ဂရုတစိုက်ဖြင့် ကြိုတင်ပြင်ဆင်မှာ
Vol. 1 Ch. 6
အမည်စာလွှာကို ပို့လိုက်သည်မှာပင် ဘယ်လောက်မှ မကြာသေး၊ ချက်ချင်း ပြန်ကြားစာ ရောက်လာသဖြင့် လင်ဝမ်ယိမှာ အံ့ဩသွားရသည်။
သို့သော် လင်ဝမ်ယိက ပြန်စဉ်းစားကြည့်လိုက်သောအခါ သူမက လင်ကွေ့ဖေး၏ နေရာမြဲစေရန်အတွက် နန်းတွင်းပို့ခံရသူဖြစ်သည် မဟုတ်လား။ ထို့ကြောင့် စောစောစီးစီး အရှင်မင်းကြီးနှင့် အိပ်ဆောင်ဝင်ရမှသာ နန်းတွင်း နန်းပြင်ရှိ လူအားလုံး စိတ်အေးရမည် ဖြစ်သည်။
ထိုသို့တွေးမိမှ လင်ဝမ်ယိ စိတ်သက်သာရာ ရသွားသည်။
လင်ဝမ်ယိက ပြောလိုက်သည်။ "လာရောက်အသိပေးတဲ့ ချင်ကုန်းကုန်းကို ကျေးဇူးတင်ပါတယ်... ရှအန်း... ချင်ကုန်းကုန်းအတွက် လက်ဖက်ရည် ပြင်ပေးလိုက်ပါ"
ရာထူးအဆင့်အရ ပြောရလျှင် လင်ဝမ်ယိသည် အဆင့် ၉ သာရှိသော တာရင်တစ်ဦး ဖြစ်ပြီး သူမ ရှေ့မှ ချင်အန်းမှာ ကျွန်ဖြစ်သော်လည်း အဆင့် ၇ ရှိသော နန်းတွင်းရေးရာဌာန ဒုတိယအကြီးအကဲ ဖြစ်သည်။
ထို့အပြင် ချင်အန်းက အရှင်မင်းကြီး ရှေ့မှောက်တွင်ပင် လွယ်လင့်တကူ ဝင်ထွက်သွားလာနိုင်သူဖြစ်၍ လင်ဝမ်ယိက ပိုပြီး ယဉ်ကျေးပြလိုက်ခြင်းဖြစ်၏။
ချင်အန်းက ပြန်ပြောသည်။ "သခင်မလေး ယဉ်ကျေးလွန်းနေပါပြီ... ခဏနေရင် စည်းကမ်းထိန်းသိမ်းရေးမားမား လာပြီး အိပ်ဆောင်ဝင်မယ့် စည်းကမ်းတွေကို ရှင်းပြပါလိမ့်မယ်... သခင်မလေးက အဲဒီအတိုင်း လိုက်နာလိုက်ရင် ရပါပြီ"
"ကျေးဇူးတင်ပါတယ် ချင်ကုန်းကုန်း"
မိန်းမစိုးချုပ် ချွမ်ဖူ ပြောတာ မမှားပေ။ သည်တာရင်အသစ်လေးက တကယ်ကို တော်သည်။ အနေအထိုင်တတ်သည်သာမက ပြောဆိုဆက်ဆံရာတွင်လည်း နူးညံ့သိမ်မွေ့လှသည်။
နန်းတွင်းထဲတွင် အစေခံများက မျက်နှာလိုက်တတ်ကြသည်မှာ ထုံးစံပင်။ သို့သော် မည်သူမျှ မွေးကတည်းက စိတ်ဓာတ်အောက်တန်းကျသူ မဟုတ်ကြပေ။ တဖက်လူက ယဉ်ကျေးလျှင် ကိုယ်ကလည်း မျက်နှာသာပေးကြသည်မှာ ဓမ္မတာပင်။
ချင်အန်းက ဆက်ပြောသည်။ "ဒီနှစ်ယောက်က ချွမ်ချီနဲ့ ရှအန်း ဖြစ်မယ်ထင်တယ်... နောက်ပိုင်း နန်းဆောင်ထဲမှာ လိုအပ်တာရှိရင် ရှောင်လုကျစ်ကို ခိုင်းလို့ရပါတယ်... သူက ကျွန်တော်မျိုးရဲ့ တပည့်ပါ... အလုပ်လုပ်တာ သေသေပ်ပြီး စိတ်ချရပါတယ်... သခင်မလေး ခိုင်းလို့ရအောင် အထူးတလည် ခေါ်လာခဲ့တာပါ"
ပြောပြီးသည်နှင့် ချင်အန်းက အနောက်သို့ မျက်ရိပ်ပြလိုက်လျှင် ရုပ်ရည်သန့်ပြန့်သော မိန်းမစိုးလေးတစ်ယောက် ထွက်လာ၏။
"ကျွန်တော်မျိုး ရှောင်လုကျစ်ပါ... လင်တာရင်ကို ဂါရဝပြုပါတယ်"
ရှောင်လုကျစ်က စကားဆုံးသည်နှင့် မြေကြီးပေါ် ဒူးထောက်ကာ ဂါရဝပြုလိုက်သည်။ သူက ရိုးသားဖြောင့်မတ်ပုံ ရ၏။ ပုံမှန်ဆိုလျှင် လင်ဝမ်ယိကဲ့သို့ တာရင်အဆင့်လေးနှင့် သီးသန့် မိန်းမစိုးတစ်ယောက် မရနိုင်ပေ။ သို့သော် ဒုတိယအကြီးအကဲ ချင်အန်းက ရှောင်လုကျစ်ကို ပို့လာ၏။ သည်ကိစ္စတွင် နန်းတွင်းရေးရာဌာန၏ အစီအစဉ်များ ပါဝင်နေမည်ထင်သည်။
အကယ်၍ လင်ဝမ်ယိသာ နေရာရသွားလျှင် သူမသည် ရှောင်လုကျစ်ကို ကြည့်တိုင်း နန်းတွင်းရေးရာဌာန၏ ကျေးဇူးကို သတိရနေမည် မဟုတ်လား။
အကယ်၍ နေရာမရခဲ့လျှင်လည်း ကိစ္စမရှိပေ။ အကြောင်းပြချက်တစ်ခုပြပြီး ရှောင်လုကျစ်ကို ပြန်ခေါ်လိုက်ရုံသာ။ ဘာပဲပြောပြော ရှောင်လုကျစ်၏ အလုပ်သမားမှတ်တမ်း က နန်းတွင်းရေးရာဌာနတွင် ရှိနေဆဲဖြစ်ပြီး လင်ဝမ်ယိ လူ ဟု ပြော၍မရသေးပေ။
နန်းတွင်းထဲက မြေခွေးအိုကြီးတွေ…တကယ်ကို ဉာဏ်များလိုက်ကြတာ…။
လင်ဝမ်ယိ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး အမြဲရှိနေတတ်သည်။ ထိုအပြုံးဖျော့ဖျော့လေးက ရန်လိုဟန်မရှိသော်လည်း လူကိုမူ ခန့်မှန်းရခက်စေသည်။
လင်ဝမ်ယိက ပြောလိုက်သည်။ "ဒါဆိုရင်လည်း ချင်ကုန်းကုန်းရဲ့ စေတနာကို လက်ခံပါရစေ"
"သခင်မလေး သဘောပါပဲ…"
ရှောင်လုကျစ်ကို ထားခဲ့ပြီး ချင်အန်း ပြန်သွားလေသည်။
ရှောင်လုကျစ်သည် နေ့ဘက်တွင် သည်မှာအလုပ်လုပ်ရမည်ဖြစ်ပြီး ညဘက်တွင် နန်းတွင်းရေးရာဌာနသို့ ပြန်အိပ်ရမည်ဖြစ်ရာ လင်ဝမ်ယိတို့ဘက်က နေရာထိုင်ခင်း စီစဉ်ပေးစရာ မလိုပေ။
အသစ်ရောက်လာသူမို့ ရှောင်လုကျစ်က လင်ဝမ်ယိ၏ စိတ်သဘောထားကို မသိသေးသော်လည်း စကားနည်းနည်းပြောပြီး အလုပ်များများခိုင်းလျှင် အမှားမရှိနိုင်ဟု တွေးထားသည်။
ထို့ကြောင့် ချွမ်ချီက အရှေ့ဆောင်ရှိ ရေကန်ကို ရေဖြည့်ရမည်ဟု ပြောသောအခါ ရှောင်လုကျစ်က ချက်ချင်းပင် တာဝန်ယူ လုပ်ဆောင်ပေးလိုက်သည်။
ရှောင်လုကျစ် အလုပ်လုပ်နေပုံကို ကြည့်ရင်း ချွမ်ချီက ကျေနပ်နေသည်။
"သခင်မလေး... ဒီ ရှောင်လုကျစ်က အလုပ်လုပ်တာ မြန်သားပဲ... ကျွန်မတို့သာ လုပ်ရင် တစ်နာရီလောက် ကြာမှာ... အခုကြည့်ပါလား... ခဏလေးနဲ့ ကန်ပြည့်တော့မယ်"
လင်ဝမ်ယိက သတိပေးလိုက်သည်။ "ဒီ ရှောင်လုကျစ်က နန်းတွင်းမှာ နောက်ခံရှိတယ်... နင်သူ့ကို သတိထားပြီးဆက်ဆံ... အသေးအဖွဲလေးကနေ ကြီးကြီးမားမားမဖြစ်စေနဲ့"
"စိတ်ချပါ သခင်မလေး... ကျွန်မ သိပါတယ်"
ချွမ်ချီက ပျော်ပျော်နေတတ်သော်လည်း အနိုင်တော့မကျင့်တတ်။ သူမက ဉာဏ်ကောင်းပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းသူမို့ လင်ဝမ်ယိ စိတ်မပူမိချေ။
ရေကန်ပြည့်ပြီး မကြာမီမှာပင် စည်းကမ်းထိန်းသိမ်းရေးမားမား ရောက်လာလေသည်။ မားမား ၄ ယောက်က လင်ဝမ်ယိရှေ့တွင် တန်းစီကာ အစဉ်လိုက် ရပ်လိုက်ကြသည်။ သူတို့သည် မိုးပြာရောင် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားပြီး ဆံပင်ကို သပ်ရပ်စွာ ထုံးဖွဲ့ထားကြသည်။
ခေါင်းဆောင်ဖြစ်သူ မားမားက မျက်နှာဝိုင်းဝိုင်းနှင့် သဘောကောင်းပုံရသည်။ သူမက အိပ်ဆောင်ဝင်ရမည့် ကိုယ်လုပ်တော်အများစု၏ ကြောက်ရွံ့မှုများနှင့် ရှက်သွေးဖြာမှုများကို မြင်တွေ့ဖူးပြီးဖြစ်သော်လည်း လင်ဝမ်ယိ၏ သူမတူသည့် တည်ငြိမ်အေးဆေးမှုကို မြင်လိုက်ရသောအခါ သဘောကျသွား၏။
ထို့ကြောင့် ထိုမားမားက လေသံပျော့လေးဖြင့် စည်းကမ်းများကို ရှင်းပြလေသည်။
"ညနေ ၆ နာရီလောက်ကျရင် ဝေါယာဉ်က သခင်မလေးကို ချန်အန်းနန်းဆောင်ရဲ့ အရန်ဆောင်ကို လာခေါ်ပါလိမ့်မယ်... ရေချိုးသန့်စင်ပြီးရင် သီးသန့်တာဝန်ကျသူတွေက သခင်မလေးကို အတွင်းဆောင်ထဲ ပို့ပေးပါလိမ့်မယ်... အဲဒီရောက်ရင် အရှင်မင်းကြီးကို ငြိမ်ငြိမ်လေး စောင့်နေလိုက်ပါ"
ပြောပြီးသည်နှင့် မားမားက လက်ထဲမှ နန်းတွင်းလမ်းညွှန်စာအုပ်ကို ကမ်းပေးလိုက်သည်။
ချွမ်ချီက လှမ်းယူပြီး လင်ဝမ်ယိကို ပေးလိုက်သည်။ လင်ဝမ်ယိမှာ စာအုပ်ကို နှစ်မျက်နှာလောက် လှန်ကြည့်လိုက်သည်နှင့် မျက်နှာများ နီရဲလာတော့၏။
လင်ဝမ်ယိသည် မည်သည့်ယောက်ျားသားနှင့်မျှ မထိတွေ့ဖူးသေးသော မိန်းမပျိုလေးဖြစ်၍ ထိုအရာများကို မြင်သောအခါ သဘာဝအလျောက် ရှက်သွေးဖြာသွားရလေသည်။
ခေါင်းဆောင်မားမားကမူ အတွေ့အကြုံရှိသူပီပီ သူမကို နှစ်သိမ့်လိုက်သည်။
"ဒါက မျိုးဆက်ပြန့်ပွားရေးအတွက် အရေးကြီးကိစ္စပါ... သခင်မလေး ရှက်နေစရာ မလိုပါဘူး"
လင်ဝမ်ယိလည်း သူမ စိတ်ထဲမှ ရှက်ရွံ့မှုကို အတင်းဖိနှိပ်ထားလိုက်ပြီး စာအုပ်ကို လက်ခံကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မားမား"
ထိုမားမားက လင်ဝမ်ယိ၏ ဟန်ဆောင်မှုကင်းသည့်ပုံစံကို မြင်သောအခါ စိတ်ထဲတွင် အကဲခတ်မိလိုက်သည်။
ပုံမှန်အားဖြင့် အိပ်ဆောင်မဝင်ခင် အလွန်အမင်း ပြင်ဆင်လွန်းသူ သို့မဟုတ် ကြောက်လန့်လွန်းသူများသည် ရလဒ် သိပ်မကောင်းလှပေ။ တည်ငြိမ်ပြီး သဘာဝကျကျ နေသူများကသာ ရေရှည်တွင် အဆင်ပြေတတ်ကြသည်။ သူတခြားဟာ မပြောလိုသော်လည်း လင်ဝမ်ယိ၏ စိတ်နေစိတ်ထားက မဆိုးလှပေ။ အချိန်တန်လျှင် နေရာတစ်ခု ရလာမည့်ပုံပင်။
မားမားက ထိုသို့တွေးမိပြီး လင်ဝမ်ယိကို ပိုမို ဂရုတစိုက် ပြုစုပေးလိုက်သည်။
ညနေ ၆ နာရီတွင် ဝေါယာဉ်ရောက်လာပြီး လင်ဝမ်ယိကို ချန်အန်းနန်းဆောင်၏ အရန်ဆောင်သို့ ခေါ်ဆောင်သွားသည်။ နန်းဆောင်တံခါးဝတွင် ရပ်ကျန်ခဲ့သော ချွမ်ချီနှင့် ရှအန်းတို့မှာတော့ စိတ်လှုပ်ရှားခြင်းနှင့် ပျော်ရွှင်ခြင်းများ ရင်ထဲ ရောပြွန်းနေကြရင်း ပြန်ဖို့ တွန့်ဆုတ်နေကြ၏။
ဘေးနားရှိ ရှောင်လုကျစ်ကမူ တည်ငြိမ်နေသည်။ ဤအခြေအနေမျိုးမှာ သူ မြင်ဖူးနေကျပင်မို့ ထွေထွေထူးထူး တွေးမနေတော့ပေ။
ချန်အန်းနန်းဆောင်သည် အရှင်မင်းကြီး စံမြန်းရာ ဖြစ်၍ အရန်ဆောင်တစ်ခုတည်းကပင် လင်ဝမ်ယိ၏ နန်းဆောင်တစ်ခုလုံးထက် ထက်ဝက်ခန့် ပိုကြီးနေသည်။
လင်ဝမ်ယိ ဝင်လိုက်သည်နှင့် သူမကိုရပ်စောင့်နေကြသည့် အစေခံ ၇၊ ၈ ယောက်ခန့်က လင်ဝမ်ယိကို ဒူးညွှတ်ကာ ဂါရဝပြုကြသည်။
"လင်တာရင်ကို ဂါရဝပြုပါတယ်"
ခေါင်းဆောင်ဖြစ်သူမှာ စောစောက စည်းကမ်းရှင်းပြသော မားမားပင် ဖြစ်သည်။ လင်ဝမ်ယိက ခေါင်းညိတ်ပြလိုက်ပြီးနောက် သက်ပြင်းချလိုက်ရင်း သူမ ဝတ်ရုံများကို ချွတ်ဖို့ အသင့်ဖြစ်ဟန်ဖြင့် လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်သည်။
သူတို့က သူမအားရေနွေးနွေးဖြင့် စိမ်စေပြီး ဆံပင်ကို ခပ်မြင့်မြင့်ထုံးပေးကြ၏။ သစ်သားရေပုံးထဲတွင် တော်ဝင်သမားတော်များ ဖော်စပ်ထားသော အမွှေးဆီများ ထည့်ထားသဖြင့် ဝင်စိမ်လိုက်သူ၏ ခန္ဓာကိုယ်မှ ပန်းရနံ့သင်းသင်းလေး ထွက်ပေါ်လာစေသည်။
ပြောစရာပင် မလို…ဤရနံ့မှာ အရှင်မင်းကြီး နှစ်သက်သော ရနံ့ပင် ဖြစ်ရမည်။ သို့မဟုတ်ပါက အသစ်စက်စက် ကိုယ်လုပ်တော်များကို သုံးခိုင်းမည် မဟုတ်ပေ။ လင်ဝမ်ယိသည် အနံ့ကို ရှူကြည့်လိုက်သည်နှင့် မည်သို့ ဖော်စပ်ထားသည်ကို သိလိုက်သည်။
ပန်းထိုးခြင်း၊ လက်ဖက်ရည်ဖျော်ခြင်း၊ ပန်းအလှဆင်ခြင်းနှင့် ရနံ့ဖော်စပ်ခြင်း ပညာရပ်များကား အထက်တန်းလွှာ အမျိုးသမီးတိုင်း တတ်ကျွမ်းထားသင့်သည့်အရာများဖြစ်၍ လင်ဝမ်ယိသည်လည်း ငယ်စဉ်ကတည်းက သင်ယူခဲ့ရသည်။
သူမက လူရှေ့တွင် ဂုဏ်တဝင့်ဝင့်ဖြင့် မကြွားတတ်သော်လည်ူ သူမ၏ ပါရမီမှာ ထူးချွန်လှသဖြင့် သခင်မသုန်က သူမ သမီးလေးအား အခြားသူများထက် ဉာဏ်ကောင်းသည်ဟု တိတ်တဆိတ် ဂုဏ်ယူလေ့ရှိသည်။
လူအများကြီး ဝိုင်းကြည့်နေသည့်ကြားမှ ရေချိုးရသည်မှာ လင်ဝမ်ယိအတွက် ရှက်စရာကောင်းလှသည်။ သို့သော် ရှောင်လွှဲ၍ မရသော လုပ်ငန်းစဉ်ဖြစ်သဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ပြီးသာ သူတို့ပြုသမျှ နုလိုက်ရတော့သည်။
ထိုအစေခံများသည် ချန်အန်းနန်းဆောင်တွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြပြီး ကိုယ်လုပ်တော်တစ်ယောက် အချစ်တော် ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့် ခန့်မှန်းနိုင်ကြသည်။
သူတို့သည် အလှပဂေးများကို မြင်ဖူးနေကျ ဖြစ်သော်လည်း လင်ဝမ်ယိကို မြင်လိုက်ရသည့်အခါတွင် အကြည့်မခွာနိုင်အောင်ပင် ဖြစ်သွားကြသည်။
နန်းတွင်းရှိ အခြားသော အစေခံများနှင့် ယှဉ်လျှင် လင်ဝမ်ယိ၏ အားသာချက်မှာ ငယ်ရွယ်နုပျိုပြီး လှပခြင်းသာမက၊ အရွယ်နှင့် မလိုက်အောင် တည်ငြိမ်အေးဆေးသည့် ဓာတ်ခံရှိခြင်းတို့ပင် ဖြစ်သည်။ လတ်တလော အိပ်ဆောင်ဝင်သည့် ကိုယ်လုပ်တော်အသစ်များထဲတွင် လင်ဝမ်ယိက အလားအလာ အကောင်းဆုံးဟု အားလုံးက သတ်မှတ်လိုက်ကြသည်။
အချိန်မည်မျှ ကြာသွားသည်မသိ၊ လင်ဝမ်ယိ၏ မျက်နှာများ ပူနွေးလာသောအခါမှ အစေခံများက သူမကို ရေထဲမှ ဆယ်ယူလိုက်ကြသည်။