← Chapters

လူက ခွေးထက်တောင် အဆင့်နိမ့်နေပါလား (၂)

Vol. 4 Ch. 34

လူက ခွေးထက်တောင် အဆင့်နိမ့်နေပါလား (၂)

Vol. 4 Ch. 34

လီဟောင် မျက်တောင်ခတ်လိုက်မိသည်။ ကျွန်တော့်... လစာ ဟုတ်လား။

“ကျွန်တော်က တတိယအဆင့် စုံစမ်းစစ်ဆေးရေးမှူး အလုပ်သင်ဆိုတော့ တစ်လကို ကြယ်င်္ဂါးပြား တစ်ထောင် ရပါတယ်၊ အတည်တမ်း ဝန်ထမ်း ဖြစ်သွားတော့မှ နှစ်ထောင်အထိ တိုးလာတာပါ။ အကယ်၍ ဥပဒေစိုးမိုးရေးအဖွဲ့ထဲ ဝင်ပြီး ဒုတိယအဆင့် ရာထူးတက်ရင်တော့ တစ်လကို လေးထောင် ရမှာပေါ့ဗျာ။”

တစ်လ လေးထောင်ဆိုတာ အတော်လေး ကောင်းမွန်တဲ့ လစာဖြစ်သည်။ လီဟောင်က လူပျိုဖြစ်သလို ကိုယ်တိုင်လည်း ချက်ပြုတ်စားသောက်တတ်သည်။ အဆင့်မြင့် ဆန်တစ်ကီလိုဝက်ကိုပင် ကြယ်င်္ဂါး တစ်ပြားသာ ပေးရသည်။ တစ်လ တစ်ထောင်ရတုန်းကတောင် သူက ကောင်းကောင်း နေနိုင်ခဲ့သည် မဟုတ်ပါလား။

အသင့်စား အစားအစာ တစ်နပ်ကို ငါးပြားသာ ကျသင့်သည်။ တစ်နေ့ သုံးနပ်လုံး အပြင်မှာ စားလျှင်တောင် တစ်လမှ လေးရာငါးဆယ်သာ ကုန်မည် ဖြစ်သည်။ သူ၏ လက်ရှိလစာမှာ နေထိုင်စရိတ်အတွက် ပိုလျှံနေပါသည်၊ အကယ်၍ ရာထူးထပ်တက်လျှင်တော့ ဒီပိုက်ဆံတွေကို ဝိုင်းသုံးပေးမည့် မိန်းမတစ်ယောက် ရှာဖို့ပင် စဉ်းစားရတော့မည်။

“ဒါဆိုရင် အခု မင်းက တစ်လ နှစ်ထောင် ရနေတာပေါ့၊ ဟုတ်လား။” လျူလုံက ထူးထူးခြားခြား ပြုံးလိုက်သည်။

“ဟုတ်ပါတယ်”

“ဆန်းကြယ်တဲ့ စွမ်းအား (Mysterious Power) တစ်ကျူဘစ်က ဘယ်လောက် ပေါက်ဈေး ရှိလဲ မင်းသိလား။”

“ဒါတွေက ဈေးကွက် ရှိလို့လားဟင်။” လီဟောင် အံ့အားသင့်သွားရ၏။ ဒီအရာတွေကို ရောင်းလို့ရတာလား။

“တရားဝင်တော့ မဟုတ်ဘူး... ဒါပေမဲ့ မှောင်ခိုဈေးကွက်တွေ အများကြီး ရှိတယ်။” လျူလုံက နှာခေါင်းရှုံ့လိုက်သည်။ “ဘယ်လောက်ပဲ ချမ်းသာပြီး အာဏာရှိရှိ နောက်ဆုံးတော့ လူသားတွေပဲလေ၊ စွမ်းအားရှင်တွေက တိုက်ပွဲခွန်အား ကြီးမားရုံတင်မကဘဲ အသက်လည်း ပိုရှည်ကြတယ်။ ဘယ်သူက အဲဒီလို မဖြစ်ချင်ဘဲ နေမလဲ။ ဒါပေမဲ့ ‘ညစောင့်တပ်ဖွဲ့’ ကလွဲရင် တခြား တရားဝင် လမ်းကြောင်း မရှိဘူးလေ၊ အဲဒါကြောင့် မှောင်ခိုဈေးကွက်တွေ ပေါ်လာတာပေါ့။”

လူငယ်လေးက နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ “ဟုတ်သားပဲ၊ ကျွန်တော့်မှာသာ ပိုက်ဆံရှိပြီး တရားဝင်နည်းနဲ့ စွမ်းအားရှင် မဖြစ်နိုင်ရင် ကျွန်တော်လည်း ပိုပြီး မြင့်မြတ်တဲ့သူ ဖြစ်လာဖို့ လက်မှတ် ဝယ်မိမှာပဲ။”

ဒါက မျှော်လင့်ထားပြီးသား ဖြစ်သည်။ ပိုက်ဆံတွေ အများကြီး ရှိပါလျက်နဲ့ သာမန်လူတစ်ယောက်အဖြစ်ပဲ သေဆုံးသွားရမယ်ဆိုရင် ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်မလဲ။

“ဈေးကတော့ အရမ်း ကြီးမှာပဲနော်။”

ဆန်းကြယ်တဲ့ စွမ်းအားဆိုတာ ရှာရခက်သည်၊ မဟုတ်ရင် လူတိုင်း စွမ်းအားရှင် ဖြစ်နေကြမှာပေါ့။

“ဒါပေါ့။” လျူလုံက ရယ်မောလျက် ပြန်ပြောလေသည်။ “မှောင်ခိုဈေးကွက်မှာ တစ်ကျူဘစ်ကို ဘယ်လောက်ရှိမလဲ ခန့်မှန်းကြည့်စမ်း။”

“တစ်သိန်းလား။” ခဏအကြာတွင် လီဟောင်က ဒါက နည်းနေဦးမည်ဟု တွေးလိုက်မိသည်။ “ငါးသိန်းလောက်လား။”

ဒါက သူ စိတ်ကူးနိုင်သမျှ အမြင့်ဆုံးဈေးပင်။ သူ၏ လက်ရှိလစာနှင့်ဆိုလျှင် မစားမသောက်ဘဲ စုလျှင်တောင် တစ်နှစ်မှ နှစ်သောင်းလေးထောင်သာ ရမည်၊ တစ်ကျူဘစ် ဝယ်နိုင်ဖို့ အနှစ် ၃၀ ကြာအောင် စုရပေလိမ့်မည်။

ဒါက တကယ်ကို ဈေးကြီးလွန်းသည် မဟုတ်ပါလား။

စုံစမ်းစစ်ဆေးရေးမှူးဆိုတာ လစာကောင်းတဲ့ အလုပ်ဖြစ်သည်။ ငွေမြို့တော်က သာမန်ပြည်သူတွေဆိုလျှင် တစ်နှစ်မှ ကြယ်င်္ဂါး တစ်ထောင်ပင် မပြည့်ကြချေ၊ သူတို့ဆိုလျှင် တစ်ကျူဘစ် ဝယ်ဖို့ နှစ်ပေါင်း ငါးဆယ်၊ ခြောက်ဆယ် ကြာပေလိမ့်မည်။

“မဆိုးဘူး၊ မင်းရဲ့ ခန့်မှန်းချက်က ရဲတင်းသားပဲ။” လျူလုံက တဟားဟား ရယ်မောလိုက်သည်။ “ဒါပေမဲ့ မင်း ခန့်မှန်းတာက နည်းနေသေးတယ်၊ မှောင်ခိုဈေးကွက်မှာ တစ်ကျူဘစ်ကို တစ်သန်း ပေးရတယ်။”

လီဟောင် သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။ အမလေး... တကယ် ဈေးကြီးတာပဲ။ ရာထူးတက်မှပဲ ဝယ်နိုင်မယ့် အခြေအနေမျိုး။

“မင်း မစိတ်လှုပ်ရှားဘူးလား။” လျူလုံက သူ့ကို ပြုံးကြည့်ရင်း ဆိုသည်။ “ငါ အခု မင်းကို သိန်းနှစ်ဆယ် တန်ဖိုးရှိတာကို ပေးနေတာနော်။”

လူငယ်လေးကတော့ တည်ငြိမ်နေဆဲပင်။ “အဖွဲ့မှူး... ဒီနယ်ပယ်က အရာတွေက ကျွန်တော့်အတွက်တော့ လောကီစည်းစိမ်တွေထက် ကျော်လွန်နေပါပြီ၊ ဒါတွေက ပိုက်ဆံနဲ့ မဆိုင်တော့သလိုပဲ၊ ဒါကြောင့် ဘယ်လောက်ပဲ ဈေးကြီးကြီး အတူတူပါပဲ။”

“ဒါက ကောင်းတဲ့ စိတ်ဓာတ်ပဲ၊ ဒါပေမဲ့ မင်းက အဝေးကြီး တွေးနေတာပဲ။” လျူလုံက အမှန်တကယ် ရယ်မောလိုက်သည်။ “စွမ်းအားရှင် ဖြစ်သွားတာနဲ့ လောကပြင်ပက လူ ဖြစ်သွားမယ်လို့ မင်း ထင်နေတာလား၊ ပြန်စဉ်းစားကြည့်ဦး၊ အမိုးအကာအောက်မှာ နေဖို့နဲ့ စားသောက်ဖို့ဆိုတာ ပိုက်ဆံ လိုတယ်လေ။ ဆန်းကြယ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့၊ ရောင်းဖို့ဆိုတာလည်း ပိုက်ဆံ လိုတာပဲ။ သာမန်လူတွေက လူ့အဖွဲ့အစည်းရဲ့ အဓိက အစိတ်အပိုင်း ဖြစ်နေသရွေ့ ပိုက်ဆံဆိုတာ မရှိမဖြစ် လိုအပ်ချက်ပဲ။”

“နေစရာကိုပဲ ကြည့်ဦး၊ ပိုက်ဆံမရှိရင် မင်း ဘယ်မှာ နေမလဲ၊ လမ်းဘေးမှာလား။ နှင်းခဲပုံဆောင်ခဲတွေက ဘယ်လောက် ပေးရလဲ မင်းသိလား၊ ပိုက်ဆံမရှိဘဲ ဒါတွေကို ဘယ်လိုဝယ်ပြီး စွမ်းအားတွေကို သိုလှောင်မလဲ။ ခရီးသွားဖို့ဆိုရင်ရော... စွမ်းအားရှင်တိုင်းက ပျံနိုင်တယ်၊ မြေလျှိုးနိုင်တယ်လို့ မင်း ထင်နေတာလား။”

လီဟောင် အကြိမ်ကြိမ် အံ့အားသင့်သွားရသည်။ စွမ်းအားရှင် ဖြစ်သွားရင် ပိုက်ဆံလိုမျိုး သေးနုပ်တဲ့ ကိစ္စတွေကို ပူစရာမလိုတော့ဘူးလို့ သူက တကယ် ထင်ခဲ့တာ။ ဒါပေမဲ့ အဖွဲ့မှူး ထောက်ပြမှပဲ စွမ်းအားရှင်တွေကလည်း လူသားတွေပဲဆိုတာ သူ သဘောပေါက်သွားတော့သည်။ လူသားဖြစ်ရင်တော့ အသက်ရှင်ရပ်တည်ရေးအတွက် စဉ်းစားရမည်သာ ဖြစ်သည်။

“ဒါဆိုရင်...” လီဟောင်က ငေးငေးငေါငေါနှင့် မေးလိုက်သည်။ “မိစ္ဆာအမဲလိုက်အဖွဲ့ထဲ ဝင်ရင် လစာ တိုးဦးမှာလား။”

“……” လျူလုံ စကားစအစရှာမရ ဖြစ်သွား၏။ ဒီကောင်လေးက ဒါကိုပဲ စိတ်ပူနေတာလား။ သူက ရယ်ရမလို ငိုရမလို ဖြစ်သွားပြီးမှ “တိုးတာပေါ့၊ ပထမနေ့ကတည်းက တိုးထားပြီးသားပဲ၊ တစ်လကို ကြယ်င်္ဂါး တစ်သောင်း။”

လီဟောင် မျက်ခုံးပင့်လိုက်မိသည်။ “ဒါဆိုရင် ကျွန်တော်က ပထမအဆင့် စုံစမ်းစစ်ဆေးရေးမှူးတွေထက်တောင် ပိုရတာပေါ့။”

ပထမအဆင့် စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်က အများဆုံးမှ ရှစ်ထောင်၊ ကိုးထောင်သာ ရသည်၊ ဆုကြေးတွေပါ ပေါင်းမှ တစ်သောင်း ပြည့်ရုံသာ ရှိသည်။

“ဟုတ်တယ်” လျူလုံ ခေတ္တမျှ ခေါင်းညိတ်ပြလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ငါ မင်းကို ဒါတွေ ပြောပြတာက ဆန်းကြယ်တဲ့ စွမ်းအားဆိုတာ ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ သိစေချင်လို့ပဲ။ လမ်းဘေးမှာ အလွယ်တကူ ကောက်ရတဲ့ အရာလို့ မထင်နဲ့ဦး။ မင်းသာ မိစ္ဆာအမဲလိုက်အဖွဲ့ထဲ မဝင်ခဲ့ရင် တစ်သက်လုံး ကြိုးစားရင်တောင် ဒီနှစ်ကျူဘစ်ကို ဝယ်နိုင်မှာ မဟုတ်ဘူး။”

လီဟောင် ပြုံးလိုက်မိသည်။ ဒါဆိုရင် ဒါက တကယ် တန်ဖိုးရှိတာပေါ့။ ကောင်းတာပေါ့။ အမှန်တော့ သူ့အတွက် ပိုက်ဆံက အဓိက မဟုတ်ပေ၊ သူ ဒီစွမ်းအင်တွေကို စုပ်ယူဖို့ မစောင့်နိုင်တော့တာပဲ ဖြစ်သည်။ ကျောက်ဓားထဲက စွမ်းအင်တွေနဲ့ တူမလား၊ ဒါမှမဟုတ် ပိုပြီး ထိရောက်မလား။

“အဖွဲ့မှူး... ဒါကို ဘယ်လို စုပ်ယူရမလဲ။”

လျူလုံက သူ့ကို စာအုပ်ငယ်လေးတစ်အုပ် ပေးလိုက်သည်။ “ဒါက ‘စွမ်းအင်သွင်းယူနည်းလမ်း’ (Energy Induction Method) ပဲ၊ ‘ညစောင့်တပ်ဖွဲ့’ လည်း ဒါကိုပဲ သုံးတယ်။ ဒါက ဆန်းကြယ်တဲ့ စွမ်းအားတွေကို ကိုယ့်ခန္ဓာကိုယ်ထဲ သွင်းယူတဲ့ စံနှုန်းသတ်မှတ်ထားတဲ့ နည်းလမ်းပဲ၊ တခြားသော စွမ်းအားရှင် အဖွဲ့အစည်းတွေလည်း ဒါကိုပဲ သုံးကြတယ်။”

‘ညစောင့်တပ်ဖွဲ့’ ရဲ့ ကျင့်စဉ် ဟုတ်လား။ လီဟောင် စိတ်ဝင်စားသွားသည်။ သူက စာအုပ်ကို ချက်ချင်းယူပြီး လှန်ကြည့်လိုက်တော့... အလွန် ပါးလွှာသော စာအုပ်ငယ်လေး ဖြစ်နေသည်။

တစ်ချက်ကြည့်လိုက်ရုံနဲ့ သူက အကုန်မှတ်မိသွားသည်။ ဒုတိယစာမျက်နှာ၊ တတိယစာမျက်နှာ... ဒါပဲလား။

စာမျက်နှာ သုံးမျက်နှာ၊ စာလုံးရေ တစ်ထောင်။ ဒါက စွမ်းအားရှင်တွေ စွမ်းအားစုပ်ယူဖို့ သုံးတဲ့ စံနှုန်းကျင့်စဉ်တဲ့လား။

လီဟောင်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။ ဒါ ဘာကြီးလဲ။ ဒါက သူတို့ ငါးရုပ်ကျင့်စဉ် (Five Styles) ရဲ့ အသက်ရှူနည်းတွေနဲ့ ဘာလို့ ဒီလောက် ဆင်နေရတာလဲ။ ဆရာကြီး အခု သင်ပေးထားတဲ့ အသက်ရှူနည်း မဟုတ်ဘဲ သူ ‘မျောက်ရုပ်ကျင့်စဉ်’ ကို စလေ့ကျင့်တုန်းက သုံးခဲ့တဲ့ နည်းလမ်းမျိုး။

ပထမနေ့က ဓားဆေးရေ သုံးတုန်းက သူ သုံးခဲ့တဲ့ နည်းလမ်းပဲ၊ အဲဒါက ထိရောက်မှု အရမ်းနည်းတယ်။ ဆရာကြီး သင်ပေးတဲ့ နည်းက စွမ်းအား ၇၀ ရာခိုင်နှုန်းကို ထိန်းထားနိုင်ပေမဲ့ သူ အရင်က သုံးတဲ့နည်းက ၃၀ ရာခိုင်နှုန်းပဲ ထိန်းနိုင်ပြီး ကျန်တာတွေက လွင့်စင်ကုန်တာ။

သူ့အမြင်မှာတော့ ဒီ ‘စွမ်းအင်သွင်းယူနည်းလမ်း’ က သူ အရင်က သုံးခဲ့တဲ့ နည်းလောက်ပဲ ရှိသည်။

လီဟောင် အတွေးထဲ နစ်နေစဉ်မှာပင် လျူလုံက လေးလေးနက်နက် ပြောလိုက်သည်။ “ဒီပညာကို ပြင်ပလူတွေကို ပေးလို့ မရဘူးနော်၊ အဖွဲ့အစည်း အများကြီးမှာ ဒီနည်းလမ်း ရှိကြပေမဲ့ သူတို့က လျှို့ဝှက်ထားကြတာ။ ‘ညစောင့်တပ်ဖွဲ့’ သာ သိသွားရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်။ ငါတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့သားတွေ သုံးတာကတော့ ကိစ္စမရှိပေမဲ့ ပြင်ပလူတွေကိုတော့ သင်ပေးခွင့် မရှိဘူး။”

အဖွဲ့မှူးက အလွန် လေးလေးနက်နက် သတိပေးနေသော်လည်း လီဟောင်ကတော့ ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်သည်၊၊ ဒီနည်းလမ်းကို ကျွန်တော် သိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ၊ အတိအကျတော့ မတူပေမဲ့ ပုံစံချင်းက အတူတူပါပဲ၊ အခု ကျွန်တော့်မှာ ငါးရုပ်ကျင့်စဉ်ရဲ့ အသက်ရှူနည်း ရှိနေပြီဆိုတော့ ဒါကို စိတ်မဝင်စားတော့ဘူး။

ဆရာကြီးကလည်း သူသင်ပေးတဲ့ နည်းလမ်းကို တခြားသူတွေကို မပြဖို့ မှာထားသဖြင့် လီဟောင်က ဒီ ‘စွမ်းအင်သွင်းယူနည်းလမ်း’ ကိုပဲ မှတ်ထားလိုက်ပြီး “ကျွန်တော် မှတ်မိသွားပြီ အဖွဲ့မှူး။ စလို့ ရပြီလား။”

လျူလုံက ခေါင်းညိတ်ပြပြီး ယွမ်ယောင်ကို ကြည့်လိုက်သည်။

“မင်းရဲ့ ညာဘက်လက်ကို ဆန့်ထုတ်လိုက်။” ယွမ်ယောင်က နှင်းခဲပုံဆောင်ခဲ အုပ်ဆောင်းထဲမှာ အပေါက်ငယ်လေး တစ်ခုကို ဖွင့်လိုက်သည်။ ၎င်းက ထူးခြားသော တီထွင်မှု ဖြစ်သဖြင့် စွမ်းအင်တွေ အပြင်ကို လျှံမထွက်လာပေ။

ယွမ်ယောင်က အုပ်ဆောင်းကို ညွှန်ပြရင်း “လက်ကို အထဲထဲ ထည့်ပြီးတော့ စွမ်းအင်သွင်းယူနည်းကို သုံးလိုက်၊ အဲဒါက စွမ်းအင်တွေကို မင်းရဲ့ ကိုယ်ထဲကို ဆွဲသွင်းပေးလိမ့်မယ်။ ဒါပေမဲ့ သတိထားနော်၊ မင်းရဲ့ စုပ်ယူနိုင်စွမ်းက အရမ်းနည်းနေရင် စွမ်းအင်တွေက အပြင်ကို ပြန်ထွက်သွားပြီး ချက်ချင်းပဲ ပျောက်ကွယ်သွားလိမ့်မယ်။”

ဒါတွေကို လီဟောင် သိပြီးသား ဖြစ်သဖြင့် သူက နားမလည်ဟန်ဖြင့် မေးလိုက်သည်။ “ဒါဆိုရင် ကျွန်တော့်ကို အုပ်ဆောင်းထဲမှာပဲ ရပ်ခိုင်းလိုက်တာ ပိုမကောင်းဘူးလား၊ အဲဒါဆိုရင် ကျွန်တော် အကုန်မစုပ်ယူနိုင်ရင်တောင် စွမ်းအားတွေကို ပြန်သုံးလို့ ရတာပေါ့။”

ပန်သာ လုပ်ခဲ့တာက အဲဒီလိုမျိုးလေ၊ ခွေးက သူ စုပ်ယူလို့ ပိုတဲ့ စွမ်းအင်တွေကို စားပွဲအောက်ကနေ စုပ်ယူခဲ့တာ။ ဒီလောက် တန်ဖိုးရှိတဲ့ အရာကို ဖြစ်နိုင်သမျှ ပြန်သုံးသင့်သည် မဟုတ်ပါလား။

“ပထမအချက်ကတော့ ဒီလောက်ကြီးမားတဲ့ နှင်းခဲပုံဆောင်ခဲ အုပ်ဆောင်း လုပ်ဖို့က ကုန်ကျစရိတ် အရမ်းများတယ်လေ။” ယွမ်ယောင်က ရယ်မောလျက် ပြောသည်။ “ဒုတိယအချက်ကတော့ ခန္ဓာကိုယ်ထဲကနေ ပြန်ထွက်လာတဲ့ စွမ်းအင်တွေကို သုံးတာက ထိရောက်မှု နည်းသလို စွမ်းအင်ချင်း ပဋိပက္ခ ဖြစ်ဖို့ ပိုများတယ်၊ ဆန်းကြယ်တဲ့ စွမ်းအားကို အကြိမ်ကြိမ် ပြန်သုံးလေလေ၊ နောက်တစ်ယောက်အတွက် ဆိုးကျိုးတွေ ပိုများလေလေပဲ၊ အခု ငါတို့ဆီမှာ ရှိတာတွေတောင်မှ ဒုတိယအကြိမ် ဒါမှမဟုတ် တတိယအကြိမ် ပြန်သုံးထားတဲ့ စွမ်းအားတွေပဲ ရှိတာ...”

ဘာလို့လဲဆိုတော့ သူတို့ရဲ့ စွမ်းအားတွေကို တခြားသူတွေဆီကနေ အတင်းအဓမ္မ ထုတ်ယူထားလို့ ဖြစ်သည်။

အရိုးရှင်းဆုံး ပြောရလျှင် စွမ်းအားတွေကို ပြန်သုံးမည့်အစား ပျောက်ကွယ်သွားခိုင်းလိုက်တာက ပိုကောင်းသည်၊ ပြန်သုံးလျှင် ခန္ဓာကိုယ်က လက်မခံနိုင်စရာ အကြောင်းများသလို ရလဒ်လည်း မကောင်းဘဲ ပိုပြီး ထိခိုက်နစ်နာစေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

“နားလည်ပါပြီ...” လီဟောင်က သူမစကားကို စဉ်းစားနေမိသည်။ ခွေးကတော့ ဂရုမစိုက်ပါဘူး၊ ပန်သာက ပေးသမျှ အကုန်စားပြီး ဘာမှလည်း ဖြစ်ပုံမရပေ။

လူငယ်လေး၏ ညာဘက်လက်က အုပ်ဆောင်းထဲကို ဝင်သွားပြီး ဆန်းကြယ်သော စွမ်းအားလှိုင်းတစ်ခုက သူ၏ လက်ဝါးထဲကို တိုးဝင်လာသည်ကို မြင်လိုက်ရသည်။ ဒါက ကျောက်ဓားထဲက မဟုတ်တဲ့ စွမ်းအားနဲ့ လီဟောင် ပထမဆုံး ထိတွေ့ရခြင်း ဖြစ်သည်။ သူ ‘စွမ်းအင်သွင်းယူနည်းလမ်း’ ကို သုံးလိုက်တာနဲ့ မျက်လုံးတွေ ပြူးသွားရ၏။

အမလေး... သွားပြီ။

ဒါက ဘာလို့ ဒီလောက် ခံရခက်နေရတာလဲ။ ကျောက်ဓားထဲက စွမ်းအားက နူးညံ့တဲ့ နွေးထွေးတဲ့ လှိုင်းတစ်ခုလိုပဲ၊ ပမာဏက အရမ်းများနေရင်တောင် ခံစားရတာ သက်သောင့်သက်သာ ရှိသည်။

ဒါပေမဲ့ အခု တစ်ခုကတော့ အရမ်း ဆိုးလှသည်။ စွမ်းအင်က သူ့စကားကို နားမထောင်ဘဲ လက်မောင်းထဲမှာ ရမ်းကားနေပြီး ခန္ဓာကိုယ်ထဲကို အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်နေသည်။ ခန္ဓာကိုယ်က လက်မခံချင်တဲ့ ခံစားချက်မျိုးက တဖြည်းဖြည်း ကြီးထွားလာ၏။

ဒါကိုလား ယွမ်ယောင် ပြောတဲ့ အကြိမ်ကြိမ် ပြန်သုံးလို့ ဖြစ်တဲ့ ပဋိပက္ခဆိုတာ။ လီဟောင် နားမလည်နိုင်ဘဲ တွေးနေမိသည်။ ဒါဆိုရင် ကျောက်ဓားထဲက စွမ်းအင်က ပထမလက် ဖြစ်ပြီး ရတနာတိုက်ထဲက စွမ်းအင်က ဒုတိယလက် ဒါမှမဟုတ် တတိယလက်တွေပေါ့။

စုပ်ယူရခက်တဲ့ စွမ်းအင်က ပဋိပက္ခ ပိုဖြစ်တာလား။ နည်းပညာအရ ပြောရရင် ပန်သာလည်း သူ ပိုတဲ့ စွမ်းအင်တွေကို စုပ်ယူတာဆိုတော့ ဒုတိယလက် စွမ်းအင်ကို သုံးတာပဲ။ ဒါပေမဲ့ အခု သူ ခံစားနေရတာက ခွေးထက်တောင် ဆိုးနေပါလား။

လူက ခွေးထက်တောင် အဆင့်နိမ့်နေပါလား။

လီဟောင်ကတော့ သူ တွေးနေတာတွေကို အပြင်မှာ မပြရဲပေ။ သူက နည်းလမ်းကိုပဲ အာရုံစိုက်ပြီး စွမ်းအင်တွေကို စုပ်ယူနေလိုက်သည်။ နှင်းခဲပုံဆောင်ခဲ အုပ်ဆောင်းထဲက စွမ်းအားတွေက သူ့ဆီကို တိုးဝင်လာသည်။ သူ၏ လက်မောင်းပေါ်က သွေးကြောတွေ ထောင်ထလာပြီး သွေးအချို့ပင် ထွက်လာသည် - ခန္ဓာကိုယ်က လက်မခံနိုင်တဲ့ တုံ့ပြန်မှုက ပြင်းထန်လွန်းသဖြင့် သွေးကြောလေးတွေ ပေါက်ထွက်ကုန်ခြင်း ဖြစ်သည်။

ဒါကြောင့် ဒုတိယလက် ပစ္စည်းတွေက မကောင်းဘူးလို့ ပြောတာ။ သူက စိတ်ထဲကနေ ကျိန်ဆဲရင်း ကျောက်ဓားကနေ ရတဲ့ စွမ်းအင်ကို ပိုပြီး တန်ဖိုးထားမိသွားသည်။

ဆန်းကြယ်တဲ့ စွမ်းအားဆိုတာ နူးညံ့သိမ်မွေ့တယ်လို့ သူ အမြဲ ထင်ခဲ့တာ။ အခုမှပဲ ဒါက ဘယ်လောက် ခံရခက်တယ်ဆိုတာ သူ ကောင်းကောင်း သိသွားတော့သည်။ စွမ်းအင်သွင်းယူတာက လူကို သေစေနိုင်တယ်လို့ ပြောတာ မဆန်းတော့ပါဘူး။

သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အတော်လေး ကောင်းနေတာတောင် စွမ်းအင်က ဒီလောက်အထိ ထိခိုက်စေတာ။ သာမန်လူတွေသာ ဂုဏ်သတ္တိမဲ့ စွမ်းအားကို သွင်းယူမယ်ဆိုရင် ပေါက်ကွဲသေကုန်ကြမှာပဲ။

လျူလုံ၏ အသံက နားထဲကို ရောက်လာသည်။ “မဆိုးဘူးပဲ၊ ခန္ဓာကိုယ်က ငြင်းဆန်တဲ့ တုံ့ပြန်မှုက သိပ်မပြင်းထန်ဘူး။ တကယ်ကို ကောင်းတယ်။ မင်းရဲ့ ကြံ့ခိုင်မှုက အလုပ်ဖြစ်ပုံရတယ်၊ သွေး နည်းနည်းပဲ ထွက်တာကိုး၊ ငါကတော့ မင်းကို ကယ်ဖို့ ပြင်ထားတာ...”

ဒါက ပြင်းထန်တဲ့ တုံ့ပြန်မှု မဟုတ်ဘူး ဟုတ်လား။ လီဟောင် တစ်ခြားလူတွေကို သနားမိသွားသည်။ သူတို့တွေ ပထမဆုံး စွမ်းအားစုပ်ယူတုန်းက သေလုမျောပါး ဖြစ်ခဲ့ကြမှာ သေချာသည်။

ခဏအကြာတွင် လျူလုံက ထပ်ပြောလေသည်။ “ကဲ... ရပြီ၊ လက်ကို ပြန်ထုတ်ပြီး ပတ်တီး စည်းလိုက်တော့။ လွန်ခဲ့တဲ့ နှစ်ရက်က မင်းရဲ့ လေ့ကျင့်မှုတွေက အကျိုးရှိသွားပြီ၊ မင်း အနည်းဆုံး စွမ်းအားရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ထိန်းထားနိုင်ခဲ့တယ်။ တကယ်ကို မဆိုးဘူး။”

လီဟောင်၏ မျက်နှာက တောင့်တင်းသွားရ၏။ ဒါပဲလား။ ဒါပဲလား။ ဆန်းကြယ်တဲ့ စွမ်းအား နှစ်ကျူဘစ်က ဒီလိုပဲ ကုန်သွားတာလား။

ဟာ... သွားပြီ။

ဒါက ပထမဆုံးညက ပန်သာ စုပ်ယူပြီး ကျန်တာတွေကို သူ စုပ်ယူခဲ့တဲ့ ပမာဏလောက်ပဲ ရှိတာလေ။ ဒါပဲလား။ ဒါက သိန်းနှစ်ဆယ် တန်တာလား။

လီဟောင် စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီး အကြီးအကျယ် စိတ်ပျက်သွားရသည်။ ဟာဗျာ... ဒါက နည်းလွန်းတယ်၊ မနေ့ညက ငါ စုပ်ယူခဲ့တာနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး။

သို့သော် လျူလုံကတော့ နှမြောတသဟန် ပြနေလေသည်။ “အခုတော့ ဆန်းကြယ်တဲ့ စွမ်းအားရဲ့ စွမ်းပကားနဲ့ ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ မင်း သိသွားပြီ မဟုတ်လား။ ကြိုးစားစမ်းပါ၊ ငါ့ကို စိတ်မပျက်စေနဲ့ဦး။ ဒီတစ်ခါသာ မင်း ကောင်းကောင်း လုပ်နိုင်ပြီး အဲဒီ စွမ်းအားရှင်ကို သတ်နိုင်မယ်ဆိုရင် မင်းကို နောက်ထပ် နှစ်ကျူဘစ် ထပ်ပေးမယ်။”

လီဟောင်ကတော့ အခက်တွေ့နေတဲ့ အပြုံးလေးဖြင့်သာ တုံ့ပြန်လိုက်ရ၏။

ကျွန်တော်က အသက်နဲ့ရင်းပြီး အလုပ်လုပ်ပေးမှ နောက်ထပ် နှစ်ကျူဘစ်လား။ ကျွန်တော်က တကယ့်ကို ခွေးထက်တောင် အဆင့်နိမ့်နေပါလား။ ပန်သာ... မင်း အဲဒီညက ငါ့ဆီကနေ စွမ်းအင်တွေ ဘယ်လောက်တောင် စားလိုက်တာလဲ။

လူငယ်လေးသည် အနီရောင်အရိပ်က ဘာကြောင့် မိသားစု ရှစ်စုရဲ့ လက်နက်တွေကို မျက်စိကျနေသလဲဆိုတာကို ရုတ်တရက် သဘောပေါက်သွားတော့သည်။

All Chapters