မုတာရင်
Vol. 2 Ch. 12
"အရှင်မင်းကြီးနားက အစေခံတွေပြောတာ ကြားလိုက်တယ်... မနေ့ညက ညီမလေးရဲ့ ပြုစုမှုကြောင့် အရှင်မင်းကြီး တော်တော် ကျေနပ်သွားတယ်တဲ့... ခဏနေရင် တုန်အယ်ဂျယ်လီလေး ဘာလေး ယူသွားပြီး အားရှိအောင် သောက်လိုက်ဦး... မကြာခင် အရှင်မင်းကြီးအတွက် သားရတနာလေး မွေးပေးနိုင်မယ်လို့ အစ်မ ယုံကြည်တယ်... ဟုတ်တယ်မလား ညီမလေး..."
လင်ကွေ့ဖေး ၏ ညီမလေး ဟု ခေါ်လိုက်သောအသံသည် အခြားအချိန်များထက် ပို၍ ရင်းနှီးနွေးထွေးကာ စိတ်ရင်းဖြင့် ပြောနေဟန် ပေါက်နေပေသည်။
သို့သော် ထိုစကားတစ်ခွန်းကြောင့်ပင် လင်ဝမ်ယိ လည်း မုန်တိုင်းဝဲဂယက်ထဲသို့ ဆွဲချခံလိုက်ရတော့သည်။
ယီဖေးက လင်ဝမ်ယိကို ပထမဆုံးအကြိမ်အဖြစ် သေချာ အကဲခတ်ကြည့်ရှုလိုက်ပြီး သူမ၏ မျက်နှာကိုမြင်သောအခါ သဘောကျစွာ ပြုံးလိုက်လေ၏။
“အမတ်ချုပ်အိမ်တော်က ဒုတိယသခင်မလေးက တကယ်ပဲ အလှပဂေးလေးပါလား... အဆင့်လေး နိမ့်နေတာတစ်ခုပဲ နှမြောစရာကောင်းတယ်... ဒါပေမယ့် ကွေ့ဖေးမယ်မယ် ရှိနေမှတော့ နေရာရဖို့က မခဲယဉ်းလောက်ပါဘူး”
ဤစကားသည်လည်း စောစောက လင်ကွေ့ဖေး ပြောသော စကားထက် လျော့မနေချေ။
တစ်ယောက်က ကိုယ်ဝန်အမြန်ရပြီး သားယောက်ျားလေး မွေးပေးဖို့ မျှော်လင့်ပေးသည်။
နောက်တစ်ယောက်က အနာဂတ်လမ်းခရီး ဖြောင့်ဖြူးပြီး တောက်ပပါစေကြောင်း ဆုတောင်းပေးသည်။
အားလုံးက နားဝင်ချိုဖွယ်စကားများ ဖြစ်ကြပြီး သာမန်အိမ်သူအိမ်သားများသာ ဆိုလျှင် လင်ဝမ်ယိအနေဖြင့် ကြားရသည်မှာ ဝမ်းမြောက်စရာ ဖြစ်နေမည်မှာ အမှန်။
သို့သော် ဤနေရာကား နန်းတွင်းဖြစ်ချေသည်။ ယောက်ျားတစ်ယောက်တည်းကို မိန်းမများစွာ ခွဲဝေပိုင်ဆိုင်နေရသည့် နေရာ။ လင်ဝမ်ယိမှာ လှည့်ကြည့်စရာပင် မလို၊ သူမ၏ နောက်ကျောတစ်ထုလုံး ပတ်ပတ်လည်မှ အကြည့်စူးစူးများကြောင့် ထုံကျင်ကိုက်ခဲနေသလို ခံစားနေရ၏။
သူမက အဆင့်နိမ့် တာရင် တစ်ယောက်မျှသာ ဖြစ်ပါသော်လည်း ယခုအခါ သူမကြောင့် မုန်တိုင်းမှာ နှစ်ဆပိုထန်သွားသယောင်။
လင်ကွေ့ဖေးရော ယီဖေးကိုပါ သူမ စိတ်ထဲ သတိထားနေရသလို အမြန်ဆုံး ဝေးဝေးပြေးချင်စိတ်များလည်း ပေါက်နေမိ၏။
သို့သော် လောလောဆယ် သူမတွင် သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းမရှိသေးသည်ဖြစ်ရာ လင်ကွေ့ဖေးကိုသာ အားကိုးရပေဦးမည်။ ထို့ကြောင့် မဖြစ်မနေ စကားဆိုလိုက်ရ၏။
"မယ်မယ့် မေတ္တာကို ကျွန်တော်မျိုးမ ကျေးဇူးတင်ပါတယ်..."
သစ္စာစောင့်သိပါမည်ဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်း မဟုတ်သော်လည်း အဓိပ္ပါယ်ကမူ ရှင်းလင်းနေပေသည်။
လင်ကွေ့ဖေးက သူမ၏ ရိုးသားမှုကို လက်ခံရရှိလိုက်သည်ဖြစ်ရာ သူမ၏ မိန်းမစိုးချင်ဟယ့်အား လင်ဝမ်ယိကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ထူမစေလိုက်၏။
ထို့နောက် လက်ဝှေ့ယမ်းပြပြီး သူမကို ပြန်ခွင့်ပြုလိုက်လေသည်။
ချူကွေ့ရန်၏ လင်ဝမ်ယိအား စိုက်ကြည့်နေသော မျက်လုံးများကား အစပိုင်း ရွံရှာမုန်းတီးမှုမှသည် အခုအခါတွင်မူ ဗြောင်ကျကျ မနာလိုဝန်တိုမှုအဖြစ်သို့ ပြောင်းလဲသွားချေသည်။
အသစ်ဝင်လာသော ကိုယ်လုပ်တော်များထဲတွင် သူမက ရာထူးအမြင့်ဆုံး ဖြစ်ပါလျက်၊ ဓလေ့ထုံးတမ်းအရဆိုလျှင် သူမကသာ အချစ်တော် ဖြစ်သင့်သည် မဟုတ်ပေလား။
ဘာဖြစ်လို့ ခွေးတိုးပေါက်ကဝင်လာတဲ့ လင်ဝမ်ယိကိုပဲ လူတိုင်း မျက်စိကျနေရတာလဲ…။
ချူကွေ့ရန်မှာ ဒေါသကို ဘယ်လိုမှ မျိုသိပ်ထား၍ မရနိုင်ဖြစ်နေရသည်။
သူမက စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည့်အားလျော်စွာ ဉာဏ်နီဉာဏ်နက် သိပ်မများတတ်ဘဲ နောက်ကွယ်မှ အကြံအစည်များကို ကောင်းကောင်းနားမလည်သော်လည်း အခုကဲ့သို့ ဗြောင်ကျကျ မျက်နှာလိုက်ခြင်းကိုမူ သူမ သည်းမခံနိုင်ဖြစ်ရ၏။
လင်ကျစ်နန်းဆောင် အတွင်းသာ မဟုတ်လျှင် သူမ ထပြီး ရန်လုပ်မိလောက်ပေပြီ။
သူမက စိတ်ထဲမှ လှောင်လိုက်သည်။ ရီဟွားနန်းဆောင် ပြန်ရောက်မှ သည်မိန်းမကို ဘယ်လို ပညာပေးရမလဲ တွေ့ကြသေးတာပေါ့။
သူမက လက်ထဲမှ လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ ထိုစဉ် အောက်ဆုံးခုံတွင် ထိုင်နေသော မုတာရင်မှာမူ မျက်မှောင်ကြုတ်လျက် လင်ဝမ်ယိ ကို စိုးရိမ်တကြီး လှမ်းကြည့်နေရှာသည်။
"ကဲ... ပန်းတွေလည်း ပြပြီးပြီဆိုတော့ ငါ့မှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ ညီမလေးတို့ကို ဆက်ပြီးအဖော်မပြုခိုင်းတော့ပါဘူး... အားလုံးပဲ ပြန်နားကြပါတော့..."
"ဟုတ်ကဲ့ပါ... ကျွန်တော်မျိုးမတို့ကို ခွင့်ပြုပါဦး..."
ထိုသို့ပြောပြီးနောက် ကိုယ်လုပ်တော်များက ထရပ်ကာ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ထွက်ခွာသွားကြသည်။ အရင်ဆုံးထွက်ခွာသွားသူမှာ သဘာဝကျစွာပင် နောက်အကျဆုံးရောက်လာခဲ့သည့် ယီဖေးမယ်မယ် ဖြစ်လေသည်။
ချူကွေ့ရန် က သူမ၏ နောက်မှ လိုက်သွားပြီး အခြားသော ကိုယ်လုပ်တော်များကိုမူ မျက်လုံးထဲပင် ထည့်မကြည့်တော့ချေ။
လင်ဝမ်ယိ တစ်ယောက် သည်မနက်ခင်းတွင် ဘာမှ မစားရသေးဘဲ ရင်တမမ ဖြစ်ရသည်မှာ အကြိမ်ကြိမ်။
သူမ နောက်လှည့်ကြည့်လိုက်သောအခါ ရှအန်း ၏ မျက်လုံးထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။
"ကိစ္စမရှိပါဘူး... ပြန်ကြစို့..."
"ဟုတ်ကဲ့ပါ သခင်မလေး..."
လင်ကျစ်နန်းဆောင် မှ ထွက်လာပြီး နှစ်လှမ်းခန့် အရောက်တွင် အနောက်မှ လူတစ်ယောက် လှမ်းခေါ်သံကို လင်ဝမ်ယိ ကြားလိုက်ရလေသည်။
"မမလင်... မမလင်..."
အသံက မကျယ်သော်လည်း နားထောင်ရသည်မှာ ကလေးဆန်ပြီး နုနယ်နေသယောင်။
နောက်လှည့်ကြည့်လိုက်သော် စောစောက သူမနှင့်အတူ အနောက်နားတွင် ထိုင်နေသော ကိုယ်လုပ်တော် ဖြစ်နေသည်။ မည်သူမည်ဝါမှန်း၊ မည်သည့်ရာထူးမှန်းတော့ မသိရသေး။
သို့သော် ရုပ်သွင်ပြင်ကို ကြည့်ရသည်မှာ ငယ်ရွယ်ပုံရသည်။
ထို့ကြောင့် လင်ဝမ်ယိ ခြေလှမ်းတုံ့လိုက်ပြီး အေးဆေးတည်ငြိမ်သော လေသံဖြင့် မေးလိုက်လေသည်။
"ညီမလေးက ဘယ်သူများလဲ..."
"ကျွန်တော်မျိုးမက ရီဟွားနန်းဆောင် က မုတာရင် ပါ... မမလင် လိုပဲ အခုမှ နန်းတွင်းဝင်လာပြီး အရှင်မင်းကြီးကို ခစားရတာပါ..."
မုတာရင်… ယခင်က မားမား ပြောဖူးသည်ကို လင်ဝမ်ယိ သတိရသွားသည်။ ဟွိုင်ယန်ခရိုင် တရားသူကြီး၏ သမီးပင်။
သူမ မိသားစုမှာ ဆွေကြီးမျိုးကြီးများမဟုတ်ပေ။ ထို့ပြင် သူမက အတော်ငယ်သေးကာ ခန္ဓာကိုယ်မှာလည်း အရွယ်မရောက်သေးသည့် ကလေးမလေးတစ်ယောက်ကဲ့သို့ ရှိလေသည်။ သို့သော်လည်း ဤမျှ အသက်အရွယ်ကလေးနှင့်ပင် နန်းတွင်းထဲဝင်ကာ အခြားသူများကို အခစားဝင်နေရချေသည်။
တော်သေးသည်က လက်ရှိဧကရာဇ်မှာ အသက် (၂၆) နှစ်မျှသာ ရှိသေး၍ အိုနေပြီဟု မဆိုနိုင်ပေ။
သို့မဟုတ်ပါက တကယ့်ကို သစ်တော်သီးအိုကြီးက တောင်ဝှေးပန်းလေးကို ဖိထားသလို ဖြစ်နေပေလိမ့်မည်။
(သစ်တော်သီးအိုကြီး တောင်ဝှေးပန်းလေးကိုဖိနှိပ် = နွားအိုမြက်နုကြိုက်)
“မုတာရင်က ကျွန်မကို တားတာ ဘာကိစ္စများ ရှိလို့ပါသလဲ”
လင်ဝမ်ယိ က လူတိုင်းနှင့် အလွယ်တကူ ရင်းနှီးတတ်သူ မဟုတ်သဖြင့် တစ်ဖက်လူကို မုတာရင်ဟုသာ တရိုတသေ ခေါ်ဝေါ်လိုက်သည်။
သို့သော် ဤ မုတာရင်က မျက်နှာချိုပြီး ပါးစပ်ကလေးကလည်း အပြောကောင်းလိုက်သည်မှာ လွန်ပါရော။ ရောက်လာသည်နှင့် လင်ဝမ်ယိ ကို ရင်းရင်းနှီးနှီး တွဲချိတ်လိုက်ပြီး မမဟု ချိုသာစွာ ခေါ်လိုက်ပုံ၊ နှုတ်ခမ်းကို ဆူထားတတ်ပုံနှင့် ဖောင်းအစ်နေသော သူမ၏ ပါးပြင်ဖြူဖြူနုနုလေးများမှာ လင်ဝမ်ယိအား အိမ်တော်မှ မောင်လေးကို သွားသတိရသွားစေ၏။
မောင်လေးကလည်း သူမကို “မမ” ဟု သည်လိုမျိုး ချွဲနွဲ့ခေါ်လေ့ရှိသည်မို့ သူမ ခေတ္တမျှ စိတ်နှင့်လူနှင့် မကပ် ဖြစ်သွားရ၏။
"မမ က မနေ့ကမှ နန်းတွင်းရောက်တာဆိုတော့ နန်းတွင်းအကြောင်း သိပ်သိမှာ မဟုတ်ဘူး... ညီမက တစ်လစောရောက်နေတော့ တော်ဝင်ဥယျာဉ် ထဲလည်း ခဏခဏ ရောက်ဖူးတယ်... အခုအချိန်က ဥယျာဉ်ထဲ ပန်းတွေပွင့်ပြီး လှနေတဲ့အချိန်ဆိုတော့ မမ နဲ့အတူ လမ်းလျှောက်ထွက်ချင်လို့ပါ..."
သူမက လင်ဝမ်ယိ ပြန်မဖြေသည်ကို မြင်သောအခါ ချက်ချင်းပင် ထပ်ပြောလေသည်။
"မမ နဲ့ ညီမက ရီဟွားနန်းဆောင် တစ်ဆောင်တည်းမှာ နေတာပဲဟာ... အတူတူ ရင်းရင်းနှီးနှီးနေတာ ပိုကောင်းတယ်လေ..."
သူမ၏ လေသံထဲတွင် မျှော်လင့်ခြင်းအရိပ်အယောင်များ ပါဝင်နေပြီး ဝိုင်းစက်နေသော မျက်ဝန်းများက ကြည်လင်သန့်စင်လျက် တောတောင်ထဲမှ သမင်ငယ်လေးတစ်ကောင်နှယ် သနားစဖွယ် ကောင်းလှသည်။
"ညီမလေး မကြောက်ဘူးလား..."
"ဘာကို ကြောက်ရမှာလဲ..."
စောစောက ဂါရဝပြုချိန်တွင် သူမ ချူကွေ့ရန် ကို ရန်စမိလိုက်သည်လေ။
ဤအချက်ကို လင်ဝမ်ယိ ကောင်းစွာ သိသည်။
မုတာရင်မှာ သူမနှင့်အတူ ရီဟွားနန်းဆောင် တွင် အတူနေကြသူများ ဖြစ်သော်လည်း ချူကွေ့ရန် ၏ ရာထူးက သူမထက် နှစ်ဆင့် ပိုမြင့်နေသဖြင့် သူမကို ဒုက္ခပေးချင်လျှင် လွယ်လွယ်လေးပင် ဖြစ်သည်။
ထို့ကြောင့် ယခုလိုအချိန်တွင် လင်ဝမ်ယိ နှင့် လာမိတ်ဖွဲ့ခြင်းက အချိန်ကောင်း ဟုတ်မနေပေ။
မုတာရင်က အသက်ငယ်သော်လည်း ဦးနှောက်မရှိသူတော့ မဟုတ်လှပေ။
သူမက နှုတ်ခမ်းလေးကို ဆူလိုက်ရင်း ပြောလေသည်။
“မမ မသိလို့ပါ... မမ မရောက်ခင်ကတည်းက ချူကွေ့ရန်က ညီမကို ကြည့်မရဖြစ်နေတာ... ဘာပဲဖြစ်ဖြစ် သူက ညီမကို အမြင်ကပ်ပြီးသားပဲ... မမနဲ့ ပေါင်းလို့ သူ့ကို စိတ်ခုစေမယ်ဆိုရင်လည်း ညီမ မကြောက်ပါဘူး”
သူမကတော့ တကယ့်ကို ရိုးသားသူပင်။ သူ့အခြေအနေကို ပွင့်ပွင့်လင်းလင်းပင် ပြောပြလာတော့သည်။
လင်ဝမ်ယိက သူမကို စေ့စေ့ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် မုတာရင် ခေါင်းငုံ့သွားပြီး အနည်းငယ် မလုံမလဲ ဖြစ်သွားပုံရသည်။
နန်းတွင်းထဲတွင် ညီအစ်မသံယောဇဉ် ရှိသည်ဆိုတာကို လင်ဝမ်ယိ မယုံပေ။
မုတာရင် ယခုအချိန်တွင် သူမနှင့် လာပေါင်းရခြင်းမှာ သူမ၏ နောက်ကွယ်ရှိ အမတ်ချုပ်အိမ်တော် ၏ အရှိန်အဝါနှင့် လင်ကွေ့ဖေး ၏ အကာအကွယ်တို့ကို မျှော်ကိုး၍ ဖြစ်ဖို့များသည်။
စောစောက အခြေအနေကို ကြည့်လျှင် လင်ကွေ့ဖေးက သူမကို အလေးပေးသည်မှာ သိသာသည်မဟုတ်လား။
လင်ဝမ်ယိနှင့် ပူးပေါင်းလိုက်ခြင်းက နန်းတွင်းထဲ တကိုယ်တည်း ရုန်းကန်ရသည်ထက်တော့ သာပေလိမ့်မည်။
မုတာရင် ၏ အတွေးများကို လင်ဝမ်ယိ အကုန်မြင်နေရ၏။ မုတာရင် က လင်ဝမ်ယိ လက်ခါပြီး ထွက်သွားတော့မည်ဟု ထင်လိုက်ချိန်တွင် သူမ သဘောတူလိုက်လေသည်။
မားမား သတိပေးခဲ့သည်ကို ပြန်တွေးမိပြီး လင်ဝမ်ယိ လည်း နန်းတွင်းထဲ တစ်ကိုယ်တည်း နေရသည်မှာ မကောင်းဟု ယူဆမိသည်။ အခြားသူများက မိမိကို ပေါင်းသင်းရခက်သူဟု ထင်သွားလျှင် နောင်ရှေ့ရေးအတွက် အကျိုးရှိလိမ့်မည်မဟုတ်။
မုတာရင်၏ ရည်ရွယ်ချက်က မသန့်ရှင်းလှသော်လည်း သူမသည် ခိုကိုးရာရှာနေသော နွယ်ပင်လေး တစ်ပင်မျှသာ ဖြစ်သည်။ သူမ၏ အကြံမှာ တည်ငြိမ်သည့် မှီခိုရာတစ်ခုကို ရှာဖွေလိုရုံသက်သက်သာပင်။
၎င်းမှာ ရှက်စရာကိစ္စတော့ မဟုတ်ချေ။
ပြီးတော့လည်း နန်းဆောင်တစ်ခုတည်း အတူနေသူများဖြစ်ရာ သူတို့နှစ်ယောက်သားက ရှေ့လျှောက် ဝင်ထွက်သွားလာ တွေ့နေရဦးမည်ပင်။
ရန်သူတစ်ယောက် တိုးလာသည်ထက် မဟာမိတ်တစ်ယောက် တိုးလာသည်က ပိုကောင်းသည် မဟုတ်လား။
ချူကွေ့ရန် နှင့်က တစ်သက်လုံး ရန်သူဖြစ်သွားပြီမို့ ရီဟွားနန်းဆောင် တစ်ခုလုံးကို သူမနှင့် ရန်ဘက် မဖြစ်စေချင်ပေ။
"ဒါဆိုရင်လည်း ညီမလေး လမ်းပြပေးပါဦး..."
ထိုစကားတစ်ခွန်းကြောင့် မုတာရင်က အံ့ဩဝမ်းသာစွာ ခေါင်းမော့ကြည့်လာရင်း သူမ၏ လေသံပင် ပျော်ရွှင်စွာ မြင့်တက်သွားတော့၏။
"မမ က သဘောကောင်းမှန်း ညီမ သိသားပဲ... ညီမကို ငြင်းမှာ မဟုတ်ပါဘူးလို့..."
ပြောပြောဆိုဆိုနှင့် လင်ဝမ်ယိ ကို ဆွဲကာ တော်ဝင်ဥယျာဉ် ဘက်သို့ ထွက်လာခဲ့ပြီး လမ်းတစ်လျှောက်တွင်လည်း လက်ဟန်ခြေဟန်တွေနှင့် အမူအရာလုပ်ပြရင်း သူနန်းတွင်းရောက်ကတည်းက ကြုံခဲ့ရသည့် ရယ်စရာကိစ္စများကို လင်ဝမ်ယိ အား ပြောပြလာတော့လေသည်။