ငြိမ်းချမ်းသော နေ့ရက်များ
Vol. 2 Ch. 17
အမေ အိမ်မှာ နေကောင်းရဲ့လား မသိဘူး... အဖေ… အစ်ကိုကြီးနဲ့ မောင်လေးတို့ရော အဆင်ပြေကြရဲ့လား...
သူမ၏ လက်ရှိရာထူးဖြင့် ကလေးရလျှင်ပင် မိသားစုဝင်များကို တွေ့ခွင့်မရှိနိုင်ချေ။ မင်းသမီးရုံခန့် နန်းတွင်းဝင်ပြီး ကွေ့ဖေးမယ်မယ် ကို ဂါရဝပြုချိန်တွင် အမေ့ကိုပါခေါ်လာပေးမလားဟု မျှော်လင့်ရုံသာရှိလေသည်။
သို့သော် ထိုကဲ့သို့ ကောင်းမွန်သော အခွင့်အရေးမျိုးသည် အရှေ့ဆောင် မိသားစုအတွက် ဖြစ်လာနိုင်ပါ့မလား။
ဟင်း... နောက်ဆုံးတော့လည်း သူများအိမ်မှာကပ်နေပြီး သူများမျက်နှာ ကြည့်နေရတာပါပဲ...။
ထိုသို့ တွေးတောနေဆဲမှာပင် ချွမ်ချီက ဟင်းချိုတစ်ခွက်ကို ယူလာသည်။
ပူပူနွေးနွေး ဟင်းရည်လေးသည် လင်ဝမ်ယိ ၏ စိတ်ညစ်ညူးမှုများကို ချက်ချင်း လျော့ပါးသွားစေသည်။ လင်ဝမ်ယိမှာ ထိုဟင်းရည်ရနံ့ကို ရလိုက်သည်နှင့် အတိတ်ကာလကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။
"သခင်မလေး... နန်းတော်ထဲက အမယ်တွေကအရမ်းကောင်းတာပဲ... ဟင်းချိုက အိမ်မှာလုပ်တာထက်တောင် ပိုပြီး ကြည်လင်နေရော..." ထို့နောက် လင်ဝမ်ယိ ရှေ့တွင် ဟင်းရည်ပန်းကန်ကို ချပေးလိုက်သည်။
လင်ဝမ်ယိ တစ်ချက် လှမ်းကြည့်လိုက်သည်။ ပိုကောင်းနေသည်မှာ အမှန်ပင်။ အရင်တုန်းက အမတ်ချုပ်အိမ်တော်မှာ အစားအသောက်၊ အဝတ်အစား၊ နေရာထိုင်ခင်း…အားလုံးရှားပါးချို့တဲ့ခဲ့သည်မဟုတ်လား။
ကောင်းပေ့ညွန့်ပေ့ဟူသမျှ ရုံဟယ့်ဆောင်နှင့် အနောက်ဆောင်တို့ဆီသာ ရောက်သွားလေ့ရှိပြီး သူတို့ရရှိသည်များမှာ ဒုတိယတန်းစား ပစ္စည်းများသာ။ အဘိုးအိမ်တော်တွင် နေထိုင်ခဲ့စဥ်က စားသောက် သုံးစွဲခဲ့ရသည်လောက်ပင် သေသပ်ကောင်းမွန်ခြင်း မရှိခဲ့ပေ။
"အမေ အခုဘယ်လိုနေမလဲ မသိဘူး... ဒီဟင်းချိုက အမေ့ အကြိုက်လေ..."
ချွမ်ချီသည် ဘေးတွင် ရပ်နေရင်း တိတ်ဆိတ်သွားလေသည်။ သူမသည် နှစ်သိမ့်စကား ပြောပေးချင်သော်လည်း စကားလုံးများက ထွက်မလာ။ ထိုစဉ် ရှအန်း က လင်ဝမ်ယိ ကို ဟင်းရည် ခပ်ထည့်ပေးရင်း ဝင်ပြောလိုက်သည်။
"သခင်မလေး စိတ်မပူပါနဲ့... သခင်မကြီးသာ သိရင် စိတ်မကောင်း ဖြစ်နေပါဦးမယ်..."
"သခင်မလေး... အိမ်ကို စာရေးပို့လို့ မရဘူးလား... အခု သခင်မလေးက အရှင်မင်းကြီးရော… ကွေ့ဖေးမယ်မယ်ရော မျက်နှာသာပေးတာ ခံနေရတာပဲ... စာရေးလိုက်ရင် သွားပို့ပေးမယ့်သူ ရှိမှာပါ..."
ချွမ်ချီ က အချိန်အတော်ကြာ စဉ်းစားပြီးမှ ထိုအကြံကို ပေးလိုက်သော်လည်း လင်ဝမ်ယိ က ငြင်းလိုက်လေသည်။
"မဖြစ်ဘူး... နန်းတွင်းဝင်တာ ဘယ်လောက်မှ မကြာသေးဘူး... အိမ်ကိုစာရေးပို့ချင်နေပြီဆိုရင်... သိတဲ့လူတွေက အိမ်လွမ်းတယ်ပြောကြမှာဖြစ်ပေမယ့်… မသိတဲ့လူတွေကတော့ ငါ့ကို အချစ်ခံရတာကို အခွင့်ကောင်းယူပြီး ဘဝင်မြင့်နေတယ်လို့ ပြောကြလိမ့်မယ်”
ချွမ်ချီ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ကို အလျင်အမြန် ခါရမ်းလိုက်သည်။
"သခင်မလေး... ခွင့်လွှတ်ပါ... ကျွန်တော်မျိုးမ ဒီလောက် ကိစ္စကြီးမယ်လို့ မထင်မိလို့ပါ... သိရင် ပြောတောင် မပြောဘူး..."
နောင်တရပြီး စိတ်မကောင်းဖြစ်နေသော ပုံစံကြောင့် လင်ဝမ်ယိ က သူမလက်ကို ပုတ်ပေးပြီး နှစ်သိမ့်လိုက်သည်။
"ဒါကြောင့် ငါ ပြောတာပေါ့... ကိစ္စတိုင်းမှာ သတိထားပါလို့... နင့်အကျင့်က ပျော်ပျော်နေတတ်တော့ ဘယ်အချိန်မှာ ဘယ်သူ့ကို စိတ်ဆိုးအောင် လုပ်မိမှန်း သိမှာ မဟုတ်ဘူး... စကားမပြောခင်… အလုပ်မလုပ်ခင် သေချာ စဉ်းစားနော်... ကြားလား..."
"ဟုတ်ကဲ့ပါ... ကျွန်တော်မျိုးမ မှတ်ထားပါ့မယ်..."
ချွမ်ချီ၏ ပြန်ဖြေသံမှာ မနက်ပိုင်းကကဲ့သို့ ကျယ်လောင်ခြင်းမရှိတော့။ သူမက သူ့ကိုယ်သူလည်း အပြစ်တင်နေမိသည်။
မိမိ၏ ပေါ့ဆမှုကြောင့် သခင်မလေး ဒုက္ခရောက်သွားလျှင် အသေခံပြီး ပြန်ပေးဆပ်ရင်တောင် ကျေမည် မဟုတ်။ ထို့ကြောင့် နောက်ပိုင်း စကားနည်းနည်းပြောပြီး အလုပ်များများလုပ်မည်၊ မိမိ၏ စိတ်နေစိတ်ထားကို အရင် ပြုပြင်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
ချွမ်ချီ တကယ် ကြောက်လန့်သွားသည်ကို မြင်တော့ လင်ဝမ်ယိ လည်း ဆက်မပြောတော့ပေ။
တချို့ကိစ္စတွေက ကိုယ်တိုင် ကြုံတွေ့ပြီး ကျော်ဖြတ်မှသာ မှတ်မိတတ်ကြသည်။
ဘယ်သူမှ မွေးကတည်းက ဉာဏ်များပြီး သတိရှိရှိနေတတ်ကြတာမဟုတ်။ နေ့စဉ် ကြုံတွေ့ရသည့် အခက်အခဲတွေကနေ သင်ယူရင်း ရင့်ကျက်လာကြတာပင်။
နန်းတော်အတွင်း နေ့ရက်များမှာ အာရုဏ်ဦးမှ နေဝင်ရီတရောအထိ ဖြည်းညင်းစွာ ကုန်ဆုံးသွားလေ၏။
ဝါသနာပါရာ တစ်ခုခု ရှိသူများအတွက် အချိန်ဖြုန်းရ လွယ်သော်လည်း ဘာဝါသနာမှ မရှိသူများအဖို့မူ နေ့တိုင်း တံခါးဝမှ စင်္ကြံလမ်းကို ငေးကြည့်ရင်း ဝေါယာဉ်လာမည့်အချိန်ကိုသာ မျှော်လင့်နေရရှာသည်။
ထိုအချိန်တွင် လက်ဝဲဘက်ဆောင်မှ သခင်မနှင့် အစေခံများမှာမူ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြပြီး မည်သူမျှ အားလပ်နေခြင်း မရှိကြပေ။
အရှင်မင်းကြီးထံ အပါးတော်ခစားပြီး ဆုလာဘ်များ ရရှိခဲ့သည့်နေ့မှစ၍ လင်ဝမ်ယိသည် လူအများ စောင့်ကြည့်စရာ ဖြစ်လာခဲ့သည်။ သူမမှာ လင်ကွေ့ဖေး၏ အကာအကွယ်ရထားသော်လည်း အတင်းအဖျင်းများနှင့် ကောလဟလများကို ရင်ဆိုင်နေရဆဲပင်။
သူမက နဂိုကတည်းက လူရှုပ်သည်ကို မကြိုက်သဖြင့် လင်ကျစ်နန်းဆောင်သို့ နေ့စဥ် သွားရောက်သည်မှလွဲ၍ လက်ဝဲဘက်ဆောင်မှ ထွက်ခဲလှသည်။
သူမက ချွမ်ချီ နှင့်အတူ မီးဖိုချောင်အသေးလေးထဲတွင် ဟင်းပွဲအသစ်များ စမ်းချက်ကြည့်လိုက်၊ ရှအန်း ၏ ပြုစုမှုဖြင့် စာရေးပန်းချီဆွဲလိုက်နှင့် အမတ်ချုပ်အိမ်တော် တွင် နေထိုင်စဉ်ကအတိုင်း နေထိုင်နေလေသည်။
တံခါးပိတ်ပြီး နေလိုက်တော့ အေးချမ်းသွားသည်ပေ။
သူမက အပြင်မထွက်ဘဲ နေနေသဖြင့် အပြင်က အတင်းအဖျင်းများလည်း ပြောရင်းပြောရင်းနှင့် ပျင်းစရာ ကောင်းလာတော့သည်။
ထို့ကြောင့် အခြားသော အချစ်တော် ကိုယ်လုပ်တော်များအကြောင်း ပြောင်းလဲ ပြောဆိုကုန်ကြသည်။
ခဏအတွင်းမှာပင် ဤ အချစ်တော်ဟောင်းလေးသည် အတိတ်မှာ ကျန်ရစ်ခဲ့တော့သည်။
အချိန် ၇ ရက်၊ ၈ ရက်ခန့် ကြာမြင့်သွား၏။
ထိုနေ့မနက်အစောပိုင်းတွင် လင်ဝမ်ယိသည် လင်ကျစ်နန်းဆောင်မှ ဂါရဝပြုပြီး ပြန်ရောက်လာသောအခါ နန်းတွင်းရေးရာဌာနမှ လက်ရာမြောက်သော လက်သမားတစ်ဦးနှင့်အတူ အတိုအရှည်မညီသော သစ်သားတုံးများ လာပို့နေသည်အား တွေ့လိုက်ရလေသည်။
အတွင်းဌာနမှ ဒုတိယမိန်းမစိုးချုပ် ချင်အန်းက လင်ဝမ်ယိရှေ့တွင် မတ်တပ်ရပ်လျက် ခါးကိုအနည်းငယ်ကိုင်းကာ မျက်လုံးထောင့်များတွန့်သည်အထိ ပြုံးရင်း ရိုသေစွာ လျှောက်တင်သည်။
“သခင်မက နောက်ဖေးဥယျာဉ်က ဇရပ်ဘေးမှာ ဒန်းတစ်ခု ဆောက်ချင်တယ်လို့ ရှောင်လုကျစ်ဆီကနေ ကျွန်တော်မျိုး ကြားသိရပါတယ်…ဒါကြောင့် ဒီနေ့ပဲ ပစ္စည်းတွေ ယူလာခဲ့တာပါ… ဒါတွေက နန်းတော်ထဲမှာ အတော်ဆုံး လက်သမားတွေ လုပ်ထားတာပါ… ခဏနေတပ်ဆင်လိုက်ရင် ပြီးစီးပါပြီ”
လင်ဝမ်ယိသည် သူမ ဒီတိုင်း အပျင်းပြေ ပြောလိုက်သည့် စကားတစ်ခွန်းကို ရှောင်လုကျစ် က နားစွင့်နေပြီး ဒုတိယအကြီးအကဲဆီ သွားပြောလိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
အပြင်လူတွေကြား အတင်းအဖျင်းတွေထပ်ဖြစ်လာမှာ စိုးရိမ်သဖြင့် သူမ အမြန် ရှင်းပြလိုက်သည်။
"ချင်ကုန်းကုန်း က ယဉ်ကျေးလွန်းပါပြီ... ကျွန်မက ဒီတိုင်း ပြောလိုက်တာပါ... ကုန်းကုန်းတို့ကို ဒုက္ခပေးသလို ဖြစ်သွားပြီ..."
"သခင်မလေး ပြောစရာမလိုပါဘူး... သခင်မလေး အတွက် အလုပ်လုပ်ပေးရတာ ကျွန်တော်မျိုးတို့အတွက် ဂုဏ်ယူစရာပါ..." ထို့နောက် လင်ဝမ်ယိ ကို တစ်ချက်ကြည့်လိုက်ရာ သူမ မျက်မှောင်ကြုတ်နေသည်ကို တွေ့သဖြင့် သဘောပေါက်သွားသည်။
"သခင်မလေး စိတ်ချပါ... ဒီကိစ္စကို ကျွန်တော်မျိုး မိန်းမစိုးချုပ် သုန်ကုန်းကုန်း ဆီ တင်ပြပြီးပါပြီ... သူ့သဘောတူညီချက် ရမှ လုပ်တာပါ... နန်းတွင်းစည်းမျည်းေတွနဲ့ မငြိစွန်းပါဘူး..."
သုန်ကုန်းကုန်း ဆီ တင်ပြတယ် ဟုတ်လား...။
ဒါ အရှင်မင်းကြီးကို သွားပြောတာနဲ့ အတူတူပဲမဟုတ်ဘူးလားလို့…။
သူမလို ကိုယ်လုပ်တော်လေးတစ်ယောက်က ဒန်းလေးတစ်စင် ဆောက်တာများ အရှင်မင်းကြီးဆီ တင်ပြနေရသေးတယ်… ဒီလူတွေကတော့ မရှိတာကို အရှိလုပ်ပြီး ဇာတ်ကြီးချဲ့နေကြတာပဲ…
သူမ စိတ်ထဲ သက်ပြင်းချလိုက်မိသည်။ သူမရဲ့ အေးချမ်းတဲ့ဘဝလေးတော့ သွားပါပြီ…။
သို့သော် အပြင်ပန်းတွင်မူ ချင်ကုန်းကုန်းကို ကျေးဇူးတင်စကား ဆိုရပေဦးမည်။
"ဒါဆိုရင် ချင်ကုန်းကုန်း စီစဉ်ပေးတာကို ကျေးဇူးတင်ပါတယ်..."
ထို့နောက် ရှောင်လုကျစ် ဘက်လှည့်ပြီး ပြောလိုက်သည်။
“ချင်ကုန်းကုန်းတို့ကို နောက်ဖေးဘက် ခေါ်သွားပြီး ဘယ်နေရာက သင့်တော်မလဲ ကြည့်လိုက်ပါဦး…သစ်သားတွေ ပိုရင်လည်း တစ်လက်စတည်း စင်တစ်ခုပါ ဆောက်ခိုင်းလိုက်”
"ဟုတ်ကဲ့ပါ... သခင်မလေး..."
ဘယ်လိုပဲဖြစ်ဖြစ် လူသိရှင်ကြား ဖြစ်နေပြီမို့ ငြင်းနေမယ့်အစား လက်ခံလိုက်တာ ပိုကောင်းပါတယ်…ပြီးတော့ ကိုယ့်အတွက် အကျိုးရှိတာလေးတွေပါ တောင်းလိုက်တာပေါ့…
ဒန်းရဲ့ ဘေးနားမှာ စပျစ်ပင်လေးတွေ စိုက်လိုက်ရင် နောက်နှစ် နွေရာသီရောက်ရင် စင်ပေါ်မှာ နွယ်တွေ ပြည့်သွားလောက်ပြီ…အဲဒီကျရင် နွေရာသီမှာ အေးအေးဆေးဆေး အနားယူလို့ ရမယ့်နေရာလေး တစ်ခုဖြစ်လာမှာ…
အမတ်ချုပ်အိမ်တော်မှာ မလုပ်နိုင်ခဲ့တဲ့ အိပ်မက်တွေက နန်းတွင်းထဲရောက်မှ တကယ် ဖြစ်လာတာပဲ...
လင်ဝမ်ယိ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ထို "အချစ်ခံရခြင်း" ဆိုသည်မှာ တကယ်ကို အရေးပါလှပေသည်။
အနည်းဆုံးတော့ အခွင့်အရေးတွေ အများကြီး ပိုရလာတာပေါ့။
ချွမ်ချီ တစ်ယောက် အပြင်ဘက်ကို တမျှော်မျှော်ကြည့်နေသည်ကို မြင်တော့ လင်ဝမ်ယိ သဘောပေါက်လိုက်သည်။
"သွားကြည့်ချင်ရင် သွားကြည့်လေ... ပြီးသွားရင် ငါ့ကို လာခေါ်လိုက်..."
"ဟုတ်ကဲ့ပါ သခင်မလေး..."
ချွမ်ချီ က ပျော်ရွှင်စွာဖြင့် အပြင်သို့ ပြေးထွက်သွားလေသည်။ ဘေးနားတွင် ရပ်နေသော ရှအန်း ကမူ ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်နှင့် ရှိနေဆဲပင်။
"ချွမ်ချီ ဆိုတဲ့ ကောင်မလေးက စိတ်ပြောင်းတာ မြန်လိုက်တာ... စောစောကမှ စိတ်ညစ်နေတာ... အခု ပျော်နေပြန်ပြီ..."
"ဟုတ်တယ်နော်... ချွမ်ချီ က ရိုးသားတယ်... သခင်မလေး အပေါ်လည်း သစ္စာရှိတယ်... နည်းနည်းလေးတော့ ကလေးဆန်ပေမဲ့... ဒါပေမဲ့ ဟင်းချက်တဲ့အချိန်ကျရင်တော့ စိတ်ရှည်တယ်... မဟုတ်ရင် သူ့လက်ရာ ဒီလောက် ကောင်းမှာ မဟုတ်ဘူး..."
"အင်း... ဟုတ်တယ်... ကိုယ်ပိုင်မီးဖိုချောင် ရှိလာကတည်းက တော်ဝင်စားဖိုဆောင် က ပို့တဲ့ဟာတွေ ငါတို့ မစားဖြစ်သလောက်ပဲ..."
ရှအန်းလည်း လိုက်ပြုံးလိုက်ပြီး လင်ဝမ်ယိ စာဖတ်နေသည်ကို ဆက်လက် ပြုစုပေးလိုက်လေသည်။