← Chapters

အမိန့်တော် ပြန်တမ်းအား မလွန်ဆန်သာခြင်း

Vol. 1 Ch. 1

အမိန့်တော် ပြန်တမ်းအား မလွန်ဆန်သာခြင်း

Vol. 1 Ch. 1

ညချမ်းအချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ရွှီအချိန် (ည ၇-၉နာရီ) ရောက်ကြောင်း မောင်းခတ်သံ ထွက်ပေါ်လာပြီးသည်နှင့် ရှန်းကျင်းမြို့တော်၏ သက်ဝင်လှုပ်ရှားမှုများ တဖြည်းဖြည်း ကွယ်ပျောက်သွားတော့သည်။ နေ့လည်ခင်းမှာ လူတိုးမပေါက်အောင် စည်ကားခဲ့သော်လည်း ယခုအချိန်၌မူ အစိုးရလုပ်သား လမ်းတံမြက်လှည်းသမားများ လမ်းရှင်းနေသည်မှလွဲ၍ လူသူကင်းမဲ့လျက် တိတ်ဆိတ်ငြိမ်သက်နေလေ၏။

နန်းမြို့တော်တောင်ဘက်နှင့် အနီးဆုံးဖြစ်သော ချန်အန်းလမ်းမပေါ်ရှိ အမတ်ချုပ်လင် အိမ်တော်ကြီး၌မူ အစေခံများနှင့် အိမ်ဖော်များက အနောက်ဆောင်တွင် မီးအိမ်များထွန်းညှိရန် ပြင်ဆင်နေကြသည်။ လက်ရာမြောက်လှသော သိုးချိုပုံစံ နန်းတွင်းမီးအိမ်များကို တစ်လုံးပြီးတစ်လုံး ထွန်းညှိလိုက်သောအခါ အိမ်တော်တစ်ခုလုံးအား အေးချမ်းဆိတ်ငြိမ်သော လေထုက လွှမ်းခြုံသွားသည်။

သို့သော် ထိုအေးချမ်းမှုတို့နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အရှေ့ဆောင် ၏ ပင်မအခန်းထဲတွင်မူ အိမ်တော်၏ ချွေးမကြီးဖြစ်သူ သခင်မသုန် မှာ အသံမထွက်ရဲဘဲ ခေါင်းငုံ့လျက် တရှုံ့ရှုံ့ငို‌ကြွေးနေသည်။

သူမဘေးမှာ မျက်မှောင်ကြီးကို ကျုံ့ကာ ထိုင်နေသူမှာမူ လင်အိမ်တော်၏ ပထမသခင်ကြီး လင်ကွမ်ကျူ ဖြစ်သည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၊ ပြန်ဖြေလိုက်နှင့် ဣန္ဒြေမရဖြစ်နေကာ အဆုံးတွင်တော့ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး သူ့ဇနီးသည်အား ချီတုံချတုံဖြစ်နေသည့် မျက်နှာထားဖြင့် လှမ်းကြည့်လိုက်မိသည်။

"သခင်ကြီး... ဒါ ဘယ်လိုလုပ်ကြမလဲ…ကျွန်မတို့မှာ သမီးလေးဆိုလို့ ဒီတစ်ယောက်တည်း ရှိတာ... အဲဒါကို နန်းတော်ထဲပို့ပြီး လူပုံလယ်မှာ မျက်နှာပန်းလှအောင် လုပ်ပေးမယ်ဆိုပြီးလာပြောနေတယ်…အနောက်ဆောင် ကလူတွေ ပြောတော့သာ ကောင်းတာ... တကယ်တမ်းကျ သူတို့သမီးမိန်းက‌ေလးမမွေးနိုင်လို့ ကျွန်မတို့သမီး ချန်ချန် ကို နန်းတွင်းပို့ပြီး ဝင်ကူခိုင်းတာ မဟုတ်လား…သူတို့က သမီးလေးကို အသုံးချပြီး သူတို့နေရာမြဲအောင် လုပ်ချင်နေကြတာ"

လိမ္မာရေးခြားရှိလှသော သမီးဖြစ်သူ၏ ပုံရိပ်ကို တွေးမိရင်း သခင်မသုန်မှာ ငိုရှိုက်သံများကို မထိန်းနိုင်တော့ပေ။ သူမက လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း သမီးဖြစ်သူအား နန်းတွင်းပို့ဖို့ ပြောထားသည့် အမိန့်တော်ပြန်တမ်းကို ဆွဲဖြဲပစ်လိုက်ချင်စိတ်များ တဖွားဖွား ပေါ်လာရသည်။

"သမီးလေးကို နောက်ထပ် နှစ်နှစ်လောက် အိမ်မှာထားပြီးမှ အေးအေးဆေးဆေး အိမ်ထောင်ချပေးမယ် စိတ်ကူးထားတာ... ရုံဟယ့်ဆောင် က အဘွားကြီး ဒီလို ဉာဏ်ဆင်မယ်မှန်း မသိခဲ့ဘူး…နန်းတွင်းပို့ခံရမယ်မှန်းသာ ကြိုသိရင် သမီးလေး အရွယ်ရောက်တုန်းကတည်းက စောစောစီးစီး စေ့စပ်ပေးထားလိုက်ပါတယ်ကွာ"

လင်ကွမ်ကျူမှာ နောင်တရစွာဖြင့် သူ့ပေါင်ကိုသူ လက်သီးဖြင့် ထုချလိုက်သည်။ သို့သော် ကြက်ကလေးတစ်ကောင်ကိုပင် သတ်ရန်အားမရှိသော စာပေသမားပီပီ သူ့ထုချက်က မနာလှပေ။ အမြဲတမ်း မိဘစကားကို မြေဝယ်မကျနားထောင်တတ်သည့် သခင်ကြီးပင် မိထွေးတော်ကို ရုံဟယ့်ဆောင် က အဘွားကြီးဟု ခေါ်ဝေါ်မိသည်အထိ ဒေါသထွက်နေပုံကို ကြည့်ရင်း ဘေးတွင်ထိုင်နေသော သခင်မသုန်ပင် ငိုနေသည်မှ ရပ်သွားမိသည်။

ထို့နောက် သူတို့ နှစ်ကာလများစွာ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို တစ်ခွန်းပြီး တစ်ခွန်း ပြောဆိုတိုင်‌တည်တော့လေ၏။

"ကျွန်မတို့သားကြီး လင်ရှင်းကျစ် ဆိုရင် အခု အသက် ၂၃ နှစ် ရှိနေပြီ...အခုထိ ဘာအဆင့်အတန်းမှမရှိတဲ့ သာမန်အစောင့်ပဲ ဖြစ်နေတုန်း…တခြားလူတွေသာ ကြားရင် ယုံတောင်ယုံမှာ မဟုတ်ဘူး... အမတ်ချုပ်လင် ရဲ့ မြေးအကြီးဆုံးက နန်းတွင်းကိုယ်ရံတော် အဆင့် ၇နေရာလေးတောင် မရဘဲ လူရာမဝင် ဖြစ်နေတာ... လူလှောင်စရာ ဖြစ်နေပြီ"

"သားငယ် မုကျစ် လေးလည်း ၁၃ နှစ်ကျော်နေပြီကို… နန်းတွင်း စာသင်ဆောင်… ဝင်ခွင့်မရလို့ အိမ်မှာပဲ ဆရာခေါ်သင်နေရတယ်… သားလေးခမျာ ရည်မှန်းချက်ကြီးမားပေမယ့် ကောင်းကင်မှာ ပျံသန်းဖို့ အတောင်ပံ မပါသလို ဖြစ်နေရရှာတယ်…”

သူမမှာ ပြောရင်းနှင့် ပိုပိုဝမ်းနည်းလာရပြီး ငိုထားသဖြင့် ရဲနေသော မျက်လုံးများမှာလည်း မို့အစ်ယောင်ကိုင်းနေပြီဖြစ်သည်။ တစ်မိသားစုလုံးက ဖယ်ကျဉ်ခံထားရပြီး အနောက်ဆောင်မှ လူများ၏ ခြေထောက်မှာ ပြားပြားဝပ်နေရသည်ကပင် မလုံလောက်သေးဘဲ ယခု သူတို့၏ တစ်ဦးတည်းသော သမီးပျိုလေးကိုပါ စတေးခံခိုင်းနေကြပြီ ဖြစ်သည်။

ဇနီးသည်၏ နာကျည်းဖွင့်ဟသံများကို နားထောင်ရင်း လင်ကွမ်ကျူ သည်လည်း ဆယ်စုနှစ်များစွာကြာအောင် လျစ်လျူရှုခံခဲ့ရမှုများ၊ ဖယ်ကျဉ်ခံခဲ့ရမှုများကို တွေးမိပြီး ဒေါသထွက်လာရသည်။ သို့သော် သူ့မှာ လေထဲလက်ရွယ်ရုံမှတစ်ပါး ဘာမှ မတတ်နိုင်။

သူ့မိထွေးတော်က ကျန်းမင်းသားအိမ်တော် မှ ဆင်းသက်လာသော မင်းသမီးရုံခန့် ဖြစ်နေသည်။ သူမသည် အာဏာစက်ပြင်းသူတစ်ဦးဖြစ်ပြီး အိမ်တော်ကိစ္စများကို နှစ်ပေါင်းများစွာ ခြယ်လှယ်ခဲ့ရုံသာမက နန်းတော်နှင့် တော်ဝင်ခုံရုံမှာပါ ဩ‌ဇာညောင်းသူလည်းဖြစ်သည်။ ထို့အပြင် သူမ၏ မြေးအရင်းဖြစ်သူ အမတ်ချုပ်လင်၏ တရားဝင်သမီး လင်ဝမ်ကျိုးသည် ယခုအခါ နန်းတွင်းထဲ၌ အမြင့်ဆုံးဆိုသည့် ကွေ့ဖေးရာထူးကိုပင် ရထားသူဖြစ်လေသည်။

အစေခံများက အနောက်ဆောင် သာလျှင် အမတ်ချုပ်အိမ်တော်၏ အရှင်သခင်အစစ်ဟု ပြောဆိုကြသည်မှာလည်း မမှားပေ။ အရှေ့ဆောင် တွင် နေထိုင်ကြသော သူတို့မိသားစုမှာ သခင်မသုန် ၏ မိဘအိမ်မှ ထောက်ပံ့ကူညီမှုသာ မရှိလျှင် အထည်ကြီးပျက်များဖြစ်တာ ကြာလောက်ပြီ။ သို့မဟုတ်လည်း နယ်ဘက်ရှိ ဘိုးဘွားပိုင်အိမ်ဟောင်းသို့ ပြန်ပြေးရမည့်ကိန်း ဆိုက်နေလောက်ပြီ ဖြစ်သည်။

လင်ကွမ်ကျူ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်မိသလို သူ့သားသမီးတွေအတွက်လည်း ဝမ်းနည်းမိသည်။ သူတို့သည် သူ့လိုလူ၏ မိသားစုတွင် လူလာဖြစ်ရသည့်အတွက် အပေါ်ယံတွင်သာ ပြောင်ပြောင်ရောင်ရောင်‌ရှိပြီး အတွင်း၌မူ ဆင်းရဲဒုက္ခ ရောက်နေကြရရှာသည်။

အခန်းတွင်းမှ ဖယောင်းတိုင်မီးရောင်ကြောင့် လင်မယားနှစ်ယောက်၏ အရိပ်များသည် ပြတင်းပေါက်တွင် သွားရောက်ထင်ဟပ်နေလေသည်။ အပြင်ဘက်မှ သူတို့ကို သီးစုံဟင်းရည် မြည်းစမ်းစေချင်၍ လာပို့ကြသည့် လင်ရှင်းကျစ်နှင့် လင်ဝမ်ယိတို့ မောင်နှမနှစ်ယောက်သည် ထိုစကားများကို အတိုင်းသားပင် ကြားသွားတော့လေ၏။

လင်ဝမ်ယိကတော့ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ တွေဝေသွားလေသည်။ လင်ရှင်းကျစ် မှာမူ ‌ဒေါသထွက်လွန်း၍ သစ်သားလင်ပန်းကို ကိုင်ထားသော လက်များတွင် အကြောစိမ်းများပင် ထောင်ထလာပြီး သူ့မျက်နှာတစ်ခုလုံးလည်း ပျက်ယွင်းသွားတော့သည်။

သူသည် တာဝန်ချိန်ပြီး၍ ယခုမှ အိမ်ပြန်ရောက်လာတာဖြစ်ပြီး အခန်းပြန်သည့်လမ်းတွင် ညီမဖြစ်သူနှင့်တွေ့၍ မိဘများကို ဂါရဝပြုရန် တပါတည်း လိုက်လာခဲ့ခြင်းဖြစ်သည်။ အနောက်ဆောင် က သူ့ညီမကို နန်းတွင်းပို့ရန် ကြံစည်နေသည်ဟု ကြားလိုက်ရသဖြင့် ရှင်းကျစ်က စိတ်တိုသွားပြီး တံခါးကိုတွန်းဖွင့်ပြီး အတင်းသွားလိုက်ဖို့ ပြင်လိုက်သော်လည်း ဘေးမှ ဝမ်ယိက တားလာသည်။ သူမက ခေါင်းကိုခါယမ်းပြပြီး အစ်ကိုဖြစ်သူ၏ လက်မောင်းကို ဆွဲကာ တိုးတိုးလေး ပြောလိုက်၏။

"အစ်ကိုကြီး... ညီမနောက် လိုက်ခဲ့"

ထိုသို့ပြောပြီးနောက် အစ်ကိုဖြစ်သူကို အတင်းဆွဲခေါ်ကာ ခြံဝင်းငယ်လေးထဲသို့ ခေါ်ထုတ်လာခဲ့သည်။

"ချန်ချန်... နင် ဘာလို့ ငါ့ကိုဘာလို့ လာတားတာလဲ"

လင်ရှင်းကျစ်က ညီမဖြစ်သူနှင့် ပတ်သက်လျှင် အမြဲတမ်း စိတ်ဆတ်လွယ်သူ ဖြစ်သည်။ အထူးသဖြင့် နန်းတွင်းပို့မည့်ကိစ္စတွင် အနောက်ဆောင် နှင့် ရုံဟယ့်ဆောင် တို့ ပါဝင်ပတ်သက်နေသည်ကို သိလိုက်ရသောအခါ သူ့ရင်ထဲတွင် မျိုသိပ်ထားသည့် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

လင်ဝမ်ယိမှာ မိမိအစ်ကိုဖြစ်သူ၏ ပုံစံကိုကြည့်ရင်း သူ့မိဘများ မည်မျှကမ္ဘာပျက်နေလောက်မည်ဆိုသည်ကို တွေးလိုက်မိလေ၏။ လမ်းတစ်လျှောက်တွင် တိုက်ခတ်နေသည့် လေအေးများကြောင့် သူမသည် စိတ်ရှုပ်ထွေးမနေတော့ပေ။

"အစ်ကိုကြီးက ဝင်သွားပြီး ဘာမေးချင်လို့လဲ…ဘာပဲပြောပြော ညီမ နန်းတွင်းဝင်ရမှာက ပြောင်းသွားမှာမှ မဟုတ်တာ... အဖေနဲ့ အမေ့ကို ပိုပြီး စိတ်ဆင်းရဲအောင် လုပ်သလိုပဲ ဖြစ်နေမှာပေါ့... အဲဒီလို မလုပ်ပါနဲ့"

"ဒါပေမယ့် ဒါနင့်တစ်ဘဝလုံးနဲ့ဆိုင်တဲ့ ကိစ္စလေဟာ... အနောက်ဆောင် က လူတွေက သိပ်အနိုင်ကျင့်လွန်းအားကြီးတယ်"

သူက သစ်တော်သား စားပွဲခုံကို လက်သီးဖြင့် ထုချလိုက်ရာ စားပွဲပေါ်ရှိ ကြွေခွက်ကလေးများပင် တုန်ပြီးအသံမြည်သွားကြသည်။ လင်ဝမ်ယိ က အစ်ကိုဖြစ်သူ၏ လက်ကို ဆွဲယူပြီးကြည့်လိုက်သည်။ လက်မှာ အနည်းငယ် နီရဲနေသည်မှလွဲ၍ ထိခိုက်သွားခြင်း မရှိသည်ကို တွေ့လိုက်ရခါမှ သူမက လေသံအေးလေးဖြင့် ‌ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူမ၏ လေသံတွင် ဝမ်းနည်းခြင်း၊ အားငယ်ခြင်း အရိပ်အယောင်တို့ အနည်းငယ်မျှ မပါဝင်ချေ။

"အကုန်လုံး ဆုံးဖြတ်ပြီးသွားပြီလေ အစ်ကိုကြီးရယ်... အမိန့်တော်ပြန်တမ်းကို လွန်ဆန်ဖို့က မဖြစ်နိုင်ဘူး… ညီမတို့ မိသားစုက ဒီအိမ်ကြီးမှာ ခက်ခက်ခဲခဲ ရပ်တည်နေရတာ... ညီမရဲ့ မင်္ဂလာကိစ္စကြောင့် မင်းသမီးနဲ့ အနောက်ဆောင် က လူတွေကို ထပ်ပြီး ရန်စမိရင် မေမေ ဘယ်လိုလုပ်ပြီး ဒီအိမ်တွင်းရေး ပြေလည်အောင် ထိန်းထားနိုင်တော့မလဲ…ပြီးတော့ ဟိုတလောကမှ အဘိုးက ဖေဖေ့ကို နက္ခတ်တာရာဌာနမှာ အလုပ်သွင်းပေးဖို့ ပြောထားတာ... ဒါကြောင့် ညီမ နန်းတွင်းဝင်လိုက်လို့သာ တစ်မိသားစုလုံး ဘေးကင်းပြီး အဆင်ပြေမယ်ဆိုရင်... အစ်ကိုကြီးရယ်... ညီမ အခါတစ်သောင်းမက ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်"

လင်ဝမ်ယိ ၏ မျက်လုံးများက တည်ကြည်နေပြီး မိသားစုကို ငဲ့ကွက်စိတ်များဖြင့် ပြည့်နှက်နေသည်။ ညီမဖြစ်သူ၏ ရင့်ကျက်ပုံကို မြင်လိုက်ရ၍ လင်ရှင်းကျစ်မှာ ရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။

သူမက ၁၇နှစ်သာ ရှိသေးသည်။ သူမမှာ သာမန်မိသားစုတစ်ခုနှင့် လက်ဆက်ပြီး အေးချမ်းစွာ နေထိုင်သွားသင့်တာဖြစ်၏။ သို့သော် အရာအားလုံးက ရေတစ်ပွက်ပမာ ပျောက်ကွယ်သွားခဲ့ရပြီ။ နန်းတွင်းဝင်သည်ဆိုသည်မှာ အပြင်ပန်းကြည့်လျှင် ဂုဏ်ရှိသော်လည်း နောက်ကွယ်တွင်မူ ဆူးခင်းသောလမ်းကို လျှောက်ရသည်နှင့် ထူးမခြားပင်။ အနောက်ဆောင် မှ လင်ဝမ်ကျိုးပင်လျှင် ကွေ့ဖေး ဖြစ်နေသော်လည်း သူ့စိတ်တိုင်းကျ နေရသည်မဟုတ်ပေ။ ယခု ညီမလေး ဝင်သွားလျှင် မည်သို့သော ဒုက္ခများ ကြုံရဦးမည်မသိချေ။

"ချန်ချန်ရယ်..."

လင်ရှင်းကျစ်မှာ ဤဖြစ်ရပ်ကြီးကို တားလိုက်ချင်သော်လည်း သူ့အတွက် မည်သို့မျှမတတ်နိုင်ဖြစ်နေရသည်။

ထိုညက အရှေ့ဆောင်ရှိ လူအားလုံး ကောင်းကောင်းမအိပ်နိုင်ခဲ့ရပေ။

နောက်တစ်နေ့ နံနက်ခင်း နေသာချိန်တွင် ရုံဟယ့်ဆောင် မှ လျိုမားမား ကိုယ်တိုင် အရှေ့ဆောင် သို့ ရောက်လာပြီး သခင်မသုန် နှင့် လင်ဝမ်ယိ တို့ကို လာရောက် ဖိတ်ခေါ်လေသည်။ သူမ၏ မျက်နှာထားမှာ ယခင်အချိန်တုန်းကနှင့် လုံးဝမတူဘဲ အလွန်ကို ဖော်ရွေပျူငှာနေ၏။

"ဒုတိယသခင်မလေးက ကံကောင်းလိုက်တာရှင်... မကြာခင် ကွေ့ရန် ဖြစ်တော့မယ်ဆိုတော့... သခင်မကြီး စိတ်ချလက်ချသာ နေပါ... အတွင်းဆောင်ထဲမှာ ကွေ့ဖေးမယ်မယ် ရှိနေတာပဲ... ဒုတိယသခင်မလေး ဒုက္ခမရောက်စေရပါဘူး... ဝင်သွားတာနဲ့ စည်းစိမ်ချမ်းသာတွေစံစားရမှာ... ဒါက အရှေ့ဆောင် အတွက်လည်း ကံကောင်းခြင်းပဲ မဟုတ်လား"

သူမက လမ်းလျှောက်လာရင်း ပါးစပ်မှလည်း အဆက်မပြတ် မြှောက်ပင့်ပြောဆိုလာသည်။ သခင်မသုန် ၏ မျက်ဝန်းအိမ်များကမူ နီရဲမို့အစ်နေဆဲပင်ဖြစ်ပြီး သူမက နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ သူမသည် ဝတ်ရုံလက်ပွကြီးအောက်မှနေ၍ လင်ဝမ်ယိ ၏ လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်မပေးချင် ဖြစ်နေရှာသည်။

လင်ဝမ်ယိ သည်လည်း တုန်ယင်နေသော မိခင်၏လက်ကို ပြန်လည် ဆုပ်ကိုင်ထားလိုက်သည်။ သူမ၏ တည်ငြိမ်မှုကို မိခင်ထံ လက်ဆင့်ကမ်းပေးရင်း စိတ်သက်သာရာ ရစေလိုသော ဆန္ဒလေးဖြင့်…။

All Chapters