သေကွင်းသေကွက်
Vol. 53 Ch. 602
"ဒုန်း ဒုန်း ဒုန်း"
ကောင်းကင်ယံတွင် နဂါးခန္ဓာကိုယ် ဂူကျင့်ကြံသူနှင့် ချောင်ကျင်းဟွာတို့၏ ပြင်းထန်သော တိုက်ခိုက်သံများ ထွက်ပေါ်နေသည်။ လှိုင်းတံပိုးများက ကျောက်တုံးကြီးများကို အမှုန့်ကြိတ်နိုင်လောက်အောင် ပြင်းထန်သော်လည်း ကျန်းပေရန်၏ မှာကြားချက်အရ ကူလျန်ချန်သည် ထိုလှိုင်းတံပိုးများကို ရွာပြင်ဘက်သို့ တားဆီးထားလိုက်သည်။
သို့သော် တိုက်ပွဲကို ကြည့်ရင်း ကူလျန်ချန်၏ မျက်မှောင်များ တွန့်ချိုးလာသည်။
အစပိုင်းတွင် အစိမ်းသက်သက် ဖြစ်ခဲ့သော်လည်း ယခုအခါ တိုက်ပွဲ အတွေ့အကြုံများ ရရှိထားပြီ ဖြစ်သည်။ သူ ရင်ဆိုင်ခဲ့ရသော ဂူကျင့်ကြံသူ အရေအတွက်မှာ ရာနှင့်ချီ မရှိရင်တောင် ဆယ်ဂဏန်းတော့ မကတော့ပေ။
ဂူကျင့်ကြံသူများအကြောင်း ကောင်းကောင်း သိနေပြီ ဖြစ်သဖြင့် ယခု အခြေအနေကို သူ အံ့သြနေမိသည်။
ယခင် တိုက်ပွဲများတွင် ဂူကျင့်ကြံသူများသည် ပြန်လည် ကုစားနိုင်စွမ်း အားကောင်းသည်မှလွဲ၍ တခြား စွမ်းရည်များတွင် အနက်ရောင်သူတော်စင်များကို မယှဉ်နိုင်ကြောင်း သိသာထင်ရှားသည်။
ထို့ကြောင့်သာ အစပိုင်းတွင် အဆိပ်သင့်နေသည့်တိုင် လူအနည်းငယ်ဖြင့် ခုခံကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု အခြေအနေကတော့ ကွဲပြားနေသည်။ ချောင်ကျင်းဟွာသည် ထိပ်တန်း အနက်ရောင်သူတော်စင် ခုနစ်ပါးထဲတွင် ပါဝင်သူ ဖြစ်ပြီး တိုက်ရည်ခိုက်ရည် အလွန် ကောင်းမွန်သူ ဖြစ်သည်။ ပုံမှန်ဆိုလျှင် တစ်ယောက်တည်းဖြင့် ဂူကျင့်ကြံသူ ငါးယောက်ကို အသာလေး ရင်ဆိုင်နိုင်သည်။ အခြေအနေ ပေးပါက ဆယ်ယောက်ကျော်ကိုပင် တားဆီးထားနိုင်သည်။
သို့သော် ယခုတွင် ဘယ်ကမှန်းမသိ ရောက်လာသော ဂူကျင့်ကြံသူ တစ်ကောင်တည်းနှင့် အပြန်အလှန် တိုက်ခိုက်နေရသည်။
ပထမအချက်မှာ ဂူကျင့်ကြံသူများတွင် ဒီလောက် စွမ်းအားကြီးသော သူများ ရှိနေလျှင် အစကတည်းက ဘာကြောင့် ထုတ်မသုံးခဲ့တာလဲ။
ဒုတိယအချက်မှာ သူသည် ဂူကျင့်ကြံသူများနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့သော်လည်း ဒီကောင်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူ့မှတ်ဉာဏ်ကို သူ ယုံကြည်သည်။
"ဝုန်း"
နောက်ထပ် လှိုင်းတံပိုးတစ်ခုကို ဖြိုခွင်းလိုက်ပြီးနောက် ကူလျန်ချန်သည် ကျန်းပေရန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
'ဘာပဲဖြစ်ဖြစ်... အခုချိန်မှာ သူ့ကို ကာကွယ်ပေးဖို့က အဓိကပဲ'
အခြေအနေများ တင်းမာနေသော်လည်း ကျန်းပေရန်ဘက်တွင်မူ အဆင်ပြေ ချောမွေ့နေသည်။
ပထမဆုံး ပိုးအိမ်ကို ဖွင့်နိုင်ခဲ့ခြင်းက အတွေ့အကြုံ ရရှိစေခဲ့ပြီး နောက်ပိုင်း ပိုးအိမ်များကို ပိုမို လျင်မြန်စွာ ဖွင့်နိုင်ခဲ့သည်။ လက်ဖက်ရည်တစ်ပွက်စာ အချိန်အတွင်းမှာပင် ကျင့်ကြံသူ ရှစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။
ထိုအခါ အဆိပ်မြူများ၏ သိပ်သည်းဆ သိသိသာသာ လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။
ဒီအချက်က အနက်ရောင်သူတော်စင်များကို မျှော်လင့်ချက် ပေးစွမ်းနိုင်သလို ဂူကျင့်ကြံသူများကိုလည်း ပိုမို ရူးသွပ်စေခဲ့သည်။
"ကျေးဇူးရှင်... ဟိုဘက်မှာ မြေအောက်ခန်း တစ်ခု ရှိတယ်... အဲဒီမှာလည်း ဒီလို အသားလုံးတွေ အများကြီး ရှိတယ်"
နောက်ထပ် အခန်းတစ်ခန်းထဲရှိ ကျင့်ကြံသူများကို ကယ်တင်ပြီးချိန်တွင် တာ့ဟူက လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ကောင်းပြီ"
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး တာဟူး ညွှန်ပြရာသို့ သွားရန် ပြင်လိုက်စဉ် သတ်ဖြတ်လိုသော အရှိန်အဝါများ သူ့ကို ချိန်ရွယ်လာသည်ကို ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် အရိပ်မည်း လေးခုသည် အရပ်လေးမျက်နှာမှ သူ့ထံသို့ ပြေးဝင်လာကြသည်။ နဂါးခန္ဓာကိုယ် ဂူကျင့်ကြံသူထက်ပင် ပိုမို လျင်မြန်နေသည်။
"ဆုတ်စမ်း"
သို့သော် မည်မျှပင် လျင်မြန်ပါစေ... ထိပ်တန်း အနက်ရောင်သူတော်စင် ခုနစ်ပါး၏ ကာကွယ်ရေး စည်းကို ဖောက်ထွင်းရန်မှာ အိပ်မက်မက်နေသလိုပင် ဖြစ်၏။
အော်ဟစ်သံများနှင့်အတူ အရိပ်မည်း သုံးခု လွင့်ထွက်သွားပြီး ကျန်တစ်ခုကို ယန်ရှောင်ဘိုက အင်မော်တယ်မိုးစက် ပိုးမျှင်များဖြင့် မြေကြီးထဲမှ ဆွဲထုတ်လိုက်သည်။
ဂူကျင့်ကြံသူ လေးကောင်လုံးကို တွန်းလှန်လိုက်ပြီးနောက် ကူလျန်ချန်သည် အကဲခတ်ကြည့်လိုက်ရာ နဂါးခန္ဓာကိုယ် ဂူကျင့်ကြံသူကဲ့သို့ပင် ဒီကောင်များကိုလည်း တစ်ခါမှ မမြင်ဖူးကြောင်း တွေ့ရှိလိုက်ရသည်။
ထို့ကြောင့် ဝိညာဉ်အာရုံဖြင့် ကျန်းပေရန်ကို ဆက်သွယ်ကာ သူ့သုံးသပ်ချက်များကို ပြောပြလိုက်သည်။
"မင်း ဘယ်လို ထင်လဲ"
ကျန်းပေရန်သည် လူကယ်ဖို့သာ အာရုံစိုက်နေသဖြင့် သတိမထားမိသော်လည်း ကူလျန်ချန်၏ စကားကြောင့် သံသယ ဝင်လာသည်။
'တစ်ခါမှ မမြင်ဖူးတဲ့ အစွမ်းထက် ဂူကျင့်ကြံသူတွေ ဟုတ်လား'
ခဏ စဉ်းစားပြီးနောက် ဤအစွမ်းထက် ဂူကျင့်ကြံသူများသည် သူ့ကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သတိပြုမိလိုက်သဖြင့် အဖြေတစ်ခု ရသွားသည်။
"အရင်တုန်းက သူတို့ ယွမ်မြို့ကို တိုက်ခိုက်တာက ကျွန်တော်တို့ကို တဖြည်းဖြည်း အားကုန်အောင် လုပ်ဖို့ပါ... ဂူအဆိပ် ပျံ့နှံ့သွားရင် ယွမ်မြို့က အလိုလို ကျသွားမှာလေ... ဒါကြောင့် သူတို့ အကုန်ထုတ်မသုံးခဲ့တာ... တိုက်ပွဲဝင်တယ် ဆိုတာကလည်း ကျွန်တော်တို့ကို ဝိညာဉ်စွမ်းအင် သုံးအောင် ဖိအားပေးရုံ သက်သက်ပဲ"
ကူလျန်ချန် သဘောပေါက်သွားသည်။ ကျန်းပေရန်သာ ဖြေဆေး မဖော်စပ်နိုင်ခဲ့လျှင် သူတို့အားလုံး ယွမ်မြို့နှင့်အတူ မြေမြှုပ်ခံရပြီး ဖြစ်နေလောက်ပြီ။ ဒီအချိန်ထိ တောင့်ခံနိုင်မည် မဟုတ်ပေ။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဂူကျင့်ကြံသူများ အနေဖြင့် အကုန်ထုတ်သုံးစရာ မလိုဘဲ ဖြည်းဖြည်းချင်း အနိုင်ယူရုံသာ ရှိသည်။
"အခု ရုတ်တရက် ပေါ်လာတဲ့ အစွမ်းထက် ဂူကျင့်ကြံသူတွေက သူတို့ဘက်က တန်ဖိုးကြီးကြီး ပေးဆပ်ပြီးမှ ခေါ်ထုတ်လာရတာ ဖြစ်မယ်... ဒါက ပြဿနာ ဆိုပေမယ့် တစ်ဖက်မှာလည်း ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဆိုတာ သက်သေပြနေတာပဲ... သူတို့ရဲ့ သေကွင်းသေကွက်ကို ထိသွားလို့ ရူးသွပ်ကုန်ကြတာ... ဒီတိုက်ခိုက်မှုကိုသာ တောင့်ခံထားနိုင်ရင် အဆိပ်မြူတွေကို အမြစ်ပြတ် ရှင်းလင်းနိုင်တော့မယ်"
ကျန်းပေရန်၏ သုံးသပ်ချက်ကို ကြားရသောအခါ ကူလျန်ချန် ယုံကြည်မှု တိုးပွားလာသည်။
'အောင်မြင်မှုနဲ့ နီးစပ်နေပြီ'
ကျန်းပေရန်၏ သုံးသပ်ချက်ကို အနက်ရောင်သူတော်စင် အားလုံးထံသို့ ပေးပို့လိုက်ပြီးနောက် ကူလျန်ချန် အားပါပါ ပြောလိုက်သည်။
"မျှော်လင့်ချက် ရှိနေပြီ... သေရင်တောင်မှ ဒီကောင်တွေကို တားထားရမယ်"
"ပြဿနာ မရှိဘူး"
ရုတ်တရက် ပေါ်လာသော အစွမ်းထက် ဂူကျင့်ကြံသူများကြောင့် စိုးရိမ်နေကြသော အနက်ရောင်သူတော်စင်များသည် ကူလျန်ချန်၏ စကားကြောင့် စိတ်ဓာတ် တက်ကြွလာကြသည်။
ရည်မှန်းချက် ပန်းတိုင်က ရှင်းလင်းနေပြီ ဖြစ်ရာ ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ ပြီးမြောက်အောင် လုပ်ဆောင်ရမည်။
"အဟွတ် အဟွတ်"
ကောင်းကင်ယံတွင် ဒဏ်ရာ အပြင်းအထန် ရထားသော ရွှင်ရင်းရွေ့သည် ထိုစကားကို ကြားပြီး ပြုံးလိုက်သည်။
အတောင်ပံရှစ်ခုပါ ဂူကျင့်ကြံသူနှင့် တိုက်ခိုက်ရာတွင် သူ မကြုံစဖူး ဖိအားများကို ခံစားနေရပြီး ဒဏ်ရာများလည်း ပိုမို များပြားလာသည်။
ဒီဂူကျင့်ကြံသူသည် အစပိုင်းတွင် ခန္ဓာကိုယ် အသစ်နှင့် အသားမကျသေးသဖြင့် အစွမ်းကုန် မထုတ်နိုင်သေးပေ။
သို့သော် အသားကျလာသည်နှင့်အမျှ တိုက်ရည်ခိုက်ရည် အဆမတန် မြင့်တက်လာသည်။ သို့သော် ရွှင်ရင်းရွေ့ သတိထားမိသည်မှာ ထိုကောင်သည် သူ့ကို စိတ်မဝင်စားဘဲ အောက်ဘက်ရှိ ကျန်းပေရန်ကိုသာ တိုက်ခိုက်ချင်နေခြင်း ဖြစ်သည်။
တစ်ကောင် လွတ်သွားဖူးသော ရွှင်ရင်းရွေ့သည် ဒီတစ်ခါတော့ အလွတ်မခံတော့ပေ။ အကြိမ်ကြိမ် ပိတ်ဆို့ တားဆီးခဲ့သည်။
ဒဏ်ရာရသော်လည်း ကာကွယ်ရေးစည်းကို မကျိုးပေါက်စေခဲ့ပေ။
ယခု ကူလျန်ချန်၏ စကားကို ကြားရသောအခါ သူ၏ ပေးဆပ်မှု အရာထင်ကြောင်း သိလိုက်ရသည်။ ဒီကောင်ကို ဒီနေရာမှာ အသေခံပြီး တားဆီးထားနိုင်ရင် ကျေနပ်ပြီ။
"လာစမ်းပါ... ပိုးကောင်"
အော်ဟစ်သံနှင့်အတူ ရွှင်ရင်းရွေ့၏ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကြယ်တာရာ နယ်မြေကို အသေပိတ်လိုက်သည်။
ဒီနေ့ ဒီနယ်မြေထဲကနေ တစ်ယောက်ပဲ အသက်ရှင်လျက် ထွက်သွားခွင့် ရှိသည်။
စွမ်းအားကုန် ထုတ်သုံးနေသော ရွှင်ရင်းရွေ့ကို ကြည့်ပြီး အတောင်ပံရှစ်ခုပါ ဂူကျင့်ကြံသူလည်း စိတ်ပျက်လာသည်။ သူ့တိုက်ကွက်တိုင်းတွင် အဆိပ်ပြင်းများ ပါဝင်သော်လည်း ဒီလူသား ကျင့်ကြံသူက ဘာမှ မဖြစ်ဘဲ ပိုမို သန်မာလာနေသည်။
'ဘာဖြစ်နေတာလဲ'
စိတ်ထဲမှ အော်ဟစ်လိုက်ပြီးနောက် အောက်ဆင်းပြီး လူသားကို သွားသတ်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရသည်။
ရှေ့က လူသားကို အရင် မသတ်ရင် သူ အောက်ဆင်းလို့ ရမှာ မဟုတ်ဘူး။
ပေါက်ကွဲသံများ ပိုမို ကျယ်လောင်လာစဉ် ကျန်းပေရန်သည် တာဟူးနောက်သို့ လိုက်ကာ မြေအောက်ခန်း တစ်ခုထဲသို့ ဝင်ရောက်သွားသည်။
စိတ်ကို ပြင်ဆင်ထားသော်လည်း မြေအောက်ခန်းထဲရှိ သွေးသံရဲရဲ မြင်ကွင်းကြောင့် ကျန်းပေရန် ပျို့အန်ချင်သလို ဖြစ်သွားသည်။
ပြည့်နှက်နေသော လောက်ကောင်များ၊ ပြည်တည်နေသော ပိုးအိမ်များ၊ ပြန့်ကျဲနေသော ကလီစာများ...
မြေအောက်ခန်း တစ်ခုလုံးသည် သက်ရှိများကို ဝါးမျိုမည့် ငရဲတွင်းကြီး တစ်ခုအလား ဖြစ်နေသည်။
နောက်မှ လိုက်လာသော ကူလျန်ချန်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဘဝတလျှောက်လုံး အတွေ့အကြုံ များပြားသော်လည်း ဤမျှ ရွံရှာဖွယ်ရာ မြင်ကွင်းမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။
ကျန်းပေရန်က ပိုးမွှားနှိမ်နင်းရေး မန္တန် ရွတ်ဖတ်လိုက်ရာ ကြမ်းပြင်ပေါ်ရှိ ဂူပိုးကောင်များသည် ဘေးသို့ ဖယ်ရှားပေးကြပြီး သွေးလမ်းကြောင်း တစ်ခု ပေါ်လာသည်။
သူတို့ကို သနားလို့ မဟုတ်ဘဲ ဒီပိုးကောင်တွေကလည်း အစီအရင်ရဲ့ အစိတ်အပိုင်း ဖြစ်နိုင်သဖြင့် မတော်တဆ နင်းမိပြီး အစီအရင် ပျက်သွားမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။
"စီနီယာတို့... ခြေလှမ်း သတိထားကြပါ... ပိုးကောင်တွေ မနင်းမိစေနဲ့"
ကူလျန်ချန်တို့ ခေါင်းညိတ်လိုက်ကြသည်။ သို့သော် လမ်းလျှောက်ကြည့်သည့်အခါ သူတို့ ခြေထောက်ကြွလိုက်သည်နှင့် ပိုးကောင်များ အလိုအလျောက် ရှောင်ဖယ်သွားကြသည်ကို တွေ့လိုက်ရသည်။
ကျန်းပေရန်နှင့် အနက်ရောင်သူတော်စင်များက မျက်မှောင်ကြုတ်ရုံသာ တုံ့ပြန်ကြသော်လည်း နောက်မှ လိုက်ပါလာသော ယွီညီအစ်မသုံးယောက်မှာမူ ကြောက်လန့်တကြား ဖြစ်နေကြသည်။
ကျန်းပေရန်က စိတ်ငြိမ်အဆောင်များ ကပ်ပေးခြင်း၊ နှလုံးသားငြိမ်းချမ်းရေး ကျောက်စိမ်းပြားများ ဆွဲပေးခြင်း မပြုလုပ်ခဲ့လျှင် မေ့လဲသွားလောက်ပြီ ဖြစ်သည်။
"သည်းခံလိုက်ပါ... ဂီတအပေါ်မှာပဲ အာရုံစိုက်ထား"
ကျန်းပေရန်က နှစ်သိမ့်ပေးလိုက်သည်။
ညီအစ်မသုံးယောက် မျက်လုံးမှိတ်ပြီး ခေါင်းညိတ်ပြကြသည်။
မူလက သူတို့ကို အပြင်မှာ ထားခဲ့ချင်သော်လည်း အခြေအနေ ရှုပ်ထွေးနေသဖြင့် ခွဲထားခဲ့ရင် အန္တရာယ် ရှိနိုင်သောကြောင့် ခေါ်လာခဲ့ရခြင်း ဖြစ်သည်။
ညီအစ်မသုံးယောက်ကို နှစ်သိမ့်ပြီးနောက် ကျန်းပေရန်သည် ပိုးအိမ်တစ်ခု ရှေ့သို့ လျှောက်သွားကာ ယခင်နည်းလမ်းအတိုင်း နှစ်သိမ့်ပေးလိုက်သည်။
သို့သော် ဒီပိုးအိမ်၏ တုံ့ပြန်မှုက မျှော်လင့်ထားသည်နှင့် ကွဲပြားနေသည်။
နာကြည်းချက် မရှိ၊ အော်ဟစ်သံ မရှိ။
တိတ်ဆိတ်လွန်းအားကြီးနေသည်။ အခွံလွတ် ဖြစ်နေသလိုပင် ဖြစ်သည်။
တာဟူးက အသေအချာ ပြောပြထားလို့သာ ကျန်းပေရန် ဆက်လုပ်နေခြင်း ဖြစ်သည်။ မဟုတ်ရင် ဒီပိုးအိမ်တွေက အပြင်က ဟာတွေနဲ့ မတူဘူးလားဟု သံသယ ဝင်မိလောက်သည်။
'သေသွားပြီလား... ဒါမှမဟုတ် စိတ်ဝိညာဉ် လုံးဝ ပျောက်ကွယ်သွားပြီလား'
သေချာ မသိရသော်လည်း ကြိုးစားကြည့်ရုံသာ ရှိသည်။ စိတ်နှလုံး သေဆုံးနေပြီ ဆိုရင်လည်း ပြန်လည် ရှင်သန်လာအောင် ကုစားပေးရမည်။
"စီနီယာကူလျန်... ဒီတစ်ခါ အချိန်နည်းနည်း ပိုကြာလိမ့်မယ်... အနှောင့်အယှက် လုံးဝ မရှိစေနဲ့နော်"
"စိတ်ချပါ... ငါတို့ကို လွှဲထားလိုက်"
ကူလျန်ချန် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သော်လည်း လုံခြုံမှု အပြည့်အဝ ပေးစွမ်းနိုင်သော အသံဖြစ်သည်။
ကျန်းပေရန်လည်း စကားဆက်မပြောတော့ဘဲ အဆောင်များနှင့် မှော်ရတနာများကို ထုတ်ယူကာ အစီအရင် စတင် ခင်းကျင်းလိုက်သည်။
မြေအောက်ခန်း အပေါ်ဘက်တွင် အနက်ရောင်သူတော်စင် လေးပါးနှင့် ဂူကျင့်ကြံသူ လေးပါးတို့ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
သို့သော် နှစ်ဖက်စလုံးက တစ်ဖက်သားကို အာရုံအပြည့်အဝ မစိုက်ကြပေ။
အနက်ရောင်သူတော်စင်များက ရွာကို မထိခိုက်စေရန် ရွာပြင်သို့ မောင်းထုတ်ချင်ကြသည်။
ဂူကျင့်ကြံသူများက သူတို့၏ ဘုရင် အလိုရှိသော လူသားကို သတ်ဖြတ်ရန် အတွင်းသို့ ဝင်ရောက်ချင်ကြသည်။
တိုက်စစ်နှင့် ခံစစ် မျှခြေဖြစ်နေပြီး မည်သူကမျှ အသာစီး မရကြပေ။
ကောင်းကင်ယံတွင် ဂူကျင့်ကြံသူ ပိုများလာပြီး ပေါင်းစပ်မှုများ ပြုလုပ်လာကြသဖြင့် စွမ်းအား ပိုမို ကြီးမားလာကြသည်။ သို့သော် အနက်ရောင်သူတော်စင်များကလည်း အလျှော့မပေးကြပေ။ ဝှက်ဖဲများကို ထုတ်သုံးကာ ပြန်လည် တိုက်ခိုက်ကြသည်။
ခဏတာအားဖြင့် ဂူကျင့်ကြံသူများကို ဖိနှိပ်ထားနိုင်ပြီး နောက်ဆုတ်သွားစေသည်။
ရွှင်ရင်းရွေ့သည် မြေကမ္ဘာ အလယ်အလတ်အဆင့် ရတနာ "ကောင်းကင်ဘုံ မျက်ရည်" ကို ထုတ်သုံးလိုက်သဖြင့် တိုက်ကွက်များ ပိုမို ပြင်းထန်လာသည်။
မိုးကြိုးပုလဲ၏ စွမ်းအားလည်း မြင့်တက်လာသည်။
ဝိညာဉ်စွမ်းအင် ပါဝင်သော မိုးကြိုးများအောက်တွင် အတောင်ပံရှစ်ခုပါ ဂူကျင့်ကြံသူသည် ဒဏ်ရာ အပြင်းအထန် ရရှိပြီး လှုပ်ရှားမှု နှေးကွေးသွားသည်။
ပြန်လည် ကုစားနိုင်စွမ်း တစ်ခုတည်းဖြင့်သာ တောင့်ခံနေရခြင်း ဖြစ်သည်။
သို့သော် ရွှင်ရင်းရွေ့၏ အခြေအနေလည်း မကောင်းလှပေ။ မြေကမ္ဘာအဆင့် ရတနာ နှစ်ခုကို တပြိုင်နက်တည်း ထိန်းချုပ်ရခြင်းသည် ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှု များပြားလှသည်။ ကြယ်တာရာပြောင်း ဝတ်ရုံက ဝိညာဉ်စွမ်းအင် ဖြည့်တင်းပေးနေသော်လည်း ကုန်ဆုံးမှုနှုန်းကို မမီပေ။
ကျန်းပေရန် ပြောခဲ့သလိုပင် ဝတ်ရုံနှင့် ကျောက်စိမ်းပုစဉ်းတို့တွင် ကန့်သတ်ချက်များ ရှိသည်။
ဒီလို အပြင်းအထန် သုံးစွဲနေရင် ဝတ်ရုံက မကြာခင် အာနိသင် ကုန်ဆုံးသွားတော့မည်။
သို့သော် ရွှင်ရင်းရွေ့ ဂရုမစိုက်နိုင်တော့ပေ။ သူ့စိတ်ထဲတွင် တစ်ခုတည်းသာ ရှိသည်။ ဒီကောင်ကို တားဆီးထားရမည်။ ရှီးဖုန်းရွာထဲသို့ ခြေတစ်လှမ်းမှ ဝင်ခွင့်မပေးရ။
အခြားတစ်ဖက်တွင် အစွမ်းကုန် တိုက်ခိုက်နေသော ချောင်ကျင်းဟွာသည် နဂါးခန္ဓာကိုယ် ဂူကျင့်ကြံသူ၏ အကြေးခွံများ အားလုံးကို ရိုက်ခွဲပစ်လိုက်ပြီ ဖြစ်သည်။ ပြန်လည် ကုစားချိန် မရလိုက်ဘဲ တဖက်သတ် အထုခံနေရသည်။
ကောင်းကင်ယံတွင် ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ်သည် နှစ်ဆ ကြီးထွားနေသည်။ လက်နှစ်ဖက်တွင် မြေကမ္ဘာ အဆင့်မြင့် ရတနာ လက်အိတ်များ ဝတ်ဆင်ထားသည်။
နာမည်မှာ မြစ်မှောက် နှင့် ပင်လယ်လှန် ဖြစ်သည်။
ဒီလက်အိတ်များသည် ချောင်ကျင်းဟွာနှင့် အတူတူ ရှိနေခဲ့သည်မှာ ကြာပြီဖြစ်ရာ စိတ်ချင်း ဆက်သွယ်လို့ ရနေပြီ ဖြစ်သည်။
ချောင်ကျင်းဟွာ ဆန္ဒရှိရင် လက်သီးတစ်ချက်တည်းနဲ့ မြစ်တွေ၊ ပင်လယ်တွေကို ခွဲပစ်လိုက်လို့ ရသည်။
သို့သော် ထိုသို့ လုပ်ဆောင်ခြင်းသည် စွမ်းအင် ဖြုန်းတီးရာ ရောက်သည်။ စစ်မှန်သော သိုင်းပညာရှင်သည် စွမ်းအင်အားလုံးကို တစ်နေရာတည်းသို့ စုစည်းပြီး အဖျက်စွမ်းအားကို အမြင့်ဆုံး ရောက်အောင် လုပ်ဆောင်တတ်သည်။
နဂါးခန္ဓာကိုယ် ဂူကျင့်ကြံသူသည် ပြန်လည် တိုက်ခိုက်ချင်သော်လည်း ချောင်ကျင်းဟွာ၏ လက်သီးချက်များက ပြင်းထန်လွန်းသဖြင့် အထိနာနေရသည်။ ထို့အပြင် စူးရှသော အသံလှိုင်းများကြောင့် အာရုံစူးစိုက်၍ မရပေ။ ပြန်လည် ကုစားဖို့ကိုသာ အာရုံစိုက်နေရသည်။
ချောင်ကျင်းဟွာ ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။ ဒီကောင်ကို မသတ်နိုင်ရင်တောင် ဒီနေရာမှာ ထိန်းချုပ်ထားနိုင်ရင် တာဝန်ကျေပြီ။
တိုက်ပွဲ အရှိန်မြင့်လာသည်နှင့်အမျှ ဒီကောင်ကို သတ်နိုင်မည့် အခွင့်အရေး ရှိကြောင်း ခံစားမိလာသည်။
အဘယ်ကြောင့်ဆိုသော် ပြန်လည် ကုစားနိုင်စွမ်း နှေးကွေးလာသည်ကို သိသိသာသာ တွေ့မြင်နေရသောကြောင့် ဖြစ်သည်။
နှစ်ဖက် တင်းမာနေသော အခြေအနေတွင် ရုတ်တရက် အစိမ်းရောင် လေပြေတစ်ခု အောက်ဘက်မှ တိုက်ခတ်လာပြီး ညစ်ညမ်းသော အဆိပ်မြူများကို မောင်းထုတ်လိုက်သည်။
အံ့သြဝမ်းသာစွာဖြင့် အနက်ရောင်သူတော်စင်များ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြသည်။
မူလက မကောင်းဆိုးဝါး အငွေ့အသက်များ ဖုံးလွှမ်းနေသော ရှီးဖုန်းရွာသည် ယခုအခါ စိမ်းလန်းသော အလင်းရောင်များဖြင့် တောက်ပနေပြီး စိတ်ကြည်နူးစရာ ကောင်းနေသည်။
မျက်စိဖြင့် မြင်နိုင်သော အစီအရင်ကြီး တစ်ခု ဖြစ်ပေါ်လာနေသည်။
"ဟား ဟား ဟား... ဒီကောင်လေး လုပ်နိုင်မယ်ဆိုတာ ငါ သိသားပဲ"
ရယ်မောသံနှင့်အတူ ချောင်ကျင်းဟွာ ပိုမို အားစိုက် တိုက်ခိုက်လိုက်သည်။ အားအင် ချန်ထားစရာ မလိုတော့ပေ။
မျှော်လင့်ချက် ရောင်ခြည်... လက်တစ်ကမ်းမှာ ရှိနေပြီ။
အနက်ရောင်သူတော်စင်များ ဝမ်းသာနေချိန်တွင် ဂူကျင့်ကြံသူများကမူ ကမ္ဘာပျက်တော့မည့်အလား ရူးသွပ်စွာ အော်ဟစ်လိုက်ကြသည်။
နောက်တစ်စက္ကန့်တွင် သတင်းစကား တစ်စုံတစ်ရာ ရရှိလိုက်သကဲ့သို့ ဂူကျင့်ကြံသူ အားလုံး တုန်ခါသွားကြပြီး ပြတ်သားသော ပိုးကောင်အော်သံများ ပြုလုပ်လိုက်ကြသည်။
အနက်ရောင်သူတော်စင်များ ကြောင်သွားသော်လည်း ခဏတာမျှသာ ဖြစ်သည်။ လှိုင်းတံပိုးကဲ့သို့သော တိုက်ခိုက်မှုများ...ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။