← Chapters

အလှည့်အပြောင်း

Vol. 53 Ch. 599

အလှည့်အပြောင်း

Vol. 53 Ch. 599

တောင်ပံပါ ဂူကျင့်ကြံသူကဲ့သို့သော "ကင်းစခန်း" မျိုး တစ်ခုတည်း ရှိသည် မဟုတ်ပေ။

ချန်ယန်ချင်း ဦးဆောင်ပြီး ပြေးထွက်သွားသည့် အချိန်မှစ၍ နောက်ထပ် အနက်ရောင်သူတော်စင် ခြောက်ဦးသည်လည်း ဂူကျင့်ကြံသူများ၏ ချောင်းမြောင်းကွင်းများကို တိုက်ခိုက်ခဲ့ကြသည်။

လူသားများ ရုတ်တရက် တန်ပြန်တိုက်ခိုက်လာမည်ဟု မထင်ထားခြင်း၊ ဂူပိုးနှိမ်နင်းရေး ရတနာများ၏ စွမ်းအားကြီးမားခြင်းတို့ကြောင့် ဂူကျင့်ကြံသူများ၏ ကင်းစခန်း အားလုံး ဖိနှိပ်ခံလိုက်ရသည်။

ထို့ကြောင့် ကျန်းပေရန်ကို ဗဟိုပြုထားသော အဖွဲ့ကြီးသည် အထိအခိုက် အနည်းငယ်ဖြင့် ချောင်းမြောင်းကွင်းများကို ဖောက်ထွက်နိုင်ခဲ့သည်။

သို့သော် ကျန်းပေရန်ကို ကာကွယ်ပေးနေသော အနက်ရောင်သူတော်စင်များသည် ပေါ့ပေါ့ဆဆ မနေကြဘဲ ပိုမို လျင်မြန်သော အရှိန်ဖြင့် ရှီးဖုန်းရွာသို့ ဦးတည်သွားကြသည်။

လူတိုင်းက ဒီစစ်ဆင်ရေးကို အမြန်ဆုံး ပြီးမြောက်စေချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ချောင်းမြောင်းကွင်းများထဲသို့ ဝင်ရောက်တိုက်ခိုက်နေသော အနက်ရောင်သူတော်စင်များတွင် အင်မော်တယ်ခြေရာ စာလိပ်ပါရှိသော်လည်း ရာနှုန်းပြည့် စိတ်ချရသည် မဟုတ်သောကြောင့် ဖြစ်သည်။

လက်ရှိအချိန်တွင် ရှေ့ဆုံးမှ ပျံသန်းနေသူမှာ ယန်ယွီ ဖြစ်သည်။ သူသည် အာရုံစူးစိုက်မှု အပြည့်ဖြင့် ပတ်ဝန်းကျင် အခြေအနေကို ဝိညာဉ်အာရုံဖြင့် ထောက်လှမ်းနေသည်။

'ဒီတစ်ခေါက် တန်ပြန်တိုက်စစ်ဆင်တဲ့ အချိန်ကို ရွေးချယ်တာ တော်တော် မှန်ကန်တာပဲ'

ချောင်းမြောင်းကွင်းများကို ဖောက်ထွက်ပြီးနောက်ပိုင်း ယန်ယွီသည် အချိန်အတော်ကြာ ပျံသန်းခဲ့သော်လည်း ဂူကျင့်ကြံသူ တစ်ယောက်မှ လာရောက် ဟန့်တားခြင်း မရှိပေ။ ဒါသည် သူတို့ မျှော်လင့်ထားသည်ထက် ပိုမို ကောင်းမွန်သော အခြေအနေ ဖြစ်သည်။

သို့သော် ထိုပျော်ရွှင်မှုသည် ကြာရှည်မခံလိုက်ပေ။ အရပ်လေးမျက်နှာ၊ ရှစ်မျက်နှာမှ အန္တရာယ် အငွေ့အသက်များ ထွက်ပေါ်လာသည်ကို ယန်ယွီ အာရုံခံမိလိုက်သည်။

ဂူကျင့်ကြံသူ အများအပြားသည် အလွန် လျှင်မြန်သော အရှိန်ဖြင့် သူတို့ဘက်သို့ စုဝေးလာနေကြသည်။

သို့သော် ယန်ယွီ ထိတ်လန့်ခြင်း မရှိပေ။ ဤအခြေအနေကို မနေ့က အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီးသား ဖြစ်သည်။

အဆိပ်မြူများသည် အနက်ရောင်သူတော်စင်များ၏ ဆက်သွယ်ရေးကို ဖြတ်တောက်နိုင်သော်လည်း ဂူကျင့်ကြံသူများ၏ ဆက်သွယ်ရေးကို မဖြတ်တောက်နိုင်ပေ။ ထို့ကြောင့် ချောင်းမြောင်းကွင်းများကို လွယ်လွယ်ကူကူ ဖောက်ထွက်နိုင်လျှင်တောင် ဂူကျင့်ကြံသူများ၏ စစ်ကူများ ချက်ချင်း ရောက်လာမည်ကို ကျန်းပေရန် ကြိုတင်တွက်ဆထားသည်။

ဒီလို အခြေအနေမျိုး ကြုံလာရင် ဖြေရှင်းပုံက ရိုးရှင်းပါသည်။

ထိပ်တိုက် ရင်ဆိုင်ပြီး ဖောက်ထွက်ပစ်လိုက်ရုံပါပဲ။

အနောက်ဘက်နှင့် ဘေးဘက်မှ ဂူကျင့်ကြံသူများကို ဂရုမစိုက်ဘဲ ကာကွယ်ရေး အနက်ရောင်သူတော်စင် အားလုံး အရှေ့ဘက်ကိုသာ အားစိုက်ပြီး လမ်းဖွင့်ရမည်။ ရှီးဖုန်းရွာသို့ အမြန်ဆုံး ရောက်ရှိရေးသည် အဓိက ဖြစ်သည်။

"ဆရာစုန်း ... ညာဘက်က ကောင်တွေကို ကျွန်တော် ယူလိုက်မယ်... ဘယ်ဘက်ကို ဆရာ ရှင်းပေး"

ယန်ယွီ အန္တရာယ်ကို သတိထားမိသည်နှင့် တပြိုင်နက် အခြား အနက်ရောင်သူတော်စင်များလည်း အာရုံခံမိကြသည်။

ထို့ကြောင့် ကျန်းပေရန် ကြိုတင်ချမှတ်ပေးထားသော အစီအစဉ်အတိုင်း ရှေ့တည့်တည့်ကို အားကုန်သုံးပြီး ဖောက်ထွက်ကြတော့သည်။

ယန်ယွီ စကားမဆုံးခင်မှာပင် ဆုန်ရှန်းမင်သည် သူတို့နှစ်ယောက် အနောက်မှ ရောက်လာပြီး ပြောလိုက်သည်။

"အလယ်ကကောင်တွေကို ငါ တာဝန်ယူမယ်"

"ကောင်းပြီ... ဘယ်သူမဆို မနိုင်တော့ရင် အသံပြုလိုက်... ငါ ချက်ချင်း လာကူညီပေးမယ်"

"မင်းကိုယ်မင်း အရင် စိတ်ပူစမ်းပါကွာ"

"အဘိုးကြီး အရင် သွားနှင့်ပြီ"

ပြောပြီးသည်နှင့် အနက်ရောင်သူတော်စင် သုံးပါးသည် အလင်းတန်းများအသွင် ပြောင်းလဲကာ သုံးနေရာသို့ ခွဲထွက်သွားကြသည်။

အနက်ရောင်သူတော်စင် သုံးပါး အစွမ်းကုန် ထုတ်သုံးလိုက်သည့်အခါ ရှေ့မှ ပိတ်ဆို့နေသော ဂူကျင့်ကြံသူများသည် လုံးဝ ပြိုကွဲသွားပြီး ရှီးဖုန်းရွာသို့ သွားမည့် လမ်းကြောင်းကို မည်သို့မျှ မတားဆီးနိုင်တော့ပေ။

ဝါးကိုခွဲသကဲ့သို့ တားဆီးမရနိုင်သော အရှိန်အဟုန်…..

ရှီးဖုန်းရွာသည် ယွမ်မြို့နှင့် ဝေးကွာသော်လည်း ဟန့်တားမည့်သူ မရှိပါက အနက်ရောင်သူတော်စင်များ၏ အမြန်နှုန်းဖြင့် ခဏအတွင်း ရောက်ရှိနိုင်သည်။

"သိပ်ကောင်းတယ်"

ပျံသန်းစံအိမ်ပေါ်တွင် ရပ်နေသော ကျန်းပေရန် ချီးကျူးလိုက်မိသည်။

အစီအစဉ်သည် သူထင်ထားသည်ထက် ပိုမို ချောမွေ့နေသည်။ မူလက ရှီးဖုန်းရွာ မရောက်ခင် ကာကွယ်ရေး အနက်ရောင်သူတော်စင် ခုနစ်ယောက် မပြည့်တော့လျှင် ဘယ်လို လုပ်ရမလဲ ဆိုတာအထိ ကြိုတင်စဉ်းစားထားခဲ့သည်။

ယခု အခြေအနေကတော့ အများကြီး ပိုကောင်းနေသည်။

ရှီးဖုန်းရွာထဲသို့ ဆင်းသက်လိုက်သည့်အခါ ကျန်းပေရန်ကို ကာကွယ်ရန် တာဝန်ယူထားသော အနက်ရောင်သူတော်စင် ခုနစ်ယောက်မှလွဲ၍ ကျန်သူများအားလုံး နေရာအသီးသီးသို့ ခွဲထွက်သွားကြသည်။

နောက်က လိုက်လာမည့် ရန်သူများကို တားဆီးရန်၊ ကာကွယ်ရေး စည်းများ တည်ဆောက်ရန် ပြင်ဆင်ကြသည်။

အဘယ်ကြောင့်ဆိုသော် အခက်ခဲဆုံး တိုက်ပွဲက အခုမှ စတင်မည် ဖြစ်သောကြောင့်ပင် ခဏနေလျှင် ဂူကျင့်ကြံသူများ၏ စစ်ကူတပ်ဖွဲ့ကြီး ရောက်လာပြီး ဝိုင်းရံတိုက်ခိုက်တော့မည် ဖြစ်သည်။

ပျံသန်းစံအိမ် မြေပြင်သို့ ကျသည်နှင့် ကျန်းပေရန် အပြင်ထွက်လိုက်သည်။ ကောင်းကင်ယံမှ ပေါက်ကွဲသံများကို နားထောင်ရင်း သံသယ အဖြစ်ရဆုံး ရွာလေးကို လေ့လာကြည့်ရှုလိုက်သည်။

'ဒါတွေက... ပိုးအိမ် တွေလား'

ပထမဆုံး မြင်လိုက်ရသည်မှာ အရောင်အသွေး စုံလင်သော အသားတုံး ပိုးအိမ်များ ရွာအနှံ့ ပြည့်နှက်နေကာ ရွံရှာဖွယ်ရာ အသားလုံးကြီးများအလား နေရာတိုင်းတွင် ရှိနေပြီး ရံဖန်ရံခါ တုန်ခါနေသဖြင့် အသက်ရှိကြောင်း ပြသနေသည်။

'တကယ့်ကို ပြဿနာအကြီးကြီးပဲ'

ဂူအဆိပ် ရမှတ်များ တိုးပွားလာပြီးနောက် ကျန်းပေရန်သည် အဆိပ်မြူအကြောင်း ကောင်းကောင်း နားလည်လာပြီ ဖြစ်သည်။ ရှန့်တိုင်းပြည်တွင် ကြုံတွေ့ခဲ့ရသော အဆိပ်မြူ ဖြစ်ရပ်နှင့် နှိုင်းယှဉ်လိုက်သည့်အခါ ကပ်ဘေးကြီး၏ အရင်းအမြစ်သည် ရှုပ်ထွေးခြင်း မရှိကြောင်း သိရှိလိုက်ရသည်။ လူသားများကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်စွာ ယဇ်ပူဇော်ခြင်း ဖြစ်သည်။

ပြီးခဲ့သော တစ်ခေါက်က သာမန် တံငါရွာလေး တစ်ရွာကို ယဇ်ပူဇော်လိုက်ရုံဖြင့် ရှန့်တိုင်းပြည် တစ်ခုလုံး ဒုက္ခရောက်ခဲ့ရသည်။

ယခု ရှီးဖုန်းရွာတွင်တော့ ယွမ်ရို ဖမ်းဆီးလာသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။

ယွမ်ရိုသည် အနက်ရောင်သူတော်စင် အဆင့်ရှိသူ ဖြစ်ရာ သူပြောသော "ဂိုဏ်းငယ်လေးများ" ဆိုသည်မှာ အနက်ရောင်ဘုရင် အဆင့်များ အုပ်ချုပ်သော ဂိုဏ်းမျိုး မဟုတ်တန်ရာ။

အနက်ရောင်လေးစားဖွယ် အဆင့်များ အုပ်ချုပ်သော ဂိုဏ်းဆိုလျှင်တောင် ယွမ်ရို၏ မျက်လုံးထဲတွင် ဂိုဏ်းငယ်လေးသာ ဖြစ်နေလိမ့်မည်။

ထို့ကြောင့် ဤနေရာတွင် စွမ်းအားကြီး ကျင့်ကြံသူ ဘယ်လောက်များများ ယဇ်ပူဇော်ခံထားရသလဲ ဆိုတာ မည်သူမျှ မခန့်မှန်းနိုင်ပေ။

ဒါပေမဲ့ ဒီကပ်ဘေးကြီးကို ဖြေရှင်းနိုင်မယ့် သော့ချက်က ဒီနေရာမှာ ရှိနေတာတော့ သေချာသည်။

"ဆရာကျန်း... ဒီနေရာ ဟုတ်ရဲ့လား"

စိတ်အလောကြီးဆုံး ဖြစ်သူ ချောင်ကျင်းဟွာက မေးလိုက်သည်။

"မမှားပါဘူး... ဒီနေရာပါပဲ"

ကျန်းပေရန်ကို ကာကွယ်နေသော အနက်ရောင်သူတော်စင် ခုနစ်ပါးစလုံး ဝမ်းသာသွားကြသည်။ အစီအစဉ် ချောမွေ့နေသဖြင့် ပျော်ရွှင်နေကြခြင်း ဖြစ်သည်။

သို့သော် ကျန်းပေရန်ကတော့ သူတို့လောက် မပျော်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်ထိ ဘယ်က စရှင်းရမလဲ ဆိုတာ သဲလွန်စ မရသေးသောကြောင့် ဖြစ်သည်။ ဒီနေရာက အခြေအနေသည် ရှန့်တိုင်းပြည်က တံငါရွာလေးထက် အဆပေါင်းများစွာ ပိုဆိုးရွားနေသည်။ အစီအရင်ပဲ ကြည့်ကြည့်၊ ဂူပိုးတွေပဲ ကြည့်ကြည့်... အဆင့်အတန်းချင်း အများကြီး ကွာခြားနေသည်။

ကျန်းပေရန်အတွက် အချိန် သိပ်မကျန်တော့ပေ။

ဘယ်က စကိုင်ရမလဲဟု အပြင်းအထန် စဉ်းစားနေစဉ် နောက်ကျောဘက်မှ တုန်ရီနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ကျေး... ကျေးဇူးရှင်... ကျေးဇူးရှင် မဟုတ်လား"

အံ့သြသွားသဖြင့် ကျန်းပေရန် လှည့်ကြည့်လိုက်ရာ ဝိညာဉ်ပုံစံ လူတစ်ယောက်က သူ့ကို ဝမ်းသာအားရ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"တာဟူလား" ကျန်းပေရန်လည်း အံ့သြတကြီး ရေရွတ်လိုက်သည်။

ဒီနေရာမှာ မိတ်ဆွေဟောင်း (မဟုတ်ဘူး... မိတ်ဆွေသရဲ) တစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု ကျန်းပေရန် ထင်မှတ်မထားခဲ့ပေ။

ဒီတာဟူး ဆိုသော ဝိညာဉ်သည် ရှန့်တိုင်းပြည် တံငါရွာလေးတွင် ကျန်းပေရန်ကို လမ်းပြပေးခဲ့သူ ဖြစ်သည်။ သူ့ကျေးဇူးကြောင့် အလုပ်တွေ အများကြီး သက်သာခဲ့ရသည်။

ဒါပေမဲ့ အဲဒီကိစ္စ ပြီးသွားတုန်းက တာဟူက ရွာမှာပဲ ဆက်နေခဲ့တာလေ။ ဘယ်လိုလုပ် မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့ ထုန်နိုင်ငံကို ရောက်လာရတာလဲ။

ကျန်းပေရန်က သူ့နာမည် ခေါ်လိုက်သည်ကို ကြားသောအခါ တာဟူး ဝမ်းသာသွားသည်။

"ကျေးဇူးရှင်... ကျွန်တော် သိသားပဲ... ကျေးဇူးရှင်ကို ပြာဖြစ်သွားရင်တောင် မှတ်မိပါတယ်ဗျာ"

"......"

တာဟူး၏ စကားအသုံးအနှုန်းကို ဝေဖန်မနေတော့ဘဲ ကျန်းပေရန် လိုရင်းကို မေးလိုက်သည်။

"မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

စိတ်လှုပ်ရှားလွန်းသဖြင့် တာဟူး ခေါင်းကုတ်လိုက်ပြီး ပြန်ဖြေသည်။

"ကျေးဇူးရှင် ရွာက ထွက်သွားပြီးတဲ့နောက် ကျွန်တော် ရွာမှာပဲ နေ့ရောညပါ စောင့်နေခဲ့တယ်... တစ်ရက်ကျတော့ လူတစ်ယောက် ရောက်လာပြီး မြေကြီးထဲက အရိုးတစ်ချောင်း တူးယူသွားတယ်... ကြည့်လိုက်တာနဲ့ လူကောင်း မဟုတ်မှန်း သိသာနေတော့ ကျွန်တော် နောက်ယောင်ခံ လိုက်ခဲ့တယ်"

"အကြာကြီး လိုက်ကြည့်ပြီးတော့ ကျွန်တော် ထင်တာ မမှားဘူး ဆိုတာ သိလိုက်ရတယ်... သူက လူဆိုးပဲ... ကျွန်တော်တို့ ရွာကို ဖျက်ဆီးခဲ့တဲ့ တိရစ္ဆာန်ကောင်နဲ့ အတူတူပဲ... ပိုးကောင်တွေ မွေးပြီး လူတွေကို ဒုက္ခပေးတာချင်း တူတယ်"

ဒီနေရာအထိ နားထောင်ပြီးနောက် ကျန်းပေရန် အခြေအနေကို သဘောပေါက်သွားသည်။

သူ့ထင်မြင်ချက် မှန်ကန်ခဲ့သည်။ ရှန့်တိုင်းပြည်က အဆိပ်မြူ ကိစ္စသည် အစမ်းသဘော လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်မှု ပြီးသွားသည့်အခါ ရလဒ် လာယူမည့်သူ ရှိစမြဲဖြစ်ကာ တာဟူးက ရလဒ် လာယူသူနောက်ကို လိုက်ပါလာခြင်း ဖြစ်ပုံရသည်။

ကျန်းပေရန် တွေးတောနေစဉ် တာဟူးက ဆက်ပြောသည်။

"အဲဒီလူက လူတွေ အများကြီး ဖမ်းလာပြီး ဒီရွာထဲမှာ ချုပ်ထားတယ်... ပြီးတော့ သူတို့ ပါးစပ်ထဲကို ပိုးကောင်တွေ ထည့်တယ်... ကျွန်တော်တို့ ရွာကို ဖျက်ဆီးတဲ့ကောင်နဲ့ တစ်မျိုးတည်း ဆိုတာ သေချာသွားပြီ... ဒါနဲ့ ကျွန်တော် ကျေးဇူးရှင်ကို သွားရှာမလို့ လုပ်ပေမယ့်... ခရီးက ဝေးလွန်းတော့ အပြန်လမ်း မမှတ်မိတော့ဘူး"

"......"

သရဲ ဖြစ်ပေမယ့် လူက ပြောင်းလဲထားတာပဲလေ... လမ်းမှားတာ ဆန်းမှ မဆန်းဘဲ။

"ဒါနဲ့ မင်း ဒီမှာပဲ ဆက်နေဖြစ်သွားတာလား"

"ဟုတ်တယ်... ဘာကြောင့်လဲ မသိဘူး... ကျေးဇူးရှင်က ကျွန်တော်တို့ ရွာကို ကယ်တင်ပေးခဲ့သလို ဒီရွာကိုလည်း လာကယ်တင်ပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေမိတယ်... ဒါကြောင့် ဒီမှာပဲ စောင့်နေခဲ့တာ... တကယ်ပဲ ကျေးဇူးရှင် ရောက်လာတာပဲ"

တာဟူး စကားပြောနေစဉ် သူ့ခန္ဓာကိုယ် တုန်ခါနေသည်။ တော်တော်လေး စိတ်လှုပ်ရှားနေပုံရသည်။

ကျန်းပေရန်နှင့် တာဟူးတို့ စကားပြောနေသည်ကို ကြည့်ပြီး ကူလျန်ချန်တို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေမိကြသည်။ အရေးကြီးနေတဲ့ အချိန်မှာ ကျန်းပေရန်က ရပ်ပြီး စကားပြောနေလို့ ဖြစ်သည်။

သို့သော် ကျန်းပေရန် တစ်စုံတစ်ခုကို စဉ်းစားနေခြင်း ဖြစ်မည်ဟု ယူဆကာ မည်သူမျှ ဝင်မပြောရဲကြပေ။ ဘေးကနေ ရပ်ကြည့်ပြီး စိတ်ပူနေရုံသာ တတ်နိုင်ကြသည်။

တာဟူး ဘာကြောင့် ဒီရောက်နေလဲ ဆိုတာ သိရပြီ ဖြစ်သဖြင့် ကျန်းပေရန် မေးခွန်းထုတ်လိုက်သည်။

"ဒါဆို အဲဒီလူက ရွာထဲမှာ ဘာတွေ လုပ်ခဲ့လဲ ဆိုတာ အသေးစိတ် ပြောပြ"

မေးခွန်း ကြားသည်နှင့် တာဟူး အားတက်သွားသည်။ နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရသမျှ အကုန်ဖွင့်ထုတ်ခွင့် ရပြီ ဖြစ်သည်။

သူ ရောက်လာသည့် အချိန်မှစ၍ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို လက်ဟန်ခြေဟန်ဖြင့် ရှင်းပြတော့သည်။

"ဝုန်း" "ဝုန်း" "ဝုန်း"

ကောင်းကင်ယံတွင် ဝိညာဉ်စွမ်းအင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ အဆိပ်မြူများသည် ပင်လယ်လှိုင်းတံပိုးများအလား လှိမ့်ဝင်လာပြီး အနက်ရောင်သူတော်စင်များကို ဝါးမျိုပစ်ရန် ကြိုးစားနေသည်။

သို့သော် ကြယ်တာရာပြောင်း ဝတ်ရုံနှင့် ကျောက်စိမ်းပုစဉ်း ရှိနေသဖြင့် အနက်ရောင်သူတော်စင်များသည် အဆိပ်မြူများကို မကြောက်ဘဲ ပင်လယ်ပြင်ထက်မှ မီးပြတိုက်များအလား ကြံ့ကြံ့ခံ ရပ်တည်နေကြသည်။

ဂူကျင့်ကြံသူ စစ်ကူများ ပိုမို များပြားလာပြီး ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။

ဒီအခြေအနေကို ကြည့်ပြီး ကူလျန်ချန်တို့ ဝမ်းနည်းဝမ်းသာ ဖြစ်နေကြသည်။

ဝမ်းနည်းတာက တခြားသူတွေ ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်ပါ့မလား ဆိုပြီး စိုးရိမ်လို့ ဖြစ်သည်။ ဝမ်းသာတာကတော့ ဂူကျင့်ကြံသူတွေ ရူးသွပ်လေလေ သူတို့ နေရာမှန် ရောက်နေပြီ ဆိုတာ သေချာလေလေ ဖြစ်သည်။

ဒါပေမဲ့ ပြဿနာ တစ်ခု ရှိနေသေးသည်။

ကျန်းပေရန်က မလှုပ်မယှက် ရပ်နေတာ ကြာနေပြီ။ မျက်နှာထားကလည်း ပုံမှန်အတိုင်း ခံစားချက်မဲ့နေသဖြင့် ဘာတွေ ဖြစ်နေလဲ ခန့်မှန်းရ ခက်ခဲစေသည်။

ချောင်ကျင်းဟွာ မနေနိုင်တော့ဘဲ မေးရန် ပြင်လိုက်စဉ် ယန်ရှောင်ဘိုက ပါးစပ်ကို လှမ်းပိတ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။

ကျန်တဲ့ ငါးယောက်ကလည်း ခေါင်းခါပြကြသဖြင့် ချောင်ကျင်းဟွာ ငြိမ်နေလိုက်ရသည်။

"သွားကြစို့"

အားလုံး အသက်ရှူအောင့် စောင့်ဆိုင်းနေစဉ် ကျန်းပေရန် ရုတ်တရက် ပြောလိုက်သည်။

ကူလျန်ချန် သက်ပြင်းချလိုက်မိသည်။ ရင်ထဲတွင် အောင်မြင်မှု ရတော့မည်ဟူသော ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။

ကျန်းပေရန်၏ လေသံတွင် ယုံကြည်မှု အပြည့် ရှိနေခြင်းကြောင့် ဖြစ်သည်။

အရင်တုန်းကလည်း ကျန်းပေရန် ဒီလို လေသံမျိုးဖြင့် ပြောလိုက်တိုင်း ကိစ္စကြီးကြီးမားမားတွေ အဆင်ပြေသွားလေ့ ရှိသည်။

ကြာသွားရသည့် အကြောင်းရင်းမှာ တာဟူးကို အသေးစိတ် မေးမြန်းနေရသောကြောင့် ဖြစ်သည်။ အရေးကြီးတာ ရွေးပြောခိုင်းလို့ မရပေ။ သူပြောသမျှ နားထောင်ပြီးမှ ကိုယ်လိုချင်တာ ရွေးထုတ်ယူရသည်။

တာဟူး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှီးဖုန်းရွာတွင် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ ကျန်းပေရန် ကွက်ကွက်ကွင်းကွင်း သိမြင်လာရသည်။ ဘာဆက်လုပ်ရမလဲ ဆိုတာလည်း ရှင်းလင်းသွားပြီ။

'ပထမဆုံး ဒီ အသားတုံး ပိုးအိမ်တွေကို အရင် ရှင်းပစ်ရမယ်'

ကြီးမားသော ပိုးအိမ်တစ်ခု ရှေ့သို့ လျှောက်သွားလိုက်သည်။ အပေါ်ယံရှိ အကြောမျှင်များကို သေချာ ကြည့်ရှုပြီးနောက် ဖြည်းညှင်းစွာ လက်တင်လိုက်သည်။

"ဒုန်း ဒုန်း"

လက်တင်လိုက်သည်နှင့် ပိုးအိမ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။

ကူလျန်ချန်တို့ လန့်သွားပြီး ကျန်းပေရန်ကို ဝိုင်းကာလိုက်ကြသည်။

"ကိစ္စမရှိပါဘူး"

ကျန်းပေရန် လက်ကာပြလိုက်ပြီး ပိုးအိမ်ပေါ်သို့ လက်ပြန်တင်လိုက်သည်။

ပိုးအိမ်၏ တုန်ခါမှုကို ခဏကြာ အာရုံခံပြီးနောက် ကျန်းပေရန်သည် ဝိညာဉ်အာရုံကို လွှတ်ကာ အတွင်းပိုင်းကို စစ်ဆေးလိုက်သည်။ သို့သော် သွေးနှင့် အသားမှလွဲ၍ မည်သည့်အရာကိုမျှ မတွေ့ရှိရပေ။

'အသက်ရှိတဲ့ လက္ခဏာ မတွေ့ရပါလား'

ပိုးအိမ်တွေက အသက်ရှိတယ်လို့ ကျန်းပေရန် ထင်ထားခဲ့သော်လည်း အသက်ရှိသော လက္ခဏာ တစ်ခုမှ မပြသပေ။

'မဟုတ်ဘူး... ငါ သိထားတဲ့ အသက်ရှိ လက္ခဏာမျိုး မပြတာပဲ ဖြစ်မယ်'

ဒီအဆိပ်မြူ ကိစ္စတွင် ကျန်းပေရန် မသိနားမလည်သော အရာများစွာ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ဒီကိစ္စသည်လည်း သူ့ဗဟုသုတ ပြင်ပက အရာတစ်ခု ဖြစ်နိုင်သည်။

'စမ်းကြည့်လိုက်တာပေါ့'

အချိန်မရှိမှန်း သိသဖြင့် ကျန်းပေရန် အကြာကြီး စဉ်းစားမနေတော့ပေ။ ရှီးဖုန်းရွာ တစ်ခုလုံးကို ဝိညာဉ်အာရုံဖြင့် လွှမ်းခြုံလိုက်ပြီးနောက် ခေါင်းထဲတွင် နည်းလမ်းများစွာ ပေါ်လာသည်။ နောက်ဆုံးတွင် စိတ်အချရဆုံး နည်းလမ်းကို ရွေးချယ်လိုက်သည်။

အခြေအနေက အရေးကြီးမှန်း သိသော်လည်း ပိုအရေးကြီးလေ ပိုစိတ်အေးအေးထားလေ ဖြစ်မှသာ အမှားကင်းမည် ဖြစ်သည်။

"လူကြီးမင်းတို့... ကျွန်တော် ဒီနေရာက မကောင်းဆိုးဝါးတွေကို စတင် ချေမှုန်းတော့မယ်... အနှောင့်အယှက် လုံးဝ မခံနိုင်ပါဘူး... ကျွန်တော့်ကို ကာကွယ်ပေးဖို့ တာဝန်ယူပေးကြပါ"

ကူလျန်ချန် ပြုံးလိုက်သည်။

"စိတ်ချပါ... ငါတို့ အသက်ရှင်နေသရွေ့ မင်းရဲ့ ဆံပင်တစ်ချောင်းတောင် အထိမခံဘူး"

"ကောင်းပြီ... စီနီယာကူလျန် ဒီလိုပြောမှတော့ ကျွန်တော် စိတ်ချရပါပြီ"

ပြောပြီးသည်နှင့် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ နတ်ဘုရားလေးပါး မီးတောက်ပေတံကို ထုတ်ယူလိုက်သည်။

မထွက်ခွာမီက ရွှယ်ယုံချင်း၊ စီတုကျစ် နှင့် လင်ထုံ တို့သည် သူတို့ အမြတ်နိုးဆုံး မှော်ရတနာများကို ကျန်းပေရန်အား ငှားရမ်းပေးလိုက်ကြသည်။

တစ်ခုချင်းစီက ကျန်းပေရန် လိုချင်တောင့်တခဲ့ရသော ရတနာကောင်းများ ဖြစ်ကြသည်။

ဥပမာအားဖြင့် ယခု လက်ထဲတွင် ကိုင်ထားသော နတ်ဘုရားလေးပါး မီးတောက်ပေတံကဲ့သို့ ဖြစ်သည်။

မှော်ရတနာ အားလုံးထဲတွင် "ပေတံ" သည် မကောင်းဆိုးဝါး နှိမ်နင်းရာတွင် အကောင်းဆုံး လက်နက် ဖြစ်သည်။ ဒီ မီးတောက်ပေတံကတော့ ပေတံတွေထဲမှာ ထိပ်တန်းအဆင့် ဖြစ်သည်။

ပေတံဟု ခေါ်ရခြင်းမှာ အတိုင်းအတာ သတ်မှတ်ခြင်း၊ စည်းမျဉ်း သတ်မှတ်ခြင်း သဘောတရား ပါဝင်သောကြောင့် ဖြစ်သည်။

ပေတံ၏ အောက်တွင် မကောင်းဆိုးဝါးများ၊ သရဲတစ္ဆေများ စိတ်တိုင်းကျ သောင်းကျန်းခွင့် မရှိပေ။ ဥပဒေ ရှိရမည်၊ ကောင်းကင် ရှိရမည်။

ယခု ရှီးဖုန်းရွာထဲတွင် မကောင်းဆိုးဝါး စွမ်းအင်များ လျှံကျနေပြီ ဖြစ်ရာ ၎င်းတို့ကို ချေမှုန်းရန်အတွက် ပထမဆုံး အဆင့်အနေဖြင့် သူတို့ကို ကိုယ့်စကား နားထောင်အောင် အရင် လုပ်ရမည်။ ပြီးမှ နောက်တစ်ဆင့် တက်လို့ရမည်။

"သတ္တဝါ အပေါင်းကို ဆုံးမခြင်းသည် ရည်ရွယ်ချက်ကို ခိုင်မာစေခြင်း ဖြစ်သည်..."

"ဆုံးမခြင်းသည် ကယ်တင်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ဘဝသစ် ပေးခြင်း ဖြစ်သည်..."

"ကိုးပါး၊ ခြောက်ပါး သတ္တဝါများ... သဘောတရားကို နားလည်နိုင်သူများ..."

"မြင့်မြတ်သော လမ်းစဉ်ကို လက်ဆင့်ကမ်းနိုင်သည်..."

ကျန်းပေရန် ရွတ်ဖတ်လိုက်သည်နှင့် ပေတံပေါ်ရှိ အင်းကွက်များ တစ်ခုပြီးတစ်ခု လင်းလက်လာသည်။ တစ်ချိန်တည်းမှာပင် ပိုးအိမ်များ၏ တုန်ခါနှုန်း သိသိသာသာ မြန်ဆန်လာသည်။

'ထင်တဲ့အတိုင်းပဲ... အသက်မရှိတဲ့ အရာတွေ မဟုတ်ဘူး'

ပေတံ အစွမ်းပြနေသည်ကို မြင်သောအခါ ကျန်းပေရန်သည် သတ္တဝါအပေါင်း မန္တန်ကို ဆက်လက် ရွတ်ဖတ်ရင်း သိုလှောင်လက်စွပ်ထဲမှ တရားကြာပွတ် အချို့ကို ထုတ်ယူလိုက်သည်။

တရားကြာပွတ်ကို မကောင်းဆိုးဝါး နှိမ်နင်းရာတွင် ပေတံနှင့် တွဲဖက် အသုံးပြုလေ့ရှိသည်။

တစ်ခါတလေကျရင် မကောင်းဆိုးဝါးတွေကို ပါးစပ်နဲ့ ပြောလို့ မရဘူးလေ။

နာအောင် လုပ်ပေးမှ မှတ်ကြတာမျိုး။

All Chapters