← Chapters

ယီဖေးမယ်မယ်ရောက်လာခြင်း

Vol. 2 Ch. 11

ယီဖေးမယ်မယ်ရောက်လာခြင်း

Vol. 2 Ch. 11

ယခုလက်ရှိ ဧကရာဇ်မင်းဟာ နန်းတက်ပြီးနောက်ပိုင်းတွင် တိုင်းပြည်အရေးကို ကြိုးပမ်းဆောင်ရွက်သကဲ့သို့ ပြည်သူကိုလည်း ချစ်ခင်ပြီး ဇိမ်ခံဖြုန်းတီးရခြင်းကိုလည်း မနှစ်သက်လှပေ။

ထို့ကြောင့် လင်ကွေ့ဖေး ကလည်း အရှင်မင်းကြီးကို အတုယူပြီး ပိုးချည်ပန်း များကို ပြုလုပ်စေခဲ့၏။ ထိုပိုးချည်ပန်းများသည် ထပ်ခါတလဲလဲ ပန်ဆင်နိုင်သဖြင့် အတော်လေးကောင်းမွန်လှသည်ဟု ပြောရပေမည်။

လင်ဗန်းကို လင်ဝမ်ယိ ရှေ့သို့ ယူလာသည့်အခါ အထဲတွင် အိုင်းရစ်ပန်း တစ်ပွင့်နှင့် ကချေသည်သစ်ခွပန်း တစ်ပွင့်သာ ကျန်တော့သည်ကို သူမ တွေ့လိုက်ရလေသည်။ သူမလည်း စဉ်းစားမနေတော့ဘဲ ကချေသည်သစ်ခွပန်း ကို ယူလိုက်၏။

အခြားသော အပြိုင်အဆိုင် အာရုံစိုက်ခံရအောင် ကြိုးပမ်းနေသည့် ပန်းများကြားတွင် ထိုအဝါနုရောင် ပန်းလေးမှာ ရိုးရှင်းအေးချမ်းစွာ လှပနေရာ အလွန်နှစ်သက်စရာပင်။

သူမ ကချေသည်သစ်ခွပန်း ကို ယူလိုက်သည်ကို ချူကွေ့ရန် က မြင်သည့်အခါတွင် သူမသည် နှာခေါင်းရှုံ့ကာ ခပ်တိုးတိုးရယ်ရင်း မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်များ ယှက်သန်းလာတော့သည်။

ဘာများလဲမှတ်ပါတယ်... ခုလေးတင် ကွေ့ဖေးမယ်မယ်ဆီ ငါ့ကို တောင်းပန်ဖို့ အတင်းဖိအားတွေပေးသွားပြီး… အခုကျတော့ အေးချမ်းနေသလို ဟန်ဆောင်နေပြန်ပြီကော...။

အဲဒီလောက် အေးချမ်းတည်ငြိမ်ချင်ရင် နန်းတွင်းဝင်လာပြီး ဘာလုပ်ဦးမှာလဲ...။

ကတုံးတုံးပြီး သီလရှင်သာ သွားဝတ်လိုက်ပါ‌တော့လား... ဒီမှာနေပြီး အရှင်မင်းကြီးကို မြှူဆွယ်မနေနဲ့တော့‌လေ...။

ကွေ့ဖေးမယ်မယ်ဆီမှ ရသည့် လက်ဆောင်ဖြစ်သဖြင့် လူတိုင်းမှာ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျေးဇူးတင်စကား ဆိုကြရပေမည်။

ထို့ကြောင့် အားလုံးက မတ်တတ်ရပ်ကာ လင်ကွေ့ဖေး ကို ဂါရဝပြုလိုက်ကြ၏။

"ကျွန်တော်မျိုးမတို့ မယ်မယ့်လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်..."

စကားဆုံးသည်နှင့် အပြင်ဘက်မှ လိုက်ကာကို လူတစ်ယောက်က ကြမ်းတမ်းစွာ လှန်လိုက်ပြီး နားဝင်ပီယံရှိသည့် အသံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာလေသည်။

"အို... ကျွန်မနောက်ကျသွားပြီလား... ကွေ့ဖေးမယ်မယ်ဆီမှာ ဘာတွေများ ဒီလောက် စည်ကားနေတာလဲ..."

လင်ဝမ်ယိ လှည့်ကြည့်လိုက်သော် ကျက်သရေရှိပြီး ရုပ်ရည်အသင့်အတင့်ရှိသော်လည်း ဟန်ပန်အမူအရာတွင်မူ သိမ်မွေ့မှုနှင့် လိမ္မာပါးနက်မှုတို့ ရောယှက်နေသော အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်ကို တွေ့ရ၏။

သူမသည် အနီဖျော့ဖျော့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အပေါ်မှ ပန်းပွင့်ဝတ်ဆံနေရာများတွင် ပုလဲလုံးများဖြင့် တန်ဆာဆင်ထားရာ လမ်းလျှောက်လိုက်တိုင်း တရိပ်ရိပ်ဖြင့် လှပနေတော့သည်။

ယီဖေးက အထက်တွင်ထိုင်နေသော လင်ကွေ့ဖေး ကို စူးစူးရဲရဲ ကြည့်လိုက်၏။ သူမမှာ ရာထူးဂုဏ်ရှိန်အရ အဆင့်နိမ့်နေသော်လည်း အရှိန်အဝါနှင့် ဟန်ပန်တွင်မူ အရေးနိမ့်မနေပေ။

သူမက လင်ကွေ့ဖေး ရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး ဒူးကို အနည်းငယ်မျှသာ ညွတ်လျက် ဂါရဝပြုလိုက်သည်။

ဤကဲ့သို့ ပြီးစလွယ်နိုင်သော အပြုအမူကို အားလုံးက မြင်လိုက်ကြသော်လည်း မည်သူမျှ ဝင်မပြောရဲကြဘဲ ခေါင်းငုံ့ကာ နှုတ်ပိတ်နေကြရှာ၏။

ထိုင်ခုံပေါ်မှ လင်ကွေ့ဖေး ကမူ သဘောထားကြီးဟန် အပြုံးတစ်ခုကို ဆင်မြန်းလျက် အောက်မှ ယီဖေး ကို ပြောလိုက်လေသည်။

"ညီမလေး ရောက်လာပြီလား..."

"အစ်မကို ဂါရဝပြုပါတယ်... တတိယမင်းသား က မနက်စောစော နေသိပ်မကောင်းလို့ သမားတော် ခေါ်ပြနေရတာနဲ့ ယီဖေး အချိန်နည်းနည်း နောက်ကျသွားတယ်... အစ်မ စိတ်မရှိပါနဲ့..."

“တတိယမင်းသား က ဘာဖြစ်လို့လဲ..."

"ချောင်းနည်းနည်း ဆိုးနေတာပါ...ပြီးခဲ့တဲ့ရက်က အရှင်မင်းကြီး ပေးသနားတဲ့ ရွှေသဖန်းသီးဆေးရည် သောက်ပြီးတော့ သက်သာသလို ရှိပေမဲ့ ဒီမနက်ကျတော့ ပြန်ဆိုးလာတယ်... အရှင်မင်းကြီး စိတ်ပူနေမှာစိုးလို့ သမားတော် ခေါ်ပြလိုက်ရတာပါ..."

တတိယမင်းသားသည် အခြားသော မင်းသား၊ မင်းသမီးများထက် ပို၍ ကျန်းမာသန်စွမ်းသလို ပိုပြီးထွားကျိုင်းသူလည်းဖြစ်ပေသည်။ ချောင်းနည်းနည်းဆိုးနေသည် ဆိုသည်မှာ ယီဖေး ၏ ဆင်ခြေပင် ဖြစ်လိမ့်မည်။

သို့သော်လည်း လင်ကွေ့ဖေး က ဘာမျှပြန်မပြောဘဲ သူမ၏စကားကိုသာ လိုက်ပြောလိုက်လေသည်။

"အော်... အဲဒီလိုကိုး... ချင်ဟယ့်..."

"ရှိပါတယ် မယ်မယ်..."

"တိုင်းတပါးက ဆက်သလာတဲ့ နှင်းသစ်တော်သီးတစ်ခြင်းကို ယီဖေး နန်းဆောင်ဆီ ပို့လိုက်ပါ... နှင်းသစ်တော်ကို ကျောက်ပွင့် နဲ့ ဇီးသီးခြောက်တွေ ရောပေါင်းပြီးမှ စားခိုင်းလိုက်... အဲဒါက အဆုတ်ကို အားကောင်းစေပြီး ချောင်းဆိုး ပျောက်စေတယ်..."

"ဟုတ်ကဲ့ပါ... အမိန့်တော်အတိုင်းပါ..."

လင်ကွေ့ဖေး က တတိယမင်းသားအား ဂရုစိုက်သလို စိုးရိမ်ပြနေသဖြင့် ယီဖေး မှာ မတတ်သာဘဲ ကျေးဇူးတင်ရတော့သည်။

"အစ်မရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်... တတိယမင်းသား နေကောင်းသွားရင် အစ်မနန်းဆောင်ကို ပထမမင်းသမီး နဲ့ အတူလာကစားဖို့ သေချာပေါက်လွှတ်လိုက်ပါ့မယ်..."

ယီဖေး ပြောသော ပထမမင်းသမီး ဆိုသည်မှာ လင်ကွေ့ဖေး မွေးထားသည့် မင်းသမီးမင်ရော့ပင် ဖြစ်လေသည်။ သူမမှာ ယခုဆိုလျှင် လေးနှစ်အရွယ် ရှိနေပြီဖြစ်သည်။ နတ်မင်းများ၏ ကောင်းချီးပေးခံထားရသော သမီးရတနာတစ်ပါးဖြစ်ရာ သက်သောင့်သက်သာရှိသော ဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

သို့သော် လင်ဝမ်ယိသည် လင်ကွေ့ဖေး ၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသော နာကျင်မှုကို အမိအရ မြင်လိုက်ရ၏။ မင်းသမီးရုံခန့် နှင့် လင်ကွေ့ဖေး တို့က သူမကို အနောက်ဆောင်ထဲသို့ပို့လိုက်သည် နေရာမြဲရုံသက်သက်သာ မဖြစ်နိုင်ကြောင်း သူမ တွေးမိလိုက်သည်။

လင်ကွေ့ဖေးက ပထမမင်းသမီးကို ကို မွေးဖွားပြီးကတည်းက ကိုယ်ဝန်မရတော့ချေ။ ထို့ကြောင့် သူမကို နန်း‌တွင်း ပို့လိုက်သည်မှာ နန်းလျာမွေးစေချင်သည့်ကိစ္စလည်း ပါဝင်ပေလိမ့်မည်။

လင်ဝမ်ယိ သူမ၏ ဝမ်းဗိုက်လေးကို အသာအယာ ပွတ်သပ်လိုက်မိသည်။

သူကိုယ်တိုင်ကတော့ မလွန်ဆန်နိုင်လို့ ထားပါတော့…သူ့ကလေးကပါ ဗိုက်ထဲမှာကတည်းက သူများကြိုးဆွဲရာကရမှာလား...။

လင်ဝမ်ယိ သဘောမတူနိုင်သလို ထိုသို့ ဖြစ်လာမည်ကိုလည်း မလိုလားပေ။

သူမက သူမ၏အနောက်တွင် တိတ်တဆိတ်ရပ်နေသည့် ရှအန်း ကို စောင်းငဲ့ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် အခြားအကြံအစည်တစ်ခု ရလိုက်သည်။

ပင်မနန်းဆောင်အတွင်း အသံတိတ် မုန်တိုင်းထန်နေလေ၏။

ယီဖေး ရောက်လာသောအခါ အပျော်ဆုံးလူမှာ စောစောကမှ အရှက်ကွဲထားသော ချူကွေ့ရန် ပင် ဖြစ်ပေလိမ့်မည်။

ယီဖေး ၏ အဘိုးသည် နာမည်ကျော် အနောက်မြောက်ဒေသ စစ်သူကြီးဖြစ်ပြီး သူမ အနောက်မြောက်ဒေသ တွင် ရှိစဉ်က နန်း ယီဖေး နှင့် တွေ့ဖူးသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်လုံးက အနောက်မြောက်ဒေသ စစ်ဘက်မျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်၍ အခြားသူများထက် ဆက်ဆံရေး ပိုကောင်းမွန်ကြ၏။

ထို့ကြောင့် သူမက ယီဖေး ကို မြှောက်ပင့် ပြောဆိုလိုက်သည်။

"တတိယမင်းသား က အရှင်မင်းကြီး အချစ်ဆုံး သားတော်ပဲလေ... တခြားသူတွေထက် ပိုပြီး တန်ဖိုးရှိတာပေါ့... မယ်မယ်က တကယ် ကံကောင်းတာပဲ... ပြီးခဲ့တဲ့ရက်က ကျွန်တော်မျိုးမ တတိယမင်းသား ကို သွားကြည့်တော့ စစ်မဟာဗျူဟာကျမ်း တွေတောင် ဖတ်နေပြီ... တကယ့်ကို ဉာဏ်ကောင်းလိုက်တဲ့ တတိယမင်းသားပါပဲ... ကြီးလာရင် အနာဂတ်က သေချာပေါက် တောက်ပနေမှာပါ..."

ထိုစကားကို ကြားသောအခါ ယီဖေး သည် ချူကွေ့ရန် ကို ပြန်လှည့်ကြည့်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားသည့်ဟန်ဖြင့် ပြောလေသည်။

"ညီမလေးချူကလည်း လျှောက်မပြောပါနဲ့... အစ်မကြည့်ရသလောက် အစ်မလန်ဖေးရဲ့ ဒုတိယမင်းသား ကလည်း မဆိုးပါဘူး... ခန္ဓာကိုယ်လေးအားနည်းတာကလွဲရင် ကျန်တာ အကုန်ကောင်းပါတယ်... သေချာ ဂရုစိုက်ပြုစုရင် ကျန်းမာလာမှာပါ..."

"ညီမလေး ယီဖေး ပြောတာ ဟုတ်တယ်... အခုဆိုရင် လန်ဖေး ညီမလေးက နန်းတော်ထဲမှာ ဂရုအစိုက်ခံရဦးပဲ... သူ့ကိုယ်ဝန်က ၆ လတောင် ရှိနေပြီ... အရှင်မင်းကြီးအတွက် စတုတ္ထမင်းသား ကို မွေးပေးနိုင်ရင် အဲဒါမှ တကယ့် ကံကောင်းခြင်းပဲ... ဟုတ်တယ်မလား..."

မူလက ဘဝင်မြင့်နေသော ယီဖေးသည် အေးတိအေးစက်ပြုံးလိုက်ရင်း အကြည့်စူးစူးများဖြင့် လင်ကွေ့ဖေး ကို ကြည့်လိုက်၏။

လင်ကွေ့ဖေး ၏ အပြုံးကလည်း မျက်နှာတွင်သာ ပြုံးနေကာ အကြည့်များမှာတော့ အေးစက်လျက်။

နှစ်ယောက်သား ဘာစကားမှ မပြောဘဲ ကြည့်နေကြသော်လည်း ဘေးမှ ကိုယ်လုပ်တော်များမှာမူ တုန်လှုပ်နေကြလေပြီ။

နန်းတွင်းတွင် အရေးပါဆုံးသူများမှာ လင်ကွေ့ဖေး ၊ ယီဖေး နှင့် လန်ဖေး တို့ ဖြစ်ကြသည်။

လင်ကွေ့ဖေး က ရာထူးအကြီးဆုံး ဖြစ်သော်လည်း နန်းတွင်းဝင်သည်မှာ ကြာပြီဖြစ်သည့်တိုင် မင်းသမီးတစ်ပါးသာ မွေးပေးနိုင်သဖြင့် သားတော်မွေးမှ နေရာမြဲမည့် နန်းတွင်းတွင် အားနည်းချက်ဖြစ်နေ၏။

ယီဖေး ကမူ စစ်ဘက်မျိုးနွယ်မှ ဆင်းသက်လာပြီး အဘိုးဖြစ်သူမှာ နန်းရင်းဝန်အဆင့် ရှိသည်။ သူမတွင် ကျန်းမာသန်စွမ်းသော မင်းသားတစ်ပါး ရှိနေသဖြင့် ရာထူးနိမ့်သော်လည်း လျှော့တွက်၍ မရချေ။

လန်ဖေးကမူ နောက်ခံအင်အားသိပ်မရှိ။ ဖခင်မှာ ပညာရှိစာပေသမားဖြစ်ပြီး အမတ်ချုပ်လင် ၏ တပည့်ဖြစ်သော်လည်း ရာထူးကြီးကြီးမားမား မရှိပေ။ သူမ ယှဉ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူမ၏ ကိုယ်ဝန်ပင် ဖြစ်သည်။

နန်းတွင်း၌ ကိုယ်ဝန်ဆောင်သည်ကို မတွေ့ရသည်မှာ ကြာပြီဖြစ်၍ သူမသည် ကိုယ်ဝန်ရှိပြီးကတည်းက အနေအထိုင် ဆင်ခြင်ပြီး ပြဿနာ မရှာတတ်ပေ။

ထို့ကြောင့် ကိုယ်လုပ်တော်အသစ်များက သူမကို သိပ်မသိကြပေ။

သူမတို့ကိုယ်တိုင်လည်း လန်ဖေး လို ကံကောင်းချင်ကြသည်။ ကိုယ်ဝန်အမြန်ရပြီး မင်းသမီးတစ်ပါးလောက် မွေးနိုင်လျှင်ပင် ဤနန်းတွင်းတွင် မျှော်လင့်ချက် ရှိလာပေလိမ့်မည်။

ယီဖေး သည် မျက်ခုံးကို ပင့်ရင်း နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားလေသည်။

"အစ်မ ပြောတာ ဟုတ်ပါတယ်... သားသမီးရတနာ ထွန်းကားတဲ့ ကံကိုတော့ ကျွန်မတို့တွေ ဘယ်လိုက်မီပါ့မလဲ..."

သည်စကားတစ်ခွန်းက လင်ကွေ့ဖေး ၏ အနာကို တည့်တည့်ထိမှန်သွားသည်။ သားသမီးမရခြင်းက သူမ၏ အကြီးမားဆုံးသော စိတ်ရောဂါ ဖြစ်နေ၏။ သူမ လိုချင်လေလေ မရလေလေ ဖြစ်နေသည်။

နန်းတော်ထဲတွင် ကလေးများ များလာသည်နှင့်အမျှ သူမလည်း မင်းသမီးရုံခန့် ၏ တောင်းဆိုမှုကို မလွန်ဆန်နိုင်ဘဲ လင်ဝမ်ယိ ကို နန်းတွင်းသွင်းလိုက်ရခြင်း ဖြစ်သည်။

ဟုတ်သားပဲ... လင်ဝမ်ယိ ရှိသေးတာပဲ...

မနေ့ညက လင်ဝမ်ယိ အိပ်ဆောင်ဝင်ခဲ့သည့် ကိစ္စကို ပြန်သတိရသွားပြီး သူမ၏ မျက်နှာထား ပြန်လည် ကြည်လင်လာ၏။

သူမက ယီဖေး ၏ စကားကို ပြန်မပြောတော့ဘဲ လင်ဝမ်ယိ ကို ခေါ်လိုက်ကာ လက်ကို ရင်းရင်းနှီးနှီး ဆွဲကိုင်လျက် ပြောလိုက်လေသည်။

All Chapters