အခန်း (၁၄၉၃-၁၄၉၄)
Vol. 113 Ch. 1493-1494
အခန်း ၁၄၉၃ - ကျော်ဖြတ်၍မရသော နေရာ
"ဒီကောင်က တော်တော် ကိုင်တွယ်ရခက်တာပဲ သူက တစ္ဆေရဲ့ ဂုဏ်သတ္တိ ရှိမနေရင် ငါနဲ့ အကြာကြီး ယှဉ်နိုင်ဦးမှာ"
ယန်ကျန့်သည် မလှုပ်မယှက် ဖြစ်နေသော သင်္ဘောသင်းဂေါင်းကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
တစ်ဖက်လူက အလောင်းကောင် သံချောင်းကို သတိထားပြီး ကာကွယ်နေသော်လည်း နောက်ဆုံးတွင် မြေပြင်ပေါ်ကျနေသော ကြေးပြားကို မကောက်ဘဲ မနေနိုင်ခဲ့ပေ။
ဒါက တစ္ဆေပဲ။
ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းပါစေ အနှစ်သာရအားဖြင့် တစ္ဆေတစ်ကောင်သာ ဖြစ်သည်။ လှုပ်ရှားနေစဉ် တချို့အချိန်များတွင် မရည်ရွယ်ဘဲ တစ္ဆေ၏ မူလစရိုက် လက္ခဏာများ ပေါ်ထွက်လာတတ်သည်။
အဲဒါသာ မရှိခဲ့ရင် ယန်ကျန့် အခွင့်အရေး ရလိုက်မှာ မဟုတ်ဘူး။
"ဒီကောင့်ကို တစ်စစီ ခုတ်ထစ်ပြီး တစ္ဆေရေကန်ထဲ နှစ်မြှုပ်ပစ်မယ်"
ယန်ကျန့်သည် ဤကဲ့သို့သော အန္တရာယ်ရှိသည့် အရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့အကြုံ များနေပြီ ဖြစ်သည်။
အလောင်းကောင် သံချောင်းဖြင့် ရိုက်နှက်ကွပ်မျက်ပြီးနောက် ထင်းခုတ်ဓားဖြင့် တစ်စစီ ခုတ်ထစ်ရာတွင် မည်သည့် အခက်အခဲမျှ မရှိတော့ပေ။ ဓားချက်အနည်းငယ်ဖြင့်ပင် သင်္ဘောသား၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေခဲ့သည်။ ပြတ်သွားသော အစိတ်အပိုင်းများသည် မြေပြင်ပေါ်သို့ ကျသွားပြီး ရေများ၏ ဝါးမျိုးခြင်းကို ခံလိုက်ရကာ တစ္ဆေရေကန်၏ နက်ရှိုင်းသော နေရာတွင် ပျောက်ကွယ်သွားတော့သည်။ မထင်မှတ်ထားသော ကိစ္စများ မဖြစ်ပေါ်လာပါက ထိုအလောင်းကောင်သည် မူလပုံစံအတိုင်း ဘယ်တော့မှ ပြန်ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
"ဒါပေမယ့် ဒီတခါတော့ သင်္ဘောသားကို ငါသတ်လိုက်ပြီ နောက်တခါ တစ္ဆေသင်္ဘောနဲ့ ထပ်တွေ့ရင် သင်္ဘောပေါ်က တစ္ဆေဆိုးရဲ့ ပစ်မှတ်ထားတာကို ခံရဖို့များတယ် ဒါက ပြဿနာအသစ် တစ်ခုပဲ"
တစ္ဆေသင်္ဘောပေါ်မှ တစ္ဆေသည် သူ့ကို လွှတ်ပေးမည် မဟုတ်ကြောင်း ယန်ကျန့် နားလည်သည်။
သင်္ဘောသားသည် လက်တွေ့ကမ္ဘာတွင် တစ္ဆေသင်္ဘော၏ ကိုယ်စားလှယ် ဖြစ်သည်။ ယခု သူသေဆုံးသွားပြီ ဖြစ်သောကြောင့် တစ္ဆေသင်္ဘောသည်လည်း ထိခိုက်မှု ရှိနိုင်ပေသည်။ လက်ရှိ အခြေအနေအရ ၎င်းသည် ကောင်းသော ကိစ္စဖြစ်သော်လည်း ယန်ကျန့်အတွက်မူ ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်သည်။
ထိုအရာသည် တစ္ဆေဘတ်စ်ကားဖြင့် တိုက်ရင်တောင် ရပ်တန့်သွားအောင် လုပ်မရသည့် အရာဖြစ်သည်။ သင်္ဘောပေါ်မှ တစ္ဆေသည် မည်မျှ ကြမ်းတမ်းမည်ကို မည်သူမျှ မသိနိုင်ပေ။ ထိုတစ္ဆေ၏ ပစ်မှတ်ထားခြင်း ခံရပါက ရလဒ်သည် တွေးကြည့်ရုံဖြင့် သိနိုင်သည်။
လတ်တလောတွင် အများကြီး တွေးမနေတော့ပေ။
ယန်ကျန့်သည် သင်္ဘောသင်းဂေါင်းကိစ္စကို ဖြေရှင်းပြီးနောက် အချိန်ဖြုန်းမနေဘဲ စောစောက ဟဲယင်အာ ရှိခဲ့သော နေရာသို့ ချက်ချင်း ပြန်လှည့်သွားလိုက်သည်။ ထို့နောက် ရှစ်လွှာမြောက် တစ္ဆေနယ်မြေကို တိုက်ရိုက် ဖွင့်လိုက်သည်။
သွေးရောင်လွှမ်းသော အလင်းတန်းများ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
ဘုရင်များ၏ နှောင့်ယှက်မှု မရှိသော အခြေအနေအောက်တွင် ရှစ်လွှာမြောက် တစ္ဆေနယ်မြေသည် ချောမွေ့စွာ ပွင့်သွားသည်။
တစ္ဆေနယ်မြေ လွှမ်းခြုံထားသော အတိုင်းအတာအတွင်း အရာအားလုံးသည် ပြောင်းပြန် လည်ပတ်နေသည်။
ယန်ကျန့် ပြန်လည်စတင်နိုင်သည့် အကန့်အသတ်မှာ မိနစ် ၃၀ ဖြစ်သည်။ သို့သော် ဆုတောင်းပြည့်တစ္ဆေ ပြန်လည်စတင်နိုင်သည့် အကန့်အသတ်မှာ မိနစ် ၄၀ ဖြစ်သည်။ အကယ်၍သာ အသက်စွန့်ပြီး လုပ်ဆောင်ရမည့် အခြေအနေမျိုးတွင် သူသည် ဆုတောင်းပြည့်တစ္ဆေ၏ ပြန်လည်စတင်ခြင်းကို အသုံးပြုကာ နှစ်ခုကြား တလှည့်စီ လုပ်ဆောင်ခြင်းဖြင့် ပြန်လည်စတင်ခြင်း အကန့်အသတ်ကို ဆက်တိုက် ဆွဲဆန့်သွားနိုင်သည်။ အဆုံးမဲ့ ပြန်လည်စတင်ခြင်း အခြေအနေသို့ပင် ရောက်ရှိသွားနိုင်သည်။
တကယ်လို့ မရရင်တောင် သူ့မှာ တစ္ဆေချိန်သီးနာရီ ရှိသေးသည်။
ပြန်လည်စတင်ခြင်း သုံးမျိုးသာ ထပ်ပေါင်းလိုက်ပါက ယန်ကျန့်သည် အတိတ်ကို လုံးဝ ပြောင်းပြန်လှန်နိုင်ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ပေသည်။
လတ်တလောတွင် ကျိုးဒန် သေဆုံးသွားသည်မှာ ၁၀ မိနစ်ပင် မပြည့်သေးပေ။ ယန်ကျန့်အနေဖြင့် ပြန်လည်စတင်ခြင်း နည်းလမ်းများစွာကို အသုံးပြုစရာ မလိုဘဲ ကိုယ်ပိုင် ပြန်လည်စတင်ခြင်း စွမ်းရည်ဖြင့်ပင် ထိုအချိန်ကာလသို့ ပြန်သွားနိုင်သည်။
ပြန်လည်စတင်ခြင်း ဆက်လက် ပြုလုပ်နေစဉ် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။
အဆုံးအစ မမြင်ရသော သင်္ချိုင်းဟောင်းတစ်ခု ပတ်ဝန်းကျင်တွင် ပေါ်လာသည့်အချိန်အထိ ဖြစ်သည်။ ထိုအချိန်တွင် ယန်ကျန့်၏ ပြန်လည်စတင်ခြင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန်စွမ်းအား တစ်ခုသည် ဤနေရာရှိ အရာအားလုံးကို လွှမ်းမိုးထားပြီး ရှစ်လွှာမြောက် တစ္ဆေနယ်မြေသည်ပင် ဤသင်္ချိုင်းကို ကျော်ဖြတ်နိုင်ခြင်း မရှိပေ။
"ပြန်လည်စတင်ခြင်းက တားဆီးခံလိုက်ရတာလား"
ယန်ကျန့်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
ဒါက လော်ချန်ရဲ့ စွမ်းအားဆိုတာ သူ သိသည်။
သင်္ချိုင်း ပေါ်လာသည်နှင့်အတူ ပျောက်ကွယ်သွားသင့်ပြီဖြစ်သော သင်္ချိုင်းစောင့် လော်ချန်သည်လည်း ယန်ကျန့်၏ မနီးမဝေးတွင် ပေါ်လာသည်။ ပုံသဏ္ဌာန်မှာ မထင်ရှားဘဲ ပျောက်ကွယ်လုနီးပါး ဝါးတားတား ဖြစ်နေသော်လည်း လော်ချန်သည် သူ့ကို စိုက်ကြည့်နေပြီး သတိပေးမှု အချို့ ပြုလုပ်နေကြောင်း ယန်ကျန့် ခံစားလိုက်ရသည်။
"သေရှင် ပြောင်းပြန်လှန်တာက တားမြစ်ချက် ကြီးကြီးမားမား ရှိတယ် အတိတ်ကို ပြောင်းလဲဖို့ အမြဲတမ်း မကြိုးစားပါနဲ့ မင်း အနာဂတ်ကို လက်ခံတတ်အောင် သင်ယူရမယ်"
လော်ချန် စကားပြောလာသည်။ ယန်ကျန့် ဘာလုပ်နေသည်ကို သူ သိနေသည်။
"ငါ့အဖွဲ့ဝင် သေသွားလို့ ငါ သူ့ကို ပြန်ကယ်မလို့"
ယန်ကျန့် ပြန်ပြောလိုက်သည်။
လော်ချန်၏ မူလကတည်းက ဝါးတားတား ဖြစ်နေသော ပုံရိပ်သည် လျင်မြန်စွာ ပျောက်ကွယ်သွားပြန်သည်။ သူနှင့်အတူ သင်္ချိုင်းဟောင်းကြီးလည်း ပျောက်ကွယ်သွားသည်။
"မင်း ဒီသင်္ချိုင်းကို ကျော်ဖြတ်လို့ မရဘူး ဒီနေရာမှာ မြှုပ်နှံထားတဲ့ လက်ရှိကာလကို ပြောင်းလဲလို့ မရနိုင်ဘူး လက်လျှော့လိုက်ပါ မင်း အနာဂတ်သစ်ကိုပဲ ဆုပ်ကိုင်သင့်တယ် သေသင့်တဲ့လူတစ်ယောက်အပေါ်မှာ အချိန်ဖြုန်းမနေသင့်ဘူး"
ယန်ကျန့်၏ မျက်နှာထား အနည်းငယ် မဲမှောင်သွားသည်။ အဘယ်ကြောင့်ဆိုသော် လော်ချန် ပြောသည့်စကားများက အလွန် မှန်ကန်နေသောကြောင့် ဖြစ်သည်။ သူ ပြန်လည်စတင်ရန် ကြိုးစားတိုင်း သင်္ချိုင်း၏ တားဆီးမှုကို ခံရပြီး ကျရှုံးနေရသည်။
ဘယ်နှစ်ခါပဲ ကြိုးစား ကြိုးစား ရလဒ်က အတူတူပင် ဖြစ်သည်။
ပြန်လည်စတင်သည့် အချိန် ကြာလေလေ သင်္ချိုင်းက ပိုရှင်းလင်းလာလေလေ ဖြစ်ပြီး အနှောင့်အယှက်များက ပိုပြင်းထန်လာလေလေ ဖြစ်သည်။ ဤအရာသည် ကျော်ဖြတ်၍မရသော တံတိုင်းကြီး တစ်ခု ဖြစ်သည်။
ထို့ကြောင့် ယန်ကျန့်သည် မည်သို့မျှ ကျိုးဒန် တိုက်ခိုက်ခံရသည့် အချိန်သို့ ပြန်မသွားနိုင်တော့ပေ။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ယန်ကျန့် အသုံးပြုရမည့် ပြန်လည်စတင်ခြင်းအတွက် ပေးဆပ်ရမှုက ပိုကြီးမားလာသည်။ ထို့ကြောင့် ကျိုးဒန်ကို ကယ်တင်ရန် ပို၍ ခက်ခဲလာသည်။
ယန်ကျန့် မတတ်သာတော့သည့် အဆုံး ဤလုပ်ရပ်ကို ရပ်တန့်လိုက်ရသည်။
သူ ကျရှုံးသွားပြီ ဖြစ်သည်။
လွန်ခဲ့သော အချိန်က ရှေးဟောင်းအိမ်ကြီးတွင် စာပို့ခဲ့စဉ်က ယန်ကျန့်သည် ကျိုးဒန်ကို တကြိမ် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ဖူးသည်။ ဒီတကြိမ်တွင်မူ ကျိုးဒန်၏ ကံတရား ကုန်ဆုံးသွားပြီ ဖြစ်သည်။ စောစောစီးစီး သေဆုံးသင့်ခဲ့သော လူတစ်ယောက်သည် ယခုအခါ သူ့အတွက် ဖြစ်လာသင့်သော ဇာတ်သိမ်းခန်းကို ရောက်ရှိလာခြင်း ဖြစ်သည်။
ယန်ကျန့် တိတ်ဆိတ်စွာ ရပ်နေပြီး နောက်ဆုံးတွင် လက်လျှော့ရန် ရွေးချယ်လိုက်သည်။
သင်္ချိုင်းဟောင်းကြီး လုံးဝ ပျောက်ကွယ်သွားသည်။ ဘယ်နှစ်ခါ ပေါ်လာမှန်းမသိသော လော်ချန်၏ ပုံရိပ်သည်လည်း ယခုအချိန်တွင် လုံးဝ ပျက်ပြယ်သွားတော့သည်။
သဘာဝလွန် ဖြစ်ရပ်အားလုံး ပျောက်ကွယ်သွားသည်။
ရှစ်လွှာမြောက် တစ္ဆေနယ်မြေလည်း ထပ်မဖွင့်တော့ပေ။
"လော်ချန်ပြောတာ မှန်တယ် တချို့လူတွေရဲ့ ထွက်ခွာသွားမှုကို ငါ လက်ခံသင့်တယ် သေသွားတဲ့လူတိုင်းကို ငါက ပြန်လည်စတင်ပြီး လိုက်ကယ်နေမယ်ဆိုရင် နောက်ဆုံးကျ ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး ငါ လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်ရမယ်"
ယန်ကျန့်သည် ရက်စက်သော လက်တွေ့ဘဝကို စတင် လက်ခံတတ်အောင် သင်ယူနေပြီ ဖြစ်သည်။
ကျိုးဒန်၏ သေဆုံးမှုသည် လီကျွင်း၏ ထွက်ခွာသွားမှုနှင့် တူညီသည်။ နှမြောတသ ဖြစ်ရသော်လည်း နောက်ဆုံးတွင် လက်မခံ၍ မရပေ။
ယန်ကျန့် သဘောပေါက်သွားပြီးနောက် ဆက်လက် ဇွတ်မတိုးတော့ဘဲ လျင်မြန်စွာ လှည့်ထွက်သွားလိုက်သည်။
သူသည် အခြားသော ခေါင်းဆောင်များကို သွားရောက်ကူညီရန် သို့မဟုတ် ဘုရင်အဖွဲ့အစည်းမှ အခြား ဘုရင်များကို သွားရောက်သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ ပိုပြီး အားစိုက်ထုတ်နိုင်မှသာ ဤစစ်ပွဲ၏ အနိုင်ရရှိမှုနှုန်း မြင့်တက်လာမည် ဖြစ်သည်။ ထိုစစ်ပွဲကို တစ္ဆေများ ဦးဆောင်နေသည်လား ဘုရင်များ ဦးဆောင်နေသည်လား ဆိုသည်မှာ အရေးမကြီးတော့ပေ။ အခြေအနေက ဒီအဆင့်ထိ ရောက်နေပြီဖြစ်ရာ မည်သူမျှ နောက်ပြန်လှည့်၍ မရတော့ပေ။
အရာအားလုံးကို ပုံအောပြီး အနိုင်ရအောင် တိုက်ခိုက်မှသာ နောက်ကွယ်မှ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့် ရရှိမည် ဖြစ်သည်။
ယန်ကျန့် ပြန်လည်လှုပ်ရှားလိုက်သည့် အချိန်တွင် အခြားတစ်ဖက်၌ ခေါင်းဆောင်နှင့် ဘုရင်များကြား တိုက်ပွဲသည် အသက်စွန့် တိုက်ခိုက်ရသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဝမ်ချာလင်းသည် ဘုရင် သုံးပါးနှင့် တစ်ယောက်တည်း ရင်ဆိုင်နေရသည်။ အချိန်ကြာကြာ ဆွဲထား၍ မရမှန်း သူ သိသည်။ အမြန်ဆုံး အနိုင်တိုက်ရမည် ဖြစ်သည်။ တစ်ဖက်မှ ဘုရင်တစ်ပါးကို သတ်ဖြတ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပြီး တစ်ဖက်လူ အင်အားလျော့သွားစေမှသာ သူသည် ထိုဝိုင်းဝန်းတိုက်ခိုက်မှုကြားမှ အသက်ရှင် လွတ်မြောက်နိုင်မည် ဖြစ်သည်။
သို့သော် တစ်ဖက်မှ ဘုရင်သုံးပါးသည်လည်း ထိုကဲ့သို့ပင် တွေးတောနေကြသည်။ မထင်မှတ်ထားသော ကိစ္စများ မဖြစ်ပေါ်စေရန် ဝမ်ချာလင်းကို အချိန်တိုအတွင်း သတ်ဖြတ်ချင်နေကြသည်။
ထို့ကြောင့် နှစ်ဖက်စလုံး အသက်စွန့် တိုက်ခိုက်ကြတော့သည်။
ဘုရင်သုံးပါး ပူးပေါင်းတိုက်ခိုက်သော်လည်း ယခုအချိန်တွင် ဝမ်ချာလင်းကို သေချာပေါက် သတ်နိုင်မည်ဟု မပြောရဲကြပေ။ အဘယ်ကြောင့်ဆိုသော် လက်တွေ့တိုက်ခိုက်ကြသည့်အခါ ဝမ်ချာလင်း၏ အခြေအနေသည် သတင်းအချက်အလက်ထဲမှ အခြေအနေနှင့် အလွန် ကွာခြားနေသောကြောင့် ဖြစ်သည်။
ဝမ်ချာလင်းသည် တစ္ဆေဆရာ တစ်ဦး ဖြစ်ရုံသာမက ဝမ်မိသားစု၏ ဝိညာဉ်လေးကောင်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်ထားနိုင်သည်။ တိုက်ခိုက်ရာတွင်လည်း ပြတ်သားပြီး ရက်စက်သည်။ အနည်းငယ် သတိလွတ်လိုက်သည်နှင့် အခွင့်ကောင်းယူကာ နေရာမှာတင် အသတ်ခံလိုက်ရနိုင်သည်။
ထိုအချက်က သာသနာပြုဆရာနှင့် အိမ်ရှင်တို့ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် တိုက်ခိုက်နေကြပြီဖြစ်ရာ အားလုံးသည် ကျားစီးထားသကဲ့သို့ ဆင်း၍မရသော အခြေအနေ ဖြစ်နေသည်။
ထူးဆန်းသော တိုက်ခန်းအဆောက်အအုံကြီး အတွင်း၌ အမျိုးမျိုးသော ထူးဆန်းသည့် အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ တစ္ဆေအော်သံများ၊ လူရှင်များ၏ နာကျင်စွာ အော်ဟစ်သံများနှင့် သဘာဝလွန် အချင်းချင်း တိုက်ခိုက်သံများ ရောထွေးနေသည်။
အားလုံးက အသက်စွန့် တိုက်ခိုက်နေကြသောကြောင့် ထိုတိုက်ပွဲသည် ကြာရှည်လိမ့်မည် မဟုတ်ပေ။
ခဏလေးအတွင်းမှာပင် အရာအားလုံး ခေတ္တ ငြိမ်သက်သွားပြန်သည်။
တိုက်ခန်းအတွင်း တိတ်ဆိတ်မှုသည် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဝမ်ချာလင်း၏ မျက်နှာထားသည် ယခုအချိန်တွင် အလွန် အရုပ်ဆိုးနေသည်။ သူ့ခန္ဓာကိုယ် နေရာအနှံ့တွင် ထိခိုက်ဒဏ်ရာများ ရရှိထားပြီး သွေးညှီနံ့ရသော သွေးများ ပေကျံနေသည်။ သို့သော် သူ့လက်ထဲတွင် လတ်ဆတ်သော လူခေါင်းတစ်လုံးကို ကိုင်ထားသည်။ ထိုခေါင်းသည် အခြားသူ မဟုတ်၊ အိမ်ရှင်ဟူသော ကုဒ်နာမည်ရှိသည့် ဘုရင်၏ ခေါင်းဖြစ်သည်။
သူသည် အိမ်ရှင်၏ ပိုင်နက်ထဲမှာပင် ကိုင်တွယ်ရခက်ပြီး ခေါင်းကိုက်စရာကောင်းသော ပြိုင်ဘက်ကို ကိုယ်တိုင် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုသို့ပြုလုပ်ရန် သူလည်း ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည်။
ဝမ်ချာလင်း၏ အဘိုးသည် ထိုတိုက်ခန်းအတွင်း၌ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ မိဘနှစ်ပါးမှာ သာသနာပြုဆရာ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ ယခုအချိန်တွင် သူ့ဘေးနား၌ မတ်တတ်ရပ်နေသော အဘွားတစ်ယောက်သာ ကျန်ရှိတော့သည်။ အဘွားက သူ့ကို ကာကွယ်ပေးထားသောကြောင့်သာ သူ အလွယ်တကူ အသတ်မခံရခြင်း ဖြစ်သည်။
"မင်း..."
သာသနာပြုဆရာသည် အံကြိတ်ကာ ဝမ်ချာလင်းကို စိုက်ကြည့်နေသည်။ သူ ထိတ်လန့်တုန်လှုပ်နေမိသည်။
စောစောက အသက်လုတိုက်ပွဲတွင် ဝမ်မိသားစု တတိယမျိုးဆက်၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ မြင်တွေ့ခဲ့ရသည်။
ဒီကောင်က ဘုရင်တစ်ပါးကို သတ်ချင်ပြီဆိုရင် ဘယ်သူမှ တားလို့ရမှာ မဟုတ်ဘူး။
"မလောနဲ့ နောက်တစ်ယောက်က မင်းအလှည့်ပဲ"
ဝမ်ချာလင်းက အေးစက်စွာ ပြောလိုက်သည်။
"မာန်တက်နေတဲ့ကောင် မင်း လူတစ်ယောက်ကို သတ်နိုင်ခဲ့တာက အကန့်အသတ် ရောက်သွားပြီ ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့ ဒီနေ့ မင်း သေချာပေါက် သေရမယ်"
သာသနာပြုဆရာက ပြန်ပြောလိုက်သည်။ သူလည်း သက်သာလှသည် မဟုတ်ပေ။ ဝမ်ချာလင်း၏ တန်ပြန်တိုက်ခိုက်မှုကြောင့် လက်မောင်းတစ်ဖက် အဆွဲဖြုတ်ခံလိုက်ရပြီး ယခုထိ ပြန်မကောင်းသေးပေ။
"ဒါဆို ဆက်ကြတာပေါ့ ဘယ်သူက နောက်ဆုံးအထိ အသက်ရှင်မလဲဆိုတာ ကြည့်ရသေးတာပေါ့ ငါ အခြေအနေ မကောင်းပေမယ့် မင်းပုံစံကလည်း သိပ်ကောင်းလှတာ မဟုတ်ပါဘူး နောက်ဆုံးကျရင် မင်းက ငါ့ထက် အရင် သေချင်သေသွားမှာ"
"ငါက မင်းနဲ့ ဘာကိစ္စ အသက်ချင်းလဲရမှာလဲ ငါ့မှာ အဖွဲ့ဝင်တွေ ရှိသေးတယ် မင်းကမှ တစ်ကောင်ကြွက် ကျန်တော့တာ"
သာသနာပြုဆရာက လှောင်ပြောင်လိုက်သည်။
ယခုအချိန်တွင် ဝမ်ချာလင်း၏ မနီးမဝေးတွင် အရုပ်မလေးနှင့်တူသော မိန်းကလေးတစ်ယောက် ဖြည်းညှင်းစွာ ထပ်မံ ပေါ်ထွက်လာသည်။ သို့သော် ဒီတခါတွင် မိန်းကလေး တစ်ယောက်တည်းသာ ပါပြီး ဒုတိယ မိန်းကလေး ပေါ်မလာပေ။
"ဒီကောင်မကို သတ်တာ ဘယ်နှခါရှိပြီလဲ မသိဘူး သတ်လိုက်တိုင်း ပြန်ပြန်ရှင်လာတယ်"
ဝမ်ချာလင်း၏ မျက်နှာထား တင်းမာသွားသည်။
ထိုနေရာတွင် သတ်ရန် အခက်ခဲဆုံးမှာ အမြွှာညီအစ်မ ကုဒ်နာမည်ရှိသည့် မိန်းကလေးဖြစ်သည်။
ဘယ်နှခါ သေဆုံးသည်ဖြစ်စေ ပြန်ရှင်လာတတ်သည်။
အဲဒါသာ မရှိခဲ့ရင် ဒီတခေါက် သူက ဘုရင်နှစ်ပါးကိုတောင် သတ်နိုင်ခဲ့မှာ အခုလို အခြေအနေဆိုး ရောက်မှာ မဟုတ်ဘူး။
"ဒီကောင်မ ပြန်ကောင်းလာတဲ့အထိ စောင့်လို့မဖြစ်ဘူး မဟုတ်ရင် ငါ အချိန်ဆွဲရင်း သေသွားလိမ့်မယ်"
ဝမ်ချာလင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး သာသနာပြုဆရာကို ပစ်မှတ်ထားလိုက်သည်။
ဒီသာသနာပြုဆရာကိုသာ သတ်နိုင်ရင် သူ ဒီနေရာမှာ သေသွားရင်တောင် တန်တယ်။
ဘေးနားရှိ အဘွားကို သူ တစ်ချက် ကြည့်လိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူ ထပ်ပြီး တိုက်ခိုက်ပေးပါဦး"
ဝမ်ချာလင်း စိတ်ထဲမှ တောင်းဆိုလိုက်သည်။
နာရေးဓာတ်ပုံနှင့်တူသော ဝမ်ချာလင်း၏ အဘွားသည် ဘေးနားတွင် မလှုပ်မယှက် ရပ်နေသော်လည်း သူမ၏ သေဆုံးနေသော မျက်လုံးများသည် သာသနာပြုဆရာကို စိုက်ကြည့်နေပြီ ဖြစ်သည်။
"ဒီအဘွားကြီး"
သာသနာပြုဆရာ စိုးရွံ့သွားသည်။
ဒီအရာရဲ့ ကြောက်စရာကောင်းပုံကို သူ ကောင်းကောင်း သိသွားပြီ ဖြစ်သည်။
အိမ်ရှင်၏ ခေါင်းကို ဒီသေဆုံးနေတဲ့ အဘွားကြီးက အရှင်လတ်လတ် ဆွဲဖြုတ်လိုက်ခြင်း ဖြစ်သည်။ သူ နောက်ထပ် သားကောင် အဖြစ်မခံလိုပေ။
သို့သော် ဝမ်ချာလင်းက ဂရုမစိုက်တော့ဘဲ သာသနာပြုဆရာထံသို့ တည့်တည့် ဝင်ရောက်သွားသည်။
ပတ်ဝန်းကျင် အလင်းရောင် ရုတ်တရက် မှိန်ကျသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အဘွားအိုသည် အဆိုးရွားဆုံးသော တစ္ဆေဆိုးအဖြစ် ပြောင်းလဲကာ သာသနာပြုဆရာကို တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ပြင်းထန်သော သဘာဝလွန် တိုက်ပွဲကြီး တဖန် စတင်လာပြန်သည်။
ဤတကြိမ်တွင် လူတစ်ယောက် အမြန်ဆုံး သေဆုံးသွားတော့မည် ဖြစ်သည်။
အခန်း ၁၄၉၄ - ချိပ်ပိတ်သိမ်းဆည်းထားသော ကိုယ်ပွား
"ဝမ်ချာလင်း ပျောက်သွားပြီ"
ယန်ကျန့်သည် ဝမ်ချာလင်း တာဝန်ယူထားသည့် ဧရိယာတွင် ရပ်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။ တစ္ဆေမျက်လုံးဖြင့် အကြိမ်ကြိမ် ရှာဖွေကြည့်သော်လည်း ဝမ်ချာလင်း၏ အရိပ်အယောင်ကို မတွေ့ရပေ။ ဤဧရိယာတွင်သာ မဟုတ်ဘဲ တာဟိုင်မြို့၏ အခြားနေရာများတွင်လည်း ရှာမတွေ့ပေ။ ထိုလူသည် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။
"ထွက်ပြေးသွားတာလား မဟုတ်ဘူး မဖြစ်နိုင်ဘူး ဒီလောက် အရေးကြီးတဲ့ အချိန်ကျမှ ထွက်ပြေးရလောက်အောင် သူ မအဘူး ပြီးတော့ ဒီဧရိယာမှာ ဘုရင်တွေရဲ့ အရိပ်အယောင်ကိုလည်း မတွေ့ရဘူး"
ယန်ကျန့် ခေါင်းကို အနည်းငယ် ငုံ့ကာ စဉ်းစားလိုက်သည်။
အကယ်၍ ဝမ်ချာလင်း ထွက်ပြေးသွားခြင်း မဟုတ်ပါက ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။ သူသည် ဘုရင်သုံးပါး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သဘာဝလွန်နယ်မြေ တစ်ခုထဲသို့ ဆွဲခေါ်ခံလိုက်ရခြင်း ဖြစ်သည်။ ထိုသို့ဖြစ်မှသာ သူ လက်တွေ့ကမ္ဘာမှ ပျောက်ကွယ်သွားခြင်းကို ရှင်းပြနိုင်မည် ဖြစ်သည်။
"တကယ်လို့ ဝမ်ချာလင်းက ဘုရင်သုံးပါးနဲ့ ရင်ဆိုင်နေရတာဆိုရင် အခု သူ အန္တရာယ်ရှိနေပြီ ဝမ်မိသားစု နှစ်ဆက်ပေါင်းထားတဲ့ တစ္ဆေလေးကောင် ရှိပေမယ့် သူကိုယ်တိုင်က တစ္ဆေဆရာ ဖြစ်တာ မကြာသေးဘူး စွမ်းရည်က အကန့်အသတ် ရှိသေးတယ် တစ်ဖက်က အခွင့်အရေးရသွားရင် အသတ်ခံလိုက်ရနိုင်တယ် စောစောက ငါ ဒါကို စိုးရိမ်လို့ ဟဲယင်အာဘက်က ကိစ္စပြီးတာနဲ့ ချက်ချင်း လိုက်လာတာ ဒါပေမယ့် နောက်ကျသွားတယ် ထင်တယ်"
ယန်ကျန့်သည် ဝမ်ချာလင်းကို ကူညီချင်သော်လည်း တစ်ဖက်လူ၏ လှုပ်ရှားပုံက ထူးခြားနေသည်။ ဝမ်ချာလင်းကို သဘာဝလွန်နယ်မြေထဲ ဆွဲခေါ်သွားပြီး ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ထားသည်။
"ရှာကြည့်ရမှာပဲ မတွေ့ရင်လည်း မတတ်နိုင်ဘူး"
ယန်ကျန့်သည် အနီရောင် လှံရှည်ကို ဆုပ်ကိုင်လိုက်ပြီး ဆုတောင်းတစ်ခု ပြုလုပ်လိုက်သည်။
"ဝမ်ချာလင်း နောက်ဆုံးပေါ်လာခဲ့တဲ့ နေရာကို ငါ့ကို ရှာပေးပါ"
ပြောပြီးသည်နှင့် လှံရှည်ကို ပစ်လွှတ်လိုက်သည်။
ဆုတောင်းပြည့်တစ္ဆေ၏ စွမ်းအား ပေါ်လာပြီး အနီရောင် လှံရှည်သည် ထိန်းချုပ်၍မရဘဲ ဤဧရိယာ၏ တစ်နေရာသို့ ပျံသန်းသွားသည်။ နောက်ဆုံးတွင် နေရာတစ်ခု၌ ကျရောက်သွားပြီး မြေပြင်တွင် ခိုင်မြဲစွာ စိုက်ဝင်သွားသည်။
ယန်ကျန့်သည် အနီရောင် လှံရှည်ဘေးသို့ ချက်ချင်း ရောက်ရှိလာသည်။
အနီးနားတဝိုက်တွင် လူသူကင်းမဲ့နေဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ ဝမ်ချာလင်းသည် တာဟိုင်မြို့မှ တကယ် ထွက်ခွာသွားခြင်း မဟုတ်ဘဲ ဤနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်ကြောင်း သေချာသွားသည်။
"ဘယ်လို သဘာဝလွန်နယ်မြေမဆို အနှစ်သာရအားဖြင့် တစ္ဆေနယ်မြေပဲ ငါ့ရဲ့ တစ္ဆေနယ်မြေက သဘာဝလွန်နယ်မြေကို နှောင့်ယှက်နိုင်လောက်အောင် နက်ရှိုင်းတယ်ဆိုရင် အတင်း ဝင်ရောက်စီးနင်းလို့ ရတယ်"
ယန်ကျန့် စကားအများကြီး မပြောတော့ဘဲ တစ္ဆေမျက်လုံးကို ဖွင့်ကာ ကိုယ်ပိုင် တစ္ဆေနယ်မြေကို ဖြန့်ကျက်ပြီး ဤဧရိယာကို တိုက်ရိုက် လွှမ်းခြုံလိုက်သည်။
ခဏလေးအတွင်းမှာပင် တစ္ဆေနယ်မြေသည် ငါးလွှာအထိ ရောက်ရှိသွားသည်။
ထိုအဆင့် တစ္ဆေနယ်မြေသည် အရာဝတ္ထုအချို့ကို လက်တွေ့ဘဝမှ ခွာထုတ်ပစ်ရန် လုံလောက်သည်။ ထို့အပြင် ဤအဆင့် တစ္ဆေနယ်မြေကို သူ၏ တစ္ဆေမီးဖြင့်ပင် လောင်ကျွမ်းစေနိုင်ခြင်း မရှိပေ။
သို့သော် ထိုတစ္ဆေနယ်မြေ အတွင်း၌ ပုံမှန်အခြေအနေတွင် မမြင်နိုင်သော အရာများကို ယန်ကျန့် မြင်တွေ့လိုက်ရသည်။
ဝါးတားတား ဖြစ်ပြီး တွန့်လိမ်နေသော တိုက်တစ်လုံး ဖြစ်သည်။
ထိုတိုက်သည် လက်တွေ့တွင် မရှိဘဲ တစ္ဆေနယ်မြေ၏ နှောင့်ယှက်မှုကြောင့်သာ ခေတ္တ ပေါ်လာခြင်း ဖြစ်သည်။ သဘာဝလွန် နှောင့်ယှက်မှု ရပ်တန့်သွားသည်နှင့် တပြိုင်နက် ထိုတိုက်သည် မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားပြန်သည်။ သိသာသည်မှာ ထိုတိုက်သည် ရှာမတွေ့စေရန် တမင်တကာ ဖုံးကွယ်ထားခြင်း ဖြစ်သည်။
ဝမ်ချာလင်း နောက်ဆုံး ပျောက်ဆုံးသွားသည့် နေရာမှတစ်ဆင့် ဤဖုံးကွယ်ထားသော တိုက်ကို ယန်ကျန့် ရှာတွေ့နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ပေ။
"ကောင်းကောင်း ဖုံးကွယ်ထားတာပဲ ပုံမှန်ဆိုရင် ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး"
ယန်ကျန့်၏ မျက်လုံးများ အရောင်လက်သွားပြီး ထိုတိုက်ရှိရာသို့ တည့်တည့် လျှောက်သွားလိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် အနီရောင် အလင်းတန်းများ လွှမ်းခြုံထားပြီး တဖြည်းဖြည်း ဝါးတားတား ဖြစ်လာကာ တွန့်လိမ်လာသည်။
ရှေ့သို့ ဆက်လျှောက်လေ ယန်ကျန့်၏ ပုံရိပ်သည် လက်တွေ့ဘဝမှ ပိုမို ကင်းကွာလာလေ ဖြစ်သည်။ တချိန်တည်းမှာပင် လက်တွေ့တွင် မရှိသော ထိုတိုက်နှင့် ပိုမို နီးကပ်လာသည်။ နီးကပ်လာသည်နှင့်အမျှ တိုက်ထဲမှ ထွက်ပေါ်လာသော ထူးဆန်းသည့် အသံများကို ယန်ကျန့် ကြားလိုက်ရသည်။ လူတစ်ယောက်၏ နာကျင်စွာ အော်ဟစ်သံ ဖြစ်ပုံရသည်။
ထိုအသံသည် ရင်းနှီးနေပြီး ဝမ်ချာလင်း၏ အသံနှင့် တူနေသည်။
ယန်ကျန့်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ နောက်ကျသွားလျှင် ဝမ်ချာလင်း အသတ်ခံရမည်ကို စိုးရိမ်သောကြောင့် နှောင့်နှေးမနေရဲပေ။
မကြာမီ ယန်ကျန့်သည် လက်တွေ့နှင့် သဘာဝလွန်ကြားမှ နယ်စည်းကို ကျော်ဖြတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံး ပျောက်ကွယ်သွားချိန်တွင် သူ့မျက်စိရှေ့၌ ထိုတိုက်တစ်လုံးတည်းသာ ကျန်ရှိတော့သည်။ အခြား မည်သည့်အရာမှ မရှိတော့ပေ။
"အောင်မြင်ပြီ"
သူသည် ဤသဘာဝလွန်နယ်မြေထဲသို့ အောင်မြင်စွာ ကျူးကျော်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိလိုက်သည်။
ဤသဘာဝလွန်နယ်မြေထဲသို့ ရောက်သည်နှင့် တပြိုင်နက် ယန်ကျန့်သည် မျက်စိရှေ့မှ တိုက်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
တိုက်ကို စောင့်ကြပ်သူ မရှိသလို တားဆီးမည့် တစ္ဆေလည်း မရှိသဖြင့် ယန်ကျန့်သည် တိုက်ထဲသို့ အလွယ်တကူ ဝင်ရောက်သွားသည်။
ဝင်ဝင်ချင်းမှာပင် မြေပြင်နှင့် နံရံများပေါ်တွင် သွေးကွက်များစွာကို တွေ့လိုက်ရသည်။ ခေါင်းပြတ်နေပြီး ခန္ဓာကိုယ် ကွဲအက်နေသော အလောင်းကောင် တစ်လောင်းကိုလည်း တွေ့ရသည်။ ထိုအလောင်းကောင်သည် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု၏ ဆွဲဖြဲခြင်းကို ခံထားရသကဲ့သို့ လူပုံစံပင် မပေါ်တော့ပေ။
"ဒါ ဝမ်ချာလင်း လက်ချက်ပဲ ကြည့်ရတာ သူ ဒီနေရာမှာ ဘုရင်အဖွဲ့အစည်းက ဘုရင်တွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့ပုံရတယ် အခု ရလဒ်က ဘယ်လိုလဲတော့ မသိဘူး"
ယန်ကျန့် တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း နားလည်လိုက်သည်။
ဝမ်ချာလင်းကို ဤမျှ အသည်းအသန် တိုက်ခိုက်စေသော သူသည် သာမန်မဟုတ်နိုင်ပေ။ မြေပြင်ပေါ်မှ အပိုင်းပိုင်းအစစ ဖြစ်နေသော အလောင်းကောင်သည်လည်း ဘုရင်တစ်ပါး ဖြစ်ဖို့များသည်။ ပြီးတော့ အခုထိ သေပြီဟု တပ်အပ်မပြောနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုဘုရင်၏ ခေါင်း ပျောက်ဆုံးနေသောကြောင့် ဖြစ်သည်။ ခြံဝန်းပိုင်ရှင်ကဲ့သို့ ခေါင်းတစ်လုံးတည်း ကျန်ရုံဖြင့် ပြန်ကောင်းလာနိုင်သူလည်း ဖြစ်နိုင်သည်။
ထိုအချိန်တွင် ရုတ်တရက် နာကျင်စွာ အော်ဟစ်သံတစ်သံ တိုက်ထဲတွင် ပဲ့တင်ထပ်လာသည်။
ယန်ကျန့် မော့ကြည့်လိုက်ရာ အသံသည် သုံးလွှာမှ လာကြောင်း သိလိုက်ရသည်။
"ဝမ်ချာလင်း အသံပဲ"
တိုက်ထဲရောက်မှ ထိုအော်သံသည် ဝမ်ချာလင်း၏ အသံဖြစ်ကြောင်း သူ သေချာသွားသည်။ ကြည့်ရတာ သူ အန္တရာယ် ကြုံနေရပြီ ဖြစ်သည်။
ယန်ကျန့် ချက်ချင်း ပြေးတက်သွားလိုက်သည်။
သုံးလွှာသို့ ရောက်ရှိပြီး အသံလာရာ နေရာကို ရှာတွေ့လိုက်ချိန်တွင် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
သွေးများ ပေကျံနေသော သာသနာပြုဆရာ တစ်ဦးသည် လက်ထဲတွင် လွှတစ်ချောင်း ကိုင်ထားပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲနေသော ဝမ်ချာလင်းကို တစ်စစီ လွှတိုက် ဖြတ်တောက်နေသည်။ ထူးဆန်းသည်မှာ ရုပ်ရည်တူပြီး အရုပ်မလေးနှင့်တူသော အမြွှာညီအစ်မနှစ်ယောက်သည် ဝမ်ချာလင်း၏ ကိုယ်ပေါ်တွင် ရပ်နေပြီး သူ့လှုပ်ရှားမှုကို ထိန်းချုပ်ထားပုံရသည်။
ဝမ်ချာလင်းသည် ယခုအခါ တစ္ဆေဆရာ ဖြစ်နေပြီဖြစ်၍ အလွယ်တကူ မသေနိုင်ပေ။ သာသနာပြုဆရာ၏ လုပ်ရပ်သည် ပြစ်ဒဏ်ခတ်ခြင်းနှင့် ပိုတူပြီး သူ့ကို ရူးသွပ်စွာ နှိပ်စက်နေခြင်း ဖြစ်သည်။
ယန်ကျန့် ရောက်လာခြင်းသည် မျှော်လင့်မထားသော အရာဖြစ်သဖြင့် နှိပ်စက်နေသော သာသနာပြုဆရာသည် လက်မှ လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ တချိန်တည်းမှာပင် ဝမ်ချာလင်း၏ ကိုယ်ပေါ်တွင် ရပ်နေသော အမြွှာညီအစ်မနှစ်ယောက်သည်လည်း တံခါးပေါက်မှ ယန်ကျန့်ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။ ကြီးမားနက်မှောင်နေသော မျက်လုံးများထဲတွင် ထူးခြားသော အရိပ်အယောင်များ ပေါ်နေသည်။
"ယန်ကျန့်"
သာသနာပြုဆရာ ကြောင်အမ်းသွားသည်။ အံ့သြခြင်းနှင့် သံသယဖြစ်ခြင်းတို့ ရောထွေးနေသည်။
အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် ယန်ကျန့်သည် မည်သည့်နည်းနှင့်မျှ ဤနေရာသို့ ရောက်မလာသင့်သောကြောင့် ဖြစ်သည်။ ခြံဝန်းပိုင်ရှင်က သူ့ကို တားထားသင့်သည် မဟုတ်ပါလား။
ခြံဝန်းပိုင်ရှင် အသတ်ခံလိုက်ရပြန်ပြီလား။
ဝမ်ချာလင်း၏ အော်ဟစ်သံ ရပ်တန့်သွားသည်။ တကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး မျက်လုံးကို အနိုင်နိုင် ဖွင့်ကြည့်လိုက်ရာ ယန်ကျန့်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူသည် အကြောင်းပြချက်မရှိဘဲ ဝမ်းသာမှုကို ခံစားလိုက်ရသည်။
ယန်ကျန့် ရောက်လာပြီဖြစ်၍ သူ ဒီနေရာမှာ မသေလောက်တော့ဘူးဟု တွေးမိလိုက်သည်။
"နောက်ဆက်တွဲကို ငါ ဝင်ပါလို့ ရမလား"
ယန်ကျန့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ တစ္ဆေမျက်လုံးသည် ဂဏှာမငြိမ် လှုပ်ရှားနေပြီး လက်ထဲမှ အနီရောင် လှံရှည်မှလည်း သွေးများ စိမ့်ထွက်လာသည်။
"မင်း တချက်လောက် လှုပ်ကြည့် ငါ သူ့ကို သတ်လိုက်မယ်"
သာသနာပြုဆရာက ဝမ်ချာလင်းကို ဆွဲမပြီး ခြိမ်းခြောက်လိုက်သည်။
သူ့လက်ရှိ အခြေအနေနှင့် အမြွှာညီအစ်မတို့ ပူးပေါင်းလျှင်ပင် ယန်ကျန့်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယန်ကျန့်၏ လက်ချက်ဖြင့် အသတ်ခံရဖို့သာ များသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ချာလင်းနှင့် တိုက်ခိုက်စဉ်က သူတို့၏ အခြေအနေ အတော်ဆိုးရွားနေပြီ ဖြစ်သည်။ နောက်ထပ် ခေါင်းဆောင်တစ်ဦးကို ရင်ဆိုင်ရန် အင်အား မရှိတော့ပေ။
ယန်ကျန့်က အေးစက်စွာ ရယ်မောလိုက်သည်။
"မင်းတို့သာ ဝမ်ချာလင်းကို အချိန်တိုအတွင်း သတ်နိုင်မယ်ဆိုရင် သူ အခု သေနေလောက်ပြီ အခုထိ အသက်ရှင်နေသေးတယ်ဆိုတာ မင်းတို့က သက်ညှာပေးထားလို့ မဟုတ်ဘူး ယာယီ မသတ်နိုင်သေးလို့ပဲ"
ဝမ်ချာလင်း တစ္ဆေဆရာ ဖြစ်လာပြီးနောက် အကြီးမားဆုံး ပြောင်းလဲမှုမှာ အသက်ဆက်နိုင်စွမ်း မြင့်မားလာခြင်း ဖြစ်သည်။ အလွယ်တကူ အသတ်ခံရမည် မဟုတ်ပေ။
သာသနာပြုဆရာ၏ မျက်နှာထား မဲမှောင်သွားသည်။ ယန်ကျန့် ပြောတာ မှန်နေသောကြောင့် ဖြစ်သည်။
ဝမ်ချာလင်းကို သတ်ရသည်မှာ မလွယ်ကူပေ။ မဟုတ်လျှင် သူလည်း တစ်စစီ လွှတိုက်ဖြတ်တောက်နေမည် မဟုတ်ပေ။
"ဒါကြောင့် အခု မင်းတို့မှာ ဈေးဆစ်နိုင်စွမ်း မရှိဘူး"
ယန်ကျန့်၏ စကားဆုံးသည်နှင့် သူသည် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။
သာသနာပြုဆရာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကြောက်မက်ဖွယ်ရာ အန္တရာယ် နီးကပ်လာသည်ကို ခံစားလိုက်ရသည်။ ယန်ကျန့်၏ လက်ထဲတွင် အလောင်းကောင် သံချောင်း ရှိနေသည်ကို သူ မမေ့သေးပေ။ ထိုအရာသည် ဘုရင်များအတွက် အဆုံးအဖြတ်ပေးနိုင်သော လက်နက်ဖြစ်သည်။
"ဆုတ်မယ်"
သာသနာပြုဆရာသည် တွန့်ဆုတ်မနေဘဲ ချက်ချင်း လှည့်ပြေးသည်။
သူ့အနောက်တွင် တံခါးတစ်ချပ် ပေါ်လာသည်။ ထိုတံခါးသည် အခြားအခန်းတစ်ခန်းသို့ ပေါက်သည်။ သိသာသည်မှာ သူသည် ဤနေရာမှ အရာအားလုံးကို ရင်းနှီးကျွမ်းဝင်နေသည်။ အိမ်ရှင် သေဆုံးသွားသော်လည်း ဤတိုက်အတွင်း လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သေးသည်။ ယန်ကျန့် တစ္ဆေစာပို့တိုက်ကို ကျွမ်းဝင်သကဲ့သို့ပင် စီမံခန့်ခွဲသူ မရှိလျှင်ပင် လွတ်လပ်စွာ ဝင်ထွက်နိုင်သည်။
သို့သော် သာသနာပြုဆရာ လှည့်လိုက်သည်နှင့် တပြိုင်နက် ထူးဆန်းသော မီးရောင်သည် အခန်းတစ်ခုလုံးကို ဝါးမျိုးသွားသည်။ ပွင့်နေသော တံခါးပေါက်သည်လည်း တစ္ဆေမီးများဖြင့် တိုက်ရိုက် ဖုံးလွှမ်းခံလိုက်ရသည်။
နောက်တခဏတွင် ကြောက်မက်ဖွယ်ရာ ထင်းခုတ်ဓားသည် မီးရောင်နှင့်အတူ လေထဲမှ ကျဆင်းလာပြီး သာသနာပြုဆရာ၏ ကိုယ်ပေါ်သို့ တည့်တည့် ကျရောက်သွားသည်။
ဓားချက်ထိမှန်ပြီးနောက် သာသနာပြုဆရာ၏ ကြီးမားသော ခန္ဓာကိုယ်သည် ပြတ်ရှရာတစ်ခု ဖြစ်ပေါ်လာပြီး နှစ်ပိုင်းပြတ်သွားသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းသည် မြေကြီးပေါ်သို့ အားမပါဘဲ ပြုတ်ကျသွားသော်လည်း ကျန်ရှိနေသော အောက်ပိုင်းသည် နေရာမှာပင် မတ်တပ်ရပ် ကျန်ရစ်ခဲ့သည်။
"ထွက်ပြေးဖို့ မစဉ်းစားနဲ့ ငါ့ကို ဘယ်လို အသေခံတိုက်မလဲဆိုတာပဲ စဉ်းစားပါ ဒီပုံစံနဲ့ဆို မင်း ငါ့လက်ထဲက မလွတ်နိုင်ဘူး"
ယန်ကျန့်၏ အေးစက်သော အသံ ပဲ့တင်ထပ်လာသည်။ သူသည် အလျင်စလို အသေသတ်ခြင်း မပြုသေးပေ။ အဘယ်ကြောင့်ဆိုသော် သူ့အာရုံစူးစိုက်မှု တစိတ်တပိုင်းသည် အမြွှာညီအစ်မများအပေါ် ရောက်နေသောကြောင့် ဖြစ်သည်။
ဘုရင်နှစ်ပါး ရှိနေသဖြင့် အနည်းငယ် သတိထားရမည် ဖြစ်သည်။ ယခု သူ့ဘေးတွင် တစ္ဆေခွေး မရှိပေ။
"သောက်ကျိုးနည်း"
သာသနာပြုဆရာသည် သူ၏ ပြတ်တောက်နေသော ခန္ဓာကိုယ်ကို ကြည့်ရင်း ဒေါသနှင့် ထိတ်လန့်မှု ရောထွေးနေသည်။ လက်ထဲတွင် ကိုင်ထားသော စာအုပ်ဟောင်းကို ရူးသွပ်စွာ လှန်လှောလိုက်သည်။
စာမျက်နှာတစ်ခုသို့ ရောက်သောအခါ စာအုပ် ရပ်တန့်သွားသည်။
ထိုစာမျက်နှာတွင် ပုံတစ်ပုံ ပါရှိပြီး ထိုပုံမှာ သာသနာပြုဆရာ၏ ပုံဖြစ်သည်။
နောက်တခဏတွင် ပုံထဲမှ သာသနာပြုဆရာ ပြောင်းလဲသွားသည်။ မူလက ပြည့်စုံနေသော သာသနာပြုဆရာသည် ယခုအခါ လက်မောင်းတစ်ဖက် ပျောက်ဆုံးနေပြီး ခန္ဓာကိုယ်မှာလည်း နှစ်ပိုင်းပြတ်နေသည်။ အရေပြားပေါ်တွင် မီးလောင်ဒဏ်ရာများလည်း ပေါ်လာသည်။
ဤအရာများသည် လက်တွေ့တွင် သာသနာပြုဆရာ ခံစားနေရသော သဘာဝလွန် တိုက်ခိုက်မှုများ ဖြစ်သည်။
ယခုအခါ ဤအရာများသည် ပုံထဲတွင် ပေါ်လာခြင်း ဖြစ်သည်။
သို့သော် ပုံထဲမှ သာသနာပြုဆရာ ဒဏ်ရာရသွားပြီးနောက် လက်တွေ့မှ သာသနာပြုဆရာသည် စက္ကန့်ပိုင်းအတွင်း ပြန်လည် ကောင်းမွန်လာသည်။
ဒဏ်ရာအားလုံးကို ပုံထဲသို့ လွှဲပြောင်းပေးလိုက်သကဲ့သို့ ဖြစ်သည်။ ရဲကျန့်၏ အစားထိုးအရုပ်နှင့် ဆင်တူသည်။
သို့သော် ဤအရာသည် အစားထိုးအရုပ်၏ စွမ်းအား မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ပြီးနောက် သာသနာပြုဆရာ၌ ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ သူ၏ အသိစိတ် တစိတ်တပိုင်း ပျောက်ဆုံးသွားပုံရပြီး ပိုမို အေးစက်လာသည်။ ခန္ဓာကိုယ်မှလည်း အလွန်အမင်း အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာကာ လူရှင်နှင့် မတူတော့ဘဲ တစ္ဆေနှင့် ပိုတူလာသည်။
"သြော် ဒီလိုကိုး ကိုယ့်ကိုယ်ကို တစိတ်တပိုင်းနဲ့ ဒဏ်ရာတွေကိုပါ ပေါင်းပြီး ချိပ်ပိတ်လိုက်တာပဲ ဒါပေမယ့် ခဏခဏ သုံးလို့မရဘူး ဒဏ်ရာပျောက်ကင်းသွားတာနဲ့အမျှ ကိုယ့်ကိုယ်ကိုလည်း တစိတ်တပိုင်း ဆုံးရှုံးနေရတာပဲ နောက်ဆုံးကျရင် တစ္ဆေအစစ် ဖြစ်သွားလိမ့်မယ်"
ယန်ကျန့် မျက်လုံးများ အရောင်လက်သွားပြီး သာသနာပြုဆရာ၏ သဘာဝလွန်စွမ်းအား အားနည်းချက်ကို ရိပ်မိလိုက်သည်။