မြေကမ္ဘာအဆင့် အစီအရင်ကြီး
Vol. 53 Ch. 598
"ဒီလောက်ပါပဲကွာ... ဟိုအကောင်တွေ လာခါနီးနေပြီ"
ချန်အချိန် (နံနက် ၇ နာရီမှ ၉ နာရီ) ရောက်သည့်အခါ ချောင်ကျင်းဟွာသည် အရက်အိုးထဲရှိ အရက်များကို အကုန်မော့သောက်လိုက်ပြီး ပါးစပ်သုတ်ကာ ပြောလိုက်သည်။
အခြား အနက်ရောင်သူတော်စင်များကလည်း ထောက်ခံလိုက်ကြသည်။
"ဒီနေ့က သူတို့ကို နောက်ဆုံးအကြိမ် တွေ့ရတဲ့နေ့ ဖြစ်ပါစေကွာ"
"ဒါဆို မင်း ဒီနေ့ အားပိုစိုက်မှ ရမယ်"
"ငါက အမြဲတမ်း အားအစိုက်ဆုံးပါကွ"
"ဒါဆို ဒီနေ့ သေချာ ပြိုင်ကြမလား"
"ပြိုင်ရဲပါတယ်... ဟား ဟား ဟား ဟား"
...
ပျော်ရွှင်သော လေထုအောက်တွင် အနက်ရောင်သူတော်စင်များ ပျံသန်းစံအိမ်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြသည်။ ခြံဝင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
လေထုကောင်းအောင် ထွန်းညှိထားသော မီးပုံကို ငြှိမ်းသတ်လိုက်ပြီးနောက် ကျန်းပေရန် မတ်တတ်ရပ်ကာ အကြောဆန့်လိုက်သည်။
"နေရောင်ခြည်ကို မြင်တွေ့ရတော့မယ်"
ပြောပြီးသည်နှင့် ကျန်းပေရန်သည်လည်း ပျံသန်းစံအိမ်ပေါ်မှ ဆင်းကာ ကျင်းကျယ်အဆောင်သို့ ဦးတည်လိုက်သည်။
ဒီနေ့ ခံစစ်တိုက်ပွဲသည် ယခင်ရက်များနှင့် သိပ်မကွာခြားလှပေ။ ခြောက်နာရီကြာ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် အနက်ရောင်သူတော်စင်များသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များဖြင့် ကျင်းကျယ်အဆောင်သို့ ရောက်ရှိလာကြသည်။
ကျင်းကျယ်အဆောင်ထဲတွင် ကျန်းပေရန်သည် သူတို့အတွက် အရာအားလုံး အဆင်သင့် ပြင်ဆင်ပေးထားပြီး ဖြစ်သည်။
ကြယ်တာရာပြောင်း ဝတ်ရုံကို ဝတ်ဆင်သည်။ အံ့ဖွယ်အသံကွင်းကို တပ်ဆင်သည်။ ကျောက်စိမ်းပုစဉ်းကို ဝတ်ဆင်သည်။ နောက်ဆုံးတွင် ရှီးဟယ်ကို မျက်လုံးတွင် စည်းလိုက်သည်။
အနက်ရောင်သူတော်စင် အားလုံး အပြည့်အစုံ တပ်ဆင်ပြီးသွားကြပြီ။
ထို့နောက် ကျန်းပေရန်သည် အသစ်ဖော်စပ်ထားသော ရွှေကျီးကန်းဆေးလုံးကို အနက်ရောင်သူတော်စင်များအား ဝေငှပေးလိုက်သည်။
ရွှေကျီးကန်းဆေးလုံးဟု အမည်ပေးရခြင်းမှာ ဤဆေးလုံးကို ရွှေကျီးကန်း ဆေးပေါင်းအိုး ဖြင့်သာ ဖော်စပ်နိုင်သောကြောင့် ဖြစ်သည်။ အာနိသင်က ရိုးရှင်းပါသည်။
သောက်လိုက်သည်နှင့် မည်မျှ ပြင်းထန်သော ဒဏ်ရာမဆို ချက်ချင်း ပျောက်ကင်းသွားမည်။ ထို့အပြင် ဆေးလုံးသည် သောက်သုံးသူ၏ ခန္ဓာကိုယ်ထဲတွင် ဆက်လက် အာနိသင် ပြနေဦးမည် ဖြစ်ပြီး နောက်ထပ် ၂၄ နာရီအတွင်း သောက်သုံးသူ၏ ပြန်လည်ကုစားနိုင်စွမ်းကို အံ့မခန်း မြှင့်တင်ပေးထားမည် ဖြစ်သည်။
ဂူကျင့်ကြံသူများလောက် မမြန်ဆန်လျှင်တောင် သိပ်မကွာခြားတော့ပေ။
ပိုအရေးကြီးသည်မှာ ဤမျှ အစွမ်းထက်သော ဆေးလုံးတွင် ဘေးထွက်ဆိုးကျိုး နည်းပါးခြင်းပင်။ ထို့ကြောင့် ဖော်စပ်ပြီးသည်နှင့် ကျန်းပေရန် အပါအဝင် အဆင့်ကိုး ဆေးပညာရှင် ခြောက်ဦးစလုံးက ဤဆေးလုံးကို မြေကမ္ဘာအဆင့် ဆေးလုံးအဖြစ် သတ်မှတ်ခဲ့ကြသည်။
အားနည်းချက် တစ်ခုတော့ ရှိသည်။ ဖော်စပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ အလွန် ရှားပါးခြင်းပင် ဖြစ်ကာထုန်နိုင်ငံ ဘဏ္ဍာတိုက် တစ်ခုလုံးနှင့် အနက်ရောင်သူတော်စင်များ၏ သိုလှောင်လက်စွပ်များကို မွှေနှောက်ပြီးမှ ဆေးလုံး သုံးလေးဆယ်ခန့်သာ ရရှိခဲ့သည်။ တစ်ယောက် တစ်လုံးနှုန်းသာ ပေးနိုင်သည့် ပမာဏ ဖြစ်သည်။
ရွှေကျီးကန်းဆေးလုံးကို မျိုချလိုက်သည်နှင့် ပင်ပန်းနွမ်းနယ်နေသော အနက်ရောင်သူတော်စင်များ ချက်ချင်း အားအင်ပြည့်ဝလာပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ လှိုင်းထန်လာသည်။
"ဆရာကျန်း... နောက်တစ်ခါ ဒီဆေးလုံးမျိုး ထပ်ဖော်စပ်နိုင်ရင် ကျွန်တော် မြေကမ္ဘာအဆင့် ရတနာနဲ့ လဲမယ်ဗျာ"
"ဟေ့ကောင်... ငါ့စကား ဖြတ်ပြောတာလား... ဆရာကျန်း... သူ့စကား နားမထောင်နဲ့... သူက ကတိမတည်တတ်ဘူး... နောက်တစ်ခါ ဒီလို ဆေးလုံး ရရင် ကျွန်တော့်ဆီ လာခဲ့... ဆရာကျန်း စိတ်တိုင်းကျ ဈေးပေးမယ်"
"အရှင်ရွှီ... ထမင်းကိုသာ ရမ်းစားပါ... စကားကို ရမ်းမပြောပါနဲ့... ငါ ဘယ်တုန်းက ကတိမတည်ဖူးလို့လဲ"
...
အနက်ရောင်သူတော်စင်များ စကားနိုင်လုနေကြသည်ကို ကြည့်ပြီး ကူလျန်ချန် လက်ကာပြလိုက်သည်။ "ကဲ... တော်ကြပါတော့... အားအင်တွေကို ဂူကျင့်ကြံသူတွေအတွက် ချန်ထားကြပါဦး... ဒီနေ့ အခက်အခဲကို အရင် ကျော်ဖြတ်ပြီးမှ အနာဂတ်အကြောင်း ဆွေးနွေးကြတာပေါ့"
ဆုန်ရှန်းမင်သည် ကြယ်တာရာပြောင်း ဝတ်ရုံကို ခါလိုက်ပြီး ရယ်မောလိုက်သည်။
"ပြောပြီးသား ဆိုပေမယ့် ထပ်ပြောလိုက်ဦးမယ်... ဒီဝတ်ရုံသာ ရှိရင် ဂူကျင့်ကြံသူ ဘယ်လောက်များများ လာပါစေ... အဘိုးကြီး အကုန်ရှင်းပစ်လိုက်မယ်"
"ဟုတ်ပါ့... ဝိညာဉ်စွမ်းအင်ကို စိတ်ကြိုက် စုပ်ယူလို့ မရတာ ကြာပြီ... ဆရာကျန်းရဲ့ လက်ရာက တကယ် ကောင်းတာပဲ"
"ဒီရတနာတွေနဲ့ဆိုရင်... ဒီနေ့ ဘယ်သူက ငါ့ကို တားနိုင်မလဲ ကြည့်ချင်သေးတယ်"
...
အဘိုးကြီးများ လူငယ်လေးတွေလို စိတ်ဓာတ် တက်ကြွနေသည်ကို ကြည့်ပြီး ကျန်းပေရန် ပြောလိုက်သည်။
"လူကြီးမင်းတို့ အဆင်သင့် ဖြစ်ပြီဆိုရင်... ချက်ချင်း ထွက်ခွာပြီး ဟိုအကောင်တွေကို အံ့အားသင့်အောင် သွားလုပ်ကြတာပေါ့"
"သွားစို့"
အနက်ရောင်သူတော်စင်များ ခြံရံလျက် ကျန်းပေရန်သည် မြို့တံခါးဘက်သို့ တိုက်ရိုက် မသွားဘဲ ယွမ်မြို့ အလယ်ဗဟိုသို့ ဦးစွာ သွားရောက်လိုက်သည်။
ထိုနေရာတွင် အမိန့်တော် ၆၄ ခု ထွင်းထုထားသော ဧကရာဇ်ခေါင်းလောင်းတစ်ခု ရှိနေသည်။
ယန်ကွမ်းချင်း၏ အရိပ်လမင်း စေတီထဲတွင် ထားရှိသော ဂိုဏ်းချုပ် ရတနာထက် ပိုမို ရှားပါးပြီး ပိုမို စွမ်းအားကြီးမားသည်။
မှန်သည်။ ဤ ဧကရာဇ်ခေါင်းလောင်းကို ကျန်းပေရန် ဖန်တီးခဲ့ခြင်း မဟုတ်ပေ။
စီတုကျစ်၏ လျှို့ဝှက် သိမ်းဆည်းထားသော ရတနာ ဖြစ်သည်။
ယန်ကွမ်းချင်း၏ ဧကရာဇ်ခေါင်းလောင်းသည် အမိန့်တော် ၃၈ ခုသာ ပါရှိပြီး ဓာတ်ကြီးငါးပါးကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိသည်။
စီတုကျစ်၏ ဧကရာဇ်ခေါင်းလောင်းသည်ကား အမိန့်တော် ၆၄ ခု ပါရှိပြီး အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ယင်နှင့် ယန်ကို ထိန်းညှိနိုင်ခြင်း၊ ဓာတ်ကြီးငါးပါးကို တည်ဆောက်နိုင်ခြင်း၊ ဝိညာဉ်သွေးကြော အသစ်တစ်ခုကိုပင် ဖန်တီးနိုင်ခြင်း စသည့် စွမ်းရည်များ ရှိသည်။
ရန်ကွမ်းချင်း၏ ခေါင်းလောင်းသည် စည်းမျဉ်းများကို ဖျက်ဆီးခြင်း ဖြစ်ပြီး စီတုကျစ်၏ ခေါင်းလောင်းသည် စည်းမျဉ်းများကို တည်ဆောက်ခြင်း ဖြစ်သည်။
ဒုတိယ ခေါင်းလောင်းက ပထမ ခေါင်းလောင်းထက် များစွာ သာလွန်သည်။
လွန်ခဲ့သော နှစ်များစွာက စီတုကျစ်သည် ဤခေါင်းလောင်းကို အသုံးပြုပြီး အံ့ဖွယ်နဂါးတိုက်ကြီး တစ်ခုလုံးကို တုန်လှုပ်စေခဲ့သော နိုင်ငံကာကွယ်ရေး အစီအရင်ကြီးကို တည်ဆောက်ခဲ့ဖူးသည်။
ဤခေါင်းလောင်း ရှိနေခြင်းနှင့် အဆင့်ကိုး အစီအရင် ပညာရှင် လေးဦး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် လဝက်ခန့် အချိန်အတွင်းမှာပင် မြေကမ္ဘာအဆင့် အစီအရင်ကြီး တစ်ခုကို ဖန်တီးနိုင်ခဲ့ကြသည်။
အမည်မှာ - "ကောင်းကင်မြေကြီး ပြောင်းပြန်လှန် အစီအရင်" ။
အချိန်သာ ပိုရလျှင် ကောင်းကင်အဆင့် အစီအရင် ဖြစ်လာနိုင်သည်ဟု ကျန်းပေရန် ယုံကြည်သည်။
"ဟူး..."
သက်ပြင်းရှည်ကြီး ချလိုက်ပြီး ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ခုကို ထုတ်ယူကာ အပေါ်သို့ ပစ်တင်လိုက်သည်။
"လောင်ကျွမ်းစေ"
ရွတ်ဖတ်လိုက်သည်နှင့် အဆောင်သည် ဝေဟင်သို့ ပျံတက်သွားပြီး "ဒုန်း" ကနဲ ပေါက်ကွဲသွားသည်။
မြို့လယ်ခေါင်မှ "အချက်ပြမှု" ကို မြင်လိုက်ရသောအခါ အရှေ့၊ အနောက်၊ တောင် ဘက်တံခါးများတွင် စောင့်ဆိုင်းနေသော အဆင့်ကိုး အစီအရင် ပညာရှင် သုံးဦးသည် သူတို့၏ အစွမ်းအထက်ဆုံး မှော်ရတနာများကို ထုတ်ယူကာ ပြိုင်တူ ရွတ်ဖတ်လိုက်ကြသည်။
"သုံးခု၊ ငါးခု၊ တစ်ခု... နေသုံးစင်း၊ ဓာတ်ကြီးငါးပါး... တစ်ခုတည်းသော စွမ်းအင်..."
"နေသုံးစင်း ဆိုသည်မှာ မီးသုံးပါးတည်း... အဆီအနှစ်သည် ပြည်သူ့မီး၊ ဝိညာဉ်စွမ်းအင်သည် မှူးမတ်မီး၊ နှလုံးသားသည် ဘုရင်မီး..."
"မီးဖြင့် ဝိညာဉ်စွမ်းအင်ကို သန့်စင်စေ... ဝိညာဉ်စွမ်းအင်ဖြင့် စိတ်ဝိညာဉ်ကို ပွေ့ဖက်စေ... ထာဝရလှိုင်းတံပိုးတွင် တည်မြဲပါစေ..."
"ဖန်ဆင်းခြင်း... နတ်ဘုရားလိပ်"
အရပ်မျက်နှာ သုံးခုမှ ခရမ်းရောင် အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားသည်ကို ကြည့်ပြီး ကျန်းပေရန်လည်း အရပ်ငါးမျက်နှာ ဓားပျံ တစ်ချောင်းကို ထုတ်ယူကာ ရွတ်ဖတ်လိုက်သည်။
"သဘောသဘာဝသည် တောင်ဘက်မှ မြွေနီ... အသက်သည် မြောက်ဘက်မှ လိပ်နက်..."
"လိပ်နှင့် မြွေ ရစ်ပတ်စေ... စွမ်းအင်နှစ်ခု ပေါင်းစပ်စေ..."
"စွမ်းအင် တစ်ခုတည်းအဖြစ် စီးဆင်းစေ... အထက်အောက် နေရာအနှံ့ ပျံ့နှံ့စေ..."
"အစစ်အမှန် တည်မြဲခြင်း လမ်းစဉ် ဖြစ်ပေသည်"
"ဒေါင်"
ကျန်းပေရန် ရွတ်ဖတ်မှု ပြီးဆုံးသည်နှင့် ဧကရာဇ်ခေါင်းလောင်းမှ ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ယွမ်မြို့အထက် ကောင်းကင်ယံတွင် လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားပြီး အဆောင်ပေါင်း သောင်းချီ ကောင်းကင်သို့ ပျံတက်သွားကာ နေရောင်ကိုပင် ဖုံးကွယ်လိုက်သည်။
ကျန်းပေရန်၏ လမ်းညွှန်မှုအောက်တွင် အဆောင်များသည် စစ်တပ်တစ်တပ်အလား နေရာယူလိုက်ကြပြီး ကြီးမားသော ရှေးဟောင်း စာလုံးကြီးများ အဖြစ် ပြောင်းလဲသွားကြသည်။
"ကာကွယ်စေ"
မြေကမ္ဘာ ခြေလှမ်း လှမ်းလိုက်ပြီး ကျန်းပေရန် အော်ဟစ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် အဆောင်များအားလုံး အလင်းစက်လေးများ အဖြစ် ပြောင်းလဲကာ အပေါ်သို့ လွင့်ပျံသွားကြသည်။ ကောင်းကင်ယံတွင် လိပ်နက် ပုံရိပ်ကြီး တစ်ခု တဖြည်းဖြည်း ပီပြင်လာသည်။
လိပ်နက်ပုံရိပ် လုံးဝ ပီပြင်လာသည်နှင့် ရုတ်တရက် ပေါက်ကွဲသွားပြန်သည်။
အလင်းစက်လေးများ အဖြစ် ပြန်ပြောင်းသွားပြီး ယွမ်မြို့ပေါ်သို့ ဖြန့်ကျက် ကျရောက်လာသည်။
အစီအရင် အောင်မြင်ပြီ။
လက်ထဲမှ အရပ်ငါးမျက်နှာ ဓားပျံကို ပြန်သိမ်းလိုက်ပြီး ကျန်းပေရန် သက်ပြင်းချလိုက်သည်။ အခြား ပညာရှင်ကြီး သုံးဦး ကူညီပေးသော်လည်း ဤမျှကြီးမားသော အစီအရင်ကြီးကို တည်ဆောက်ရသည်မှာ ဝိညာဉ်စွမ်းအင် အများအပြား ကုန်ဆုံးစေသည်။
ဤ အစီအရင်ကို တည်ဆောက်ရခြင်း အကြောင်းရင်းမှာ ယွမ်မြို့ရှိ အနက်ရောင်သူတော်စင် အားလုံး အပြင်ထွက် တိုက်ခိုက်ကြမည် ဖြစ်သောကြောင့် ဖြစ်သည်။
ကျန်းပေရန်၏ အမြင်တွင် အနက်ရောင်သူတော်စင် အနည်းငယ် ချန်ထားခဲ့ရုံဖြင့် အရာမထင်ပေ။ ထို့ကြောင့် အားလုံး အပြင်ထွက် တိုက်ခိုက်ပြီး တန်ပြန်တိုက်စစ်၏ အောင်မြင်နိုင်စွမ်းကို မြှင့်တင်ခြင်းက ပိုကောင်းသည်။ ယွမ်မြို့ ကာကွယ်ရေးကိုတော့ မြို့စောင့် အစီအရင်ကြီးကို လွှဲအပ်လိုက်ခြင်း ဖြစ်သည်။
ဂူကျင့်ကြံသူများ၏ တိုက်ခိုက်နိုင်စွမ်းကို တွေ့မြင်ပြီးနောက် ကျန်းပေရန်နှင့် စီတုကျစ်တို့သည် ဤ ကောင်းကင်မြေကြီး ပြောင်းပြန်လှန် အစီအရင်က သူတို့ကို တားဆီးနိုင်မည်ဟု ယုံကြည်ထားကြသည်။
"လူကြီးမင်းတို့... အစီအရင် ပြီးသွားပြီ... ထွက်ခွာကြစို့"
ပြောပြီးသည်နှင့် ကျန်းပေရန်သည် ရှီဖုန်းလန် မောင်းနှင်လာသော ပျံသန်းစံအိမ်ပေါ်သို့ တက်လိုက်သည်။ အနက်ရောင်သူတော်စင်များသည်လည်း လျင်မြန်စွာ တန်းစီလိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားကြသည်။
ဒီနေ့ကို သူတို့ စောင့်မျှော်နေခဲ့တာ ကြာပြီ။
နှုတ်ဆက်ပွဲ မရှိ၊ အခမ်းအနား မရှိ။ ထုန်နိုင်ငံ၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးမည့် တန်ပြန်တိုက်စစ်ကြီး စတင်လေပြီ။
ယွမ်မြို့နှင့် ဝေးကွာသွားသည့်တိုင် စနစ်ထံမှ မည်သည့် သတိပေးချက်မျှ ပေါ်မလာပေ။
ဒါသည် ကျန်းပေရန်အတွက် ကောင်းသော နိမိတ်လက္ခဏာ ဖြစ်သည်။ သူ့ပြင်ဆင်မှုများ ထိရောက်မှု ရှိကြောင်း၊ ဂူကျင့်ကြံသူများနှင့် ထိပ်တိုက် ရင်ဆိုင်ရန် လုံလောက်ကြောင်း ပြသနေသည်။
ယုံကြည်ချက် အပြည့် ရှိနေပြီ။
ကျန်းပေရန်၏ ပျံသန်းစံအိမ်ကို ဗဟိုပြုလျက် အနက်ရောင်သူတော်စင်များသည် စစ်ကြောင်းဖြန့်ကာ ထူထပ်သော အဆိပ်မြူများကြားသို့ တိုးဝင်သွားကြသည်။
ပုံမှန်ဆိုလျှင် အနက်ရောင်သူတော်စင်များ၏ အာရုံခံစားမှုများ လျော့နည်းသွားမည် ဖြစ်သော်လည်း ရှီးဟယ် ရှိနေသဖြင့် အာရုံခံစားမှုများ ပိတ်ဆို့မခံရသည့်အပြင် နေရောင်အောက် ရောက်နေသကဲ့သို့ ခံစားနေကြရသည်။
သာမန်အချိန်များတွင် ရိုးရှင်းသော ခံစားမှုလေး ဖြစ်သော်လည်း ယခုအချိန်တွင်မူ အနက်ရောင်သူတော်စင်များကို စိတ်အားတက်ကြွစေသည်။
ရှေ့ဆုံးမှ ပျံသန်းနေသူမှာ ချန်ယန်ချင်း ဖြစ်သည်။ မူလက ဒီနေရာကို ချောင်ကျင်းဟွာ လိုချင်သော်လည်း ကူလျန်ချန်က သူ့ကို အမာခံ ခုနစ်ဦး စာရင်းထဲ ထည့်လိုက်သဖြင့် ဝမ်းနည်းစွာ နောက်ဆုတ်ပေးလိုက်ရသည်။
ထို့ကြောင့် ချန်ယန်ချင်းက ကိုယ်တိုင် အာမခံပြီး ရှေ့ဆုံးနေရာကို ရယူလိုက်ခြင်း ဖြစ်သည်။
သတ်မှတ်လမ်းကြောင်းအတိုင်း အရှိန်ပြင်းပြင်း ပျံသန်းနေစဉ် ချန်ယန်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ရှေ့တွင် ချောင်းမြောင်းနေသူ ရှိကြောင်း ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်သည်။
"လာစမ်းပါ"
ချန်ယန်ချင်း ဟားတိုက် ရယ်မောလိုက်ပြီး အရှိန်မြှင့်ကာ ချောင်းမြောင်းကွင်းထဲသို့ တိုးဝင်သွားလိုက်သည်။
အဆိပ်မြူများကြားတွင် ဇောက်ထိုး တွဲလောင်းကျနေသော တောင်ပံပါ ဂူကျင့်ကြံသူ တစ်ဦးသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဘယ်ဘက်သို့ စူးရှစွာ ကြည့်လိုက်သည်။
'ဘာဖြစ်တာလဲ'
သူ ဒီနေရာမှာ စောင့်နေရတာ ကြာပြီ။ စိတ်ညစ်နေပြီ။
တိုက်ခိုက်ရတာ ကြိုက်သူ ဖြစ်သဖြင့် လူသားတွေ မြို့ထဲကနေ ထွက်မလာရဲဘူး ဆိုတာ သူ သိသည်။ လူသားတွေ ထွက်မလာရင် သူ တိုက်ခိုက်ရမှာ မဟုတ်ဘူး။ ဒါက သူ့ကို နေမထိထိုင်မသာ ဖြစ်စေသည်။
နေရာပြောင်းပေးဖို့၊ တိုက်ပွဲထဲ ဝင်ပါဖို့ သူ့ဘုရင်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အကြိမ်ကြိမ် ပယ်ချခံခဲ့ရသည်။ မတတ်သာသည့်အဆုံး ဒီနေရာမှာပဲ ငြီးငွေ့စွာ စောင့်နေရသည်။
ဒါပေမဲ့ ဒီနေ့... အလွန် စွမ်းအားကြီးမားသော အရှိန်အဝါ တစ်ခု သူ့ဘက်သို့ ပျံသန်းလာနေသည်ကို အာရုံခံမိလိုက်သည်။ တည့်တည့်ကြီး လာနေခြင်း ဖြစ်သည်။
ထူးဆန်းနေစဉ်မှာပင် ရွှေရောင် ဓားပျံကြီး တစ်ချောင်းက သူ့ရင်ဘတ်ကို ဖောက်ထွက်သွားသည်။ ထို့နောက် မိုးစက်မိုးပေါက်များအလား များပြားလှသော ဓားပျံများ ကျရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ဆန်ခါပေါက် ဖြစ်အောင် ထိုးစိုက်သွားကြသည်။
သို့သော် ဓားပေါင်းများစွာ အထိုးခံရသော်လည်း တောင်ပံပါ ဂူကျင့်ကြံသူသည် နာကျင်မှု မရှိပေ။ ခန္ဓာကိုယ်ကို တစ်ချက်ခါလိုက်သည်နှင့် စိုက်ဝင်နေသော ရွှေရောင် ဓားပျံများသည် ခရမ်းရောင် အငွေ့များအဖြစ် ပြောင်းလဲကာ ပျက်စီးသွားကြသည်။
ဒါပေမဲ့ ဓားမိုးရွာတာက ရပ်မသွားဘူး။ ပျက်စီးသွားသော ဓားများအစား နောက်ထပ် ဓားထောင်ပေါင်းများစွာ ရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်၊ လက်မောင်း၊ ခြေထောက်နှင့် ဦးခေါင်းတို့ကို ထပ်ခါထပ်ခါ ထိုးဖောက်နေကြသည်။
"အူး..."
တိုက်ခိုက်ခံနေရသော တောင်ပံပါ ဂူကျင့်ကြံသူသည် ထူးဆန်းသော အသံကြီး တစ်ခု အော်ဟစ်လိုက်သည်။
ဘာဖြစ်နေလဲ သေချာ မသိသေးပေမယ့် တစ်ချက်တော့ သေချာသည်။ ကျင့်ကြံသူတွေ ထွက်လာကြပြီ။
အော်ဟစ်ပြီးနောက် တောင်ပံပါ ဂူကျင့်ကြံသူသည် ရက်စက်သော အပြုံးတစ်ခု ပြုံးလိုက်သည်။ ဒီတစ်ခေါက် တိုက်ပွဲမှာ သူ ပါရတော့မှာ မဟုတ်ဘူးလို့ ထင်နေတာ။ ဒီလူသား ကျင့်ကြံသူတွေက သိပ်အ လွန်းတယ်။ သေလမ်းကို ကိုယ်တိုင် ရှာပြီး လာကြတာပဲ။
ရယ်မောနေစဉ်မှာပင် နောက်ထပ် ရွှေရောင် ဓားပျံကြီး တစ်ချောင်း သူ့ရင်ဘတ်ကို ဖောက်ဝင်သွားပြန်သည်။
ထုံးစံအတိုင်း ဂရုမစိုက်ဘဲ ပစ်မှတ်ကို ချိန်ရွယ်ကာ တောင်ပံခတ်ပြီး ထိုးဆင်းရန် ပြင်လိုက်စဉ် ရင်ဘတ်ထဲမှ ဓားပျံသည် ရုတ်တရက် ရွှေရောင် "အင်္ကျီ" ကို ချွတ်လိုက်ပြီး မိစ္ဆာနှိမ်နင်းကျောက် စီချယ်ထားသော မြေကမ္ဘာအဆင့် ရတနာ ဓားတစ်ချောင်း အဖြစ် ပြောင်းလဲသွားသည်။
"ဝုန်း"
တောင်ပံပါ ဂူကျင့်ကြံသူ အခြေအနေကို နားမလည်လိုက်ခင် ဓားပေါ်တွင် တပ်ဆင်ထားသော အံ့ဖွယ်အသံကွင်းမှ နားကွဲမတတ် စူးရှသော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။
ဝိညာဉ်စွမ်းအင် တုန်ခါမှုအောက်တွင် ထိုအသံ၏ စွမ်းအားသည် အဆပေါင်းများစွာ မြင့်တက်သွားပြီး အနက်ရောင်သူတော်စင်များပင် မခံနိုင်သော ထိုးဖောက်နိုင်စွမ်းဖြင့် ဂူကျင့်ကြံသူ၏ ဦးနှောက်ထဲသို့ တိုးဝင်သွားသည်။
တစ်ခဏချင်းမှာပင် တောင်ပံပါ ဂူကျင့်ကြံသူသည် သူ့ဝိညာဉ် တုန်ခါသွားသလို ခံစားလိုက်ရပြီး ကာလကြာရှည် ပျောက်ဆုံးနေသော နာကျင်မှု ဝေဒနာကို တစ်ကိုယ်လုံး၌ ခံစားလိုက်ရသည်။
"အား..."
ဓားမိုးရွာနေဆဲ အခြေအနေအောက်တွင် ဂူကျင့်ကြံသူသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ ခရမ်းရောင် သွေးများ ရေပိုက်ခေါင်း ဖွင့်ချလိုက်သကဲ့သို့ ပန်းထွက်လာသည်။
အခြေအနေ မဟန်မှန်း သိလိုက်သဖြင့် တောင်ပံပါ ဂူကျင့်ကြံသူသည် ခန္ဓာကိုယ်တွင်းမှ "ရှောင်ချီ" များကို ထုတ်လွှတ်ပြီး အနက်ရောင် အကာအကွယ် တစ်ခု ဖန်တီးလိုက်သည်။
အကာအကွယ်က ဓားမိုးကို တားဆီးပေးလိုက်ပြီးနောက် ခန္ဓာကိုယ်ပေါ် စိုက်ဝင်နေသော ဓားများကို ရှောင်ချီဖြင့် စားသုံးဖျက်ဆီးလိုက်သည်။ သို့သော် ရင်ဘတ်ထဲ စိုက်ဝင်နေသော "မိစ္ဆာတစ်သောင်း ဓား" ကိုမူ ဘာမှ မလုပ်နိုင်ပေ။
ထို့ကြောင့် ဓားရိုးကို ကိုင်ပြီး ဆွဲထုတ်လိုက်သည်။
ရင်ဘတ်မှ သွေးများ ဒလဟော စီးကျနေသည်ကို ကြည့်ပြီး တောင်ပံပါ ဂူကျင့်ကြံသူ ဒေါသထွက်သွားသည်။
"မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"
"ဘာဖြစ်တာလဲ"
ထိုအချိန်တွင် အမြီးခြောက်ချောင်းပါသော ဂူကျင့်ကြံသူ တစ်ဦး ရောက်လာပြီး မေးလိုက်သည်။
"ဘာလို့ မင်းတစ်ကောင်တည်း လာတာလဲ"
တောင်ပံပါ ဂူကျင့်ကြံသူ ဒေါသတကြီး မေးလိုက်သည်။
"မင်း ပျင်းလို့ လျှောက်အော်နေတာ မှတ်လို့... ဘာဖြစ်..."
"သောက်ကျိုးနည်း ကျင့်ကြံသူတွေ ပြန်တိုက်နေပြီ... မြန်မြန်သွား... နောက်ထပ် လူတွေ ခေါ်ခဲ့... ပြီးရင် ဘုရင့်ကို သွားလျှောက်တင်လိုက်... မြန်မြန်"
အမြီးခြောက်ချောင်း ဂူကျင့်ကြံသူသည် ရွှေရောင် ဓားပျံနှစ်ချောင်းကို ရိုက်ထုတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ငါ သွားလိုက်မယ်"
"နေဦး"
အမြီးခြောက်ချောင်း ဂူကျင့်ကြံသူ လှည့်ထွက်သွားရန် ပြင်လိုက်စဉ် တောင်ပံပါ ဂူကျင့်ကြံသူသည် ရုတ်တရက် လက်ကို မြှောက်ပြီး မိမိ၏ ခေါင်းကို ဖျစ်ညှစ်ကာ ဖောက်ခွဲပစ်လိုက်သည်။
ချက်ချင်းပင် ဝိညာဉ်တုန်ခါမှု ခံစားချက် လျော့နည်းသွားပြီး ဒဏ်ရာများလည်း မျက်စိရှေ့မှာပင် ပြန်လည် ကောင်းမွန်လာသည်။
"ဒီဓားကို ဘုရင်ဆီ ယူသွားပေး... ငါတို့ အမုန်းဆုံး အသံတွေ ထုတ်ပေးနိုင်တယ်"
အမြီးခြောက်ချောင်း ဂူကျင့်ကြံသူ မျက်လုံး ပြူးကျယ်သွားသည်။
"ကျင့်ကြံသူတွေက..."
"မြန်မြန်သွား"
"အေး"
အမြီးခြောက်ချောင်း ဂူကျင့်ကြံသူ ထွက်ခွာသွားသည့်အခါ တောင်ပံပါ ဂူကျင့်ကြံသူ၏ လည်ပင်းပေါ်တွင် ခေါင်းသစ်တစ်လုံး ပြန်ပေါက်လာသည်။
"မင်းမှာ ဘာစွမ်းရည်တွေ ကျန်သေးလဲ ကြည့်ရသေးတာပေါ့"
တောင်ပံ ခတ်လိုက်သည်နှင့် အလွန် စွမ်းအားကြီးမားသော ရှောင်ချီများ ထွက်ပေါ်လာပြီး အဆိပ်မြူများနှင့် ပေါင်းစပ်သွားကာ ခန္ဓာကိုယ်ကြီး ဖောင်းပွလာသည်။
"အူး..."
အော်ဟစ်သံနှင့်အတူ ခန္ဓာကိုယ်သည် နှစ်ဆ ကြီးထွားလာသည်။ မျက်လုံးများက ဓားပျံအတားအဆီးများကို ဖောက်ထွင်းပြီး သူ့ကို ဒဏ်ရာရစေခဲ့သော လူသား ကျင့်ကြံသူကို ရှာဖွေတွေ့ရှိလိုက်သည်။
"ပေးဆပ်ရမယ့်အချိန် ရောက်ပြီ... အပုပ်ကောင်"
ပြောပြောဆိုဆိုနှင့် တောင်ပံများကို ဖြန့်ကားလိုက်ပြီး အားယူကာ ကျုံ့လိုက်သည်။
သို့သော် သူ ပျံသန်းရန် ပြင်လိုက်စဉ်မှာပင် ခုနက ထွက်သွားသော အမြီးခြောက်ချောင်း ဂူကျင့်ကြံသူ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။ မဟုတ်ဘူး... ပြန်ရောက်လာတာ မဟုတ်ဘူး... ဟိုဓားကြီးက ဆွဲခေါ်လာတာ။
မိစ္ဆာတစ်သောင်း ဓားဖြင့် ရင်ဘတ်ကို ဖောက်ထွင်းခံထားရသော အမြီးခြောက်ချောင်း ဂူကျင့်ကြံသူကို ကြည့်ပြီး တောင်ပံပါ ဂူကျင့်ကြံသူ အံ့သြတကြီး မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
အမြီးခြောက်ချောင်း ဂူကျင့်ကြံသူက ချက်ချင်း ပြန်ဖြေသည်။
"ဒီရတနာက တော်တော် စွမ်းတယ်... ငါ့ကို ကူပါဦး... မြန်မြန် ကူပါဦး"