ဘဝမှာ ဒီလောက်မောက်မာတဲ့လူကို တစ်ခါမှမမြင်ဖူးဘူး
Vol. 34 Ch. 499
ယွဲ့အာက အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ သူမ၏ အဖြူရောင်ကြာပွတ်ကို ထုတ်ကာ လွှဲရမ်းလိုက်သည်။ အေးစက်စွာ နှာခေါင်းရှုံ့၏။
"စိတ်ဝိဉာဉ်ဂိုဏ်းက အရှက်မဲ့တဲ့ အဘိုးကြီးတွေ... ယွဲ့အာ နင်တို့ကိုမကြောက်ဘူး.."
ကြည့်ရှု့နေသူများ အားလုံးမှာ အံ့ဩသွားကြ၏။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို စိန်ခေါ်ရန်အတွက် ဒီမိန်းကလေးတွင် မည်သည့်နေရာမှ သတ္တိတို့ ရရှိလာခဲ့သနည်း။
လူတိုင်း၏အကြည့်က မိန်းကလေးငယ်၏ ဘေးရှိ တောင်ဝှေးနှင့် အဘိုးအိုပေါ်သို့ အလိုလို ကျရောက်သွားကြသည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ အကြီးအကဲနှစ်ယောက်တို့ ယွဲ့အာဆီသို့ ရောက်ရှိခါနီးတွင် လျှပ်စီးကဲ့သို့ ဓားအလင်းတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့၏။
"ဘုန်း.."
နှစ်ယောက်သား၏ ပုံစံများက ပြောင်းလဲသွားကြပြီး အလျှင်အမြန်ကာရင်းမှ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။
"သူမပြောတာမှန်တယ်... အချိန်မကျသေးတာကို.. ဘာလို့အလျှင်လိုနေတာလဲ။ ဒီလောက်တောင် သေချင်နေတာလား.."
အေးစက်သည့်အသံတစ်ခု ပြန့်လွင့်လာ၏။ လေထဲတွင် မောက်မာသည့် လူငယ်တစ်ယောက် ပျံသန်းလာခဲ့သည်။
သူ၏နောက်တွင် သန်မာထွားကြိုင်းသည့် မုန့်ချုံနှင့် အနည်းငယ် ဝတုတ်သည့် လူငယ်တစ်ယောက်တို့ လိုက်ပါလာ၏။
ရွှီယန်တို့ ၃ယောက်၏ နောက်တွင် ကြီးမားသည့် ကြောင်လား ကျားလား မသိရသည့် သတ္တဝါကြီးတစ်ကောင် လိုက်ပါလာသည်။ ခဏတာအတွင်း လူအုပ်မှာ မည်သည်ဖြစ်သနည်းဟု ပြောနိုင်ခြင်းမရှိ ဖြစ်နေ၏။ ကြည့်ရသည်မှာ ကျားရိုင်းတစ်ကောင်၏ အသွင်အပြင်ရှိတာ သေချာ၏။ သို့ပေမယ့် ၎င်းသည် ညောင်ဟူ၍ အသံပြုလေသည်။
ကျူ့လျန်နှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အခြားစွမ်းအားကြီးပုဂ္ဂိုလ်များ၏ မျက်နှာများက ချက်ချင်းပင် မဲမှောင်သွားကြသည်။ ရွှီယန်ကို စူးရဲစွာ ကြည့်ရှု့နေကြပြီး အပိုင်းပိုင်း လှီးဖြတ်လိုကြ၏။ ပြီးနောက် သူတို့၏ အကြည့်များသည် ရွှီယန်၏နောက်ရှိ ကြောင်ကြီး၏ ကျောပေါ်တွင် ထိုင်နေသည့် လူများအပေါ်သို့ ကျရောက်သွားသည်။
သူတို့သည် ရှီအာကို လျစ်လျူရှု့ကာ မျပ်လုံးများက ခဏတာအတွင်း စုလင်းရှုံအပေါ်သို့ ရောက်ရှိသွား၏။ ထို့နောက် လီရွှမ်အပေါ်သို့ ကျရောက်သည်။
ထိုလူငယ်သည် ရွှီယန်နှင့် မုန့်ချုံတို့၏ နောက်ရှိ လူလေလား။
ခဏတာအတွင်း ကျူ့လျန်နှင့် သူ့လူများ၏ လူသတ်ငွေ့များက ပတ်ဝန်းကျင်ကို အေးစိမ့်လာစေခဲ့သည်။ စုမိသားစုရှိ သိုင်းသမားများနှင့် အခြား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် သိုင်းသမားများအား အသီးသီး အကြည့်ဆုံပြီးနောက် သူတို့သည် နားလည်မှုတစ်ခုကို ရလိုက်ကြသည်။
ယနေ့တိုက်ပွဲတွင် ရွှီယန်သည် သေရပေမည်။ ထို့အပြင် သူနှင့်ပတ်သက်သည့် လူအားလုံးလည်း အပါအဝင်ဖြစ်၏။
အစက ယွဲ့အာကို ဖမ်းဆီးရန် ပြင်ဆင်ထားသည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ အကြီးအကဲနှစ်ယောက်တို့သည် ချက်ချင်းပင် ဆုတ်ခွာသွားကြ၏။
ပါရမီရှင်များ၏ တိုက်ပွဲသည် စတင်ပေတော့မည်။ လူတိုင်း၏ မြင်ကွင်းရှေ့တွင် ရွှီယန်မှာ သေဆုံးရမှာဖြစ်၏။
ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူသည် ဒီဗိုင်းအလင်းဖြာခန္ဓာကိုယ်အား ပိုင်ဆိုင်ထားပြီး အလွန်ဂုဏ်သတင်းကြီးမား၏။ ကောင်းကင်လူသားကြီးအဆင့်နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် သိုင်းသမားများကို သတ်ဖြတ်နိုင်လေသည်။
ရွှီယန်မှာ မည်မျှပင် မကောင်းဆိုးဝါးဆန်စေကာမူ လေလွင့်သိုင်းသမားတစ်ယောက်သာ ဖြစ်၏။ လေလွင့်သိုင်းသမားတစ်ယောက်သည် ဘယ်လိုလုပ်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်မည်နည်း။ ဤသည်မှာ သတ်မှတ်ပြီးဖြစ်သည့် ရလဒ်ဖြစ်သည်။
"နင်ကရွှီယန်လား.."
ယွဲ့အာက ရွှီယန်ကို သိလိုစွာကြည့်သည်။
"ဟုတ်တယ်.."
ရွှီယန်က ခေါင်းငြိမ့်၏။
ယွဲ့အာကို ကြည့်လိုက်ပြီးနောက် သူသည် အနည်းငယ် အံ့သြသွားခဲ့သည်။ ဒီမိန်းကလေးသည် အလွန် စွမ်းအားကြီးမား၏။ သူမဆီမှလာသည့် ခံစားချက်သည် လုရှင်ထင်းထက်ပင် ပိုမိုသန်မာပါသည်။
ပြီးနောက် သူ၏အကြည့်သည် မိန်းကလေး၏ဘေးရှိ အဘိုးအိုပေါ်သို့ ခဏတာ ကျရောက်သွားသည်။
ရွှီယန်၏နှလုံးသားသည် အေးစက်သွား၏။ ဒီအဘိုးကြီးသည် အလွန် စွမ်းအားကြီးမားလှပါသည်။ လင်းနယ်မြေသို့ စတင်ဝင်ရောက်ပြီးကတည်းက သူကြုံတွေ့ခဲ့သည့် လူများထဲတွင် အသန်မာဆုံး ဖြစ်၏။
အဘိုးကြီးက ရွှီယန်ကို ကြည့်သည်။ သူ၏ပုံစံမှာ အနည်းငယ် ကြောင်တောင်နေဟန်ရ၏။ တစ်ဖက်လူသည် သူခန့်မှန်းထားသည့်အတိုင်း ရင်းနှီးသည့်ပုဂ္ဂိုလ်အချို့မှ ပျိုးထောင်ထားသည့် ပါရမီရှင်မဟုတ်ပေ။
ထို့အပြင် ထုတ်လွှတ်နေသည့် အငွေ့အသက်မှာလည်း မူမမှန်လှပါ။ ကျင့်ကြံသည့် သိုင်းပညာပင်လျှင် သူ၏ နားလည်မှုထက် ကျော်လွန်နေ၏။
ခေါင်းကိုမော့ကာ လေထဲတွင် လျှောက်လှမ်းနေသည့် ကြောင်ကြီးကို လှည့်ကြည့်သည်။ ၎င်းသည် အလွန်ကြီးစိုးလှ၏။
ထိုကြောင်နီမှာလည်း အနည်းငယ် မူမှန်ပုံမရပေ။ ကြည့်ရသည်မှာ စိတ်ဝိဉာဉ်သားရဲတစ်ကောင် ဖြစ်ပုံပေါ်၏။ သို့ပေမယ့် စိတ်ဝိဉာဉ်သားရဲများ၏ လက္ခဏာရပ်အချို့ လစ်ဟင်းနေပါသည်။
ကြောင်နီကြီး၏ ကျောပေါ်တွင် ထိုင်နေသည့် လူငယ်သည် လက်ဖက်ရည်ကို သက်တောင့်သက်သာ သောက်နေပြီး မည်သည့်မောက်မာမှု သို့မဟုတ် စွမ်းအားကြီးမားသူတစ်ယောက်၏ အငွေ့အသက်ကိုမှ ထုတ်လွှတ်ထားခြင်း မရှိပါ။ အလွန် သာမန်ရှိဟန်ရ၏။
"သူက ငါသိတဲ့လူ မဟုတ်ဘူး.."
အဘိုးအိုမှာ မျက်မှောင်ကျုံ့သွားသည်။
လီရွှမ်သည် ကြောင်နီ၏ ကျောပေါ်တွင်ထိုင်ကာ အထက်စီးမှ အောက်ရှိလူများကို ခေါင်းငုံ့ကြည့်၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် သိုင်းသမားများမှာ သူ၏ မျက်လုံးထဲသို့ပင် မဝင်ပေ။
ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲဖြစ်သူ လုရှင်ထင်း၏ စောင့်ရှောက်သူမှာ အားမနည်းပေ။ တစ်ဖက်လူသည် အမှန်တကယ်ကို အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေ၏။
မကြာသေးခင်ကမှ အထွတ်အထိပ်အဆင့်သို့ ချိုးဖျက်ခဲ့ခြင်း ဖြစ်ပေမယ့် ဤသည်မှာ စစ်မှန်သည့် စွမ်းအားကြီးမားသူတစ်ဦး ဖြစ်သည်။
သူသည် ယွဲ့အာ၏ဘေးရှိ အဘိုးအိုအပေါ်သို့ အကြည့်ရောက်သွားပြီးနောက် ခဏတာ အတွေးနက်သွား၏။ ထိုအဘိုးအိုမှာ အလွန် စွမ်းအားကြီးမားလှပါသည်။
နှစ်ယောက်စလုံးသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်လျှင်တောင် သူသည် ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲထက် များစွာ ပိုမိုသန်မာ၏။
ထို့အပြင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ပျောက်ကင်းခြင်း မရှိသေးသည့် ဒဏ်ရာဟောင်းများ ရှိနေပုံရသည်။
"စိတ်ဝိဉာဉ်ခန္ဓာလား... ဒါပေမယ့် ပျက်စီးသွားခဲ့ပြီ။ လက်ရှိစိတ်ဝိဉာဉ်ခန္ဓာက အသုံးပြုလို့မရဘူး.."
လီရွှမ်မှာ အနည်းငယ် မှင်သက်သွား၏။
"ဒီမိန်းကလေးက... သူမရဲ့ ပါရမီကလည်း မဆိုးဘူး.."
သူ၏အကြည့်က ယွဲ့အာအပေါ်သို့ ကျရောက်သွားပြီးနောက် အံ့သြစရာကောင်းလောက်အောင် စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
"သူမရဲ့ စိတ်ဝိဉာဉ်ခန္ဓာက စုလင်းရှုံနဲ့နှိုင်းယှဉ်ရင် နည်းနည်း အဆင့်နိမ့်တယ်။ ဒါပေမယ့် မဆိုးသေးဘူး.."
လင်းနယ်မြေတွင် စိတ်ဝိဉာဉ်ခန္ဓာရှင်များမှာ ထိပ်တန်းအဆင့်ပါရမီနှင့် ပါရမီရှင်များဖြစ်ကြပြီး အလွန်ရှားပါးလေသည်။
ဒီဗိုင်းခန္ဓာများပင်လျှင် အများကြီးမရှိပေ။ အထူးသဖြင့် ထိပ်တန်းအဆင့် ဒီဗိုင်းခန္ဓာများ ဖြစ်၏။ ထိုအကြောင်းကြောင့်လည်း လုရှင်ထင်းသည် ယခုမျှ နာမည်ကျော်ကြားနေခြင်း ဖြစ်သည်။
သူသည် ထိပ်တန်း ဒီဗိုင်းခန္ဓာဆယ်ခုမှ တစ်ခုဖြစ်သည့် ဒီဗိုင်းအလင်းဖြာခန္ဓာအား ပိုင်ဆိုင်ထားပြီး ထိုခန္ဓာ၏ အလားအလာကို ကောင်းမွန်စွာ မြှင့်တင်ခဲ့လေသည်။
စွမ်းအားမှာ အဆင့်တူသည့် သိုင်းသမားများ အကြားတွင် ထိပ်တန်း၌ ရှိ၏။
အဘိုးအိုအပြင် လီရွှမ်သည် သစ်ပင်ကြီးတစ်ပင်၏ထိပ်ရှိ နန်းတော်ငယ်အပေါ်သို့လည်း အကြည့်ရောက်သွားသည်။ အတွင်းထဲရှိလူမှာ အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်သာဖြစ်ပေမယ့် သူ၏ခွန်အားသည် ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲထက် ပိုမိုသန်မာပါသည်။
'အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုရဲ့ အစစ်အမှန် တပည့်လား... အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေက လူတိုင်းရဲ့ အထက်မှာ မြင့်မားစွာနေနိုင်ကြတာ အံ့သြစရာမရှိဘူး။ အသက်၃၀တောင် မပြည့်သေးပဲနဲ့ အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်နေပြီးပြီ။ သူ့ရဲ့ခွန်အားကလည်း ပထမတန်းစားဂိုဏ်းတွေက ပါရမီရှင်တွေကို နင်းခြေလုနီးပါး ရှိနေတယ်..'
နန်းတော်အတွင်းရှိ လူငယ်မှာ အလွန်သန်မာလှသည်။ အသက်၃၀တောင် မပြည့်သေးဘဲ အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်နေပြီးဖြစ်၏။
ရွှီယန်၏ လက်ရှိခွန်အားနှင့် တစ်ဖက်လူ၏ ပြိုင်ဖက် မဖြစ်နိုင်ပေ။ သို့ပေမယ့် ရွှီယန်သည် အသက်၂၀ပင်မပြည့်သေးပေ။
လျှပ်တပြက်အတွင်း လီရွှမ်သည် ပြိုင်ကွင်းပတ်ဝန်းကျင်ရှိ သိုင်းသမားများအားလုံးတို့ကို ကြည့်ရှု့ပြီးစီးသည်။
အားလုံးတို့မှာ လက်တစ်ဝှေ့နှင့် သတ်ဖြတ်နိုင်သည့် ပိုးကောင်များအဆင့်သာ ရှိ၏။ ယွဲ့အာ၏နဘေးတွင် ရပ်နေသည့် အဘိုးအိုပင် ချွင်းချက်မဟုတ်ပေ။
ချွေဟွားယွီက ရွှီယန်ကိုကြည့်ကာ အတွေးနက်သွားသည်။ မူမမှန်စွာပင် သူ၏အသွင်မှာ မည်သည့်ချိနဲ့သည့် လက္ခဏာရပ်မှ မရှိတော့ဘဲ အလွန်လေးနက်နေ၏။
'သူ့ရဲ့အငွေ့အသက်က ပုံမှန်မဟုတ်ဘူး... ကြည့်ရတာ ကျင့်ကြံတဲ့သိုင်းပညာက အရမ်းကို ထူးကဲလိမ့်မယ်..'
ဘာပဲဖြစ်ဖြစ် ချွေဟွားယွီမှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းမှ အစစ်အမှန်တပည့်တစ်ယောက် ဖြစ်၏။ သူ၏ အသိအမြင်နှင့် စဉ်းစားဉာဏ်တို့သည် ကျူ့လျန်နှင့် အခြားလူများ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
ရွှီယန်က သူ၏အငွေ့အသက်ကို ဖုံးကွယ်ထားခြင်း မရှိပါ။ ဤသည်က ခဏတာအတွင်း ချွေဟွားယွီကို အံ့ဩသွားစေသည်။ ပြီးနောက် သူသည် ကြီးမားသည့် ကြောင်နီကို ခေါင်းမော့ကြည့်ကာ အနည်းငယ် မျက်မှောင်ကျုံ့သွား၏။
'ကြည့်ရတာ စိတ်ဝိဉာဉ်သားရဲတစ်ကောင်နဲ့ မတူဘူး... ဘာတွေ ဖြစ်နေတာလဲ..'
ယွီလင့်စံအိမ်၏ ဆက်ခံသူတစ်ယောက်အနေနှင့် လင်းနယ်မြေရှိ စိတ်ဝိဉာဉ်သားရဲများ အကြောင်းကို သူတို့ထက် ပိုမိုနားလည်သူ မည်သူမှမရှိပေ။