← Chapters

တန်ပြန်တိုက်စစ် စတင်ခြင်း

Vol. 53 Ch. 597

တန်ပြန်တိုက်စစ် စတင်ခြင်း

Vol. 53 Ch. 597

ကြော်ထားသော ပဲတောင့်များ၊ အသားနှင့်ရောထားသော ငါးမန်း၊ စက္ကူထုပ် ကြက်ကြော်၊ တို့ဟူးအစာသွပ်၊ မုန်ညင်းချဉ် အသားပေါင်း...

စားပွဲပေါ်ရှိ ဟင်းလျာများသည် မွှေးကြိုင်သော ရနံ့များဖြင့် ဆွဲဆောင်နေသော်လည်း အခန်းထဲမှ ထွက်လာကြသော သူများသည် တူကို ချက်ချင်း မကိုင်ကြသေးပေ။

ပန်းငါးပွင့်သည် လူဘိုကွေးကို ဂါရဝပြု နှုတ်ဆက်ရန် အလုပ်ရှုပ်နေကြပြီး ရှီဖုန်းလန်သည် ယွီမန်ဝင်းကို သူမ၏ စီးတော်ယာဉ် အသစ်အကြောင်း ကြွားလုံးထုတ်နေသည်။ ယန်ယန်မှာမူ လူဘိုကွေးကို စိုက်ကြည့်ရင်း မျက်လုံးများ လှုပ်ရှားနေကာ အရေးကြီးသော ကိစ္စတစ်ခုခုကို စဉ်းစားနေပုံရသည်။

မုန်စစ်ပေ့ တစ်ယောက်သာလျှင် အထီးကျန်နေပြီး ပျံသန်းစံအိမ်ပေါ်တွင် သူမ တစ်ယောက်တည်း လူစိမ်းဖြစ်နေသလို ခံစားနေရသည်။

သူတို့အားလုံး ပျံသန်းစံအိမ်ပေါ်တွင် နေထိုင်ခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း သီးခြားခွဲထားခြင်း အခြေအနေတွင် ရှိနေခဲ့သဖြင့် အချင်းချင်း စကားပြောခွင့် မရခဲ့ကြပေ။ တစ်ယောက်နှင့်တစ်ယောက် ရှိနေမှန်းတောင် မသိခဲ့ကြပေ။ ထို့ကြောင့် ယခု တွေ့ဆုံချိန်တွင် စကားဝိုင်းဖွဲ့နေကြခြင်းမှာ နားလည်ပေးနိုင်စရာပင်။

သို့သော် နှုတ်ဆက်စကား ပြောဆိုပြီးနောက်တွင်မူ ဟင်းရနံ့များ၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်တော့ဘဲ စားပွဲဝိုင်းတွင် ထိုင်ကာ အားရပါးရ စားသောက်ကြတော့သည်။

"ပေရန်ရဲ့ လက်ရာကို မစားရတာ ကြာပြီ... ဒါဆို အားမနာတော့ဘူး"

လူဘိုကွေးက ပြောပြောဆိုဆိုနှင့် ငါးတစ်ဖဲ့ကို ပါးစပ်ထဲ ထည့်လိုက်သည်။ နူးညံ့ပြီး အရသာရှိသော ငါးသားကြောင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားသည်။

"ပေရန်... မင်းရဲ့ လက်ရာက ပိုပိုပြီး ကောင်းလာပါလား... ဘယ်ညီမလေးက မင်းနဲ့ လက်ထပ်ရမလဲ မသိဘူး... တကယ့် ကံကောင်းတဲ့သူ ဖြစ်မှာပဲ"

ပြောသူက စေတနာနှင့် ပြောသော်လည်း နားထောင်သူများ ရင်ခုန်သွားကြသည်။

လူဘိုကွေး၏ စကားကြောင့် ပန်းငါးပွင့်၏ မျက်နှာများ ပြိုင်တူ နီရဲသွားကြပြီး စိတ်ထဲတွင် လူအစ်ကိုကြီး၏ စကားကို အပြည့်အဝ ထောက်ခံနေကြသည်။

ရှီဖုန်းလန်ကတော့ ကြက်ပေါင်တစ်ချောင်းကို ကိုက်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

"အစ်ကိုကြီးကလည်း နောက်နေပြန်ပြီ... ဖြစ်ကတတ်ဆန်း ချက်ထားတာပါ... ပြောပလောက်တာ မဟုတ်ပါဘူး"

ကျန်းပေရန်၏ နှိမ့်ချမှုကို ကျင့်သားရနေပြီ ဖြစ်သော လူဘိုကွေးက ပြုံးပြီး ခေါင်းခါလိုက်သည်။ ထို့နောက် ငါးသားကို ဆက်လက် စားသုံးနေသော်လည်း ပန်းငါးပွင့်ကို ကြည့်လိုက်သည့်အခါ အနည်းငယ် ရယ်ချင်နေမိသည်။

'ဒီညီမလေးတွေအတွက်လည်း ခက်ခဲရှာမှာပဲ'

ထမင်းစားနေရင်း မုန်စစ်ပေ့သည် လူဘိုကွေးကို အရက်ငှဲ့ပေးနေသော ကျန်းပေရန်ကို လှမ်းကြည့်လိုက်သည်။ ရင်ထဲတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

အရှင်နှင့် ထိတွေ့ဆက်ဆံခဲ့သည်မှာ ကြာပြီဖြစ်ရာ မုန်စစ်ပေ့သည် အရှင်၏ အပြုအမူများကို သတိထား စောင့်ကြည့်လေ့ရှိသည်။ အရှင်သည် လူသစ် လုအစ်ကိုကြီးနှင့် ဆက်ဆံရာတွင် အခြားသူများနှင့် ဆက်ဆံသည်ထက် သိသိသာသာ ကွဲပြားခြားနားနေကြောင်း သူမ အသေအချာ ပြောနိုင်သည်။

ထိုကွဲပြားမှုသည် နှလုံးသားထဲမှ လာသော လေးစားမှုမျိုး ဖြစ်သည်။ ထိုလေးစားမှုမျိုးကို အနက်ရောင်သူတော်စင်ကြီးများနှင့် ဆက်ဆံရာတွင်ပင် အရှင် မပြသခဲ့ဖူးပေ။

'ဒီအစ်ကိုကြီးက... သာမန် မဟုတ်ဘူးပဲ'

အတွေးပေါင်းစုံဖြင့် စားသောက်ကြရင်း စားပွဲပေါ်ရှိ ဟင်းလျာများ လျင်မြန်စွာ ကုန်သွားလေသည်။

"ကျွန်မ ပန်းကန်ဆေးလိုက်မယ်"

"ကျွန်မ စားပွဲသုတ်မယ်"

"ကျွန်မ မီးဖိုချောင် ရှင်းလိုက်မယ်"

တူချလိုက်သည်နှင့် ယွီညီအစ်မသုံးယောက်သည် အလွန်တက်ကြွစွာဖြင့် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းကြသည်။ အခြားသူများလည်း အားနာသဖြင့် ဝင်ရောက် ကူညီကြသည်။

ကျန်းပေရန်ကတော့ ဘေးနားရှိ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ စိတ်ကို လျှော့ချလိုက်သည်။

မျက်လုံးမှိတ်လိုက်သည်နှင့် ဝူချင်းစစ်နှင့် တပည့်များ၏ မျက်နှာများ ခေါင်းထဲတွင် ပေါ်လာသည်။ ဒီရက်ပိုင်းအတွင်း လက်မှုပညာများကိုသာ အာရုံစိုက်နေခဲ့ရသဖြင့် တခြားကိစ္စများကို တွေးချိန်မရခဲ့ပေ။ ယခု အားလပ်ချိန် ရသည်နှင့် စိုးရိမ်စိတ်များ ဝင်ရောက်လာတော့သည်။

တကယ်တမ်းကျတော့ ဂူကျင့်ကြံသူများ၏ တိုက်ခိုက်မှု ပိုမို ပြင်းထန်လာသည်ဟု ကူလျန်ချန် ပြောကတည်းက ကျန်းပေရန် ရင်ထဲ ထိတ်သွားခဲ့သည်။ ဒါသည် နိုင်ငံခြောက်နိုင်ငံအနက် တစ်နိုင်ငံ (သို့မဟုတ်) နှစ်နိုင်ငံ၊ သုံးနိုင်ငံ လုံးဝ ကျဆုံးသွားပြီ ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်နိုင်သည်။

ဒီအချက်ကို ကျန်းပေရန် အစကတည်းက ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ နိုင်ငံခြောက်နိုင်ငံ၏ အင်အား ကွာခြားချက်မှာ သိပ်မများလှပေ။ ထုန်နိုင်ငံတောင် အထိနာနေမှတော့ ကျန်တဲ့ ငါးနိုင်ငံလည်း သက်သာမှာ မဟုတ်ပေ။

'တောင့်ခံထားကြ...'

တပည့်များအပြင် ရှန့်တိုင်းပြည်မှ မိတ်ဆွေဟောင်းများ၏ မျက်နှာများလည်း ခေါင်းထဲသို့ ဝင်ရောက်လာသည်။

ယင်ကျန်းဟုန်၊ ကွမ်းရှီအန်း၊ ကျန်းထန်ကျူး၊ ချန်လိထန်၊ မုယောင်၊ ချန်ချန်...

သူတို့ကို အသုံးချစရာ လူများ အဖြစ် သတ်မှတ်ထားနိုင်မည်ဟု ကျန်းပေရန် ထင်ခဲ့သော်လည်း ယခုအချိန်တွင်မူ ကိုယ့်ကိုယ်ကိုယ် လိမ်ညာ၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။

ထိုလူများသည် အသက်ရှိသော လူသားများ ဖြစ်ကြသည်။ အတူတူ ဖြတ်သန်းခဲ့ကြသည်မှာ ကြာပြီ ဖြစ်ရာ မှတ်ဉာဏ်ထဲက နာမည်တစ်ခု အနေနဲ့ပဲ ဘယ်လိုလုပ် သတ်မှတ်နိုင်ပါ့မလဲ။

"တင်း..."

ကျန်းပေရန် စိတ်မကောင်း ဖြစ်နေစဉ် နားထဲသို့ ဂီတသံစဉ်တစ်ခု ရောက်ရှိလာသည်။

ဂီတသံစဉ်သည် နူးညံ့သိမ်မွေ့ပြီး လူ့စိတ်နှလုံးကို ကုစားပေးနိုင်သော စွမ်းအားမျိုး ပါဝင်နေသဖြင့် ကျန်းပေရန်၏ စိုးရိမ်ပူပန်မှုများကို ချက်ချင်း လျော့ပါးသွားစေသည်။

ကျန်းပေရန် မျက်လုံးမဖွင့်ကြည့်ပေ။ ပန်းငါးပွင့် တီးခတ်နေခြင်း ဖြစ်မည်ကို သူ သိသောကြောင့် ဖြစ်သည်။

'အမြွှာသုံးယောက်ရဲ့ အံ့ဖွယ်တေးသွား စွမ်းရည်က တော်တော် တိုးတက်လာတာပဲ'

ဂီတပညာရှင် တစ်ဦးအနေဖြင့် သာမန်လူများကို ဂီတဖြင့် ဖမ်းစားရန် လွယ်ကူသော်လည်း သူ့ကဲ့သို့ ကျွမ်းကျင်သူကို ဖမ်းစားနိုင်ရန်မှာ အဆပေါင်း ထောင်ချီ ပိုမို ခက်ခဲလေသည်။ သို့သော် ညီအစ်မသုံးယောက်၏ ဂီတသံသည် သူ့ရင်ထဲမှ အပူမီးများကို အလွယ်တကူ ငြိမ်းသတ်ပေးနိုင်ခဲ့သည်။ တကယ်ကို ချီးကျူးစရာပင်။

'ပါရမီရှိတာက အခရာပဲ'

တစ်ခဏချင်းမှာပင် ကျန်းပေရန်သည် အဆင့်ကိုး ဂီတပညာရှင် ယွီရင်ချီကို သတိရလိုက်သည်။

'ဒီအမြွှာသုံးယောက်ကို သူ့ဆီမှာ လေ့ကျင့်ခိုင်းလိုက်ရင် တိုးတက်မှု အရမ်းမြန်မှာပဲ'

ကျန်းပေရန်သည် တူရိယာ တီးခတ်ရာတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း "ဂီတနှင့် ဝိညာဉ်စွမ်းအင် ပေါင်းစပ်ခြင်း" ပညာရပ်တွင်မူ အဆင့် သိပ်မမြင့်လှပေ။

ထို့ကြောင့် အံ့ဖွယ်အသံကွင်းကို ဖန်တီးစဉ်က ဆရာယွီကို အများကြီး အကူအညီ တောင်းခဲ့ရသည်။

'ပြီးတော့ နှစ်ဖက်စလုံးက ယွီ မျိုးရိုးတွေဆိုတော့ ရေစက်ပဲ'

စဉ်းစားလေလေ ဖြစ်နိုင်ခြေ ရှိလေလေမို့ ကျန်းပေရန်သည် ဒီကိစ္စကို အစီအစဉ်ထဲ ထည့်သွင်းလိုက်သည်။

လောလောဆယ်တော့ ဒီငြိမ်းချမ်းတဲ့ အချိန်လေးကို ခံစားလိုက်ပါဦးမယ်။

"ပေရန်လေး... ပေရန်လေး..."

အချိန်မည်မျှ ကြာသွားသည်မသိ။ ရှီဖုန်းလန်၏ ခေါ်သံကြောင့် ကျန်းပေရန် မျက်လုံးဖွင့်ကြည့်လိုက်သည်။

'ငါ အိပ်ပျော်သွားတာလား'

ကျန်းပေရန် အံ့သြသွားသည်။ သို့သော် စိတ်ကြည်လင်လန်းဆန်းနေသည်ကို ခံစားလိုက်ရသည်။ ကောင်းကောင်း အနားယူလိုက်ရသလိုပင် ဖြစ်၏။

"ဘာဖြစ်လို့လဲ"

ကျန်းပေရန် မေးလိုက်သည်။

"အနက်ရောင်သူတော်စင်ကြီးတွေ တံခါးလာခေါက်နေကြတယ်"

ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။ အတော်ကြာကြာ အိပ်ပျော်သွားကြောင်း သတိပြုမိလိုက်သည်။ မတ်တတ်ရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။

"ကျန်တဲ့သူတွေရော"

"သူတို့အခန်း သူတို့ ပြန်သွားကြပြီ"

"ကောင်းပြီ"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ကောင်းကင်မျက်လုံး အစီအရင်ကို ဖွင့်လိုက်သည်။

'ဒီလူကြီး အိပ်မပျော်ဘူးနဲ့ တူတယ်'

ဂူကျင့်ကြံသူများ၏ တိုက်ခိုက်မှု အကြိမ်ရေကို ကျန်းပေရန် စာရင်းပြုစုထားဖူးသည်။ နံနက် ၉ နာရီမှ ၁၁ နာရီတွင် အများဆုံး တိုက်ခိုက်လေ့ရှိပြီး နေ့လယ် ၁၁ နာရီမှ ၁ နာရီတွင် ဒုတိယ အများဆုံး ဖြစ်သည်။ ညဉ့်သန်းခေါင်တွင် ရံဖန်ရံခါ တိုက်ခိုက်တတ်သော်လည်း ယွမ်မြို့တွင် ၂၄ နာရီလုံး အနက်ရောင်သူတော်စင်များ ကင်းလှည့်နေသဖြင့် အလုပ်မဖြစ်ပေ။

ထို့ကြောင့် ညဘက် ခိုးတိုက်တာ အဆင်မပြေမှန်း သိသွားပြီးနောက် ဂူကျင့်ကြံသူများသည် နေ့ဘက်တွင်သာ အဓိက တိုက်ခိုက်ကြတော့သည်။

ဒီအချက်ကို ကျန်းပေရန် သံသယ ဝင်မိသည်။ ပုံမှန်ဆိုလျှင် ယွမ်မြို့ကို ဝိုင်းရံထားပြီး အင်အား အသာစီး ရနေမှတော့ ဘီးလိမ့်တိုက်ပွဲ ဆင်နွှဲပြီး အနက်ရောင်သူတော်စင်များကို မောပန်းသွားအောင် လုပ်လို့ရသည်။

ဒါပေမဲ့ သူတို့ အဲဒီလို မလုပ်ကြဘူး။

ထူးခြားမှု ရှိရင် အကြောင်းရင်း ရှိစမြဲဖြစ်ကာ ဂူကျင့်ကြံသူများက အကြောင်းမဲ့ အားသာချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး။ ကျန်းပေရန် စဉ်းစားမိသော အကြောင်းရင်းများထဲတွင် ဖြစ်နိုင်ခြေ အရှိဆုံးမှာ ဂူကျင့်ကြံသူများ၏ ကိုယ်တိုင် ကုစားနိုင်စွမ်းသည်လည်း အကန့်အသတ် ရှိသည် ဆိုသည့် အချက်ပင် ဖြစ်၏။

အပေါ်ယံ ကြည့်ရင်တော့ ဘယ်လောက်ပဲ တိုက်တိုက် ဒဏ်ရာတွေ ချက်ချင်း ပြန်ပျောက်သွားသလို ထင်ရပေမယ့် တကယ်တမ်းကျတော့ ခံနိုင်ရည် အကန့်အသတ် ပြည့်သွားရင် သူတို့ ဆုတ်ခွာသွားပြီး ပြန်လည် ဖြည့်တင်းရတာ ဖြစ်နိုင်သည်။

သူတို့က နေ့ဘက် တိုက်ခိုက်ပြီး ညဘက် အနားယူတာကို ကြည့်ရင် ညအချိန်သည် သူတို့ ပြန်လည် ကုစားဖို့အတွက် ပိုအဆင်ပြေတယ်လို့ ယူဆရသည်။

ဒီအချက်တွေကို အခြေခံပြီး ကျန်းပေရန်၏ တိုက်ခိုက်ရေး စီမံချက်ကို ရေးဆွဲထားသည်။

နေ့ဘက်တွင် သူတို့၏ တိုက်ခိုက်မှုကို ခုခံပြီးနောက် နေ့လယ်ပိုင်း (သို့မဟုတ်) ညဘက် သူတို့ အနားယူနေချိန်တွင် တန်ပြန်တိုက်စစ် ဆင်နွှဲမည်။

ဒါသည် သူတို့ အားအနည်းဆုံး အချိန် ဖြစ်သည်။

ထို့ကြောင့် အစည်းအဝေး ပြီးဆုံးချိန်တွင် မနက်ဖြန် တိုက်ပွဲကြီးအတွက် အားမွေးရန် ကောင်းကောင်း အိပ်စက်ကြပါဟု ကျန်းပေရန် မှာကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု နံနက် ၅ နာရီမှ ၇ နာရီတွင် ကြက်တောင် မတွန်သေးသည့် အချိန်မှာ ကူလျန်ချန် ရောက်လာသည်။

သိသာပါသည်... အိပ်မပျော်လို့ပေါ့။

ရှီဖုန်းလန်ကို တံခါးဖွင့်ခိုင်းလိုက်ပြီး ကျန်းပေရန် ရှေ့ထွက်ကာ နှုတ်ဆက်လိုက်သည်။

"စီနီယာကူလျန်"

ပျံသန်းစံအိမ်ထဲ ဝင်လာပြီးနောက် ကူလျန်ချန် ရယ်မောလိုက်သည်။

"ဆရာကျန်း... ဒီအချိန်ကြီး လာတာ မသင့်တော်မှန်း သိပေမယ့် ငါ အိပ်မပျော်လို့ပါ... စဉ်းစားရင်း စဉ်းစားရင်းနဲ့ မင်းနဲ့ စကားလာပြောတာ ပိုကောင်းမယ် ထင်လို့ ထွက်လာခဲ့တာ"

ကူလျန်ချန် စကားပြောနေစဉ် ရှီဖုန်းလန်သည် ကျန်းပေရန်၏ အင်္ကျီစကို ဆွဲလိုက်သည်။ နောက်ထပ် လူလာနေပြန်ပြီ ဟူသော သဘောပင် ဖြစ်၏။

ကောင်းကင်မျက်လုံး အစီအရင်ဖြင့် ကြည့်လိုက်သည်။

ချောင်ကျင်းဟွာ။

ရှီဖုန်းလန်က တိုးတိုးလေး ပြောသော်လည်း ကူလျန်ချန်၏ နားကို မကျော်လွန်နိုင်ပေ။

"ဟား ဟား ဟား... ငါတစ်ယောက်တည်း အိပ်မပျော်တာ မဟုတ်ဘူးနဲ့ တူတယ်... ဘယ်သူ ရောက်လာတာလဲ"

"စီနီယာချောင်ပါ"

ကျန်းပေရန်က ပြောရင်း ရှီဖုန်းလန်ကို ဝင်ခွင့်ပေးရန် ပြလိုက်သည်။

ပျံသန်းစံအိမ်ပေါ် ရောက်လာသည်နှင့် ချောင်ကျင်းဟွာ စကားပြောရန် ပြင်လိုက်သော်လည်း ကူလျန်ချန် ရောက်နေသည်ကို မြင်လိုက်ရသည်။

"ဟား ဟား ဟား... အရှင်ကလည်း အိပ်မပျော်ဘူးလား"

"အင်း" ကူလျန်ချန် ခေါင်းညိတ်လိုက်သည်။

"ဆရာကျန်းနဲ့ စကားလာပြောတာ"

"ကျွန်တော်လည်း အတူတူပါပဲ... ရင်ထဲမှာ ပူလောင်နေသလို ခံစားရလို့ ဆရာကျန်းနဲ့ စကားလာပြောပြီး အပန်းဖြေမလို့"

'ဘာလဲဟ... ငါ့ကို အငှားချစ်သူများ မှတ်နေလား'

စိတ်ထဲမှ ကျိန်ဆဲလိုက်စဉ်မှာပင် အင်္ကျီစ ဆွဲခံရပြန်သည်။

'ခင်ဗျားတို့က ချိန်းထားကြတာလား'

နောက်ထပ် နာရီဝက် အတွင်းတွင် အနက်ရောင်သူတော်စင် ကိုးပါး ဆက်တိုက် ရောက်ရှိလာကြသည်။ အကြောင်းပြချက်များကတော့ အတူတူပင်။ အိပ်မပျော်လို့ ဆရာကျန်းနဲ့ စကားလာပြောတာ။

ကျန်းပေရန် ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်မိသည်။

'ငါများ မသိလိုက်ဘဲ စကားပြောဖော် ဝန်ဆောင်မှု ဖွင့်မိလိုက်သလား'

သို့သော် အနက်ရောင်သူတော်စင်များ ရောက်လာမှတော့ မောင်းထုတ်လို့ မရပေ။ ဧည့်ခံရုံသာ ရှိသည်။

အရက်နှင့် အမြည်းများ ချပေးလိုက်ပြီး ကျန်းပေရန်သည် နားထောင်သူ တစ်ယောက် အနေဖြင့် ငြိမ်နေလိုက်သည်။

အနက်ရောင်သူတော်စင် ကိုးပါး စုဝေးမိသည့်အခါ တန်ပြန်တိုက်စစ်အကြောင်း မပြောကြတော့ဘဲ အတိတ်ကြောင်းများ ပြန်ပြောင်း ပြောဆိုနေကြသည်။

ဘယ်သူနဲ့ ဘယ်သူက တစ်နှစ်လုံး အနိုင်အရှုံး မပေါ်အောင် တိုက်ခိုက်ခဲ့ဖူးကြောင်း၊ ဒီတစ်ခေါက် အသက်ရှင်ရင် နောက်တစ်ပွဲ ထပ်နွှဲကြမည် ဖြစ်ကြောင်း...

ဘယ်သူနဲ့ ဘယ်သူက မိန်းကလေး တစ်ယောက်တည်းကို ပြိုင်လိုက်ခဲ့ဖူးကြောင်း၊ ဒါပေမဲ့ အဲဒီမိန်းကလေးက နှစ်ယောက်စလုံးကို မကြိုက်ဘဲ တခြားလူနောက် ပါသွားကြောင်း၊ အဲဒီကိစ္စက နှစ်ယောက်စလုံးအတွက် စိတ်ဒဏ်ရာ ဖြစ်ခဲ့ရပြီး ဒီတစ်ခေါက် မသေရင် အဲဒီမိန်းကလေး ဘယ်လို နေထိုင်နေလဲ သွားကြည့်ကြမည် ဖြစ်ကြောင်း...

ဘယ်သူနဲ့ ဘယ်သူက မြေဓာတ် ဝိညာဉ်သွေးကြောတစ်ခုကို လုရင်း အခုထိ မတည့်ကြသေးကြောင်း၊ ဒီတစ်ခေါက် အသက်ရှင်ရင် မဲနှိုက်ပြီး ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း...

...

"ကဲ... ကဲ... တော်ကြပါတော့ဗျာ"

အနက်ရောင်သူတော်စင်များ၏ အတင်းအဖျင်းများ နားထောင်ရတာ အရသာ ရှိသော်လည်း တစ်ယောက်ပြီး တစ်ယောက် သေမင်းတမန် အလံတွေ စိုက်ထူနေကြတာကို ကျန်းပေရန် နားမထောင်နိုင်တော့ပေ။

ဘာဖြစ်နေကြတာလဲ... စစ်တောင် မထွက်ရသေးဘူး... ဘယ်နှစ်ယောက် သေမယ်ဆိုတာ ကြိုတွက်နေကြတာလား။

သို့သော် သူတို့၏ စကားဝိုင်းကို နားထောင်ပြီးနောက် ကျန်းပေရန်၏ စိတ်ထဲရှိ အနက်ရောင်သူတော်စင်များ၏ မြင့်မြတ်သော ပုံရိပ်ကြီး ပြိုကျပျက်စီးသွားရသည်။

အရင်ကတော့ သူတို့က ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ စိတ်ဝင်စားပြီး ကျန်တာတွေကို ဂျူနီယာတွေနဲ့ လွှတ်ထားမယ်လို့ ထင်ခဲ့မိသည်။

တကယ်တမ်းကျတော့ သူတို့ စိတ်ပူရတဲ့ ကိစ္စတွေလည်း မနည်းပါလား။ ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ဟုတ်ပါသည်။ မိသားစုပဲ ဖြစ်ဖြစ်၊ ဂိုဏ်းပဲ ဖြစ်ဖြစ်... သူတို့ အစွမ်းထက်လို့သာ တည်ရှိနေကြတာလေ။

ဘယ်သူမှ အလျှော့မပေးနိုင်တဲ့ ပြဿနာတွေ ကြုံလာရင် နောက်ဆုံးတော့ ဘယ်ဘက်က အနက်ရောင်သူတော်စင် လက်သီး ပိုကြီးလဲ ဆိုတာနဲ့ပဲ ဆုံးဖြတ်ကြရတာပါပဲ။

ကျန်းပေရန် ဝင်ပြောလိုက်သည်ကို ကြားသောအခါ အနက်ရောင်သူတော်စင်များ ကြောင်သွားကြသည်။ ထို့နောက် ကူလျန်ချန်က ဦးဆောင် ရယ်မောလိုက်သည်။

"ဟား ဟား... ငါတို့လည်း ခက်တာပဲ... ကိုယ့်အကြောင်းတွေပဲ ပြောနေမိပြီး ဆရာကျန်း ဝင်ပြောလို့ မရတာကို သတိမထားမိကြဘူး"

ဖူရီချန်ကလည်း ထောက်ခံလိုက်သည်။

"ဟုတ်သားပဲ... ငါတို့ အမှားပါ... ဟား ဟား ဟား"

ရယ်မောသံများကြားတွင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ယန်ရှောင်ဘိုသည် မတ်တတ်ထရပ်ပြီး ကျန်းပေရန်ကို လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"ဆရာကျန်း... ပြောရမယ်ဆိုရင် ငါမင်းကို သေချာ ကျေးဇူးမတင်ရသေးဘူး... ရှန်မန်ဂိုဏ်း တိုက်ပွဲတုန်းက မင်းသာ ဆေးကုမပေးခဲ့ရင် ငါ့ရဲ့ မိတ်ဆွေဟောင်းတွေ အကုန်သေကုန်လောက်ပြီ"

ပြောပြီးသည်နှင့် ယန်ရှောင်ဘိုက ကျန်းပေရန်ကို ဦးညွှတ် ဂါရဝပြုလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ကျန်းပေရန်သည် ရှန်မန်ဂိုဏ်း တိုက်ပွဲကို ကောင်းကောင်း မှတ်မိသည်။ ထုန်နိုင်ငံ အနက်ရောင်သူတော်စင်များနှင့် ဂူကျင့်ကြံသူများ ပထမဆုံး အုပ်စုလိုက် တိုက်ခိုက်ခဲ့သော ပွဲဖြစ်သည်။ ရလဒ်ကတော့ အနက်ရောင်သူတော်စင်များ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။

ဒီ ယန်ဂိုဏ်းချုပ်ကို ကျန်းပေရန် သတိထားမိသည်။ ပုံမှန်အချိန်တွင် စကားနည်းသော်လည်း ယွမ်မြို့တွင် ကူလျန်ချန်ပြီးလျှင် သြဇာအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်ကြောင်း ကျန်းပေရန် မြင်သည်။

ကူလျန်ချန်သည် ကျန်းပေရန်ကို ကာကွယ်ရန် အမာခံ ခုနစ်ယောက် ရွေးချယ်ရာတွင် ယန်ရှောင်ဘိုကို ပထမဆုံး ရွေးချယ်ခဲ့သည်။

ဒါကို ကြည့်ခြင်းအားဖြင့် ဒီပုဂ္ဂိုလ်သည် ကျင့်ကြံခြင်းရော၊ ဂုဏ်သတင်းပါ ထုန်နိုင်ငံ၏ ထိပ်တန်းအဆင့် ဖြစ်ကြောင်း သိသာသည်။

ဒီလို ပုဂ္ဂိုလ်ကြီး တစ်ယောက်က ဦးညွှတ် ဂါရဝပြုသည်ကို မြင်သောအခါ ကျန်းပေရန်လည်း မတ်တတ်ထရပ်ပြီး ပြန်လည် ဂါရဝပြုလိုက်သည်။

"ယန်ဂိုဏ်းချုပ်က အားနာလွန်းပါပြီ... ရှေ့တန်းမှာ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေကြတဲ့ စီနီယာကြီးတွေနဲ့ ယှဉ်ရင် ကျွန်တော် လုပ်ခဲ့တာတွေက အသေးအဖွဲလေးပါ"

ယန်ရှောင်ဘို ခေါင်းမော့လာပြီး ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒီနေ့ တိုက်ပွဲမှာ ငါ..."

ယန်ရှောင်ဘို နောက်ထပ် အလံစိုက်တော့မည်ကို မြင်လိုက်ရသဖြင့် ကျန်းပေရန် အမြန် လက်ကာပြလိုက်သည်။

"တော်ပါတော့... လူကြီးမင်းတို့... ကျွန်တော်က လူကြီးမင်းတို့ကို ပြန်ပြီး ကောင်းကောင်း အိပ်စက်ခိုင်းတာက ဒီနေ့ တိုက်ပွဲအတွက် စိတ်မပူစေချင်လို့ပါ... ဒီနေ့အတွက် ကျွန်တော်တို့ အများကြီး ပြင်ဆင်ခဲ့ကြပြီးပြီ... မနက်ဖြန်ကျရင် သေချာပေါက် ရန်သူတွေကို ချေမှုန်းနိုင်ပြီး အောင်ပွဲခံနိုင်မှာပါ"

ကျန်းပေရန်၏ စကားကို ကြားသောအခါ ချောင်ကျင်းဟွာက ရယ်မောလိုက်သည်။

"ဟေ့... ဒီကုသိုလ်ကို ငါ မယူရဲဘူးနော်... ပြင်ဆင်မှု အားလုံးကို ဆရာကျန်းနဲ့ အဆင့်ကိုး ပညာရှင်ကြီးတွေပဲ လုပ်ခဲ့ကြတာ... ငါ အမှန်အတိုင်း ဝန်ခံရရင် ငါ့ဘဝမှာ လေးစားတဲ့သူ သိပ်မရှိဘူး... ဒါပေမဲ့ ဆရာကျန်းကိုတော့ ငါ တကယ် လေးစားတယ်"

ချောင်ကျင်းဟွာက ရှေ့မှ အရက်ခွက်ကို မော့သောက်လိုက်သည်။

"အရင်တုန်းက လူတွေ ပြောကြတယ်... လက်မှုပညာတွေက သိပ်အရေးကြီးတယ် ဆိုပြီးတော့... ငါကတော့ တစ်ခွန်းမှ နားမဝင်ခဲ့ဘူး... နောက်ဆုံးကျရင် ဘယ်သူ လက်သီး ပိုကြီးလဲ ဆိုတာနဲ့ပဲ ဆုံးဖြတ်ရတာ မဟုတ်ဘူးလား... ဒါကြောင့် ကျင့်ကြံချိန်ကို လျှော့ပြီး လက်မှုပညာ လိုက်စားတဲ့သူတွေကို ငါ လှောင်ပြောင်ခဲ့ဖူးတယ်"

ပြောရင်း ချောင်ကျင်းဟွာက ဘေးနားရှိ အနက်ရောင်သူတော်စင်များကို အရက်ခွက် မြှောက်ပြလိုက်သည်။

"ဒီနေ့ ငါ တောင်းပန်ပါတယ်ကွာ... လက်မှုပညာက တကယ် စွမ်းအားကြီးတာပါ... မင်းတို့ လေ့ကျင့်တာ မထိရောက်လို့သာ ငါက အသုံးမဝင်ဘူးလို့ ထင်ခဲ့မိတာ"

တောင်းပန်စကား ကြားရသော အနက်ရောင်သူတော်စင်များ မျက်နှာ ရှုံ့မဲ့သွားကြသည်။ ဘယ်လို ပြန်ပြောရမှန်း မသိအောင် ဖြစ်ကုန်ကြသည်။

ဒီလို စကားစမြည် ပြောရင်း ကျန်းပေရန်သည် အနက်ရောင်သူတော်စင်များနှင့် ပိုမို ရင်းနှီးလာသလို ခံစားလိုက်ရသည်။ သူတို့သည် ရှေးရိုးစွဲ အဘိုးကြီးများ၊ ကျင့်ကြံခြင်း ရူးသွပ်သူများ မဟုတ်ဘဲ သွေးနဲ့ ကိုယ်နဲ့ တည်ဆောက်ထားသော၊ ခံစားချက် ရှိသော လူသားများ ဖြစ်ကြောင်း သိရှိလာရသည်။

ဒါပေမဲ့ တစ်ချက်တော့ ရှိသည်။ ဒီလူတွေ လာကြတာ စကားလာပြောကြတာ မဟုတ်ဘူး။

ရှီဟုန်ယွင်၊ ကူလျန်ချန်တို့လိုပဲ သူ့ကို မျက်နှာလိုမျက်နှာရ လာလုပ်ကြတာ ဖြစ်သည်။ "ယာဉ်တိုက်မှု" ဖြစ်သွားလို့သာ ဟိုအကြောင်း ဒီအကြောင်း လျှောက်ပြောနေကြရခြင်း ဖြစ်သည်။

'ဟူး... တော်လွန်းတာလည်း ဒုက္ခပါပဲ...'

All Chapters