ဝမ်ရှင်း၏သူရဲကောင်းများ၊ ရတနာဓားအား ထုလုပ်ခြင်း(၂)
Vol. 34 Ch. 506
"ဟုတ်ကဲ့.."
ချွေဟွားယွီက လေးစားစွာဖြင့် ပြော၏။
"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမက သက်ဆင်းလာပြီး မျက်စိတမှိတ်အတွင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအုပ်စုကို သုတ်သင်တဲ့ စစ်တလင်းအဖြစ် ပြောင်းလဲသွားတာလား.."
အကြီးအကဲက ခေါင်းမော့လာချိန်၌ သူ၏မျက်လုံးများထဲတွင် အံ့သြမှုတို့ ပြည့်နက်နေပြီး ဖြစ်သည်။
"ဟုတ်ပါတယ်... တပည့်သားအနေနဲ့ ဒီလိုမျိုးအတတ်ပညာကို မြင်လည်းမမြင်ဖူးသလို ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမတွေ သက်ဆင်းလာလောက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာလဲ နားလည်နိုင်မှု လုံးဝမရှိပါဘူး.."
ချွေဟွားယွီက ခေါင်းငြိမ့်သည်။
အကြီးအကဲမှာ ခဏတာတိတ်ဆိတ်သွားပြီး အတွေးနက်နေ၏။
ချွေဟွားယွီက သိလိုစွာမေးသည်။
"လင်းနယ်မြေမှာ ဒီလိုမျိုးအတတ်ပညာရှိတယ်လို့ ဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး... အကြီးအကဲ... ဒီလိုသိုင်းပညာမျိုးကို သိရှိရင် ရှင်းပြပေးပါ.."
"ငါလည်း အရမ်းကြီး မရင်းနှီးဘူး.."
အကြီးအကဲ၏ မျက်နှာက လေးနက်မှုနှင့် နားမလည်မှုတို့ ဖြတ်သန်းသွား၏။
ချွေဟွားယွီ၏ ဖော်ပြချက်အရ အဖြစ်အပျက်များသည် သူနားလည်ထားသည့် အတိုင်းအတာထက် ကျော်လွန်နေပါသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများ သက်ဆင်းလာအောင် ထိန်းချုပ်သည်မှာ အဆင့်တစ်ခုသို့ ရောက်ရှိပြီးသည့် သိုင်းသမားများ လုပ်နိုင်သည့်အရာ ဖြစ်ဟန်ပေါ်၏။ သို့ရာတွင် မှတ်တမ်းများအရ အဲ့လိုလည်း မဟုတ်ပုံရသည်။
ချွေဟွားယွီ၏ နှလုံးသားက အေးစက်သွား၏။ ဂိုဏ်း၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များပင်လျှင် နားမလည်ပေဘူးလား။
"အဲ့ဒီ့လူက ဝမ်ရှင်းသိုင်းပညာ အကယ်ဒမီက လာတာလားဆိုတာကို မင်းပြောနိုင်လား.."
အကြီးအကဲက ခဏတာစဉ်းစားပြီးနောက် မေးသည်။
သာမန် လေလွင့်သိုင်းသမားများအနေနှင့် ထိုကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ထိုကြောက်စရာကောင်းသည့် အဆင့် သို့မဟုတ် စွမ်းအားကြီးမားသည့် ခွန်အားက သူတို့နှင့် သက်ဆိုင်ခြင်းမရှိပါ။
ရှေးအခါက ဝမ်ရှင်းအကယ်ဒမီမှ ပုဂ္ဂိုလ်များသာလျှင် ထိုကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်နိုင်လောက်ဟန် ရှိသည်။
ယနေ့ လင်းနယ်မြေတွင် လှည့်လည်နေသည့် ကျင့်စဉ်အများစုတို့သည် ဝမ်ရှင်းအကယ်ဒမီမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။ ၎င်းသည် အတိုင်းအတာတစ်ခုအထိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ သိုင်းပညာများအပေါ် လက်ဝါးကြီးအုပ်မှုကို ပျက်ပြားစေခဲ့သည်။
သိုင်းပညာကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်အား တာဝန်အဖြစ် ထားရှိထားသည့် ဝမ်ရှင်းသိုင်းပညာအကယ်ဒမီ၏ ခွန်အားသည် သံသယဝင်စရာမကောင်းလောက်အောင် သန်မာလှပေသည်။
ထို့အပြင် အကယ်ဒမီရှိ လူများသည် သိုင်းပညာအပေါ်လေ့လာမှု၌ ကိုယ့်ကိုယ်ကိုယ် နှစ်မြုပ်ထားကြ၏။ သူတို့သည် စွမ်းအားကြီးမားသည့် သိုင်းပညာလျှို့ဝှက်အတတ်များစွာကို သုတေသန ပြုခဲ့ကြသည်။ ထို့ကြောင့် အဘိုးအိုသည် ဝမ်ရှင်းသိုင်းပညာ အကယ်ဒမီအား ချက်ချင်းပင် တွေးမိလိုက်ခြင်း ဖြစ်၏။
ဖြစ်နိုင်သည်မှာ အတိတ်တုန်းက ဝမ်ရှင်းအကယ်ဒမီမှ စွမ်းအားကြီးပုဂ္ဂိုလ်များ လေ့လာခဲ့သည့် သိုင်းပညာအသစ်လေလား။ ထိုသို့သာဆိုပါက ဝမ်ရှင်းသိုင်းပညာအကယ်ဒမီသည် ပြန်လည်ပေါ်ပေါက်လာမည့်ဟန် ရှိသည်။
"တပည့် အတည်မပြုနိုင်ပါဘူး.."
ချွေဟွားယွီက ခေါင်းကိုရမ်းသည်။
"ဒါဆိုလည်း အခုတော့ စောင့်ကြည့်တာပေါ့... တကယ်ပဲ ဝမ်ရှင်းသိုင်းပညာအကယ်ဒမီကသာ ဆိုရင် ပါရမီရှင်တွေအကြား တိုက်ပွဲက ပြန်ပြီး ပေါ်လာလိမ့်မယ်။ ငါတို့စိတ်ဝိဉာဉ်ဂိုဏ်းတွေ သူတို့ကို တစ်ကြိမ်အနိုင်ယူနိုင်ရင် ဒုတိယအကြိမ်လည်း ထပ်အနိုင်ယူနိုင်လိမ့်မယ်.."
"ဒီတစ်ကြိမ်ပြီးရင် ဝမ်ရှင်းသိုင်းပညာအကယ်ဒမီကို ထပ်ပြီးတော့ ပြန်လည်မြင့်တက်နိုင်ဖို့ အခွင့်အရေးမရှိအောင် လုပ်ရမယ်.."
အဘိုးအို၏ လေသံမှာ ထူးမခြားနားစွာ ရှိနေ၏။ ဤသည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ ယုံကြည်ချက် ဖြစ်သည်။
ဝမ်ရှင်းသိုင်းပညာအကယ်ဒမီမှာ ပြန်လည်ပေါ်ပေါက်လာစေကာမူ မပေါ်ပေါက်လာစေကာမူ သူတို့တွင် ထပ်မံအနိုင်ယူရန်အတွက် ယုံကြည်ချက်ရှိ၏။
"ဆရာ... ဒီတစ်ကြိမ်မှာ စိတ်ဝိဉာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်လို့ ယူဆရတဲ့ မိန်းကလေးငယ်တစ်ယောက်ကိုလည်း ကျွန်တော်တွေ့ခဲ့တယ်။ ဒါပေမယ့် သူမက အစမ်းသပ် မခံချင်ဘူး။ သူမရဲ့ဘေးက လူကလည်း အရမ်းစွမ်းအားကြီးတယ်.."
ချွေဟွားယွီက ခဏတာစဉ်းစားပြီးနောက် ပြော၏။
"အိုး... စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် ပါရမီရှင်တစ်ယောက်က အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းထဲကို မဝင်ဘူးလား။ လူတိုင်းက အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းထဲကို ဝင်ချင်နေကြတာမဟုတ်ဘူးလား။ သူမရဲ့ဘေးကလူက သန်မာတယ်ဆိုတော့ မင်းရဲ့ခွန်အားနဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ခွန်အားက ဘယ်လိုနေလဲ.."
အဘိုးအိုက အံ့သြသွားသည်။ မည်သည့်စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင်က အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်းမပြုဘဲ နေမည်လဲ။
ထို့အပြင် လူတိုင်းသည် မည်သည့်နောက်ခံ ရှိလင့်ကစား စိတ်ဝိဉာဉ်ခန္ဓာသာ ပိုင်ဆိုင်ထားပါက အဆင့်လွန်ဂိုဏ်းများဆီသို့ ချက်ချင်းတင်ပြလေ့ ရှိသည်။ ဤသည်မှာ ကောင်းကင်သို့ မြင့်တက်နိုင်မည့် ကြီးမားသည့် အခွင့်အရေးတစ်ရပ် ဖြစ်၏။ မည်သူမှ အလွဲချော်ခံမည် မဟုတ်ပေ။
"သူ့ရဲ့ခွန်အားက အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်မှာပါ... ပြီးတော့ သာမန်အထွက်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် မဟုတ်ဘူး။ ကျွန်တော့်အထင်တော့ စိတ်ဝိဉာဉ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားလိမ့်မယ်။ ဒါပေမယ့် တစ်ခုခုလည်း မှားယွင်းနေသလိုပဲ..."
ချွေဟွားယွီက သံသယအချို့ဖြင့် ပြော၏။
လက်ကိုမြှောက်လိုက်ပြီးနောက် စိတ်ဝိဉာဉ်စွမ်းအားတစ်စွန်းတစ်စတို့ စီးထွက်လာပြီး အဘိုးအိုတစ်ယောက်၏ အသွင်အပြင် ဖြစ်တည်လာခဲ့သည်။
"အကြီးအကဲ.. သူပါ.."
အကြီးအကဲဖြစ်သူ အဘိုးအိုက ခေါင်းမော့ကြည့်လိုက်
ပြီးနောက် သူ၏မျက်ခုံးများက ကျုံ့သွားသည်။ ခေါင်းငုံကာ ခဏတာစဉ်းစား၏။
ထို့နောက် ကဗျာကယာ ခေါင်းပြန်မော့လာပြီး ချွေဟွားယွီက ပုံဖော်ပေးသည့် အဘိုးအို၏ ရုပ်ပုံကို ကြည့်သည်။ သူ၏မျက်နှာသည် အံ့သြမှုတို့ဖြင့် ပြည့်နှက်လာ၏။
"အကြီးအကဲ... ဒီလူကိုသိလို့လား.."
တစ်ဖက်လူ၏ တုံ့ပြန်မှုကို တွေ့ရပြီးနောက် ချွေဟွားယွီက အံ့သြစွာမေးသည်။
"ယွဲ့ချန်မင်.. သူက ဝမ်ရှင်းသိုင်းပညာအကယ်ဒမီရဲ့ သူရဲကောင်း၃၆ယောက်ထဲက တစ်ယောက်ပဲ.."
အဘိုးအိုက စကားလုံးတစ်လုံးချင်းစီအား လေးနက်စွာပြော၏။
ချွေဟွားယွီမှာ မှင်သက်သွားသည်။ ထိုအဘိုးကြီးသည် လက်စသတ်တော့ နာမည်ကျော်ကြသည့် ဝမ်ရှင်းသိုင်းပညာအကယ်ဒမီ၏ သူရဲကောင်း၃၆ဦးထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အလွန်စွမ်းအားကြီးနေခြင်း ဖြစ်၏။
သို့ပေမယ့် တစ်ခုခုမူမမှန်ကြောင်းကို သူနားလည်လိုက်သည်။ အတိတ်၏ ဝမ်ရှင်းမှ သူရဲကောင်းတစ်ဦးဖြစ်ပါက တစ်ဖက်လူ၏ ခွန်အားသည် ပိုမိုကာပင် သန်မာသင့်ပေသည်။
သို့ရာတွင် ထိုအဘိုးအိုမှာ စွမ်းအားကြီးမားပေမယ့် သူ့အား ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်အား မျက်နှာချင်းဆိုင်နေရသည့် ထည်ဝါမှုမျိုးကို ပေးစွမ်းခြင်း မရှိပေ။
"အကြီးအကဲ... အကြီးအကဲ အမြင်မှားတာများလား... သူ့ရဲ့ခွန်အားက ကြီးမားမယ်လို့ ခံစားရပေမယ့် အဲ့လောက်ကြီးမဟုတ်ဘူး..."
အဘိုးအိုက ခေါင်းကိုရမ်းသည်။
"ငါမမှားနိုင်ဘူး.."
ထို့နောက် ရပ်တန့်သွားပြီး ပြောသည်။
"အတိတ်ရဲ့ ဝမ်ရှင်းက သူရဲကောင်း၃၆ယောက်မှာ တစ်ယောက်ချင်းစီတိုင်းက စိတ်ဝိဉာဉ်ခန္ဓာကို ပိုင်ဆိုင်ထားကြတယ်။ ယွဲ့ချန်မင်လည်း အပါအဝင်ပဲ။ ဒါပေမယ့် သူ့ရဲ့စိတ်ဝိဉာဉ်ခန္ဓာကို သိုင်းတစ်ထောင်ခန်းမက လူက ဖျက်ဆီးပစ်ခဲ့တယ်.."
"ငါတို့ထင်တာက သူ့ကိုသေပြီ သို့မဟုတ် ဒုက္ခိတဖြစ်နေပြီလို့ပဲ။ ဒါပေမယ့် ယနေ့အချိန်အထိ အသက်ရှင်နေဦးမယ်လို့ ထင်မထားခဲ့ဘူး.."
"ကောင်းကင်ကို ဖြတ်သန်းတဲ့ တောက်ပသောလလို့ အမည်တွင်ခဲ့တာ အံ့သြစရာမရှိဘူး။ ဝမ်ရှင်းရဲ့ သူရဲကောင်း၃၆ယောက်က တကယ်ပဲ ထူးကဲလှတယ်။ အဲ့ဒီ့ကောင်မလေးမှာလည်း စိတ်ဝိဉာဉ်ခန္ဓာ သေချာပေါက် ပိုင်ဆိုင်ထားရမယ်.."
ချွေဟွားယွီမှာ အံ့သြသွားသည်။ စိတ်ဝိဉာဉ်ခန္ဓာမှာ ပျက်စီးသွားပေမယ့် တစ်ဖက်လူသည် အသက်ရှင်နေသေးရုံမက ခွန်အားမှာလည်း ကြီးမားနေသေး၏။ အမှန်တကယ်ကို ထူးကဲလှသည့် စွမ်းဆောင်ချက် ဖြစ်သည်။
"သူက ဝမ်ရှင်းသိုင်းပညာအကယ်ဒမီက ဖြစ်ကတည်းက ရွှီယန်ကလည်း သူတို့အကယ်ဒမီက ပါရမီရှင်တစ်ယောက် ဖြစ်မယ်လို့ မဆိုလိုဘူးလား.."
ချွေဟွားယွီက လေးနက်စွာ ပြောသည်။
"ဖြစ်နိုင်တယ်... ငါတို့ကြည့်တာပေါ့... ရွှီယန်တစ်ယောက်နဲ့ ဘယ်လောက်ပဲ ပါရမီကောင်းကောင်း ဘာလုပ်နိုင်မှာလဲ... သူရဲကောင်း၃၆ယောက်တောင်မှ သေဆုံးရင်သေဆုံး မသေဆုံးရင် ပျောက်ကွယ်သွားခဲ့ရတယ်။ ဘယ်သူမှ ပြဿနာအများကြီး မပေးနိုင်ခဲ့ဘူး.."
"သူတစ်ယောက်တည်းနဲ့ လင်းနယ်မြေမှာ ဘာလုပ်နိုင်မှာလဲ... ချီမင်ဂိုဏ်းက သေချာပေါက် တုံ့ပြန်မှုလုပ်လိမ့်မယ်။ ငါတို့တွေ စောင့်ကြည့်တာပေါ့.."
အဘိုးအိုက အသာပြောသည်။ ဤသည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ ယုံကြည်ချက်ဖြစ်၏။
"ဟုတ်ကဲ့ပါ အကြီးအကဲ.."
ချွေဟွားယွီက ခေါင်းငြိမ့်၏။ ရွှီယန်မှာ မည်မျှပင်သန်မာစေကာမူ မည်သည်ကို လုပ်ဆောင်နိုင်သည်နည်း။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများကို လှုပ်ခါစေနိုင်မည် မဟုတ်ပေ။
အတိတ်တုန်းက သွေးနတ်ဆိုးသည်လည်း မည်မျှစွမ်းအားကြီးမားကာ မောက်မာစေကာမူ အကြိမ်တိုင်း မြင့်တက်တိုင်းတွင် သတ်ဖြတ်ခံခဲ့ရ၏။ နောက်ဆုံးတွင် လုံးဝ သုတ်သင်ခံခဲ့ရလေသည်။
ရွှီယန်မှာ သွေးနတ်ဆိုးထက် ပိုမိုသန်မာလျှင်တောင် မည်သည်ကိုမှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။
"အဘိုး... ရွှီယန် ဘယ်နေရာမှာ ပုန်းနေတယ်လို့ အဘိုးထင်လဲ... ဘာလို့ရှာမတွေ့တာလဲ.."
ယွဲ့အာသည် ကျိန်နိုင်ငံ၏ နေရာအနှံ့ကို လိုက်ရှာပြီးနောက် စံအိမ်ကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပေမယ့် ရှာမတွေ့နိုင်ဘဲ ရှိနေ၏။
ယွဲ့ချန်မင်က စိတ်မကျေနပ်နိုင်ဖြစ်နေသည့် မြေးဖြစ်သူကိုကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောသည်။
"ပုန်းအောင်းတဲ့ စွမ်းရည်ကလည်း အတတ်ပညာတစ်ခုပဲ.."
စံအိမ်အတွင်းတွင် အရာအားလုံးသည် ပုံမှန်အတိုင်း ရှိနေ၏။ အပြင်ဘက်ရှိ ရိုက်ခတ်မှုတစ်စုံတစ်ရာ မရှိဘဲ စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် ချီမင်ဂိုဏ်း၏ လက်စားချေလာမည့် အရေးကို ဂရုမစိုက်စွာ ရှိနေပါသည်။ လီရွှမ်မှာ ထိုက်ချန်းစာအုပ်၏ ၈ခုမြောက်စာမျက်နှာအား လေ့လာနေပြီ ဖြစ်၏။
"ပိုပြီးတော့ ခရီးရောက်လေလေ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေက ပိုပြီးတော့ နက်နဲလာလေပဲ.."
သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများကို ပိုမိုပိုမိုကာ မှတ်သားလာခဲ့ပြီးနောက် ပုံကြမ်းတစ်ခုကို ထပ်မံဖန်တီးခဲ့သည်။
ပြီးနောက် တပည့်များအား ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမ သဘောတရားများကို ရှင်းပြ၏။ ပါရမီရှင်များအကြားတိုက်ပွဲ ပြီးဆုံးပြီးနောက် လဝက်ကြာသည့် အချိန်တွင် တပည့်လေးယောက်လုံးသည် ခွန်အားအသီးသီး မြင့်တက်ခဲ့ကြပြီး သိုင်းပညာ ဉာဏ်အလင်းတို့ ပိုမိုရရှိခဲ့၏။
လီရွှမ်မှာ အလွန် ကျေနပ်နေပါသည်။ မုန့်ချုံမှာ ဒီဗိုင်းဆန္ဒအဆင့်သို့ ရောက်ရှိရန် မဝေးကွာတော့ပေ။ ဖန်းဟောင်လည်းပဲ အခင်းအကျင်း၊ ချိတ်တံဆိပ်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများတွင် သက်ဆိုင်ရာတိုးတက်မှုတို့ ရှိခဲ့၏။ ယခုအချိန်၌ သူသည် ဆေဘာတစ်ချောင်းကို ထုလုပ်နေပါသည်။
"ဒုတိယအကို... ကျုံ့တာကြီးတာအပြင် ဒီဆေဘာမှာ အခြားအထူးသီးသန့် လက္ခဏာရပ်တွေလည်း ရှိတယ်။ လင်းနယ်မြေတစ်ခုလုံးမှာ ဒီဆေဘာက အကောင်းဆုံးလို့ ကျွန်တော်အာမခံနိုင်တယ်.."
ဖန်းဟောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
"ဒီစိတ်ဝိဉာဉ်နယ်မြေရဲ့ ဆေဘာပညာတွေက ငါ့ရဲ့မျက်လုံးထဲမှာ သာမန်ထက်မပိုဘူး။ ငါက အဆင့်တူမှာ ပြိုင်ဖက်ကင်းတယ်.."
မုန့်ချုံက ဂုဏ်ယူစွာပြောသည်။ သူ၏ အစ်ကိုကြီးသည် ဓားပညာတွင် ပြိုင်ဖက်ကင်း၏။ သူလည်းပဲ ဆေဘာပညာတွင် ပြိုင်ဖက်ကင်းရပေမည်။
"ငါလည်း အခွင့်အရေးတစ်ခုရှာပြီး စိတ်ဝိဉာဉ်ဂိုဏ်းက သိုင်းသမားတွေကို စစ်မှန်တဲ့ ဆေဘာလမ်းစဉ်ဆိုတာ ဘာလဲလို့ပြသပေးရမယ်.."
စီနီယာအစ်ကိုကြီး၏ တောင်ကိုဓားအဖြစ် ပြောင်းလဲပြသခဲ့ပုံအား ပြန်လည်တွေးမိပြီးနောက် မုန့်ချုံမှာ အလွန် စိတ်လှုပ်ရှားနေ၏။ သူလည်းပဲ ဆေဘာ၏ လမ်းစဉ်ကို ထုတ်ဖော်ပြသရပေမည်။
"အစ်ကိုကြီး... အစ်ကိုကြီးအတွက်ရော ဓားတစ်ချောင်းလုပ်ပေးရမလား.."
ဖန်းဟောင်က ရွှီယန်ကိုကြည့်ကာ မေးသည်။ ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ထုံးမင်ဓားကိုထုတ်ကာ ပြောသည်။
"ဒီဓားက ရတနာဓားတစ်လက်ပဲ ဖြစ်ပေမယ့် အသုံးပြုရတာ အသားကျနေပြီ။ အဲ့ဒါကြောင့် လိုအပ်တာတွေ ပေါင်းထည့်ပြီး ဒီဟာကိုပဲ ပြန်မွန်းမံလိုက်.."
ဖန်းဟောင်၏ မုန့်ချုံအတွက် ဆေဘာဓားအား ထုလုပ်ပေးမှုကို တွေ့ရပြီးနောက် လီရွှမ်က စဉ်းစားသည်။
သွေးသန့်စင်ခြင်းနှင့် သွေးအသိအမှတ်ပြုမှုတို့ လုပ်ဆောင်ကာ လက်နက်အား အသိတစ်ခု ပိုင်ဆိုင်လာစေမည့် နည်းလမ်းကို တွေးမိလိုက်၏။ ထို့ကြောင့် စတင်ပြောကြားသည်။
"ဆေဘာတစ်ချောင်းကို စိတ်ဝိဉာဉ် ပိုင်ဆိုင်လာအောင် ပျိုးထောင်ဖို့အတွက် ပိုင်ရှင်က သွေးနဲ့ဆက်သွယ်မှုလုပ်ရမယ်။ လက်နက်နဲ့ ပိုင်ရှင်ကို ဆက်သွယ်မှုရစေပြီးမှ စိတ်ဆန္ဒက ထပ်တူကျလာပြီး ပျိုးထောင်ထားတဲ့ လက်နက်ကို ဒန်တန်ထဲမှာတောင် သိမ်းဆည်းလို့ရနိုင်အောင် စွမ်းဆောင်လာနိုင်လိမ့်မယ်..."
သူသည် အကျဉ်းချုံ့ မိတ်ဆက်မှုအား ပြောပြ၏။ သို့ပေမယ့် မည်ကဲ့သို့ သန့်စင်မည်။ ခန္ဓာကိုယ်အတွင်းသို့ မည်ကဲ့သို့ ပေါင်းထည့်မည် ဟူသည်မှာတော့ တပည့်များအပေါ်သာ မူတည်နေပါသည်။
ရွှီယန်နှင့် ညီနှစ်ယောက်တို့မှာ မှင်သက်သွားကြ၏။ မနေနိုင်ဘဲ အတွေးနက်သွားကြသည်။
မုန့်ချုံ၏ ဆေဘာကို ထုလုပ်ရန်အတွက် ရရှိခဲ့သည့် ကုန်ကြမ်းများမှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ရတနာတိုက်အတွင်းမှ ဖြစ်၏။ လင်းနယ်မြေ၏ အလွန်ရှားပါးကာ အဖိုးတန်သည့် ကုန်ကြမ်းများဖြစ်သည်။
ဖန်းဟောင်က သူ၏လက်ရှိအမြင့်ဆုံး ဒီဗိုင်းကိရိယာထုလုပ်ခြင်းအဆင့်နှင့် ၎င်းကိုပြုလုပ်ခဲ့၏။ အချိန်များစွာလည်း ကုန်ဆုံးခဲ့သည်။ ၇ရက်တိုင်အောင် ထုလုပ်ပြီးမှသာ ဆေဘာမှာ ပုံပေါ်လာပြီး ပြီးမြောက်တော့မည်ဖြစ်၏။
"ဒုတိယအကို... စမ်းကြည့်လိုက်.."
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ညီအစ်ကိုသုံးယောက်တို့သည် ဆရာပြောခဲ့သည့် လက်နက်အား ပျိုးထောင်မည့် နည်းလမ်းကို မည်ကဲ့သို့အကောင်အထည်ဖော်ရမည်အား စဉ်းစားနေကြသည်။
နောက်ဆုံးတွင် နည်းလမ်းတစ်ခုကို တွေးမိလိုက်၏။ အောင်မြင်မြင် မအောင်မြင်မြင် ကြိုးစားကြည့်ပြီးမှ သာ သိပေလိမ့်မည်။
"ကောင်းပြီ.."
မုန့်ချုံက ခေါင်းငြိမ့်သည်။ အသက်ကို နက်ရှိုင်းစွာရှူပြီး သွေးအဆီအနှစ် တစ်စက်ကို ညှစ်ထုပ်ကာ သူ၏ ဒီဗိုင်းဆန္ဒအား သွေးအဆီအနှစ်အတွင်းသို့ ပေါင်းထည့်လိုက်သည်။
သူ၏ ဆေဘာလမ်းစဉ်အပေါ် ဉာဏ်အလင်းပွင့်မှုများအားလည်း သွေးအဆီအနှစ်အတွင်းသို့ ပေါင်းထည့်လိုက်၏။ ထို့နောက် ထိုသွေးအဆီအနှစ်အား ဆေဘာ၏ ကိုယ်ထည်အတွင်းသို့ ပေါင်းထည့်လိုက်သည်။
ထိုနေရာတွင် သင်္ကေတတစ်ခုအား ထွင်းထုထား၏။ ဤသည်မှာ ဖန်းဟောင်က ပြုလုပ်ထားသည့် ချိတ်တံဆိပ်သင်္ကေတတစ်ခု ဖြစ်သည်။
သွေးအဆီအနှစ်ကို ဆေဘာက စုပ်ယူချိန်၌ ချိတ်တံဆိပ်သင်္ကေတမှာ အနည်းငယ် လင်းလက်လာခဲ့သည်။ ဖန်းဟောင်က လက်ဝါးနှစ်ခုကို အတူတူစုထားချိန်တွင် သန့်စင်ခြင်းအဆင့်မှာ ပြီးဆုံးသွားခဲ့၏။