အဖွားနှင့်တွေ့ဆုံခြင်း
Vol. 1 Ch. 2
အရှေ့ဆောင် မှ ရုံဟယ့်ဆောင် သို့ သွားရာလမ်းတွင် လခြမ်းပုံ တံခါးပေါက်နှစ်ခုနှင့် ဥယျာဉ်ငယ်တစ်ခု ခြားလေသည်။
ယခုအချိန်သည် လေးလပိုင်း၏ အလှဆုံးကာလဖြစ်သဖြင့် ရာသီဥတု သာယာလှပနေသော်လည်း မည်သူမျှ ပန်းဥယျာဉ်ထဲတွင် လှည့်လည်အပန်းဖြေဖို့ စိတ်မပါကြဘဲ ရုံဟယ့်ဆောင် သို့သာ တန်းတန်းမတ်မတ် လျှောက်လှမ်းလာခဲ့ကြသည်။
ရိုးရှင်းသော အရှေ့ဆောင် နှင့် နှိုင်းယှဉ်လျှင် ရုံဟယ့်ဆောင် မှာမူ အလွန်ခမ်းနားထည်ဝါပြီး လက်ရာမြောက်လှပေသည်။ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် နံရံကပ်ပန်းပုများပေါ်တွင် ပွင့်ဖူးဝေဆာ ကျက်သရေမင်္ဂလာ ဟူသော အဓိပ္ပါယ်ဆောင်သည့် ပန်းပုံစံဖောင်းကြွများကို တွေ့ရပြီး၊ စင်္ကြံလမ်းအောက်တွင်မူ စနစ်တကျ ပြုပြင်ထားသော ထင်းရှူးပင်များက အစောင့်စစ်သည်များအလား ထောင့်တိုင်းတွင် မားမားမတ်မတ် တည်ရှိနေလေသည်။
မင်းသမီးရုံခန့် နှစ်သက်သည်ဆို၍ ဖုန်းရွှေအရ ခြံဝင်းအလယ်တည့်တည့်တွင် လာဘ်ခေါ်သော ရေကန်ကြီးတစ်ကန် ဆောက်ထားပြီး ထိုအထဲတွင် ကူးခတ်နေကြသော ရွှေငါးကိုးကောင်မှာ ကျန်းမင်းသားအိမ်တော်မှ အထူးတလည် ရှာဖွေပေးပို့ထားခြင်း ဖြစ်လေသည်။ တန်ဖိုးအားဖြင့် ရွှေတစ်ရာခန့် တန်ကြေးရှိသည်ဟု ဆိုကြ၏။
ယခုကျန်းမင်းသားအိမ်တော် ၏ အရှင်သခင်မှာ မင်းသမီးရုံခန့် ၏ မောင်အရင်းဖြစ်ပြီး မောင်နှမနှစ်ယောက်က ဆက်ဆံရေး အလွန်ကောင်းမွန်ကြသည်။ ထို့အပြင် အမတ်ချုပ်လင် မှာလည်း နန်းတွင်း၌ ဩဇာတိက္ကမ ကြီးမားသူဖြစ်ရာ ထိုအိမ်တော်နှစ်ခု၏ ဆက်ဆံရေးမှာ ခိုင်မာလှပေသည်။
သို့သော် ထိုအထဲတွင် အရှေ့ဆောင် မိသားစုမှာမူ ဖယ်ကျဉ်ခံထားရသူများ ဖြစ်နေခဲ့သည်။
လင်ဝမ်ယိတစ်ေယာက် လျိုမားမား ၏ နောက်မှလိုက်ပါလာရင်း စင်္ကြံလမ်းအောက်သို့ ရောက်လာသောအခါ အစေခံတစ်ယောက်က လိုက်ကာကိုမရင်း ထွက်လာပြီး သူ့ကို ကြိုလေသည်။
"ဒီအစေခံက ကုယွီ ပါ... သခင်မနဲ့ ဒုတိယသခင်မလေးကို ဂါရဝပြုပါတယ်…သခင်မကြီးက စောင့်နေတာ ကြာလှပါပြီ... အထဲကို ကြွကြပါ"
သာမန်အချိန်များဆိုလျှင် သည်ပထမတန်းစား အစေခံမကလေး သူတို့ကိုထွက်ကြိုရန်မှာ ဝေးစွ။ ထိုကဲ့သို့ အလွန်အမင်း ယဉ်ကျေးပြနေမှုမှာ သတိထားစရာပင်။
သခင်မသုန်က ပြန်မဖြေဘဲ လင်ဝမ်ယိဆီသို့ လှည့်လာပြီး သူ့ကို စိုးရိမ်တကြီး ကြည့်လာသည်။ လင်ဝမ်ယိကမူ ဖျော့တော့သော အပြုံးလေးဖြင့် မိခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုများကို နှစ်သိမ့်ပေးလိုက်သည်။
သားအမိနှစ်ယောက်သည် သူတို့၏ အဝတ်အစားနှင့် ဆံထိုးများကို သပ်ရပ်အောင် ပြင်ဆင်ပြီးမှ အတွင်းဆောင်ထဲသို့ ဝင်ခဲ့ကြသည်။ အတွင်း၌မူ လူများဖြင့် ပြည့်နှက်နေလေပြီ။
ထိပ်ဆုံးတွင် ထိုင်နေသူမှာ အမတ်ချုပ်လင် ၏ နောက်အိမ်ထောင်၊ သခင်ကြီးလင်ကွမ်ကျူ၏ မိထွေးတော် တဖြစ်လည်း လင်ဝမ်ယိ တို့၏ အဘွားဖြစ်သူ မင်းသမီးရုံခန့် ပင် ဖြစ်သည်။ ယခုအချိန်တွင် သူမက လင်ဝမ်ယိတို့ သားအမိကို ကြင်ကြင်နာနာ ကြည့်နေလေသည်။
သူမသည် ဇာပန်းထိုးထားသော ခမ်းနားထည်ဝါသည့် ပျိုနီပန်းပွင့်ပုံ ရင်ဖုံးအင်္ကျီကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ရွှေသားဖြင့်ပြုလုပ်ထားသော ဇာမဏီငှက်ငါးကောင်ပုံ ကျောက်စိမ်းဆံထိုးကို ပန်ဆင်ထားရာ အလွန်ပင် ကျက်သရေရှိလှသည်။ သူမက အသက် ခြောက်ဆယ်နား နီးကပ်နေပြီ ဖြစ်သော်လည်း လေးဆယ်ကျော်အရွယ်ဟု ထင်ရလောက်အောင် နုပျိုနေဆဲပင်။
"ရောက်လာကြပြီလား"
“အမေ့ကို ချွေးမ ဂါရဝပြုပါတယ် ... အမေ ကျန်းမာပါစေ…"
"မြေးမလေး အဘွားကို ဂါရဝပြုပါတယ်... အဘွား ကျန်းမာပါစေ…"
သားအမိနှစ်ယောက်လုံးမှာ စိတ်ထဲတွင် မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ၊ ယခုအချိန်တွင်မူ မင်းသမီးရုံခန့် အား ရိုသေစွာ ဂါရဝပြုကြရသည်။ သို့မဟုတ်ပါက အခြားသူများ အပြစ်ရှာစရာ ဖြစ်သွားပြီး အရှေ့ဆောင် ၏ အခြေအနေအား ဆီပူလောင်သည့်အပေါ် မီးခဲဖြင့်တို့သလို ဖြစ်သွားပေလိမ့်မည်။
"ထကြ... ထကြပါ…"
မင်းသမီးရုံခန့်က ယခုအချိန်တွင်တော့ သားသမီးမြေးမြစ်များကို ချစ်ခင်သည့်ဟန်ဖြင့် လင်ဝမ်ယိ ကို လက်ယပ်ခေါ်သည်။
"ယိကျယ်အာလေးကို မတွေ့ရတာတောင် ကြာပြီပဲ... လာပါဦး အဘွား ကြည့်ရအောင်"
သခင်မသုန် မှာ ထိုစကားကိုကြားသော် မျက်မှောင်ပိုကြုတ်သွားမိသည်။
ညာဘက်ထိပ်တွင် ထိုင်နေသော ဒုတိယအိမ်တော်မှ သခင်မဝမ်က ထိုအရာကိုတွေ့ပြီး သူမစိတ်ထဲတွင် လှောင်ပြောင်လိုက်သော်လည်း စကားကိုမူ ချိုချိုသာသာလေးပြောလိုက်သည်။
"အမေ ကြည့်ပါဦး... သမီး ပြောသားပဲ... ဒီ ယိကျယ်အာ လေးက ပန်းပွင့်လေးလို လှပါတယ်ဆို... ဒီလို အရွယ်တင် နုနယ်နေတဲ့ မိန်းကလေးက လေကောင်းရေသန့်နဲ့ ထိတွေ့ပြီး နေရမှာ... သာမန်လူတွေ ဘဝထဲရောက်ပြီး ညှိုးနွမ်းသွားရင် နှမြောစရာကြီး မဟုတ်လား"
သူမပြောချင်သည်မှာ လင်ဝမ်ယိသည် မွေးကတည်းက နန်းတွင်းဝင်ရန် ဖြစ်လာသူဟု ပြောချင်နေခြင်းပင်။
မင်းသမီးရုံခန့် ကြည့်ရသည်မှာလည်း သဘောကျနေပုံရသည်။ သေချာကြည့်လျှင် လင်ဝမ်ယိက သူမ ကိုယ်တိုင် ပြုစုပျိုးထောင်ထားသော လင်ဝမ်ကျိုး ထက်ပင် အဆင်းရူပကာ ပို၍ ချောမောလှပနေသည်လေ။ သူမက အလှအပတွင်ပြည့်စုံသော်လည်း ဘဝင်မြင့်ခြင်းမရှိ၊ သူတို့မိသားစုအရေးကလည်း သူမလက်ထဲတွင်ရှိသည်ဖြစ်ရာ လင်ဝမ်ယိမှာ သူထိန်းချုပ်ရန် အလွယ်ကူဆုံးသော နယ်ရုပ်ကလေးပင် ဖြစ်လေ၏။
ထို့ကြောင့် သူမက လင်ဝမ်ယိ ၏ လက်ဖမိုးလေးကို ပုတ်ပေးရင်း ဘေးနားတွင် ရပ်နေသော ကုယွီ ကို မျက်ရိပ်ပြလိုက်သည်။ အစေခံမလေးသည် ပိုးသားလင်ပန်းတစ်ခုကို ယူဆောင်လာပြီး ထိုအထဲတွင် တန်ဖိုးကြီးလှသော လက်ဝတ်ရတနာများ ပါရှိလေသည်။ ယင်းတို့က မြို့တစ်မြို့စာ တန်ဖိုးမရှိလျှင်တောင်မှ အကောင်းစား ပစ္စည်းများ ဖြစ်သည်ကား အသေအချာပင်။
"ဒါတွေက ရတနာတိုက်ကနေ အထူးမှာယူပြီး လုပ်ခိုင်းထားတာ... ယိကျယ်အာ လေး နန်းတွင်းဝင်တော့မယ်ဆိုတော့ မျက်နှာပန်းလှမယ့် ပစ္စည်းလေးတွေ ရှိသင့်တာပေါ့... ဒါမှ ငါတို့ အမတ်ချုပ်အိမ်တော်က သခင်မလေးက နွမ်းပါးတယ်လို့ လူတွေ အပြောမခံရမှာ"
ထိုပစ္စည်းများကို သခင်မသုန် ရှေ့သို့ ပို့လိုက်သောအခါ ရွှေရောင်တောက်ပနေသော ဆံထိုးများသည် သခင်မသုန်၏ နှလုံးသားကို ထိုးစိုက်လိုက်သကဲ့သို့ နာကျင်သွားရတော့သည်။ သူမက ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး အသနားခံလေတော့သည်။
"အမေရယ်... ကျွန်မတို့ သားအမိကို သနားပါဦး... ကျွန်မမှာ ဒီသမီးလေး တစ်ယောက်တည်း ရှိတာပါ... နန်းတော်ထဲ ပို့လိုက်ရင် နောက် တစ်နှစ်နေလို့ တစ်ခါတောင် ပြန်တွေ့ရတော့မှာ မဟုတ်ဘူး…"
သခင်မသုန် ၏ စကားကြောင့် မင်းသမီးရုံခန့် ၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူမက လင်ဝမ်ယိ ၏ လက်ကို ကိုင်ထားရာမှ ဖြုတ်ချလိုက်သည်။
ဘေးနားမှ ဒုတိယသခင်မ သခင်မဝမ်က သခင်မသုန် ၏ အလိုက်ကမ်းဆိုး မသိမှုကို မြင်သောအခါ ချက်ချင်းပင် ဝင်ပြီး ပြောဆိုတော့သည်။
"အစ်မကြီးကလည်း... ကျွန်မမှာလည်း သမီးဆိုလို့ ကျိုးကျယ်အာ တစ်ယောက်တည်း ရှိတာပါပဲ... အိမ်တော်ကြီးရဲ့ အနာဂတ်နဲ့ သူမောင်လေးတွေရဲ့ ရှေ့ရေးအတွက် နန်းတော်ထဲ ပို့လိုက်ရတာပဲ မဟုတ်လား... ဒါက စည်းစိမ်ချမ်းသာ ခံစားရမယ့်ကိစ္စပါ... အစ်မကြီး ပြောပုံက မသိရင် ယိကျယ်အာ လေးကို စစ်ထဲပို့နေရသလို ဖြစ်နေပြီ... သတိထားပါဦး...အသွားမတော်တစ်လှမ်း အပြောမတော် တစ်ခွန်းနော်”
သခင်မဝမ်သည် မိမိ၏ ဖခင်က စစ်ဘက်ရေးရာဝန်ကြီး ဖြစ်သည်ကို အားကိုးလျက် ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသော သခင်မသုန် ကို အမြဲတမ်း အထင်သေးလေ့ရှိသည်။ သူမက ယခုနှစ်များအတွင်း သခင်မသုန်ကို မကြာခဏချောက်တွန်းတတ်ပြီး၊ အထူးသဖြင့် သူမ၏သမီး နန်းတွင်းဝင်ကာ ရာထူးတက်သွားပြီးနောက်ပိုင်းတွင် အရှေ့ဆောင် မိသားစုကို မျက်လုံးထဲပင် မထည့်တော့ပေ။
ယခုအခါ သူမ၏သမီး နန်းတွင်းထဲမှာ အရှိန်အဝါ ကျဆင်းလာမည်ကို စိုးရိမ်ကာ အရှေ့ဆောင်မှ သမီးပျိုကို မျက်စိကျလာခြင်း ဖြစ်သည်။ နန်းတွင်းဝင်၍ အဖော်ပြုသည်ဟု ပြောသော်လည်း အမှန်တကယ် မည်သည့်ရည်ရွယ်ချက်ရှိသည်ကား အားလုံးအသိပင်။
"ဒီသမီးမိုက်... နင်က အိမ်မှုကိစ္စတွေ မဦးစီးရတော့ ထင်းဖိုး ဆန်ဖိုးကို နားမလည်ဘူးပဲ…အမတ်ချုပ်အိမ်တော်ရဲ့ ဂုဏ်ရှိန်ကြောင့် မင်းတို့ ကောင်းကောင်းနေခဲ့ရပြီးပြီ... အခု မိသားစုအတွက် တာဝန်ထမ်းဆောင်ရမယ့်အချိန်ကျမှ လက်မခံနိုင်ဖြစ်နေတယ်လား... နင့်မှာ ခင်ပွန်းနဲ့ သားတွေ ရှိသေးတယ်ဆိုတာ...မမေ့နဲ့ဦး... တခြားသူတွေအတွက် မဟုတ်ရင်တောင် သူတို့ရဲ့ ရှေ့ရေးကို တွေးပြီး ယိကျယ်အာ ကို နန်းတွင်းပို့သင့်တယ်"
မင်းသမီးရုံခန့် ၏ စကားတစ်ခွန်းက ကိစ္စရပ်အားလုံးကို သံမှိုဖြင့်ရိုက်လိုက်သကဲ့သို့ အတည်ဖြစ်သွားစေသည်။
သခင်မသုန်မှာ ဒေါသကြောင့် အံကိုသာတင်းတင်းကြိတ်ထားမိေတာ့သည်။ သို့သော် သူမမှာ နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံလာရခဲ့ပြီးနောက်တွင် ခေါင်းငုံ့ခံဖို့ကိုသာ ကျင့်သားရနေပြီဖြစ်၍ ပြန်ပြောလိုက်ချင်သော်လည်း မည်သို့ ငြင်းချက်ထုတ်ရမည် မသိတော့ပေ။
လင်ဝမ်ယိသည် သူမထွက်သွားပြီးနောက်တွင် သူမအမေဖြစ်သူ အခြေအနေမှာ ယခင်ကအတိုင်း ဆက်အနိုင်ကျင့်ခံရဦးမည်ကို စိုးရိမ်သည်။ ထို့ကြောင့် သူမသည် မင်းသမီးရုံခန့် ကို ရိုသေစွာ ဂါရဝပြုပြီး ပြောလိုက်သည်။
"အဘွား ပြောတာ မှန်ပါတယ်... မြေးက မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ဖေဖေ… မောင်လေးနဲ့… အစ်ကိုကြီးတို့ရဲ့ ရှေ့ရေးတို့အတွက် နန်းတွင်းထဲဝင်ချင်ပါတယ်... ဒါပေမယ့် မေမေက ဒီနှစ်တွေတစ်လျှောက်လုံး အဘွားအပေါ် ရိုသေခဲ့တာကို ထောက်ထားပြီး မေမေ့ကို ခွင့်လွှတ်ပေးပါ"
ရှေ့မှ မြေးမလေး၏ အပြုအမူကို ကြည့်ရင်း မင်းသမီးရုံခန့် အတော်ပင် ကျေနပ်သွားသည်။
"အမတ်ချုပ်ကြီးရဲ့ မြေးအရင်းက တခြားသူတွေထက် ပိုပြီး အမြော်အမြင် ရှိတာပဲ... ကောင်းပြီလေ... ကောင်းပြီ... နန်းတွင်းပို့မယ့် အမိန့်တော်ပြန်တမ်းလည်း ရောက်လာပြီဆိုတော့ မနက်ဖြန် မနက်စောစော နန်းတော်က လူတွေ လာကြိုလိမ့်မယ်... ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြပေါ့"
"မြေး သိပါပြီ…သတိပေးတာ ကျေးဇူးတင်ပါတယ် အဘွား... "
အဓိကကိစ္စကို ပြောပြီးပြီဖြစ်၍ မင်းသမီးရုံခန့် သည် သူမတို့သားအမိနှင့် စကားဆက်ပြောရန် စိတ်မပါတော့သဖြင့် အကြောင်းပြချက်တစ်ခုပြပြီး အရှေ့ဆောင် သို့ ပြန်လွှတ်လိုက်လေသည်။
သခင်မသုန်မှာ တလျှောက်လုံးစိတ်ကိုတင်းထားခဲ့ရပြီး မိမိခြံဝင်းသို့ ပြန်ရောက်သည့်အခါ အခန်းထဲရောက်သည်နှင့် အသံတိတ် ငိုကြွေးလေတော့သည်။
"သမီးလေးရေ... ဘယ်လိုလုပ်ကြမလဲကွယ်"
မိခင်ဖြစ်သူ၏ ငိုရှိုက်သံများက လင်ဝမ်ယိ ၏ စိတ်ကို မွန်းကြပ်စေသော်လည်း လက်ရှိ အရှေ့ဆောင် ၏ အင်အားဖြင့် အမိန့်တော်ကို ငြင်းဆန်ခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။ သူများနှာခေါင်းပေါက်နှင့် အသက်ရှူရတာထက်စာလျှင် ရေစီးအတိုင်း လိုက်ပါခြင်းက ပိုကောင်းပေသည်။ သူမ နန်းတွင်းရောက်သွားလျှင် မိသားစုလည်း ပိုပြီး သက်တောင့်သက်သာ နေရကောင်းပါရဲ့ဟု တွေးမိသည်။
ထို့ကြောင့် လင်ဝမ်ယိက လက်ကိုင်ပုဝါဖြင့် သခင်မသုန် ၏ မျက်ရည်များကို သုတ်ပေးရင်း ညင်သာစွာ နှစ်သိမ့်လိုက်သည်။
"မေမေ စိတ်မပူပါနဲ့... သမီးက သေလမ်းသွားတာမှ မဟုတ်တာ... နန်းတော်ရောက်ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်းရှာမှာပါ... မေမေသာ ဒီအိမ်ကြီးထဲမှာ သတိထားပြီး နေပါ... ဒီနေ့လိုမျိုး အဘွားကို ခံပြောတာမျိုး နောက်ဆို မလုပ်ပါနဲ့တော့"
"မေမေ မကျေနပ်လို့ပါ... ဘာကိစ္စနဲ့ သမီးကို လင်ဝမ်ကျိုး အတွက် ပေးဆပ်ခိုင်းရမှာလဲ"