ဘဝမှာ ဒီလောက်မောက်မာတဲ့လူကို တစ်ခါမှမမြင်ဖူးဘူး(၂)
Vol. 34 Ch. 500
'ဖြစ်နိုင်တာက ကြည့်စရာ ပွဲကောင်းတစ်ခု ပေါ်လာတော့မယ်ထင်တယ်..'
ချွေဟွားယွီသည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်ပြီးနောက် ပျင်းရိစွာဖြင့် ပြန်လည်မှီကျသွား၏။
လူအများ၏ အာရုံစိုက်မှုအောက်တွင် ရွှီယန်သည် ယှဉ်ပြိုင်ခြင်းစင်မြင့်ပေါ်သို့ တက်လာပြီး လုရှင်ထင်းကို ဂရုမစိုက်စွာ ကြည့်သည်။ သက်ပြင်းချကာ ပြော၏။
"မင်းက ဒီဗိုင်းအလင်းဖြာ ခန္ဓာကို ပိုင်ဆိုင်တဲ့ ချီမင်ဂိုဏ်းက အစစ်အမှန်တပည့် လုရှင်ထင်းဆိုတာလား.."
"ငါနည်းနည်းတော့ စိတ်ပျက်သွားပြီ... ဒီလောက် ဂုဏ်သတင်းကြီးမားပြီး ခွန်အားကျတော့ ဒါပဲလား.."
လုရှင်ထင်း၏ မျက်နှာက ဒေါသဖြင့် နီရဲလာ၏။ သူ၏ပတ်ဝန်းကျင်၌ ရွှေရောင် အငွေ့အသက်တစ်ခု ဖြာထွက်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ သိုင်းသမားများအားလုံးမှာ တိတ်ဆိတ်သွားကြ၏။ ပြီးနောက် အသက်ကို ရှူသွင်းမိကြသည်။ ရွှီယန်သည် လုရှင်ထင်း၏ ခွန်အားကို အထင်သေးနေသည်လား။
"ရွှီယန်က ဘယ်နေရာကနေ ယုံကြည်ချက်တွေ ရလာတာလဲ.."
"ဒါက ချီမင်ဂိုဏ်းရဲ့ အစစ်အမှန် ဆက်ခံသူပဲ။ ထိပ်တန်းဒီဗိုင်းခန္ဓာဆယ်ခုထဲက တစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးထဲမှာ တစ်ဖက်လူက အထင်သေးစရာ ကောင်းနေတာလား.."
"ဘယ်လောက် မောက်မာလိုက်လဲ... သူက တကယ့်ကို မောက်မာလွန်းတယ်.."
ခဏတာအတွင်း ကြည့်ရှု့နေသူ အားလုံးတို့မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
"မောက်မာတဲ့ကောင်... မင်းလို လေလွင့်သိုင်းသမားလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သတ္တိကောင်းနေရတာလဲ.."
လုရှင်ထင်းက လှံကိုမြှောက်ကာ ရွှီယန်ကို ချိန်ရွယ်၏။
"ဒီနေ့မှာ နိမ့်ကျတဲ့ လေလွင့်သိုင်းသမားမင်းနဲ့ လင်းနယ်မြေမှာရှိတဲ့ ညံ့ဖျင်းတဲ့ လေလွင့်သိုင်းသမားတွေအားလုံးကို စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ အစစ်အမှန် ပါရမီရှင်ဆိုတာ ဘယ်လိုလဲဆိုတာကို ပြပေးမယ်.."
"ဘုန်း.."
ထိုအချိန်၌ လုရှင်ထင်း၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတို့ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို လင်းလက်လာစေ၏။ ကြည့်ရှု့နေသူ အားလုံးတို့မှာ သူ၏ စွမ်းအားကြီးမားသည့် အရှိန်အဝါကြောင့် အံ့ဩကုန်ကြသည်။
ကျူ့လျန်နှင့် အခြား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများမှာ မှင်သက်နေကြ၏။ လုရှင်ထင်းသည် ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်တစ်ယောက် ပီသလှပါသည်။ ထိပ်တန်းဒီဗိုင်းခန္ဓာ ဆယ်ခုမှတစ်ခု ပီသ၏။
ကောင်းကင်လူသားကြီး အဆင့်လေးနှင့် ထုတ်လွှတ်လာသည့် အရှိန်အဝါသည် သာမန် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ထက်ပင် ပိုမိုထည်ဝါလှပါသည်။
လုရှင်ထင်းမှာ အရှိန်အဝါကို ဖော်ထုတ်ပြီး လက်ထဲရှိ ရွှေရောင်လှံမှာလည်း ရွှေရောင်အလင်းတို့ တောက်ပလာခဲ့၏။ သူသည် ကောင်းကင်နတ်ဘုရားတစ်ပါးနှင့် တူပြီး ကြည့်ရသည်မှာ ထူးကဲနေပါတော့သည်။
"ဒီလုရှင်ထင်းက အံ့သြဖို့ကောင်းသားပဲ.."
ယွဲ့အာက ပြော၏။ ပြီးနောက် တည်ငြိမ်စွာ ကြည့်နေဆဲဖြစ်သည့် ရွှီယန်ကိုကြည့်သည်။
တစ်ဖက်လူ၏ အရှိန်အဝါသည် အထင်ကြီးစရာ မကောင်းသလို သန်မာသည့် စွမ်းအားတို့ကိုလည်း ခံစားနိုင်ခြင်းမရှိပါ။
"ကြောက်သွားပြီလား.."
လုရှင်ထင်းက နှာခေါင်းရှုံ့သည်။ လှံကို ကိုင်စွဲရင်းက ခြေတစ်လှမ်းချင်းစီ တက်လာခဲ့၏။ သူ၏ အရှိန်အဝါက ပိုမိုပြင်းထန်ကာ တိုးပွားလာခဲ့သည်။
ဝန်းရံနေသည့် ရွှေရောင်အလင်းမှာ မုန်တိုင်းသဖွယ် လှိုင်းထနေပြီး ရွှီယန်၏ စိတ်ဝိဉာဉ်နှင့် အသိတို့ကို ဖျက်ဆီးတော့မည့်အလား ရှေ့သို့ တိုးဝင်လာခဲ့သည်။
"မင်းလိုမျိုး လေလွင့်သိုင်းသမားတစ်ယောက်က ကိုယ့်အစွမ်းကိုယ် အထင်မှားနေတာပဲ။ ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ကို မထိုက်တန်ဘူး။ ငါတို့ဂိုဏ်းက ရှင်ထင်းကမှ စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ရွှီယန်လိုကောင်မျိုးက ဘယ်လိုနှိုင်းယှဉ်နိုင်မှာလဲ.."
ချီမင်ဂိုဏ်းရှိ ဒုတိယအကြီးအကဲက အပြုံးတစ်ခုဖြင့် ပြောသည်။
"အမှန်ပဲ... ရွှီယန်လိုကောင်မျိုးက ဆုတ်ယုတ်နေတဲ့ ယွီကျိုးမှာပဲ သူ့ရဲ့စွမ်းအားကို ပြသနိုင်လိမ့်မယ်.."
ကျူ့လျန်က အပြုံးတစ်ခုဖြင့် သဘောတူစွာပြောသည်။ မျက်လုံးပါသည့်လူတိုင်း တွေ့မြင်နိုင်၏။ ရွှီယန်နှင့် လုရှင်ထင်းတို့မှာ တူညီသည့်အဆင့်တွင် မရှိပေ။
တစ်ယောက်မှာ သက်တန့်တစ်ခုကဲ့သို့ရှိပြီး အလင်းဖြာကာ တင့်တယ်၏။ အခြားတစ်ယောက်မှာတော့ ဒီဗိုင်းအလင်းဖြာခန္ဓာအား ကြောက်ရွံ့နေသည့်အလား မည်သည့်ထည်ဝါသည့် အရှိန်အဝါကိုမှ ထုတ်လွှတ်နိုင်ခြင်း မရှိပေ။ ဒီတိုက်ပွဲသည် ရလဒ်ထွက်ပေါ်နေပြီး ဖြစ်၏။
"အဆင်သင့်လုပ်ထား... ရွှီယန်သေတာနဲ့ မုန့်ချုံနဲ့ အခြားလူတွေကို ပါရှင်းပစ်ရမယ်.."
ကျူ့လျန်က စုကျိန်နှင့် သူ၏လူများကို ကြည့်ကာ လူသတ်ငွေ့ဆန်စွာ ပြောသည်။
"သူတို့တွေ မလွတ်ပါဘူး.."
စုကျိန်က နှာခေါင်းရှုံ့၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့ရှိ အကြီးအကဲအုပ်စုသည် ဒီနေရာတဝိုက်ကို တိတ်ဆိတ်စွာ ဝန်းရံထားပြီးဖြစ်၏။
အခြား ခြားနားသည့်ဂိုဏ်းများနှင့် မိသားစုကြီးများမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများလည်း စွမ်းအားကြီးသည့် လေလွင့်သိုင်းသမားများကို ဂရုတစိုက်ဖြင့် စောင့်ကြည့်နေသည်။
ကြီးမားသည့် တိုက်ပွဲသည် ပေါ်ထွက်လာတော့မည်ဖြစ်၏။ လူတိုင်းသည် တည်ငြိမ်စွာ ရပ်နေသည့် ရွှီယန်ကို စူးစိုက်စွာ ကြည့်နေကြသည်။
တစ်ဖက်ရန်သူသည် ဒီဗိုင်းအလင်းဖြင့် တောက်ပနေပြီး ကြီးမားသည့် ခွန်အားနှင့် ခြေတစ်လှမ်းချင်းစီ ချဉ်းကပ်လာကာ အနှိုင်းမဲ့သည့် ထည်ဝါမှုကို ပြသနေ၏။ ရွှီယန်မှာတော့ လုရှင်ထင်း၏ရှေ့တွင် ရိုးရှင်းစွာသာ ရပ်နေဆဲရှိ၏။
"ဒူးထောက်ပြီး တောင်းပန်စမ်း... အဲ့လိုဆိုရင် ငါမင်းကိုချမ်းသာခွင့် ပေးကောင်းပေးလိမ့်မယ်.."
လုရှင်ထင်းက အေးစက်စွာပြော၏။ သူ၏လေသံမှာ ထူးမခြားနားစွာ ရှိနေသည်။
"အဲ့ဒီ့စကားတွေကို မင်းအတွက် ပြန်ပေးလိုက်မယ်.."
ရွှီယန်က ပတ်ဝန်းကျင်ကို ကြည့်သည်။ ဒီနေရာတွင် ပွဲကြည့်သူများစွာတို့ ရှိနေပါသည်။ ယွီကျိုး၏ အပြင်ဘက်မှ သိုင်းသမားများ အပါအဝင်ဖြစ်၏။
ဒီတိုက်ပွဲအပြီးတွင် သူ ဓားနတ်ဘုရားရွီယန်၏ အမည်သည် လင်းနယ်မြေ၌ ကျော်ဇောမှုအချို့ ရရှိနိုင်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် လုရှင်ထင်းမှာ လော့ဒေသတွင် နံပါတ်တစ်ပါရမီရှင်ဖြစ်ပြီး လင်းနယ်မြေတလျှောက် ဂုဏ်သတင်းအနည်းငယ် ရှိ၏။
ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူဖြစ်ကာ ဒီဗိုင်းအလင်းဖြာခန္ဓာအား ပိုင်ဆိုင်ထားပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို သတ်ဖြတ်နိုင်လေသည်။
ချီမင်ဂိုဏ်းသည် သူ၏ ကိုယ်ပိုင်တပည့်ကို သေချာပေါက် လွန်ကျူးစွာ ဂုဏ်သတင်းရရန် သတင်းဖြန့်ပေးကြပေလိမ့်မည်။ သူသာ လုရှင်ထင်းကို သတ်ပြီးပါက သူ၏ဂုဏ်သတင်းသည် မြင့်တက်လာမှာ ဖြစ်၏။
"မှတ်ထား... မင်းကိုသတ်မယ့်သူက ဓားနတ်ဘုရားရွှီယန်ပဲ။ ဒီနေ့မှာ လင်းနယ်မြေရဲ့ သိုင်းသမားတွေ.. မင်းတို့လို စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက သိုင်းသမားတွေကို ဓားနတ်ဘုရားဆိုတာ ဘာလဲ။ ဓားတာအိုဆိုတာ ဘာလဲလို့ ငါပြပေးမယ်.."
ရွှီယန်က တည်ငြိမ်သည့်အပြုံးတစ်ခုဖြင့် ပြော၏။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီးနောက် ခန္ဓာကိုယ်မှ ဓားဆန္ဒက မြင့်တက်လာခဲ့သည်။
"မကြာသေးခင်က လူတစ်ယောက်က မင်းကို ကူညီသတ်ပေးဖို့အတွက် စိတ်ဝိဉာဉ်ဓားတစ်ချောင်းကို လာပေးခဲ့တယ်။ ဒါပေမယ့် ငါငြင်းဆန်လိုက်တယ်။ လက်မခံခဲ့ဘူး.."
"ဒီလောကကြီးမှာ ဓားတာအိုနဲ့ပတ်သက်ရင် ငါ့ဆရာနဲ့ ငါ့ထက်ပိုပြီး နားလည်တဲ့သူ ဘယ်သူမှမရှိဘူး.."
"ဒီနေ့မှာ စစ်မှန်တဲ့ဓားတာအိုက ဘာလဲဆိုတာကို မျက်မြင်တွေ့ရမယ်.."
"လုရှင်ထင်း.. ငါ့ရဲ့ဓားတာအိုအောက်မှာ သေဆုံးရတဲ့အတွက် မင်းဂုဏ်ယူသင့်တယ်။ လင်းနယ်မြေရဲ့ အထွတ်အထိပ်ကို ရောက်ဖို့အတွက် ငါ့ရဲ့ ခြေနင်းတစ်ခု ဖြစ်လာတဲ့အတွက်ကြောင့်ရောပေါ့.."
ကြည့်ရှု့နေသူအားလုံးတို့မှာ အံ့ဩသွားကြ၏။ ရွှီယန်ကို ပြူးကျယ်သည့် မျက်လုံးများနှင့်ကြည့်ကာ မောက်မာလှသည်လားဟု တွေးမိလိုက်ကြသည်။
ဓားနတ်ဘုရားဟူ၍ ကိုယ့်ကိုယ်ကိုယ် သမုတ်နေသည်မှာ တစ်ခုဖြစ်၏။ သို့ပေမယ့် လောကကြီးတွင် သူနှင့်သူ့ဆရာထက် ဓားတာအိုအကြောင်း ပိုမိုနားလည်သူ မရှိဟု ဆိုနေခြင်းက လွန်ကျူးသွားပါပြီ။
ပိုမိုလွန်ကျူးလှသည်မှာ လုရှင်ထင်းကို သူ၏ခြေနင်းကျောက်တုံးအဖြစ် သတ်မှတ်ထားခြင်း ဖြစ်၏။ ထိုကဲ့သို့သော သတ္တိမျိုးသည် အလွန် အရိုင်းဆန်လှသည် မဟုတ်ပါလား။ မည်မျှ မယုံကြည်နိုင်စရာကောင်းလောက်အောင် မောက်မာလှသနည်း။
"သူက အရမ်းမောက်မာလွန်းတယ်.."
ယွဲ့အာ၏ လှပသည့်မျက်ဝန်းများက အံ့ဩစွာ ပြူးကျယ်နေ၏။
"အဘိုး... သူကအရင်တုန်းက သွေးနတ်ဆိုးထက်တောင် ပိုပြီးတော့ မောက်မာတယ်မလား.."
ယွဲ့အာက ခေါင်းကိုလှည့်ကာ အဘိုးဖြစ်သူအားမေးသည်။
အဘိုးအိုမှာလည်း မှင်သက်သွား၏။ မြေးဖြစ်သူ၏ မေးစမ်းမှုကို ကြားရပြီးနောက် ပြောလေသည်။
"အဖိုးရဲ့ ဘဝတစ်သက်တာမှာ ဒီလောက်ရဲတင်းတဲ့ လူတစ်ယောက်ကို တစ်ခါမှမမြင်ဖူးခဲ့ဘူး.."
"ဒါကြီးက ရဲတင်းလွန်းသွားပြီ.."
ချွေဟွားယွီက နန်းတော်၏ ပြတင်းပေါက်ငယ်မှ ခေါင်းပြူလာပြီး လူငယ်ကိုကြည့်သည်။
"ငါ့ရဲ့ဘဝမှာ ဒီလောက်ရဲတင်းတဲ့လူကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သူက ပထမဆုံးလူပဲ။ တကယ့်ကို အတိုင်းအဆမဲ့အောင် မောက်မာလွန်းတယ်.."
ထိုနှစ်က သွေးနတ်ဆိုးပင်လျှင် သူ၏ အထွတ်အထိပ်အခြေအနေ၌ ယခုကဲ့သို့ မကြွေးကြော်ခဲ့ပေ။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများမှ ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်သည့် အဆုံးမဲ့ကြယ်တာရာ ကျောင်းတော်မှ ပါရမီရှင်များသည် အစစ်အမှန် ဆက်ခံသူများကို အနိုင်ရရှိခဲ့လျှင်တောင် ယခုမျှ မောက်မာကြခြင်း မရှိပေ။ ရွှီယန်မှာ ပထမဆုံး ဖြစ်၏။
"သူဘာလို့ ဒီလောက် မောက်မာနေလဲဆိုတာကို ငါတကယ်ပဲ တွေ့ချင်သေးတယ်။ ငါ့ထက်တောင်မှ ပိုပြီးတော့တောင် မောက်မာလွန်းတယ်။ အံ့သြဖို့ကောင်းတယ်။ တကယ့်ကို အံ့သြဖို့ကောင်းတယ်။ သူသာ မသေဘူးဆိုရင် ငါသူ့ဆီက ဘယ်လိုမောက်မာပြရမလဲလို့ နည်းလမ်းတွေ သင်ကြားရမယ်.."
ချွေဟွားယွီ၏ မျက်နှာပေါ်၌ လေးစားသည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။
အပြောခံရသည့် လုရှင်ထင်းမှာတော့ ပေါက်ကွဲလုမတတ် ဒေါသထွက်လာခဲ့သည်။ သူသည် ခြေနင်းကျောက်တုံးဖြစ်သည်လား။ အသတ်ခံရဖို့အတွက် ဂုဏ်ယူရမည်လား။
"ကောင်းပြီ ကောင်းပြီ... မင်းငါ့ကို ဘယ်လိုမျိုး ခြေနင်းကျောက်တုံး လုပ်မလဲလို့ ငါတွေ့ချင်သေးတယ်။ ဘာအကြောင်းကြောင့် ဒီလောက်မောက်မာပြီး လူတိုင်းကို အထင်သေးနေလဲ ဆိုတာကိုရောပေါ့.."
လုရှင်ထင်းကလည်း လှောင်ပြောင်စွာပြော၏။
"မင်းမှားနေပြီ... ငါရွှီယန်က ဘယ်တော့မှ မမောက်မာဘူး။ ဘယ်သူ့ကိုမှလည်း အထင်မသေးဘူး.."
ရွှီယန်က ရှေ့သို့ခြေလှမ်းတက်ကာ ပတ်ဝန်းကျင်ကို ဂုဏ်ယူစွာကြည့်၏။
"ငါက လင်းနယ်မြေရဲ့ သိုင်းသမားတွေကို စစ်မှန်တဲ့ဓါးတာအိုဆိုတာ ဘယ်လိုလဲဆိုတာ ပြချင်တာပဲရှိတယ်.."
ကြည့်ရှု့နေသူအားလုံးတို့မှာ မှင်သက်သွားကြ၏။ ဤသည်မှာ မောက်မာခြင်း မဟုတ်ပေးဘူးလား။ သူ၏ဓားတာအိုမှာ စစ်မှန်သည့် ဓားတာအိုဟု ဆိုနေလေသည်။
ရှိနေကြသည့် လူအားလုံးကို ရေတွင်းထဲက ဖားသူငယ်များဖြစ်သည်ဟု တစ်ခါတည်း ပြောလိုက်တော့မည်ဟန်ရှိ၏။
"ငါ့ရဲ့ ဘဝတစ်သက်တာမှာ ဒီလောက်မောက်မာတဲ့လူကို တစ်ခါမှမမြင်ဖူးဘူး... ဒီတစ်ကြိမ်လာတာတော့ တန်သွားပြီ.."
"တကယ်ပဲတန်တယ်.."
ကြည့်ရှု့နေကြသည့် သိုင်းသမားအားလုံးတို့သည် အံ့ဩစွာဖြင့် ရေရွတ်နေကြ၏။ ရွှီယန်သည် တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်း ခံရလျှင်တောင် သူတို့သည် ဒီခရီးစဉ်အား မတန်ဟု ခံစားရမည်မဟုတ်ပေ။ အားလုံးသည် စစ်မှန်သည့်မောက်မာမှုကို မြင်တွေ့ခဲ့ရ၏။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်ကွေးသွားသည်။ တပည့်ဖြစ်သူ၏ သရုပ်ပြမှုကို ကြည့်ကာ လက်ဖက်ရည်ကို ဆက်လက် မသောက်နိုင်လုနီးပါး ဖြစ်သွားခဲ့၏။
သို့ပေမယ့် ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲနှင့် အခြားလူများကို ခေါင်းလှည့်ကြည့်ကာ စဉ်းစားလေသည်။
"ငါ့တပည့် သရုပ်ပြတာပြီးရင် ဆရာဖြစ်တဲ့ ငါသရုပ်ပြရမဲ့အလှည့်ပဲ.."
"ကောင်းပြီ ကောင်းပြီ... ဒီလောက် သတ္တိကောင်းရလောက်အောင် မင်းမှာ ဘယ်လိုဓားတာအိုမျိုး ရှိလဲလို့ ငါလုရှင်ထင်းကို ပြပေးပါဦး.."
လုရှင်ထင်းမှာ အလွန် စိတ်မကြည်မသာ ဖြစ်နေလေသည်။ သူသည် အမြဲတမ်း ပေါ်လာသည်နှင့် အနှိုင်းမဲ့ကာ လူများ၏ ချီးကျူးအားပေးမှုကို ခံရ၏။
သို့ပေမယ့် ယခု အားလုံး၏ အာရုံများကို ရွှီယန်က ခွဲယူသွားလေသည်။ သူကိုယ်တိုင်မှာ လူပြက်တစ်ယောက် ဖြစ်သည်လားဟူသည့် ခံစားချက်ကို ပေးစွမ်းလာ၏။ သည်းခံနိုင်စရာ မရှိပေ။ ထိုကဲ့သို့သော စော်ကားမှုမျိုးကို မည်ကဲ့သို့ ငြိမ်နေနိုင်မည်နည်း။
"ဘုန်း.."
ခွန်အားအပြည့်ကို အသုံးပြုကာ ကျင့်စဉ်ကို အသတ်သွင်းလိုက်သည်။ ရွှေရောင်အလင်းက ကောင်းကင်သို့ မြင့်တက်သွားပြီး သူ၏လှံမှ လှိုင်းများကဲ့သို့ ရွှေရောင်စွမ်းအင်တို့ ထွက်ပေါ်လာခဲ့သည်။
ရွှီယန်မှာ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာသာ ရပ်နေ၏။ သူ၏အကြည့်က ထူးမခြားနားစွာ ရှိနေပြီး အထင်သေးမှုတစ်ခုကို သယ်ဆောင်ထားသည်။
လုရှင်ထင်း၏ ကျင့်စဉ်အား အသက်သွင်းမှုကို တိတ်ဆိတ်စွာ စောင့်စားနေပြီး ဒီဗိုင်းခန္ဓာ၏ စွမ်းအားကို ဂရုမစိုက်စွာ ရှိနေသည်။
"ကြည့်ရတာ လုရှင်ထင်းက ဒေါသကြီးနေတဲ့ လူမိုက်သက်သက်လိုပဲ။ လူပြက်လို ခံစားလာရတယ်။ ဘာလို့လဲမသိဘူး.."
သိုင်းသမားတစ်ယောက်က မယုံကြည်နိုင်စွာ ပြော၏။ ရွှီယန်၏ အငွေ့အသက်မှာ အံ့ဩစရာမကောင်းပေ။ သို့ပေမယ့် သူသည် လုရှင်ထင်းအား မျက်လုံးထဲသို့ မထည့်ဟန် ရသည်။
တစ်ဖက်ရှိ လုရှင်ထင်းမှာတော့ ဒေါသတကြီးဖြစ်နေပြီး ကျင့်စဉ်ကို အဆုံးစွန်အထိ အသက်သွင်းကာ ဒီဗိုင်းခန္ဓာအား အကန့်အသတ်အထိ လှုံ့ဆော်ထားသည်။
"ဘုန်း.."
ထိုစကားကို ပြောခဲ့သည့် သိုင်းသမားသည် လျှပ်တပြက်အတွင်း လက်သီးချက်ဖြင့် သတ်ဖြတ်ခံလိုက်ရ၏။
ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲ၏ မျက်လုံးများက အေးစက်နေကာ ပတ်ဝန်းကျင်ရှိ လူများကို ကြည့်သည်။
သတ်ဖြတ်ခြင်းအငွေ့အသက်က လေထဲတွင် လွင့်ပျံလာ၏။
ကျန်ရှိသည့် သိုင်းသမားများအားလုံး ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။ ခုနကလူသည် သူတို့၏ခံစားချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ပေမယ့် ယခုအချိန်၌ မည်သူမှ တရားမျှတမှု ရှာရဲခြင်းမရှိပါ။
လူတိုင်းသည် အသက်ဆုံးရှုံးမှာကို ကြောက်ကြ၏။ ခုနကလူသည် တွေးတောခြင်းမရှိဘဲ စကားပြောခဲ့ခြင်းကြောင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
李 玄: