ရန်လာစခြင်း
Vol. 1 Ch. 10
ချူကွေ့ရန်က လက်သည်းဆေးဆိုးထားသည့် လက်ချောင်းသွယ်သွယ်လေးများဖြင့် လက်ဖက်ရည်ခွက်ကို အသာအယာ မယူလိုက်ပြီး နှာခေါင်းနားတွင် တေ့ကာ အနံ့ခံကြည့်လိုက်သည်။ သို့သော် သူမ၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ၊ ဟန်မပျက် ရှိနေမြဲပင်။
လက်ဖက်ရည်က ကောင်းမွန်သော်လည်း ချူကွေ့ရန်ကို စိတ်လှုပ်ရှားစေရန်ကား မစွမ်းသာလှ။
သည်လိုအရာမျိုးက အနောက်မြောက်ဒေသမှ ဝိညာဉ်သေရည် နှင့် ယှဉ်လျှင် ဘာမှ မဟုတ်ဟု ချူကွေ့ရန် တွေးတောမိလိုက်၏။
သို့သော် အထက်တွင် ထိုင်နေသူမှာ ကွေ့ဖေးမယ်မယ် ဖြစ်နေပြီး သူမကမူ ယခုမှ နန်းတွင်းရောက်ကာစ ကွေ့ရန်အဆင့်သာ ရှိသေးသဖြင့် ထိပ်တိုက်ပြဿနာသွားရှာဖို့ မဖြစ်နိုင်ချေ။
ချူကွေ့ရန်သည် ဟိုဟိုသည်သည် လှည့်ပတ်ကြည့်လိုက်ပြီး မျက်နှာချင်းဆိုင် အောက်ဆုံးခုံတွင် ထိုင်နေသော လင်ဝမ်ယိထံသို့ အကြည့်ရောက်သွားသည်နှင့် တပြိုင်နက် သူမ၏ ရင်ထဲတွင် မနာလိုဝန်တိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာလေတော့သည်။
ချူကွေ့ရန်က မခံချိမခံသာဖြစ်သွားပြီး လင်ဝမ်ယိရှိရာဘက်သို့ လှမ်း၍ စကားနာထိုးလိုက်၏။
"အရှင်မင်းကြီးက နတ်သမီးလေးလို လှပတဲ့ တာရင်အသစ်လေးတစ်ပါး ရထားတယ်လို့ သတင်းထွက်နေတာ... ဒီ ညီမလေးလင် ဖြစ်မယ် ထင်တယ်... တကယ်လည်း ရုပ်ရည်က လှလိုက်တာပါ့... နန်းဆောင် ၆ ဆောင်က ညီမတွေတောင် မင်းလောက် မလှတော့ဘူး ထင်ပါရဲ့"
စကားဆုံးသည်နှင့် ချူကွေ့ရန်က ဟင်းခနဲ ရယ်မောလိုက်သော်လည်း သူမ၏ မျက်လုံးထဲတွင်မူ အေးစက်မှုနှင့် ရန်လိုမုန်းတီးမှုများ ပြည့်နှက်နေလျက်။
ပြဿနာကတော့ လာချေပြီ...။
လင်ဝမ်ယိ ထင်ထားသည့်အတိုင်းပင်၊ သူမ အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ရလိုက်သည်နှင့် လူအများ၏ ပစ်မှတ် ဖြစ်လာရတော့၏။
လင်ဝမ်ယိမှာ မူလက ကိုယ့်ဘာသာကိုယ် နေပြီး သိုသိုသိပ်သိပ်လေး နေမည်ဟု ကြံရွယ်ထားသော်လည်း ထိုင်ခုံပင် ဖင်ပူအောင် မထိုင်ရသေး… တဖက်လူက ရန်လာစလေပြီ။
လင်ဝမ်ယိ၏ ပုံမှန်စိတ်သဘောထားအရဆိုလျှင်တော့ သူမသည် ရှောင်နိုင်သမျှ ရှောင်မည်သာ။
သို့သော် ယခုအချိန်တွင် လင်ဝမ်ယိသည် နန်းတွင်းသို့ ရောက်နေပြီဖြစ်သလို၊ ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ကိုယ်လုပ်တော်များကို တွေ့ဆုံခြင်း ဖြစ်သည်။ အကယ်၍ သူမသာ ဤသို့ပွဲမျိုးတွင် အနှိမ်ခံလိုက်ရလျှင် နောင်တစ်ချိန်မှာ ခေါင်းပြန်ထောင်နိုင်ဖို့ ခက်ခဲသွားပေလိမ့်မည်။
လူတိုင်းက သူမကို လာနှိပ်ကွပ်နေကြရင် နောက်ပိုင်း လင်ဝမ်ယိတစ်ယောက် ဘယ်လိုလုပ်ပြီး အေးအေးချမ်းချမ်း နေနိုင်ပါတော့မလဲ။
လင်ဝမ်ယိ ထိုသို့ တွေးမိပြီး အပေါ်မှာထိုင်နေသော လင်ကွေ့ဖေးကို တစ်ချက် လှမ်းကြည့်လိုက်လေ၏။
လင်ကွေ့ဖေး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး ကြောင်နှင့် ကြွက် ရန်ဖြစ်နေသည်ကို ကြည့်နေသကဲ့သို့ ရှိသော်လည်း မျက်လုံးထဲတွင်မူ သတိပေးချက်တစ်ခု ပါဝင်နေသည်ကို လင်ဝမ်ယိ အတိအကျ နားလည်လိုက်သည်။
လင်ဝမ်ယိသည် အမတ်ချုပ်အိမ်တော်နှင့် လင်ကွေ့ဖေး၏ မျက်နှာဖုံး ဖြစ်သည်။ သူမသည် တာရင်အဆင့်သာ ရှိသော်လည်း လူတိုင်းက စိတ်ရှိတိုင်း ဗိုက်ကျနိုင်သည့် သာမန်တာရင်မျိုး မဟုတ်ပေ။
လင်ကွေ့ဖေးက သူမကို ကျောထောက်နောက်ခံ ပေးထားပြီဖြစ်၍ သူလည်း အားနာနေစရာ မလိုတော့ချေ။
ထို့ကြောင့် လင်ဝမ်ယိသည် ခေါင်းမော့လိုက်ပြီး စောစောက သူမကိုထေ့ငေါ့နေသည့် ချူကွေ့ရန်ကို ကြည့်ကာ ယဉ်ကျေးသလိုလိုနှင့် ခပ်တန်းတန်း တုံ့ပြန်လိုက်လေသည်။
"အစ်မရဲ့ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ဒီနန်းဆောင် ၆ ဆောင်မှာ ကွေ့ဖေးမယ်မယ်ကသာ တိုင်းပြည်နှင့် မြို့ပြကိုပါ တိမ်းမှောက်စေနိုင်လောက်အောင် လှပတယ်ဆိုတာ ဘယ်သူမဆို သိကြပါတယ်... ကျွန်တော်မျိုးမက တောပန်းလေးလို ရုပ်ရည်မျိုးနဲ့မို့ မယ်မယ့်ကို မယှဉ်ရဲပါဘူး"
ဒီစကားတစ်ခွန်းက လင်ဝမ်ယိကို အကျပ်အတည်းထဲမှ ဆွဲထုတ်သွားသလို ဖြစ်သွားသည်။
တစ်ချက်က လင်ဝမ်ယိသည် လင်ကွေ့ဖေးကို ချီးကျူးလိုက်ခြင်းဖြစ်ပြီး၊ နောက်တစ်ချက်မှာမူ ချူကွေ့ရန်အား အမြင်မရှိကြောင်း သွယ်ဝိုက်လှောင်လိုက်ခြင်းပင်။
ဤစကားထဲတွင် ပါဝင်သော အဓိပ္ပါယ်ကို နန်းတွင်း၌ ကျင်လည်နေကြသော မြေခွေးမလေးများ အားလုံး နားလည်သဘောပေါက်လိုက်ကြပေသည်။
ချူကွေ့ရန်မှာ လင်ဝမ်ယိ၏ စကားကြောင့် ဒေါသထွက်သွားပြီး လက်ထဲမှ လက်ဖက်ရည်ခွက်ပင် လွတ်ကျလုနီးပါး ဖြစ်သွားသည်။ သူမ လင်ဝမ်ယိကို ထပ်ကြည့်လာချိန်တွင်တော့ သူမမျက်လုံးများထဲတွင် ဟန်ဆောင်ထားခြင်းမျိုး မရှိတော့ဘဲ လင်ဝမ်ယိကို ရွံရှာမုန်းတီးမှုများ အထင်းသား ထပ်ဟပ်နေတော့သည်။
"ညီမလေးလင်က စကားပြော တကယ် ကောင်းတာပဲ... စကားလေး နှစ်ခွန်းသုံးခွန်းနဲ့ ငါ့ကို ကွေ့ဖေးမယ်မယ်နဲ့ ရန်တိုက်ပေးနေပါရောလား... အကြောင်းစုံသိတဲ့သူက ငါက ညီမလေးရဲ့ အလှကို ချီးကျူးတာပါလို့ သိပေမယ့်…မသိတဲ့သူကျတော့ ငါက ကွေ့ဖေးမယ်မယ်ကို မလေးစားဘူးလို့ ထင်သွားနိုင်တယ်... နန်းတွင်းရောက်တာတောင် မကြာသေးဘူး သွေးခွဲသပ်လျှို လုပ်တတ်နေပြီ... ညီမလေးက တကယ်ကို တော်ပါပေတယ်"
မလျှော့သောဇွဲဖြင့် ရန်ရှာခြင်းမှာ ချူကွေ့ရန်၏ စရိုက်ပင်။
အနောက်မြောက်ဒေသတွင် နေထိုင်စဉ်က ချူကွေ့ရန်၏ ဖခင်သည် ကျားသစ်တပ်မှူးဖြစ်ပြီး အနောက်မြောက်နယ်စားမင်း၏ လက်အောက်တွင် အတော်ဆုံး စစ်သူကြီး ဖြစ်သည်။ သူမကို မြင်လျှင် ဘယ်သူမဆို လေးစားကြရပေ၏။
သို့သော် နန်းတွင်းသို့ ရောက်လာသောအခါ ဟိုလူကလည်း မယ်မယ်၊ သည်လူကလည်း မယ်မယ်နှင့် ချူကွေ့ရန်မှာ နေရာတိုင်းတွင် ခေါင်းငုံ့နေရသဖြင့် ဤဒုက္ခကို သူမ ဆက်သည်းမခံနိုင်တော့ပေ။
ထို့ကြောင့် စိတ်ထွက်ပေါက်အနေနှင့် တစ်ယောက်ယောက်ကိုမှ ရန်မရှာရလျှင် ချူကွေ့ရန်မှာ စိတ်ညစ်ညူးပြီးပင် သေသွားလောက်သည်။
ချူကွေ့ရန်၏ အကြည့်များထဲတွင် အထင်သေးမှုများ ပေါ်လွင်နေပြီး ကျန်သော ကိုယ်လုပ်တော်များကမူ ပွဲကြည့်ပရိသတ်လုပ်ရင်း အခြေအနေကို စောင့်ကြည့်နေကြ၏။
သည်ငနုံငအမ ချူကွေ့ရန်ကို ရှေ့ပို့ပြီး သည်တာရင်အသစ်လေး၏ အရည်အချင်းက ဘယ်လောက်ရှိသလဲ၊ နောက်ခံက ဘယ်လောက်တောင့်သလဲကို ကိုယ်လုပ်တော်များက အကဲခတ်လိုကြခြင်း ဖြစ်ပေသည်။
အခြေအနေက တင်းမာနေသည်။
ယခုအချိန်တွင် လင်ဝမ်ယိသာ စိတ်ပျော့သွားလျှင် ချူကွေ့ရန်၏ စကားလုံးများအောက်တွင် ခေါင်းပင်ပြန်မော်နိုင်တော့မည်မဟုတ်ပေ။
နန်းတွင်းသည် ပျော့ညံ့သူများအတွက် နေရာမရှိချေ။ လင်ဝမ်ယိက ဘေးပတ်လည်ရှိ ကိုယ်လုပ်တော်များကို တစ်ချက် ဝေ့ကြည့်လိုက်ရာ သူတို့၏ သဘောထားကို သူမကောင်းကောင်း နားလည်သွားတော့၏။
လင်ဝမ်ယိက ပြန်ချေပသည်။
"အစ်မ အထင်လွဲနေပါပြီ... ကျွန်တော်မျိုးမမှာ အဲဒီလို စိတ်ကူးမျိုး မရှိပါဘူး... ကွေ့ဖေးမယ်မယ်ရဲ့ အလှက ပြိုင်ဘက်ကင်းတယ်ဆိုတာ အရှင်မင်းကြီးရဲ့ ရွှေနှုတ်တော်ထွက် မိန့်ခွန်းနဲ့ ချီးကျူးထားတာပါ... ကျွန်တော်မျိုးမ အိမ်မှာရှိတုန်းက အဘွားနဲ့ ဒုတိယအဒေါ်တို့ ပြောတာကို မကြာခဏ ကြားဖူးလို့ အမှတ်ရနေတာပါ... အစ်မ ပြောသလို သွေးခွဲသပ်လျှိုတယ်ဆိုတာကတော့... ကျွန်တော်မျိုးမက အစ်မကိုရန်ငြိုးရန်စလည်း မရှိ…အခုမှ ပထမဆုံး တွေ့ဖူးတာဆိုတော့ အစ်မနဲ့ ရင်းနှီးအောင် ပေါင်းချင်နေတာပါ... ဘယ်လိုလုပ်ပြီး သွေးခွဲရဲမှာလဲ…”
လင်ဝမ်ယိက နောက်ခံအင်အားကို တဖြည်းဖြည်း ထုတ်သုံးလာသည်။ သူမက ကွေ့ဖေးမယ်မယ်၏ အလှကို ချီးကျူးရာမှ အရှင်မင်းကြီးနှင့် မင်းသမီးရုံခန့်တို့ကိုပါ ဆွဲထည့်လိုက်၏။
ကျားအရှိန်အဝါကို ငှားပြီး မြေခွေးက ခြိမ်းခြောက်သည်ဆိုသကဲ့သို့ ထိုပုဂ္ဂိုလ်များကား ချူကွေ့ရန် ရန်သွားစရဲသူများ မဟုတ်ပေ။ ထို့ကြောင့် ချူကွေ့ရန်မှာ ဒေါသထွက်လွန်း၍ အံကိုတင်းတင်းကြိတ်ထားလိုက်ရင်း မကျေနပ်ချက်များကို မျိုသိပ်ထားလိုက်ရရှာသည်။
ချူကွေ့ရန်က လင်ဝမ်ယိကို စိုက်ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်၏။
"ဒါဆိုရင် အစ်မကပဲ လွန်သွားတာပေါ့လေ"
"အစ်မက စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူမို့ ပါ... ကွေ့ဖေးမယ်မယ်က သဘောကောင်းသူမို့... အစ်မကို အပြစ်ယူမှာ မဟုတ်ပါဘူး... ကျွန်တော်မျိုးမကသာ ငယ်သေးလို့ နားမလည်ဘဲ ကွေ့ရန်အစ်မကို စိတ်ဆိုးအောင် လုပ်မိပါတယ်... ကွေ့ဖေးမယ်မယ် ခွင့်လွှတ်ပါ…”
ပြောပြီးသည်နှင့် လင်ဝမ်ယိက လင်ကွေ့ဖေးရှေ့တွင် ဒူးညွှတ်ကာ တောင်းပန်လိုက်သည်။ သူမ၏ လေသံမှာ အေးဆေးတည်ငြိမ်နေပြီး အလွန်အမင်းအောက်ကျို့နေသည်လည်း မဟုတ်ပေ။
လင်ဝမ်ယိ၏ တည်ငြိမ်မှုကို မြင်ပြီးခါမှ ချူကွေ့ရန်ပါ လိုက်ပြီး ဦးမညွှတ်လျှင် ကွေ့ဖေးမယ်မယ်ကို မလေးစားရာ ရောက်သွားပေလိမ့်မည်။
ထို့ကြောင့် ချူကွေ့ရန်လည်း မကျေမနပ်ဖြင့်ပင် သူမနှင့်အတူလိုက်၍ ခေါင်းငုံ့လိုက်ရ၏။
ချူကွေ့ရန်သည် အထက်တွင် ထိုင်နေသော လင်ကွေ့ဖေးကို ဒူးညွှတ်ကာ ဂါရဝပြုလိုက်ပြီး သူမ၏ လေသံမှာ စောစောကလောက် မမာထန်တော့ချေ။
"ကွေ့ဖေးမယ်မယ် ခွင့်လွှတ်ပါ... ကျွန်တော်မျိုးမ မှားသွားပါတယ်"
လင်ဝမ်ယိက စကားလေး နှစ်ခွန်းသုံးခွန်းမျှဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ သူမက ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် လုပ်ရုံသာမက ချူကွေ့ရန်ကိုပါ ခေါင်းငုံ့ဝန်ခံခိုင်းလိုက်သည်မှာ တကယ်ကို ပါးနပ်လွန်းလှ၏။
လင်ကွေ့ဖေးက အောက်မှ ညီအစ်မနှစ်ယောက်၏ လိမ္မာယဉ်ကျေးစွာသတ်နေကြပုံကိုကြည့်ရင်း စိတ်ထဲတွင် ကျေနပ်သလိုလိုနှင့် စိုးရိမ်သလိုလို ခံစားလိုက်ရ၏။
ထိုချူကွေ့ရန်မှာ မိသားစုအရှိန်အဝါ ကြီးမားပြီး ငယ်ရွယ်လှပသည်ကိုအကြောင်းပြ၍ နန်းတွင်းရောက်တာ တစ်လအတွင်းမှာပင် လူအများကြီးကို ရန်လိုက်စထားတာဖြစ်၏။
အဲသည့်လိုလူမျိုးက ယခု လင်ဝမ်ယိ၏ အာစောင်းလျှာစောင်းအောက်တွင် ရှုံးနိမ့်ပြီး အရှက်ကွဲသွားသည်ကို မြင်ရသည်မှာ လင်ကွေ့ဖေးအတွက် ကျေနပ်စရာ ကောင်းလှသည်ပင်။
သို့သော် လင်ဝမ်ယိက ကိုယ့်ရှူးကိုယ့်ပြန်ပက်မည့် နည်းလမ်းကို ပိုင်နိုင်စွာ အသုံးချသွားသည်က လင်ကွေ့ဖေးကို စိုးရိမ်မိသွားစေသည်။
တော်လည်းတော်၊ လှလည်းလှသည့် လူမျိုးကို မြှောက်စားပေးလိုက်လျှင် နောင်တစ်ချိန်တွင် ကိုယ့်အတွက် ရန်သူ ဖြစ်လာနိုင်စရာ ရှိသည်ဟု လင်ကွေ့ဖေး တွေးမိလေသည်။
သို့သော် ယခုအချိန်တွင် ကိုယ်လုပ်တော်များ အားလုံး ရှိနေကြရာ လင်ကွေ့ဖေးသာ လင်ဝမ်ယိကို ကာကွယ်မပေးလျှင် အမတ်ချုပ်အိမ်တော်က လူအချင်းချင်း စိတ်ဝမ်းကွဲနေကြသည်ဟု အထင်ခံရမည်။ ဒါက လင်ကွေ့ဖေး၏ မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသလို ပြဿနာများလည်း တက်လာနိုင်သည်။ ထို့ကြောင့် သူမလည်း မတတ်သာစွာဖြင့် လင်ဝမ်ယိကို ဆက်လက် ကာကွယ်ပေးရတော့လေ၏။
ထို့ကြောင့် လင်ကွေ့ဖေးက လေသံပျော့ပျောင်းစွာဖြင့် ဆိုလိုက်သည်။
"ဒီတိုင်း စကားနိုင်လုကြတာပါပဲ... ညီမလေးနှစ်ယောက်လုံး အများကြီး တွေးမနေပါနဲ့... အစ်မ သဘောထား သေးသိမ်တဲ့သူ မဟုတ်ပါဘူး... ထကြပါ"
"ကျေးဇူးတင်ပါတယ် မယ်မယ်"
"မယ်မယ့် စေတနာကို ကျေးဇူးတင်ပါတယ်"
လင်ကွေ့ဖေးသည်သာ နောက်ထပ် ခြေတစ်လှမ်းသာ လှမ်းလိုက်လျှင် မိဖုရားခေါင်ကြီး နေရာကို ရရှိတော့မည်ဖြစ်ပြီး နန်းတွင်းမှာသာမက တိုင်းပြည်တစ်ခုလုံး၏ အမြင့်မြတ်ဆုံး အမျိုးသမီး ဖြစ်လာတော့မည်။ ထို့ကြောင့် ထိုအတွက်လိုအပ်သည့် ကိုယ်ကျင့်တရား ကောင်းမွန်မှုကို လင်ကွေ့ဖေးက ဟန်ဆောင်ပြရပေဦးမည်။
လင်ကွေ့ဖေးက လက်ကို ဝှေ့ယမ်းလိုက်လျှင် မိန်းမစိုးချင်ဟယ့်သည် နန်းတွင်းပန်းအလှများကို ချက်ချင်း ယူဆောင်လာပြီး စောစောက အကြောင်းအရာကို လမ်းလွှဲလိုက်လေ၏။
"အခုက ရာသီဥတု သာယာတဲ့ လေးလပိုင်း အချိန်ပဲ... မနေ့က နန်းတွင်းရေးရာဌာနက ဒီပန်းတွေကို လာပို့ထားတယ်... အချိန်အခါနဲ့ ကိုက်တယ်လို့ ငါထင်တယ်... ညီမလေးတို့ ကြိုက်တာရှိရင် ရွေးကြပါ"
ပြောပြီးသည်နှင့် အစေခံများက လင်ပန်းများကို ကိုင်ပြီး ကိုယ်လုပ်တော်များရှေ့တွင် ရပ်ကာ ရွေးချယ်စရာများ ပြလာသည်။
နန်းတွင်းပန်းအလှများကို ပိုးသားဖြင့် ပြုလုပ်ထားသည်။ ၎င်းတို့မှာ ပန်းပုံစံဖြင့် တူရုံသာမက ပန်းပွင့်ဖတ်များ၏ အကြောများနှင့် ဝတ်ဆံများကိုပါ သေချာစွာ ပုံဖော်ထားသဖြင့် အဝေးကကြည့်လျှင် ပန်းအစစ်ဟုပင် ထင်မှတ်ရပေသည်။
တာ့ဝေပြည်တွင် ပန်းပန်သော ဓလေ့ရှိရာ ယခင်က ဦးဦးဖျားဖျားခူးထားသည့် ပန်းများကို ဆံပင်တွင် ပန်ဆင်ပြီး အလှဂုဏ်ပကာသန ပြိုင်ဆိုင်လေ့ရှိကြ၏။