စားဖိုဆောင်မှ လက်ဆောင်ပဏ္ဏများ
Vol. 2 Ch. 16
သို့သော် ယနေ့တွင်တော့ ဖန့်ကုန်းကုန်းက မလာခင်ကတည်းက အဝတ်အစားကြိုလဲထားပုံရပြီး သူ့ကိုယ်မှ အညှော်နံ့များလည်း ရမနေတော့။
မိန်းမစိုးငယ်လေး ၄ ယောက်က ပစ္စည်းအတော်များများကို သယ်ဆောင်လျက် သူ့အနောက်မှ လိုက်ပါလာကြသည်။ လင်ဝမ်ယိက သူတို့ကိုကြည့်ပြီး အတော်လေး စိတ်ဝင်စားသွားမိ၏။
"ဖန့်ကုန်းကုန်း ဒီကို ဘာကိစ္စရှိလို့ ရောက်လာရတာလဲ..."
"သခင်မလး က နန်းတွင်းဝင်တာ မကြာသေးတော့ ကျွန်တော်မျိုးမှာလည်း ပေးစရာ လက်ဆောင်ကောင်းကောင်း မရှိပါဘူး... ဒါပေမဲ့ မနက်က ရှောင်လုကျစ် ဂျုံမှုန့်လာတောင်းတာ တွေ့လိုက်လို့ အောက်က အစေခံတွေ ပေါ့ပေါ့ဆဆလုပ်လိုက်မှာ စိုးရိမ်တာနဲ့ သခင်မအတွက် ပစ္စည်းကောင်းလေးတွေ သီးသန့် ရှာဖွေလာခဲ့တာပါ..."
ပြောပြောဆိုဆိုနှင့်ပင် မီးဖိုချောင်သုံးပစ္စည်းများနှင့် ဟင်းချက်စရာ ကုန်ကြမ်းအမျိုးမျိုးကို သူက ထုတ်ပြလာသည်။
ချွမ်ချီ ထိုအရာများကို မြင်လိုက်သည်နှင့် မျက်လုံးများ အရောင်တောက်သွားတော့သည်။
သူမက ယူလိုက်ရမလားဟု မေးသယောင်နှင့် လင်ဝမ်ယိ ကို လှမ်းကြည့်လာသည်။
လင်ဝမ်ယိ ရယ်ချင်သွားသည်။
တော်ဝင်စားဖိုဆောင် က လူတွေ ဒီလောက် အကင်းပါးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... စောစောက သုန်ကုန်းကုန်း က ဟင်းပွဲ လာပို့သွားတယ်... အခု တော်ဝင်စားဖိုဆောင် က ဒါတွေ လာပို့ပြန်တယ်...
မျက်နှာလိုမျက်နှာရ ဖားသည်ဆိုသော်ငြား သူမစိတ်တိုင်းကျ ဖြစ်သည်ကတော့ အမှန်ပင်။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး ဖန့်ကုန်းကုန်း ကို ပြောလိုက်လေသည်။
"ကုန်းကုန်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ကျွန်မရဲ့ အစေခံမလေးက အိမ်မှာတုန်းက မုန့်လုပ်ရတာ ဝါသနာပါတယ်... ကျွန်မလည်း အပျင်းပြေ မုန့်လေးဘာလေး လုပ်စားချင်လို့ ယူခိုင်းလိုက်တာ... ကုန်းကုန်း ကို ဒုက္ခပေးသလို ဖြစ်သွားရင် စိတ်မရှိပါနဲ့..."
"သခင်မလေး ပြောစရာတောင်မလိုပါဘူး... ကျွန်တော်မျိုးက သခင်မလေး အတွက် အလုပ်လုပ်ပေးရတာ ဝမ်းသာလို့တောင် မဆုံးပါဘူး... နောက်ပိုင်း လိုတာရှိရင် ရှောင်လုကျစ် ကို လွှတ်ပြီး လာယူခိုင်းလိုက်ပါ... အကုန် အဆင်သင့် ပြင်ထားပေးပါ့မယ်..."
"ဒါဆိုရင် ဖန့်ကုန်းကုန်း ကို ကျေးဇူးတင်ပါတယ်..."
စကားချိုချိုလေးများ အနည်းငယ် ပြောဆိုပြီးနောက် လင်ဝမ်ယိက လင်ဝမ်ယိ က ချွမ်ချီ ကို မျက်ရိပ်ပြလိုက်လျှင် ချွမ်ချီ က ပိုက်ဆံအိတ်အား ဖန့်ကုန်းကုန်းဆီ ကမ်းပေးလိုက်၏။ အိတ်မှာ မေလးလှသော်လည်း ဖန့်ကုန်းကုန်း ၏ မျက်နှာထားက ပို၍ ကြည်လင်သွားလေသည်။
အထဲမှာ ငွေစက္ကူ ဖြစ်ဖို့ များတယ်... အဲဒီဟာက ငွေစကျိုးအပဲ့တွေထက် ပိုတန်ဖိုးရှိတာပဲ... ကြည့်ရတာ ယီဟွားနန်းဆောင် ကို လာတာ မှန်သွားပြီ... ဒီ တာရင် အသစ်လေးက သဘောကောင်းရုံသာမက ရက်လည်း ရက်ရောတယ်... သုန်ကုန်းကုန်း ကိုယ်တိုင် စားဖိုဆောင်ထိဆင်းပြီး ဟင်းပွဲလာယူပုံကို ကြည့်ရတာ အရှင်မင်းကြီးလည်း သဘောကျပုံရတယ်... ဒါကြောင့် အခွင့်ကောင်းရှိတုန်း မျက်နှာလုပ်ထားတာ မမှားဘူး...
သူက ပိုက်ဆံအိတ်ကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီး ဆက်ပြောလေသည်။
"ကျွန်တော်မျိုး ခဏနေရင် မီးသွေးနဲ့ မီးဖိုတွေ လာပို့ခိုင်းလိုက်ပါ့မယ်... စောစောက လာတုန်း ဝင်ပေါက်နားက အခန်းလွတ်လေးကို တွေ့လိုက်တယ်... မီးဖိုဆောင်အသေးလေး ဆောက်မယ်ဆိုရင် သင့်တော်မယ့်နေရာပါပဲ”
ကိုယ်ပိုင် မီးဖိုချောင်လေး ရှိတာက ကောင်းတော့ ကောင်းပါတယ်... ဒါပေမဲ့ တာရင် အဆင့်နဲ့ ကိုယ်ပိုင်မီးဖိုချောင် ရှိတာက စည်းကျော်ရာ ရောက်မနေဘူးလား...
"ကောင်းတော့ ကောင်းပါတယ်... ဒါပေမဲ့ နန်းတွင်းစည်းမျဉ်းတွေက..."
လင်ဝမ်ယိ စကားမဆုံးခင်မှာပင် ဖန့်ကုန်းကုန်း က သဘောပေါက်သွားပြီး ချက်ချင်း ဝင်ပြောလိုက်သည်။
"သခင်မလေး စိတ်မပူပါနဲ့... ချင်ကုန်းကုန်း က အထူး မှာလိုက်ပါတယ်... စည်းကျော်ရာမရောက်ပါဘူး..."
စည်းမကျော်ဘူးဆိုရင်လည်း ပြီးတာပါပဲ...
ဖန့်ကုန်းကုန်း၏ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို ကြည့်ရင်း အတော်လေး ချစ်စရာကောင်းသည်ဟု သူမ တွေးမိလိုက်သည်။
တော်ဝင်စားဖိုဆောင် ၏ လက်ဆောင်ပဏ္ဏာများကြောင့် လက်ဝဲဆောင်တွင် အလုပ်ရှုပ်သွားကြသည်။
လင်ဝမ်ယိ က နေ့လည်စာ စားပြီး အနားယူနေချိန်တွင် ချွမ်ချီ ၊ ရှအန်း နှင့် ရှောင်လုကျစ် တို့ သုံးယောက်က အခန်းလွတ်လေးထဲတွင် ဟိုရွှေ့ဒီရွှေ့ လုပ်ရင်း လက်ဖဝါးလောက်ရှိသော နေရာလေးကို မီးဖိုချောင်အသေးလေး ဖြစ်အောင် ဖန်တီးလိုက်ကြသည်။
နေရာလေးက ကျဉ်းသော်လည်း လိုလေသေးမရှိ ပြည့်စုံလှသည်။
ယခုဆိုလျှင် ဟင်းရည်ကျိုသည်သာမက လင်ဝမ်ယိ အတွက် မနက်စာ၊ နေ့လည်စာရော၊ ညစာပါ ချက်ပြုတ်နိုင်ပြီ ဖြစ်သည်။
ဆန်အိုးထဲမှ ဆန်၊ ဗီရိုထဲမှ ဂျုံမှုန့်၊ ခြင်းတောင်းထဲမှ ရာသီပေါ် သစ်သီးဝလံများနှင့် လတ်ဆတ်သော အသားငါးများပါ အားလုံး အစုံအလင်လာပို့သွားသည်ပင်။
ကျန်တာတွေက ကိစ္စမရှိသော်လည်း အသားငါးတွေက ကြာရှည်အထားမခံပေ။
ထို့ကြောင့် ချွမ်ချီ က အသားများကို အတုံးလိုက် လှီးပြီး ဆားနယ်ကာ ပြတင်းပေါက်တွင် ချိတ်လှန်းထားလိုက်သည်။ နှစ်ရက်သုံးရက်လောက်နေလို့ ခြောက်သွားလျှင် ဝက်သားခြောက် မျှစ်ကြော် လုပ်စားလို့ ရပြီ ဖြစ်သည်။
ထိုဟင်းပွဲက ထမင်းမြိန်သည်ပေ။ အိမ်မှာ ချက်တုန်းကဆိုလျှင် အစ်ကိုကြီးနှင့် တတိယသခင်လေးတို့က ပန်းကန်နှစ်လုံးစာလောက် ပိုစားတတ်ကြ၏။
အမတ်ချုပ်အိမ်တော်မှ နေ့ရက်များကို ပြန်တွေးမိပြီး ချွမ်ချီ ဝမ်းနည်းသွားရသည်။
အိမ်က ထွက်လာတာ နှစ်ရက်ပဲ ရှိသေးပေမဲ့ နှစ်လလောက် ကြာသွားသလို ခံစားရတယ်... သခင်မကြီး အိမ်မှာ အဆင်ပြေရဲ့လား မသိဘူး... အဘွားကြီးနဲ့ ဒုတိယသခင်မကရော အနိုင်ကျင့်နေမလား မသိဘူး...
ရှောင်လုကျစ်သည် မူလက တက်ကြွနေသော ချွမ်ချီ တစ်ယောက် ပန်းပွင့်လေး ညှိုးသွားသလို ဖြစ်နေသည်ကို မြင်လျှင် အနားသို့ လာစပ်စုသည်။
"မမချွမ်ချီ... ဘာဖြစ်လို့လဲ..."
"အိမ်ကို လွမ်းလို့ပါဟယ်... နင်ရော... နန်းတွင်းရောက်တာ ကြာပြီဆိုတော့ အိမ်မလွမ်းဘူးလား..."
ရှောင်လုကျစ်သည် ထိုစကားကို ကြားလျှင် သူ့မျက်လုံးများထဲ ဝမ်းနည်းရိပ်များသန်းသွားသော်လည်း အမြန်ပြန်ထိန်းလိုက်ပြီး ချွမ်ချီ ကို ပြန်ပြောလိုက်သည်။
"မလွမ်းပါဘူး... အိမ်ကလူတွေမှ မရှိတော့တာ... လွမ်းနေလည်း ဘာထူးမှာလဲ..."
ရှောင်လုကျစ် ၏ ဝမ်းနည်းနေသော မျက်နှာကို ကြည့်ပြီး ချွမ်ချီ ကိုယ်ချင်းစာသွားမိသည်။ သူမက သွေးသောက်ညီကိုတစ်ယောက်လို ရှောင်လုကျစ်၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
"ငါလည်း နင်နဲ့ တူတူပါပဲ... ငါ့မှာလည်း မိသားစု မရှိတော့ဘူး... ဒါကြောင့် သခင်မလေး က ငါ့မိသားစုပဲ... ပြီးတော့ သခင်ကြီး၊ သခင်မကြီး၊ သခင်လေးတို့ အကုန်လုံးက လူကောင်းတွေပါ..."
လူကောင်း...
ရှောင်လုကျစ် သည်စကားလုံး မကြားရတာ ဘယ်လောက်ကြာပြီလဲ။
နန်းတွင်းထဲမှာ လူကောင်း လူဆိုး ဆိုတာ ဘယ်ရှိလို့လဲ... အချစ်တော်နဲ့ အပယ်ခံ ပဲ ရှိတာ... အချစ်ခံရတုန်းကတော့ အရာရာ ပြည့်စုံပြီး နန်းတော်တစ်ခုလုံးက လူတွေက ပြုံးပြပြီး ကြိုဆိုကြတယ်... အချစ်မခံရတော့ဘူး ဆိုရင်တော့ ဘဝက ဆိုးရွားသွားပြီ... မျက်နှာအောက်ချခံရတာက အသေးအဖွဲ... အခွင့်ကောင်းချောင်းပြီး နင်းချေခံရမှာကိုတောင် စိုးရိမ်ရတယ်...
သို့ပေသည့် ထိုစကားများအား ချွမ်ချီတို့ကို လွယ်လွယ်နှင့် ပြောပြ၍ မဖြစ်ပေ။ ပထမအချက်မှာ နိမိတ်မရှိ၍ဖြစ်ပြီး နောက်တစ်ချက်ကမူ သူပြောပြလျှင်လည်း သူတို့က ယုံချင်မှ ယုံမှာပင်။ ထို့ကြောင့် ကိုယ့်အလုပ် ကိုယ့်လုပ်တာပဲ ကောင်း၏။
သူက မတ်တပ်ထရပ်လိုက်သည်။
"မမချွမ်ချီ... ခဏလောက် ထိုင်နေဦး... ကျွန်တော် ရေသွားခပ်လိုက်ဦးမယ်... မဟုတ်ရင် ညကျ သခင်မလေး သုံးဖို့ ရေမရှိဘဲ နေလိမ့်မယ်..."
"အင်း... သွားလေ... လမ်းမှာ ဂရုစိုက်နော်..."
သူက ပြောပြောဆိုဆိုနှင့် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော အထုပ်လေး တစ်ထုပ် ကမ်းပေးလိုက်သည်။
"ဒါက ကျောက်စိမ်းဖြူမုန့် လေ... ဗိုက်ဆာရင် စားလို့ ကောင်းတယ်... အထဲမှာ အစာသွတ်ထားသေးတယ်... နင် စားရကံ ကြုံတာပဲ..."
ရှောင်လုကျစ် အံ့ဩစွာဖြင့် ချွမ်ချီ ကို ကြည့်လိုက်သည်။ ဤမုန့်ကို သူ့ကို ပေးလိမ့်မည်ဟု ထင်မထားခဲ့ပုံပင်။
"ယူထားလိုက်ပါ... ဒါက သခင်မလေး ရဲ့ စေတနာပဲဟာ..."
ပထမဆုံးအကြိမ်အဖြစ် ရှောင်လုကျစ် နွေးထွေးကြင်နာမှုကို ခံစားလိုက်ရလေ၏။
ဂရုစိုက်ခံရတဲ့ဂရုစိုက်ခံရတဲ့ ခံစားချက်က ကောင်းလိုက်တာ...
ဆုချခံရတာထက်တောင် ပိုကောင်းသေးတယ်...
ထို့ကြောင့် သူက အထုပ်ကို ရင်ခွင်ထဲ ထည့်လိုက်ပြီး ခေါင်းကို ကုတ်ကာ ပြုံးလိုက်လေသည်။
"မမချွမ်ချီ... သခင်မလေး ကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး... ကျွန်တော် သေချာ ကြိုးစားပြီး အလုပ်လုပ်ပါ့မယ်..."
သူ၏ ရိုးသားသည့်ပုံစံလေးကြောင့် ချွမ်ချီ သဘောကျသွားသည်။ သည်မိန်းမစိုးလေးက အကြံအစည်မရှိ၊ ပေါင်းသင်းရ လွယ်ကူလှသည်။
ထို့နောက် သူမလည်း မီးဖိုချောင်ထဲ ဝင်သွားပြီး လင်ဝမ်ယိ ပုံမှန် သောက်နေကျ ဟင်းချိုကို စတင်ကျိုချက်လေတော့သည်။
နေ့လည်ခင်းအချိန်ကား သတိမထားမိလိုက်ခင်မှာပင် ကုန်ဆုံးသွားခဲ့လေပြီ။
လင်ဝမ်ယိ နိုးလာသောအခါ ညနေ ၃ နာရီ ရှိနေပြီ။
သူမက တစ်ရေးဝဝအိပ်လိုက်ရသဖြင့် အားအင်များ ပြည့်ဖြိုးနေသည်။
ရှအန်းက အပြင်မှ ရေနွေးယူလာချိန် လင်ဝမ်ယိ နိုးနေသည်ကို မြင်လိုက်ရသည်။
"သခင်မလေး... ကျွန်တော်မျိုးမ ပြင်ဆင်ပေးပါ့မယ်..."
"အင်း..."
ရိုးရိုးရှင်းရှင်း မျက်နှာသစ်၊ အဝတ်အစားလဲပြီးနောက် လင်ဝမ်ယိ သည် မက်မွန်သားဆံထိုး တစ်ချောင်းကိုသာ ပန်ဆင်လိုက်သည်။ သူမ၏ ကျက်သရေရှိသော အလှမှာ ရိုးရှင်းလေ ပိုပေါ်လွင်လေပင်။
"မီးဖိုချောင်အသေးလေး လုပ်လို့ ပြီးသလောက် ရှိပြီ... ချွမ်ချီ က သခင်မလေး အတွက် ဟင်းရည် လုပ်နေတယ်... ခဏနေရင် သောက်လို့ ရပါပြီ..."
"အာ... ပစ္စည်းတွေ အဲဒီလောက် စုံတယ်လား..."
"ဖန့်ကုန်းကုန်း က တော်တော်လေး စေ့စပ်တယ်... ပို့လိုက်တဲ့ ပစ္စည်းတွေ အကုန်လုံးက အကောင်းစားတွေချည်းပဲ… ချွမ်ချီတစ်ယောက်တော့ သူ့လက်စွမ်းပြရတော့မယ်ဆိုပြီး…ပျော်နေတာ…”
ရှအန်း ပြောတာ ကြားရတော့ လင်ဝမ်ယိ လည်း အမတ်ချုပ်အိမ်တော်က နေ့ရက်တွေကို သတိရသွားသည်။
သို့သော် ယခုအခါတွင်မူ မနက်ခင်းမှာ မိဘများကို ဂါရဝပြုရမည့်အစား ကိုယ်လုပ်တော်မယ်မယ်များကို သွားရောက်တွေ့ဆုံရတော့မည် ဖြစ်သည်။