လင်းနယ်မြေ၌ နာမည်ကျော်ကြားခြင်း၊ ချီမင်ဂိုဏ်း၏ဒေါသ(၂)
Vol. 34 Ch. 504
သူတို့သည် လှုပ်ရှားမှုမပြုခဲ့မှုအတွက် စိတ်သက်သာရာရစွာပင် ခံစားနေရ၏။ မဟုတ်ပါက သံသယဝင်စရာမကောင်းလောက်အောင် သေဆုံးရမှာ ဖြစ်သည်။
ရွှီယန်၏နောက်ရှိ ပုဂ္ဂိုလ်သည် အမှန်တကယ်ကြောက်စရာကောင်းလှ၏။ ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။
သူသည် ထိုအဆင့် ပုဂ္ဂိုလ်များအကြားတွင် အားနည်းသည်ဟု ဆိုနိုင်လျှင်တောင် ဤသည်မှာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်နေသေး၏။ ယွီကျိုးတစ်ခုလုံးကို ဖိနှိပ့်ထားနိုင်သည့် စွမ်းအားကြီးတည်ရှိမှုဖြစ်သည်။
သို့ပေမယ့် သူသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့ရှိ အကြီးအကဲများနှင့် ပူးပေါင်းကာ အတူတူတိုက်ခိုက်မှု ပြုခဲ့လျှင်တောင် လျှပ်တပြက်အတွင်း သုတ်သင်ခံခဲ့ရဆဲ ရှိ၏။
အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများရှိ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်များပင်လျှင် ယခုထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြမည် မဟုတ်ဟု ထင်မြင်မိသည်။
ထိုလူသည် အဆင့်လွန်ဂိုဏ်းများရှိ အသန်မာဆုံးလူများနှင့် နှိုင်းယှဉ်နိုင်သည်လား။
ရွှီယန်ပြသခဲ့သည့် ဓားပညာမှာလည်း အမှန်တကယ်ကို အံ့သြဖို့ကောင်းလှသည်။ သူသည် မောက်မောက်မာမာပြောရန်အတွက် အရည်အချင်းပြည့်မှီ၏။ ထိုကဲ့သို့သော မကြားဖူးသည့် ဓားပညာအား မည်သည့် ဓားကျင့်ကြံသည့် သိုင်းသမားမှ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ဖူးပေ။
သိုင်းတစ်ထောင်ခန်းမရှိ အသန်မာဆုံး ဓားပညာကျင့်ကြံသူပင်လျှင် ယခုမျှ စွမ်းဆောင်နိုင်မည်လားဟု သံသယဝင်မိသည်။
လက်ရှိအချိန်၌ သူ၏ခွန်အားသည် ရွှီယန်ထက် ပိုမိုသန်မာပေမယ့် အပင်နှင့်ကျောက်တုံးတို့ကို ဓားအဖြစ် ပြောင်းလဲနိုင်မည်လား။ တောင်တစ်ခုကို ဓားအဖြစ်ပြောင်းလဲနိုင်မည်လား။ မဖြစ်နိုင်ပေ။
"သူကဘယ်သူလဲ... ဘယ်လိုပညာရပ်မျိုးကို သုံးသွားတာလဲ.."
သိုင်းသမားများစွာတို့သည် သံသယများစွာဖြင့် သက်ပြင်းချမိကြ၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားမှာ နဂါးတစ်ကောင်ကဲ့သို့ သက်ဆင်းလာပြီး သတ်ဖြတ်ခြင်းနယ်ပယ် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
လက်တစ်ဝှေ့နှင့် ရန်သူများကို သုတ်သင်ခဲ့၏။
ထိုသူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို မည်ကဲ့သို့ ဆွဲယူခဲ့သနည်း။ မည်ကဲ့သို့ ထိန်းချုပ်ခဲ့သနည်း။
"အခု ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ငါတို့ရဲ့အပိုင်ပဲ.."
ယွိကောင်းက ရှိနေကြသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို ပြောသည်။
"ဒါပေမယ့် အခုအချိန်က ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ကိုယ်ထင်ပြရမယ့်အချိန် မဟုတ်သေးဘူး။ ဒါကြောင့်မို့လို့ နှိမ့်ချဖို့ လိုအပ်သေးတယ်။ သူတို့တွေ တုံ့ပြန်မှုမပြုနိုင်ခင်မှာ စုမိသားစုနဲ့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို သိမ်းပိုက်ရမယ်.."
"ရတနာတိုက်တွေကို ရှာပြီးတော့ အမြန်ဆုံး အကုန်လုံးကို သိမ်းယူကြ။ ငါတို့ရဲ့နာမည်ကို မပေါ်စေနဲ့.."
"မဟုတ်ရင် အခြားဒေသက စိတ်ဝိဉာဉ်ဂိုဏ်းတွေ သေချာပေါက်ဝင်ပါလာလိမ့်မယ်.."
ယွိကောင်းမှာ အလွန် စိတ်လှုပ်ရှားနေ၏။ ဒီတိုက်ပွဲ၏ အကြီးမားဆုံး အောင်နိုင်သူမှာ သံသယဝင်စရာမကောင်းလောက်အောင် ယွီကျိုး၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့ ဖြစ်သည်။
"အဲ့ဒီ့အကြီးအကဲက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်.."
ယွိကောင်းသည် နှလုံးသားထဲတွင် အသံပြုမိ၏။ ရွှီယန်က ပြသခဲ့သည့် ဓားပညာမှာလည်း သူ့ကိုနက်ရှိုင်းစွာ အံ့သြစေခဲ့သည်။
ဒီတိုက်ပွဲသည် ရွှီယန်၏ လင်းနယ်မြေတွင် နာမည်ကျော်ကြားမှုအတွက် စတင်ခြင်းခြေလှမ်းဖြစ်ပြီး လုရှင်ထင်းမှာ ရွှီယန်၏ လင်းနယ်မြေအထွတ်အထိပ်သို့ တက်လှမ်းရန်အတွက် ခြေနင်းကျောက်တုံးတစ်ခု ဖြစ်သည်။
"မဟာစောင့်ရှောက်သူ... စိတ်မပူပါနဲ့... ကျွန်တော်တို့နားလည်ပါတယ်.."
မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများက စိတ်လှုပ်ရှားစွာဖြင့် အသီးသီး ပြန်ကြားကြသည်။
"ကောင်းတယ်... သွားရအောင်.."
ယွိကောင်းက လက်ကိုဝှေ့ရမ်းသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်စိတ်တစ်ပိုင်းကို ဦးဆောင်ကာ ထွက်ခွာသွားပြီး ကျန်လူများကို စုမိသားစုဆီသို့ စေလွှတ်လိုက်၏။
အခြားစိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှာတော့ ယခုအချိန်၌ သေလုမတက် ကြောက်ရွံ့နေကြပြီး ဝင်ပါရဲခြင်း မရှိကြပေ။
'ညီလေးရွှီက အံ့သြဖို့ကောင်းလွန်းတယ်... ငါရှန်ဟိုင်ကျိုးက တကယ့်ကို ပညာရှိလူတစ်ယောက်ပဲ။ ဒီလိုစစ်မှန်တဲ့ နဂါးတစ်ကောင်ကို မှတ်မိပြီး အစကတည်းက ကြီးမားတဲ့ အရိပ်အောက်ကို ခုန်ဝင်နိုင်ခဲ့တယ်..'
ရှန်ဟိုင်ကျိုးက သက်ပြင်းချသည်။ သူ၏ ရွှီယန်နှင့် ပတ်သက်မှုကြောင့် ယွီကျိုးတွင် ရှန်မိသားစု၏ အဆင့်အတန်းသည် တည်ငြိမ်စွာရှိနေပြီး ဆက်လက်၍ပင် မြင့်မားနိုင်လောက်သည်။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ပျက်စီးတော့မှာဆိုတော့ သူတို့ရဲ့ပိုင်နက်တွေနဲ့ လူတွေကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အဲ့ဒီ့လူတွေ ပွင့်ပွင့်လင်းလင်းလည်း သိမ်းပိုက်ရဲမှာ မဟုတ်ဘူး။ အဲ့ဒီ့အချိန်မှာ ငါ့ရဲ့ရှန်မိသားစုက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုရဲ့ ပိုင်နက်တွေကို တရားဝင် ဝင်ရောက်ဝယ်ယူမယ်ဆိုရင် မျှတတယ်မလား.."
"ဒီအကြောင်းကို ဖန်းဟောင်ကိုပြောရမယ်... ဒါကအခွင့်အရေးတစ်ခုပဲ.."
ရှန်ဟိုင်ကျိုးမှာ အတွေးနက်သွား၏။
"ဟားဟားဟား... လူအိုကြီးကျူ့လျန်... ငါရှန်ထိုင် အဆင့်ချိုးဖျက်ပြီးကွ... မင်းဘယ်အချိန်အထိ မောက်မာနိုင်ဦးမလဲလို့ ကြည့်တာပေါ့.."
ရုတ်တရက် အရိုင်းဆန်သည့် ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားကြီးမားသည့် အရှိန်အဝါက ပတ်ဝန်းကျင်သို့ လွှမ်းခြုံသွားသည်။
ရှန်မိသားစု၏ အကြီးအကဲအားလုံးတို့မှာ အံ့သြသွားကြ၏။ သူတို့အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ပျော်ရွှင်စွာဖြင့် ထွက်ပေါ်လာကြသည်။
ရှန်ထိုင်သည် အဆင့်ချိုးဖျက်ခဲ့လေပြီ။ ယခုအချိန်၌ ရှန်မိသားစုတွင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို နှိုင်းယှဉ်နိုင်သည့် စွမ်းအားအား ပိုင်ဆိုင်ထားပြီ ဖြစ်၏။
"ဟားဟား... ဒီနေ့မှာ ငါအရမ်းပျော်နေတယ်... ဟိုခွေးကောင်ကျူ့လျန်ကို သွားရှာပြီးတော့ နည်းနည်းလောက် ပြိုင်ကြည့်ရမယ်.."
ရှန်ထိုင်က စိတ်လှုပ်ရှားစွာပြောသည်။
"အဖေ...နေဦးနေဦး...."
ရှန်ဝမ်က သူ၏ဖခင်ကို အလျှင်အမြန်လှမ်းအော်၏။ တစ်ဖက်လူသည် ကျယ်လောင်စွာရယ်မောနေပြီး မောက်မာသည့်အသွင်ဖြင့် ရှိနေသည်။
"ဘာလဲ... ကျေးဇူးမသိတတ်တဲ့သား။ မင်းကငါ့ကို ကျူ့လျန်ကို မနိုင်ဘူးထင်နေတာလား.."
ရှန်ထိုင်၏ မျက်ခုံးများက မျက်မှောင်ကျုံ့သွားသည်။ သူသည် ရုတ်တရက် လက်သီးယားလာသည်ဟု ခံစားလိုက်ရ၏။ သားဖြစ်သူအား ထိုးချင်နေလေသည်။
"မဟုတ်ဘူးအဖေ... ကျူ့လျန်သေပြီ.."
ရှန်ဝမ်က အလောတလျှင် ပြောသည်။
"ဟုတ်တယ်... ကျူ့လျန်သေပြီ.."
ရှန်မိသားစုမှ အကြီးအကဲများကလည်း သဘောတူညီစွာ ခေါင်းငြိမ့်ကြသည်။
ရှန်ထိုင်မှာ မှင်သက်သွား၏။ သူသည် ဆက်လက်မောက်မာနိုင်ခြင်း မရှိတော့ဘဲ လေးနက်စွာမေး၏။
"ကျူ့လျန်က ဘယ်လိုလုပ်ပြီး သေတာလဲ... သူ့ကို ဘယ်သူသတ်လိုက်တာလဲ.."
ရှန်ဝမ်က အသက်ကိုနက်ရှိုင်းစွာရှူပြီး သူ၏မျက်နှာက လေးနက်လာခဲ့သည်။ မျက်လုံးများထဲရှိ အံ့သြမှုမှာ ဖုံးကွယ်၍မရနိုင်အောင် ရှိနေ၏။
"ရွှီယန်ကို အဖေသိတယ်မလား... ဒါတွေအားလုံးက ပါရမီရှင်များအကြား တိုက်ပွဲကနေ စတင်ခဲ့တာ..."
ရှန်ဝမ်က အကြောင်းအရာကိစ္စများကို အစအဆုံး အသေးစိတ် ပြန်ပြောင်းပြောပြ၏။
"ဒါက...ဒါက..."
ရှန်ထိုင်မှာ မယုံကြည်နိုင်လောက်အောင် အံ့သြသွားသည်။ ထို့နောက် လေးနက်စွာပြော၏။
"ငါတို့တွေ ငါ့ရဲ့အဆင့်ချိုးဖျက်မှုကို လျှို့ဝှက်ချက်အဖြစ် ထားရမယ်။ ဘာလှုပ်ရှားမှုမှ မပြုခင်မှာ အပြင်ဘက်က အခြေအနေကို ကောင်းကောင်း စောင့်ကြည့်ရမယ်။ မိသားစုက လူတိုင်းကိုလည်း နှိမ့်နှိမ့်ချချနေဖို့ပြောထား.."
"လင်းနယ်မြေမှာ စစ်မှန်တဲ့ မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာခဲ့ပြီ။ ကြည့်ရတာ ပြီးခဲ့တုန်းက သွေးနတ်ဆိုးထက်တောင်မှ ပိုပြီး ကြောက်ဖို့ကောင်းလိမ့်မယ်.."
"ငါတို့တွေသွားပြီး ထိပါးလို့မဖြစ်ဘူး... ငါ့ရဲ့ လိမ္မာတဲ့မြေးရော... သူ့ကိုခေါ်လိုက်.."
ထိုစကားကိုပြောပြီးနောက် ရှန်ထိုင်သည် နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ သူသည် အဆင့်ချိုးဖျက်လင့်ကစား နိမ့်ကျစွာနေရန် လိုအပ်သေးသည်။
ပါရမီရှင်များအကြား တိုက်ပွဲ၏ သတင်းသည် ဆက်လက်ပျံ့နှံ့နေ၏။ ဓားနတ်ဘုရားရွှီယန်၏ နာမည်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် ကျော်ကြားလာပြီး မယုံကြည်နိုင်စရာ ကောင်းလှသည့် ပုံပြင်များ ပိုမိုပိုမိုကာ ပေါ်ပေါက်လာခဲ့သည်။
"ဓားနတ်ဘုရားရွှီယန်ဆိုတာ လုရှင်ထင်းကို သတ်ခဲ့တဲ့ လေလွင့်သိုင်းသမား ပါရမီရှင်ပဲ... သူ့ရဲ့ဓားပညာက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ မင်းသိလား... လက်တစ်ချက်ဝှေ့လိုက်တာနဲ့ အပင်နဲ့မြက်တွေက ထက်မြတဲ့ဓားတွေအဖြစ် ပြောင်းလဲသွားကြတယ်..."
"မင်းရဲ့သတင်းက မှားနေပြီ... ငါ့မိတ်ဆွေရဲ့ မိတ်ဆွေက အဲ့ဒီ့မှာရှိတဲ့လူဘဲ... ရွှီယန်က လက်ညှိုးတစ်ချောင်းပဲထောင်လိုက်တာ တောင်ကြီးက ကြောက်စရာကောင်းတဲ့ဓားအဖြစ် ပြောင်းလဲသွားပြီးတော့ ခုတ်ချလာခဲ့တယ်တဲ့.."
...
"မင်းကြားသေးလား... ရွှီယန်က ဓားဆိုတဲ့စကားလုံးတစ်လုံးကို ရေရွတ်လိုက်တာနဲ့ ကြီးမားတဲ့တောင်ကြီးတစ်ခုက ဓားကြီးတစ်ချောင်းအဖြစ် ပြောင်းလဲသွားတယ်တဲ့။ အဲ့ဒီ့ဓားစွမ်းအင်ရဲ့ အငွေ့စင်တာကနေ လုရှင်ထင်းတစ်ယောက် ပြာအဖြစ် ပြောင်းလဲသွားခဲ့တယ်..."
"မဟုတ်တာမပြောနဲ့... အဲ့ဒီ့အချိန်တုန်းက ငါ့သူငယ်ချင်းက အဲ့မှာရှိနေတာ။ ရွှီယန်က ပါးစပ်မဖွင့်လိုက်သလို လက်လည်းမလှုပ်ဘူး... မျက်လုံးနဲ့ ကြည့်လိုက်တာနဲ့ တောင်ကြီးက လိုလိုလာလားနဲ့ ဓားအဖြစ်ပြောင်းလဲသွားတာ။ ပြီးတော့ လုရှင်ထင်းကို သတ်လိုက်တာ..."
ကောလဟာလများက ပိုမိုပိုမိုကာ ချဲ့ကားလာခဲ့၏။ အမှန်တရားနှင့် ပိုမိုဝေးကွာလာခဲ့သည်။ ကြားရသည့်လူတိုင်းကို ပေါက်ကရနိုင်လွန်းသည်ဟု ခံစားရစေ၏။
အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရှိ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များပင်လျှင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သည် မဟုတ်ပါ။ လေလွင့်သိုင်းသမားပါရမီရှင်တစ်ယောက်ဆိုလျှင် ပိုဆိုးသေး၏။
"ကြည့်ရတာ လေလွင့်သိုင်းသမားတွေ လျောက်ကြွားနေတဲ့ နောက်ထပ်ပုံပြင်တစ်ပုဒ် ဖြစ်လိမ့်မယ်... ငါ့အမြင်မှာတော့ လုရှင်ထင်းကိုသတ်တာ မှန်လိမ့်မယ်။ ဒါပေမယ့် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လိမ့်မယ်။ အဲ့ဒါကလည်း လုရှင်ထင်းက အမှိုက်ဖြစ်နေလို့သာ... သူက စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ အခြားပါရမီရှင်တွေကို သိက္ခာကျစေခဲ့တယ်.."
ပါရမီရှင်တစ်ယောက်က နှာခေါင်းရှုံ့သည်။
အပင်များကို ဓားအဖြစ် ပြောင်းလဲသည်လား... တောင်ကိုဓားအဖြစ် ပြောင်းလဲသည်လား... ဤသည်မှာ ပေါက်ကရနိုင်လွန်းလေသည်။ ကြွားဝါသည်ကိုပင် ယုတ္တိရှိအောင် မပြောတတ်ပေ။
"ချီမင်ဂိုဏ်းရဲ့ စွမ်းအားက သာမန်ပဲ... အဲတော့လုရှင်ထင်းလို တပည့်တစ်ယောက်က ဘယ်လောက်အထိ စွမ်းအားကြီးနိုင်မှာလဲ... ဒီဗိုင်းအလင်းဖြာခန္ဓာက ထိပ်တန်းရတနာခန္ဓာဆယ်ခုထဲက တစ်ခုအပါအဝင် ဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် ရတနာခန္ဓာလေးပဲ.."
"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် လေလွင့်သိုင်းသမား နှစ်ယောက်သုံးယောက်လောက်ကို သတ်လိုက်တာက သူ့ကိုယ်သူ အရမ်းစွမ်းအားကြီးပြီးပြီလို့ ထင်သွားတာ ဖြစ်မယ်.."
"အဲ့ကောင်က သေတာထိုက်တန်တယ်... ဒါပေမယ့် စိတ်ဝိဉာဉ်ဂိုဏ်းက ပါရမီရှင်တွေရဲ့ မျက်နှာပန်းကို ပျောက်ဆုံးစေခဲ့တယ်.."
"ဟန့်... အဲ့ဒီ့ရွှီယန်သာ ငါနဲ့တွေ့ရင် အသက်သုံးကြိမ်ရှူစာအတွင်း မရှုံးဘဲနေနိုင်ရင်တောင် လေလွင့်သိုင်းသမားတွေအကြားမှာ နံပါတ်တစ်ပါရမီရှင်လို့ ခေါ်ပေးလိုက်မယ်.."
လင်းနယ်မြေရှိ နာမည်ကျော်ကြားသည့် ပါရမီရှင်တစ်ယောက်က မနှစ်မျို့စွာပြော၏။ ရွှီယန်၏သတင်းမှာတော့ ပိုမိုပျံ့နှံ့လေလေ ပိုမိုလွန်ကြူးလေ ဖြစ်လာခဲ့၏။
ထို့ကြောင့် ယုံကြည်သည့် လူများလည်း ပိုမိုနည်းပါးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နောက်ကွယ်မှ တစ်ယောက်ယောက်က သေချာပေါက် ကြိုးကိုင်နေသောကြောင့် ဖြစ်၏။
တစ်ဖက်တွင် လီရွှမ်၏ လှုပ်ရှားမှုပြုခဲ့သည့် အကြောင်းမှာတော့ လင်းနယ်မြေတလျှောက် ဘယ်တော့မှ ပျံ့နှံခြင်းမရှိခဲ့ပေ။ ကြည့်ရသည်မှာ တမင်ဖုံးကွယ်ထားသည် ထင်၏။
မည်သို့ပင်ဆိုစေကာမူ လော့ဒေသ၏ နာမည်ကျော်ကြားသည့် ပါရမီရှင် လုရှင်ထင်းသည် ပါရမီရှင်များ၏ တိုက်ပွဲတွင် သတ်ဖြတ်ခံခဲ့ရလေသည်။
ဤသည်မှာ အချိန်အတော်ကြာပြီးနောက် ပထမဆုံး ဖြစ်ပွားခဲ့သည် ပါရမီရှင်များ၏ တိုက်ပွဲဖြစ်၏။ သို့ရာတွင် စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်မှာ ကျရှုံးခဲ့လေသည်။
ဤသည်က ကြီးမားသည့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး စိတ်ဝိဉာဉ်ဂိုဏ်းရှိ စွမ်းအားကြီးပုဂ္ဂိုလ်များကို အရှက်ရကာ ဒေါသထွက်စွာ ခံစားရစေသည်။
လော့ဒေသရှိ ချီမင်ဂိုဏ်းတွင် လူတိုင်းသည် မယုံကြည်နိုင်စွာ ရှိနေဆဲရှိ၏။ လုရှင်ထင်းသည် ရှုံးနိမ့်ခဲ့သည်လား။ အသတ်ခံခဲ့ရသည်လား။
ပြောရလျှင် စောင့်ရှောက်သူအဖြစ် ဒုတိယအကြီးအကဲ ရှိရာ ရှုံးနိမ့်လျှင်တောင် အသတ်မခံရသင့်ပေ။
သို့ပေမယ့် သတင်းရောက်ရှိလာသည်မှာ လုရှင်ထင်းသည် သေဆုံးခဲ့ပြီးဖြစ်၏။ ဒုတိယအကြီးအကဲမှာလည်း သေဆုံးခဲ့သည်။
ဒုတိယအကြီးအကဲသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်၏။
မကြာသေးခင်က အဆင့်ချိုးဖျက်ခဲ့ခြင်း ဖြစ်လျှင်တောင် ဤသည်မှာ စစ်မှန်သည့် စွမ်းအားကြီးပုဂ္ဂိုလ်ဖြစ်သည်။
"ဘယ်သူလုပ်ခဲ့တာလဲ.."
ချီမင်ဂိုဏ်းချုပ်၏ မျက်နှာက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်တို့ မြင့်တက်လာ၏။ ရှိနေကြသည့် အကြီးအကဲများ အားလုံးမှာလည်း ဒေါသတကြီး ဖြစ်နေကြသည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့တွေ လက်စားချေရမယ်... ရွှီယန်ကိုသတ်ရမယ်... မဟုတ်ရင် ကျွန်တော်တို့ ချီမင်ဂိုဏ်းရဲ့ မျက်နှာကို ဘယ်မှာသွားထားရမှာလဲ.."
"ဟုတ်တယ်... ငါတို့တွေ ရွှီယန်ကို မရရအောင်သတ်ရမယ်.."
"ပြီးတော့ သူ့နောက်ကလူတွေရောပဲ.."
"ဒီလိုစွမ်းအားမျိုးနဲ့ လူတစ်ယောက်က ဒီလိုပါရမီရှင်မျိုးကို ပျိုးထောင်ခဲ့တယ်... အဲ့ဒါက သာမန်လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်နိုင်ဦးမှာလား... ကြည့်ရတာ ဝမ်ရှင်းရဲ့ အကြွင်းအကျန်တွေ ဖြစ်ရမယ်။ သံသယဝင်စရာမရှိဘူး.."
အကြီးအကဲများက အံကိုကြိတ်ကာ ပြောကြ၏။
"ငါတို့တွေ ရွှီယန်ကိုသတ်ရမယ်... ဒါပေမယ့် သူတို့ရဲ့ခွန်အားကိုလည်း အထင်သေးလို့မရဘူး။ ဂိုဏ်းချုပ်ကိုယ်တိုင် လှုပ်ရှားမှုပြုရင်တောင်မှ သုတ်သင်နိုင်မယ်လို့ သေချာလို့လား.."
"ဒီကိစ္စက ချီမင်ဂိုဏ်းတစ်ခုထဲရဲ့ ကိစ္စမဟုတ်တော့ဘူး။ လင်းနယ်မြေက စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေရဲ့ ဂုဏ်သတင်းနဲ့ သက်ဆိုင်နေတယ်။ သူတို့ရဲ့ အုပ်ချုပ်မှုနဲ့ရောပဲ.."
ချီမင်ဂိုဏ်းရှိ မဟာအကြီးအကဲက လေးနက်စွာပြောသည်။
"မဟာအကြီးအကဲပြောတာ မှန်တယ်... ရွှီယန်ရဲ့ နောက်ကွယ်မှာ ဝမ်ရှင်းရဲ့ အကြွင်းအကျန်တွေ ရှိရှိမရှိရှိ ဒါက ငါတို့စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေကို စိန်ခေါ်တာပဲ။ ဒီအတောအတွင်းမှာ လေလွင့်သိုင်းသမားအင်အားစုနဲ့ ပတ်သက်ပြီးတော့ သတင်းတစ်ခုရထားတယ်.."
"ငါတို့တွေ အခြားမိတ်ဆွေဂိုဏ်းတွေကို ဆက်သွယ်ပြီး ကောင်းကောင်းဆွေးနွေးသင့်တယ်.."
ဂိုဏ်းချုပ်ရှင်းက ညို့မှိုင်းသည့်မျက်နှာဖြင့် ပြော၏။