ဓားတာအိုအဆင့်၃၊ ဆေဘာတာအိုအဆင့်၃
Vol. 34 Ch. 507
မုန့်ချုံ၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး ထုလုပ်ထားသည့် ဆေဘာနှင့် ဆက်သွယ်မှုပြုသည်။ သူ၏စိတ်နှင့် ဝိဉာဉ်တို့သည် ၎င်းနှင့် ဆက်သွယ်သွား၏။
"ဘဇ်.."
ဆေဘာမှာ တုန်ခါလာပြီး လေထဲသို့ မြောက်တက်လာခဲ့သည်။ ၎င်းမှ ကြီးစိုးကာ အနှိုင်းမဲ့သည့် ဆေဘာဆန္ဒတစ်ခု ထွက်ပေါ်နေ၏။
ဖြာထွက်နေသည့် အလင်းရောင်က ဆေဘာ၏ ပတ်ဝန်းကျင်တွင် လှိုင်းထနေပြီး ၎င်းနှင့်အတူ ညင်သာသည့် ဆေဘာညည်းသံတစ်ခု ပဲ့တင်ထပ်နေ၏။
ရုတ်တရက် အလင်းရောင်တို့ ပြန်လည်ရုတ်သိမ်းကာ ဆေဘာဆန္ဒလည်း ပျောက်ကွယ်သွားသည်။ ထက်မြမှုအားလုံးတို့ ချုပ်ငြိမ်းသွားသည့်ဟန်ရပြီး အလွန် သာမန်ဆန်လာ၏။
ပြီးနောက် ဆေဘာသည် စက္ကန့်ပိုင်းအတွင်း ပိုမိုကြီးထွားလာပြီး မီတာ၃၀လောက်အထိ ရောက်ရှိသွားသည်။
ထို့နောက် ပြန်လည် ကျုံ့ဝင်လာခဲ့၏။
မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိပြီးနောက် ၎င်းသည် မုန့်ချုံဆီသို့ ရွေ့လျားလာခဲ့၏။ တရွေ့ရွေ့ဖြင့် နီးကပ်လာရင်း အနည်းငယ်လည်း ပုံရိပ်ယောင်ဆန်လာခဲ့သည်။ မုန့်ချုံနှင့် ထိတွေ့လိုက်သည့်အချိန်၌ ခန္ဓာကိုယ်နှင့် ဖြေးညှင်းစွာ ပေါင်းစပ်သွား၏။
"ငါလုပ်နိုင်ပြီ.."
မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် အသံပြုသည်။ ဒီအချိန်၌ ဆေဘာကို သူ၏ ရွှေခန္ဓာသွေးကြောမှတ်များထဲမှ တစ်ခု၌ ပျိုးထောင်ခဲ့လေသည်။
ဖန်းဟောင်လည်း ဝမ်းသာသွား၏။
"နောက်ဆုံးတော့ ဘယ်လို လုပ်ရမယ်ဆိုတာကို ကျွန်တော်လည်း နားလည်သွားပြီ။ ထုလုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေကလည်း အရေးကြီးတယ်။ စိတ်ဝိဉာဉ်လက်နက်အဖြစ် ထုလုပ်တဲ့ စိတ်ဝိဉာဉ်စွမ်းအင်နဲ့ ပစ္စည်းတွေပဲ ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်ပေါင်းစပ်နိုင်တယ်.."
ပြီးနောက် သူ၏ ချီမန်လက်နက်သေတ္တာကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။
"ငါလည်း နောက်ထပ်ချီမန်လက်နက်သေတ္တာကို ပြုလုပ်ရမယ်။ ပြီးရင် ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းရမယ်.."
လီရွှမ်မှာလည်း စိတ်အားထက်သန် လာခဲ့သည်။ သူသည် အမှန်တကယ်ကို အောင်မြင်ခဲ့၏။ မုန့်ချုံ၏ ခန္ဓာကိုယ်အတွင်းသို့ ဆေဘာ ပေါင်းစပ်မှုနှင့်အတူ လီရွှမ်လည်း တန်ပြန်အကျိုးပြုမှု ရရှိလာခဲ့သည်။
ပြီးနောက် ဖန်းဟောင်က ရွှီယန်၏ ထုံးမင်ဓားကို အဆင့်မြှင့်တင်ပေး၏။ မုန့်ချုံမှာတော့ သူ၏ဆေဘာကို ဆက်လက်ပျိုးထောင်ကာ ဆေဘာတာအိုအား မည်ကဲ့သို့ မြှင့်တင်ရမည်ကို စဉ်းစားသည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ ဆေဘာတစ်ချောင်း ရှိသလို လက်ထဲတွင်လည်း ဆေဘာတစ်ချောင်း လိုအပ်၏။
ရွှီယန်၏ ထုံးမင်ဓားလည်း ခန္ဓာကိုယ်အတွင်းသို့ အောင်မြင်စွာ ပေါင်းစပ်သွားပြီး စိတ်ကြိုက် ပျိုးထောင်လာနိုင်ခဲ့သည်။
ဖန်းဟောင်က အပြင်ပန်းတွင် အသုံးပြုရန်အတွက် နောက်ထပ် ဆေဘာနှင့် ဓားတစ်ချောင်းတို့ကို ထုလုပ်ပေး၏။
လီရွှမ်မှာ သက်ပြင်းချသည်။ သူ၏ တပည့်များတွင် ကောက်ကျစ်သည့် အဘိုးကြီးများ၏ အသွင်အပြင်ရှိလေသည်။
ချီမန်လက်နက်သေတ္တာအား ထုလုပ်ခြင်းမှာ လက်နက်ကိရိယာများစွာတို့ ပါဝင်ရာ လွယ်ကူခြင်း မရှိပေ။
များစွာသော ကုန်ကြမ်းတို့ကို လိုအပ်၏။ စုလင်းရှုံ၏ ဂေါ်ပြားနှင့် ရွှေအပ်တို့ကိုလည်း ထုလုပ်ရန် လိုအပ်ပါသေးသည်။
ကံကောင်းစွာပင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှ ထောက်ပံ့ပေးသည့် ရတနာတိုက်များနှင့် ရှားပါးသည့် ကုန်ကြမ်းများ နည်းပါးခြင်း မရှိပါ။ ထုလုပ်ရန်အတွက် ပြီးပြည့်စုံစွာ လုံလောက်၏။
"ဒီလို ကုန်ကျမှုမျိုးကို သာမန် ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုတောင် မခံနိုင်ဘူး.."
လီရွှမ်က သက်ပြင်းချသည်။ ကံကောင်းစွာပင် သူ၏ တပည့်များသည် မည်ကဲ့သို့ အရင်းအမြစ် ရှာဖွေရမည်အား သိကြ၏။ ထို့ကြောင့် ဆရာတစ်ယောက်အနေနှင့် စိုးရိမ်စရာ မလိုပေ။
ကြောင်နီက ဖန်းဟောင်ဆီသို့ ပြေးလာ၏။ သူလည်းပဲ လက်နက်တစ်ခုကို လိုချင်သည့်ဟန် ရသည်။
လီရွှမ်၏မျက်နှာက တွန့်ကွေးသွားသည်။ သူမွေးထားသည့် ဒီကြောင်ကြီးသည် မည်ကဲ့သို့ အခွင့်ကောင်းယူရမည်အား ကောင်းကောင်းသိရှိပြီး လုံးဝ ကျန်ခဲ့လိုခြင်း မရှိပေ။
ဤသည်မှာ ဆရာဖြစ်သူ၏ သားရဲဖြစ်ရာ ဖန်းဟောင်မှာ ရွေးချယ်စရာမရှိဘဲ ကြောင်နီအတွက် တစ်ခုကို ထုလုပ်ပေးရသည်။ ကြောင်နီသည် ရွှေလည်ဆွဲကြီးကို လိုချင်၏။ အရွယ်အစားပြောင်းလဲနိုင်သည့် အမျိုးအစား ဖြစ်သည်။
ဖန်းဟောင်က သူ့အတွက် လည်ဆွဲတစ်ခုကို ထုလုပ်ပေးလိုက်သည်။ ကြည့်ရသည်မှာ အလွန်ကြီးစိုးလှ၏။
နောက်ဆုံးတွင် လိုချင်နေသည့် ရွှေကြိုးကို ရရှိသွားရာ ကြောင်နီမှာ အလွန်ဝမ်းသာနေပါသည်။ နောင်တွင် သူသည် အရွယ်အစား ကြီးထွားလာသည်နှင့်အမျှ ရွှေကြိုးတို့ ပြက်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ထို့အပြင် လက်ရှိရွှေကြိုးတွင် အခြားလုပ်ဆောင်ချက်များလည်း ရှိ၏။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ စိတ်ဝိဉာဉ်ကိရိယာတစ်ခု ဖြစ်သည်။
စံအိမ်အတွင်းရှိ လူတိုင်း ယွီရှောင်လုံအပါအဝင် အားလုံးတို့သည် သက်ဆိုင်ရာ လက်နက်များကို ရရှိကြ၏။နောက်ဆုံးတွင် ရှီအာမှာ သွေးစိတ်ဝိဉာဉ်ဓားကို ဆက်လက်ကိုင်ဆောင်ရဲခြင်း မရှိတော့ဘဲ ဖန်းဟောင်အား သူ့အတွက် ဆေဘာအသစ်တစ်ချောင်းကို ထုလုပ်ပေးရန် တောင်းဆိုသည်။
ရွှီယန်နှင့် မုန့်ချုံတို့က ဆေဘာနှင့် ဓားတို့ကို ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ကာ ပျိုးထောင်ခဲ့ကြ၏။ ဤသည်ကို သူတို့၏ မူလလက်နက်များဟု ဆိုနိုင်လုနီးပါးရှိသည်။ ထို့ကြောင့် ဓားနှင့်ဆေဘာတာအိုအပေါ် နားလည်သဘောပေါက်မှုလည်း ပိုမိုမြင့်တက်လာခဲ့သည်။
လီရွှမ်က ရွှီယန်ကို ခေါ်လိုက်၏။ ရွှီယန်မှာ နှလုံးသားဓားအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ ပါရမီရှင်များအကြား တိုက်ပွဲတွင် ဓားတာအို၏ စွမ်းရည်ကို ပြသခဲ့၏။
လက်တစ်ချက်ကို ဝှေ့ရမ်းလိုက်သည်နှင့် တောင်ကို ဓားအဖြစ် ပြောင်းလဲကာ ရှိနေကြသည့် လူအားလုံးကို အံ့သြကာ ထိတ်လန့်သွားစေသည်။ ယခုအချိန်၌ နှလုံးသားဓားအဆင့်၏ အထက်ရှိ ဓားတာအိုအဆင့်အား လက်ဆင့်ကမ်းပေးရန် အချိန်ကျပါပြီ။
"ဆရာ.."
ရွှီယန်က လေးစားစွာ ပြောသည်။
လီရွှမ်က စံအိမ်အတွင်းမှ ထွက်ခွာသွား၏။ လက်ထဲတွင် ကျောက်စိမ်းအဆောင်ကိုကိုင်ကာ အနီးအနားရှိ တောင်ထိပ်တစ်ခုဆီသို့ လျှောက်သွားသည်။ ရွှီယန်က အနောက်မှ နီးကပ်စွာလိုက်၏။
သူသည် စိတ်လှုပ်ရှားစွာ ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ဆရာဖြစ်သူသည် သူ့အား သိုင်းပညာအသစ်ကို သင်ကြားပို့ချပေးတော့မည် ဖြစ်သောကြောင့် ဖြစ်၏။
သူတို့သည် စံအိမ်အတွင်းမှ ထွက်ခွာပြီး ဖြစ်ပေမယ့် အခင်းအကျင်း၏ လွှမ်းခြုံမှုအတွင်း၌သာ ရှိနေသေးပြီး အပြင်လူများအတွက် ရွှီယန်ကို ရှာတွေ့နိုင်ရန် မဖြစ်နိုင်ပေ။
တောင်ထိပ်ပေါ်သို့ ရောက်ရှိပြီးနောက် လီရွှမ်ကပြော၏။
"နှလုံးသားဓားအဆင့်ရဲ့ အသေးစားကျွမ်းကျင်မှုအဆင့်ကို မင်းရောက်ခဲ့ပြီးပြီ။ အဲ့ဒါက ဓားတာအိုရဲ့ ဒုတိယမြောက်အဆင့်ပဲ။ တတိယမြောက်အဆင့်နဲ့ ပတ်သက်ပြီးရော ဘာအတွေးအမြင်တွေ ရှိသေးလဲ.."
ရွှီယန်က ရပ်တန့်သွားသည်။ ခဏတာစဉ်းစားပြီးနောက် ပြော၏။
"ဆရာ... ဓားတာအိုရဲ့ တတိယအဆင့်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဘာသဲလွန်စမှ မရှိပါဘူး.."
သူ့အနေနှင့် မည်ကဲ့သို့ပင် စဉ်းစားစေကာမူ နှလုံးသားဓားအဆင့်ပြီးပါက မည်သည့်အဆင့် လာမည်နည်းဟူသည်အား စဉ်းစားနိုင်ခြင်း မရှိပေ။
အတွေးတစ်ချက်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အရာအားလုံးတို့ ဓားဖြစ်လာခဲ့၏။ ဤသည်မှာပင် စိတ်ကူးထားသည်ထက် ကျော်လွန်နေပြီး ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်ကာ ရှင်းမပြနိုင်ပေ။ ထိုအဆင့်ထက် ပိုမိုမြင့်မားသည့် ဓားတာအိုအဆင့် ရှိနေသေးသည်လား။
"ဒီနေ့မှာ ငါမင်းကို ဓားတာအိုရဲ့ တတိယအဆင့်ကို သင်ကြားပေးမယ်.."
ထိုကိစ္စနှင့်ပတ်သက်ပြီး လီရွှမ်မှာ အံ့သြမှုမရှိပါ။ ရွှီယန်၏ ပါရမီမှာ ထူးကဲပေမယ့် နှလုံးသားဓားအဆင့်၏ အသေးစားကျွမ်းကျင်မှု အခြေခံလေးနှင့် နောက်ထပ် ဓားတာအိုအဆင့်အား ဉာဏ်အလင်းရနိုင်ရန် မဖြစ်နိုင်ပေ။
ထိုတတိယမြောက် ဓားတာအိုအဆင့်အား သူသည် ဖန်တီးခဲ့ပြီး ဖြစ်၏။ ယခုအချိန်၌ လက်ဆင့်ကမ်းပေးရန်အတွက် သင့်တော်သည့်အချိန်သို့ ရောက်ပါပြီ။
'ဖြစ်နိုင်တာက... နှလုံးသားဓားအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်ကို ရွှီယန်ရောက်ပြီးရင် တတိယအဆင့်ကို ဘယ်လိုကျင့်ကြံရမယ်ဆိုတာ သဲလွန်စရလာလောက်တယ်..'
လီရွှမ်မှာ မျှော်လင့်နေမိ၏။
ရွှီယန်က စိတ်လှုပ်ရှားသွားပြီး ပြောသည်။
"ဟုတ်ကဲ့ပါ ဆရာ.."
နှလုံးသားဓားအဆင့်သည် အလွန် စွမ်းအားကြီးမားနေပြီး ဖြစ်၏။ ထိုအဆင့်၏အထက်ရှိ ဓားတာအိုအဆင့်သည် မည်မျှ စွမ်းအားကြီးမားလိုက်မည်နည်း။
"ဓားတာအိုရဲ့ တတိယအဆင့်က ဉာဏ်ပညာဓားအဆင့်ဖြစ်တယ်.."
လီရွှမ်က လေးနက်စွာပြော၏။
"ဉာဏ်ပညာဓားအဆင့်လား..."
"ဉာဏ်ပညာဓားအဆင့်ဆိုတာ ဘာကိုပြောတာလဲဆိုတော့... အရာအားလုံးကို ဓားအဖြစ်အသုံးပြုဖို့ ဓားအားလုံးမှာ အသိဉာဏ်ရှိတယ်။ ဓားအားလုံးက ဓားကိုသိတယ်။ ဓားအားလုံးက ငါ့ရဲ့ရည်ရွယ်ချက်ကို သိတယ်။ ငါ့ရဲ့ရည်ရွယ်ချက်က ဓားနှလုံးသားပဲ... ဓားဉာဏ်ပညာပဲ..."
"ဓားက ဓားဆိုတာကိုသိတယ်။ ဓားဆန္ဒကို နားလည်တယ်... ဓားက ရန်သူတွေနဲ့ ရင်ဆိုင်နိုင်တယ်။ ပြီးတော့ ဓားတာအိုကိုလည်း သိတယ်.."
"ဓားအားလုံးက ငါ့လိုပဲ။ ဓားအားလုံးက ငါပဲ။ ဓားတွေအားလုံးက ဉာဏ်ပညာအသိကို ပိုင်ဆိုင်ကြတယ်။ အဲ့ဒါက ဉာဏ်ပညာဓားတာအိုအဆင့်ပဲ.."
လီရွှမ်က စကားလုံး တစ်လုံးချင်းစီကို ပြော၏။ ဉာဏ်ပညာဓားအဆင့်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် သီအိုရီများကို ရှင်းပြပြီး ရွှီယန်အား လက်ဆင့်ကမ်းပေးသည်။