ကွေ့ဖေးမယ်မယ်၏ သတိပေးမှု
Vol. 1 Ch. 4
သူတို့ကြည့်လိုက်သော် ရောက်လာသူမှာ ကွေ့ဖေးမယ်မယ်၏ အပါးတော်မြဲ မိန်းမစိုးခေါင်းဆောင် ကျန်းဟယ်ချင်း ဖြစ်နေသည်။ လင်ဝမ်ယိ အိမ်တော်တွင် ရှိစဉ်က ထိုသူနှင့် တစ်ခါဆုံဖူး၏။
ထိုစဉ်က ကျန်းဟယ်ချင်းက ကွေ့ဖေးမယ်မယ် ချီးမြှင့်လိုက်သော အနောက်ပိုင်းဒေသထွက် ဝိုင်အရက်ကို လာပို့ခြင်းဖြစ်သည်။ သူက လူမှုဆက်ဆံရေး ညက်ညောပြီး စကားပြော ချိုသာသူတစ်ဦး ဖြစ်၏။
"သခင်မလေး... နန်းတွင်းကို ရောက်လာပြီပဲ... မယ်မယ်က သခင်မလေးကို မျှော်နေတာ ကြာလှပါပြီ"
မျက်နှာချိုသွေးသူကို ပါးမရိုက်ရဘူးဆိုသည့် စကားအတိုင်းပင် နန်းတွင်းမှာ ဩဇာကြီးမားလှသော ကျန်းဟယ်ချင်းက အခုမှ နန်းတွင်းဝင်ကာစ ရာထူးနိမ့်ပါးသည့် တာရင်အဆင့်သာရှိသော လင်ဝမ်ယိအပေါ် အလွန်ယဉ်ကျေးပြနေလေသည်။
လင်ဝမ်ယိက ပြန်ပြောလိုက်သည်။
"မယ်မယ်က သတိတရ ရှိလှပါတယ်... ကျွန်တော်မျိုးမကလည်း မယ်မယ့်ကို ဂါရဝပြုချင်နေတာ ကြာပါပြီ"
"ညီအစ်မတွေဆိုတော့ စိတ်ချင်းဆက်နေကြတာထင်ပါရဲ့... မယ်မယ်က ကျွန်တော်မျိုးကို စကားစမြည် ပြောချင်လို့ဆိုပြီး သခင်မလေးကို လာခေါ်ခိုင်းလိုက်တာပါ…"
"ကောင်းပါပြီ... ကျန်းကုန်းကုန်း လမ်းပြပေးပါဦး"
မာန်မာန မရှိသလို အောက်ကျို့လွန်းခြင်းလည်းမရှိသော လင်ဝမ်ယိ၏ ပုံစံကို ကျန်းဟယ်ချင်းက စိတ်ထဲ မှတ်ထားလိုက်သည်။
လင်ဝမ်ယိမှာ ခရမ်းနုရောင် မိုးခိုးငွေ့ပိုးသား နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်အေးဆေးသည့် ပုံစံလေးနှင့် အလှကြီးလှနေလေသည်။ သူမက မင်ရည်ကဲ့သို့ နက်မှောင်သော ဆံနွယ်များကို တိမ်တိုက်ပုံစံ ထုံးဖွဲ့ထားပြီး ကျောက်စိမ်းဆံထိုး အနည်းငယ်သာ ပန်ဆင်ထားရာ တခြားသော ကိုယ်လုပ်တော်များ၏ ပြင်ဆင်ခြယ်သမှုများနှင့် ယှဉ်လျှင် သူမပုံစံက ရိုးရှင်းကာ အမြင်ရှင်းလေသည်။
လင်ဝမ်ယိသည် ကြည်လင်သော မျက်နှာ၊ ကျောက်စိမ်းကဲ့သို့သော အသားအရေတို့ဖြင့် ပြည့်စုံသည့် ရှားရှားပါးပါး အလှပိုင်ရှင်ပင်။ သေချာကြည့်လျှင် သူမ၏ ဘယ်ဘက်မျက်လုံးအောက်နားတွင် အနီရောင် မှဲ့နီလေးတစ်လုံး ရှိနေသေးပြီး ၎င်းက သူမ၏အလှကို နှစ်ဆပိုတိုးသွားစေသေယာင်။
အမတ်ချုပ်အိမ်တော်က ဖုန်းရွှေကောင်းသည်ဟု ပြောရမည်။ အမတ်ချုပ်အိမ်တော်မှ မွေးထုတ်လိုက်သော မိန်းကလေးတိုင်းက ပန်းပွင့်လေးတွေထက်တောင် လှနေကြသေးသည်။
နန်းတွင်းထဲမှာ နောက်ထပ် အချစ်တော်သခင်မလေးတစ်ပါး ပေါ်ထွက်လာတော့မည့်ပုံပင်။
"သခင်မလေး... ဒီဘက်ကို ကြွပါ"
ကျန်းဟယ်ချင်းက စကားအများကြီး မပြောတော့ဘဲ လင်ဝမ်ယိကို လင်ကျစ်နန်းဆောင်သို့ လမ်းပြခေါ်ဆောင်သွားသည်။
သူတို့သည် မိနစ် ၃၀ ခန့် လမ်းလျှောက်ခဲ့ပြီး နန်းတော်တံခါး ၄ ခုနှင့် ကြီးမားခမ်းနားသော နန်းဆောင်ကြီးတစ်ခုကို ဖြတ်ကျော်ပြီးမှ လင်ဝမ်ယိတို့အဖွဲ့လည်း နာမည်ကျော်ကြားလှသော လင်ကျစ်နန်းဆောင်သို့ ရောက်ရှိသွားလေသည်။
သည်နန်းဆောင်သည် အရှေ့ဘက်နန်းဆောင် ၆ ခုတွင် ထိပ်ဆုံး၌ တည်ရှိပြီး မိဖုရားခေါင်ကြီး နေထိုင်သော ချန်ချန်းနန်းဆောင်မှလွဲလျှင် နန်းတွင်း၌ အကြီးဆုံး နန်းဆောင်ဖြစ်သည်။
လင်ဝမ်ယိသည် နန်းဆောင်တံခါးဝသို့ မရောက်ခင်ကတည်းက သင်းပျံ့သော မက်မွန်ပန်းရနံ့ကို ရနေသည်။ ဤရာသီမျိုးတွင် မက်မွန်ပန်းရနံ့ ရနေသည်မှာ အလွန်ထူးဆန်း၏။
လင်ဝမ်ယိက ကျန်းဟယ်ချင်းနောက်မှ လိုက်သွားပြီး နန်းဆောင်ထဲ ဝင်သွားလိုက်ပြီးနောက် ခေါင်းကိုငုံ့ထားလိုက်ကာ ဟိုဟိုဒီဒီ လျှောက်မကြည့်တော့ပေ။ နောက်မှ လိုက်လာသည့် အစေခံနှစ်ယောက်ကလည်း ခေါင်းငုံ့ထားကြရာ အတော်ေလး သိမ်မွေ့ရိုကျိုးလှသည်ဟု ဆိုရမည်။
"ဒါကတော့ ကွေ့ဖေးမယ်မယ် စံမြန်းတဲ့ လင်ကျစ်နန်းဆောင်ပါ... သခင်မလေး နောက်ပိုင်း ဒီကို မကြာခဏ လာလည်ပါ... အိမ်မှာနေသလိုပဲ သဘောထားပါလို့ မယ်မယ်က မှာထားပါတယ်... အားနာနေစရာ မလိုပါဘူးတဲ့"
ထိုစကားကို ကြားမှ လင်ဝမ်ယိ ခြေလှမ်းတုံ့သွားပြီး ခေါင်းမော့ကာ ခါးကို မတ်လိုက်သည်။
လင်ဝမ်ယိသည် သူမ၏ မြင်ကွင်းထဲတွင် လင်ကျစ်နန်းဆောင်၏ ကြွယ်ဝချမ်းသာမှုများကို တွေ့လိုက်ရသည်။ ရီဟွားနန်းဆောင်ကို လှပတောက်ပသည်ဟု ဆိုနိုင်လျှင် သည်လင်ကျစ်နန်းဆောင်ကတော့ ငါကချမ်းသာတယ်ကွဟု အော်ပြောနေသကဲ့သို့ ခမ်းနားလွန်းလှသည်။
စနစ်တကျ ပြုပြင်ထားသော ပန်းဥယျာဉ်သည်သာမက၊ ကျောက်ဆောင်အတုများနှင့် ပြုလုပ်ထားသော ရေကန်ငယ်လေးလည်း ရှိသေးသည်။ ရေကန်က သိပ်မကြီးသော်လည်း လက်ရာမြောက်လှပြီး တောင်ပိုင်းဒေသ ဥယျာဉ်ပုံစံ ပေါက်နေသည်။ ဘေးပတ်လည်တွင်လည်း အရွယ်အစားညီသည့် ကျောက်စရစ်ခဲလေးများ ခင်းထားသဖြင့် လမ်းလျှောက်သည့်အခါ ရေစိုနေလျှင်ပင် ချော်မလဲနိုင်ပေ။
ပင်မဆောင်ကြီးမှာ အခန်းကျယ် ၇ ခန်းကို တွဲဆောက်ထားခြင်းဖြစ်ပြီး အလယ်တည့်တည့်တွင် အရှင်မင်းကြီး ကိုယ်တိုင် ချီးမြှင့်ထားသော "နူးညံ့သိမ်မွေ့၍ ဂုဏ်ရည်ပြည့်ဝသူ" ဟူသော ရွှေစာလုံးကြီးများ ချိတ်ဆွဲထားသည်။
ဤဘွဲ့ထူးကို အရှင်မင်းကြီးက လင်ကွေ့ဖေး ရာထူးတိုးပေးစဉ်က အထူးတလည် ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သည်အကြောင်းကို အိမ်တော်မှာတုန်းက ဒုတိယသခင်မဝမ်တစ်ယောက် ကြွားလုံးထုတ်လွန်း၍ လင်ဝမ်ယိ ကောင်းကောင်း သိထားသည်။
လင်ဝမ်ယိက လက်ကိုင်ပုဝါကို တင်းတင်းဆုပ်ကိုင်ရင်း ကျန်းဟယ်ချင်းနောက်မှ လိုက်ကာ လှေကားပေါ် တက်သွားလိုက်သည်။
"သခင်မလေးလင် ရောက်ပါပြီ..." ဟု ကျန်းဟယ်ချင်းက အသံစူးစူးဖြင့် အော်ပြောလိုက်သည်။
အတွင်းမှ နန်းတွင်းအစေခံများက များက လိုက်ကာကို ဘယ်ညာမကာ ဖယ်ပေးပြီး သူမတို့ကို ကြိုဆိုလာကြသည်။
အစ်မဖြစ်သူ လင်ကွေ့ဖေးအကြောင်း လင်ဝမ်ယိသိပ်မမှတ်မိတော့ပေ။ သူတို့ ညီအစ်မနှစ်ယောက်က ၄ နှစ်သာ ကွာသော်လည်း လင်ကွေ့ဖေးက ၁၅ နှစ်သမီးကတည်းက နန်းတွင်းဝင်သွားရာ ယခု အသက် ၂၁ ရှိနေပြီဖြစ်၍ သူတို့နှစ်ေယာက် မတွေ့ရသည်မှာ ၆ နှစ်ခန့် ရှိပြီဖြစ်သည်။
အိမ်မှာနေစဉ်ကလည်း လင်ဝမ်ယိက အဘွားဖြစ်သူ ရုံဟယ့်ဆောင်သို့ သွားရောက် ဂါရဝပြုချိန်မှလွဲ၍ လင်ဝမ်ကျိုးနှင့် သိပ်ပြီး ရင်းရင်းနှီးနှီး မရှိခဲ့ပေ။
ထို့ကြောင့် အတွင်းဆောင်ထဲသို့ ရောက်သည်နှင့် လင်ဝမ်ယိမှာ အပေါ်သို့ မော်မကြည့်ရဲဘဲ ရွှေချည်ထိုးကော်ဇောပေါ်တွင် ဒူးထောက်ကာ ရိုသေစွာ ဂါရဝပြုလိုက်သည်။
"တာရင်အဆင့် ကိုယ်လုပ်တော် လင်မျိုးနွယ်က ကွေ့ဖေးမယ်မယ်ကို ဂါရဝပြုပါတယ်... မယ်မယ် ကျန်းမာပါစေ…"
လင်းလက်တောက်ပနေသော ပြတင်းပေါက်နားရှိ သစ်နှင်းဆီစားပွဲတွင် မှီထိုင်ကာ ခြေထောက်အနှိပ်ခံနေသည့် လင်ကွေ့ဖေးက အသံကြားမှ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လာသည်။
လင်ကွေ့ဖေး၏ ပုံစံမှာ နှစ်ပေါင်းများစွာ နန်းစံလာခဲ့ရရ၍ ယခင်ကနှင့် မတူတော့ဘဲ ကွာခြားသွားပြီ ဖြစ်သည်။ သူမထံတွင် အာဏာရှိသူတို့၏ အရှိန်အဝါများ ပြည့်နှက်နေသည်။
သူမ၏ သွယ်လျသော ခန္ဓာကိုယ်၊ နှင်းကဲ့သို့ ဖြူဝင်းသော အသားအရေနှင့် လှပသော မျက်နှာထားတွင် ဂရုမစိုက်သော ဟန်အမူအရာများ ပေါ်လွင်နေသည်။ လင်ကွေ့ဖေးက ဘေးနားရှိ မိန်းမစိုးချင်ဟယ့်ကို လက်ကာပြလိုက်ပြီးမှ လင်ဝမ်ယိကို စကားပြောလာသည်။
"ညီမလေး ထပါ... နန်းတော်ထဲမှာ ဆိုပေမယ့် ငါက နင့်ရဲ့ အစ်မပါပဲ... အနားမှာလူမရှိရင် အရင်ကလိုပဲ အစ်မလို့ ခေါ်ပါ"
"မယ်မယ့် မေတ္တာကို ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ကျွန်တော်မျိုးမ မဝံ့ရဲပါဘူး…"
လင်ကွေ့ဖေးပြောလိုက်သည်က ယဉ်ကျေးသမှုဖြင့်လော၊ စေတနာသက်သက်ဖြင့်လော… လင်ဝမ်ယိ ခွဲခြားတတ်ပါသည်။ အကယ်ဒများ လင်ဝမ်ယိက အခွင့်အရေးယူပြီး အစ်မ ဟု ခေါ်လိုက်လျှင် မောက်မာပြီး အလိုက်ကမ်းဆိုးမသိတတ်သူဟု သတင်းထွက်သွားပေလိမ့်မည်။
လင်ဝမ်ယိက စည်းကမ်းရှိသည်ကို တွေ့လိုက်ရသဖြင့် လင်ကွေ့ဖေး၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ သည်ကောင်မလေးက အဘွား ပြောသလို ထိန်းချုပ်ရ လွယ်ကူမည့်ပုံပင်။
ထိုသို့တွေးလိုက်မိသည့်အခါ လင်ကွေ့ဖေး၏ မျက်နှာထားက ပိုမိုရင်းနှီးဖော်ရွေလာ၏။
"ညီမလေး ထိုင်ပါ... ငါက အိမ်နဲ့ဝေးနေတာ ကြာပြီဆိုတော့ မောင်နှမတွေကို မတွေ့ရတာ ကြာပြီ... အစ်ကိုကြီးရော နေကောင်းရဲ့လား... တော်ဝင်အစောင့်တပ်ဖွဲ့မှာပဲ တာဝန်ထမ်းနေတုန်းလား"
လင်ကွေ့ဖေးက သာမန်ကာလျှံကာ မိသားစုအကြောင်း မေးမြန်းနေသော်လည်း တကယ်တမ်းတွင်မူ အကဲခတ်နေခြင်းပင်။
ကွေ့ဖေးရာထူး ရနေသူတစ်ယောက်၊ အဘွားဖြစ်သူ မင်းသမီးရုံခန့်နှင့် အဆက်အသွယ်ရှိသူတစ်ယောက်က အစ်ကိုကြီး၏ အခြေအနေကို မသိဘဲနေမည်တဲ့လား... လင်ဝမ်ယိ လုံးဝ မယုံချေ။
သို့သော် ယခု မိမိမှာ ရာထူးနိမ့်ပါးသူဖြစ်၍ လင်ဝမ်ယိက သတိထားပြီး ပြန်ဖြေကြားရလေသည်။
"မယ်မယ် မေးတဲ့အတိုင်းပါပဲ... အစ်ကိုကြီးက နေကောင်းပါတယ်... တော်ဝင်အစောင့်တပ်ဖွဲ့မှာ တာဝန်ထမ်းတာ ၇ နှစ် ရှိပြီဆိုပေမယ့် ရာထူးတော့ မတိုးသေးပါဘူး... အသက်ကြီးလာပြီဆိုတော့ မေမေက အိမ်ထောင်ချပေးဖို့ စီစဉ်နေပါတယ်"
"ဟေ... ၇ နှစ်တောင် ရှိပြီ ရာထူး မတိုးသေးဘူးလား"
လင်ဝမ်ယိ စကားမဆုံးခင်မှာပင် လင်ကွေ့ဖေးက ဖြတ်ပြောလိုက်သည်။
"ကြည့်ရတာ အဘိုးက အစ်ကိုကြီး စိတ်ဓာတ်ကြံ့ခိုင်လာအောင် လေ့ကျင့်ပေးနေတာ ဖြစ်မယ်... ဘာပဲပြောပြော အမတ်ချုပ်အိမ်တော်ရဲ့ မြေးအကြီးဆုံးပဲလေ... အလိုလိုက်ခံရလွန်းရင် မကောင်းဘူးမဟုတ်လား”
အလိုလိုက်တယ် ဟုတ်လား...။
လင်ကွေ့ဖေး ပါးစပ်မှ ထိုစကားထွက်လာသည်မှာ ရယ်စရာကောင်းလိုက်သည့် ဖြစ်ခြင်းပင်။ အစ်ကိုကြီးမှာ နှစ်ပေါင်းများစွာ ကြိုးကြိုးစားစားတာဝန်ထမ်းဆောင်နေသည့်တိုင် အနောက်ဆောင်က လူတွေ စက်ပုန်းခုတ်နေတာကြောင့် ရာထူးမတိုး၊ နေရာမရနေတာပင်။ သို့သော်လည်း အရှေ့ဆောင် မိသားစုမှာ တိုင်စရာလူမရှိ၍ သည်တိုင်း ကြိတ်မှိတ်သည်းခံနေရခြင်း ဖြစ်သည်။
လင်ကွေ့ဖေးက အစ်ကိုကြီးအကြောင်း သက်သက်မဲ့ ထည့်ပြောနေခြင်းက "နင် ခေါင်းထောင်ချင်ရင် အစ်ကိုကြီးလို ဖြစ်သွားမယ်" ဟု သွယ်ဝိုက် ခြိမ်းခြောက်နေခြင်းပင်။ ထို့ကြောင့် လင်ဝမ်ယိ ခေါင်းငုံ့ကာ ရိုကျိုးစွာ ဖြေလိုက်သည်။
"မယ်မယ် ပြောတာ မှန်ပါတယ်"
လင်ဝမ်ယိက အင်မတန်ကျိုးနွံနေသည်ကို မြင်လိုက်ရသော် လင်ကွေ့ဖေး စိတ်ကျေနပ်သွားသည်။
သူမက လင်ဝမ်ယိကို ရောက်ခါစမှာကတည်းက မာန်စွယ်ချိုးထားပေးဖို့လိုသော်လည်း အလွန်အကျွံ ခြောက်လှန့်လိုက်လျှင် ထိုကလေးမလး ကြောက်လန့်ပြီး ဘာမှ လုပ်မတတ် ကိုင်မတတ် ဖြစ်သွားမည်ကိုလည်း စိုးရိမ်ရသည်။ အရှင်မင်းကြီးအကြောင်း သူမ သိသည်၊ အရှင်မင်းကြီးက ငတုံးငအတွေနှင့် ငကြောက်တွေကို သဘောမကျပေ။ ညီမဖြစ်သူကို နန်းတွင်းပို့ရခြင်း၏ အဓိကရည်ရွယ်ချက်က သူမအတွက် နေရာမြဲမြံစေဖို့ပင်မဟုတ်လော။