← Chapters

အခန်း (၁၄၉၁-၁၄၉၂)

Vol. 113 Ch. 1491-1492

အခန်း (၁၄၉၁-၁၄၉၂)

Vol. 113 Ch. 1491-1492

အခန်း ၁၄၉၁ - ပြတ်တောက်သွားသော စန္ဒရားသံ

"ဘုရင်အဖွဲ့အစည်းကလူတွေ ပေါ်လာကြပြီ သူတို့က သုံးယောက်တစ်ဖွဲ့ဖွဲ့ပြီး ဟဲယင်အာ ဝမ်ချာလင်းနဲ့ လူကျိဝမ် သုံးယောက်ကို ခွဲပြီး တိုက်ခိုက်နေကြတယ် ဟဲယင်အာက ဘာမှမဖြစ်ပေမယ့် သူ့ကိုကာကွယ်ပေးဖို့ တာဝန်ယူထားတဲ့ ကျိုးဒန်ကတော့ အဆက်အသွယ် လုံးဝပြတ်တောက်သွားပြီ ဘုရင်အဖွဲ့အစည်းကလူတွေ သတ်လိုက်တာများလား ဝမ်ချာလင်းလည်း ပျောက်နေတယ် သဘာဝလွန်နယ်မြေတစ်ခုခုထဲ ဆွဲခေါ်ခံလိုက်ရပြီး သေရှင် မသိတာ ဖြစ်နေလောက်တယ်။"

မကြာမီတွင် ထိုသုံးဦး တိုက်ခိုက်ခံရသည့် သတင်းသည် ခေါင်းဆောင်များကြား၌ ပျံ့နှံ့သွားတော့သည်။

ထိုသို့သော အဖြစ်အပျက်မျိုးကို ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း တကယ်တမ်း သတင်းကြားလိုက်ရသည့်အခါတွင်မူ အံ့သြထိတ်လန့်မှုကို ခံစားရစေသည်။

"သောက်ကျိုးနည်းကွာ ဒီကောင်တွေ တော်တော်ယုတ်မာတာပဲ ဒီလိုအရေးကြီးတဲ့အချိန်မှာ သုံးယောက်ပေါင်းပြီး ခေါင်းဆောင်တစ်ယောက်ကို ဝိုင်းတိုက်တယ်ဆိုတာ သက်သက်မဲ့ အသေသတ်ချင်တာပဲ ဒါပေမယ့် တစ်ဖက်က ဘုရင်ကိုးပါးတောင် တစ်ပြိုင်နက် လှုပ်ရှားလာတယ်ဆိုတော့ သူတို့ဘက်မှာ ကျန်တဲ့လူ သိပ်မရှိတော့ဘူးဆိုတဲ့ သဘောပဲ ဘယ်သူ့ကို ဘုရင်တွေ ပစ်မှတ်မထားဘူးလဲဆိုတာ ကြည့်ပြီး ချက်ချင်း သွားကူညီလိုက်ကြ"

လျိုစန်းသည် ဒေါသတကြီးဖြင့် သတင်းစကား ပေးပို့လိုက်သည်။

သူသည် သွားရောက်ကူညီလိုသော်လည်း စိတ်သာရှိပြီး လူကမတတ်နိုင် ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရင်တစ်ပါး၏ တိုက်ခိုက်ပိတ်ဆို့ခြင်းကို ခံနေရသောကြောင့်ဖြစ်သည်။

ထိုဘုရင်သည် အဖိုးအိုတစ်ဦးဖြစ်ပြီး ခြောက်သွေ့နေသော လက်မောင်းတစ်ဖက်ကို မြှောက်ထားသည်။

ယခင်က ရှန်းကျန်းဆိပ်ကမ်းတွင် ပေါ်လာဖူးပြီး ယန်ကျန့်နှင့် လက်ရည်ယှဉ်ခဲ့ဖူးသူ ဖြစ်သည်။ သူ၏ ခြောက်သွေ့နေသော လက်ပေါ်တွင် မမြင်ရသော ခေါင်းတလားတစ်လုံးကို ထမ်းထားသည်။ ထိုလက်ကို ချလိုက်သည့်အချိန်ကျမှသာ ခေါင်းတလားသည် ပေါ်လာတတ်သည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေဆိုးတစ်ကောင်လည်း လွတ်မြောက်လာမည် ဖြစ်သည်။

ယခုအချိန်တွင် လျိုစန်းသည် ထိုသို့သော ပြဿနာကြီးတစ်ခုနှင့် အချိန်အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်နေရတော့သည်။

"ငါ ဒီကနေ ခွာလို့မရဘူး ငါ သဘာဝလွန်ဖြစ်ရပ်တစ်ခုထဲ ရောက်နေတယ် ပြီးတော့ တစ္ဆေက ငါ့ဘေးနားမှာတင် ရှိနေပြီး ငါ့ကို မျက်စိဒေါက်ထောက် ကြည့်နေတယ် တကယ်လို့ ငါက ဇွတ်အတင်းထွက်ပြီး လာကူမယ်ဆိုရင် ဒီတစ္ဆေရဲ့ တိုက်ခိုက်တာကို ခံရလိမ့်မယ် အဲဒီကျရင် ဒီနေရာမှာတင် သေသွားနိုင်တယ်။"

လီလဲ့ဖိန်က သတင်းစကား ပေးပို့လိုက်ပြီး သူ မတတ်နိုင်ကြောင်း အသိပေးလိုက်သည်။

သူ ရင်ဆိုင်နေရသော တစ္ဆေဆိုးမှာ သာမန်မဟုတ်သည်မှာ ထင်ရှားသည်။ အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။

"ဟယ်ယွဲ့လျန်က လူကျိဝမ်ဆီကို ကူညီဖို့ သွားပြီ ဘာမှမဖြစ်လောက်ပါဘူး ဟဲယင်အာဘက်မှာလည်း ဝိညာဉ်ခေါ်တာ အောင်မြင်သွားပြီ တစ်ဖက်က ဘုရင်နှစ်ပါးကိုတောင် အောင်မြင်စွာ မြှုပ်နှံလိုက်နိုင်ပြီ ယန်ကျန့်လည်း အဲဒီကို လိုက်သွားပြီဆိုတော့ ကိစ္စမရှိလောက်တော့ဘူး အခု ဝမ်ချာလင်းဘက်မှာပဲ ပြဿနာရှိနေတာ သူပျောက်နေတာ အတော်ကြာပြီ မသိရသေးတဲ့ သဘာဝလွန်နယ်မြေတစ်ခုထဲမှာ ပိတ်မိနေတာဆိုတော့ သွားကူညီဖို့တောင် နည်းနည်း ခက်ခဲလိမ့်မယ်။"

လင်းပေက သတင်းစကား ပေးပို့လိုက်သည်။

"ဒါပေမယ့် ငါ့ဘက်မှာတော့ မကြာခင် လှုပ်ရှားလို့ရတော့မယ် ငါ တစ္ဆေတစ်ကောင်ကို ထိန်းချုပ်ထားနိုင်ပြီ ဖမ်းချုပ်ဖို့ပဲ ကျန်တော့တယ် ပြီးတော့ မင်းတို့ကို တစ်ခု သတိပေးချင်တာက တစ်ဖက်က လှုပ်ရှားတဲ့ အရေအတွက်က ငါတို့ ထင်ထားတာထက် ပိုများတယ် ဘုရင်ဆိုတဲ့ အရေအတွက်က ၁၅ ယောက်မက ရှိနိုင်တယ်။"

"အားလုံးပဲ စိတ်မပူကြနဲ့ ငါတို့ဘက်မှာလည်း ပြင်ပအကူအညီ ရှိတယ် အခြေအနေက ထိန်းချုပ်လို့ရတဲ့ အတိုင်းအတာအတွင်းမှာ ရှိသေးတယ်။"

စကားပြောသူမှာ လီယန်ဖြစ်ပြီး သူသည် ခုနစ်ယောက်အဖွဲ့ ဖြစ်သောကြောင့် ကံကောင်းထောက်မစွာပင် ဘုရင်များ၏ ပစ်မှတ်ထားခြင်းကို မခံခဲ့ရပေ။

ဘုရင်များ၏ အမြင်တွင် သူတို့အဖွဲ့သည် အရေးမပါဟု ယူဆခံရကာ အခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိဟု ထင်မြင်သောကြောင့် လစ်လျူရှုခံခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လက်တွေ့တွင်မူ သူတို့အဖွဲ့၏ စွမ်းရည်မှာ အားမနည်းလှပေ။ အကယ်၍ ဘုရင်တစ်ပါးသာ သူတို့နှင့် ဇွတ်တိုးမိပါက လီယန်တို့အဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်ချေ ရှိသည်။

"ပြင်ပအကူအညီ ဟုတ်လား မင်းက ရဲကျန့်ကို ပြောတာလား ဒါမှမဟုတ် ပြန်လွတ်လာတဲ့ ကျန်းရှန့်ကွမ်းကို ပြောတာလား နှစ်ယောက်စလုံးက အရိပ်အယောင်တောင် မတွေ့ရဘူး ဘယ်ရောက်နေမှန်းလည်း မသိရဘူး ထွက်ပြေးသွားတာလည်း ဖြစ်နိုင်တယ် ထွက်မပြေးရင်တောင်မှ ငါတို့နဲ့ ပူးပေါင်းမဆောင်ရွက်ရင်လည်း အလကားပဲ သူတို့က အရေးကြီးတဲ့ အချိန်ကျရင် ဘာမှသုံးစားလို့ရမှာ မဟုတ်ဘူး။"

လင်းပေသည် အနည်းငယ် ဒေါသထွက်နေသည်။

သို့သော် သူ၏ သတင်းစကား ထွက်သွားသည်နှင့် တပြိုင်နက် လင်းပေ တာဝန်ယူထားသည့် ဧရိယာအတွင်း၌ တေးသွားသံတစ်သံ ပျံ့လွင့်လာသည်။ ထိုအသံမှာ စန္ဒရားတီးခတ်သံ ဖြစ်သော်လည်း အနှစ်မဲ့ပြီး ထူးဆန်းအံ့ဖွယ် ဖြစ်နေသည်။ ဆက်နားထောင်နေမိပါက မကောင်းသော ကိစ္စတစ်ခုခု ဖြစ်ပျက်လာတော့မည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

"ဘုရင်အဖွဲ့အစည်းက စန္ဒရားဆရာလား ဒီကောင်လည်း ထွက်လာတာလား။"

လင်းပေ၏ မျက်နှာထား တင်းမာသွားသည်။ ယန်ကျန့်နှင့် စန္ဒရားဆရာတို့ တိုက်ခိုက်ခဲ့ဖူးသည်ကို သူ မှတ်မိနေသည်။ သို့သော် တစ်ဖက်လူကို သတ်ဖြတ်၍ မရနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ကျိန်စာသင့် စန္ဒရားနှင့် ဆက်နွှယ်နေပြီး လက်တွေ့ကမ္ဘာတွင် တည်ရှိမနေသောကြောင့် မည်သို့မျှ ဖြေရှင်း၍ မရနိုင်ခဲ့ခြင်း ဖြစ်သည်။

"စန္ဒရားသံက ဒီဧရိယာမှာပဲ ကြားနေရတယ် တခြားနေရာတွေမှာ မကြားရဘူးဆိုတော့ ငါ့ကို ပစ်မှတ်ထားလိုက်တာလား ဒါပေမယ့် ဘုရင်တစ်ပါးတည်း လာတယ်ဆိုတော့ ငါ့ကို သတ်ချင်တာထက်စာရင် တိုက်ခိုက်ခံနေရတဲ့ အဖွဲ့ဝင်တွေကို သွားမကူညီနိုင်အောင် ငါ့ကို ဆွဲထားချင်တဲ့သဘောပဲ"

လင်းပေ ထိုသို့ တွေးတောနေစဉ်….

တိတ်ဆိတ်နေသော လမ်းဆုံတစ်ခုတွင်….

ထိုနေရာသည် မှောင်မိုက်နေပြီး လူသူကင်းမဲ့နေကာ နေရာအနှံ့တွင် သေခြင်းတရား၏ အငွေ့အသက်များ လွှမ်းခြုံနေသည်။ မကြာခင် အချိန်လေးတုန်းကသာ စည်ကားသော မြို့ပြနေရာတစ်ခု ဖြစ်ခဲ့သော်လည်း တစ်နာရီပင် မပြည့်သေးသော အချိန်အတွင်း လုံးဝ ပြောင်းလဲသွားခဲ့သည်။

ရုတ်တရက် မည်သည့်အချိန်က စတင်လိုက်သည် မသိရဘဲ လမ်းဆုံ၏ အလယ်တည့်တည့်တွင် လူတစ်ယောက် ရောက်ရှိနေသည်။ ထိုသူ၏ ပုံသဏ္ဌာန်မှာ ဝါးတားတားဖြစ်ပြီး သိပ်မထင်ရှားပေ။ ယခုအချိန်တွင် သူသည် ဟောင်းနွမ်းနေသော စန္ဒရားတစ်လုံး၏ ရှေ့တွင်ထိုင်ကာ အလွန် အာရုံစိုက်၍ တီးခတ်နေသည်။

ထို ဟောင်းနွမ်းနေသော စန္ဒရားသည် လမ်းဆုံအလယ်တွင် ရှိနေပြီး အလွန် ထင်ရှားပြတ်သားနေသည်။ အနည်းငယ်မျှပင် ဝါးတားတား ဖြစ်မနေဘဲ လက်လှမ်း၍ ထိတွေ့နိုင်မည့်ပုံ ပေါက်နေသည်။

သို့သော် ဤနေရာ၌ လူတစ်ယောက် ထိုင်ပြီး စန္ဒရားတီးနေသည်မှာ မည်သည့် အကြောင်းကြောင့် ဖြစ်သည်ကို မည်သူမျှ ရှင်းပြနိုင်ခြင်း မရှိပေ။

နားဆင်မည့် ပရိသတ် မရှိသော်လည်း စန္ဒရားဆရာသည် လက်ချောင်းများကို မရပ်တန့်ဘဲ ပြောပြ၍မရနိုင်အောင် ထူးဆန်းသော တေးသွားတစ်ပုဒ်ကို တီးခတ်နေဆဲဖြစ်သည်။

ထိုဂီတသံ ပျံ့လွင့်နေသမျှ ကြားရသူမှန်သမျှသည် ကျိန်စာသင့်ခံရပြီး သဘာဝလွန်အရာများကို ဖိတ်ခေါ်မိကာ နောက်ဆုံးတွင် ဆိုးရွားစွာ သေဆုံးရလိမ့်မည်။

ထိုဂီတသံက နားမဆင်သင့်သော တားမြစ်တေးသွား ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဤတားမြစ်စန္ဒရားသံသည် လင်းပေတစ်ယောက်တည်းအတွက်သာ တီးခတ်နေခြင်း ဖြစ်သည်။ လင်းပေသာ ဤအသံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် အနီးအနားရှိ တစ္ဆေဆိုးများ၏ ပစ်မှတ်ထားခြင်းကို ခံရမည်ဖြစ်ပြီး ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။ အကယ်၍သာ ဘေးပတ်ဝန်းကျင်ရှိ တစ္ဆေဆိုးများ၏ တိုက်ခိုက်မှုကို သူ မခုခံနိုင်ပါက လင်းပေသည် အသက်ပါ ဆုံးရှုံးသွားနိုင်သည်။

ဖျော်ဖြေမှုက ဆက်လက် ဖြစ်ပေါ်နေသည်။

စန္ဒရားဆရာသည် ခေါင်းကို အနည်းငယ် မော့ထားပြီး မျက်လုံးများကို မှိတ်ကာ သူ့ကမ္ဘာနှင့်သူ စီးမျောနေသည်။

"နိုင်ငံခြား သီချင်းတွေကို ငါ သိပ်နားမလည်ဘူး ငါက တရုတ်တယောသံကို ပိုကြိုက်တယ်။"

သို့သော် သဟဇာတမဖြစ်သော အသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာပြီး လမ်းဆုံ၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ထူးဆန်းသော တေးသွားမှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

စန္ဒရားဆရာ၏ မျက်နှာထား တင်းမာသွားပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ သူသည် ထိုအသံ၏ အရင်းအမြစ်ကို ရှာဖွေရန် ဘေးပတ်ဝန်းကျင်ကို လျင်မြန်စွာ ဝေ့ဝဲကြည့်လိုက်သည်။

သို့သော် လမ်းဆုံအနီးတဝိုက်တွင် လူသူကင်းမဲ့နေဆဲဖြစ်ပြီး မည်သူ့အရိပ်အယောင်ကိုမျှ မတွေ့ရပေ။

"မင်းက ဌာနချုပ်က ခေါင်းဆောင် မဟုတ်လောက်ဘူး မင်း ဘယ်သူလဲ"

စန္ဒရားဆရာသည် ချက်ချင်း မေးမြန်းလိုက်သည်။ တစ်ဖက်မှ စစ်ကူလာမည့်သတင်းကို သူ မရရှိထားသောကြောင့် သူ့အနီးအနားတွင် ပေါ်လာသော တစ္ဆေဆရာသည် စီမံချက်ပြင်ပမှ လူတစ်ယောက် ဖြစ်မည်ဟု သံသယဝင်နေသည်။

"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး အရေးကြီးတာက အခု ငါတို့က ရန်သူတွေ ဖြစ်နေတာပဲ"

ထိုအသံ ပဲ့တင်ထပ်လာသည်။ အသံလာရာ လမ်းကြောင်းအရ သူတို့နှစ်ဦးကြား အကွာအဝေးမှာ သိပ်မဝေးလှပေ။

နောက်ကျောဘက် ၁၀ မီတာခန့်အကွာတွင် ရှိနေပုံရသည်။

သို့သော် စန္ဒရားဆရာ လှည့်ကြည့်လိုက်သည့်အခါ လူကို မတွေ့ရဘဲ ရှင်းလင်းနေသော ကားလမ်းမကိုသာ တွေ့လိုက်ရသည်။

"ပတ်ဝန်းကျင်က အရမ်းမှောင်နေလို့ မင်း ငါ့ကို မမြင်ရတာပါ အလင်းရောင် နည်းနည်းပေးလိုက်ရင် ငါ့ကို ရှာတွေ့ပါလိမ့်မယ်။"

ထိုအသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လေးလံသော ခြေသံတစ်သံသည် စန္ဒရားဆရာ၏ အနောက်ဘက်တွင် ပေါ်လာသည်။ ခြေသံနှင့်အတူ ထူးဆန်းသော အသံတစ်သံလည်း ကပ်ပါလာသည်။

ထိုထူးဆန်းသော အသံသည် ထူးခြားမှုရှိပြီး သတ္တုတစ်ခုခုကို မြေကြီးနှင့် တရွတ်တိုက်ဆွဲလာသည့် အသံမျိုး ဖြစ်သည်။

"မမြင်ရတဲ့ လူတစ်ယောက်က ငါ့ဆီ လာနေတာလား။"

စန္ဒရားဆရာ၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာပြီး ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို အာရုံခံမိလိုက်သည်။

မူလက ချောမွေ့နေသော တီးခတ်မှုသည် ကမောက်ကမ ဖြစ်သွားပြီး ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေသော ဂီတသံသည်လည်း ယခုအချိန်တွင် သိပ်ပြီး ထူးဆန်းမနေတော့ပေ။

စန္ဒရားဆရာသည် ဖယောင်းတိုင်ခွက်တစ်ခုကို မီးညှိလိုက်သည်။ သို့သော် ထိုခွက်ပေါ်တွင် လောင်ကျွမ်းနေသည်မှာ ဖယောင်းတိုင် မဟုတ်ဘဲ ခြောက်သွေ့နေသော အလောင်းကောင် လက်ချောင်း တစ်ချောင်း ဖြစ်သည်။ ထိုလက်ချောင်းကို မီးညှိလိုက်ပြီးနောက် ထူးဆန်းသော မီးရောင် ထွက်ပေါ်လာသည်။ ထိုမီးရောင်သည် သူ၏ မျက်နှာပေါ်သို့ ဟပ်သွားပြီး မျက်နှာပေါ်ရှိ အသားအရေများ ပျောက်ကွယ်သွားကာ ပုပ်ပွနေသော မျက်နှာကို ပေါ်လာစေသည်။

"ထွက်ခဲ့စမ်း"

စန္ဒရားဆရာသည် မီးခွက်ကို ကိုင်ကာ နောက်သို့ လှည့်ကြည့်လိုက်ရာ ထူးဆန်းသော မီးရောင်က နောက်ကျောဘက်ကို လင်းထိန်သွားစေသည်။

ထိုမီးရောင်အောက်တွင် မူလက မရှိခဲ့သော လူတစ်ယောက်သည် သူ့မျက်စိရှေ့တွင် လျင်မြန်စွာ ပေါ်လာသည်။ ထိုသူသည် အသက် ၃၀ ခန့်သာ ရှိပုံရပြီး စိမ်းသက်သော ရုပ်ရည်ရှိကာ မည်သည့်ခေါင်းဆောင်မှ မဟုတ်ပေ။ ပြီးတော့ သူ့လက်ထဲတွင် ဟောင်းနွမ်းနေသော ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ စောစောက ကြားလိုက်ရသော သတ္တုပွတ်တိုက်သံမှာ ထိုဓားမကြီးကို လမ်းပေါ်တွင် တရွတ်တိုက်ဆွဲလာသည့် အသံဖြစ်သည်။

"မင်းက အိပ်မက်ဆိုးရဲတိုက်ထဲက လူပဲ"

ခေတ္တမျှ အံ့သြသွားပြီးနောက် စန္ဒရားဆရာက ထိုလူကို မှတ်မိသွားသည်။

ဘုရင်အဖွဲ့အစည်းရှေ့တွင် ပေါ်လာဖူးသော စွမ်းအားကြီး တစ္ဆေဆရာ မှန်သမျှကို သူတို့ မှတ်မိနေကြသည်။ လူချင်း မတွေ့ဖူးလျှင်ပင် သက်ဆိုင်ရာ သတင်းအချက်အလက်များ ရှိထားပြီးဖြစ်သည်။

သို့သော် ကျန်းရှန့်ကွမ်းက ပြန်မဖြေဘဲ လက်ကိုမြှောက်ကာ ဓားဖြင့် ခုတ်ချလိုက်သည်။

နောက်တစ်ခဏတွင် ထူးဆန်းသော လက်ချောင်းမီးခွက်သည် မြေပြင်ပေါ်သို့ ကျသွားပြီး နှစ်ပိုင်းပြတ်သွားသည်။ ထို့နောက် မြို့ပြကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်နေသော ထူးဆန်းသည့် စန္ဒရားသံသည်လည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။

စန္ဒရားဆရာ၏ မြင်ကွင်းရှိ ကမ္ဘာကြီးသည် အပိုင်းပိုင်း ကွဲထွက်သွားသကဲ့သို့ ဖြစ်သွားသည်။ ကွဲထွက်သွားသော အစိတ်အပိုင်းတိုင်းတွင် ကျန်းရှန့်ကွမ်း တစ်ယောက်စီ ရပ်နေသည်ကို မြင်လိုက်ရပြီး စုစုပေါင်း ငါးယောက်တိတိ ရှိသည်။

"မင်း..."

သူ တစ်ခုခု ပြောချင်သော်လည်း စကားလုံးများက နှုတ်ခမ်းဖျားမှ ထွက်မလာနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကွဲထွက်သွားသည်မှာ ဤကမ္ဘာကြီး မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်သာ ဖြစ်နေသောကြောင့်တည်း။

ထိုခဏချင်းမှာပင် စန္ဒရားဆရာသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

သို့သော် လဲကျသွားသော စန္ဒရားဆရာ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ တချိန်တည်းမှာပင် ဝါးတားတား အရိပ်တစ်ခုသည် ထိုဟောင်းနွမ်းနေသော စန္ဒရားဘေးတွင် ထပ်မံ ပေါ်ထွက်လာပြန်သည်။ ထိုအသစ်ပေါ်လာသော အရိပ်သည် သေဆုံးသွားသော စန္ဒရားဆရာနှင့် တစ်ပုံစံတည်း ဖြစ်သည်။

မည်မျှပင် အသတ်ခံရပါစေ ဤကျိန်စာသင့် စန္ဒရား ရှိနေသမျှ ကာလပတ်လုံး သူသည် ပြန်လည် ရှင်သန်လာမည် ဖြစ်သည်။

စန္ဒရားဆရာသည် ပြီးခဲ့သော အကြိမ်ကဲ့သို့ ပြန်လည် ရှင်သန်လာမည်ဟု ထင်မှတ်ထားချိန်မှာပင် အသံအုပ်အုပ်တစ်သံ ထွက်ပေါ်လာပြီး ကျိန်စာသင့် စန္ဒရားကြီးသည် ရုတ်တရက် ပြိုကွဲသွားကာ အလယ်မှ ကျိုးပြတ်ပြီး အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။

"ပထမဆုံး တစ်ယောက်"

ထို သတ္တုနှင့် မြေကြီး ပွတ်တိုက်သော ဓားဆွဲသံ ထပ်မံ ထွက်ပေါ်လာသည်။ မီးရောင်အောက်တွင် ပေါ်လာသော ကျန်းရှန့်ကွမ်း၏ ပုံရိပ်သည် တဖြည်းဖြည်း ဝေးကွာသွားသည်။ ထိုပုံရိပ်သည် မီးရောင်လွှမ်းခြုံထားသော နေရာမှ လွတ်ကင်းသွားသည်နှင့် တပြိုင်နက် မျက်စိရှေ့မှာတင် ထိုကမ္ဘာလောကကြီးထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ထိုပုံရိပ်သည် အလင်းရောင်နှင့် မသက်ဆိုင်ဘဲ အမှောင်ထုနှင့်သာ သက်ဆိုင်နေသကဲ့သို့ ဖြစ်သည်။

မကြာမီ ထိုထူးဆန်းသော မီးရောင် ငြိမ်းသွားပြီး ပတ်ဝန်းကျင်တွင်လည်း ကျန်းရှန့်ကွမ်း၏ အရိပ်အယောင် လုံးဝ မကျန်ရှိတော့ပေ။

အခန်း ၁၄၉၂ - သင်္ဘောသားဘုရင်၏ အထောက်အထား

ယခုအချိန်တွင် ယန်ကျန့်သည် သင်္ဘောသားဘုရင်ဟူသော ကုဒ်နာမည်ရှိသည့် ဘုရင်နှင့် လက်ရည်ယှဉ် တိုက်ခိုက်နေဆဲဖြစ်သည်။

သူသည် ဤလူကို မြန်မြန်သတ်ပြီး ပြန်လည်စတင်ခြင်းကို အသုံးပြုကာ ကျိုးဒန်ကို ကယ်တင်ချင်နေသည်။

အစပိုင်းတွင် ဤသင်္ဘောသားဘုရင်ဆိုသူသည် သာမန်အဆင့် ဘုရင်တစ်ပါးသာ ဖြစ်ပြီး ယခင်က တွေ့ဖူးသော ခြံဝန်းပိုင်ရှင်လောက်ပင် စွမ်းရည်ရှိမည် မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် တကယ်တမ်း လက်ရည်ယှဉ်ပြီးနောက်တွင်မူ သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင်နှင့် ရင်ဆိုင်နေရသည်ကို သတိပြုမိလိုက်သည်။ ဘုရင်အဖွဲ့အစည်းမှ လူများပင် ထိုသင်္ဘောသားဘုရင်၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိရှိထားပုံ မရပေ။

အကယ်၍သာ သိရှိခဲ့ပါက ထိုသင်္ဘောသားဘုရင်ကို အခြား ဘုရင်နှစ်ပါးနှင့် တွဲဖက်ပေးလိုက်မည် မဟုတ်ပေ။ ဤသင်္ဘောသားဘုရင် တစ်ဦးတည်းနှင့်ပင် ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။

ယန်ကျန့်က ဆုတောင်းပြည့်တစ္ဆေ၏ စွမ်းအားကို အသုံးပြုလိုက်ခြင်းသည် အကောင်းဆုံး သက်သေပင်ဖြစ်သည်။

ပေးဆပ်ရမှု အချို့ရှိခဲ့သော်လည်း သူသည် ဆုတောင်းပြည့်တစ္ဆေမှတစ်ဆင့် ထိုသင်္ဘောသားဘုရင်၏ ကြားခံနယ်တစ်ခုကို မျက်စိရှေ့တွင် ပေါ်လာစေခဲ့သည်။ သို့သော် ထိုကြားခံနယ် ပေါ်လာခြင်းသည် ယန်ကျန့်ကို ထိတ်လန့်သွားစေခဲ့သည်။

မျက်စိရှေ့မှ ကြားခံနယ်သည် သင်္ဘောသားဘုရင်၏ ရုပ်သွင်နှင့် လုံးဝ မတူညီပေ။ သင်္ဘောသားဘုရင်နှင့် အနည်းငယ်မျှပင် မသက်ဆိုင်ဘဲ လူတစ်ယောက်နှင့်လည်း လုံးဝ မတူညီပေ။ ထိုအရာသည် စစ်မှန်သော တစ္ဆေဆိုးတစ်ကောင်၏ ပုံသဏ္ဌာန် အတိအကျပင် ဖြစ်သည်။

ဖြူဖပ်ဖြူရော်ဖြင့် ပျော့ခွေနေသော ခန္ဓာကိုယ်၊ သေးသွယ်ပိန်လှီသော ခြေလက်များနှင့် ကြီးမားနက်မှောင်နေသော မျက်လုံးပေါက်ကြီးများ... အရေးအကြီးဆုံးအချက်မှာ ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်သည် ဝါးတားတား ဖြစ်နေသော တစ္ဆေသင်္ဘောတစ်စင်းပေါ်တွင် မတ်မတ်ရပ်နေပြီး ခေါင်းကိုလှည့်ကာ ယန်ကျန့်ကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ယန်ကျန့်သည်သာ အမဲလိုက်ခံရမည့် သားကောင်အဖြစ် ခံစားလိုက်ရသည်။

ယန်ကျန့်သည် ကြားခံနယ်ထဲမှ တစ္ဆေက ဖြူဖပ်ဖြူရော် သေးသွယ်သော လက်တံတစ်ဖက်ကို မြှောက်ကာ လက်ဝါးဖြန့်၍ သူ့ကို လှမ်းဖမ်းယူရန် ကြိုးစားနေသည်ကိုပင် မြင်တွေ့နေရသည်။

မထိတွေ့ရသေးခင်မှာပင် သူသည် အန္တရာယ်၏ အနံ့အသက်ကို ရရှိလိုက်သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော တစ္ဆေဆိုးသည် ကြားခံနယ်တစ်ခု ခြားနေပါလျက်နှင့် သူ့ကို တိုက်ခိုက်နိုင်သည်ကို ယန်ကျန့် လုံးဝ သံသယမရှိပေ။ ပြီးခဲ့သော တစ်ခေါက်က ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်မှာ တစ္ဆေစာပို့တိုက်တွင် စာပို့တာဝန် ထမ်းဆောင်စဉ် တာချွမ်းမြို့ ၃၀၁ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရစဉ်က ဖြစ်သည်။ ထိုစဉ်က သူ ရင်ဆိုင်ခဲ့ရသည်မှာ သေဆုံးပြီးနောက် တစ္ဆေနိုးထလာသော မုန်ရှောင်တုန်းဖြစ်သည်။

"သင်္ဘောသားဘုရင်ဆိုတာ တစ္ဆေသင်္ဘောကို ထိန်းချုပ်တဲ့သူပဲ ဒါပေမယ့် သူက လူစစ်စစ် မဟုတ်ဘူး လူယောင်ဆောင်ထားတဲ့ တစ္ဆေအစစ်ပဲ တစ္ဆေသင်္ဘော စီမံချက်ဆိုတာလည်း ဒီကောင်ပဲ အကြံပြုခဲ့တာ ဖြစ်လောက်တယ်"

တခဏအတွင်းမှာပင် ယန်ကျန့်သည် အရာများစွာကို ချက်ချင်း နားလည်သွားသည်။

ယခင်က ဘုရင်အဖွဲ့အစည်းသည် မိမိတို့၏ ရေကြီးမှု တန်ပြန်စီမံချက်ကို အဘယ်ကြောင့် မကြောက်ရွံ့ကြသနည်း၊ တစ္ဆေသင်္ဘောကို အသုံးပြုနိုင်စွမ်း အဘယ်ကြောင့် ရှိနေသနည်း၊ ဌာနချုပ်မှ ခေါင်းဆောင်များနှင့် အဘယ်ကြောင့် ရင်ဆိုင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သနည်း ဟူသော မေးခွန်းများကို သူ သံသယဝင်ခဲ့ဖူးသည်။ ယခုတွင်မူ ထိုသံသယများ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

မူလက တစ္ဆေအစစ်များသည် ဘုရင်အဖွဲ့အစည်း၏ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းသို့ စိမ့်ဝင်နေရာယူထားပြီး အရေးကြီးသော ဆုံးဖြတ်ချက်များတွင် ပါဝင်ပတ်သက်နေခဲ့သည်။ အချို့သော ဘုရင်များပင်လျှင် တစ္ဆေ၏ လွှမ်းမိုးမှုကို ခံနေရပြီး မှားယွင်းသော ဆုံးဖြတ်ချက်များကို လိုက်ပါ ချမှတ်နေကြခြင်း ဖြစ်သည်။

ဤစစ်ပွဲသာ စတင်ခဲ့လျှင် နောက်ဆုံး အနိုင်ရသူမှာ တစ်ဦးတည်းသာ ရှိမည်၊ ထိုအရာမှာ တစ္ဆေပင် ဖြစ်သည်။

"မသိလိုက်မသိဘာနဲ့ တစ္ဆေဆရာတွေရဲ့ လောကတောင် တစ္ဆေတွေရဲ့ စိမ့်ဝင်မှုကို ခံလိုက်ရပြီပဲ ဒါက လူနည်းစု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သက်ရောက်မှုကတော့ တော်တော်ကြီးမားတယ် ဂျပန်က တစ္ဆေရှင်းလင်းရေးအသင်းလိုမျိုးပေါ့ သူတို့လည်း အတွင်းပိုင်းအထိ တစ္ဆေတွေ စိမ့်ဝင်တာ ခံလိုက်ရပြီး အခုထိ အတွင်းသစ္စာဖောက်ကို ဆွဲထုတ်လို့မရ ဖြစ်နေတယ် တကယ်တမ်း အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားတဲ့သူတွေကျတော့ တစ္ဆေတွေရဲ့ လုပ်ကြံတာ ခံလိုက်ရပြီး ကုန်သွားကြတယ် အမှန်တရားအားလုံး ဖုံးကွယ်ခံလိုက်ရတဲ့အချိန်ကျရင် တစ္ဆေရှင်းလင်းရေးအသင်းကို သိမ်းပိုက်ထားတာက တစ္ဆေဖြစ်နေတယ်ဆိုတာကို ဘယ်သူက ယုံတော့မှာလဲ"

"တကယ်လို့ ကမ္ဘာကြီးသာ ဒီလိုပုံစံ ဖြစ်သွားမယ်ဆိုရင် အရာအားလုံးကို ဦးဆောင်နေတာက လူသားတွေ မဟုတ်တော့ဘဲ တစ္ဆေအစစ်တွေ ဖြစ်လာလိမ့်မယ် ပြီးတော့ အမှန်တရားကို သိတဲ့သူတွေကလည်း သေကုန်ကြပြီ သာမန်လူတွေကလည်း အမှန်တရားကို ရှာဖွေနိုင်စွမ်း မရှိဘူးဆိုရင် အဲဒါကမှ တကယ့်ငရဲပဲ မျှော်လင့်ချက် လုံးဝမရှိတဲ့ ငရဲခန်းပဲ"

ယန်ကျန့်၏ ခေါင်းထဲတွင် အတွေးများစွာ ဝင်လာသည် အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူသည် ဤကမ္ဘာကြီး၏ အဆိုးရွားဆုံးသော အခြမ်းကို ထိတွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ဘုရင်ပဲဖြစ်ဖြစ် ခေါင်းဆောင်ပဲဖြစ်ဖြစ် အားလုံးသည် တစ္ဆေများကို တားဆီးနေသည့် အနှောင့်အယှက်များ သက်သက်သာ ဖြစ်ကြောင်း တစ္ဆေများ၏ ယုတ်မာသော ရည်ရွယ်ချက်ကိုပင် သူ နားလည်လိုက်သည်။

ဤစစ်ပွဲသည် လက်ရှိ တစ္ဆေဆရာလောက၏ ထိပ်သီးများကို အကြီးမားဆုံးသော အတိုင်းအတာအထိ လျှော့ချပစ်ရန်အတွက် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်မှသာ တစ္ဆေနိုးထမှုခေတ်ကြီးသည် အတားအဆီးမရှိ ပွင့်လင်းလာမည် ဖြစ်သည်။

သို့သော် ယန်ကျန့် မည်မျှပင် တွေးတောနေပါစေ လတ်တလောတွင်မူ သူသည် အန္တရာယ်ကြား၌ ရှိနေဆဲဖြစ်သည်။

မျက်စိရှေ့မှ တစ္ဆေကြားခံနယ်သည် ပျောက်ကွယ်မသွားဘဲ သူ့ထံသို့ တကယ်တမ်း တိုးဝင်လာသည်။

ထိုဖြူဖပ်ဖြူရော် သေးသွယ်သော လက်ဖဝါးသည် လှမ်းလာချိန်တွင် သေးငယ်နေသော်လည်း ယန်ကျန့်၏ ရှေ့သို့ ရောက်လာသောအခါတွင်မူ သူ့တကိုယ်လုံးကို ဖုံးအုပ်သွားတော့သည်။ ထို့အပြင် ရင်းနှီးနေသော အေးစက်မှုနှင့် အမှောင်ထုတို့ ဝင်ရောက်လာပြီး သူ့ကို တစ္ဆေသင်္ဘောပေါ်သို့ ရောက်ရှိနေသကဲ့သို့ တဖန် ပြန်လည် ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် တောက်လောင်နေသော တစ္ဆေမီးများသည် ငြိမ်းသတ်ခံလိုက်ရသည်။

တစ္ဆေမျက်လုံး၏ အမြင်အာရုံများသည် ပိတ်ဆို့ခံလိုက်ရသည်။

လှုပ်ရှားနေသော တစ္ဆေအရိပ်သည်လည်း အနောက်သို့ ပြန်ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်။

ကြားခံနယ်တစ်ခု၏ တိုက်ခိုက်မှု သက်သက်ကပင် ယန်ကျန့်၏ တစ္ဆေစွမ်းအား အမျိုးမျိုးကို အသုံးပြုမရအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။

"တစ္ဆေသင်္ဘောရဲ့ ဖိနှိပ်မှုနဲ့ တပုံစံတည်းပဲ ဒါပေမယ့် ဒီနေရာက တစ္ဆေသင်္ဘောပေါ် မဟုတ်ဘူး ဒါက ပင်လယ်မြို့လေ"

ယန်ကျန့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

သူ ရှောင်တိမ်းနေခြင်း မဟုတ်ဘဲ နေရာလွတ် ဖန်တီးနေခြင်း ဖြစ်သည်။

တခဏချင်းမှာပင် ယန်ကျန့် ယခုလေးတင် ရှိနေခဲ့သော နေရာတွင် ရေအိုင်ကြီးတစ်ခု ပေါ်လာပြီး ထိုရေအိုင်ထဲမှ ရေနစ်သေဆုံးနေသော အလောင်းကောင်များသည် ရူးသွပ်စွာ တိုးထွက်လာကြသည်။ ထိုအလောင်းကောင်များသည် ရေလှိုင်းကြီးသဖွယ် စုဝေးလာပြီး ဆန့်ထွက်လာသော အေးစက်သည့် လက်ကြီးကို လွှမ်းခြုံသွားသလို မျက်စိရှေ့တွင် ပေါ်လာသော ကြောက်မက်ဖွယ် ကြားခံနယ်ကိုလည်း နစ်မြုပ်သွားစေသည်။

ဤအလောင်းကောင်များသည် တစ္ဆေအစစ်များ ဖြစ်ကြပြီး တစ္ဆေ၏ ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားကြသည်။ တစ္ဆေတစ်ကောင်ချင်းစီသည် အလွန် အားနည်းသော်လည်း ယခုကဲ့သို့ အတူတကွ ပေါ်ထွက်လာချိန်တွင်မူ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည်။

"ချုပ်နှောင်မှုကနေ လွတ်မြောက်သွားပြီ"

မရေမတွက်နိုင်သော အလောင်းကောင်များက ဤသဘာဝလွန်တိုက်ခိုက်မှုကို ခုခံပေးနေစဉ် ယန်ကျန့်သည် အခွင့်ကောင်းယူကာ ထိုနေရာမှ ခွာလိုက်သည်။

သို့သော် ကိစ္စရပ်များမှာ ပြီးဆုံးရန် အဝေးကြီး လိုသေးသည်။ သင်္ဘောသားဘုရင်သည် ပုပ်ပွနေသော လူမျက်နှာကို တပ်ဆင်ထားဆဲဖြစ်ပြီး ထုံထိုင်းသော အမူအရာဖြင့် ဤဘက်သို့ စိုက်ကြည့်နေသည်။

"တစ္ဆေအစစ်က တစ္ဆေသင်္ဘောပေါ်မှာ ရှိနေတုန်းပဲ အဲဒီသင်္ဘောကနေ လုံးဝ ထွက်ခွာလာတာ မဟုတ်သေးဘူး ပြီးခဲ့တဲ့တခေါက် တစ္ဆေသင်္ဘောပေါ်မှာ ငါကြားခဲ့ရတဲ့ ကျယ်လောင်တဲ့ လှုပ်ရှားမှုက အဲဒီတစ္ဆေဆိုး လုပ်တာ ဖြစ်ဖို့များတယ် ဒါကြောင့် မျက်စိရှေ့က သင်္ဘောသားဘုရင်က အဲဒီတစ္ဆေဆိုးရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲ ရှိဦးမယ် သူ့ကိုတောင် မသတ်နိုင်ရင် တကယ်လို့ တနေ့ကျရင် တစ္ဆေသင်္ဘောပေါ်က တစ္ဆေဆိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ငါ သေဖို့ပဲ ရှိတော့မှာပေါ့"

ယန်ကျန့် နောက်သို့ မဆုတ်ဘဲ အနီရောင် လှံရှည်ကို ကိုင်ကာ သင်္ဘောသားဘုရင်ထံသို့ တဖန် ဝင်ရောက် တိုက်ခိုက်လိုက်သည်။

သင်္ဘောသားဘုရင်သည်လည်း ယန်ကျန့်၏ ဖြစ်တည်မှုကို ဖျောက်ဖျက်ပစ်ချင်နေပုံရပြီး ယန်ကျန့်ထံသို့ လျှောက်လှမ်းလာသည်။

အနီးနားတဝိုက်တွင် တစ္ဆေရေကန်၏ ရေများ ဖုံးလွှမ်းနေသော်လည်း သင်္ဘောသားဘုရင်သည် လုံးဝ ထိခိုက်မှု မရှိပေ။ သူသည် ရေမျက်နှာပြင်ပေါ်တွင် နင်းလျောက်ကာ တဖြည်းဖြည်း နီးကပ်လာသည်။ ထိုသို့ နီးကပ်လာသည်နှင့်အမျှ သူ၏ ဘေးပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော လူရိပ်များ စတင် ပေါ်ပေါက်လာသည်။ ထိုလူများသည် ဝိညာဉ်များကဲ့သို့ သင်္ဘောသားဘုရင်၏ ဘေးတွင် လှည့်လည်သွားလာနေပြီး တဖြည်းဖြည်း စုဝေးကာ များပြားလာသည်။ ခဏအတွင်းမှာပင် အရေအတွက် နှစ်ဆယ် သုံးဆယ်ခန့် ရှိလာသည်။

ထိုဝိညာဉ်များ ပေါ်လာပြီးနောက် သင်္ဘောသားဘုရင်၏ အနီးနားတဝိုက်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန်စွမ်းအားဖြင့် လုံးဝ ခြားနားသွားတော့သည်။

သင်္ဘောသားဘုရင်သည် ထိုအထဲတွင် ပုန်းကွယ်နေပြီး ပုံရိပ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သိသာသည်မှာ သင်္ဘောသားဘုရင်၏ လုပ်ရပ်သည် ယန်ကျန့်၏ အလောင်းကောင် သံချောင်းကို ရှောင်တိမ်းနေခြင်း ဖြစ်သည်။ တစ်ချက်တည်းနှင့် နေရာမှာတင် ရိုက်နှက်ကွပ်မျက် မခံရစေရန် ရှောင်တိမ်းရင်း တချိန်တည်းမှာပင် ပုန်းကွယ်နေသော သင်္ဘောသင်းဂေါင်းသည် ယန်ကျန့်ကို တိုက်ခိုက်သတ်ဖြတ်ရန် ကြိုးပမ်းနေသည်။

"ဘုရင်အဖွဲ့အစည်းကလူတွေ သင်္ဘောသားဘုရင်ကို တစ္ဆေလို့ မသင်္ကာမဖြစ်ကြတာ အံ့သြစရာ မရှိတော့ပါဘူး ဒီကောင်က နေရာတိုင်းမှာ လူသားရဲ့ ဉာဏ်ပညာကို ပြသနေတာကိုး"

ယန်ကျန့်၏ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ တစ္ဆေမျက်လုံးကို ဖွင့်လိုက်သည်။

တစ္ဆေမီးများ တဖန် ပျံ့နှံ့သွားသည်။

ထူးဆန်းသော စူးရှအော်ဟစ်သံများသည် တစ္ဆေမီးများကြားမှ ထွက်ပေါ်လာသည်။ သင်္ဘောသားဘုရင် အနီးရှိ ဝိညာဉ်အချို့သည် တစ္ဆေမီးဖြင့် မီးရှို့ခံလိုက်ရပြီး လျင်မြန်စွာ လောင်ကျွမ်းနေသည်။ သို့သော် ဤအရာအားလုံးကို လုံးဝ လောင်ကျွမ်းသွားစေရန်အတွက် အချိန်အနည်းငယ် လိုအပ်သေးသည်။

ယန်ကျန့် မစောင့်ဆိုင်းချင်ပေ အဘယ်ကြောင့်ဆိုသော် သူ့တွင် အချိန်ဆွဲနေရန် အချိန်မရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူသည် ဝိညာဉ်များ ဖုံးလွှမ်းနေသော နေရာသို့ တစ်ကိုယ်တည်း ဝင်ရောက်သွားလိုက်သည်။

ယန်ကျန့် ဝိညာဉ်များနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ဝိညာဉ်များသည် ရူးသွပ်စွာဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြသည်။ ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော အရာဝတ္ထုများ တွားသွားနေသည့် ခံစားမှုကိုပင် သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ဤဝိညာဉ်များသည် ဖုံးကွယ်ထားခြင်း သက်သက် မဟုတ်ဘဲ လူရှင်ကို တိုက်ခိုက်နိုင်ပြီး ဝါးမျိုးနိုင်စွမ်းလည်း ရှိသည်။

သူသည် မျက်နှာသေဖြင့် ဝိညာဉ်များ၏ တိုက်ခိုက်မှုကို ခွင့်ပြုထားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ့ကို ထိန်းချုပ်ထားသည်မှာ ဤအေးစက်နေသော အလောင်းကောင် မဟုတ်တော့ဘဲ နောက်ကျောဘက်ရှိ ရှည်လျားသော အနက်ရောင် တစ္ဆေအရိပ်သာ ဖြစ်သောကြောင့်တည်း။

ခန္ဓာကိုယ်သည် ငါးစာသက်သက်သာ ဖြစ်သည်။

ဝိညာဉ်များစွာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ယန်ကျန့်သည် သင်္ဘောသားဘုရင်၏ အရိပ်ကို တဒင်္ဂ တွေ့လိုက်ရသည်။ သူ့ကို စတင်တိုက်ခိုက်တော့မည့်ပုံ ပေါ်သည်။ သို့သော် တချိန်တည်းမှာပင် သူ၏ လက်ထဲမှ ဟောင်းနွမ်းနေသော ကြေးပြားတစ်ပြား ပြုတ်ကျသွားသည်။

တစ္ဆေပိုက်ဆံ ဖြစ်သည်။

အနီးအနားတွင် တစ္ဆေရှိနေပါက ထိုပိုက်ဆံကို ကောက်ယူရန် လက်လှမ်းလာမည်မှာ သေချာသည်။

"သင်္ဘောသားဘုရင်က ဒီပိုက်ဆံကို ကောက်မကောက်ဆိုတာ ငါ ကြည့်ချင်သေးတယ်"

ယန်ကျန့် စိတ်ထဲမှ တေးမှတ်လိုက်သည်။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်သည် ဆုတ်ဖြဲခံနေရသော်လည်း ရှည်လျားသော တစ္ဆေအရိပ်ကမူ အနီရောင် လှံရှည်ကို ကိုင်ဆောင်ကာ အသင့်ပြင်ထားသည်။

ထိုကြေးပြားသည် မြေပြင်ပေါ်သို့ ကျသွားသည်။

ဝိညာဉ်များကြားတွင် ပုန်းအောင်းနေပြီး ယန်ကျန့်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသော သင်္ဘောသားဘုရင်သည် ယခုအချိန်တွင် ချက်ချင်း ပေါ်လာသည်။ သူသည် ကိုယ်ကိုကိုင်းကာ မြေပြင်ပေါ်ရှိ ထိုကြေးပြားကို လှမ်းကောက်ရန် ဦးဆုံး ကြိုးစားလိုက်သည်။

"ထင်တဲ့အတိုင်းပဲ တစ္ဆေဆိုတာ တစ္ဆေပါပဲ တစ္ဆေရဲ့ ဂုဏ်သတ္တိကနေ ရုန်းမထွက်နိုင်ပါဘူး"

ယန်ကျန့်၏ တစ္ဆေအရိပ်သည် အခွင့်အရေးကို အရယူကာ တွေဝေခြင်းမရှိဘဲ ထင်းခုတ်ဓားကို ဝှေ့ယမ်းလိုက်သည်။

သင်္ဘောသင်းဂေါင်းသည်လည်း အန္တရာယ်ကို သတိပြုမိလိုက်ပြီး ခေါင်းကို ရုတ်တရက် လှည့်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ် တဝက်ခန့်သည် အမှောင်ထု၏ ဝါးမျိုးခြင်းကို ခံလိုက်ရသည်။

အနီရောင် လှံရှည် ကျဆင်းလာသော်လည်း သင်္ဘောသားတစ္ဆေ၏ ခေါင်းကို မဖြတ်နိုင်ခဲ့ဘဲ ထိုအမှောင်ထုထဲသို့သာ ခုတ်ပိုင်းမိလိုက်သည်။ အမှောင်ထုထဲတွင် အနီရောင် လှံရှည်သည် အတားအဆီးများစွာနှင့် ကြုံတွေ့ရကြောင်း ယန်ကျန့် ခံစားလိုက်ရသည်။ အတားအဆီးများစွာကို ဖြတ်ကျော်ခဲ့သော်လည်း နောက်ဆုံးတွင် မာကျောသော အရာဝတ္ထုတစ်ခုခုကို ခုတ်မိသကဲ့သို့ ဖြစ်သွားပြီး တားဆီးခံလိုက်ရသည်။

သင်္ဘောသင်းဂေါင်းသည် လှုပ်ရှားမှုကို မရပ်တန့်ဘဲ သူ၏လက်သည် ပိုက်ဆံကို ထိတွေ့မိသွားပြီး ဖြည်းညှင်းစွာ ကောက်ယူလိုက်သည်။

သို့သော် နောက်တခဏတွင် သူ၏ လှုပ်ရှားမှု ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် မည်သည့်အချိန်က ရောက်လာမှန်းမသိသော သံချေးတက်နေသည့် အလောင်းကောင် သံချောင်းတစ်ချောင်းသည် သူ၏ ခြေသလုံးကို ဖောက်ထွင်းကာ ခန္ဓာကိုယ်တွင် စိုက်ဝင်နေပြီ ဖြစ်သောကြောင့်တည်း။

ချက်ချင်းဆိုသလိုပင် ဝိညာဉ်များ ပျောက်ကွယ်သွားပြီး အမှောင်ထုလည်း ဆုတ်ခွာသွားသည်။

အလောင်းကောင်များဖြင့် ဖုံးလွှမ်းထားသော ကြောက်မက်ဖွယ် ကြားခံနယ်သည်လည်း တိုက်ရိုက် ပျက်ပြယ်သွားတော့သည်။

"ထင်တဲ့အတိုင်းပဲ အရေးကြီးတဲ့အချိန်ကျရင် အလောင်းကောင် သံချောင်းကိုပဲ အားကိုးရတယ် ဒီကောင်တွေကို ကိုင်တွယ်တဲ့နေရာမှာ အလောင်းကောင် သံချောင်းက ငါ့ကို ဘယ်တော့မှ စိတ်ပျက်မသွားစေဘူး"

ယန်ကျန့်သည် မလှုပ်မယှက် ဖြစ်နေသော သင်္ဘောသားဘုရင်ကို စိုက်ကြည့်လိုက်သည်။ ဒီကောင်ကို ထိန်းချုပ်နိုင်လိုက်ပြီဟု ယူဆရသည်။

သို့သော် ထိုအရာသည် တစ္ဆေ လှုပ်ရှားရန် အသုံးပြုသော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး မူလဇာစ်မြစ် မဟုတ်ကြောင်း သူ သိသည်။

ထိုသို့ဖြစ်လင့်ကစား ယန်ကျန့်သည် အတော်ပင် အားထုတ်ခဲ့ရသည်။

All Chapters