အပြန်အလှန် ဆွဲထားခြင်း
Vol. 53 Ch. 605
ပိတ်ဆို့ခံလိုက်ရသဖြင့် စီကုံးဂျီ အံ့သြသွားသော်လည်း ချက်ချင်း ပြန်တည်ငြိမ်သွားသည်။
သွေးနှင့် အသား နှစ်ကြိမ်တိုင် ပေါင်းစပ်ထားသော အသက်ကံကြမ္မာ ပိုးအိမ်အဆင့် ဂူကျင့်ကြံသူကို တားဆီးနိုင်မှတော့ ဒီလောက် အရည်အချင်းက ရှိသင့်တာပေါ့။
ပတ်ဝန်းကျင် အခြေအနေကို တစ်ချက် ကြည့်ရှုပြီးနောက် စီကုံးဂျီသည် အချက်ပြလိုက်ပြီး ဂူကျင့်ကြံသူ သုံးဦးကို စတင် ညွှန်ကြားလိုက်သည်။
ဘုရင်၏ အမိန့်ကို ရရှိသည်နှင့် အမွေးအမျှင် ဂူကျင့်ကြံသူသည် ကာကွယ်ရေးစည်းဝိုင်းကို ဖောက်ထွက်လိုက်ပြီး လေတစ်ချက် ပြင်းပြင်း ရှူသွင်းလိုက်သည်။ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာသည်။
"ပါးစပ်ဟခွင့် မပေးနဲ့"
ယင်လင်ယန် အော်ဟစ်လိုက်ပြီး တိုက်ကွက်ပေါင်းစုံဖြင့် ပစ်ခတ်လိုက်သည်။
"ဝေါင်း"
သို့သော် နားကွဲမတတ် ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြီး တိုက်ကွက် အားလုံးကို ပြန်ကန်ထွက်သွားစေသည်။
"တောက်"
ဒီတစ်ခေါက် အသံလှိုင်းက အရင်တစ်ခေါက်ထက် ပိုပြင်းထန်ကြောင်း သတိပြုမိလိုက်သဖြင့် ယင်လင်ယန်သည် ရွှေရောင် မီးတောက် စက်ဝိုင်းတစ်ခု ဖန်တီးကာ ရှီးဖုန်းရွာကို ကာကွယ်လိုက်ပြီး ကိုယ်တိုင် ရှေ့ထွက် ရင်ဆိုင်လိုက်သည်။
ဟိန်းဟောက်သံ၏ ဧရိယာက ကျယ်ပြန့်လွန်းသလို စွမ်းအားလည်း ကြီးမားလွန်းသဖြင့် အနက်ရောင်သူတော်စင် အားလုံး ဖိအားကို ခံစားလိုက်ရပြီး လှုပ်ရှားရ ခက်ခဲသွားသည်။
"ရွှီ"
ထိုအချိန်တွင် အရိပ်မည်း နှစ်ခုသည် အရှိန်မြှင့်တင်လိုက်ပြီး အနက်ရောင်သူတော်စင်များ၏ ကာကွယ်ရေးစည်းကို ကျော်ဖြတ်ကာ မြေအောက်ခန်းဆီသို့ ဦးတည်သွားကြသည်။
"တူ..."
သို့သော် စီကုံးဂျီနှင့် အတောင်ပံပါ ဂူကျင့်ကြံသူ အောင်မြင်ခါနီးတွင် တုန်ခါနေသော ခရာသံကြီး တစ်ခု ထွက်ပေါ်လာပြီး သူတို့ကို နောက်ပြန်လွင့်ထွက်သွားစေသည်။
ထို့အပြင် ခရာသံသည် အမွေးအမျှင် ဂူကျင့်ကြံသူ၏ ဟိန်းဟောက်သံကိုပါ ချေဖျက်လိုက်သဖြင့် အနက်ရောင်သူတော်စင်များ သက်သာရာ ရသွားကြသည်။
"ဟား ဟား ဟား... မင်း နောက်ဆုံးတော့ ဒီရတနာကို ထုတ်သုံးပြီပေါ့"
ကူလျန်ချန် ရယ်မောလိုက်သည်။
ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ရည်ခိုက်ရည်အရ ဆိုလျှင် အန်းဟောက်တန်သည် နောက်ဆုံး ခုနစ်ယောက် စာရင်းထဲ ပါဝင်ခွင့် မရှိပေ။
သို့သော် သူ့တွင် ကံကောင်းခြင်း တစ်ခု ရှိသည်။ ထုန်နိုင်ငံတွင် ရှားပါးလှသော ကောင်းကင်အဆင့် ရတနာ ပိုင်ဆိုင်ထားသော ကံကောင်းသူ ဖြစ်သည်။
ယခု သူ မှုတ်လိုက်သော ခရာသည် ကောင်းကင်အဆင့် အနိမ့်စား ရတနာ ကောင်းကင်ဖွင့် ခရာပင် ဖြစ်သည်။
ခရာသံ၏ ပြင်းထန်သော ဖိအားအောက်တွင် စီကုံးဂျီ၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံ သံချပ်ကာများသည် ပုံစံပြောင်းလဲသွားပြီး အပေါက်ငယ်လေးများ ပေါ်လာသည်။
ကျောဘက်တွင်လည်း အပေါက်ကြီး ခြောက်ပေါက် ပေါ်လာသည်။
"ဝုန်း"
အပေါက်ကြီး ခြောက်ပေါက်မှ လေဖိအားများ ပန်းထွက်လာပြီး စီကုံးဂျီကို ရှေ့သို့ တွန်းပို့လိုက်သည်။
သို့သော် ကောင်းကင်အဆင့် ရတနာကို လွယ်လွယ်နှင့် ကျော်ဖြတ်၍ မရပေ။ အစပိုင်းတွင် ရှေ့တိုးနိုင်သော်လည်း ခရာနှင့် နီးကပ်လာလေ ဖိအားများလေ ဖြစ်လာသည်။
အကြမ်းနည်းဖြင့် မရမှန်း သိလိုက်သဖြင့် စီကုံးဂျီသည် ဗိုက်ပူ ဂူကျင့်ကြံသူကို အချက်ပြလိုက်သည်။
"သူ့ကို ရှင်းလိုက်"
အချက်ပြ ရရှိသည်နှင့် ဗိုက်ပူ ဂူကျင့်ကြံသူသည် ဗိုက်ကို ပုတ်လိုက်ပြီး တစ်ကိုယ်လုံးရှိ အခေါင်းပေါက်များကို လှုံ့ဆော်လိုက်သည်။
ဘုရင်၏ ရန်သူကို ချိန်ရွယ်ပြီး အားကုန်ညှစ်ထုတ်လိုက်ရာ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်ငယ်လေးများမှ အရောင်စုံ အရည်များ ပန်းထွက်လာသည်။
ကုန်းရီရန်သည် အခြေအနေ မဟန်မှန်း သိလိုက်သဖြင့် အန်းဟောက်တန်၏ ရှေ့တွင် ဝင်ကာပေးလိုက်ပြီး ကာကွယ်ရေး ရတနာ "ချီလင် လင်ပန်း" ကို ထုတ်သုံးလိုက်သည်။
မြေကမ္ဘာ အလယ်အလတ်အဆင့် ရတနာ ဖြစ်သော ချီလင် လင်ပန်းသည် ဓာတ်ကြီးငါးပါးကို ပြောင်းလဲနိုင်ပြီး ယင်နှင့် ယန်ကို ခွဲခြားနိုင်စွမ်း ရှိသည်။ ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှု မှန်သမျှကို အလွယ်တကူ ချေဖျက်နိုင်သည်။
သို့သော် ဤအဆိပ်ရည်များသည် ဓာတ်ကြီးငါးပါးအပြင်ဘက် ရောက်နေသကဲ့သို့ လင်ပန်း၏ အကာအကွယ်ကို အလွယ်တကူ ဖောက်ထွင်းပြီး ကုန်းရီရန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
"ရွှီ..."
အဆိပ်ရည်နှင့် ထိတွေ့သည်နှင့် အသားပူလောင်သွားပြီး အလွန် ပြင်းထန်သော အပူချိန်နှင့် စားပိုးဝင်ရောက်မှုကို ခံစားလိုက်ရသည်။
ကုန်းရီရန် တစ်ကိုယ်လုံး တုန်ခါသွားသော်လည်း ခြေတစ်လှမ်း နောက်မဆုတ်ပေ။
လင်ပန်း အသုံးမဝင်မှန်း သိလိုက်သဖြင့် ဒုတိယ ရတနာကို ထုတ်သုံးလိုက်သည်။
"ကောင်းကင်ဘုံ ထီး"
ဒါသည်လည်း မြေကမ္ဘာ အလယ်အလတ်အဆင့် ရတနာ ဖြစ်ပြီး တိုက်စစ်ရော၊ ခံစစ်ပါ အသုံးပြုနိုင်သည်။ ထီးကို ဖွင့်လိုက်သည်နှင့် ထီးပေါ်ကျရောက်လာသော အဆိပ်ရည်များ ပျောက်ကွယ်သွားပြီး ထီးကိုယ်ထည်ထဲသို့ စုပ်ယူခံလိုက်ရသည်။
ကုန်းရီရန်က အန်းဟောက်တန်ကို ကာကွယ်ပေးထားမှန်း သိလိုက်သဖြင့် ကူလျန်ချန်သည် အသား သံချပ်ကာ ဝတ်ဆင်ထားသော ဂူကျင့်ကြံသူ (စီကုံးဂျီ) ကို ရင်ဆိုင်လိုက်သည်။
"စေတနာရှင် ဘုရင် တံဆိပ်တုံး"
ကူလျန်ချန်သည် လက်ထဲမှ တံဆိပ်တုံးကို ပစ်လွှတ်လိုက်ပြီး ကျောဘက် လက်မောင်း ခြောက်ချောင်းရှိ ရတနာများလည်း တပြိုင်နက် တောက်ပလာသည်။
နောက်တစ်စက္ကန့်တွင် တံဆိပ်တုံးသည် အဆပေါင်းများစွာ ကြီးထွားလာပြီး စီကုံးဂျီ၏ ဦးခေါင်းပေါ်သို့ ထုချလိုက်သည်။
ကြီးမားသော တံဆိပ်တုံး၏ ဖိအားကြောင့် စီကုံးဂျီ ခါးကိုပင် မဆန့်နိုင်တော့ပေ။
ထို့အပြင် လက်ရှစ်ချောင်းဖြင့် ရတနာများကို ဝှေ့ယမ်းနေသော ကူလျန်ချန်သည် မန္တန်များ ရွတ်ဖတ်ပြီး တံဆိပ်တုံး၏ အလေးချိန်ကို ထပ်မံ တိုးမြှင့်လိုက်သည်။
တံဆိပ်တုံးနှင့် ခရာသံ နှစ်ခု ပေါင်းစပ်ဖိနှိပ်မှုအောက်တွင် စီကုံးဂျီ လှုပ်ရှားလို့မရ ဖြစ်သွားသည်။
တပြိုင်နက်တည်းမှာပင် ကျန်းပေရန်သည် မြေအောက်ခန်းထဲရှိ ပိုးအိမ်အများအပြားကို ကယ်တင်ပြီး ဖြစ်သည်။
ကယ်တင်နေရင်း သတိထားမိသည်မှာ ဤမြေအောက်ခန်းထဲရှိ ပိုးအိမ်များသည် အပြင်ဘက်က ပိုးအိမ်များထက် အရည်အသွေး ပိုမြင့်မားနေခြင်း ဖြစ်သည်။ ကယ်တင်လိုက်သော ကျင့်ကြံသူများသည် အနက်ရောင်ဂိုဏ်းချုပ်အဆင့်မှ စတင်ပြီး အနက်ရောင်လေးစားဖွယ် အဆင့်များပင် ပါဝင်နေသည်။
'အင်း... အနက်ရောင်သူတော်စင်တွေ ပြောတဲ့ ဂိုဏ်းငယ်လေး ဆိုတာနဲ့ ငါ နားလည်တဲ့ ဂိုဏ်းငယ်လေး ဆိုတာ တခြားစီပါလား'
စိတ်ထဲမှ ညည်းတွားလိုက်ပြီးနောက် နောက်ဆုံးတန်းရှိ ပိုးအိမ်များဆီသို့ လျှောက်သွားလိုက်သည်။
အလေ့အကျင့် ရလာပြီ ဖြစ်သဖြင့် အစပိုင်းထက် ပိုမို လျင်မြန်လာသည်။
လက်ဖက်ရည်တစ်ပွက်စာ မကြာခင်မှာပင် နောက်ဆုံး ပိုးအိမ်ရှေ့သို့ ရောက်ရှိလာသည်။
"ဟူး..."
သက်ပြင်းရှည်ကြီး ချလိုက်ပြီး ကျန်းပေရန်သည် နတ်ဘုရားလေးပါး မီးတောက်ပေတံကို မြှောက်ကာ နောက်ဆုံးအကြိမ် သန့်စင်ခြင်းကို စတင်လိုက်သည်။
...
"ဝုန်း"
မြေအောက်ခန်း အပေါ်ဘက်တွင် ရတနာနှစ်ခု၏ ဖိနှိပ်မှုကို ခံနေရသော စီကုံးဂျီသည် ကျန်းပေရန် အောင်မြင်တော့မည် ဖြစ်ကြောင်း အာရုံခံမိလိုက်သည်။
"အား"
ရူးသွပ်စွာ အော်ဟစ်လိုက်ပြီးနောက် ကြီးမားနေသော တံဆိပ်တုံးကို လက်သီးဖြင့် ထိုးချလိုက်သည်။
"ဟင်"
ကူလျန်ချန် အံ့သြသွားသည်။ တံဆိပ်တုံးသည် ချက်ချင်း အမှုန့်ဖြစ်သွားသောကြောင့် ဖြစ်သည်။
ကူလျန်ချန် မတုံ့ပြန်နိုင်သေးခင် စီကုံးဂျီသည် သူ့ရှေ့သို့ ရောက်ရှိလာသည်။
လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်ရာ ရှောင်တိမ်းရန် ကြိုးစားသော ကူလျန်ချန်၏ ဘယ်ဘက် ပခုံး ပြတ်ထွက်သွားသည်။
နောက်ထပ် တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်သောအခါ ကူလျန်ချန်သည် ကျောဘက် လက်မောင်း တစ်ချောင်းရှိ "ကောင်းကင်ဝှက် ဓား"ဖြင့် ကာကွယ်လိုက်သည်။
သို့သော် စီကုံးဂျီ၏ ကြမ်းကြုတ်သော တိုက်ခိုက်မှုအောက်တွင် ဓားကျိုးသွားပြီး ရင်ဘတ် ကာကွယ်ရေး မှန်ချပ်ပါ ကွဲအက်သွားသည်။
အနီးကပ် တိုက်ခိုက်လို့ မရမှန်း သိလိုက်သဖြင့် ကူလျန်ချန် မန္တန်ရွတ်ဖတ်လိုက်သည်။
"ကျားဟိန်းသံ"
ရွတ်ဖတ်သံနှင့်အတူ နောက်လက်မောင်း တစ်ချောင်းရှိ သပိတ်လုံးမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ရွှေရောင် စာလုံးများဖြင့် ပတ်ဝန်းကျင်ကို ရိုက်ခတ်လိုက်သည်။
ကူလျန်ချန် ပတ်ဝန်းကျင်ရှိ အဆိပ်မြူများ လွင့်စင်သွားပြီး လေကောင်းလေသန့် ရရှိသွားသည်။
သို့သော် စီကုံးဂျီသည် ထိုတိုက်ခိုက်မှုကို ဂရုမစိုက်ဘဲ ကူလျန်ချန်ကို ထပ်မံ ထိုးနှက်လိုက်သည်။
"သောင်းပြောင်း တံဆိပ်တုံး" အလုပ်မဖြစ်သည်ကို မထင်မှတ်ထားသဖြင့် ကူလျန်ချန် ရှောင်တိမ်းချိန် မရလိုက်ပေ။
"ဒုန်း"
တည့်တည့်မတ်မတ် လက်သီးချက်ကြောင့် ကူလျန်ချန်၏ ဦးခေါင်း ပေါက်ကွဲသွားသည်။
"......"
ဒီမြင်ကွင်းကို မြင်လိုက်ရသော အနက်ရောင်သူတော်စင်များ မျက်လုံး ပြူးကျယ်သွားကြသည်။ ထို့နောက် အော်ဟစ်လိုက်ကြသည်။
"အရှင်"
အံ့သြတကြီး အော်ဟစ်သံများ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ အချင်းချင်း ပြန်စားတတ်သော ဂူကျင့်ကြံသူက ဒီလောက် စွမ်းအားကြီးလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
သို့သော် စီကုံးဂျီက ဂရုမစိုက်ပေ။ ကူလျန်ချန်ကို သတ်ပြီးနောက် သူ့ပစ်မှတ်က တစ်ခုတည်းသာ ရှိသည်။ မြေအောက်ခန်းထဲက လူသားကို သတ်ပစ်ဖို့ ဖြစ်သည်။
အောက်သို့ ထိုးဆင်းရန် ပြင်လိုက်စဉ် သူ့လက်မောင်းကို တစ်စုံတစ်ယောက်က လှမ်းဆွဲထားသည်ကို သတိပြုမိလိုက်သည်။
စီကုံးဂျီ မျက်လုံး ကျဉ်းမြောင်းသွားသည်။ သူ့ကို ဆွဲထားသူမှာ ခုနက ခေါင်းပြတ်သွားသော ကူလျန်ချန် ဖြစ်နေသောကြောင့် ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် ကူလျန်ချန်၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ခေါင်းသစ်တစ်လုံး ပြန်ပေါက်လာသည်။ ယခု ကူလျန်ချန်သည် ယခင်ကထက် ပိုမို နုပျိုနေပုံရသည်။
"လူစွမ်းကောင်း ပြပွဲ ကို မြင်လိုက်ရသောအခါ အနက်ရောင်သူတော်စင်များ ဝမ်းနည်းရာမှ ဝမ်းသာသွားကြသည်။
ကူလျန်ချန်မှာ ဒီလို ဝှက်ဖဲ ရှိမှန်း မသိခဲ့ကြသော်လည်း ယခုလို အချိန်မျိုးတွင် မိတ်ဆွေများ၏ စွမ်းရည် ပိုများလေ ကောင်းလေ ဖြစ်သည်။
စီကုံးဂျီ အံ့သြသွားသော်လည်း ဂရုစိုက်နေချိန် မရှိပေ။
စကားမပြောဘဲ ကူလျန်ချန်၏ ဦးခေါင်းကို နောက်တစ်ကြိမ် ထပ်ထိုးလိုက်သည်။
အသက်ပြန်ရှင်လာသော ကူလျန်ချန်သည် ဒီတိုက်ကွက်ကို ကြိုတင် ကာကွယ်ထားပြီး ဖြစ်သဖြင့် လက်လွှတ်ကာ ရှောင်တိမ်းလိုက်သည်။ ထို့နောက် ဘူးသီးပုံစံ ကြာပွတ်ဖြင့် စီကုံးဂျီကို ရစ်ပတ်လိုက်သည်။
နောက်တစ်ကြိမ် ယှဉ်ပြိုင်ပြီးနောက် ဒီဂူကျင့်ကြံသူ၏ စွမ်းအားကြီးမားမှုကို ကူလျန်ချန် ကောင်းကောင်း နားလည်သွားပြီ။
ဒါပေမဲ့ ဒီစွမ်းအားကြီးမားမှုက အကြောင်းမဲ့ မဟုတ်ဘူး ဆိုတာ သူ ယုံကြည်သည်။ ခုနက တံဆိပ်တုံးအောက်မှာ အကြာကြီး ငြိမ်ခံနေပြီးမှ ပေါက်ကွဲထွက်လာတာကို ကြည့်ရင် တစ်ခုခု ပေးဆပ်ထားရတာ သေချာသည်။
ဒါကြောင့် သူ လုပ်ရမှာက အချိန်ဆွဲဖို့ပဲ။ ဒီကောင် တန်ဖိုး မပေးဆပ်နိုင်တော့တဲ့ အချိန်အထိ (သို့မဟုတ်) ကျန်းပေရန် အောင်မြင်တဲ့ အချိန်အထိ ဆွဲထားရမယ်။
ကူလျန်ချန် ထင်တာ မှန်ပါသည်။ ကျန်းပေရန် အောင်မြင်ခါနီးနေပြီ ဆိုတာ သိလိုက်ရသဖြင့် စီကုံးဂျီသည် စားထားသော အသားစ အားလုံးကို တစ်ကြိမ်တည်း အစာချေဖျက်ပြီး စွမ်းအား မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
တိုက်ရည်ခိုက်ရည် အဆမတန် တက်လာပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးကလည်း ကြီးမားသည်။
ဘုရင် တစ်ပါးအနေဖြင့် ဒီလို စွန့်စားမှုမျိုး မလုပ်သင့်ပေ။
ကြာပွတ်ဖြင့် ရစ်ပတ်ခံထားရသော စီကုံးဂျီ ဒေါသထွက်လာသည်။ ကြာပွတ်ကို ဆွဲယူလိုက်ရာ ကူလျန်ချန်ပါ ပါလာသည်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ပြန်သည်။
"ဒုန်း"
ကူလျန်ချန်၏ ဦးခေါင်း နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်သည်။
ဒီမြင်ကွင်းကို နှစ်ကြိမ်တိုင်တိုင် မြင်လိုက်ရသော အခြား အနက်ရောင်သူတော်စင်များ ဘယ်လို တုံ့ပြန်ရမလဲ မသိတော့ပေ။
ကူလျန်ချန်၏ ဦးခေါင်းကို ဖြိုခွင်းပြီးနောက် စီကုံးဂျီသည် ခါးတွင် ရစ်ပတ်ထားသော ကြာပွတ်ကို ဆွဲဖြုတ်လိုက်သည်။
ထွက်သွားရန် ပြင်လိုက်စဉ် ကြေးမုံပြင် တစ်ချပ် သူ့ရှေ့ ရောက်လာသည်။
စီကုံးဂျီ ဂရုမစိုက်ဘဲ ကြေးမုံပြင်ကို လက်သီးဖြင့် ထိုးခွဲလိုက်သည်။
ကြေးမုံပြင် ကွဲသွားသည့် အချိန်တွင် စီကုံးဂျီသည် ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ပေါ်ရှိ အသား သံချပ်ကာများ ကွဲအက်သွားသည်။
"မလောပါနဲ့... ငါအရှင် မင်းနဲ့ ကစားပေးနိုင်ပါသေးတယ်"
စကားသံနှင့်အတူ အစိမ်းရောင် ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံထားသော ဓားတစ်လက် စီကုံးဂျီ၏ ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။
"မင်း"
မျက်စိရှေ့မှ လူသားသည် နောက်ထပ် ခေါင်းတစ်လုံး ပြန်ပေါက်လာသည်ကို မြင်သောအခါ စီကုံးဂျီ ကြောင်သွားသည်။
'အံ့ဖွယ်နဂါးတိုက်ကြီးမှာလည်း ဂူကျင့်ကြံသူတွေ ရှိနေတာလား'
ကူလျန်ချန်အတွက် စိတ်အေးသွားကြစဉ် ကုန်းရီရန်ဘက်တွင် ပြဿနာ တက်နေသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်ဘုံ ထီးသည် အဆိပ်ရည်များကို တားဆီးပေးခဲ့သော်လည်း နောက်ဆုံးတွင် ပျက်စီးသွားခဲ့သည်။ ယခုအခါ ကုန်းရီရန်သည် သိုင်းကွက်များဖြင့်သာ ကာကွယ်နေရပြီး ခန္ဓာကိုယ်ပေါ်တွင် အဆိပ်လောင်ဒဏ်ရာများ ပြည့်နှက်နေသည်။
မလှမ်းမကမ်းရှိ ယန်ရှောင်ဘိုသည် အခြေအနေကို မြင်သောအခါ အင်မော်တယ်မိုးစက် ပိုးမျှင်များကို အသုံးပြုပြီး ဗိုက်ပူ ဂူကျင့်ကြံသူကို တိတ်တဆိတ် ရစ်ပတ်လိုက်သည်။
သို့သော် ရစ်ပတ်လိုက်သည်နှင့် ပိုးမျှင်များသည် အရည်ပျော်သွားကြသည်။
'ဘာ...'
ယန်ရှောင်ဘို၏ အဓိက ရတနာ ဖြစ်သော အင်မော်တယ်မိုးစက် ပိုးမျှင်သည် မြေကမ္ဘာ အလယ်အလတ်အဆင့် ရတနာ ဖြစ်ပြီး အလွန် ခိုင်ခံ့သည်။ ဘာကိုမဆို ချည်နှောင်နိုင်သည်။ ဒါပေမဲ့ ဒီကောင်ရဲ့ အရေပြားနဲ့ ထိလိုက်တာနဲ့ အရည်ပျော်သွားတယ်။
ယန်ရှောင်ဘို၏ ရတနာ ပျက်စီးသွားသည်ကို မြင်သောအခါ ဟော်ဟုန်ခိုင်သည် ယွီဘုရင် တောင်ခွဲလှံကို ထုတ်ယူပြီး အော်ဟစ်လိုက်သည်။
"ငါ သွားရှင်းလိုက်မယ်"
ဟော်ဟုန်ခိုင် စကားမဆုံးခင် အဆိပ်ရည်များ သူ့ထံသို့ ပန်းထွက်လာသည်။
ဟော်ဟုန်ခိုင် လှံတံဖြင့် ကာကွယ်လိုက်သည်။
"ရွှီ..."
အသံနှင့်အတူ အဆိပ်ရည်များကို ကာကွယ်နိုင်လိုက်သော်လည်း လှံတံကိုယ်ထည် အကြီးအကျယ် ပျက်စီးသွားသည်။
ပိုဆိုးသည်မှာ အဆိပ်ရည်များ ဆက်လက် ပန်းထွက်နေခြင်း ဖြစ်သည်။
ဟော်ဟုန်ခိုင် ဆုံးဖြတ်ချက် ချလိုက်သည်။ လှံတံကို ဗိုက်ပူ ဂူကျင့်ကြံသူထံ ပစ်လွှတ်လိုက်ပြီး ပါးစပ်ထဲမှ ကျောက်စိမ်းရောင် မီးတောက်တစ်ခု မှုတ်ထုတ်လိုက်သည်။
မီးတောက်ကို မြင်သည်နှင့် ယန်ရှောင်ဘို သိလိုက်သည်။ ဟော်ဟုန်ခိုင် အသက်ပေးပြီး တိုက်တော့မည်။
နယ်မြေချင်း ထိစပ်နေသော ဂိုဏ်းချုပ်များ ဖြစ်ကြသဖြင့် ယန်ရှောင်ဘိုနှင့် ဟော်ဟုန်ခိုင်တို့သည် မိတ်ဆွေရင်းချာများ ဖြစ်ကြသည်။ အချင်းချင်း အကြောင်း ကောင်းကောင်း သိကြသည်။
ဟော်ဟုန်ခိုင်သည် မျိုးရိုးစဉ်ဆက် မီးထိန်းသူဖြစ်သည်။
နှစ်တစ်ရာ ကြာတိုင်း မိသားစုထဲမှ အသင့်တော်ဆုံး ခန္ဓာကိုယ်တစ်ခုကို ရွေးချယ်ပြီး ဗောဓိမီးတောက်ကို မွေးမြူစေသည်။
ဗောဓိမီးတောက်သည် ရှေးဟောင်း နတ်ဘုရားမီးတောက် ဖြစ်ပြီး စွမ်းအားကြီးမားသည်။
ဟော်ဟုန်ခိုင် ကိုယ်တိုင် ပြောဖူးသည်။ မီးထိန်းသူ လုပ်ရတာ ကောင်းတဲ့အလုပ် မဟုတ်ဘူး။ နေ့တိုင်း ကိုယ့်သွေး၊ ကိုယ့်အသားနဲ့ ကျွေးရတယ်။ ကျင့်ကြံတဲ့အခါ ဝိညာဉ်စွမ်းအင် တစ်ဝက် ခွဲပေးရတယ်။ ဒါကြောင့် ကျင့်ကြံခြင်းအဆင့် တက်တာ နှေးကွေးတယ်။
ဒါပေမဲ့ ညည်းတွားနေသော်လည်း အကျိုးကျေးဇူးကို သူ သိသည်။
ခန္ဓာကိုယ် ကြံ့ခိုင်လာသလို မီးတောက် အမျိုးမျိုးကို ဖန်တီး ထိန်းချုပ်နိုင်စွမ်း ရရှိသည်။
ဥပမာ - လူကို မလောင်ကျွမ်းစေဘဲ မကောင်းဆိုးဝါးကိုသာ လောင်ကျွမ်းစေသော သန့်စင်မီး ဆန္ဒများကို လောင်ကျွမ်းစေသော ကံကမ္မမီး စသည်တို့ ဖြစ်သည်။
ဒီမီးတောက်တွေနဲ့ တိုက်ပွဲမဝင်ဘဲ ရန်သူကို အနိုင်ယူခဲ့ဖူးသည်။
ဒါပေမဲ့ ဒီဂူကျင့်ကြံသူတွေကျတော့ ဘာမီးနဲ့မှ မရဘူး။ သူတို့မှာ ကိုယ်ပိုင် စိတ်ဆန္ဒ မရှိသလို ဖြစ်နေလို့ လောင်ကျွမ်းစရာမရှိဘူး။
ဒါဆိုရင် စိတ်မီး မရရင် ရုပ်မီးနဲ့ လောင်ကျွမ်းပစ်မယ်။
ဟော်ဟုန်ခိုင်သည် နှစ်ပေါင်း ၈၀ ကျော် မီးထိန်းသူ ဖြစ်လာခဲ့သော်လည်း ဤမီးတောက်ကို ထုတ်မသုံးဖူးပေ။
ဒါသည် သူ့အသက်မီးတောက် ဖြစ်ပြီး သွေးကြောများနှင့် ဆက်စပ်နေသည်။ မီးငြိမ်းသွားရင် သူလည်း သေဆုံးသွားမည်။
"မိတ်ဆွေကြီး... တစ်သက်လုံး အလကား ကျွေးထားရမယ် ထင်နေတာ... နောက်ဆုံးအချိန်ကျမှ စွမ်းအားပြရတော့မယ်"
ဗောဓိမီးတောက်သည် တုံ့ပြန်သကဲ့သို့ တုန်ခါသွားသည်။
"အကြီးကြီး လုပ်လိုက်ရအောင်"
ယွီဘုရင် တောင်ခွဲလှံသည် ဗိုက်ပူ ဂူကျင့်ကြံသူ၏ ရင်ဘတ်ကို စိုက်ဝင်သွားသော်လည်း လျင်မြန်စွာ အရည်ပျော်နေသည်။
လှံတံ တစ်ခုတည်းနဲ့ ဘာမှ မဖြစ်နိုင်မှန်း သိသည်။ လှံတံကို စတေးလိုက်ရခြင်းမှာ ကြားခံနယ်အဖြစ် အသုံးပြုရန် ဖြစ်သည်။
ကမ္ဘာပျက်စေနိုင်သော မီးတောက်ကို မွှေးရန် ဖြစ်သည်။
"ကောင်းကင်မီးတောက်"
"ဝုန်း" ကနဲ အသံနှင့်အတူ ကျောက်စိမ်းရောင် မီးတောက်သည် ဗိုက်ပူ ဂူကျင့်ကြံသူ၏ ရင်ဘတ်ပေါ်တွင် တောက်လောင်သွားသည်။ မျက်စိတစ်မှိတ်အတွင်း မိုးနှင့်မြေကို ဆက်သွယ်ပေးသော မီးတိုင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဗိုက်ပူ ဂူကျင့်ကြံသူကို လောင်ကျွမ်းစေလိုက်သည်။