန် သူတို့ ကျွန်တော်တို့ကို ပေးမထွက်ဘဲ တားနေလိမ့်မယ်”

ကျန်းရှင်းမင်ကလည်း နောက်ဘက်မှ ခေါင်းပြူထွက်လာပြီး ခြင်းတောင်းထဲကို လှမ်းကြည့်လိုက်သည်။

“ဝိုး.. ဝိုင်ကောင်းနှစ်ပုလင်းတောင် ပါတာပဲ၊ ငါ့တို့ရဲ့သားမက်က တကယ်ကို အားထုတ်ထားတာပဲ”

“ဝိုင်ရှိရင် သောက်ပဲသောက်နေလိုက်၊ စကားတွေ အပိုမပြောနေနဲ့တော့”

ဖန်ချင်းက ကျန်းရှင်းမင်၏ လက်မောင်းကို ပုတ်လိုက်ပြီး ခြင်းတောင်းကိုယူကာ ဧည့်ခန်းမဆောင်အတွင်းသို့ အရင်ဆုံး သယ်သွားလေသည်။

ထို့နောက် ကျန်းရှင်းမင်က စုဝေ့ချင်းကို ဘေးနားရှိကတ်ကစားနေသည့်ဝိုင်းသို့ ဆွဲခေါ်သွားခဲ့သည်။

“လာခဲ့၊ ဖဲကစားကြမယ်”

“ဦးလေး၊ ကျွန်တော် မကစားတတ်ဘူး”

စုဝေ့ချင်းက လက်ကိုဝှေ့ရမ်း၍ အမြန်ငြင်းလိုက်သည်။ သူသည်က ဆေးလိပ်မသောက်၊ အရက်မသောက်၊ လောင်းကစားမလုပ်သော စံပြအမျိုးသားတစ်ဦး ဖြစ်သောကြောင့် ကတ်ကစားခြင်းနှင့် ပတ်သက်၍ လုံးဝနားမလည်ပါချေ။

သို့သော် ကျန်းရှင်းမင်က လက်မခံဘဲ စုဝေ့ချင်း၏ လက်ထဲသို့ ဖဲချပ်များကို အတင်းထိုးထည့်ပေးလိုက်လိုက်သည်။

“မတတ်ရင်လည်း သင်ရမှာပေါ့၊ ဒါက အပျော်သက်သက်ပဲလေ၊ ပိုက်ဆံအစစ်နဲ့ ကစားတာမှ မဟုတ်တာ”

စုဝေ့ချင်းလည်း ရွေးချယ်စရာမရှိတော့ဘဲ ဝင်ထိုင်လိုက်ကာ ဖဲကစားနည်းကို စတင်သင်ယူရတော့၏။

လီရှန်းကလည်း သူ့ကို မတားဆီးခဲ့ဘဲ မီးဖိုချောင်ထဲသို့သာ အေးအေးလူလူ ဝင်သွားခဲ့လေသည်။

*

All Chapters