← Chapters

ကြယ်ရောင်နှင့် ဆန်းကြယ်သော စွမ်းအား (၁)

Vol. 4 Ch. 31

ကြယ်ရောင်နှင့် ဆန်းကြယ်သော စွမ်းအား (၁)

Vol. 4 Ch. 31

လီဟောင် ခေတ္တမျှ စဉ်းစားခန်း ဝင်နေမိသည်၊၊ အဖွဲ့မှူးက သူ့ကို မိစ္ဆာအမဲလိုက်အဖွဲ့က နောက်ယောင်ခံလိုက်နေတာကို ရိပ်မိသွားပြီလို့ ထင်နေတာများလား၊၊

အမှန်တော့ ထိုအနီရောင်အရိပ်မှာ အဖွဲ့သားတစ်ယောက် မဟုတ်သည်မှာ သေချာလှသည်၊၊

လျူလုံက တစ်စုံတစ်ခုကို အထင်လွဲနေသည်ဟု ယူဆလိုက်မိသဖြင့် လီဟောင်က ဇာတ်လမ်းကို မည်သို့ဆက်ရမည်ကို အလျင်အမြန်ပင် အကြံထုတ်လိုက်၏၊၊

“ဘယ်လို ပြောပြရမှန်းတောင် မသိဘူး အဖွဲ့မှူး... ကျွန်တော့်အိမ်ထဲမှာ အရမ်းအေးစက်တဲ့ လေညင်းတစ်ချက် ဖြတ်တိုက်သွားသလိုမျိုး ခံစားလိုက်ရတယ်... ကျွန်တော် မွေးထားတဲ့ ခွေးလေလွင့်လေးကလည်း ရုတ်တရက် ထဟောင်ပြီးတော့ ငြိမ်ကျသွားတယ်... ကျွန်တော် သွားကြည့်တော့ အဲဒီကောင်က ကြမ်းပြင်ပေါ်မှာ ဆီးသွားထားတယ်ဗျ”

“ဟမ်”

လျူလုံက မျက်တောင်ခတ်လိုက်မိ၏၊၊ အေးစက်သော လေညင်း၊ ခွေးဟောင်သံနှင့် ဆီးသွားခြင်း ဟူသည့် အချက်များကြောင့် သူ၏ တည်ငြိမ်မှုများ လွင့်စင်သွားပြီး တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်၊၊

“မင်း သေချာလား”

လီဟောင်က ပန်သာကို တစ်ချက် ကန်လိုက်ရာ ခွေးနက်လေးမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရလေသည်၊၊ ငါက ဆီးသွားတယ် ဟုတ်လား၊၊ မင်းပဲ သွားတာ… မင်းတို့ မိသားစုတစ်ခုလုံး သွားတာ၊၊

ဝမ်းနည်းစရာကောင်းသည်မှာ ၎င်းက စကားမပြောနိုင်သဖြင့် ထိုမတရားမှုကို ငြိမ်ခံနေရခြင်းပင် ဖြစ်သည်၊၊

“သေချာတာပေါ့”

လီဟောင်က မျက်နှာမပျက်ဘဲ လိမ်ညာလိုက်၏၊၊

“ငါ သိပြီ”

လျူလုံ၏ လေသံက အနည်းငယ် လေးနက်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်၊၊

“ဘာမှမလုပ်နဲ့၊ ဘာမှလည်း ထပ်မပြောနဲ့တော့... ငါ အခုပဲ လာခဲ့မယ်၊ ဒါပေမဲ့ မင်း ငါ့ကို မြင်ရမှာ မဟုတ်ဘူး... မနက်ဖြန်ကစပြီး မင်းကို ငါ တိတ်တဆိတ် စောင့်ကြည့်ပေးမယ်၊ အမှားအယွင်း မရှိစေနဲ့၊ ဘာကိုမှလည်း ထုတ်မပြမိစေနဲ့ဦး”

သူက လီဟောင်ကို စုံစမ်းစစ်ဆေးရေးဌာနမှာပဲ နေခိုင်းပြီး အိမ်မပြန်ခိုင်းခြင်း မပြုခဲ့ပေ၊၊ အဘယ်ကြောင့်ဆိုသော် လီဟောင်က ငါးစာအဖြစ် ဆက်လက်ရှိနေရန် လိုအပ်သောကြောင့် ဖြစ်ပေသည်၊၊

လီဟောင်က ခေါင်းညိတ်လက်ခံလိုက်ပြီး မေးလိုက်၏၊၊

“ဒါဆိုရင် ကျွန်တော် အားလုံးကို လျစ်လျူရှုထားလိုက်ရုံပဲလား အဖွဲ့မှူး”

“လျစ်လျူရှုထားလိုက်”

အဖွဲ့မှူး၏ လေသံက ပြတ်သားသွားသည်၊၊

“မင်းမှာ တာဝန်တစ်ခုပဲ ရှိတယ်... အဲဒီလို ခံစားချက်မျိုး နောက်တစ်ခါ ရလာရင် ပြတင်းပေါက် လိုက်ကာတွေကို ဆွဲဖွင့်လိုက်”

“ကျွန်တော်... ဖွင့်ဖို့ အခွင့်အရေးတောင် ရပါ့မလား မသိဘူး”

လီဟောင်က တိုးတိုးလေး ရေရွတ်လိုက်၏၊၊

လျူလုံကလည်း ထိုအချက်ကို သတိပြုမိသွားပုံရပြီး သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်လေသည်၊၊

“မနက်ဖြန် အလုပ်တက်တက်ချင်း ငါ့ဆီကို အရင်ဆုံး လာခဲ့”

“နားလည်ပါပြီ”

လီဟောင်က ချက်ချင်းပင် သဘောတူလိုက်၏၊၊ သူ၏ ဉာဏ်ထက်မြက်မှုအရ လျူလုံသည် အဖိုးတန် ရတနာအချို့ကို ထုတ်ပေးတော့မည် ဖြစ်ကြောင်း ခန့်မှန်းမိသည်၊၊ ဒါကတော့ အကောင်းဆုံးပင်၊၊ ပေးသမျှကို သူက ယူရုံသာ ရှိတော့သည်၊၊

ဂျီကျတတ်သော ကလေးကမှ အစာရတတ်သည် မဟုတ်ပါလား၊၊ မိစ္ဆာအမဲလိုက်အဖွဲ့ထဲတွင် ငြိမ်နေလျှင် ဘာမှ ရလာလိမ့်မည် မဟုတ်ပေ၊၊ လျူလုံကမူ အတော်လေး စေးနှဲသူတစ်ဦး ဖြစ်ပုံရပြီး ပထမနေ့က လီဟောင်ကို ဘာမှ မပေးခဲ့ပေ၊၊ လျူယန်ပင်လျှင် သူ့ကို ကြိုက်သည့် လက်နက် ယူနိုင်ကြောင်း ပြောခဲ့သေးသည်၊၊

“ဟူး”

ဖုန်းချပြီးနောက် လီဟောင်သည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိ၏၊၊ နံရံပေါ်ရှိ လက်ဝါးရာကို မြင်သောအခါ သူက မျက်မှောင်ကြုတ်လိုက်မိသည်၊၊ ထိုအနီရောင်အရိပ်က ဒါကို မြင်သွားသလား၊၊

မြင်သွားလည်း ကိစ္စမရှိပါ၊၊ တစ်ကျိပ်သတ် အဆင့်ကိုတောင် မရောက်သေးတဲ့ သိုင်းပညာရှင်လေး တစ်ယောက်ကို စွမ်းအားရှင်တွေက အထင်ကြီးလိမ့်မည် မဟုတ်ပေ၊၊ ဒါက သူ ဝှက်ထားတဲ့ အစစ်အမှန် ခွန်အားလို့ သူတို့ ထင်သွားရင်တောင် ပိုကောင်းသေးသည်၊၊

ကျောက်ဓားလေးထဲတွင် စွမ်းအားအချို့ ကျန်ရှိနေသေးသလို သူကလည်း အသက်ရှူနည်းကို သိထားသည်၊၊ လာမည့် ရက်အနည်းငယ်အတွင်း သူ၏ ခွန်အားက တိုးတက်လာဦးမည် ဖြစ်သည်၊၊ ယနေ့ သူ ပြသခဲ့သည့်အပေါ် မူတည်ပြီး ရန်သူက ဆုံးဖြတ်မည်ဆိုလျှင် သူတို့ မှားသွားပေလိမ့်မည်၊၊

တိုးတက်လာသော ခွန်အားများက စွမ်းအားရှင်များကို ခြိမ်းခြောက်နိုင်ရန် မလုံလောက်သေးသော်လည်း လီဟောင်ကမူ ဇွဲမလျှော့ဘဲ ဆက်လက် လေ့ကျင့်နေခဲ့လေသည်၊၊

……

ညတာက အေးအေးချမ်းချမ်းပင် ကုန်ဆုံးသွားခဲ့သည်၊၊

ဇူလိုင်လ ၁၄ ရက်၊ သာယာသော နေ့တစ်နေ့၊၊

နောက်ထပ် ညတစ်ည ကုန်ဆုံးသွားသော်လည်း အနီရောင်အရိပ်က ပေါ်မလာခဲ့ပေ၊၊ လီဟောင်သည် ကောင်းကောင်း အိပ်စက်ခဲ့ရပြီး အလုပ်မသွားမီ ပန်သာကို သတိပေးချက်အချို့ ပြောကြားခဲ့၏၊၊ သူက ခွေးစာအချို့ ချကျွေးပြီးနောက် စက်ဘီးစီးကာ ထွက်လာခဲ့လေသည်၊၊

လျူလုံသည် ယမန်ညက ရောက်လာသလား၊ မရောက်ဘူးလား ဆိုသည်ကို လီဟောင် မသိသလို ထုတ်လည်း မမေးပေ၊၊ သူ သိသည်မှာ ယနေ့ ထိုလူနှင့် တွေ့ရမည် ဖြစ်ကြောင်းပင်၊၊ အဖွဲ့မှူးဆီကနေ စွမ်းအားကြီးတဲ့ ဆန်းကြယ်တဲ့ ပစ္စည်းတစ်ခုခုလောက် ရနိုင်မလားဟု သူက မျှော်လင့်နေမိသည်၊၊

ဒါကတော့ သူ၏ စိတ်ကူးယဉ်မှုသာ ဖြစ်ဖို့ များပေသည်၊၊

……

လျှို့ဝှက်ကိစ္စရပ်များ ဌာန၊၊

ဤနေရာမှာ လီဟောင်၏ မူလတာဝန်ထမ်းဆောင်ရာ နေရာ ဖြစ်နေဆဲပင်၊၊ ထူးဆန်းသည်မှာ ချန်နာသည် ယနေ့ နံနက်တွင် အစောဆုံး ရောက်ရှိနေပြီး လီဟောင်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် လက်လှမ်းခေါ်လိုက်လေသည်၊၊

ဒီကောင်မလေးက ဘာလို့ ဒီလောက် စောစော ရောက်နေတာလဲ၊၊

လီဟောင်သည် စုံစမ်းစစ်ဆေးရေးဌာနတွင် ချန်နာနှင့် အရင်းနှီးဆုံး ဖြစ်သည်၊၊ သူတို့ နှစ်ယောက်လုံးက ဌာနတွင် အငယ်ဆုံးတွေ ဖြစ်ကြသဖြင့် အတော်လေး ရင်းနှီးကြခြင်း ဖြစ်ပေသည်၊၊

“လီဟောင်”

ချန်နာက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်၏၊၊

“သတင်းကောင်းဟေ့”

“ဘာသတင်းလဲ”

“လူသစ်တွေ လာတော့မယ်လေ၊ မင်း မေ့နေတာလား... နှစ်စဉ် လူသစ်ခေါ်တဲ့ အချိန် ရောက်ပြီ၊ ငါတို့ လွတ်လပ်ပြီဟေ့... ငါတို့ ဒီနေ့ကစပြီး သန့်ရှင်းရေးလုပ်တာတို့၊ ရေခပ်တာတို့ စောစောလာလုပ်စရာ မလိုတော့ဘူး”

ချန်နာက ဝမ်းသာအားရဖြင့် လက်ဟန်ခြေဟန်များ လုပ်ပြနေလေသည်၊၊

သူမကလည်း လီဟောင်နှင့်အတူ လူသစ်အဖြစ် ဝင်လာခဲ့ခြင်း ဖြစ်သော်လည်း လီဟောင်က သူမထက် အနည်းငယ် နောက်ကျသဖြင့် အလုပ်ပိုလုပ်ရခြင်း ဖြစ်သည်၊၊ လီဟောင် တစ်ယောက်တည်း အကုန်မလုပ်နိုင်သော အခါမျိုးတွင် သူမကလည်း ကူညီပေးရလေ့ ရှိပေသည်၊၊

“လူသစ်တွေလား”

လီဟောင်က အံ့အားသင့်သွားရ၏၊၊ သူ ဒါကို လုံးဝ မေ့နေခဲ့ခြင်း ဖြစ်သည်၊၊ သူက လျှို့ဝှက်ကိစ္စရပ်များ ဌာနကနေ ထွက်ခွာတော့မည် ဖြစ်သဖြင့် ဒါက သူ့အတွက် သိပ်ပြီး အရေးမကြီးတော့ပေ၊၊ အတိအကျ ပြောရလျှင် သူက ဒီဌာနက လူ မဟုတ်တော့ပေ၊၊ အမိန့်စာ ထွက်လာလျှင် တရားဝင် ဖြစ်သွားပေလိမ့်မည်၊၊

ဒါကြောင့် သူလည်း လိုက်လျောညီထွေ ဖြစ်အောင် ပြုံးလိုက်ပြီး -

“သတင်းကောင်းပဲ၊ နောက်ဆုံးတော့ လွတ်လပ်ပြီပေါ့... မင်း ဘာလို့ စောစော ရောက်နေတာလဲလို့ ငါ တွေးနေတာ... ဒီနေ့ သူတို့ သတင်းပို့ရမယ့် နေ့လား”

ချန်နာက တက်ကြွစွာ ခေါင်းညိတ်ပြ၏၊၊

“ဟုတ်တယ်... အထက်လူကြီးတွေက ရွေးချယ်မှုတွေ လုပ်ထားတာ ကြာပြီ... သူတို့ လေ့ကျင့်ရေးတွေလည်း ဆင်းပြီးပြီလေ... ဒီနေ့က သူတို့ရဲ့ ပထမဆုံး အလုပ်တက်ရမယ့် နေ့ပဲ”

“သိပြီ၊ အဲဒါ ကောင်းတာပေါ့”

လီဟောင်က ချန်နာ၏ ပျော်ရွှင်မှုကို မျှဝေခံစားပေးလိုက်၏၊၊ အကယ်၍ သူသာ ထွက်သွားပြီး ချန်နာ တစ်ယောက်တည်း အလုပ်တွေ အကုန်လုပ်ရမည်ဆိုလျှင် သူမ သေချာပေါက် ပေါက်ကွဲပေလိမ့်မည်၊၊

“ဘယ်နှစ်ယောက်လဲ”

“နှစ်ယောက်... မဟုတ်ဘူး၊ သုံးယောက်”

ချန်နာက ဝမ်းသာအားရ ဖြေကြားလိုက်သည်၊၊ သူမ၏ သတင်းရင်းမြစ်များက အတော်လေး စုံလင်လှပေသည်၊၊

“တတိယ တစ်ယောက်က အသစ်ထပ်တိုးတာတဲ့... သုံးယောက်တောင်ဆိုတော့ သူတို့ ကံကောင်းတာပေါ့... ငါ ဝင်တုန်းကဆိုရင် မင်းက ပြောင်းလာတာဆိုတော့ ငါ တစ်ယောက်တည်း အကုန်လုပ်ခဲ့ရတာ... ပြီးတော့ မင်းလည်း အကုန်လုပ်ရတာပဲလေ... သူတို့က သုံးယောက်ဆိုတော့ အလုပ်တွေက ပိုသက်သာမှာပဲ”

လီဟောင်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ စိတ်ကတော့ ဌာနမှူး ရောက်လာမည့် အချိန်ကိုသာ စောင့်မျှော်နေမိသည်၊၊ နာမည်ခေါ်ပြီးသည်နှင့် သူက ဥပဒေစိုးမိုးရေးဌာနသို့ သွားကာ အရေးကြီးသော ကိစ္စများကို လုပ်ဆောင်ရမည် ဖြစ်သည်၊၊ ဤလူသစ်များအကြောင်း သူ စိတ်မဝင်စားပေ၊၊

သို့သော်လည်း သူသည် လူအများအမြင်တွင် ရိုးသားသော လူကောင်းတစ်ယောက်အဖြစ် နာမည်ကျော်သဖြင့် ထိုပုံစံကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သည်၊၊ လုပ်ဖော်ကိုင်ဖက်များ ရောက်လာသောအခါ သူသည် ထုံးစံအတိုင်း အလုပ်များကို ကူညီလုပ်ကိုင်ပေးနေခဲ့သည်၊၊ သူ ထွက်သွားတော့မည် ဖြစ်သော်လည်း အလုပ်ကိုတော့ လျော့မလုပ်ခဲ့ပေ၊၊

နံနက် ၉ နာရီခန့်တွင် ဝမ်ကျဲ ရောက်လာပြီးနောက် လူသစ် သုံးယောက်လည်း ပါလာခဲ့လေသည်၊၊ သူတို့က အလွန်ငယ်ရွယ်ကြပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်ကြသည်၊၊

“အားလုံး နားထောင်ကြဦး”

ဝမ်ကျဲက ပြုံးလျက် လက်ခုပ်တီးကာ အချက်ပေးလိုက်၏၊၊

“ခဏလောက် နားလိုက်ကြဦး...”

အမှန်တော့ ချန်နာနှင့် လီဟောင်မှအပ ကျန်သည့်သူများမှာ အလုပ်လုပ်နေကြသည် မဟုတ်ဘဲ သတင်းသစ်များကိုသာ စောင့်မျှော်နေကြခြင်း ဖြစ်သည်၊၊ ဌာနမှူးက ၎င်းတို့ကို ဂရုမစိုက်ဘဲ ဆက်လက် ပြောဆိုလေသည်၊၊

“ဒီနေ့ ငါတို့ဌာနကို လူသစ် သုံးယောက် ရောက်လာတယ်၊ သူတို့အားလုံးက ထူးချွန်တဲ့သူတွေပဲ... လျှို့ဝှက်ကိစ္စရပ်များ ဌာနကို ဝင်ခွင့်ရတယ်ဆိုတာ သူတို့ရဲ့ ခွန်အားနဲ့ အရည်အချင်းကို ပြသနေတာပဲ...”

ချီးကျူးစကားများစွာနှင့်အတူ လူသစ် သုံးယောက်ကို မိတ်ဆက်ပေးလိုက်လေသည်၊၊ လီဟောင်က သူ၏ အလုပ်များကို ခေတ္တရပ်ကာ ထိုသုံးယောက်ကို သေချာ ကြည့်လိုက်မိ၏၊၊ ယူနီဖောင်း အသစ်စက်စက်များဖြင့် သူတို့မှာ အတော်လေး ခန့်ညားနေကြသည်၊၊ လီဟောင်သည် ဘယ်ဘက်တွင် ရပ်နေသော လူငယ်ကို သတိထားမိလိုက်၏၊၊ ထိုသူက လီဟောင်ထက်ပင် ငယ်ပုံရပြီး အသက် ၁၉ နှစ်ခန့်သာ ရှိဦးမည် ဖြစ်သည်၊၊ သူက အတော်လေး ချောမောပြီး လူငယ်ဆန်သော ဆွဲဆောင်မှု ရှိလေသည်၊၊

လီဟောင်သည် ဤဌာနတွင် အချောဆုံးဟု အမြဲ သတ်မှတ်ခံရသော်လည်း ၎င်းမှာ ဌာနရှိသူ အများစုမှာ အသက်ကြီးသူများ ဖြစ်နေသောကြောင့်သာ ဖြစ်သည်၊၊ ငယ်ရွယ်သူဟူ၍ သိပ်မရှိပေ၊၊

သို့သော် ယခု ရောက်လာသော လူသစ်လေးနှင့် ယှဉ်လျှင် လီဟောင်ပင် အနည်းငယ် ရှုံးနိမ့်သွားရသည်၊၊ အထူးသဖြင့် ထိုသူ၏ အသားအရေမှာ ဖြူစင်ဝင်းပနေပြီး အလွန် နုနယ်ပုံရလေသည်၊၊

လီဟောင်ကို အမြဲတမ်း ပစ်မှတ်ထားလေ့ရှိသည့် အစ်မကြီးယုမှာပင် ထိုလူသစ်လေးကို စိုက်ကြည့်နေမိသည်၊၊ ယနေ့ သူမ၏ ပစ်မှတ် ပြောင်းသွားပြီလား၊၊

ချန်နာကလည်း ထိုလူသစ်ကို ကြည့်ကာ လီဟောင်ကို တိုးတိုးလေး ပြောလိုက်၏၊၊

“တွေ့လား လီဟောင်... မင်းရဲ့ ပြိုင်ဘက်ကြီး ရောက်လာပြီ... သူက ဝမ်မင် တဲ့၊ မင်းထက်တောင် နည်းနည်း ပိုချောသေးတယ်”

“မင်း ကြိုက်တာကိုပဲ ကြည့်ပါ”

လီဟောင်က ပြုံးလျက် ပြန်ပြောလိုက်၏၊၊

“ဟမ့်... ငါက ဒီလို ချစ်စရာကောင်းတဲ့ ပုံစံမျိုးကို ကြိုက်တယ်လို့ ဘယ်သူပြောလဲ”

ချန်နာက ငြင်းဆိုလိုက်သော်လည်း ထိုလူသစ်ကို ထပ်မံ ကြည့်ရှုရင်း -

“သူ့မျက်လုံးတွေက တကယ် တောက်ပတာပဲ”

အမှန်ပင် ဖြစ်သည်၊၊ ထိုသူ၏ မျက်လုံးများက အလွန် တောက်ပနေပြီး အရာအားလုံးကို သတိထားနေပုံရသည်၊၊ မျက်လုံးမှာ စိတ်ဝိညာဉ်၏ ပြတင်းပေါက် ဖြစ်သည် မဟုတ်ပါလား၊၊ ဝမ်မင်ကတော့ တောက်ပသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေလေသည်၊၊

“အားလုံးပဲ မင်္ဂလာပါ၊ စီနီယာတို့... ကျွန်တော်က ဝမ်မင်ပါ၊ စုံစမ်းစစ်ဆေးရေး အကယ်ဒမီကနေ ဒီနှစ်မှာ ကျောင်းဆင်းခဲ့တာပါ...”

လူငယ်လေးက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်၊၊

ဝမ်ကျဲက ဝမ်မင်ကို လီဟောင်နှင့် ချန်နာတို့ရှိရာသို့ အမြန် ခေါ်ဆောင်လာခဲ့၏၊၊

“လီဟောင်၊ ချန်နာ... မင်းတို့လည်း အခု စီနီယာတွေ ဖြစ်ကုန်ပြီ... ဝမ်မင်... လီဟောင်ဆီကနေ အမှုတွေအကြောင်း သင်ယူလိုက်ဦး... ချန်နာနဲ့ လီဟောင်... မင်းတို့ သိတာတွေကို ဝမ်မင်ကို သေချာ သင်ပေးလိုက်ကြဦးနော်”

ဝမ်ကျဲက ဝမ်မင်ကို လီဟောင်တို့ဆီ ပို့လိုက်ခြင်းမှာ လီဟောင် ပြောင်းရွှေ့တော့မည် ဖြစ်သဖြင့် လီဟောင်၏ နေရာကို အစားထိုးရန်အတွက် ဖြစ်ပေသည်၊၊

ဝမ်မင်က အသင့်တော်ဆုံးပင်၊၊

“ကောင်းပါပြီ၊ စားပွဲတစ်ခု ထပ်တိုးဖို့ လိုမလားဟင်”

ချန်နာက ရယ်မောလျက် မေးလိုက်၏၊၊

“မလိုပါဘူး... ခဏလောက် ထိုင်ခုံတစ်လုံးပဲ ချပေးထားလိုက်”

ဝမ်ကျဲက ပြုံးလျက် ဖြေကြားပြီး ထွက်သွားလေသည်၊၊ ချန်နာက နားမလည်သော်လည်း ထပ်မမေးတော့ပေ၊၊ လီဟောင်ကမူ ဘာမှမပြောဘဲ လူသစ်လေးကို ပြုံးပြလိုက်သည်၊၊ သို့သော် သူ၏ စိတ်ထဲမှာတော့ မုန်တိုင်းထန်နေရ၏၊၊

ဝမ်မင်၊၊

ဒါ ဘာတွေ ဖြစ်ကုန်တာလဲ၊၊

သူ ဝမ်မင်ကို စိုက်ကြည့်နေရခြင်းမှာ ထိုသူ ချောမောနေ၍ မဟုတ်သလို မျက်လုံး တောက်ပနေ၍လည်း မဟုတ်ပေ၊၊ ထိုလူငယ်၏ ကိုယ်ပေါ်တွင် မှိန်ဖျော့ဖျော့ ကြယ်တာရာစွမ်းအားတွေ ဝန်းရံနေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်၊၊ ၎င်းမှာ လျူလုံတို့လောက် မများသော်လည်း ပို၍ တောက်ပနေလေသည်၊၊

ပမာဏ အများကြီး မဟုတ်သော်လည်း လီဟောင်သည် အကွာအဝေးတစ်ခုကနေပင် ထို ကြယ်တာရာစွမ်းအား၏ အေးမြမှုကို ခံစားနေရသည်၊၊

ကြယ်တာရာစွမ်းအား၊၊

ထိုစကားလုံးက သူ၏ ခေါင်းထဲသို့ ရောက်လာ၏၊၊ ဆန်းကြယ်သော နယ်ပယ်ထဲကို ခြေချနိုင်သည့် နည်းလမ်း နှစ်ခုအနက် ပင်ကိုယ်ပါရမီ ပါသူများကို ‘ကောင်းကင်မျက်နှာသာပေးခံရသူ’ ဟု ခေါ်ပြီး စွမ်းအား သွင်းယူသူများကို ‘ကြယ်ရောင်အဆင့်’ ဟု ခေါ်သည် မဟုတ်ပါလား၊၊ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် သူက စွမ်းအားရှင် တစ်ယောက် ဖြစ်သည်၊၊

လီဟောင်၏ မျက်နှာက အေးဆေးတည်ငြိမ်နေသော်လည်း ရင်ထဲမှာတော့ တုန်လှုပ်နေမိသည်၊၊ ဘာကြောင့် စွမ်းအားရှင်တစ်ယောက်က ဒီနေရာကို ရုတ်တရက် ရောက်လာတာလဲ၊၊ ဘယ်သူ စေလွှတ်လိုက်တာလဲ၊၊

အနီရောင်အရိပ်လား၊ ဒါမှမဟုတ် ‘ညစောင့်တပ်ဖွဲ့’ လား၊၊

စွမ်းအားရှင်တစ်ယောက်ကို စေလွှတ်နိုင်တာက ဒီနှစ်ဖွဲ့ပဲ ရှိသည်၊၊ ဘာကြောင့် လျှို့ဝှက်ကိစ္စရပ်များ ဌာနကို လာတာလဲ၊၊ ဘာလို့ သူ့ဆီမှာ လာပြီး သင်ယူခိုင်းတာလဲ၊၊

ဒါက သာမန် လူသစ်ခေါ်တာဆိုရင် ဘာလို့ စွမ်းအားရှင်တစ်ယောက်က ဒီဌာနကို ရောက်လာရမှာလဲ၊၊ တစ်ခုခုတော့ မှားနေပြီ၊၊ ဝမ်မင်ဆီက ထွက်နေတဲ့ ကြယ်တာရာစွမ်းအားကို တခြားသူတွေ မမြင်နိုင်ပေမဲ့ လီဟောင်အတွက်တော့ နေ့ခင်းကြောင်တောင်ကြီးလို ရှင်းလင်းနေလေသည်၊၊

လျူလုံတို့ရော ဒီစွမ်းအားကို မြင်နိုင်ပါ့မလား၊၊

မနေ့က စွမ်းအားရှင်တွေကို ဘယ်လို ခွဲခြားရမလဲဆိုတာ သူ မေးဖို့ မေ့သွားခဲ့သည်။

တောက်...

လီဟောင်သည် စွမ်းအားရှင်တစ်ယောက်က သူ့အနားမှာ ရှိနေသည်ကို သိလိုက်ရသဖြင့် စိုးရိမ်စိတ်များ ဝင်လာရ၏။

ဒါက ‘ညစောင့်တပ်ဖွဲ့’ ကဆိုရင်တော့ တော်သေးသည်။ အကယ်၍ အနီရောင်အရိပ်ဘက်ကဆိုရင်တော့ ငွေမြို့တော်မှာ ဘယ်နေရာမှ လုံခြုံတော့မည် မဟုတ်ပေ၊၊

“အစ်ကိုဟောင်...”

အသံတစ်သံက လီဟောင်၏ အတွေးတွေကို ဖြတ်တောက်လိုက်၏၊၊ သူ ခေါင်းမော့ကြည့်လိုက်တော့ ဝမ်မင်က သူ့ကို ကြည့်ကာ ပြုံးနေသည်ကို တွေ့လိုက်ရသည်၊၊

“အစ်ကိုဟောင်... အစ်ကိုက ကျွန်တော့်ထက် အရင် ရောက်တာဆိုတော့ ကျွန်တော့်ထက် ပိုသိမှာပဲ... ကျွန်တော် အစ်ကို့ကို အစ်ကိုဟောင်လို့ပဲ ခေါ်ပါ့မယ်၊ ကျွန်တော့်ကိုတော့ ဝမ်မင်လို့ပဲ ခေါ်ပါ”

လီဟောင်က အနည်းငယ် ဟန်ဆောင်ထားသော အပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်၏၊၊ သူက အမြဲတမ်း ဒီလိုပဲ ပြုံးတတ်သဖြင့် မည်သူမျှ သတိမထားမိပေ၊၊

“မင်းက အရမ်း ယဉ်ကျေးတာပဲ”

သူက အားကျဟန်ဖြင့် ပြန်ပြောလိုက်သည်၊၊

“ငါက မင်းထက် တစ်နှစ်ပဲ စောတာပါ၊ ငါလည်း ဘာမှ သိပ်မသိသေးပါဘူး... မင်းကတော့ အကယ်ဒမီကနေ ဆင်းလာတဲ့ ပညာရှင်ပဲလေ... မင်း ဘယ်ကျောင်းက ဆင်းတာလဲ၊ ငွေမြို့တော်ကလား”

ငွေမြို့တော်မှာလည်း စုံစမ်းစစ်ဆေးရေး အကယ်ဒမီ ရှိသည်၊၊ ဝန်ထမ်းအများစုမှာ ထိုကျောင်းက ဆင်းကြခြင်း ဖြစ်သည်၊၊

“မဟုတ်ပါဘူး”

ဝမ်မင်က ခေါင်းခါလျက် ပြုံးပြ၏၊၊

“ကျွန်တော်က လမင်းဖြူမြို့တော်က လမင်းဖြူ စုံစမ်းစစ်ဆေးရေး အကယ်ဒမီကနေ လာတာပါ”

“လမင်းဖြူ စုံစမ်းစစ်ဆေးရေး အကယ်ဒမီ ဟုတ်လား”

ချန်နာက အံ့အားသင့်စွာဖြင့် မေးလိုက်၏၊၊

ဝမ်မင်က ထပ်မံ မရှင်းပြတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်၊၊ သူက ချန်နာကို သိပ်ပြီး စိတ်ဝင်စားပုံမရပေ၊၊ လီဟောင်ကမူ တစ်ခြားအရာတစ်ခုကို တွေးနေမိလေသည်၊၊

All Chapters