← Chapters

နန်းဆောင်အသီးသီးသို့ သွားရောက် ဂါရဝပြုခြင်း

Vol. 1 Ch. 9

နန်းဆောင်အသီးသီးသို့ သွားရောက် ဂါရဝပြုခြင်း

Vol. 1 Ch. 9

သူမက မျက်နှာပေါ်တွင် မက်မွန်ပွင့်ရောင် မျက်နှာချေမှုန့် အနည်းငယ် လိမ်းလိုက်ရာ လင်ဝမ်ယိ၏ ဖြူဝင်းသော အသားအရေမှာ ပိုမို ပေါ်လွင်လာသည်။ ရှအန်းနှင့် ချွမ်ချီတို့က လင်ဝမ်ယိကို ခေါင်းအစ ခြေအဆုံး သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပေးပြီးမှ ရပ်လိုက်ကြသည်။

ရှအန်းက ပြောသည်။ "သခင်မလေးရဲ့ ဒီဝတ်စုံက တကယ်ကို အပြစ်ပြောစရာ မရှိဘူး"

ရှအန်းက စည်းကမ်းများကို ပိုနားလည်သဖြင့် အခြေအနေကို ကောင်းကောင်း သဘောပေါက်၏။

လင်ဝမ်ယိက ပြောလိုက်သည်။ "သွားကြစို့... အချိန်နောက်ကျနေဦးမယ်"

"ဟုတ်ကဲ့ပါ"

ဤသည်မှာ လင်ဝမ်ယိ လင်ကျစ်နန်းဆောင်သို့ ဒုတိယအကြိမ် သွားရောက်ခြင်း ဖြစ်သည်။ သည်တစ်ခေါက်တွင်လည်း သူမမှာ လမ်းဘေးရှုခင်းများကို ကြည့်ဖို့ အချိန်မရလိုက်ပေ။

လေးလပိုင်း၏ မနက်ခင်းဖြစ်၍ ရာသီဥတုက အနည်းငယ် အေးနေလေသည်။ တော်သေးသည်မှာ လင်ဝမ်ယိ၏ ဝတ်စုံက အတော်အတန် ထူထဲပြီး လင်ကျစ်နန်းဆောင်သို့ လမ်းလျှောက်ပြီးသွားရသဖြင့် အေးသည်ဟု သူမ မထင်တော့။

နန်းဆောင်တံခါးဝ ရောက်သည်နှင့် တံမြက်စည်းလှည်းနေသော အစေခံတစ်ယောက်က ပြုံးဖြဲဖြဲဖြင့် လာကြိုသည်။ သို့သော် သူမ၏ မျက်လုံးများသည်တော့ ရိုးသားသည့်ဟန်မပါ။

"သခင်မလေး ရောက်လာပြီလား"

"အင်း"

"ကျွန်တော်မျိုးမ ဒီမှာ စောင့်နေတာ ကြာပါပြီ... သခင်မလေးအတွက် ဝမ်းမြောက်ကြောင်း ပြောချင်လို့ပါ"

ထိုအစေခံ၏ မျက်လုံးများက ကလယ်ကလယ် ဖြစ်နေပြီး သူမ ဘာကို ဆိုလိုချင်သည်ကို အားလုံး သိကြသည်။

လင်ဝမ်ယိ၏ အနောက်တွင် ရပ်နေသော ရှအန်းသည်ပင် ထိုအစေခံ စည်းကမ်းမရှိသည်ကို တွေ့ပြီး စိတ်ထဲ မကျေမနပ်ဖြစ်သွားမိ၏။

သခင်မ‌လေးက အနေအထိုင် ဆင်ခြင်ချင်ပါတယ်လို့ ဆိုနေမှ ဒီမိန်းမက အတင်းလာပြီး ဂုဏ်ပြုချင်နေတယ်…မနေ့ညက အိပ်ဆောင်ဝင်ခဲ့တဲ့သူက သူတို့ သခင်မလေးဆိုတာကို တစ်လောကလုံး မသိမှာ ကြောက်နေတာလားဘာလား…တကယ်ကို ရှုပ်ရှုပ်ယှက်ယှက်တွေပဲ….

လင်ဝမ်ယိက ထိုကဲ့သို့ ကပ်ဖားရပ်ဖား လူစားမျိုးကို မကြိုက်ပေ။ သို့သော် ဤနေရာမှာ လင်ကျစ်နန်းဆောင် ဖြစ်သဖြင့် သူမ မကြိုက်လည်း ထုတ်ပြ၍ မဖြစ်ပေ။ ထို့ကြောင့် အသာအယာ ပြုံးပြီး ပြောလိုက်သည်။

"အားလုံးက မယ်မယ့်ရဲ့ ကျေးဇူးတွေပါ"

ထိုစကားက ဟုတ်သလိုလိုနှင့် ဘာမှ ရေရေရာရာ မရှိလှပေ။ လင်ဝမ်ယိက စကားဆုံးသည်နှင့် ခြံဝင်းထဲသို့ ဝင်ကာ စင်္ကြံလမ်းတွင် သွားရပ်လိုက်သည်။

ထိုအစေခံသည် မူလက လင်ဝမ်ယိနှင့် ရင်းနှီးအောင် လုပ်မည်ဟု ကြံရွယ်ထားသော်လည်း လင်ဝမ်ယိ၏ တုံ့ပြန်ပုံသည်တော့ လေကိုလက်သီးနှင့်ထိုးသကဲ့သို့ပင်။

ထိုအစေခံ စိတ်ထဲ ဒေါသထွက်သွားသည်။ ဒီ သခင်မလေးလင်က တကယ့်ငါးရှဉ့်လိုလူမျိုးပဲ။ ကိုင်တွယ်ရ ခက်လိုက်မဲ့ဖြစ်ခြင်း။

သို့သော် သူမအဖို့ လင်ကျစ်နန်းဆောင်တွင် တံမြက်လှည်းနေရသည်မှာ ဘာမှ အနာဂတ်မရှိဟု တွေးမိ‌ေလ၏။ ထိုအစား သခင်မလေးလင်နောက် လိုက်ရသည်ကမှ အလားအလာ ရှိဦးမည်။

လင်ဝမ်ယိဆီ ယခုသွားပြီး မျက်နှာလိုအားပေး လုပ်ထားလိုက်လျှင် အနည်းဆုံးတော့ ဒုတိယတန်းစား အစေခံအဆင့်လောက် ဖြစ်လာနိုင်ချေရှိသည်။ သခင်မလေးလင်သာ နေရာရလာခဲ့လျှင် သူမလည်း သခင်ကောင်းတော့ ကျွန်ပါမျက်နှာပွင့်ဆိုသလို အတူလိုက်အောင်မြင်နိုင်မည် မဟုတ်လား။

သူမက ထိုသို့ တွေးမိသည်နှင့် တံမြက်စည်းလှဲရသည်မှာ ပို၍ပင် အားရှိလာသလို ခံစားလိုက်ရသည်။

ပင်မဆောင် စင်္ကြံလမ်းအောက်တွင် ကိုယ်လုပ်တော် သုံးလေးဦး ရပ်နေကြသည်။ လင်ဝမ်ယိက သူမတို့ကို ဒူးညွှတ်ကာ ဂါရဝပြုလိုက်သော်လည်း သူတို့က သူမကို မျက်စောင်းထိုး နှာခေါင်းရှုံ့ပြရင်း ပြန်လည်ဂါရဝပြုလေသည်။

အကြောင်းရင်းကတော့ သိသာပါသည်။

သူမတို့သည် လင်ဝမ်ယိကဲ့သို့ ခွေးတိုးပေါက်မှ ဝင်လာပြီး ချက်ချင်း အိပ်ဆောင်ဝင်ခွင့် ရသွားသော အဆင့်နိမ့် ကိုယ်လုပ်တော်တစ်ပါးကို ကြည့်မရဖြစ်နေကြခြင်းပင်။ သို့သော် လင်ကွေ့ဖေးနှင့် ဆွေမျိုးတော်စပ်နေသဖြင့် ဗြောင်ကျကျတော့ ရန်မရှာရဲကြပေ။

ထို့ကြောင့် လင်ဝမ်ယိသည် စင်္ကြံလမ်းတွင် ခေါင်းငုံ့ရင်း လင်ကွေ့ဖေး၏ ဖိတ်ခေါ်မှုကိုသာ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

မှန်ရာကို ပြောရမည်ဆိုလျှင် ယခုအချိန်၌ လင်ကွေ့ဖေးသာ သူမ၏နောက်ခံအဖြစ်မရှိပါက လင်ဝမ်ယိတစ်ယောက် အနိုင်ကျင့်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထို့ကြောင့် သူမလည်း အားကိုးစရာရှိခိုက် အမိအရ တွယ်ဖက်ထားရမည် ဖြစ်သည်။

မကြာမီ နန်းတွင်းရှိ ကိုယ်လုပ်တော်များ တဖြည်းဖြည်း ရောက်ရှိလာကြရာ လင်ကျစ်နန်းဆောင်၏ ခြံဝင်းထဲတွင် လူများဖြင့် ပြည့်နှက်သွားတော့သည်။

ထိုမြင်ကွင်းကို ကြည့်ပြီးမှ အစေခံအမျိုးသမီးတိုင်း ဘာကြောင့် ရာထူးတက်ချင်ကြသလဲ ဆိုတာကို လင်ဝမ်ယိ သဘောပေါက်သွားသည်။ အကယ်၍ ထိပ်ဆုံးတွင် မရပ်တည်နိုင်လျှင် ဤမျှ များပြားလှသော မိန်းမလှများကြားတွင် တိုက်ခိုက်ခံရပြီး အသံတိတ် ပျောက်ကွယ်သွားရပေလိမ့်မည်။

လင်ဝမ်ယိ တွေးနေစဉ်မှာပင် မနေ့က တွေ့ခဲ့သော အပါးတော်မြဲချင်ဟယ့် ထွက်လာသည်။ သူမက ကိုယ်လုပ်တော်များကို ဂါရဝပြုလိုက်ပြီး ပြုံးရွှင်စွာ ပြောလေသည်။

"ကွေ့ဖေးမယ်မယ် ပြင်ဆင်လို့ ပြီးပါပြီ... သခင်မလေးတို့ကို အထဲဝင်ဖို့ ဖိတ်ခေါ်ပါတယ်”

"ဟုတ်ကဲ့ပါ"

မိန်းမများ စုဝေးနေကြသည့် မြင်ကွင်းမှာ အမှန်ပင် မျက်စိနောက်စရာ ကောင်းလှသည်။

လင်ကျစ်နန်းဆောင်၏ ပင်မဆောင် အလယ်တည့်တည့်တွင် ရတနာပလ္လင်တစ်ခု ရှိသည်။ ထိုပလ္လင်ပေါ်တွင် ရှုပ်ထွေးသော ပန်းကနုတ်များ ထွင်းထုထားပြီး သေချာကြည့်လျှင် ဇာမဏီငှက်ပုံစံများ ဖြစ်နေသည်။

လင်ကွေ့ဖေးသည် ယနေ့တွင် အလွန်ခမ်းနားလှပစွာ ဝတ်ဆင်ထားလေသည်။

ကြာပန်းနှစ်ပွင့်ပုံ ပန်းထိုးထားသော ရင်ဖုံးဝတ်ရုံနှင့် လိုက်ဖက်ညီသော ပတ္တမြားဆံထိုးကို ပန်ဆင်ထားရာ ကျက်သရေရှိလှပြီး ကြည့်ကောင်းလွန်းနေသည်။ မိုးမခရွက်ကဲ့သို့ ကွေးညွှတ်နေသော မျက်ခုံးအောက်တွင် စူးရှသော မျက်လုံးအစုံတို့ရှိပြီး သူမသည် ထိပ်ဆုံးတွင် ထိုင်ကာ လူအများကို စီးမိုးကြည့်နေသည်။

မယ်တော်ကြီးက ဝူထိုင်တောင်တွင် တရားသွားအားထုတ်နေပြီး၊ မိဖုရားခေါင်ကြီးရွှီက နတ်ရွာစံတာ ၃ နှစ် ရှိပြီဖြစ်ရာ ယခု နန်းတွင်းတွင် လင်ကွေ့ဖေးသည် ရာထူးအကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက သူမကို အလေးစားဆုံးနှင့် အကြောက်ရွံ့ဆုံး ဆက်ဆံကြရသည်။

အားလုံးက ရာထူးအလိုက် ခင်းကျင်းထားသော သစ်နှင်းဆီထိုင်ခုံများတွင် နေရာယူလိုက်ကြပြီး ကွေ့ဖေးမယ်မယ်၏ စကားကို နားစွင့်နေကြသည်။ လင်ကွေ့ဖေး၏ ဘယ်ညာ ဘေးနှစ်ဖက်ရှိ ပထမဆုံး ထိုင်ခုံများမှာမူ လွတ်နေလျက်ရှိသည်။

လင်ကွေ့ဖေးက မေးလိုက်သည်။

"ယီဖေး နဲ့ လန်ဖေး ရော"

အစေခံတစ်ယောက်က ဖြေသည်။ "လန်ဖေးမယ်မယ်က မနက်က နေထိုင်မကောင်းဖြစ်နေလို့ ဒီနေ့ လာမတွေ့နိုင်တော့ကြောင်း လူလွှတ်ပြီး အကြောင်းကြားပါတယ်... ယီဖေးမယ်မယ်ကတော့ လာနေတုန်းလို့ ထင်ရပါတယ်"

ဆိုလိုသည်မှာ ယီဖေးမယ်မယ်ဘက်က ဘာမှ ကြိုတင်အကြောင်းမကြားခြင်းပင်။ ထိုစကားကို ကြားသောအခါ လင်ဝမ်ယိ သတိထားမိလိုက်သည်။

ကြည့်ရတာ သည်ယီဖေးမယ်မယ်က တော်ရုံလူ မဟုတ်နိုင်ပေ။ ကိုယ်လုပ်တော်အားလုံး လာရောက် ဂါရဝပြုရမည့်နေ့မှာတောင် နောက်ကျရဲသည်ဆိုတော့ အရှင်မင်းကြီး၏ အချစ်တော် ဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် နောက်ခံအင်အား တောင့်တင်းသူ ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် လင်ကွေ့ဖေးကို ဤမျှ ဗြောင်ကျကျ ဆန့်ကျင်ရဲမည် မဟုတ်ပေ။

လင်ကွေ့ဖေးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

"ယီဖေး ညီမလေးက လမ်းမှာ လာနေတုန်းဆိုတော့ ကျန်တဲ့ ညီမလေးတွေ လက်ဖက်ရည် အရင်သောက်နှင့်ကြပါ... သူ ရောက်လာမှပဲ စကားပြောကြတာပေါ့"

ထင်သည့်အတိုင်းပင် နန်းတွင်းမှ မိန်းမများကား အချဉ်မဟုတ်ကြ။

ယီဖေး မရောက်မချင်း တွေ့ဆုံပွဲကို စတင်မည် မဟုတ်။ ဆိုလိုသည်မှာ လင်ကွေ့ဖေးသည် အချိန်ကြန့်ကြာသွားမှုမှာ သူမကြောင့်မဟုတ်ဘဲ ယီဖေးကြောင့်ဟု လက်ညှိုးထိုးလိုက်ခြင်းပင်။

ကွေ့ဖေးမယ်မယ် အမိန့်ပေးလိုက်သည်နှင့် မိန်းမစိုးချင်ဟယ့်က လုံကျင်းလက်ဖက်ရည်နှင့် မုန့်များကို လာချပေးသည်။

"ဒီ လုံကျင်းလက်ဖက်ရည်က ဒီနှစ်မှ ဆက်သလာတဲ့ လက်ဖက်ခြောက်အသစ်တွေလေ... အရှင်မင်းကြီး ကိုယ်တိုင် ငါ့ကို ပေးသနားထားတာ... ဒီနေ့ ညီမလေးတွေကို တိုက်ချင်လို့ ထုတ်ခိုင်းလိုက်တာ... မြည်းစမ်းကြည့်ကြပါဦး... အရသာ တော်တော် ကောင်းတယ်"

"မယ်မယ်က ကျွန်တော်မျိုးမတို့ကို တကယ် ဂရုစိုက်တာပါပဲ... ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်ကို အနံ့နဲ့တင် တန်ဖိုးရှိမှန်း သိသာပါတယ်"

ပြောလိုက်သူမှာ ရုပ်ရည် သိပ်မချောမောလှသော အသက်ခပ်ကြီးကြီး ကိုယ်လုပ်တော်တစ်ဦး ဖြစ်သည်။ သူမသည် ကြာဖက်ရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ပုံသဏ္ဍာန်က ရိုးရှင်းပုံရသော်လည်း သေချာကြည့်လျှင် ရာထူးသိပ်မမြင့်ကြောင်း ထင်ရှားနေ၏။

လင်ကွေ့ဖေးက ပြုံးလျက် ဆိုသည်။ "တုချန်ကျိုက်ကတော့ စကားတတ်ပါ့ကွယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ သန္တာကျောက်နီ ဆံထိုးတစ်ချောင်း ရထားတယ်... ပုံစံလေးက ဆန်းလို့ ညီမလေးကို ပေးလိုက်မယ်"

စကားဆုံးသည်နှင့် လင်ကွေ့ဖေး၏ နောက်ထပ် အပျိုတော်ကြီးတစ်ယောက်ဖြစ်သူ ချင်လျိုက လင်ပန်းကို ကိုင်ရင်း တုချန်ကျိုက် ရှေ့သို့ သွားလိုက်ပြီး ယဉ်ကျေးစွာပင် လင်ဗန်းကိုကမ်းပေးလိုက်လေသည်။

တုချန်ကျိုက် ဝမ်းသာသွားသည်။ သည်ရက်ပိုင်းအတွင်း သူမ အားထုတ်ရကျိုး နပ်ပြီဟု တွေးလိုက်သည်။ ကွေ့ဖေးမယ်မယ်က သူမကို မြှောက်စားတော့မည့်ပုံပင်။

သူမက ယွမ်ဟော်နန်းသက် ၉ နှစ်ကတည်းက အရှင်မင်းကြီးနား ရောက်နေခဲ့သော်လည်း ယခု ၈ နှစ် ကြာသည်အထိ ချန်ကျိုက် ရာထူးသာ ရှိသေး၏။ အစေခံ အဟောင်းများကို မဆိုထားနှင့်၊ အသစ်ရောက်လာသူများထဲတွင်ပင် ချူကွေ့ရန်က သူမထက် ရာထူးမြင့်နေပြီ ဖြစ်သည်။ သူမနှင့် ရာထူးတူတူ နောက်ထပ် မင်ချန်ကျိုက် ဆိုသူလည်း ရှိသေးသည်။

ရုပ်ရည်၊ ခန္ဓာကိုယ်၊ ဆွေမျိုးအင်အားနှင့် အရည်အချင်း အရာအားလုံးတွင် သူမက အခြားသူများအောက် ရောက်နေသည်။ အခုချိန်မှာ သူမသာ မကြိုးစားလျှင်၊ အားကိုးစရာ ရှာမထားလျှငါ နန်းတော်တံတိုင်းနားက ပေါင်းပင်လိုမျိုး ဘယ်သူမှ ဂရုစိုက်မည်မဟုတ်ပေ။

ထို့ကြောင့် တုချန်ကျိုက်သည် မတ်တတ်ထရပ်လိုက်ကာ လင်ကွေ့ဖေးကို ဂါရဝပြုလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလေသည်။

"မယ်မယ့် လက်ဆောင်ကို ကျေးဇူးတင်ပါတယ်…"

သူမ၏ မျက်နှာလိုမျက်နှာရ လုပ်နေပုံကို အပေါ်ထပ်မှ အကြည့်စူးစူးဖြင့် အမျိုးသမီးတစ်ဦးက မကျေနပ်စွာ ကြည့်နေသည်။ ထိုအမျိုးသမီးက တစ်ခွန်းမှဝင်မပြောသော်လည်း သူမ၏ မျက်လုံးများထဲတွင်မူ တုချန်ကျိုက်ကို လှောင်ပြောင်သရော်နေကြောင်း ထင်ရှားနေသည်။

အချစ်မခံရတဲ့ တောသူမ ဆိုတဲ့အတိုင်း... သန္တာကျောက်နီ ဆံထိုးလေး တစ်ချောင်းလောက်နဲ့ ပျော်နေလိုက်တာ...။

All Chapters