← Chapters

ဓားတာအိုအဆင့်၃၊ ဆေဘာတာအိုအဆင့်၃(၂)

Vol. 34 Ch. 508

ဓားတာအိုအဆင့်၃၊ ဆေဘာတာအိုအဆင့်၃(၂)

Vol. 34 Ch. 508

ဒီအချိန်၌ ရွှီယန်၏မျက်နှာသည် အံ့သြမှုတို့ဖြင့် ပြည့်နက်နေ၏။ ဤသည်မှာ ဓားတာအို၏ အဆင့်သုံးလေလား။

ဓားအားလုံးသည် သူတို့၏ ဓားဖြစ်မှုကို သိကြသည်။ ဓားအားလုံးသည် ကိုယ်ပိုင် ဓားတာအိုကို သိကြသည်။ ဓားဆန္ဒသည် ကိုယ်ပိုင်ဓားဆန္ဒကို သိသည်။ အတွေးတစ်ချက် မြင့်တက်သည်နှင့် အဆုံးမသတ်နိုင်သည့်ဓားများ ပေါ်ပေါက်လာနိုင်သည်။

ထို့အပြင် ဓားသည် ရန်သူကို မည်ကဲ့သို့ တန်ပြန်တိုက်ခိုက်ရမည်အား ကိုယ့်ကိုယ်ကိုယ်သိ၏။ စိတ်ကဲ့သို့ တွေးတော၏။ ယုံကြည်၏။ ဆန္ဒရှိ၏။ ဤသည်မှာ ဉာဏ်ပညာဓားတစ်ချောင်း ဖြစ်သည်။

ဤသည်မှာ မည်ကဲ့သို့သော ဓားတာအိုမျိုး ဖြစ်သနည်း။ ဓားတစ်ချောင်းကို ဉာဏ်ပညာ အပ်နှင်းပေးနိုင်သည်။

ဓားထုတ်လိုက်သည်နှင့် မည်သည်ကိုမှ လုပ်စရာမလိုဘဲ ဓားက ရန်သူကို ကိုယ်တိုင် တိုက်ခိုက်နိုင်သည်လား။ ဓားက ဓားတာအိုကို ကိုယ်တိုင် နားလည်နိုင်သည်လား။

ရွှီယန်သည် ကြီးစွာအံ့သြသွားခဲ့၏။ ဉာဏ်ပညာဓားအဆင့်သည် အလွန် လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲလှသည်။ သာမန်လူသားများ နားလည်သဘောပေါက်နိုင်သည်ထက် ကျော်လွန်နေသည့်ဟန် ရ၏။

လီရွှမ်က အံ့ဩနေသည့် ရွှီယန်ကိုကြည့်ကာ နှလုံးသားထဲတွင် တိတ်တဆိတ် ခေါင်းငြိမ့်သည်။ သူ၏တပည့် ပိုမိုအံ့ဩလေလေ နားလည်သဘောပေါက်ပြီးနောက် ပိုမိုစွမ်းအားကြီးလေ ဖြစ်မှာဖြစ်သည်။

ဝိဉာဉ်အခြေပေါ်ရှိ တာအိုရွှေစာအုပ်ကို ကြည့်လိုက်ပြီးနောက် ဉာဏ်ပညာဓားအဆင့်၏ အချက်အလက်များက ပေါ်လာခဲ့သည်။

ပြည့်စုံမှု- အလယ်အလတ်

အဆင့်အကြား ဆက်သွယ်မှု - အလယ်အလတ်၏ အထက်

ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု - အလွန်မြင့်မားသည်။

ကျင့်ကြံရန် ခက်ခဲမှု - မြင့်မားသည်+

ဉာဏ်ပညာဓားအဆင့်အတွက် အလွန်မြင့်မားသည့် နားလည်နိုင်စွမ်းကို လိုအပ်၏။ ထိုအဆင့်သည် ကြီးမားသည့် တိုးတက်မှု ဖြစ်သည်။

လီရွှမ်ပင်လျှင် ဦးနှောက်ခြောက်ခံကာ အမျိုးမျိုးစဉ်းစားပေမယ့် ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုကို လျှော့ချနိုင်ခြင်း မရှိခဲ့ပေ။ ဤသည်မှာ အလွန့်အလွန်ကို နက်နဲကာ ဆန်းကြယ်၏။

သို့ပေမယ့် ထိုကဲ့သို့နက်နဲမှု မရှိလျှင်လည်း စွမ်းအားကြီးမည်လည်း မဟုတ်ပေ။ ထို့ကြောင့် သူသည် လက်လျှော့လိုခြင်း မရှိပါ။ ပို့ချပေးရန်သာ ဆုံးဖြတ်ခဲ့၏။

ထို့အပြင် ဤသည်မှာ နားလည်သဘောပေါက်ရန်အတွက် ခက်ခဲမှုအလွန်မြင့်မားပေမယ့် သူသည် ရွှီယန်အပေါ် ယုံကြည်ချက်ရှိပါသည်။ အစပိုင်းက ကျပန်းဖန်တီးလိုက်သည့် ကျင့်စဉ်ကိုပင် အောင်မြင်အောင် ကျင့်ကြံခဲ့ပြီး ယခုအချိန်အထိ ကြီးထွားလာခဲ့၏။

ထို့အပြင် အခုအချိန်၌ ရွှီယန်၏ သိုင်းပညာအဆင့်မှာ နိမ့်ပါးခြင်း မရှိတော့ပါ။ သူသည် နှလုံးသားဓားအဆင့်သို့လည်း ချိုးဖျက်ပြီး ဖြစ်၏။ ထို့ကြောင့် ခိုင်မာသောအခြေခံ ရှိပြီးပြီဟု ဆိုနိုင်လေသည်။ ဉာဏ်ပညာဓားအဆင့်ကို နားလည်သဘောပေါက်နိုင်ရန် ဖြစ်နိုင်၏။ အချိန်ပိုမိုရှည်ကြာစွာ လိုအပ်မည်သာ ရှိသည်။

"ငါတပည့်... အဲ့ဒါက ဉာဏ်ပညာဓားအဆင့်ရဲ့ နက်နဲမှုတွေပဲ။ ပြယုဂ်တစ်ခုလည်း ဖြစ်တယ်။ ဒါပေမယ့် ဉာဏ်ပညာဓားအဆင့်က အဲ့ဒီ့လောက်နဲ့ ကန့်သတ်မနေဘူး.."

"ဓားတာအိုကျင့်ကြံသူတွေက ဉာဏ်ပညာဓားကို နားလည်သဘောပေါက်ရမယ်။ ပြောစကားတစ်ခု ရှိတယ်။ ဉာဏ်ပညာဓားက အတွင်းစိတ်နတ်ဆိုးကို ဖြတ်တောက်တယ်တဲ့။ အဲ့ဒါက စိတ်ပိုင်းဆိုင်ရာ ချည်နှောင်မှုတွေကို ဖြတ်တောက်တယ်။ ကိုယ်ကိုယ်တိုင်ရဲ့ နှောင်ကြိုးတွေကို ဖြတ်တောက်တယ်... အဲ့ဒါက အတားအဆီးနဲ့ အနှောင့်အယှက်တွေအားလုံးကို ဖြတ်တောက်တယ်.."

"စိတ်ပိုင်းဆိုင်ရာ အတားအဆီးကိုချိုးဖျက်၊ စိတ်နတ်ဆိုးအားလုံးကိုချိုးဖျက်၊ အရာအားလုံးကို ချိုးဖျက်ပြီး... နှလုံးသားက ဉာဏ်ပညာဓားကို ပိုင်ဆိုင်လာမယ်။ ကိုယ့်ကိုယ်ကိုယ် သန့်စင်မယ်။ အရာအားလုံးက ကိုယ့်ရဲ့အစိတ်အပိုင်း ဖြစ်လာမယ်... ဝေဝါးမနေတော့ဘူး... ရည်ရွယ်ချက် ကင်းမဲ့မနေတော့ဘူး... စိတ်ဓာတ်ကျမနေတော့ဘူး။ အမြင်မှားမနေတော့ဘူး။ ကြောက်ရွံ့မှုတွေ မရှိတော့ဘူး..."

လေးနက်သည့်မျက်နှာဖြင့် လီရွှမ်က ဉာဏ်ပညာဓားအဆင့်ကို ရွှီယန်အား တစ်လုံးချင်းစီ လက်ဆင့်ကမ်းပေးသည်။

ဒီအချိန်၌ ရွှီယန်သည် အလွန် အံ့ဩမိသလို ကြီးစွာလည်း ခံစားသွားရ၏။ ဦးနှောက်ထဲတွင် ဉာဏ်အလင်းတစ်ခု ရောက်ရှိလာသည့်နှယ် ရှိသည်။

ဉာဏ်ပညာဓားအဆင့်အပေါ် ပိုမိုဆင်ခြင်လေ့လာလေလေ ၎င်းသည် ပိုမိုနက်ရှိုင်းကာ အနှိုင်းမဲ့လာလေ ဖြစ်သည်ဟု ခံစားရ၏။

"...နှလုံးသားထဲမှာ ဉာဏ်ပညာရှိရင် ကိုယ့်ကိုယ်ကိုယ်သန့်စင်နိုင်မယ်... အရာအားလုံးက ကိုယ့်ရဲ့အစိတ်အပိုင်းဖြစ်လာမယ်... ကိုယ့်မှာ ဝေဝါးတာတွေ မရှိတော့ဘူး။ စိတ်ဓာတ်မကျဘူး။ ကြောက်ရွံ့မနေဘူး..."

လီရွှမ်က ပြောလိုက်ပြန်၏။

"ငါတပည့်... ဉာဏ်ပညာဓားရဲ့ သဘောတရားတွေကို မင်း.. အချိန်တိုအတွင်း နားလည်သဘောပေါက်နိုင်ဦးမှာ မဟုတ်သေးဘူး။ အဲ့ဒါကြောင့်မလို့ အဲ့ဒီ့ထဲမှာ အရမ်းကြီး စိတ်နှစ်မထားနဲ့။ မင်းရဲ့ မူလစိတ်ဝိဉာဉ်စုစည်းပြီးတော့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အံ့ဖွယ်တွေကို နားလည်သဘောပေါက်ပြီးတဲ့ အခါကျရင် ဉာဏ်ပညာဓားအဆင့်ကို ကျင့်ကြံလာနိုင်လိမ့်မယ်.."

"ကိုးကားချက်တစ်ခုကို ချမှတ်ပြီးတော့ အခြားတစ်ခုကို ရှာဖွေတာ၊ ကိုယ်တိုင်ရဲ့ အတွေ့အကြုံကို ပြန်လည်သုံးသပ်တာကနေ တစ်နေ့မှာ ဉာဏ်အလင်းပွင့်လာပြီး ဉာဏ်ပညာဓားအဆင့်ကို ဘယ်လိုကျင့်ကြံရမယ်ဆိုတာ နားလည်လာလိမ့်မယ်.."

ဒီဗိုင်းစွမ်းအားအဆင့်၏ ကျင့်ကြံမှုနည်းလမ်းနှင့် နှိုင်းယှဉ်ပါက ဉာဏ်ပညာဓားအဆင့်မှာ နားလည်သဘောပေါက်ရန် များစွာ ပိုမိုခက်ခဲသည်။

ရွှီယန်မှာ မည်မျှပင် မကောင်းဆိုးဝါးဆန်စေကာမူ အချိန်တိုအတွင်း ဉာဏ်အလင်းပွင့်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ပထမဆုံး ဒီဗိုင်းစွမ်းအားအဆင့်၏ ကျင့်စဉ်ကို အရင်ဆုံး လေ့လာတာ ပိုကောင်း၏။

ဖြစ်နိုင်သည်မှာ ဒီဗိုင်းစွမ်းအားအဆင့်ကို နားလည်သဘောပေါက်ပြီးနောက် ဉာဏ်ပညာဓားအဆင့်အတွက် သဲလွန်စများလည်း ရလာနိုင်သည်။

"ဟုတ်ကဲ့ပါဆရာ... ကျွန်တော်နားလည်ပါပြီ.."

ရွှီယန်က လေးစားစွာပြောသည်။ ဉာဏ်ပညာဓားအဆင့်သည် အလွန် နက်နဲလွန်းလှ၏။ ဆရာပြောတာ မှန်ပါသည်။

ဖြစ်နိုင်သည်မှာ ဒီဗိုင်းစွမ်းအားအဆင့်ကို နားလည်ပြီးနောက် သို့မဟုတ် မူလစိတ်ဝိဉာဉ်ကို စုစည်းပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အံ့ဖွယ်များကို အကျွမ်းဝင်လာပြီးနောက် ဉာဏ်ပညာဓားအဆင့်ကို ကျင့်ကြံနိုင်မှာလည်း ဖြစ်နိုင်သည်။

ယခုအချိန်၌ သူသည် နှလုံးသားဓားအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့သာ ရောက်ရှိသေး၏။ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန်ပင် အလှမ်းကွာသေးသည်။

ထို့အပြင် တစ်နေ့တွင် အကြောင်းအရာတစ်ခုနှင့် တိုက်ဆိုင်မှုကြုံကာ ကိုယ်ပိုင်နားလည်မှု ရလာမှာလည်းဖြစ်နိုင်သည်။

"အင်း... ငါ့ရဲ့ ဆိုလိုရင်းကို မင်းနားလည်တာကောင်းတယ်.."

လီရွှမ်က ခေါင်းငြိမ့်သည်။ ဆရာနှင့်တပည့် နှစ်ယောက်တို့သည် စံအိမ်ဆီသို့ ပြန်လာခဲ့ကြ၏။

လမ်းတစ်ဝက်တွင် လီရွှမ်က ဘေးဘက်ကိုကြည့်လိုက်ပြီးနောက် ယွဲ့အာနှင့် သူမ၏ အဘိုးဖြစ်သူတို့သည် တစ်ခုခုကို ရှာဖွေနေကြောင်းအား တွေ့လိုက်ရသည်။

သို့ရာတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ချီမန်အခင်းအကျင်းက သူတို့နှစ်ယောက်ကို လွှမ်းခြုံနေရာ မြေးအဘိုးနှစ်ယောက်တို့သည် လီရွှမ်တို့ကို မတွေ့နိုင်ပဲ ရှိနေ၏။

သူက တစ်ဖက်လူကို ပြုံးကာသာ လျစ်လျူရှု့ထားလိုက်သည်။ ထိုကောင်မလေးသည် အလွန်စိတ်ဝင်စားစရာကောင်းလှ၏။ ကောင်းမွန်သည့် ပါရမီလည်း ရှိသည်။ ကံဆိုးစွာပင် သူ့အတွက် တပည့်လက်ခံရန် သင့်တော်ခြင်းမရှိပေ။ ထို့အပြင် ယခုအချိန်၌ သင်ကြားပေးရန် သိုင်းပညာလမ်းစဉ်အသစ်လည်း မရှိသေးပါ။

သူ့တပည့်၏ ဇနီးလောင်းအဖြစ် ကြည့်ရန်တော့ ရွှီယန်တွင် သူ့ကို သဘောကျနေသည့် မိန်းကလေးနှစ်ဦး ရှိနေပြီး ဖြစ်၏။ သူမတို့၏ ကံကြမ္မာမှာ တစ်ဖက်ဖြစ်သူအပေါ်၌သာ မူတည်နေပါသည်။ ဆရာအနေနှင့် ထိုကိစ္စမျိုးကို ဂရုစိုက်စရာမလိုပေ။

စံအိမ်ဆီသို့ ပြန်ပြီးနောက် ရွှီယန်သည် တံခါးပိတ်ကျင့်ကြံမှုအတွင်းသို့ ဝင်ရောက်သွား၏။ ကျင့်ကြံရင်းနှင့် သူ၏ကိုယ်ပိုင် ဓားပညာနှင့် သိုင်းပညာ၏ ဆန်းကြယ်အတတ်များကို လေ့လာသည်။

နောက်တစ်နေ့တွင် တောင်ထွတ်၏အပေါ်၌...

ဒီတစ်ကြိမ်မှာ မုန့်ချုံ၏ အလှည့်ဖြစ်သည်။ ဆေဘာလမ်းစဉ်၏ တတိယအဆင့်ကိုလည်း မုန့်ချုံအား လက်ဆင့်ကမ်းပေးသင့်၏။

မုန့်ချုံ၏ပါရမီမှာ ရွှီယန်လောက် မကောင်းဆိုးဝါးဆန်ခြင်း မရှိပေမယ့် ဆေဘာလမ်းစဉ်တွင် ထူးကဲသည့် ပါရမီအား ပိုင်ဆိုင်ထားဆဲရှိသည်။

"ဆေဘာလမ်းစဉ်ရဲ့ စတင်မှုက ဆေဘာဝိဉာဉ်နိုးထမှုအပေါ်မှာ မူတည်တယ်။ မင်းမှာ ဆေဘာဝိဉာဉ်နိုးထပြီးပြီ။ ဒါ့ကြောင့် အဲ့ဒီ့ရဲ့ ဆန်းကြယ်မှုတွေကို နားလည်ပြီးပြီ.."

"ဆေဘာလမ်းစဉ်ရဲ့ ဒုတိယအဆင့်က လျှို့ဝှက်‌ဆေဘာအဆင့်ပဲ။ မင်းရဲ့စီနီယာအစ်ကိုကြီးရဲ့ နှလုံးသားဓားအဆင့်ကြောင့် မင်းလည်း အဲ့ဒီ့အပေါ်ကို နားလည်မှုအချို့ရှိတယ်။ လျှို့ဝှက်ဆေဘာအဆင့်က အသွားကို ဖုံးကွယ်ထားတာချည်းပဲလို့ မဆိုလိုဘူး။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နေရာတိုင်းမှာ ဆေဘာပုန်းအောင်းနေတယ်ဆိုတဲ့ အနှစ်သာရလည်း ပါရှိတယ်။ အဲ့ဒါက နှလုံးသားဓားအဆင့်နဲ့ ကိုက်ညီတယ်။ ဒါပေမယ့် ကိုယ်ပိုင်အဓိပ္ပာယ်တွေလည်း ရှိတယ်..."

လီရွှမ်က ဖြေးညှင်းစွာ ပြောသည်။ မုန့်ချုံက လေးစားစွာဖြင့် နားထောင်နေ၏။ လျှို့ဝှက်ဆေဘာအဆင့်၏ လူသစ်တစ်ယောက်အနေနှင့် ထိုအဆင့်၏ နက်နဲမှုကို သူနားလည်ပါသည်။

စီနီယာအစ်ကိုကြီးကဲ့သို့ အရာအားလုံးကို သိမြင်ပြီးခြင်းမရှိပေမယ့်၊ အတွေးတစ်ချက်ဖြင့် အရာအားလုံးကို ဓားအဖြစ် မပြောင်းလဲနိုင်ပေမယ့် မြက်များ၊ သစ်ပင်များနှင့် ကျောက်တုံးများကို ဆေဘာအဖြစ် ပြောင်းလဲနိုင်ဆဲရှိသည်။

လျှို့ဝှက်ဆေဘာ၏ အဓိပ္ပါယ်မှာ မိမိ၏ ကိုယ်ပိုင်ဆေဘာကို ထုတ်ဖော်ခြင်းမရှိဘဲ ဖုံးကွယ်ထားခြင်းနှင့် လောကကြီး၏ နေရာတိုင်းတွင် ဆေဘာဓားရှိနေသည်ဟု ဆိုလို၏။

"ဆေဘာတာအိုရဲ့ တတိယအဆင့်က အလင်းရောင်ဆေဘာ အဆင့်ပဲ။ အလင်းရောင်ဆေဘာ တစ်ချောင်းက နှလုံးသားကို လင်းလက်စေတယ်။ ဆန္ဒကို လင်းလက်စေတယ်...။

လီရွှမ်က မုန့်ချုံကို ဆေဘာတာအို၏ တတိယအဆင့်အား စတင်သင်ကြားပေးသည်။ အလင်းရောင်ဆေဘာအဆင့် ဖြစ်၏။ ဆေဘာက မိမိ၏ဆန္ဒကို ဉာဏ်အလင်းရကာ မိမိ၏အသိကို နားလည်သည်။

"...နှလုံးသားထဲမှာ အလင်းရောင်ဆေဘာရှိရင် အတားအဆီးအနှောင့်အယှက်တွေ အားလုံးကို ဖယ်ထုတ်နိုင်တယ်... ဆေဘာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကြီးစိုးမှုပဲ။ ဆေဘာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ သတ္တိပဲ... နှလုံးသားထဲမှာ အလင်းရောင်ဆေဘာရှိရင် ကြီးစိုးမှုကို လက်ဝယ်ထားပြီး ရဲရင့်မှုက အနှိုင်းမဲ့နေလိမ့်မယ်..."

အလင်းရောင်ဆေဘာ အဆင့်သည် ဉာဏ်ပညာဓားအဆင့်ကဲ့သို့ပင် တူညီမှုများ ရှိ၏။ အဘယ်ကြောင့်ဆိုသော် လီရွှမ်က ဉာဏ်ပညာဓားအဆင့်အား ကိုးကားချက်ယူပြီး ၎င်းကို ဖန်တီးထားသောကြောင့် ဖြစ်သည်။

သို့ရာတွင် ကြီးမားသည့် ခြားနားချက်များလည်း ရှိ၏။ ဤသည်မှာ ဆေဘာ၏ ကြီးစိုးမှုကို အသွင်ယူကာ ရဲရင့်ခြင်း ဖြစ်သည်။

လီရွှမ်က ဝိဉာဉ်အခြေပေါ်ရှိ တာအိုရွှေစာအုပ်အတွင်းမှ အလင်းရောင်ဆေဘာအဆင့်၏ အချက်အလက်များကို ကြည့်လိုက်သည်။

ပြည့်စုံခြင်း- အလယ်အလတ်၏အထက်

အဆင့်အကြားဆက်သွယ်မှု- အလယ်အလတ်၏ အထက်

ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- မြင့်မားသည်+

ကျင့်ကြံရန်ခက်ခဲမှု- မြင့်မားသည်။

အလင်းရောင်ဆေဘာအဆင့်၏ ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုသည် ဉာဏ်ပညာဓားအဆင့်ထက် အနည်းငယ် နိမ့်ပါးပေမယ့် အများကြီး ခြားနားမှုမရှိပါ။ နားလည်လာရန်မှာ ခက်ခဲလှသည့် တာဝန်တစ်ခု ဖြစ်နေဆဲရှိ၏။

လီရွှမ်အနေနှင့် ထိုကိစ္စကို အရမ်းကြီးတော့ စိုးရိမ်မနေပါ။ မုန့်ချုံ၏ပါရမီမှာ နိမ့်ကျခြင်းမရှိဘဲ အလွန်ထူးကဲသည်ဟုပင် ဆိုနိုင်၏။ ထို့အပြင် ရွှီယန်က ဉာဏ်ပညာဓားအဆင့်ကို နားလည်သဘောပေါက်ပြီးနောက် မုန့်ချုံလည်း ထိုအထဲမှ အသိအမြင်များကို ဖလှယ်ကာ တဖြည်းဖြည်းနှင့် အလင်းရောင်ဆေဘာအဆင့်ကို နားလည်သဘောပေါက်လာနိုင်သည်။ အချိန်တစ်ခုသာ လိုအပ်၏။

မုန့်ချုံမှာ နားထောင်ရင်းနှင့် သွေးများဆူပွက်လာ၏။ ပြောင်နေသည့် ကတုံးကို ပွတ်ရင်းက သူ၏မျက်နှာမှာ မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေပါသည်။ အလင်းရောင်ဆေဘာအဆင့်သည် မည်မျှနက်နဲကာ မည်မျှစွမ်းအားကြီးမားလိုက်သနည်း။

"မင်းက လျှို့ဝှက်ဆေဘာအဆင့်ထဲကို ဝင်ရောက်ခါစပဲ ရှိသေးတယ်... အလင်းရောင်ဆေဘာအဆင့်က မင်းနဲ့ အလှမ်းကွာနေသေးတယ်။ ကျင့်ကြံခြင်းဆိုတာ တစ်ချိန်မှာ ခြေတစ်လှမ်းကိုပဲ တက်ရတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ကျင့်ကြံရတယ်။ တဖြည်းဖြည်းနဲ့ လေ့လာရတယ်.."

"အဲ့ဒါကြောင့်မလို့ မသေခြင်းရွှေခန္ဓာရဲ့ တတိယအဆင့်ကို ပိုပြီးတော့ အားထုတ်ကျင့်ကြံဦး... ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ သိုင်းပညာရဲ့ ဆန်းကြယ်မှုတွေက ကိုယ်မြင်သလောက် ရိုးရှင်းမနေဘူး.."

လီရွှမ်က လေးနက်စွာပြော၏။

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက လေးစားစွာတုံ့ပြန်သည်။

"အင်း... သွားပြီးတော့ ကျင့်ကြံလှည့်... လင်းနယ်မြေမှာ ပြဿနာတွေက မြင့်တက်လာတော့မှာ.."

လီရွှမ်သည် စံအိမ်ဆီသို့ ပြန်ခဲ့၏။ မုန့်ချုံမှာ သူ၏နောက်မှ လိုက်ကာ ပဟေဠိဖြစ်နေသည်။ ဆရာဖြစ်သူ၏ လင်းနယ်မြေတွင် မုန်တိုင်းတစ်ခု အစပျိုးနေသည်ဟူသည်မှာ မည်သည်ကို ဆိုလိုသနည်း။

"ချီမင်ဂိုဏ်းရဲ့ လက်တုံ့ပြန်မှုများလား.."

မုန့်ချုံ စဉ်းစားမိသည်။

ပါရမီရှင်များ၏တိုက်ပွဲ ပြီးဆုံးသည်မှာ သက်ဆိုင်ရာအချိန်တစ်ခု ကြာညောင်းခဲ့ပါပြီ။ သို့ပေမယ့် ချီမင်ဂိုဏ်းမှ မည်သည့်ကြီးမားသည့် လှုပ်ရှားမှုမှ မပြသခဲ့ပေ။ ကြည့်ရသည်မှာ ပြိုင်ပွဲ၏ စည်းမျဉ်းကို လိုက်နာပြီး လက်စားချေခြင်းမှ ရှောင်ကြဉ်နေဟန် ရ၏။

သို့ပေမယ့် ဤသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ကြီးစိုးလှသည့် သဘောသဘာဝကို ကြည့်ခြင်းအားဖြင့် သူတို့သည် သေချာပေါက်လက်စားချေမှာ ဖြစ်သည်။

ထို့အပြင် ပါရမီရှင်များအကြား တိုက်ပွဲ၏ စည်းမျဉ်းများသည် ဝမ်ရှင်းသိုင်းပညာအကယ်ဒမီနှင့် ပဋိပက္ခဖြစ်ပွား ကတည်းက ပျက်စီးသွားခဲ့၏။ ထို့ကြောင့် ဆက်လက်လိုက်နာနေမည် မဟုတ်ပါ။

လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ သင်ကြားပေးရန် လိုအပ်သည့်အရာအားလုံးတို့ကို သင်ကြားပေးပြီး ဖြစ်ရာ အကျိုးအမြတ်များကို စောင့်စားနေပါသည်။

လင်းနယ်မြေရှိ တိတ်တဆိတ် လှုပ်ရှားမှုများမှာတော့ သေချာပေါက် ရှိနေမှာဖြစ်၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် အမှောင်ထဲတွင် ကူးလူးရင်းက စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အုပ်ချုပ်မှုအောက်တွင် မိမိအတွက် နေရာတစ်နေရာကိုအရယူရန် ကြိုးစားနေသည်။

ချီမင်ဂိုဏ်းမှာတော့ မည်သည့်လှုပ်ရှားမှုမှ မရှိတာ အချိန်တစ်ခုကြာပြီ ဖြစ်၏။ သူတို့သည် ကြီးမားသည့် တစ်ခုခုကို ကြံစည်နေဟန် ရသည်။ ထိုလှုပ်ရှားမှုကြီးကို အကောင်အထည်ဖော်ရန်မှာ မကြာတော့လောက်ပါ။

"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေက တကယ်ပဲ စွမ်းအားကြီးတယ်။ ဒါပေမယ့် ဂိုဏ်းက အစွမ်းထက်တဲ့ပုဂ္ဂိုလ်ကြီးတွေ ဒီကိစ္စကို သတိထားမိမှာလား ဆိုတာကတော့ မသေချာဘူး။ သတိထားမိရင်ရော သူတို့တွေ တုံ့ပြန်မှာလား။ မတုံ့ပြန်ဘူးလား..မသေချာဘူး.."

လီရွှမ်က တိတ်ဆိတ်စွာ စဉ်းစားသည်။ သူသည် လက်ရှိခွန်အားနှင့် မည်သည့် စွမ်းအားကြီးပုဂ္ဂိုလ်ကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိသည်ဟု ယုံကြည်ချက်ရှိပေမယ့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စွမ်းအားအကုန်အစင်ကို သိရှိစေခြင်း မရှိသေးပါ။

ထို့အပြင် များပြားလှသည့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ တစ်ပြိုင်နက် တိုက်ခိုက်လာပါက သူ့အနေနှင့် အသက်အန္တရာယ်အား စိုးရိမ်စရာမလိုဘဲ ရင်ဆိုင်နိုင်မည်ဟု ခန့်မှန်းထားလျှင်တောင် ပြတ်သားသည့် အနိုင်ရမှုကို ရရှိမှာ မဟုတ်လောက်ပေ။

ဤသည်က အနှိုင်းမဲ့သည့် ကျင့်ကြံသူတစ်ယောက်ဟူသည့် အသွင်အပြင်ကို ထိပါးနိုင်၏။ ထို့အပြင် ကျင့်ကြံခြင်းအဆင့်ဖြင့် အနိုင်မကျင့်ချင်၍ တူညီသောအဆင့်ဖြင့်သာ တိုက်ခိုက်သည်ဟု အကြောင်းပြချက်ပေးသည်မှာလည်း တစ်ကြိမ်နှစ်ကြိမ်သာ ကောင်းပါသည်။

All Chapters