နန်းတွင်းသို့ ဝင်ရောက်ခြင်း
Vol. 1 Ch. 3
"အဲဒီလိုမတွေးနဲ့လေ... ဒီတစ်ခေါက် နန်းတွင်းဝင်တာက သမီးသာ အရှင်မင်းကြီးရှေ့မှာ မျက်နှာပန်းလှခဲ့ရင် အဖေနဲ့ အစ်ကိုကြီးတို့အတွက်ပါ ကောင်းကျိုး ဖြစ်လာနိုင်တာပဲ... အမေက အစ်ကိုကြီးနဲ့ မောင်လေးကို ဒီအတိုင်းပဲ တစ်သက်လုံး နေသွားစေချင်လို့လား... အနောက်ဆောင်က လူတွေ အနိုင်ကျင့်တာကို ခေါင်းငုံ့ခံပြီး နေစေချင်လို့လား"
သားနှစ်ယောက်၏ အနာဂတ်အကြောင်း သမီးဖြစ်သူက ထည့်ပြောလာသောအခါ သခင်မသုန် ဆက်မငိုနိုင်တော့ပေ။ လင်ဝမ်ယိအား ကြည့်လိုက်သော သူမ၏မျက်ဝန်းများထဲတွင် အားနာခြင်းနှင့် မခံစားနိုင်ခြင်းများ ပြည့်နှက်နေလျက်။
"စိတ်ချပါ... သမီးက သူများ လက်ခုပ်ထဲက ရေ မဟုတ်ပါဘူး... ဒုတိယအဒေါ် ပြောသလိုပဲ နန်းတော်ထဲမှာ အစ်မကြီး ရှိနေတာပဲလေ... သူတို့ ဘာကြံစည်နေလဲဆိုတာ သမီးတို့ သိနေတာပဲ... သမီးကို ဝင်ပြီး ကူညီစေချင်ရင် သမီး ဘေးကင်းအောင် သူတို့ ကာကွယ်ပေးရမှာပေါ့"
သမီးဖြစ်သူ၏ စကားများကြောင့် သခင်မသုန် ၏ ရင်ထဲမှ အပူမီးများ အနည်းငယ် ငြိမ်းအေးသွားသည်။ အခုမှတော့ ငိုနေလည်း အပိုပဲမို့ သမီးလေးအတွက် အသုံးအဆောင် ပစ္စည်းများ ပြင်ဆင်ပေးရန်သာ ရှိတော့သည်။ သူမက မျက်ရည်များကို သုတ်ပြီး ခရီးဆောင်ပစ္စည်းများ ကူညီ သိမ်းဆည်းပေးလိုက်၏။
ထိုညတွင် လင်ဝမ်ယိသည် မိဘများကို ဂါရဝပြု နှုတ်ဆက်ပြီးနောက် သူမ၏ အစ်ကိုကြီး၊ မောင်လေးတို့နှင့် စကားပြောပြီးမှ အိပ်ရာဝင်ခဲ့သည်။ တစ်ခုတည်းသာရှိသော မီးတုတ်၏ မှိန်ပျပျအလင်းရောင်အောက်တွင် လမ်ဝမ်ယိသည် ခုတင်ပေါ်လှဲရင်း သူမ၏ အနာဂတ်တို့ မည်သို့မည်ပုံဖြစ်လာမည်ကို တွေးတောနေမိသည်။
နေ့ခင်းက ပြောခဲ့သော စကားများမှာ မိခင်ကို နှစ်သိမ့်ရန်သာဖြစ်ကာ သူမ နန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကြုံတွေ့ရမည့်အရာများမှာ သူမအတွက် အားလုံးက အသစ်အဆန်းနှင့် မရေရာမှုများသာ ဖြစ်သည်။ သူမမှာ လူးလှိမ့်ရင်း အိပ်မပျော်နိုင်ဘဲ မိုးလင်းခါနီးမှသာ အိပ်ပျော်သွားတော့သည်။
ထို့ကြောင့် နန်းတွင်းဝင်သည့် မြင်းရထားပေါ်တွင် လင်ဝမ်ယိတစ်ယောက် ငိုက်မျဉ်းနေမိသည်။ အတူပါလာသည့် အိမ်ဖော်မလေး ချွမ်ချီ နှင့် ရှအန်း တို့မှာတော့ သခင်မလေး၏ မျက်လုံးအောက်မှ ညိုမဲနေသော အကွင်းများကို ကြည့်ရင်း၊ တဖြည်းဖြည်း နီးကပ်လာသော နန်းတော်ရိုးကြီးကို ကြည့်ရင်း စိတ်ထဲတွင် ဗုံတီးနေသကဲ့သို့ ရင်တဒိန်းဒိန်း ခုန်နေကြသည်။
"မမလေး... မမလေး..."
ချွမ်ချီ ၏ ရင်းနှီးသော အသံကို ကြားမှ လင်ဝမ်ယိက ငိုက်နေရာမှ နိုးသွား၏
"ရောက်ပြီလား"
"အပြင်က နန်းတွင်းအစောင့်တွေ ပြောတာ ရွှမ်ကျန်းဂိတ်ကို ရောက်ပြီတဲ့... ဒီကနေစပြီး မြင်းရထား ဝင်လို့ မရတော့ပါဘူးတဲ့"
လင်ဝမ်ယိ ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ ဝတ်ရုံလက်ကိုမကာ လိုက်ကာကို လှပ်လိုက်ပြီး မြင်းရထားပေါ်မှ ဆင်းလိုက်သည်။
သူမ၏ ပတ်ပတ်လည်တွင် မြင့်မားသော နီညိုရောင် နန်းတော်ရိုးများကို တွေ့ရပြီး ရွှမ်ကျန်းဂိတ် ကမ္ပည်းပြားကြီးကို မျက်နှာချင်းဆိုင် မြင်နေရသည်။ လူလာကြိုရန် တာဝန်ကျသော နန်းတွင်းအရာရှိ သုံးဦးက မြင်းရထားရှေ့တွင် အစီအတန်း ရပ်စောင့်နေကြသည်။ သူတို့က ရေညှိရောင်ဘက်သမ်းသည့် မင်နက်ရောင် ပိုးသားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
"ကျွန်တော်မျိုးက နန်းတွင်းရေးရာဌာနက တာဝန်ခံ ရွှီကွမ်းဖျင် ပါ... သခင်မလေးလင်ကို ဂါရဝပြုပါတယ်"
"ရွှီကုန်းကုန်း…အားနာစရာပါပဲ…"
"အမိန့်တော်အတိုင်း ကျွန်တော်မျိုးက သခင်မလေးကို ဒီမှာ စောင့်နေတာပါ... ခဏနေရင် ချူရှို့နန်းဆောင် ကို အရင် လိုက်ပို့ပေးပါ့မယ်"
နန်းတော်တံခါးဝသို့ ရောက်ပြီဖြစ်ရာ အရာရာကို သူတို့ စီစဉ်သည့်အတိုင်း လိုက်နာရမည်သာ။ လင်ဝမ်ယိလည်း ဆူပူမနေတော့ဘဲ ရွှီကွမ်းဖျင် နောက်သို့ လိုက်ကာ လက်ဝဲဂိတ်မှတဆင့် နန်းတော်ထဲသို့ ဝင်ရောက်ခဲ့သည်။
နန်းတော်တံခါးကြီး ဖြည်းညှင်းစွာ ပိတ်သွားသောအခါ လင်ဝမ်ယိ မြို့ရိုးအပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ပြန်လှည့်လာချိန်တွင် သူမ၏ ခြေလှမ်းများသည် တည်ငြိမ်နေပြီးဖြစ်ကာ စိတ်ထဲတွင် အခြားသော သံယောဇဉ်များ အနှောင်အဖွဲ့များကို ဖြတ်တောက်ထားလိုက်ပြီ ဖြစ်သည်။
ချူရှို့နန်းဆောင် သို့ ရောက်သောအခါ တင်းကျပ်သော စစ်ဆေးမှုများကို သူတို့ ခံရလေသည်။ နန်းတွင်းအပျိုတော်ကြီးများက ဆံပင်ဖျားမှ ခြေဆုံး မကျန် စစ်ဆေးကြပြီး တစ်နာရီခန့် ကြာမှ ပြီးသွား၏။
"သခင်မလေး ခွင့်လွှတ်ပါ... ဒါတွေက ကိုယ်လုပ်တော်အဖြစ် နန်းတွင်းရောက်လာသူတိုင်ူ စစ်ဆေးရမယ့် စည်းကမ်းတွေမို့ပါ"
"ကိစ္စမရှိပါဘူး... မားမား စစ်ဆေးလို့ ပြီးပြီလား"
"ဟုတ်ကဲ့... သခင်မလေး နန်းတွင်းဝတ်စုံ လဲပြီးရင် ရီဟွားနန်းဆောင် ကို လိုက်ပို့ပေးမယ့်သူ ရှိပါတယ်"
သူမမှာ အချိန်အကြာကြီး ဒုက္ခခံခဲ့ရသော်လည်း ယခုနေရာက သူမ အမှန်တကယ် နေထိုင်ရမည့်နေရာ မဟုတ်သေးပေ။ သို့သော်ရောက်မှတော့လည်း နေရတော့မှာပေါ့ ဟု သဘောပိုက်ရင်း လင်ဝမ်ယိ စိတ်မပျက်မိ။ အစေခံများ၏ ပြင်ဆင်ပေးမှုဖြင့် အဝတ်အစားလဲပြီးနောက် ရီဟွားနန်းဆောင် သို့ ထွက်ခွာခဲ့သည်။
ရီဟွားနန်းဆောင်မှာ နန်းမြို့ရိုးများ ခမ်းနားမြင့်မားသကဲ့သို့ စည်းမျဉ်းစည်းကမ်းများကလည်း တင်းကျပ်လှသည်။
လမ်းတစ်လျှောက်တွင် အစေခံများနှင့် မိန်းမစိုးများကို အုပ်စုလိုက် တွေ့ရသော်လည်း အားလုံးက ခေါင်းငုံ့ကာ ရိုသေစွာ သွားလာနေကြသည်။ ယင်းကို မြင်လျှင် လင်ဝမ်ယိ နောက်မှ လိုက်ပါလာသည့် ချွမ်ချီ နှင့် ရှအန်း တို့နှစ်ယောက်မှာ တံတွေးပင် မနည်းမျိုချနေရရှာသည်။
သူတို့သည် အနည်းငယ်မျှ အမှားမခံရဲဘဲ သတိအပြည့်ဖြင့်လိုက်လာခဲ့ရသည်ဖြစ်ရာ မည်သည့်တံခါးကို ဖြတ်ကျော်ခဲ့သည်၊ မည်သည့်နန်းဆောင်ကို လွန်ခဲ့သည်ပင် မမှတ်မိတော့။ သတိပြန်ဝင်လာချိန်တွင်မူ သူတို့သုံးယောက်သားသည် ရီဟွားနန်းဆောင် ၏ အရှေ့ဘက်ဆောင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့ကို အသက်ကြီးကြီး မားမားတစ်ယောက်က လိုက်ပြရင်း မျက်နှာတင်းတင်းဖြင့် ပြောလေသည်။
"သခင်မလေးလင်... ဒီ လက်ဝဲဆောင်က နောက်ပိုင်း သခင်မလေး နေရမယ့်နေရာပါ... အထဲမှာ အားလုံး ပြင်ဆင်ထားပါတယ်... လိုအပ်တာရှိရင် အစေခံကိုလွှတ်ပြီး နန်းတွင်းရေးရာဌာနမှာ သွားယူခိုင်းလို့ ရပါတယ်"
"လမ်းညွှန်ပေးတာ ကျေးဇူးပါ မားမား"
ထိုသို့ပြောပြီး ဘေးနားမှ ရှအန်းကို အချက်ပြလိုက်သည်။ ထိုအခါ ရှအန်းက ငွေထုပ်တစ်ထုပ်ကို မားမားအား ကမ်းပေးလိုက်၏။ ထိုမားမားကြီးကလည်း အားနာခြင်းမရှိဘဲ ပိုက်ဆံအိတ်ကို မသိမသာ လက်ခံယူလိုက်လေသည်။
ငွေပေးရင် သရဲတောင် မောင်းထောင်းပေးတယ်ဆိုသကဲ့သို့ သူမ၏ လေသံမှာ စောစောကထက် အများကြီး ပျော့ပျောင်းသွားပြီး ချိုသာစွာဖြင့် နန်းတွင်းရေးရာများ ပြောပြလာသည်။
"သခင်မလေးက နန်းတွင်းဝင်တာ တစ်လ နောက်ကျတယ်ဆိုတော့... ဒီ ရီဟွားနန်းဆောင် မှာ ပင်မသခင်မ မရှိသေးလို့ ပင်မဆောင်က အလွတ်ဖြစ်နေတယ်... အနောက်ဆောင်မှာတော့ ဒီတစ်ခေါက် နန်းတွင်းပို့တဲ့အထဲ ရာထူးအမြင့်ဆုံးဖြစ်တဲ့ ချူကွေ့ရန်နေတယ်... သူ့ရဲ့ ဖခင်က အနောက်မြောက်ဒေသက ကျားသစ်တပ်မှူးလေ... ညာဘက်ဆောင်မှာတော့ မုတာရင်နေတယ်... သူ့ အဖေက ဟွိုင်ယန်ခရိုင် အုပ်ချုပ်ရေးမှူးပါ... သူက သခင်မလေးနဲ့ ရာထူးတူတူပဲဆိုတော့ ပုံမှန်ဆို ဝင်ထွက်သွားလာလို့ ကောင်းပါတယ်"
ငွေ၏ အင်အားမှာ အမှန်ပင် လျှော့တွက်၍မရချေ။
ထိုမားမားကြီးက နန်းဆောင်ထဲ အတူနေထိုင်မည့်သူများ၏ နောက်ကြောင်းရာဇဝင်ကို အသာအယာ ပြောပြသွားသဖြင့် လင်ဝမ်ယိ၏ စိုးရိမ်နေသည်များ လျော့ပါးသွားလေသည်။
"မားမားကို ကျေးဇူးတင်ပါတယ်"
"သခင်မလေး နားလိုက်ပါဦး... ခဏနေရင် အေစခံတွေ လာခေါ်ပါလိမ့်မယ်"
ပြောပြီးသည်နှင့် သူကရိုရိုသေသေ ဂါရဝပြုသွားပြီး လက်ဝဲဆောင်မှ ထွက်ခွာသွားလေသည်။
သူမ ထွက်သွားခါမှ ချွမ်ချီ နှင့် ရှအန်း တို့ သက်ပြင်းချလိုက်ကြပြီး သိချင်စိတ်ဖြင့် ဟိုဟိုဒီဒီ လိုက်ကြည့်နေကြ၏။
"သခင်မလေး... ခဏနေရင် လူလာဦးမှာလား"
"ကွေ့ဖေးမယ်မယ်ဆီက လူ ဖြစ်လောက်တယ်... ငါတို့က အခုမှ နန်းတွင်း စဝင်တာဆိုတော့ သွားတွေ့ရမှာပေါ့"
သူမကရွေးချယ်ပွဲမှတဆင့် ဝင်လာသူမဟုတ်ဘဲ ကွေ့ဖေး နှင့် မင်းသမီးရုံခန့် တို့၏ စီစဉ်မှုကြောင့်သာ ဝင်လာရသူဖြစ်၍ သူတို့ကို ကျိန်းသေပေါက် သွားရောက်တွေ့ဆုံရမည်ဖြစ်သည်။
ချွမ်ချီ က နားလည်သလိုလိုဖြင့် ခေါင်းညိတ်ပြသည်။ ဘေးနားမှ ရှအန်း က ချွမ်ချီ့ကို သတိပေးသည်။
"ချွမ်ချီ နန်းတွင်းထဲရောက်ပြီဆိုတော့ မမလေးလို့ မခေါ်ရတော့ဘူး... မားမားတွေ ခေါ်သလိုမျိုး သခင်မလေးလို့ပဲ ခေါ်ရမယ်"
ချွမ်ချီ က လျှာထုတ်ပြပြီး "ကျွန်မ မေ့သွားလို့ပါ... မမလေး... အဲလေ... သခင်မလေး... အခု ဘာဆက်လုပ်ကြမလဲဟင်"
"ယူလာတဲ့ ပစ္စည်းတွေကို နေရာချလိုက်”
"ဒီနန်းဆောင်ထဲက တခြားလူတွေကို သွားမတွေ့ရဘူးလား"
"နန်းတွင်းစည်းကမ်းတွေက တင်းကျပ်တယ်... မိဖုရားခေါင်ကြီးရွှီက နတ်ရွာစံတာ ၃ နှစ် ရှိပြီဆိုတော့ အခု နန်းတွင်းမှာ ကွေ့ဖေးမယ်မယ်က ရာထူးအကြီးဆုံးပဲ... ဒါကြောင့် သူ့ကို အရင်ဆုံး သွားဂါရဝပြုရမယ်... စည်းမျဉ်းတွေကို မထီမဲ့မြင်လုပ်ဖို့ မကောင်းဘူးလေ"
လင်ဝမ်ယိ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
နန်းတွင်းမှာ ကိစ္စကြီးကြီးမားမား မရှိလှပေ။ အမျိုးသမီးတစ်စုက ယောက်ျားတစ်ယောက်တည်းကို ပြုစုရခြင်းသာ ဖြစ်သည်။ သို့သော် မိန်းမသားတို့စိတ်ကား သမုဒ္ဒရာရေအောက်က အပ်တစ်ချောင်းလိုပင် ခန့်မှန်းရခက်လှသည်ပင်။ အထူးသဖြင့် နန်းတော်ထဲတွင် ခြေတစ်လှမ်းမှားသည်နှင့် လူအများ၏ အငြိုးအတေး ခံရတတ်သဖြင့် လင်ဝမ်ယိ ပေါ့ပေါ့ဆဆ မနေရဲပေ။
ကံကောင်းသည်မှာ သူမသည် အိမ်တော်တွင် နေထိုင်စဉ်ကတည်းက မျက်နှာရိပ်မျက်နှာကဲ ကြည့်တတ်သူဖြစ်၍ စည်းကျော်မိသည်မျိုးမရှိသေး။ သူမက ရှအန်း ကို အကျော်မွှေးတိုင် ထွန်းခိုင်းလိုက်ပြီး ထိုရနံ့လေးကို ရှူရှိုက်လိုက်ရမှ သုံးယောက်သား စိတ်အနည်းငယ် ငြိမ်သွားကြသည်။
သူမတို့ သယ်ဆောင်လာသော ပစ္စည်းများက သိပ်မများလှသဖြင့် ခဏလေးနှင့် နေရာချပြီးသွားသည်။
ဘယ်ဘက်အခန်းက စာကြည့်ခန်းဖြစ်ပြီး စာအုပ်စင်ပေါ်တွင် လင်ဝမ်ယိ ဖတ်လေ့ရှိသော ဗဟုသုတရစရာ စာအုပ်များနှင့် နန်းတော်ထဲမလာခင် အဖေက အပျင်းပြေဆော့ဖို့ ထည့်ပေးလိုက်သည့် ဉာဏ်စမ်းအရုပ်များ ရှိသည်။
ညာဘက်ကတော့ အိပ်ခန်းဖြစ်ပြီး အဝါရောင်ကျွန်းသား ခုတင်ပေါ်တွင် ပင်လယ်ကူးပန်းပွင့်ပုံများ ထွင်းထုထားသည်။ အပေါ်တွင် ဆောင်းဦးရနံ့သင်းသော ပိုးသားခြင်ထောင်ကို ချိတ်ဆွဲထားရာ ပြတင်းတံခါးမှ ဖြတ်သန်းဝင်ရောက်လာသည့် အလင်းရောင်များပင် နူးညံ့သွားသယောင်။
ချွမ်ချီ က နေ့လည်စာ ဘယ်လိုစားကြမလဲဟု မေးလိုက်ချိန်မှာပင် အခန်းအပြင်ဘက်မှ လူရောက်လာသည့် အသံကြားလိုက်ရလေသည်။