← Chapters

ဝမ်ရှင်း၏သူရဲကောင်းများ၊ ရတနာဓားအား ထုလုပ်ခြင်း

Vol. 34 Ch. 505

ဝမ်ရှင်း၏သူရဲကောင်းများ၊ ရတနာဓားအား ထုလုပ်ခြင်း

Vol. 34 Ch. 505

ပါရမီရှင်များအကြား တိုက်ပွဲသည် အဆုံးသတ်ပြီး ဖြစ်၏။ သို့ပေမယ့် ထိုပွဲ၏ လှိုင်းထမှုများမှာတော့ ရိုက်ခတ်နေဆဲ ရှိသည်။

ရလဒ်အနေနှင့် ယွီကျိုး၏အခြေအနေမှာ ပြောင်းလဲသွားခဲ့၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ပိုင်နက်များကို တစ်ယောက်ယောက်က ရုတ်တရက် သိမ်းပိုက်သွားသည်။

အခြား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအနေနှင့် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ နောက်ဆုံးတွင် လှုပ်ရှားမှုပြုရန်အတွက် ဆုံးဖြတ်ချက်ချလိုက်ချိန်၌ ရှန်မိသားစုရှိ ရှန်ထိုင်က ကိုယ်ထင်ပြလာခဲ့၏။

ထို့နောက် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အသစ်တစ်ယောက်ဖြစ်သည့် ယွိကောင်းလည်း ပေါ်လာခဲ့ပြီး ယွီကျိုးတွင် အသန်မာဆုံးဖြစ်လာခဲ့၏။

ရှန်မိသားစုသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ပိုင်နက်များကို တစ်ခါတည်းပင် သူတို့၏ အုပ်ချုပ်မှုအတွင်းသို့ သွပ်သွင်းလိုက်သည်။ အခြားစိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများဆီသို့ ခွဲဝေပေးမည့် မည်သည့်ရည်ရွယ်ချက်မှ ပြသခြင်းမရှိပါ။

အခြားလူများမှာ ရွေးချယ်စရာမရှိဘဲ လက်ခံရုံသာတတ်နိုင်၏။ ပါရမီရှင်များအကြား တိုက်ပွဲကို ကြုံတွေ့ခဲ့ပြီး ရွှီယန်၏စွမ်းအားကို တွေ့ရပြီးနောက်... အထူးသဖြင့် နောက်ဆုံးမြင်ကွင်းကို တွေ့ရပြီးနောက် သူတို့၏ သိုင်းပညာအပေါ် နားလည်မှုမှာ ပြောင်းလဲသွားခဲ့သည်။

ရွှီယန်လည်းပဲ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ပိုင်နက်များကို စိတ်ဝင်စားလောက်၏။ ဘာပဲဖြစ်ဖြစ် ထိုလျှို့ဝှက်ဆန်းကြယ်သည့် လေလွင့်သိုင်းသမားအဖွဲ့အစည်းမှာ အင်အားတောင့်တင်းလှသည်။

ယခုအချိန်၌ ရှန်မိသားစုက ရှေ့တက်လာရာ လူတိုင်းအနေနှင့် ထောက်ခံမှုပေးရန်သာ တတ်နိုင်၏။ သူတို့၏ လက်ရှိပိုင်နက်များကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်ပင် ကံကောင်းနေပါပြီ။

သို့ပေမယ့် ဤသည်မှာ အပြင်ပန်း၌သာ ဖြစ်၏။ တိတ်တစ်စိတ်တွင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ပိုင်နက်များကို မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် ရှန်မိသားစုက သဘောတူညီချက်ရရှိကာ အတူတူထိန်းချုပ်ကြလေသည်။

သိသာစွာပင် ရှန်မိသားစုသည် လေလွင့်သိုင်းသမားများနှင့် ပူးပေါင်းမှုအား ဝန်ခံခြင်းမရှိပေ။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကလည်း ရှန်မိသားစုနှင့် ပတ်သက်ဆက်နွယ်ကြောင်းကို ဝန်ခံခြင်းမရှိပါ။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလိုလိုနားလည်သဘောပေါက်မှု ရထားကြဟန်ရှိ၏။ ထို့ကြောင့် အပြင်ပန်းတွင် ရှန်မိသားစုက ထိန်းချုပ်ထားခြင်းဖြစ်ပေမယ့် အရင်းအမြစ်များကို ခွဲဝေပေးပြီးဖြစ်သည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ စိတ်ဝိဉာဉ်သတ္တုတွင်းကြီး နှစ်ခုရှိ အခင်းအကျင်းများအား ရုတ်သိမ်းပြီးနောက် သတ္တုတွင်းအတွင်းရှိ တပည့်များသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှာ မရှိတော့ကြောင်းကို ထိတ်လန့်ဖွယ် သိရှိသွားကြသည်။

နံပါတ်တစ် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ တပည့်များအဆင့်မှ သတ္တုတွင်းတူးသမားများ၊ လေလွင့်သိုင်းသမားများအဖြစ် အဆင့်ကျသွားမှုက ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုကို ဖြစ်ပေါ်စေခဲ့၏။

လူပေါင်းများစွာတို့သည် သည်းခံနိုင်စွမ်း မရှိတော့ပေ။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ကိုယ့်ကိုယ်ကိုယ် ပါရမီကောင်းမွန်သည်ဟု တွေးထင်ကြသည့် တပည့်အချို့တို့သည် အခြား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများဆီသို့ ဝင်ရောက်ရန် စိတ်ကူးဖြင့် သတ္တုတွင်းထဲမှ ထွက်လာခဲ့ကြ၏။

လက်ရှိအချိန်၌ ယွီကျိုးရှိ အင်အားစုအားလုံးတို့နှင့် သိုင်းသမားများသည် ချီမင်ဂိုဏ်း၏ တုံ့ပြန်မှုအတွက် စောင့်စားနေကြသည်။ ရွှီယန်ကရော ချီမင်ဂိုဏ်း၏ တုံ့ပြန်မှုအတွက် မည်ကဲ့သို့ ရင်ဆိုင်မည်နည်း။ ဘာပဲဖြစ်ဖြစ် တစ်ဖက်ဂိုဏ်းသည် လော့ဒေသ၏ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု ဖြစ်သည်။

သို့ရာတွင် ကောင်းကင်မှ သက်ဆင်းလာသည့် ကြောက်စရာကောင်းသည့် စွမ်းအားကြောင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအမြောက်အမြား လျှပ်တပြက်အတွင်း ပြာအဖြစ် ပြောင်းလဲသွားသည့် မြင်ကွင်းကို တွေးမိပြီးနောက် ချီမင်ဂိုဏ်းတွင် လက်တုံ့ပြန်ရန်အတွက် ခွန်အားတို့ အမှန်တကယ် ပိုင်ဆိုင်ထားသည်လားဟု မေးခွန်းတစ်ခု ပေါ်လာကြသည်။

ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲဖြစ်သူ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားသည် သေဆုံးသွားပြီး ဖြစ်၏။

ချီမင်ဂိုဏ်းတွင် ဂိုဏ်းချုပ်ရှင်းနှင့် မဟာအကြီးအကဲတို့သာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်အဖြစ် ကျန်ရစ်ခဲ့သည်။

ထို့ကြောင့် ချီမင်ဂိုဏ်းသည် ခွန်အားအပြည့်ကို စုစည်းလျှင်တောင် ရွှီယန်၏ နောက်ခံရှိ ပုဂ္ဂိုလ်အား ရင်ဆိုင်နိုင်မည်လား။

လင်းနယ်မြေရှိ အခြေအနေနှင့် ရင်းနှီးသည့် ပုဂ္ဂိုလ်များအနေနှင့်တော့ ပါရမီရှင်များအကြား တိုက်ပွဲ၏ အကြောင်းကို သိရှိကာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများက မည်ကဲ့သို့ တုံ့ပြန်မည်ဟူသည်အား စောင့်ကြည့်နေကြသည်။ ပိုမိုစွမ်းအားကြီးမားသည့် စိတ်ဝိဉာဉ်ဂိုဏ်းများ လှုပ်ရှားမှု ပြုလာမည်လား။

ပါရမီရှင်များအကြားတိုက်ပွဲ၏ အရေးပါမှုသည် ဒီအတိုင်း အပေါ်ယံအနိုင်အရှုံးဖြင့် အဆုံးသတ်သွားမည်မဟုတ်ပေ။ တစ်ဖက်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများဖြစ်ပြီး တစ်ဖက်မှာ လေလွင့်သိုင်းသမားများ ဖြစ်၏။ ဤသည်က ပိုမိုနက်ရှိုင်းသည့် အဓိပ္ပါယ်တို့ သယ်ဆောင်ထားသည်။

ထို့အပြင် ရွှီယန်အား တစ်ချိန်က နာမည်ကျော်ကြားခဲ့သည့် အဆုံးမဲ့ကြယ်တာရာအကယ်ဒမီက ပျိုးထောင်ထားသည်ဟု သံသယဝင်နေသူများလည်း ရှိသည်။ ဤသည်မှာ လင်းနယ်မြေ၏ ဒေသ၁၈ခုတို့သို့ ပြန်လည်ခြေချရန်အတွက် စတင်ခြင်းလေလား။

ချင်ကျိုးရှိ ယွီလင့်စံအိမ်တွင်..

ချင်ကျိုးတစ်ခုလုံးသည် ယွီလင့်စံအိမ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေ၏။ နယ်စပ်တစ်လျှောက်တွင် ထူထဲသည့် တောများ၊ တောင်များရှိပြီး စိတ်ဝိဉာဉ်သားရဲများစွာတို့၏ အိမ်ဖြစ်သည်။

ယွီလင့်စံအိမ်ရှိ တပည့်များသည် သူတို့၏ သိုင်းပညာ ကျင့်ကြံမှုကို စိတ်ဝိဉာဉ်သားရဲများအား အမိန့်ပေးခြင်း၊ ယဉ်ပါးအောင် ပြုလုပ်ခြင်းဖြင့် စတင်ကြ၏။

သူတို့နှင့် စိတ်ဝိဉာဉ်သားရဲမျိုးနွယ်၏ ဆက်ဆံရေးမှာ ရှုပ်ထွေးပြီး ရန်လိုသလို ပူးပေါင်းမှုများလည်း ရှိသည်။ အချို့ ရင်းနှီးကျွမ်းဝင်သည်များလည်း ရှိ၏။

သို့ပေမယ့် သံသယဝင်စရာမကောင်းလောက်အောင် ယွီလင့်စံအိမ်၏ တည်ရှိမှုသည် စိတ်ဝိဉာဉ်သားရဲများကို စောင့်ကြည့်နေရန် ဖြစ်၏။

စိတ်ဝိဉာဉ်သားရဲများ၏ ဆက်လက်ကြီးထွားမှုကို ကာကွယ်ကာ ချင်ကျိုးဒေသအတွင်းတွင် ကန့်သတ်ထားသည်။

စိတ်ဝိဉာဉ်သားရဲမျိုးနွယ်မှာ စွမ်းအားကြီးမား၏။ သို့ပေမယ့် သူတို့သည် ယွီလင့်စံအိမ်ကို ရင်ဆိုင်ရာ၌ အကူအညီမဲ့နေပါသည်။ ဤသည်က အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ စွမ်းအားကို ပြသနေ၏။

ချွေဟွားယွီမှာ ပါရမီရှင်များအကြား တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့သည့် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်း၏ တစ်ဦးတည်းသော တပည့်ဖြစ်သည်။

ဒီအချိန်၌ သူသည် ယွီလင့်စံအိမ်၏ အဓိကနေရာတစ်ခု၌ လေးစားစွာဖြင့် စောင့်စားနေ၏။ ကောင်းကင်ပေါ်သို့တိုင် ထိုးတတ်သည့် ရှေးဟောင်းသစ်ပင်ကြီး၏ အောက်တွင်ဖြစ်သည်။

သူ၏ မလှမ်းမကမ်းတွင် အဖြူရောင် စိတ်ဝိဉာဉ်မျောက်တစ်ကောင်သည် စိတ်ဝိဉာဉ်အသီးကို စားသုံးနေပြီး ချွေဟွားယွီကို စိတ်ဝင်စားစွာ ကြည့်နေ၏။

ဤသည်မှာ အဆင့်၆ အထွတ်အထိပ်ရှိ စိတ်ဝိဉာဉ်သားရဲတစ်ကောင်ဖြစ်သည်။ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ ခွန်အားနှင့် တူညီ၏။

စိတ်ဝိဉာဉ်အသီးကို စားသုံးပြီးနောက် စိတ်ဝိဉာဉ်မျောက်က လက်ကိုဆန့်သည်။

"မင်းရဲ့အဝတ်တွေကို ငါကြိုက်တယ်... စမ်းဝတ်ကြည့်လို့ရမလား.."

ချွေဟွားယွီသည် သူ၏မျက်နှာ အစိမ်းရောင်ပြောင်းသွားသည်ဟု ခံစားလိုက်ရ၏။ သို့ရာတွင် ရွေးချယ်စရာမရှိဘဲ အရောင်စုံသည့် ဝတ်စုံကိုချွတ်ကာ စိတ်ဝိဉာဉ်မျောက်အား ပေးလိုက်ရသည်။

စိတ်ဝိဉာဉ်မျောက်မှာ ဝမ်းသာသွား၏။ အဝတ်ကို ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ပြီးနောက် ဘယ်ညာနှစ်ဖက်ကိုကြည့်ကာ ကျေနပ်စွာခေါင်းငြိမ့်သည်။

ချွေဟွားယွီမှာ အကူအညီမဲ့နေ၏။ သူသည် ယွီလင့်စံအိမ်ရှိ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်က မွေးမြူထားသည့် ဒီစိတ်ဝိဉာဉ်မျောက်ကို ထိပါးလို့မရပေ။

တစ်ဖက်မျောက်သည် မြင့်မားသည့် အဆင့်အတန်းရှိ၏။ ထို့အပြင် ဒီကောင်သည် ကောင်းသည့်အကောင်မဟုတ်ပေ။ သဘောကျသည့် အရာများကို တွေ့ရှိပါက ငှားရမ်းတတ်၏။ ငှားရမ်းပြီးလျှင်လည်း ဘယ်တော့မှပြန်မပေးပေ။

ထိုကဲ့သို့သော အပြုအမူအား မည်သူဆီမှ သင်ယူထားသနည်းဟူသည်ကို မည်သူမှမသိပေ။ ငှက်မွှေးဝတ်စုံမှာ စိတ်ဝိဉာဉ်တန်ဆာတစ်ခု ဖြစ်၏။ ချွေဟွားယွီအနေနှင့် ၎င်းကိုပြုလုပ်ရန် ကြီးစွာကုန်ကျခဲ့သည်။ စိတ်ဝိဉာဉ်သားရဲများစွာတို့၏ တောင်ပံမွှေးများကို စုစည်းကာ ရှားပါးသော ရတနာများဖြင့် ပေါင်းစပ်ခဲ့ရ၏။

ပြီးနောက် ထပ်တန်းပန်းပဲဆရာက နှစ်ဝက်ကြာအောင် ထုလုပ်ခဲ့လေသည်။ ယခုတော့ ကုန်ပြီဖြစ်၏။ သူသည် အသဲကွဲစွာ ခံစားနေရသည်။

ဒီနေရာသို့ လာရောက်ခဲ့သည့် အတွက်ပင် နောင်တရနေ၏။ ကံဆိုးစွာပင် သူ၏ဆရာမှာ စံအိမ်အတွင်းတွင် မရှိပေ။ ထို့ကြောင့် တစ်ခုတည်းသော ရွေးချယ်စရာမှာ အခြားရင်းနှီးသော ဆက်ဆံရေးရှိသည့် ပုဂ္ဂိုလ်ဆီသို့သာ လာရန်ဖြစ်၏။

"ဝင်လာခဲ့.."

အချိန်အတော်ကြာပြီးနောက် အသံတစ်ခု ပျံ့လွင့်လာခဲ့သည်။

"ဟုတ်ကဲ့.."

ချွေဟွားယွီက အသက်ကို နက်ရှိုင်းစွာရှူပြီး ရှေးဟောင်းသစ်ပင်အတွင်းသို့ လျှောက်ဝင်သွား၏။ အတွင်းထဲတွင် ဟောင်းနွမ်းသည့် သစ်သားအိမ်တစ်ခု ရှိသည်။

"ပြော... ဘာကိစ္စလဲ.."

သစ်သားအိမ်အတွင်းတွင် ဆံပင်များဖြူနေသည့် အဘိုးအိုတစ်ဦးရှိပြီး သူသည် ခေါင်းမော့ကြည့်ခြင်းပင် မရှိပဲ တိုက်ရိုက်မေး၏။

"ကျွန်တော့်ရဲ့ ဒီအတော်အတွင်း ယွီကျိုးကို သွားခဲ့တဲ့ ခရီးစဉ်မှာ ပါရမီရှင်များရဲ့ တိုက်ပွဲကို ကြုံတွေ့ခဲ့တယ်..."

ချွေဟွားယွီက သူသိသမျှ၊ ကြားသမျှ အရာအားလုံးတို့ကို တစ်စွန်းတစ်စမှ မကျန်အောင် တစ်ဖက်အကြီးအကဲအား ပြောပြ၏။ စကားဆုံးပြီးနောက် တိတ်ဆိတ်စွာ စောင့်စားနေသည်။

"မြက်တွေ၊ သစ်ပင်တွေ၊ သဲတွေ၊ ကျောက်တုံးတွေကို ဓားအဖြစ်ပြောင်းလဲတာလား... တောင်ကို ဓားအဖြစ် ပြောင်းခဲ့တာလား.."

အဘိုးအို၏ လေသံ၌ အံ့သြမှုတို့ ပါဝင်နေ၏။

李 玄:

All Chapters