← Chapters

အရှင်မင်းကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း

Vol. 1 Ch. 7

အရှင်မင်းကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း

Vol. 1 Ch. 7

အစေခံများက ပိတ်ပါးစဖြင့် လင်ဝမ်ယိကို ပတ်ပေးလိုက်သည်။ စောစောက မားမားပြောသော စည်းကမ်းများကို တွေးမိပြီး လင်ဝမ်ယိ စိတ်ထဲ သိပ်မကျေနပ်သော်လည်း နှုတ်မှတော့ ထုတ်မပြောလိုက်ပေ။

ကိုယ်လုံးတီးနှင့် စောင်ပတ်ပြီး အတွင်းဆောင်ထဲ အပို့ခံရခြင်းသည် တခြားသူများအမြင်တွင် ဂုဏ်ယူစရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လင်ဝမ်ယိအတွက်မူ သိက္ခာကျစရာဟု ခံစားရသည်။

သို့သော် မားမားက ပိုးသားဝတ်ရုံတစ်လွှာ ယူလာပြီး လင်ဝမ်ယိကို သေသေချာချာ ဝတ်ဆင်ပေးလာသည်။

"မားမား... စောစောက ပြောတော့..."

လင်ဝမ်ယိ စကားမဆုံးခင်မှာပင် မားမားက သူမကို ခွင့်ပြုချက်ရပြီးဟန်ဖြင့် ကြည့်ကာ ပြောလာသည်။

"အရှင်မင်းကြီးက သခင်မလေးကို ဝတ်ရုံ ဝတ်ဆင်ပြီး ဝင်ခွင့်ပြုလိုက်ပါတယ်... ဒါက ရှားပါးတဲ့ အခွင့်အရေးပါ... သခင်မလေးက တကယ်ကို ကံကောင်းတာပဲ"

လင်ဝမ်ယိက ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောပေ။

တခြားလူတွေက ဒါကို ကံကောင်းခြင်းဟု ထင်ကြသော်လည်း လင်ဝမ်ယိကမူ သစ်ပင်တစ်ပင်က တောအုပ်ထဲမှာ ထင်းနေရင် လေတိုက်တာ အရင်ခံရမှာပဲဟု တွေးမိသည်။

အရှင်မင်းကြီး သူမအပေါ် မျက်နှာသာပေးခြင်းမှာ အမတ်ချုပ်ကြီးကြောင့် သော်လည်းကောင်း၊ လင်ကွေ့ဖေးကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ သူမအတွက်မူ တာရင်အဆင့်လေးနှင့် ဤမျှ မျက်နှာသာပေးခံရခြင်းမှာ နောက်ပိုင်းတွင် အခြားသူများ၏ နှောက်ယှက်မှုများကို ခံရနိုင်ခြေရှိသည်။

သို့သော် ၎င်းမှာ လင်ဝမ်ယိ ဝင်ရောက်စွက်ဖက်နိုင်သော ကိစ္စမဟုတ်သဖြင့် အစေခံများ ဝတ်ပေးသမျှကိုသာ ငြိမ်ခံနေလိုက်သည်။

မားမားသည် မူလက လင်ဝမ်ယိအား နံ့သာခြယ်ပေးချင်သော်လည်း သူမမှာ သဘာဝအလှဖြင့်ပင် ပြည့်စုံနေပြီးဖြစ်ရာ မလိမ်းဘဲထားခြင်းက သူမ၏ ကြည်လင်သန့်ရှင်းသော အလှကို ပို၍ ပေါ်လွင်စေ၏။

ကန်ထဲက ကြာပန်းလို အလှမျိုးမို့ ပြင်စရာမလို ဆိုသကဲ့သို့ပင်။

ထို့ကြောင့် အစိုဓာတ်ထိန်းပေးမည့် အမွှေးဆီ အနည်းငယ်သာ လိမ်းပေးလိုက်ပြီး လင်ဝမ်ယိကို ချန်အန်းနန်းဆောင် အတွင်းဆောင်သို့ ပို့ဆောင်ပေးလိုက်သည်။

အတွင်းဆောင်သည် စောစောက အရန်ဆောင်ထက် ပိုကျယ်ဝန်း‌၏။ မျက်စိတစ်ဆုံးတွင် တန်ဖိုးကြီးပစ္စည်းများကို တွေ့ရသည်။ ကျွန်းသစ်ပရိဘောဂများကို စနစ်တကျ ခင်းကျင်းထားပြီး အလယ်တည့်တည့်ရှိ ရွှေချထားသော မီးဖိုထဲတွင် အမွှေးတိုင်များ ထွန်းညှိထားသည်။

မားမားက လင်ဝမ်ယိကို စားပွဲဝိုင်းတစ်ခုဘေးတွင် ထိုင်စေပြီးနောက် တိတ်ဆိတ်စွာ ပြန်ထွက်ခွာသွားသည်။

လင်ဝမ်ယိ စိတ်မလှုပ်ရှားနေဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ ဤနေရာမှာ တာ့ဝေပြည်တစ်ခုလုံး၏ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ် စံစားရာ‌ အဆောင် ဖြစ်သည်။ လင်ဝမ်ယိ ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ အရှင်မင်းကြီး၏ ခမ်းနားထည်ဝါမှုများကို တွေ့ရလေသည်။

တာ့ဝေပြည်တွင် အဝါရောင်နှင့် အနက်ရောင်တို့သည် ဧကရာဇ်မင်း၏ သင်္ကေတများဖြစ်ပြီး သာမန်လူများ သုံးစွဲခွင့် မရှိပေ။ လင်ကွေ့ဖေးကဲ့သို့ ရာထူးကြီးသူပင်လျှင် အဝါရောင်ကို သုံးချင်လျှင် အဝါနုရောင်လောက်သာ သုံးခွင့်ရှိသည်။

သို့သော် ဤ ချန်အန်းနန်းဆောင်တွင်မူ တောက်ပသော အဝါရောင်များကို နေရာအနှံ့ သုံးစွဲထားသည်။ အထင်ရှားဆုံးမှာ နဂါးပုံထွင်းထားသော သလွန်ပေါ်ရှိ အဝါရောင် ပိုးသားခြင်ထောင်ကြီးပင် ဖြစ်သည်။

လင်ဝမ်ယိ တွေးနေစဉ်မှာပင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။ ခြေသံတစ်ချက်ချင်းစီက လင်ဝမ်ယိ၏ ရင်အား တဖြည်းဖြည်းချင်းလျှောက်နင်းလာသလို ခံစားရလေသည်။

မူလက မကြောက်ပါဘူးဟု တွေးထားသော်လည်း ယခုအခါ လင်ဝမ်ယိ၏ ရင်တွေ တဒိန်းဒိန်း ခုန်လာသည်။ သူမက တံတွေးကို အသာအယာ မျိုချလိုက်ပြီး စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။

"တာရင် လင်မျိုးနွယ်က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး ကျန်းမာပါစေ"

လင်ဝမ်ယိသည် မတ်တတ်ထရပ်လိုက်ပြီး ရှေ့သို့ နှစ်လှမ်းခန့် တိုးကာ ပန်းပွင့်ပုံ ကော်ဇောပေါ်တွင် ဒူးထောက်၍ အရှင်မင်းကြီးကို ဂါရဝပြုလိုက်သည်။

ဤသည်မှာ တော်ဝင်စည်းမျဉ်းပင်။

မကြာမီမှာပင် ရွှေချည်ထိုး နဂါးပုံပါသော အနက်ရောင် ခံုဖိနပ်တစ်စုံက လင်ဝမ်ယိရှေ့တွင် ရပ်တန့်သွားသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကိုငဲ့ကြည့်လိုက်မိသည်။

အိမ်တော်တွင် နေစဉ်တုန်းက သူမ မြင်ဖူးသမျှထဲ အကြီးဆုံးအရာရှိမှာ သူမ၏ အဘိုးပင် ဖြစ်သည်။

သူမ၏ အဘိုးက စကားနည်းပြီး တည်တင်းသည်။ ယခု သူ့ ရှေ့မှ အရှင်မင်းကြီးကရော ဘယ်လိုပုံစံ ဖြစ်မလဲ။

လင်ဝမ်ယိသည် အမြန်ဒူးညွတ်လိုက်သဖြင့် သူမ အရှင်မင်းကြီး၏ မျက်နှာကို သေချာ မမြင်လိုက်ရပေ။ အရှင်မင်းကြီး သူမကို ခေတ္တခဏ စိုက်ကြည့်နေပြီးနောက် အသံငြိမ်ငြိမ်ဖြင့် ပြောလေသည်။

"ထတော့…"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

လင်ဝမ်ယိက စည်းမျဉ်းအတိုင်း ကျိုးနွံစွာဖြင့် ခေါင်းကိုငုံ့ထားပြီး သူမ၏အကြည့်များကို ကြမ်းပြင်ပေါ်ရှိ ကော်ဇောဆီသို့သာ ပို့ထားလိုက်သည်။

"မကြောက်နဲ့... ခေါင်းမော့ပြီး ကိုယ်တော့်ကို ကြည့်ပါဦး"

ထိုစကား ကြားသည်နှင့် လင်ဝမ်ယိက နှုတ်ခမ်းကို တင်းတင်း‌ေစ့လိုက်ရင်း ခေါင်းကို မော့လိုက်လေသည်။ သို့သော် မျက်လွှာကမူ အောက်သို့ ချထားဆဲဖြစ်ပြီး ကိုယ်လုပ်တော်တစ်ယောက်၏ နူးညံ့သိမ်မွေ့မှုကို ပြသနေသည်။

ပြောရမည်ဆိုလျှင် လင်ဝမ်ယိ၏ ရုပ်ရည်မှာ မည်သူမြင်မြင် အံ့ဩသွားစေနိုင်လောက်အောင် လှပသည်။ မိန်းမလှပေါင်းများစွာ မြင်ဖူးသည့် အရှင်မင်းကြီးပင်လျှင် အံ့ဩသွားရ၏။

အရှင်မင်းကြီးက ပြောသည်။ "အမတ်ချုပ်အိမ်တော်ရဲ့ ဖုန်းရွှေက တော်တော် ကောင်းတာပဲ"

လင်ဝမ်ယိမှာ ထိုစကားကို ကြားသောအခါ ဘာပြန်ပြောရမလဲမသိ ဖြစ်သွားရသည်။

နှစ်ယောက်သားမှာ တစ်ယောက်က ထိုင်ပြီး တစ်ယောက်က ရပ်နေကြသည်။ သူတို့နှစ်ယောက်မှာ အကွာအဝေးအားဖြင့် သုံးလှမ်းခန့်သာ ကွာဝေးသော်လည်း ကြားထဲတွင် ပိတ်ကားတစ်ချပ် ခြားထားသလိုမျိုး စိမ်းသက်နေကြသည်။

မားမား သင်ပေးသည့်အတိုင်းဆိုလျှင် ယခုအချိန်မှာ လင်ဝမ်ယိက အရှင်မင်းကြီး သတိထားမိစေဖို့ တစ်ခုခု လုပ်ပြရမည်ပင်။

သို့သော် လင်ဝမ်ယိ၏ ခြေထောက်များက ခဲဆွဲထားသလို လေးလံနေပြီး ပါးစပ်ကလည်း သစ်စေးဖြင့်ကပ်ထားသလို ဖြစ်နေသည်။ သူမက ငြိမ်သက်စွာ ရပ်နေပြီး အရှင်မင်းကြီး၏ အကဲခတ်မှုကိုသာ ခံယူနေလိုက်သည်။

"ဒီနှစ် အသက်ဘယ်လောက်လဲ"

"ဇွန်လရောက်ရင် ၁၇ နှစ် ပြည့်ပါပြီ…"

"ပုံမှန်ဆို ဘာလုပ်ရတာ ဝါသနာပါလဲ"

"ကျွန်တော်မျိုးမရဲ့ အမေက ပန်းထိုးတာ တော်ပါတယ်... ဒါကြောင့် မေမေ့ဆီကနေ နည်းနည်းပါးပါး သင်ထားပါတယ်"

"စာဖတ်တတ်လား"

"နည်းနည်းပါးပါး ဖတ်တတ်ပါတယ်"

အရှင်မင်းကြီးက တစ်ခွန်းမေးလျှင် လင်ဝမ်ယိက တစ်ခွန်းဖြေသည်။ မသိလျှင် အိပ်ဆောင်ဝင်ရမည့် ကိုယ်လုပ်တော်နှင့် မတူဘဲ ဆရာက တပည့်ကို စာမေးနေသလို ဖြစ်နေ၏။

"ကိုယ်တော် မှတ်မိသလောက် လင်ကွေ့ဖေး နန်းတွင်းစရောက်တုန်းက စကားပြော အရမ်းကောင်းတယ်... ညီအစ်မတွေဆိုပေမဲ့ မင်းကတော့ စကားနည်းတာပဲ"

ပြောပြီးသည်နှင့် အရှင်မင်းကြီးက တိုးတိုးလေး ရယ်လိုက်သည်။ ခပ်ဖွဖွမျှသာဆိုသော်လည်း လင်ဝမ်ယိ ရင်ထဲတွင်မူ အရှင်မင်းကြီးက ပြုစုရ ခက်ခဲမည့်သူဟု ခံစားလိုက်ရသည်။

ကွေ့ဖေးနှင့် တာရင် ဆိုသည်မှာ မိုးနှင့်မြေလို ကွာခြားသည်။ စကားနည်းသည်ကို ထားဦး… အရာရာနောက်ခံရှိနေမှသာ အသက်ရှူချောင်မည်မဟုတ်လား။

သို့သော် ထိုစကားများကို လင်ဝမ်ယိ ထုတ်မပြောရဲပေ။ သူမက ခေတ္တစဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

"အရှင်မင်းကြီး ပြောတာ မှန်ပါတယ်... ကွေ့ဖေးမယ်မယ်က နတ်သမီးလို လှပပြီး အရည်အချင်းရှိသူပါ... ကျွန်တော်မျိုးမက မယှဉ်နိုင်ပါဘူး"

လင်ဝမ်ယိ၏ ရိုးသားသော အဖြေကို ကြားရသောအခါ အရှင်မင်းကြီး ဘာပြန်ပြောရမလဲမသိ ဖြစ်သွားသည်။

အရှင်မင်းကြီး၏ ကိုယ်ရံတော်မိန်းမစိုးချုပ် သုန်ယွီကျုံးက ထိုစကားကို ကြားသည်နှင့် ချက်ချင်း ရှေ့တိုးလာပြီး ညင်သာစွာ မေးလေသည်။

"အရှင်မင်းကြီး ညစာ သိပ်မသုံးဆောင်ရသေးပါဘူး... ကျွန်‌ေတာ်မျိုး စားဖိုဆောင်ကို ထပ်ပို့ခိုင်းလိုက်ရမလား"

"မလိုဘူး... ကိုယ်တော် မဆာဘူး"

ယင်းကိုကြားသည်နှင့် လင်ဝမ်ယိကတော့ လက်ဖြင့် ဗိုက်ကို အသာအယာ ဖိလိုက်မိသည်။

ဧကရာဇ်မင်းကတော့ မဆာပေ။ သို့သော် လင်ဝမ်ယိမှာမူ နန်းဆောင်မှ ထွက်လာကတည်းက မုန့်နှစ်တုံးသာ စားခဲ့ရ၍ ယခုအခါ ဗိုက်မှာ ကျောပင်သွားကပ်နေလေပြီ။

သို့သော် အရှင်မင်းကြီးရှေ့၊ အထူးသဖြင့် အိပ်ဆောင်ဝင်ခါနီးအချိန်တွင်မှ ကိုယ်လုပ်တော်တစ်ယောက်က ဗိုက်ဆာပါတယ်ဟု ပြောရန်မှာ မသင့်တော်လှသကဲ့သို့၊ သူမတွင်လည်း ထိုမျှသတ္တိမရှိပေ။ ထို့ကြောင့် လင်ဝမ်ယိမှာ သည်းခံနေရသည်။ တော်သေးသည်က သူမက အစားမက်သူမဟုတ်၍ ခဏနေမှ ရေသောက်ပြီး ဗိုက်မှောက်ပစ်လိုက်မည်ဟု ‌တွေးလိုက်သည်။ သူမက စိတ်ထဲတွင် အတွေးယာဉ်ကြောရှည်ကြီးပေါ်ရောက်နေသော်လည်း အပြင်ပန်းတွင်မူ ခေါင်းငုံ့ကာ ငြိမ်သက်နေဆဲ ဖြစ်သည်။

"ထားလိုက်ပါတော့... စားဖိုဆောင်ကို ဆန်ပြုတ်ပျော့ပျော့လေး တစ်ပွဲ ယူလာခိုင်းလိုက်"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

မကြာမီမှာပင် စားဖိုဆောင်မှ ကြွေပန်းကန်လုံးဖြူလေး တစ်လုံး လာပို့၏။ ပန်းကန်လုံးလေးမှာ အဖုံးမဖွင့်ရသေးသော်လည်း မွှေးပျံ့သော အနံ့က လင်ဝမ်ယိ၏ နှာခေါင်းထဲ တိုးဝင်လာသည်။

လာပို့သော အစေခံများကား စည်းကမ်းရှိကြသည်။ သူတို့က ပစ္စည်းပို့ပြီးသည်နှင့် ချက်ချင်း ပြန်ထွက်သွားကြရာ အတွင်းဆောင်ထဲတွင် လင်ဝမ်ယိနှင့် အရှင်မင်းကြီး နှစ်ယောက်တည်း ကျန်ရစ်ခဲ့၏။

ကြွေပန်းကန်လုံးလေးကို စားပွဲဝိုင်းပေါ် တင်ထားသည်။ အစေခံများ မရှိတော့သဖြင့် အရှင်မင်းကြီးကို ဆက်သရန် တာဝန်မှာ လင်ဝမ်ယိအပေါ် ကျရောက်လာသည်။

"မင်းရောဗိုက်ဆာနေလား... ကိုယ်တော်နဲ့အတူစားမလား"

ဆန်ပြုတ်ခပ်မည့်ဟန်ပြင်နေသည့် လင်ဝမ်ယိခေတ္တတုံ့သွားရလေသည်။ ငါးအသားလွှာ ဆန်ပြုတ်က အနေတော် ကျိုထားသဖြင့် စားချင်စဖွယ် ဖြစ်နေသည်။ သို့သော် မားမားက အရှင်မင်းကြီးနှင့် အတူစားခွင့်ရှိသည်ဟု မပြောခဲ့ပေ။ တကယ်လို့များ စားလိုက်မိလျှင် စည်းကမ်းမရှိရာများ ရောက်မလား။

ထို့ကြောင့် လင်ဝမ်ယိက အမှန်အတိုင်း ဖြေလိုက်သည်။

"ကျွန်တော်မျိုးမ ညစာ မစားရသေးလို့ နည်းနည်းတော့ ဆာပါတယ်... ဒါပေမယ့် ကျွန်တော်မျိုးမက ရာထူးနိမ့်ပါးသူမို့ အရှင်မင်းကြီးနဲ့ အတူသုံးဆောင်ဖို့ မဝံ့ပါဘူး"

"မင်းက တော်တော် ရိုးသားတာပဲ"

ထိုင်နေသော အရှင်မင်းကြီး၏ လေသံမှာ အနည်းငယ် ပျော့ပျောင်းသွားသည်။ လင်ဝမ်ယိ အထင်မှားခြင်း မဟုတ်လျှင် ရယ်သံသဲ့သဲ့လေးပင် ကြားလိုက်ရသလို။

All Chapters