← Chapters

အရှင်မင်းကြီးအပါး ခစားခြင်း

Vol. 1 Ch. 8

အရှင်မင်းကြီးအပါး ခစားခြင်း

Vol. 1 Ch. 8

အရှင်မင်းကြီးက အမိန့်ပေးလိုက်သည်။ "သုန်ယွီကျုံး"

"ရှိပါတယ် အရှင်မင်းကြီး"

အရှင်မင်းကြီး၏ အမိန့်သံထွက်လာသည်နှင့် အပြင်ဘက်တွင် စောင့်နေသော မိန်းမစိုးခေါင်းဆောင် သုန်ယွီကျုံးက တံခါးဖွင့်ပြီး ချက်ချင်း ဝင်လာသည်။ သူက အရှင်မင်းကြီးနှင့် လင်ဝမ်ယိတို့ရှေ့တွင် ခါးကိုကိုင်းလျက် အခစားဝင်သည်။ သူ၏ အမူအရာတွင် အနည်းငယ်မျှပင် အမှားအယွင်း မရှိပေ။

အရှင်မင်းကြီးက ပြောလိုက်သည်။ "မင်း ကိုယ်တော် ညစာစားဖို့ ပြင်ပေးပါ... ပြီးတော့ လင်တာရင်အတွက်လည်း တစ်ပွဲ ထည့်ပေးလိုက်"

"အမိန့်တော်အတိုင်းပါ"

သုန်ယွီကျုံးသည် သူကိုင်ထားသော သားမြီးယပ်တောင်ကို နောက်ပါးရှိ မိန်းမစိုးလေးထံ ပေးလိုက်ပြီး လင်ဝမ်ယိရှေ့သို့ လျှောက်လာကာ ပြုံးပြလိုက်သည်။

"သခင်မလေး... ကျွန်တော်မျိုး လုပ်ပေးပါမယ်"

သုန်ယွီကျုံးသည် လင်ဝမ်ယိလက်ထဲမှ ကြွေပန်းကန်လုံးကို ယူလိုက်ပြီး ကျွမ်းကျင်စွာပင် ပန်းကန်နှစ်လုံးထဲသို့ ခွဲထည့်လိုက်သည်။

ပထမတစ်လုံးကို အရှင်မင်းကြီးရှေ့တွင် ချထားလိုက်ပြီး၊ ဒုတိယတစ်လုံးကို လင်ဝမ်ယိရှေ့သို့ ပို့ပေးကာ သုန်ယွီကျုံးက ယဉ်ကျေးစွာ ပြောလေသည်။

"သခင်မလေး သုံးဆောင်ပါ... ဒါက အရှင်မင်းကြီးရဲ့ စေတနာပါ…"

လင်ဝမ်ယိက ပန်းကန်လုံးအား မျက်မှောင်ကြုတ်ရင်း တစ်ချက်ကြည့်လိုက်သည်။ သုန်ယွီကျုံးက ခေါင်းညိတ်ပြလိုက်မှ လင်ဝမ်ယိလည်း စိတ်ချလက်ချ ဖြစ်သွားပြီး ထိုင်ခုံအဝိုင်းလေးပေါ်တွင် အသာအယာထိုင်လိုက်ရင်း ပန်းကန်ထဲမှ ငါးအသားလွှာ ဆန်ပြုတ်ကို ဖြည်းဖြည်းချင်း စားလိုက်လေသည်။

ဆန်ပြုတ်နှင့်အတူ အရံဟင်းပွဲငယ် နှစ်ပွဲပါ ပါလာသည်။

သုန်ယွီကျုံးက အရှင်မင်းကြီးအတွက် ဟင်းထည့်ပေးရင်း လင်ဝမ်ယိ၏ ပန်းကန်ထဲသို့လည်း မကြာခဏ ဟင်းထည့်ပေးလေသည်။

အချိန်အခါမှန်သာဆိုလျှင် လင်ဝမ်ယိတစ်ယောက် ထိုဟင်းပွဲလေးများကို မြိန်ရေရှက်ရေ စားမိနေမှာပင်။ ယင်းတို့မှာအလွန် စားချင်စဖွယ် ကောင်းလှသည်လေ။

သို့သော် လင်ဝမ်ယိ၏ လက်ထဲမှ ဆန်ပြုတ်ပန်းကန်မှာ ကုန်ခါနီးနေလေပြီ။ သို့သော်လည်း သူမ ပထမဆုံးအကြိမ် အိပ်ဆောင်ဝင်ခစားသည့်နေ့မှာတင် အရှင်မင်းကြီးနှင့် မိန်းမစိုးများ သူမကို အစားမက်သည်ဟု အထင်မခံချင်ပေ။

လင်ဝမ်ယိ ပန်းကန်ချလိုက်သည်ကို မြင်သောအခါ သုန်ယွီကျုံးက သူမကို ဟင်းထပ်မထည့်ပေးတော့ပေ။ သို့သော် အရှင်မင်းကြီးကမူ ခပ်ဖြည်းဖြည်းသာ သုံးဆောင်နေသဖြင့် ခပ်ဖွဖွသာထိုင်နေရသည့် လင်ဝမ်ယိ၏ ခြေထောက်များ ကျင်လာသည်။ ထိုအချိန်‌မှာပင် အရှင်မင်းကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။

"သိမ်းလိုက်တော့"

"ဟုတ်ကဲ့ပါ"

အစေခံများ အမြန်ဝင်လာပြီး ပန်းကန်များကို သိမ်းဆည်းကြသည်။ တချိန်တည်းမှာပင် ပလုပ်ကျင်းရန် ရေများ ယူဆောင်လာပြီး နှစ်ယောက်စလုံးကို ပြုစုပေးကြသည်။

အရှင်မင်းကြီးက လက်ကိုင်ပုဝါ ယူရန် လက်လှမ်းလိုက်သည်ကို မြင်သောအခါ လင်ဝမ်ယိလည်း ရှေ့တိုးသွားလိုက်ပြီး ပုဝါကို ကမ်းပေးလိုက်သည်။ သူမက ဆန်ပြုတ်တစ်ပွဲ ကျွေးသည့် ကျေးဇူးကို ပြန်လည်တုံ့ပြန်လိုက်ခြင်းပင်။

အရှင်မင်းကြီးက လင်ဝမ်ယိကို နံဘေးမှ တစ်ချက်ကြည့်လာသည်။ သူမ၏ ရှည်လျားသော လည်တိုင်လေးက အနည်းငယ် ညွတ်နေပြီး တည်ငြိမ်သိမ်မွေ့ဟန် ပေါက်နေ၏။

အစေခံများပြန်ထွက်သွားကြလျှင် လင်ဝမ်ယိက မျက်လုံးကိုစုံမှိတ်လိုက်ပြီး သတ္တိမွေးကာ ပြောလိုက်သည်။

"အရှင်မင်းကြီးကို ကျွန်တော်မျိုးမ ပြုစုပေးပါရစေ"

ထို့နောက် လင်ဝမ်ယိသည် ယောင်ချာချာဖြင့် အရှင်မင်းကြီးနောက်မှ လိုက်သွားလိုက်ပြီးနောက် ပိတ်ကားနောက်ကွယ်ရှိ အိပ်ခန်းထဲသို့ ဝင်ရောက်သွားလေသည်။

လင်ဝမ်ယိမှာ နဂါးပုံထွင်း‌ေဆာက်ထားသည့် သလွန်တော်ပေါ်တွင် ဒူးထောက်ထိုင်ရင်း အနေရခက်နေ၏။ သူမမှာ အဝတ်အစားများကို ချွတ်ရမလား သို့မဟုတ် သည်အတိုင်းပင် စောင့်နေရမလား မသိတော့ပေ။

သူမ ဘာလုပ်ရမှန်းမသိခင်မှာပင် သူမ၏ ကမ္ဘာကြီးတစ်ခုလုံး ဂျွမ်းပြန်သွားသလို ခံစားလိုက်ရပြီး သူမ မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင် လင်ဝမ်ယိမှာ ပိုးသားစောင်ကြီးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

"အရှင်မင်းကြီး..."

လင်ဝမ်ယိ၏ အသံမှာ အနည်းငယ် တုန်နေသော်လည်း အရှင်မင်းကြီး၏ နားထဲတွင်မူ ချွဲနွဲ့သံလေးဖြစ်‌နေသယောင်။ သူမ၏ ဤပုံစံလေးမှာ စောစောက မတ်တပ်ရပ်ပြီး စကားပြောနေသည့် ပုံစံထက် ပိုပြီး သက်ဝင်လှုပ်ရှားနေသည်။

လင်ဝမ်ယိ နောက်ထပ် စကားမပြောနိုင်ခင်မှာပင် အခန်းထဲရှိ ဖယောင်းတိုင်မီးများ ငြိမ်းသွား၏။

အရှင်မင်းကြီးက ပြောသည်။ "အိပ်ကြစို့…”

အရှင်မင်းကြီး၏ လည်ချောင်းထဲမှ ထွက်ပေါ်လာသော အသံတွင် ရမ္မက်ဆန္ဒများ ပါဝင်နေပြီး သူ၏ လက်လှုပ်ရှားမှုများကလည်း မြန်ဆန်လာသည်။ ထို့နောက် ပိုးသားခြင်ထောင်အတွင်း၌ နွေဦး၏ အငွေ့အသက်များ လွှမ်းခြုံသွားလေတော့သည်။

လင်ဝမ်ယိသည် ဝေါယာဉ်စီးပြီး ရီဟွားနန်းဆောင်သို့ ပြန်ရောက်လာသည်။ သူမလိုက်ကာကို လှပ်ကြည့်လိုက်သောအခါ ချွမ်ချီနှင့် ရှအန်းတို့ စောင့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့က သူမကိုတွေ့သောအခါ စိတ်လှုပ်ရှားစွာ နှုတ်ဆက်ကြ၏။

"သခင်မလေးကို ဂါရဝပြုပါတယ်... သခင်မလေး ကျန်းမာပါစေ"

"‌ထပါ…”

လင်ဝမ်ယိ ကိုယ်တိုင်ပင် မထင်မှတ်ထားလောက်အောင် သူမ၏ အသံတွင် ပင်ပန်းနွမ်းနယ်မှုများ ပါဝင်နေသည်။

ရှအန်းက မျက်မှောင်ကြုတ်ပြီး လင်ဝမ်ယိကို မော့ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် သွားတုန်းက လန်းဆန်းတက်ကြွနေသော ပန်းပွင့်လေးသည် ယခုအခါ မုန်တိုင်းဒဏ် ခံထားရသကဲ့သို့ ဖြစ်နေသည်။

သူတို့သည် လင်ဝမ်ယိကို တွဲပြီး ဝေါယာဉ်ပေါ်မှ ဆင်းစေပြီး လိုက်ပါပို့ဆောင်ပေးသော စည်းကမ်းထိန်းသိမ်းရေးမားမားကို ဆုကြေးငွေများ ပေးပြီး ပြန်လွှတ်လိုက်၏။ ထို့နောက် သူတို့သုံးယောက်သား လက်ဝဲဆောင်သို့ ပြန်ဝင်ခဲ့ကြသည်။

လင်ဝမ်ယိက မေးလိုက်သည်။ "ဘယ်အချိန် ရှိပြီလဲ"

"ည ၁၀ နာရီ ကျော်ပါပြီ"

လင်ဝမ်ယိက သန်းခေါင်ကျော်ပြီဟု ထင်နေသော်လည်း တကယ်တမ်းတွင် ၄ နာရီခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

ရာထူးနိမ့်သော ကိုယ်လုပ်တော်ဖြစ်သည့်အတွက် လင်ဝမ်ယိမှာ ချန်အန်းနန်းဆောင်တွင် ညအိပ်ခွင့်မရှိပေ။ သူမ၏ ခြေထောက်များမှာ ကိုက်ခဲနေပြီး စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိလျှင် သူမ၏ပါးပြင်မှာ ပူနွေးသွားရလေ၏။

ချွမ်ချီနှင့် ရှအန်းတို့သည်လည်း အပျိုလေးများပင် ဖြစ်ကြသည်။ အိပ်ဆောင်ဝင်သည်မှာ ဘာလဲဆိုသည်ကို သူတို့ နားလည်သော်လည်း ယခုအချိန်တွင် သခင်မလေးကို ဘယ်လို ပြုစုရမလဲဆိုတာ ကောင်းကောင်း မသိကြပေ။

လင်ဝမ်ယိက ပြောလိုက်သည်။ "ရေချိုးဖို့ ပြင်ပေး... ပြီးရင် အိပ်တော့မယ်"

လင်ဝမ်ယိသည် မနက်ဖြန် မနက်စောစော နန်းတွင်းရှိ ကိုယ်လုပ်တော်များကို သွားရောက် ဂါရဝပြုရမည်ဖြစ်သည်။ ဤသည်မှာ စည်းကမ်းဖြစ်၍ လင်ဝမ်ယိအ‌ေနဖြင့် နောက်ကျလို့ မဖြစ်ပေ။

"ဟုတ်ကဲ့ပါ သခင်မလေး"

ချွမ်ချီက ချိုးရေပြင်ဆင်ရန် ထထွက်သွားလေသည်။ တံခါးဝရှိ အခန်းငယ်လေးထဲတွင် ရေနွေးအမြဲ တည်ထားသဖြင့် ပြင်ဆင်ရန် အချိန်သိပ်မကြာလိုက်ပေ။

လင်ဝမ်ယိက ရေချိုးသန့်စင်ပြီး သူမ၏ ခုတင်ပေါ်တွင် လှဲချလိုက်သည်နှင့် ဘာမှ ဆက်မတွေးနိုင်တော့ဘဲ အိပ်ပျော်သွားတော့လေသည်။ သူမသည် တစ်ညလုံး ကောင်းမွန်စွာ အိပ်ပျော်သွား၏။

မနက် ၅ နာရီခန့်တွင် ရှအန်းက ညင်သာစွာ လာနှိုးမှ လင်ဝမ်ယိ မျက်လုံးပွင့်လာသည်။

သူမ တစ်ရေးအိပ်လိုက်ရသော်လည်း ခန္ဓာကိုယ်တွင် ကိုက်ခဲနေသည်များမှာမူ လျော့မသွားပေ။ လင်ဝမ်ယိ စိတ်ထဲ ညည်းတွားလိုက်မိသည်။ အချစ်တော် ဖြစ်ရသည်မှာလည်း ကောင်းလှသည် မဟုတ်ပေ။ အနည်းဆုံးတော့ သည်လို ပင်ပန်းဒဏ်ကို ခံနိုင်ရည် ရှိဖို့ လိုသည်။

ရှအန်းက ပြောသည်။ "သခင်မလေး... ရေနွေးလေး နည်းနည်း သောက်လိုက်ပါဦး"

"အင်း"

ရေနွေးနွေးလေး လည်ချောင်းထဲ စီးဝင်သွားမှ လင်ဝမ်ယိ၏ ထိုင်းမှိုင်းနေသော ဦးနှောက်က ကြည်လင်လာသည်။

"ဘယ်အချိန် ရှိပြီလဲ"

"မနက် ၅ နာရီ ထိုးပါပြီ"

နန်းဆောင်အသီးသီးမှ သခင်မများကို သွားရောက် ဂါရဝပြုရမည့် မနက် ၇ နာရီ အချိန်ရောက်ရန် လိုသေးသည်။ လင်ဝမ်ယိက ဆိုလိုက်သည်။

"ခဏနေရင် နင် ငါနဲ့အတူ လင်ကျစ်နန်းဆောင်ကို လိုက်ခဲ့"

"ဟုတ်ကဲ့ပါ"

လင်ဝမ်ယိက တာရင်အဆင့်သာ ရှိသေးသဖြင့် အစေခံတစ်ယောက်သာ ခေါ်ခွင့်ရှိသည်။ အထူးသဖြင့် သူမသည် မနေ့ညကမှ အိပ်ဆောင်ဝင်ထားသူမို့ လူအများ အပြစ်မပြောရအောင် သတိထားရမည်။

သူတို့စကားပြောနေစဉ်မှာပင် ချွမ်ချီက ရေနွေးငွေ့ တထောင်းထောင်းထနေသော ကြေးဇလုံကို ကိုင်ပြီး ဝင်လာသည်။ သူမက ပုဝါကို ရေညှစ်ပြီး လင်ဝမ်ယိကို ပေးလိုက်သည်။

လင်ဝမ်ယိက ပြောသည်။ "ခဏနေ ရှောင်လုကျစ် လာရင် သူ အားမလား မေးကြည့်လိုက်... အားရင် စားဖိုဆောင်ကနေ ဂျုံမှုန့် နည်းနည်း သွားတောင်းခိုင်းလိုက်... နင် အားတဲ့အချိန်ကျရင် ကျောက်စိမ်းဖြူမုန့် လုပ်ထားပေး... အဲဒါက စားလိုက်ရင် ဗိုက်ဆာခံတယ်"

ချွမ်ချီက အံ့ဩသွားသည်။ "သခင်မလေး ဘာဖြစ်လို့လဲ"

"စားဖိုဆောင်က ပို့တဲ့ မုန့်တွေက ဗိုက်မပြည့်ဘူး... ငါ မနေ့က အရှင်မင်းကြီးရှေ့မှာ အရှက်ကွဲတော့မလို့"

"ဟင်"

ချွမ်ချီ မျက်လုံး ပြူးသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ကြောက်လန့်သွားပုံရ၏။

"သခင်မလေး... အရှင်မင်းကြီးရှေ့မှာ ဗိုက်က တဂွီဂွီ မြည်သွားတာတော့ မဟုတ်ပါဘူးနော်... အရှင်မင်းကြီးက အပြစ်မပေးဘူးမလား"

"မမြည်ပါဘူး... ဒါပေမယ့် မြည်ခါနီးလေး"

လင်ဝမ်ယိ၏ စကားကို ကြားမှ ချွမ်ချီက ခြေကို ဆောင့်လိုက်ပြီး တက်ကြွစွာ ပြောသည်။

"သခင်မလေး စိတ်ချပါ... ကျွန်မ ကျောက်စိမ်းဖြူမုန့်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေးပါ့မယ်"

ချွမ်ချီ၏ ပုံစံကို ကြည့်ပြီး လင်ဝမ်ယိ ရယ်လိုက်မိသည်။

အမတ်ချုပ်အိမ်တော်၏ စည်းကမ်းများကလည်း များလှသည်လေ။ အထူးသဖြင့် ဝမ်းမြောက်စရာကိစ္စများရှိ၍ ရုံဟယ့်ဆောင်သို့ သွားရောက် ဂါရဝပြုရလျှင် နေ့ဝက်လောက် ကြာတတ်၏။ ထို့ကြောင့် သူမတို့က ဗိုက်မဆာအောင် ကျောက်စိမ်းဖြူမုန့်ကို စားလေ့ရှိသည်။

ထိုအခါ သူမက မနေ့ညက စားခဲ့ရသော ငါးအသားလွှာ ဆန်ပြုတ်ကို ပြန်တွေးမိလိုက်သည်။ သူမက အရှင်မင်းကြီးရှေ့မှာ ရောက်နေသည်မို့ ဆန်ပြုတ်ကို ကောင်းကောင်း အရသာမခံလိုက်ရဘဲ အမြန်စားလိုက်ရသည်။ နှမြောဖို့ကောင်းလိုက်တာ။

မနက်ခင်း၏ ပထမဆုံး နေရောင်ခြည် ဖြာကျလာလေပြီ။

ထိုအခါ လင်ဝမ်ယိလည်း အိပ်ရာမှ ထပြီး ပြင်ဆင်လေသည်။ ဤသည်မှာ လင်ဝမ်ယိ နန်းတွင်းရောက်ပြီးနောက် ပထမဆုံးအကြိမ် ကိုယ်လုပ်တော်များကို သွားရောက် တွေ့ဆုံခြင်း ဖြစ်သည်။ သူမအနေဖြင့် အရမ်း ထင်ပေါ်လွန်း၍ မဖြစ်သလို၊ အရမ်း ရိုးလွန်း၍လည်း မဖြစ်ပေ။ အိမ်တော်၏ သိက္ခာကျလျှင် လင်ကွေ့ဖေးက ပထမဆုံး ပြဿနာရှာမည့်သူ ဖြစ်သည်။

လင်ဝမ်ယိ အနည်းငယ်စဉ်းစားပြီးနောက် ရှအန်းကို ဝါးရွက်ပုံများ ပန်းထိုးထားသော ပန်းနုရောင် ဖဲသားဝတ်ရုံရှည်နှင့် ငွေစန္ဒာအရောင် ရင်ဖုံးအင်္ကျီကို ထုတ်ခိုင်းလိုက်သည်။ ထို့နောက် ဆံပင်ကို တာရင်အဆင့်နှင့် လိုက်ဖက်အောင် ထုံးဖွဲ့ပြီး လိပ်ပြာပုံ ကျောက်စိမ်းဖြူ ဆံထိုးအနည်းငယ် ပန်ဆင်လိုက်လေသည်။

All Chapters