← Chapters

တိုက်ပွဲကြီး မတိုင်မီ

Vol. 53 Ch. 596

တိုက်ပွဲကြီး မတိုင်မီ

Vol. 53 Ch. 596

ခန်းမဆောင်ထဲမှ ထွက်ခွာလာပြီးနောက် ကူလျန်အန်းသည် စံအိမ်မှ တိုက်ရိုက် ထွက်မသွားဘဲ ကောင်းကင်ယံရှိ အဆိပ်မြူများကို မော့ကြည့်ကာ အတွေးနက်နေလေသည်။

"အရှင်မင်းကြီး... ဝန်ကြီးချုပ်က အရှင်မင်းကြီးကို ခြံဝင်းထဲမှာ စောင့်နေပါတယ်"

ထိုအချိန်တွင် ကိုယ်ရံတော်ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးသည် ကူလျန်အန်း၏ ရှေ့သို့ ရောက်လာပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။

ကူလျန်အန်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါဆို နန်းတော်ကို ပြန်ကြတာပေါ့"

"ဟုတ်ကဲ့ပါ အရှင်"

...

ပျံသန်းစံအိမ်သို့ ပြန်ရောက်သည့်အခါ မိမိထံသို့ ပြေးလာနေသော ရှီဖုန်းလန်ကို ကြည့်ရင်း ကျန်းပေရန် လေးလေးနက်နက် စဉ်းစားလိုက်သည်။

မနက်ဖြန်တွင် ဤပျံသန်းစံအိမ်ပေါ်ရှိ လူများနှင့် သားရဲများကိုပါ ခေါ်သွားသင့် မသွားသင့် ဆိုသည့် ကိစ္စပင် ဖြစ်သည်။

သို့သော် ထိုစဉ်းစားမှုသည် ခဏသာ ကြာလိုက်ပြီး ကျန်းပေရန် ဆုံးဖြတ်ချက် ချလိုက်သည်။

ခေါ်သွားရမည်။

အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။

မိမိဘေးနားထက် ပိုစိတ်ချရသော နေရာဟူ၍ မရှိသောကြောင့် ဖြစ်သည်။

ထို့အပြင် မုန်စစ်ပေ့နှင့် ချူယန်ဇယ်ကဲ့သို့ ထူးခြားသော စွမ်းရည်ရှိသူများသည် မနက်ဖြန်တွင် အသုံးဝင်လာနိုင်သည်။ ရှီဖုန်းလန်၏ ပျံသန်းစံအိမ်သည်လည်း သူကိုယ်တိုင် အကြိမ်ကြိမ် ပြုပြင်မွမ်းမံထားသဖြင့် ကာကွယ်ရေး စွမ်းရည်ရော၊ ဖုံးကွယ်နိုင်စွမ်းပါ အနက်ရောင်သူတော်စင်များ၏ ပျံသန်းစံအိမ်များထက် ပိုမို ကောင်းမွန်နေပြီ ဖြစ်သည်။

ရှီဖုန်းလန်၏ နောက်တစ်ကြိမ် ခုန်အုပ်မှုကို ရှောင်တိမ်းလိုက်ပြီးနောက် ကျန်းပေရန်သည် လက်ဖက်ရည်ဝိုင်းသို့ လျှောက်သွားပြီး ရေနွေးစတင် တည်လိုက်သည်။

လုပ်စရာရှိတာ အကုန်လုပ်ပြီးပြီ ဖြစ်သဖြင့် လူအများ အိပ်မပျော်နိုင် ဖြစ်နေမည့် စစ်ဆင်ရေး မတိုင်မီ ညတွင် ကျန်းပေရန်သည် ကောင်းကောင်း အနားယူရန် ဆုံးဖြတ်လိုက်သည်။ အရသာရှိသော အစားအစာများ ချက်ပြုတ်မည်။ လိုအပ်လျှင် ရှီဖုန်းလန်နှင့်အတူ ကျင့်ကြံခြင်း သရုပ်ဖော်ကစားပွဲ တစ်ပွဲလောက် ကစားပေးမည်။

လက်ဖက်ရည် ဖျော်ပြီးနောက် တစ်ငုံသောက်လိုက်သည်။ မက်မွန်သီးနံ့ သင်းသင်းလေး မွှေးနေသော လက်ဖက်ရည်အရသာကြောင့် ကျန်းပေရန် မျက်လုံးမှိတ်ကာ ဇိမ်ခံလိုက်မိသည်။

ဒီအချိန်လေးကို တိတ်တဆိတ် ခံစားနေလိုက်သည်။

လက်ဖက်ရည် ကုန်သွားသည့်အခါ ကျန်းပေရန်သည် ခြံဝင်းထဲတွင် ဆောက်လုပ်ထားသော မီးဖိုချောင်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ကျန်းပေရန် ဟင်းချက်တော့မည်ကို မြင်သောအခါ မြေကြီးပေါ်တွင် အိပ်ချင်ယောင်ဆောင်နေသော ချုံးချီသည် မျက်လုံး ပြူးကျယ်သွားပြီး အမြီးနှံ့ကာ မတ်တတ်ထရပ်လိုက်သည်။

"ဘာစားချင်လဲ"

သူ့ဘက်သို့ တိတ်တဆိတ် တိုးကပ်လာသော ချုံးချီကို ကြည့်ပြီး ဓားမကို ကိုင်ကာ ကျန်းပေရန် မေးလိုက်သည်။

"ရပါတယ်... အစ်ကိုကြီး လုပ်ကျွေးတာဆိုရင် အကုန်ကြိုက်တယ်"

ချုံးချီက မျက်နှာလိုမျက်နှာရ ပြောလိုက်သည်။

ကျန်းပေရန်က အနက်ရောင်သူတော်စင် အများအပြားကို ပျံသန်းစံအိမ်ပေါ် ခေါ်လာသည့် အချိန်ကစပြီး ချုံးချီသည် သူ့ကို နတ်ဘုရားတစ်ပါးအလား ကြည်ညိုနေတော့သည်။ ပထမဆုံး တွေ့ဆုံစဉ်ကတည်းက ကျန်းပေရန်သည် နက်ရှိုင်းသော လူသားတစ်ယောက် ဖြစ်ကြောင်း သိခဲ့သော်လည်း ယခုအခါတွင်မူ ထိုနက်ရှိုင်းမှုသည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်နေကြောင်း သဘောပေါက်သွားလေသည်။

တစ်ဖက်လူ၏ စိတ်ခံစားချက်နှင့် ကျင့်ကြံခြင်းအဆင့်ကို အကဲခတ်နိုင်သော မွေးရာပါ စွမ်းရည်များ ရှိသဖြင့် အနက်ရောင်သူတော်စင်များ ပျံသန်းစံအိမ်ပေါ်သို့ ရောက်လာချိန်တွင် ချုံးချီ လန့်ဖျပ်သွားခဲ့သည်။

ဒီလို အဆင့်ရှိတဲ့ လူသားတွေက တစ်ယောက်ဆိုရင်တောင် နယ်မြေတစ်ခုကို အုပ်စိုးနိုင်တာ... အခု ဒီလောက် သေးငယ်တဲ့ ပျံသန်းစံအိမ်လေးပေါ်မှာ ဒါဇင်နဲ့ချီပြီး စုဝေးနေကြတာက တကယ့်ကို အံ့ဖွယ်မြင်ကွင်းပင် ဖြစ်သည်။

အစပိုင်းတွင် ထိုအနက်ရောင်သူတော်စင်များက သူ့ကို ကြည့်လိုက်သည့်အခါ ချုံးချီ၏ အမွေးများ ထောင်ထသွားခဲ့ရသည်။

သို့သော် သူတို့က စိတ်ဝင်စားပုံ မရသဖြင့် တစ်ချက်ကြည့်ရုံဖြင့် မျက်နှာလွှဲသွားကြသည်။

ထိုအခါမှ ချုံးချီ သက်ပြင်းချနိုင်ပြီး ထောင့်တစ်နေရာတွင် ပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်ခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက် ချုံးချီသည် သူ၏ ဉာဏ်ကောင်းသော ဦးနှောက်ဖြင့် အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိလိုက်သည်။ ထိုအချက်မှာ အစွမ်းထက်သော လူသားများအားလုံးသည် အစ်ကိုကြီးကို ဗဟိုပြု လည်ပတ်နေကြခြင်းပင် ဖြစ်၏။

ဒီတွေ့ရှိချက်က ချုံးချီကို ဂုဏ်ယူသွားစေသည်။

'အစ်ကိုကြီးနောက် လိုက်ခဲ့တာ တကယ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ'

ချုံးချီသည် သားရဲလေးကောင် နယ်မြေ တွင် နေရတာ သက်တောင့်သက်သာ ရှိလွန်းပြီး တိုးတက်မှု မရှိသဖြင့် လူသားနယ်မြေသို့ စွန့်စားထွက်လာခဲ့ခြင်း ဖြစ်သည်။

အခု ထွက်လာတာ မကြာသေးဘူး... ကိစ္စအကြီးကြီးနဲ့ ကြုံနေရပြီ။ သူ ပါဝင်ပတ်သက်လို့ရမယ် ထင်ပေမယ့် တကယ်တမ်းကျတော့ အခြေအနေက သူ ဝင်ပါလို့မရလောက်အောင် ကြီးမားနေသည်။

ကောင်းကင်မျက်လုံး အစီအရင်မှတစ်ဆင့် ဂူကျင့်ကြံသူများနှင့် အနက်ရောင်သူတော်စင်များ၏ တိုက်ပွဲကို ကြည့်ပြီးနောက် သူသည် မည်သူ့ကိုမျှ ယှဉ်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။

အားလုံးက သိပ်သန်မာလွန်းတယ်။

အပြင်မှာ ပြည့်နှက်နေတဲ့ အဆိပ်မြူတွေကလည်း သူ့ကို နေမထိထိုင်မသာ ဖြစ်စေသည်။ စွန့်စားခန်း ဖွင့်ချင်သော သူ့သွေးများ အေးစက်သွားရသည်။

သူက သန်မာချင်လို့ ထွက်လာတာ... သေချင်လို့ ထွက်လာတာ မဟုတ်ဘူး။

ဒီစစ်မြေပြင်ရဲ့ အန္တရာယ်က သူ့အဆင့်နဲ့ ယှဉ်လို့မရအောင် မြင့်မားလွန်းနေသည်။

ဒါကြောင့် ချုံးချီလည်း ငြိမ်နေလိုက်သည်။ ဒါပေမဲ့ လုံးဝ လက်လျှော့လိုက်တာမျိုးတော့ မဟုတ်ပဲ အစ်ကိုကြီးနောက်ကိုသာ ကပ်လိုက်နေရင် အသားဟင်း စားရမှာ သေချာတယ် ဆိုတဲ့ ယုံကြည်ချက်က သူ့ရင်ထဲမှာ ခိုင်မာနေသည်။

အတိုချုပ် ပြောရရင် အခုချိန်မှာ ချုံးချီသည် ကျန်းပေရန်ကို တစ်ရာရာခိုင်နှုန်း ယုံကြည်နေပြီ ဖြစ်သည်။ အဆင့်ရှစ် သားရဲတစ်ကောင်၏ မာနသာ မရှိလျှင် ကျန်းပေရန်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။

ချုံးချီ အမြီးနှံ့နေစဉ် ခေါင်မိုးပေါ်တွင် တစ်ရေးအိပ်နေသော ယန်ယန်သည် ဆင်းသက်လာပြီး လူယောင်ဖန်ဆင်းကာ ပျင်းရိစွာ အကြောဆန့်လိုက်သည်။

"ငါ ငါးစားချင်တယ်"

"ရတယ်"

ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

ဒီနေ့ ကျန်းပေရန် စကားပြောရ လွယ်ကူနေသည်ကို မြင်သောအခါ ယန်ယန်သည် မျက်စိတစ်ဖက် မှိတ်ပြကာ ကျန်းပေရန် နားသို့ တိုးကပ်သွားပြီး ပြောလိုက်သည်။

"ရှင်... ရှင့်ကိုလည်း စားချင်တယ်"

ယန်ယန် မျက်နှာပေး ပုံစံမျိုးစုံ လုပ်ပြနေသည်ကို ကြည့်ပြီး ကျန်းပေရန်က လူအကို ကြည့်သလို ကြည့်ကာ ပြောလိုက်သည်။

"မင်းနဲ့ တန်လို့လား"

"ရှီး"

ယန်ယန် ဒေါသထွက်သွားပြီး လေတစ်ချက် ရှူသွင်းလိုက်ကာ သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ကော့ပြလိုက်သည်။

"ငါက ဘာလို့ မတန်ရမှာလဲ"

"ဟူး..."

သက်ပြင်းချလိုက်ပြီး ကျန်းပေရန်က ယန်ယန်ကို ဘေးသို့ တွန်းပို့လိုက်သည်။

"ငါ့အလုပ် လာမရှုပ်နဲ့"

ဘေးသို့ တွန်းထုတ်ခံလိုက်ရသဖြင့် ယန်ယန် ဒေါသထွက်သွားပြီး လက်သည်းဆယ်ချောင်း ထုတ်ကာ ကျန်းပေရန်ကို ခြိမ်းခြောက်ရန် ပြင်လိုက်သည်။ သို့သော် သူမ မလုပ်ရသေးခင်မှာပင် အနောက်ဘက်မှ ချုံးချီ၏ အသံ ထွက်ပေါ်လာသည်။

"မြေခွေးစုတ်... နင် ငါ့အစ်ကိုကြီးကို လက်သည်း ထပ်ထုတ်ရဲရင် နင့်ကို အစိမ်းလိုက် ဝါးစားပစ်မယ်"

အဆင့်ရှစ် သားရဲအချင်းချင်း ဖြစ်သဖြင့် ယန်ယန်သည် ချုံးချီကို မကြောက်ပေ။ ကျန်းပေရန်ကိုသာ ဟန်ပြ ခြိမ်းခြောက်ရဲသော်လည်း ဒီ ချုံးချီကပါ သူမကို လာခြိမ်းခြောက်နေသဖြင့် ဒေါသပေါက်ကွဲသွားသည်။

"ဟွန်း"

ယန်ယန်သည် ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး မူလ သားရဲပုံစံသို့ ဖြည်းညှင်းစွာ ပြောင်းလဲသွားသည်။

"ငါနဲ့ နင့်ကြားက ကွာခြားချက်ကို နင် နားမလည်သေးဘူးနဲ့ တူတယ်"

ချုံးချီလည်း ရယ်မောလိုက်သည်။ ခရမ်းရောင် အသားအရေများ ပွက်ပွက်ဆူလာသကဲ့သို့ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ငွေနီရောင် လည်ဆံမွေးများ လေမတိုက်ဘဲ လွင့်ဝဲလာသည်။

"ငါ့အမြင်မှာတော့ နင်ကမှ နားမလည်တာ"

ချုံးချီက ငရဲက လာသော အသံမျိုးဖြင့် ပြောလိုက်သည်။

"ဘယ်သူ လက်ပါလဲ ပါရင်.. စားစရာ မကျွေးဘူး"

တိုက်ပွဲ ဖြစ်တော့မည့်ဆဲဆဲ အချိန်တွင် ဟင်းသီးဟင်းရွက် လှီးနေသော ကျန်းပေရန်က တီးတိုး ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် သားရဲနှစ်ကောင်စလုံး အရှိန်သတ်လိုက်ကြပြီး ဘေးနားတွင် လိမ္မာစွာ ဝပ်နေလိုက်ကြသည်။ ရန်ဖြစ်တာက အချိန်မရွေး ဖြစ်လို့ရပေမယ့် အရသာရှိတဲ့ အစားအစာ စားရဖို့က ရှားမှရှားလေ။

"ချီချီ"

ထိုအချိန်တွင် ရှီဖုန်းလန် ခြံဝင်းထဲသို့ ဝင်လာပြီး လှမ်းခေါ်လိုက်သည်။ ချုံးချီ ကြားသည်နှင့် အမြီးနှံ့ကာ ရှီဖုန်းလန်ဘေးသို့ ရောက်သွားသည်။

"ကြည့်စမ်း"

ရှီဖုန်းလန်က သိုလှောင်လက်စွပ်ထဲမှ ဖရုံသီးသကြားခဲ တစ်တုံး ထုတ်ပြလိုက်သည်။

သကြားခဲကို မြင်သည်နှင့် ချုံးချီ သွားရည်ကျလာသည်။ အသားစားတာက ဗီဇဆိုရင် သကြားလုံး စားတာက နှလုံးသားက လာတဲ့ နှစ်သက်မှု ဖြစ်သည်။ ရှီဖုန်းလန် ပေးသော နှင်းသီးမုန့်ကို စားပြီးကတည်းက ချုံးချီသည် အရသာကမ္ဘာသစ်ကို တွေ့ရှိသွားခဲ့သည်။

ထိုအချိန်မှစ၍ တစ်ရက်လောက် သကြားမစားရရင် နေမထိထိုင်မသာ ဖြစ်လာသဖြင့် ရှီဖုန်းလန်ကို မျက်နှာလိုမျက်နှာရ လုပ်သည့် အကြိမ်ရေ ပိုများလာခဲ့သည်။

ချုံးချီ လျှာထုတ်ပြသည်ကို မြင်သောအခါ ရှီဖုန်းလန် ရယ်မောလိုက်ပြီး သကြားခဲကို နှစ်ပိုင်းခွဲလိုက်သည်။ ပိုကြီးသော အပိုင်းကို ချုံးချီထံ ကမ်းပေးလိုက်သည်။

"ရော့... ဒီတစ်ဝက် မင်းယူ"

ချုံးချီလည်း အားမနာတော့ဘဲ လျှာဖြင့် လှမ်းယူကာ ဝါးစားလိုက်သည်။

ရှီဖုန်းလန်က ခေါင်းခါလိုက်သည်။

"မဟုတ်ဘူးလေ... မဟုတ်ဘူး... ဘယ်နှခါ ပြောရမလဲ... သကြားလုံးကို ငုံထားရတယ်လို့... အဲဒီလို ဝါးစားလိုက်ရင် ခဏလေးနဲ့ ကုန်သွားမှာပေါ့"

ချုံးချီက ရှီဖုန်းလန် ဘာပြောနေမှန်း နားမလည်ပေ။ ခေါင်းတငြိမ့်ငြိမ့်သာ လုပ်ပြနေသည်။

ပြောမရမှန်း သိလိုက်သဖြင့် ရှီဖုန်းလန် သက်ပြင်းချလိုက်ပြီး ချုံးချီ၏ ခေါင်းကြီးကို ပုတ်ကာ ယန်ယန်ဘေးသို့ လျှောက်သွားလိုက်သည်။

"မင်းရော စားမလား" ရှီဖုန်းလန်က ဇီးယိုမုန့်တစ်တုံး ထုတ်ပြီး မေးလိုက်သည်။

ဝပ်နေသော ယန်ယန်သည် မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်ပြီး ဇီးယိုမုန့်ကို တစ်ချက်ကြည့်ကာ သန်းဝေလိုက်သည်။ ထို့နောက် မျက်လုံး ပြန်မှိတ်သွားသည်။

လက်လျော့လိုက်ရသဖြင့် ရှီဖုန်းလန် စိတ်ပျက်သွားသည်။

ဒီမြင်ကွင်းကို ကြည့်ရင်း ကျန်းပေရန် ထူးဆန်းနေမိသည်။ ရှေးဟောင်းသုသာန် နယ်မြေတုန်းကဆိုရင် ရှီဖုန်းလန်၏ လျှို့ဝှက်နှလုံးသား ခန္ဓာကိုယ်က "နတ်ပဲလာလာ၊ ဘုရားပဲလာလာ" ဆွဲဆောင်နိုင်ခဲ့သည်။ အဆင့်ကိုး သားရဲကြီးများတောင် ရှီဖုန်းလန်၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ပေ။

ဒါပေမဲ့ ယန်ယန်ကတော့ လုံးဝ ဂရုမစိုက်ပေ။

'ကိုးမြီးမြေခွေး မျိုးနွယ်စုက မူလကတည်းက ညှို့ယူဖမ်းစားတတ်လို့လား... ဒါမှမဟုတ် လူသားတွေကြားမှာ နေတာ ကြာလွန်းလို့ သူ့ရဲ့ သဘာဝ ဗီဇတွေ ပျောက်ကွယ်သွားတာလား'

သို့သော် ရှီဖုန်းလန်က ကြာကြာ စိတ်မကောင်း မဖြစ်တတ်ပေ။ ယန်ယန်က ဂရုမစိုက်မှန်း သိလိုက်သည်နှင့် ချုံးချီဘက် ပြန်လှည့်သွားပြီး ဆော့ကစားနေတော့သည်။

ခဏအကြာတွင် ပူပူနွေးနွေး ဟင်းပွဲများ စားပွဲပေါ်သို့ ရောက်ရှိလာသည်။ အနံ့ရသည်နှင့် ရှီဖုန်းလန်သည် ချုံးချီကို စီးကာ ပြေးလာသည်။ လူတစ်ယောက်နှင့် သားရဲတစ်ကောင် မျက်လုံးများ ပြူးကျယ်ကာ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

နောက်ဆုံးတွင် ဝက်နံရိုးဟင်းချို တစ်ပန်းကန် ခပ်ထည့်လိုက်ပြီး စားပွဲပေါ်ရှိ အပူထိန်း အစီအရင်ကို ဖွင့်ကာ "ခိုးမစားနဲ့နော်" ဟု မှာကြားပြီး ဒုတိယထပ်သို့ တက်သွားလိုက်သည်။

ဒုတိယထပ်သို့ ရောက်သောအခါ ရှဲ့လင်းတန်း၏ အခန်းတံခါးကို ခေါက်လိုက်သည်။

"ဝင်ခဲ့ပါ"

အခန်းထဲမှ ရှဲ့လင်းတန်း၏ အားနည်းသော အသံ ထွက်ပေါ်လာသည်။

တံခါးဖွင့်ပြီး ဝင်လိုက်သောအခါ ရှဲ့လင်းတန်းသည် ခုတင်ပေါ်မှ ထရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။

"လှဲနေပါ"

ကျန်းပေရန် ပြောရင်း ကုတင်နားသို့ လျှောက်သွားကာ ရှဲ့လင်းတန်း၏ လက်ကောက်ဝတ်ကို ကိုင်ပြီး သွေးခုန်နှုန်း စမ်းသပ်လိုက်သည်။

'ပိုပြီး မမှန်မကန် ဖြစ်လာပါလား'

ဂူအဆိပ် ရမှတ်များ တိုးပွားလာခြင်းနှင့် လေ့လာစောင့်ကြည့်မှုများအရ ကျန်းပေရန်သည် အဆိပ်မြူ၏ သဘောသဘာဝကို နားလည်သလောက် ရှိနေပြီ ဖြစ်သည်။

အဆိပ်သင့်သူများ၏ နေ့စဉ်ဘဝကို ထိခိုက်မှု သိပ်မရှိပေ။ ဝိညာဉ်စွမ်းအင်ကို အသုံးမပြုသရွေ့ အဆိပ်သင့်နေသူ ဖြစ်ပါစေ ထူးခြားမှု မရှိတတ်ပေ။

ရည်ရွယ်ချက်က ရှင်းပါသည်။ ကျင့်ကြံသူများကို ဝိညာဉ်စွမ်းအင် အလွယ်တကူ မသုံးရဲအောင် လုပ်ထားခြင်း ဖြစ်သည်။

ဒီရည်ရွယ်ချက် အောင်မြင်ဖို့အတွက် တခြား အဆိပ်အတောက် သက်ရောက်မှုများကို လုံးဝ မထည့်သွင်းထားဘဲ ဒီအချက်တစ်ခုတည်းကိုသာ အစွမ်းကုန် မြှင့်တင်ထားခြင်း ဖြစ်သည်။

ဒါကြောင့် အနက်ရောင်သူတော်စင်များပင် ကြောက်ရွံ့နေရခြင်း ဖြစ်သည်။

သို့သော် ရှဲ့လင်းတန်းကတော့ ဝိညာဉ်စွမ်းအင် လုံးဝ မသုံးဘဲနှင့် ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ပိုမို အားနည်းလာနေသည်။ ဒီအချက်ကို ကျန်းပေရန် နားမလည်နိုင် ဖြစ်နေသည်။

သူမ၏ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည် ဆိုလျှင်တောင် ဒီလောက် မဖြစ်သင့်ပေ။

သို့သော် ကံကောင်းသည်မှာ အသက်အန္တရာယ် မရှိသေးသဖြင့် ဆက်လက် အနားယူနေလျှင် ပြဿနာ မရှိနိုင်ပေ။

ရောင်နီဆေးလုံးကို မည်သည့် ကျင့်ကြံသူမဆို သောက်သုံးနိုင်သည့် အဆင့်ရောက်အောင် ပြုပြင်ပြီးသွားလျှင် ဒီပြဿနာ ပြေလည်သွားမည် ဖြစ်သည်။

"တောင်းပန်ပါတယ်... ကျွန်မကြောင့် သခင်လေး ဒုက္ခရောက်ရပြီ"

ရှဲ့လင်းတန်းက စိတ်မကောင်းစွာ ပြောလိုက်သည်။

"နေမကောင်းရင် အနားယူရမှာ သဘာဝပါပဲ... တောင်းပန်စရာ မလိုပါဘူး... ဗိုက်ဆာပြီလား"

"မဆာပါဘူး"

ရှဲ့လင်းတန်း ခေါင်းခါလိုက်သည်။

"ကောင်းပြီ... ဒါဆို နည်းနည်းလောက် ထပ်လှဲနေဦး... ညကျရင် စားစရာ လာပို့ပေးမယ်"

"မ... မလိုပါဘူး အရှင်... ကျွန်မ ကုတင်ပေါ်က ဆင်းနိုင်ပါတယ်"

"စကားနားထောင်"

ကျန်းပေရန်က ပြောရင်း စောင်ကို သေချာ ခြုံပေးလိုက်ပြီး အခန်းထဲမှ ထွက်ခွာလာခဲ့သည်။

တံခါးပိတ်ပြီးနောက် မျက်နှာချင်းဆိုင် အခန်းရှိ အစ်ကိုကြီး၏ တံခါးကို ခေါက်ကာ ဝင်သွားလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော် ညစာ ချက်ထားတယ်... အောက်ဆင်းပြီး အတူတူ စားရအောင်"

ကြမ်းပြင်ပေါ်တွင် တရားထိုင်နေသော လူဘိုကွေး ခေါင်းညိတ်လိုက်ပြီး မျက်လုံးဖွင့်ကာ ကျန်းပေရန်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"ပေရန်... မင်းရဲ့ မျက်နှာက ငါထင်ထားတာထက် ပိုကြီးနေပါရောလား"

"အစ်ကိုကြီးက ဘာကို ဆိုလိုတာလဲ"

မတ်တတ်ရပ်ပြီး အဝတ်အစား သပ်ရပ်အောင် ပြုလုပ်ရင်း လူဘိုကွေး ဖြေလိုက်သည်။

"အဲဒီ အနက်ရောင်သူတော်စင်ကြီးက ထုန်နိုင်ငံရဲ့ ထိပ်တန်း ပုဂ္ဂိုလ်ကြီး ဖြစ်မှာပါ... ငါ့ကို သင်ပေးတဲ့အခါကျတော့ စိတ်ရှည်လက်ရှည် ရှိလွန်းတယ်... ပြီးတော့ နေ့တိုင်း လာသင်ပေးတယ်... ငါ့မှာ အားတောင် နာမိတယ်"

ကျန်းပေရန် ရယ်မောလိုက်သည်။

"ဒါ ကျွန်တော့်မျက်နှာကြောင့် မဟုတ်ပါဘူး... စီနီယာကူလျန်က ကျွန်တော့်ကို ခဏခဏ ပြောတယ်... အစ်ကိုကြီးရဲ့ စိတ်နေစိတ်ထားက သူ တစ်ခါမှ မတွေ့ဖူးလောက်အောင် ကောင်းမွန်တယ်တဲ့... သူက အစ်ကိုကြီးကို တကယ် သင်ပေးချင်နေတာ... သူ့ရဲ့ ပညာတွေကို လက်ဆင့်ကမ်းပေးချင်နေတာ ဖြစ်မှာပါ"

လူဘိုကွေး ရယ်မောလိုက်သည်။

"မင်းအစ်ကိုကြီးကို လာမမြှောက်ပါနဲ့ကွာ... ငါ့ပါရမီကို ငါ အသိဆုံးပါ... ဘယ်လိုလုပ် အနက်ရောင်သူတော်စင်ကြီး တစ်ပါးရဲ့ ပညာကို ဆက်ခံနိုင်မှာလဲ"

"ပါရမီ ဆိုတာ ပြုပြင်ယူလို့ ရပါတယ်... မခက်ခဲပါဘူး... အရေးကြီးတာက စိတ်နေစိတ်ထားပါပဲ"

ကျန်းပေရန် ပြောရင်း ဝိညာဉ်အာရုံဖြင့် အစ်ကိုကြီးကို စစ်ဆေးကြည့်လိုက်ရာ အစ်ကိုကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ အနက်ရောင်ဘုရင်အဆင့်မှာပင် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။

'ဟင်'

အနက်ရောင်သူတော်စင် ဆရာတစ်ယောက် ရှိရုံနဲ့ တန်းပြီး ပျံသန်းနိုင်မယ်လို့ ကျန်းပေရန် ထင်နေတာ မဟုတ်ပါဘူး။

ဒါပေမဲ့ အစ်ကိုကြီးက ထုန်နိုင်ငံကို မရောက်ခင်ကတည်းက အနက်ရောင်ဘုရင် အထွတ်အထိပ် အဆင့် ရောက်နေပြီလေ။ ဆရာကောင်းနဲ့ တွေ့ရင် အဆင့်တက်သွားမယ်လို့ ထင်ထားတာ... အခုထိ အနက်ရောင်ဘုရင် အဆင့်မှာပဲ ရှိနေသေးတယ်။

'ကူလျန်ချန်ရဲ့ အတွေးက ငါနဲ့ တူနေပုံရတယ်'

ကူလျန်ချန်က အချိန်ကုန်ခံပြီး သင်ပေးနေမှတော့ ဟန်ပြလုပ်နေတာ မဖြစ်နိုင်ပေ။

ဒါဆိုရင် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့သည်။ ကူလျန်ချန်က အစ်ကိုကြီးအတွက် အခြေခံကစပြီး ပြန်လည် တည်ဆောက်ပေးနေခြင်း ဖြစ်သည်။ အချိန်တန်ရင် သူ့ပါရမီကို မြှင့်တင်ပေးတော့မည် ဖြစ်သည်။

"မင်းက ငါ့ထက်တောင် ပိုပြီး အကောင်းမြင်နေပါလား"

ရယ်မောရင်း နှစ်ယောက်သား အခန်းပြင်သို့ ထွက်လာကြသည်။

"အစ်ကိုကြီး အရင်ဆင်းနှင့်... ကျွန်တော် ချက်ချင်း လိုက်လာခဲ့မယ်"

"ကောင်းပြီ" လူဘိုကွေးက လှေကားအတိုင်း ဆင်းသွားလေသည်။

အစ်ကိုကြီး ထွက်သွားပြီးနောက် ကျန်းပေရန်သည် ဘေးခန်းရှိ လျိုဇီဂျင်းတို့၏ အခန်းတံခါးကို ခေါက်လိုက်သည်။

တံခါးဖွင့်ဝင်လိုက်သည့်အခါ ခြောက်ယောက်စလုံး ကြမ်းပြင်ပေါ်တွင် တရားထိုင်နေကြသည်ကို တွေ့လိုက်ရသဖြင့် ကျန်းပေရန် အံ့သြသွားသည်။

သူတို့ ပျင်းနေမှာစိုးလို့ ကျင့်ကြံခြင်း သရုပ်ဖော်ကစားပွဲ တစ်စုံ ပေးထားခဲ့သော်လည်း သူတို့ ကစားမည့်ပုံ မပေါ်ပေ။

"အစ်ကိုကြီး"

ကျန်းပေရန် ဝင်လာသည်ကို မြင်သောအခါ ပန်းငါးပွင့်က ပြိုင်တူ နှုတ်ဆက်ကြသည်။

"ငါ ညစာ ချက်ထားတယ်... အောက်ဆင်းပြီး အတူတူ စားကြရအောင်"

သူတို့ကို အခန်းထဲမှာ ပိတ်ထားရသည့် အကြောင်းရင်းမှာ စကားများသွားမည်၊ သို့မဟုတ် လျှောက်သွားနေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ကျန်းပေရန် ထိုအချက်ကို စိုးရိမ်စရာ မလိုတော့ပေ။ ထို့အပြင် "ပန်းငါးပွင့်" ကိုလည်း အသုံးချစရာ လူများ အဖြစ် သိမ်းသွင်းရန် ရည်ရွယ်ထားသဖြင့် ဆက်လက် ပိတ်လှောင်ထားရန် မလိုတော့ပေ။

All Chapters