ဧကရာဇ်နှင့် တစ်ညတာဖြတ်သန်းရန် ကိုယ်လုပ်တော် ရွေးချယ်ခြင်း
Vol. 1 Ch. 5
ထို့ကြောင့် လင်ကွေ့ဖေးက လေသံကို လျှော့ကာ ပြောလိုက်သည်။
" ညီမလေးက နေမကောင်းဖြစ်ပြီး ရွေးချယ်ပွဲနဲ့လွဲသွားခဲ့တယ်… ဒါပေမယ့် ညီမလေးရဲ့ အလှက ပြိုင်ဘက်ကင်းတယ်ဆိုတော့ ကိုယ်လုပ်တော်အဖြစ် ဝင်လာတာကို ဦးလေးနဲ့ အဒေါ်လည်း သဘောတူမှာပါ... နန်းတွင်းမှာသာ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရခဲ့ရင် အစ်ကိုကြီးရဲ့ ရှေ့ရေးအတွက်လည်း အထောက်အကူ ဖြစ်တာပေါ့... အဲဒီကျရင် တော်ဝင်အစောင့်တပ်ဖွဲ့ မပြောနဲ့…ဧကရာဇ်ကိုယ်ရံတော်တပ်ထဲတောင် ဝင်လို့ ရမှာ... ဟုတ်တယ်မလား"
ရိုက်နှက်ပြီးမှ မုန့်ကျွေးချော့မြူသည့် နည်းလမ်း တစ်နည်းဆိုသော် ကြောက်ရွံ့အောင် ခြိမ်းခြောက်ပြီးမှ စည်းရုံးသည့် နည်းလမ်းကို လင်ကွေ့ဖေးက ကျွမ်းကျင်စွာ အသုံးချနေသည်။
လင်ဝမ်ယိလည်း သူမ၏ သဘောကို နားလည်သဖြင့် အပြုံးဖျော့ဖျော့လေးဖြင့်သာ ခေါင်းညိတ်လိုက်သည်။ သူမက ကွေ့ဖေးမယ်မယ် ပြောသမျှ အမှန်ပါပဲ ဆိုသည့် ပုံစံမျိုးဖြင့် နေလိုက်သည်။
ညီအစ်မနှစ်ယောက် စကားပြောနေစဉ်မှာပင် မိန်းမစိုးခေါင်းဆောင် ကျန်းဟယ်ချင်း ဝင်လာပြီး ရိုသေစွာ လျှောက်တင်လေသည်။
"မယ်မယ့်ကို ဂါရဝပြုပါတယ်... နန်းတွင်းရေးရာဌာနက မိန်းမစိုးချုပ် ချွမ်ဖူ ရောက်နေပါတယ်"
"ဟင်... ဘာများလဲ"
"နေ့စဉ်မှတ်တမ်း လာပို့တာပါတဲ့"
နေ့စဉ်မှတ်တမ်းဆိုသည်မှာ အရှင်မင်းကြီး မည်သူနှင့် အိပ်စက်သည်ကို မှတ်တမ်းတင်သော စာအုပ်ဖြစ်သည်။ ပုံမှန်ဆိုလျှင် အိမ်ထောင်စုရေးရာဌာနမှ ဟယ့်ကုန်းကုန်းက လာပို့လေ့ရှိသော်လည်း ယခု မိန်းမစိုးချုပ် ချွမ်ဖူ ကိုယ်တိုင် လာပို့သည်ဆိုတော့ အခြားကိစ္စ ရှိပုံရသည်။
လင်ကွေ့ဖေးက ပြောလိုက်သည်။ "ဝင်ခိုင်းလိုက်"
"ဟုတ်ကဲ့ပါ"
ကျန်းဟယ်ချင်း ထွက်သွားပြီး မကြာမီမှာပင် သားမြီးယပ်တောင်ကိုင်ထားသော မိန်းမစိုးတစ်ဦးနှင့် နောက်လိုက် မိန်းမစိုးငယ် နှစ်ဦး ဝင်လာကြသည်။
"ကျွန်တော်မျိုး ချွမ်ဖူ... ကွေ့ဖေးမယ်မယ်ကို ဂါရဝပြုပါတယ်... လင်တာရင်ကိုလည်း ဂါရဝပြုပါတယ်"
ချွမ်ဖူသည် ပါးနပ်လှသူမှန်း ထင်ရှားလှပေသည်။ လင်ဝမ်ယိ နန်းတွင်းရောက်လာသည်မှာ ၃ နာရီခန့်သာ ရှိသေးသော်လည်း သူမကိုတွေ့သည်နှင့် သူမ၏ ရာထူးကို တန်းခေါ်နိုင်သည်အထိ သူ၏ သတင်းအချက်အလက်ကွန်ရက်မှာ ကျယ်ပြန့်လှသည်ပေ။
လင်ကွေ့ဖေးက မေးလိုက်သည်။ "ပြောပါဦး... ဘာကိစ္စနဲ့ ရောက်လာတာလဲ"
"ပထမအချက်ကတော့ မယ်မယ် စစ်ဆေးဖို့ နေ့စဉ်မှတ်တမ်း လာပို့တာပါ... ဒုတိယအချက်ကတော့ လင်တာရင်ရဲ့ အမည်စာလွှာ လုပ်ပြီးပါပြီ... ဒီနေ့ပဲ အရှင်မင်းကြီးဆီ ဆက်သလိုက်ရမလားလို့ မယ်မယ့်ကို လာမေးတာပါ"
"နန်းတွင်းရေးရာဌာနက မြန်သားပဲ... လုပ်ပြီးပြီဆိုရင်လည်း ဆက်သလိုက်ပေါ့"
"မယ်မယ် ပြောတဲ့အတိုင်းပါ…"
သူမ၏ အိပ်ဆောင်ရေးရာကို ဘေးလူနှစ်ယောက်က သူမအား ဖုတ်လေသည့် ငပိမရှိသလိုပင်သဘောထားကာ ဆွေးနွေးဆုံးဖြတ်နေကြသော်လည်း လင်ဝမ်ယိမှာ ဘေးတွင် ငြိမ်နေရုံသာ တတ်နိုင်လေသည်။
မိန်းမစိုးချုပ် ချွမ်ဖူက အစီရင်ခံပြီးနောက်မှာတော့ ရိုရိုသေသေနှင့် ပြန်လည်ထွက်ခွာသွားတော့သည်။ ချွမ်ဖူက လင်ကျစ်နန်းဆောင်မှ ထွက်လာလိုက်ပြီးနောက်တွင် သူ့ နောက်မှလိုက်ပါလာသော မိန်းမစိုးငယ်လေးကို မှာကြားလိုက်သည်။
"ဒုတိယအကြီးအကဲ ချင်အန်းကို သွားပြောလိုက်... လင်တာရင်ဘက်က လိုချင်တာရှိရင် သေချာ ဂရုစိုက်ပေးလိုက်လို့... အခုအချိန်မှာ မျက်နှာလုပ်ထားမှ နောက်ပိုင်း နန်းတွင်းရေးရာဌာနလည်း သက်သာမှာ"
"ဟုတ်ကဲ့ပါ မိန်းမစိုးချုပ်"
ချွမ်ဖူက လင်ကျစ်နန်းဆောင်အပေါ်မှ တိမ်တိုက်များကို မော့ကြည့်လိုက်သည်။ လင်ကွေ့ဖေး၏ အကဲခတ်နိုင်စွမ်းက အမှန်ပင်ကောင်းလှ၏။ လင်တာရင်၏ အလှက ယခုဝင်လာသော ကိုယ်လုပ်တော်သစ်များထက် အဆပေါင်းများစွာ သာလွန်၏။ ကံသာကောင်းလျှင် မကြာခင် ဖေးရာထူးအထိ တက်လှမ်းနိုင်ပေလိမ့်မည်။ သူတို့လို ကျွန်မျိုးတွေက လောင်းကြေးထပ်တတ်ဖို့ လိုသည်လေ။
ထို့ကြောင့် မိန်းမစိုးချုပ် ချွမ်ဖူသည် ခြေလှမ်းသွက်သွက်ဖြင့် ချန်အန်းနန်းဆောင်သို့ အမည်စာလွှာ သွားပို့လိုက်သည်။
လင်ကွေ့ဖေးက လင်ဝမ်ယိကို ပြော၏။
“တို့တွေက ညီအစ်မတွေပဲဟာ…ညီမလေးလည်း နန်းတော်ထဲ ရောက်လာပြီဆိုတော့ အစ်မကပဲ စောင့်ရှောက်ပေးရမှာပေါ့…ညီမလေးနေတဲ့ ရီဟွားနန်းဆောင်က အရှင်မင်းကြီးရဲ့ ချန်အန်းဆောင်နဲ့လည်း နီးတော့ အရှင်မင်းကြီးကို ပြုစုဖို့အခေါ်ခံရရင် သွားရလာရ မခက်ခဲတော့ဘူးပေါ့…”
"စီစဉ်ပေးတာ ကျေးဇူးတင်ပါတယ် မယ်မယ်... မယ်မယ့် ကျေးဇူးကို ကျွန်တော်မျိုးမ အမြဲ အောက်မေ့နေပါ့မယ်"
"အင်း"
ညီအစ်မနှစ်ယောက် အတိတ်ကအကြောင်းများကို အနည်းငယ်ပြောပြီးနောက် ပြောစရာမရှိတော့သဖြင့် မိန်းမစိုးချုပ် ပြန်သွားပြီး မကြာမီပင် လင်ဝမ်ယိလည်း ရီဟွားနန်းဆောင်သို့ ပြန်လာခဲ့သည်။
နန်းတွင်းရောက်ပြီး နေ့ဝက်အတွင်းမှာပင် ဟိုသွားဒီသွားလိုက်ရသဖြင့် လင်ဝမ်ယိ၏ ခြေထောက်များ ညောင်းညာနေပြီ ဖြစ်သည်။
ရှအန်းက လင်ဝမ်ယိ၏ ခုံဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပေးပြီး ညင်သာစွာ နှိပ်နယ်ပေးလေသည်။ သူမက အတော်လေး နှိပ်တတ်သဖြင့် လင်ဝမ်ယိလည်း အညောင်းအညာ ပြေသွားတော့သည်။
လင်ဝမ်ယိက ပြောလိုက်သည်။ "ချွမ်ချီကတော့ အရမ်းတက်ကြွနေတာ... လျှောက်ကြည့်ဖို့တောင် အားရှိသေးတယ်... နင်ပဲ ငါ့ကို ပြုစုနေရတယ်"
"သခင်မလေးကလည်း... သခင်မလေးကို ပြုစုရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ"
ထိုစဉ် ချွမ်ချီ ပြန်ရောက်လာသည်။ ချွမ်ချီက တံခါးဝသို့ ရောက်လာသည်နှင့် ဝင်းလက်တောက်ပနေသော မျက်ဝန်းကြီးများနှင့် ပြောလေသည်။
"သခင်မလေး... ဒီ လက်ဝဲဆောင်က အိမ်ကဝင်းလေးထက် ပိုကျယ်တယ်... အရှေ့မှာ အခန်းသေးသေးလေး တစ်ခန်းရှိတယ်... မီးဖိုလေးတွေ ရှိတော့ ရေနွေးကြိုတာတို့ ဘာတို့ လုပ်လို့ရတယ်... အရမ်းအဆင်ပြေတယ်ရှင့်"
သူမကတော့ တစ်ခေါက်တည်းနှင့် နေရာအနှံ့ ရောက်ခဲ့ပုံရသည်။
"ရှေ့ဆောင်က စင်္ကြံလမ်းအောက်မှာ ပန်းခင်းရှိတယ်... အရမ်းရှားတဲ့ ပန်းတွေ စိုက်ထားတာ... ကမ္မလီယာပန်းတွေနဲ့ တူတယ်... ကျွန်မ သေချာတော့ မကြည့်တတ်ဘူး"
"နောက်ဖေးဘက်မှာ အပန်းဖြေနန်းဆောင်လေး တစ်ဆောင် ရှိသေးတယ်... ရိုးရိုးလေးနဲ့ သာယာနေရော... သခင်မလေးက လက်ဖက်ရည်ကြိုက်တာဆိုတော့ နွေရာသီကျရင် အဲဒီမှာ လက်ဖက်ရည်သောက်လို့ ကောင်းမယ်"
လင်ဝမ်ယိ ရယ်လိုက်မိသည်။ "နင်ကတော့ နေတတ်လိုက်တာ"
"ဟီးဟီး... သခင်မလေး သင်ပေးထားတာလေ"
ချွမ်ချီ၏ တက်ကြွသော အသံကို ကြားရမှ လင်ဝမ်ယိ စိတ်ထဲ ပေါ့ပါးသွားသည်။
ဟုတ်တယ်... လင်ဝမ်ယိလည်း နန်းတွင်း ရောက်နေမှတော့ ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ မိသားစုအတွက်ပဲဖြစ်ဖြစ် ကောင်းကောင်း အသက်ရှင်ရမည်။ ဆင်းရဲလည်း တစ်နေ့၊ ချမ်းသာလည်း တစ်နေ့မို့ စိတ်ဆင်းရဲခံနေမည့်အစား ပျော်အောင်နေတာ ပိုကောင်းသည်။
သူ့တွင်ကွေ့ဖေးမယ်မယ်၏ အကာအကွယ် ရှိသည်။ အစေခံများကလည်း ယဉ်ကျေးကြသည်။ သည်အချိန်မှာ နေသားကျအောင် နေထားမှ တော်ကာကျမည်။
လေးလပိုင်း၏ နေရောင်ခြည်က နွေးထွေးလှ၏။ နေ့လည်စာအတွက် နန်းတွင်းစားဖိုဆောင်မှ ဟင်းပွဲ နှစ်ပွဲ၊ ဟင်းချို တစ်ပွဲ လာပို့သွားသည်။ ဟင်းပွဲများမှာ ပမာဏ များသည့်အပြင် လက်ရာလည်း မဆိုးလှပေ။
ဟင်းများမှာ မှိုစုံနှင့် ချက်ထားသော ငါးပုစွန်ဟင်း၊ ပျားရည်စိမ်တို့ဖူး နှင့် မျှစ်ဝါကြက်သားမျှင် ဟင်းချိုတို့ ပင်။ ၎င်းတို့မှာ အရသာ ပေါ့ပါးပြီး အာဟာရလည်း ရှိသည်။ အစေခံများအတွက်လည်း ထမင်းဟင်းက ရိုးရှင်းပေသည့် အရသာတော့ရှိလှသည်။
ချွမ်ချီကတော့ မျှစ်ဟင်းချို အနံ့ရသည်နှင့် သွားရည်ကျနေပြီ ဖြစ်သည်။ သူမ ကြိုက်မှန်းသိ၍ လင်ဝမ်ယိက ပြုံးကာ ပြောလိုက်သည်။
"ငါလည်း အကုန် မသောက်နိုင်ဘူး... နင်တို့ မြည်းကြည့်ဖို့ တစ်ခွက်လောက် ချန်ထားလိုက်လေ”
"ကျေးဇူးတင်ပါတယ် သခင်မလေး"
ချွမ်ချီက အားမနာတမ်း ယူလိုက်သော်လည်း ရှအန်းကမူ မသင့်တော်သလို အားနာနေရ၏။
ချွမ်ချီက ငယ်စဉ်ကတည်းက လင်ဝမ်ယိနှင့် အတူကြီးပြင်းလာသူ ဖြစ်၍ သူတို့နှစ်ယောက်မှာ အတော်ရင်းနှီးကြပေသည်။ ရှအန်းကမူ လွန်ခဲ့သော ၂ နှစ်၊ လင်ဝမ်ယိ အရွယ်ရောက်ချိန်မှ သခင်မသုန်၏ မိဘများက အိမ်တော်သို့ ပို့လိုက်သူဖြစ်သည်။ ရှအန်းက ဆေးပညာ အနည်းငယ် တတ်ကျွမ်းသူ ဖြစ်သည်။
ရှအန်း စိုးရိမ်နေသည်ကို သတိထားမိသဖြင့် ချွမ်ချီက ဟင်းချိုတစ်ခွက် ကမ်းပေးလိုက်သည်။
"သခင်မလေးက ငါတို့ကို အချစ်ဆုံးပါဟ... စိတ်ချလက်ချသာ သောက်"
လင်ဝမ်ယိကလည်း ခေါင်းညိတ်ပြမှ ရှအန်း စိတ်သက်သာရာ ရသွားသည်။
နေ့လည်စာ စားပြီးနောက် လင်ဝမ်ယိ အိပ်ချင်လာသည်။ သူမမှာ မနက်စောစော ထထားရသည်က တစ်ကြောင်း၊ လူတွေနှင့် စကားပြောရာတွင် မနည်းသတိထားရတာက တစ်ကြောင်းမို့ ပင်ပန်းနေပြီ ဖြစ်သည်။
လင်ဝမ်ယိက တစ်ရေးလောက် အိပ်မည်ကြံလိုက်စဉ်မှာပင် အပြင်မှ လူရောက်လာသည်။
လင်ဝမ်ယိ ကြည့်လိုက်သော် လာသူက မျက်နှာစိမ်း မိန်းမစိုးတစ်ဦး ဖြစ်နေသည်။ ထိုသူ၏ ဝတ်စားဆင်ယင်ပုံမှာ လင်ကျစ်နန်းဆောင်တွင် တွေ့ခဲ့သော မိန်းမစိုးချုပ်နှင့် ဆင်တူသဖြင့် နန်းတွင်းရေးရာဌာနမှ အရာရှိဖြစ်မည်ဟု လင်ဝမ်ယိက ခန့်မှန်းလိုက်သည်။ ထင်သည့်အတိုင်းပင် ထိုမိန်းမစိုးက နှုတ်ဆက်လာလေသည်။
"ကျွန်တော်မျိုး နန်းတွင်းရေးရာဌာန ဒုတိယအကြီးအကဲ ချင်အန်းပါ... သခင်မလေးလင်ကို ဂါရဝပြုပါတယ်"
"ချင်ကုန်းကုန်းပါလား...ထိုင်ပါ…"
လင်ဝမ်ယိက ချွမ်ချီကို လှမ်းပြောလိုက်သည်။ "ချွမ်ချီ... ချင်ကုန်းကုန်း ထိုင်ဖို့ ခုံယူပေးလိုက်ပါ"
ချင်အန်းက ပြောသည်။ "သခင်မလေး ယဉ်ကျေးလွန်းပါပြီ... ကျွန်တော်မျိုး လာတာ သခင်မလေးကို ဝမ်းမြောက်ကြောင်း လာပြောတာပါ"
လင်ဝမ်ယိ ကြောင်သွားသည်ကို မြင်သောအခါ ချင်အန်းက ပြုံးရွှင်စွာ ပြောလေသည်။
"အရှင်မင်းကြီးက သခင်မလေးရဲ့ အမည်စာလွှာကိုရွေးလိုက်ပါပြီ... ဒီည အရှင်မင်းကြီးနဲ့ အတူအိပ်ဆောင်ဝင်ရမှာ သခင်မလေးဖြစ်ပါတယ်"